ရွှေလီသား(မဘိမ်း)

Loading...

Sunday, 13 May 2012

စစ်ပွဲတစ်ပွဲအပြီး ယမ်းခိုးဝေတဲ့ ခန်းဆီးနောက်ကွယ်မှာ အိပ်မောကျမိသော်

မနေ့က ညနေခင်းတောင် ကျနော် ဒီနေရာကို လမ်းလျှောက်ဖြစ်ခဲ့တယ်...။ ဒီလယ်ကသင်းပေါ်မှာတောင် ကျနော်မတ်တပ်ရပ်ပြီး နေဝင်ချိန်
ဆည်းဆာကို ကင်မရာနဲ့ မှတ်တမ်းတင်ခဲ့သေးတယ် ...။ အခုတော့...
အတွေးမဆုံးခင်." ဝုန်း" ဘေးနားက မြေကြီးဖွာထွက်သွားတယ်..နားတွေလည်း အူပြီး မျက်လုံးထဲကို သဲတွေ ဝင်လာလို့ အမြန်မှိတ်လိုက်ရတယ်..။လခွီး..၄၀ မမ င်္ဗုးသီးပြုတ်ကျတာဟ...။ချက်ချင်းပဲ ဘယ်ဘက်ကို ၃ ပတ်လောက် လှိမ့်ပြီး ခမ်းလှမ်းလှမ်းမှာ ရှိနေ
တဲ့ ရေဗွက်ထဲကို ဆင်းလိုက်တယ်..။ပြီးတာနဲ့ ရှေ့ကို သေနတ်ပြောင်းလှည့်မိတယ်..။ ဘာဖြစ်တာလဲ..သူကစပစ်တာလား..ကိုယ်ကစပစ်တာလားတောင် မသိလိုက်ဘူး..။သေနတ်သံတွေ ဆူညံပြီး တဝီဝီနဲ့ ကျည်ဆံတွေ ဖြတ်လာတယ်...ရုပ်ရှင်တွေထဲကလို တော့ တကယ့်စစ်မြေပြင်မှာ သေနတ်ခါးပိုက် ရင်ကော့ပြီး ပစ်တာတော့ မတွေ့ဖူးဘူး..။ကျည်ဆံဖြတ်လာသံ တွေ အတွဲလိုက်ဆွဲတဲ့ ရိုင်ဖယ်သံကြားတာနဲ့ အကာအကွယ်ရှိတဲံ့နေရာကို ဒိုင်ဗင်ထိုးဝပ်လိုက်တာပဲ..။
ငယ်ငယ်တုန်းက သေနတ်ပစ်တမ်းကစားတုန်းကတောင် ၁ -နေရာယူ ကနေ စခဲ့တာပဲလေ.ကျနော်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်။
ဘာလုပ်မလဲ
ဘာလုပ်မလဲ..ခေါင်းထဲဝင်လာတဲ့ အတွေးများ..။ဟုတ်ပြီ..ငါ့ကောင်တွေ ဘာဖြစ်နေသလဲ..။ဘယ်ညာရမ်းကြည့်တော့ မဆိုးပါဘူး..။
ဟိုဘက်ကို သူဟာနဲ့သူ ပြန်ပစ်နေပြီ..။တပ်ကြပ်ကြီးကလှမ်းအော်နေတယ်.."ဗိုလ်လုံ..ဗိုလ်လုံ."
"ကျုပ်..ဒီမှာ.".လှမ်းအော်လိုက်တယ်..သူနေရာကနေ ခါးလေးကုန်းလို့ပြေးလာတယ်.." ဗိုလ်လုံ ..အခြေအနေ..ဘာဖြစ်သေးလဲ."
အမေးကို ကျနော် သူမျက်နှာ မကြည့်ပဲ ဖြေလိုက်တယ်.ပြီးတော့" ဘာမှ မဖြစ်ဘူး..ခင်ဗျား အခု ညာဘက် ၁၂ နာရီခွဲက တောင်စောင်းအခြေ လမ်းအကွေ့ကို တွေ့လား " .." တွေ့ပြီ..တရုတ်စက်လက် "..ကျုပ်အဲဒါကြောင့် ဒီဆရာကြီးကို သဘောကျတာ..အရိပ်ပြရင် အကောင်မြင်တယ်..။ " အဲဒီကို 40 m နဲ့ ပြန်ထုဗျာ.ပြီးရင် ဆရာလှဆောင်တို့ကိုသွားခေါ်..ကျုပ် ဆီကိုလာပေါင်း " လို့ ပြောအပြီးမှာ ဘာမှပြန်မဖြေပဲ အမ်အေ၄ ကို ဗုံးသီးထည့်ပြီး နှစ်လုံးဆက်တိုက်ခုနကကျနော်ပြတဲ့နေရာကို ပစ်ပြီး လယ်ကန်သင်းမှာ တန်ပြန်ပစ်နေတဲ့ ဆရာလှဆောင်နဲ့ရဲဗဘ်ာတွေဆီ လှိမ့်ထွက်သွားတယ်..
ကျနော်လည်း ခပ်လှမ်းလှမ်းက ကားလမ်းအစပ်ကို ပြေးတတ်သွားတယ်..ကားလမ်း ညာဘက်က လယ်ကွင်းနဲ့ချောင်း..ဘယ်ဘက်က တောင်စောင်းဆိုတော့ ကားလမ်းအပေါ်တောင်စောင်းဆီ ပြေးတတ်သွားတဲ့ အဖွဲ့တွေနဲ့ သွားပေါင်းလိုက်တယ်..ကြည့်ရတာ ဒင်းတို့လည်း အလာ..ကျုပ်တို့လည်း ချောင်းကိုဖြတ်.လယ်ကွင်းကနေကားလမ်းကို အတတ်မှာ ဗြုန်းဆို တွေ့တာကိုးဗျ..။
ဟုတ်ပြီ..ဆက်သွယ်ရေးရဲဘော်..ဘာဖြစ်နေလဲ..လိုက်ရှာ..လိုက်ရှာ..ဟိုက်သောက်ကြိုးနဲ..ကျုပ်ဝပ်နေတဲ့ ပထမနေရာကို ကျတဲ့ 40m နဲ့ တစစီဖြစ်ကျန်ခဲ့တာပါလား.ဆက်သွယ်ရေးစက်ကလေးကတော့ လယ်ကွင်းထဲမှာ..တစောင်းလေးပေါ်လို့..။
ခွီးထဲမှပဲ...မိုးကလည်းကျလာသေးတယ်..ဆိုးလိုက်တဲ့ကံ..လယ်ကွင်းကနေ တတ်လာမဲ့အဖွဲ့ကို ကာပစ် နေရင်း သေနတ်သံတွေ ကြားက လွင့်နေတဲ့ ဆဲသံက အိမ်ကအမေနဲ့နှမတွေကြားရင် ဖင်ကြိမ်းလိမ့်မယ်..။ဟူး..
ပုခုံးသိုင်းကြိုးမှာကပ်ချုပ်ထားတဲ့ အိတ်လေးထဲကနေ စကုပ်(သေနတ်မှန်ပြောင်း)ကို ထုတ်လိုက်ပြီး သေနတ်မှာ တပ်လိုက်တယ်.ပြီးတာနဲ့ ဘယ်ဘက်က သစ်ငုတ်တိုတွေကြား မိကျောင်းသွား သွားလိုက်တယ်..အိုကေ..အသက်မှန်မှန်ရှူ..စိတ်ကို ငြိမ်အောင်ထား...ကိုယ့်ဘာသာ သတိပေးရင်း ပစ်မှတ်ကို ရှာလိုက်တယ်..တွေ့ပြီ..ဆရာသမားက ငုတ်တုတ်ထိုင်ပြီး ကောင်းကောင်းဆွဲနေတာ..လည်ပင်းနားချိန်ပြီး မောင်းခလုတ်ဖြုတ်လိုက်တယ်..သွားပေရော့တစ်ယောက်..နောက်တစ်ယာက်
ထပ်ရှာ..လှဲနေတဲ့ သစ်ပင်ကို အကာအကွယ်ယူပြီး ပစ်နေတာ..ခြေထောက်လေးထွက်နေတာ တွေ့တော့..ရော့..နောက်တစ်ယောက်.
* ကျနော် ပစ်လိုက်တဲ့ လူမှာ သားသမီးများရှိမလား.ကိုယ်ဝန်ကြီးနဲ့ မိန်းမက အိမ်ပြန်ချိန်စောင့်နေမလား..ကျနော် မသိဘူး..ကျနော်သူကို မမုန်းပါဘူး..ရန်ငြိုးလည်း မရှိဘူး..ဒါပေမဲ့ ပစ်နေရတယ်.အသေပစ်နေရတယ်..*

                                 လူတစ်ယောက်တိုင်း တစ်ယောက်ပြီးတိုင်းကို
                                 ပစ်ပြီးတိုင်း ပစ်ပြီးတိုင်းမှာ
                                 ငါကိုယ်တိုင် သူတို့နဲ့ အတူတူ
                                 လိုက်ပြိး သေနေသလို ခံစားရတယ်
state ကျောင်းသားဘဝက ဖတ်ခဲ့တဲ့ စာကြောင်းတစ်ကြောင်း..ဘာလို့ ကျနော်ကိုယတိုင် ဖြစ်နေတာလဲ..
နောက်ထပ် ထပ်ရှာတော့ ရိပ်ခနဲ မတ်တပ်ရပ်လိုက်တာ တွေ့တယ်..ချိန်နေတုန်းပဲရှိသေး မောင်မင်းကြီးသား တကိုယ်လုံး မီးခိုးတွေ ထွက်ပြီး မှန်ပြောင်းထဲကို အရိပ်ဖြူကြီး ဝင်လာတယ်.." ဟိုက်..RPG" သောက်ကျိုးနည်း..ကုန်းထပြီး လှည့်အထွက်..ခန္ဒာကိုယ်တခုလုံးမြောက်တတ်သွားတယ်..ခွေးကျ ကျတယ်ဆိုတာ ဒါမျိုးထင်တယ်..ကျောကုံးတစ်ခုလုံး အက်ဆစ်နဲ့ ပက်ခံထားရသလိုပဲ..။ ပြေးဝင်လာတဲ့ ရဲဘော် နှစ်ယောက်..ကြားတစ်ချက်..မကြားတစ်ချက် အသံတွေ..မျက်လုံးထဲမှာ အဖြူရောင်ကလွှဲလို့..ဘာမှ မမြင်တော့..။။
**************************
******************
********
ဘယ်လောက်တောင် အိပ်ပျော်သွားတယ် မသိဘူး..။ မျက်လုံးအဖွင့်မှာ ကျနော်နူးညံတဲ့ နေရာကို ရောက်နေတယ်.ပတ်ဝန်းကျင်တစ်ခုလုံး အဖြုပဲ.ဘယ်နားကြည့်ကြည့် အဖြူပဲ..ဝူခုန်းကားက နတ်ပြည်လိုပဲ..။
ရုတ်တရက် ဘေးနားကို ပြောက်ကျားဝတ်စုံနဲ့ လူတစ်ယောက် ရောက်လာတယ်..ကျနော်ကို ငုံကြည့်တယ်..ပြိးတော့..သူကအော်လိုက်တယ်.." ဟေ့..လူသစ်ရောက်တယ်ဟေ့"..ချက်ချင်း ဘေးနားမှာ လူတွေဝိုင်းအုံလာကြတယ်
အားလုံး စစ်ယူနီဖောင်းတွေနဲ့..သေသေချာချာကြည့်လိုက်တယ်.အားလုံး လက်မောင်းတံဆိပ်တွေ မပါဘူးရာထူးအဆင့်အတန်းတွေ မပါဘူး..ကျနော်ကိုယ်ကျနော် ပြန်ကြည့်မိတယ်.ကျနော်ပုခုံးပေါ်က အပွင့်တွေလည်း မရှိဘူး.လက်မောင်းက တံဆိပ်တွေလည်း မရှိဘူး..။ဇဝေဇဝါဖြစ်နေတဲ့ ကျနော့်ကို ကျနော်လို စစ်ယူနီဖောင်းနဲ့ လူတစ်ယောက်က လက်ဆွဲနှူတ်ဆက်ပြီး ပြောတယ်.." ကိုတို့ ငြိမ်းချမ်းသော နယ်မြေက ကြိုဆိုပါတယ်  ညီလေး.."တဲ့."ဗျာ.ဘယ်လို ငြိမ်းချမ်းသောနယ်မြေ.ဟုတ်လား".ကျနော်ပြန်မေးမိတယ်..ညာဘက်အစွန်က လူက ထပြောတယ်"ဒီနေရာမှာ ဝါဒစွဲတွေမရှိဘူး.ပုဂ္ဂိုလ်ရေး ကင်းတယ်.အားလုံးက လူတွေ.အထူးသဖြင့် မြန်မာနိုင်ငံသားတွေ စုစည်းနေတဲ့ နေရာပဲ".ဒီလူကြီး ယူနီဖောင်းကိုတွေ့ဖူးပါတယ်..ဟိုက် ဒီဘဲကြီး ဗကပ ကပဲ.."ဟုတ်တယ် ဒီနေရာမှာ အမုန်းတွေ ကင်းသွားတယ် အငြိုးတွေလည်း ပျောက်သွားတယ်".ပြောတဲ့လူက ကေအန်ယူ ပျောက်ကျားကြီးနဲ့."ဒီနေရာမှာ စစ်ပွဲတွေမရှိတော့ဘူး."
လို့ ခုနက စစ်ယူနီဖောင်းနဲ့လူက ပြောတယ်.".နောက်တစ်ခုက ငါတို့သေသွားပြီးပြီ"..လူအုပိထဲက ထွက်လာတဲ့ အသံပိုင်ရှင်ကို ကြည့်လိုက်တော့..လား လား..ခုနလေးတင် ကျနော် လည်ပင်းကိုချိန် ပစ်လိုက်တဲ့ ကချင်လေး.နဲ့ ကျနော်နေရာကို အာပီဂျေနဲ့ ပစ်တဲ့ ရှမ်းလေး.သူတို့အပြုံးတွေမှာ အမုန်းတွေမပါဘူး.ကျနော် သိလိုက်ပါပြီ..ခုနက အာပီဂျေဗုံးဆံနဲ့ ကျနော်သေသွားခဲ့တယ်.ပြီးတော့ ဒီနေရာကို ရောက်လာတယ်.ဒီနေရာမှာ ငြိမ်းချမ်းရေး အပြည့်ရှိတယ်.ကျနော်ပြူံးမိတယ်..ပြီးတော့ ရီလိုက်မိတယ်.အားလုံးလည်း ရီကြပြီး ထွက်သွားကြတယ်.ကျနော်လည်း ချက်ချင်း  ထလိုက်တယ်..အားလုံးမှာ အပြုံးကိုယ်စီနဲ့..အမုန်းတွေမရှိဘူး..လမ်းလျှောက်ရင်း အားလုံးကို လိုက်ကြည့်မိနေတယ်..ခံတွင်းချဉ်လာတာနဲ့ ဘောင်းဘီအိတ်ထဲ လက်နှိုက်စမ်းမိတော့ ဖက်ကြမ်းအတိုလေးထွက်လာတယ်.ပါးစပ်မှာ ခဲပြီး မီးခြစ်ခြစ်မယ် လုပ်တော့ မီးခြစ်မပါလာဘူး..ဖျောက်ခနဲ အသံကြားပြီး မျက်နှာရှေ့မှာ မီးပွင့်လေးထွက်လာတယ်.ကျနော်ဆေးလိပ်ကို မီးညိပြီး ကျေးဇူး ပြန်ပြောလိုက်တယ်.ssaယူနီဖောင်းနဲ့ ကောင်လေးတစ်ယောက် မီးခြစ်လာခြစ်ပေးတာကိုး..ပြီးတော့ သူက အနားနားကပ်ပြောသွားတယ်.".အောက်တော့ ငုံမကြည့်မိစေနဲ့.".တဲ့..ပြီးတော့ သူလှည့်ထွက်သွားတယ်..လူဆိုတာကလည်း မလုပ်နဲ့ပြောရင်တယ်လုပ်ချင်သကိုး..အောက်ကို ခိုးကြည့်လိုက်တယ်..ဟာ..မီးခိုးလုံးတွေ..ခြေပြတ်လက်ပြတ်အလောင်းတွေ.ရုပ်မပေါ်တော့တဲ့ အလောင်းတွေ.ကိုယ့်အသက်ရှင်ဖို့ ပုံးပြီး သူများကို ပစ်သတ်နေရတဲ့ ဘဝတွေ.အဖေ အမေ တနေတဲ့ သွေးရဲရဲ နဲ့ နှစ်ဘက်သော တိုက်ပွဲဝင်သူတွေ..ကလေးငိုသံတွေ..ကျနော် ချက်ချင်းမျက်စိမှိတ်လိုက်ရတယ်..ပြီးတော့ ခပ်လေးလေး ခြေထောက်တွေကို ဆွဲမပြီး ဆက်လမ်းလျှောက်ခဲ့တယ်..အော်.စစ် စစ်..။
ရှေ့မှာ လူနှစ်ယောက် ချက်စ်ထိုးရင်း ရီနေကြတယ်..တစ်ယောက်က မွန်..တစ်ယောက်က ရခိုင်..ကျနော်လည်း ချက်ချင်း စချင်စိတ်လေး ဝင်သွားတာနဲ့.အနားကပ်ပြီး သီချင်းဆိုလိုက်တယ်." မင်းလေးသော့ ရခိုင် ရခိုင်သားဝေ.ငါလည်းသော့ ရခိုင် .ဇာကွာခြားလီလေ.."လို့ ဆိုတော့ ချက်စ်ထိုးနေတဲ့ ရခိုင်စစ်သားက မော့ကြည့်တယ်.ပြုံးပြပြီး သက်ပြင်းအရှည်ကြီး ချတယ်.ပြီးတော့ ချက်စ် ပြန်ထိုးနေတယ်.ကျနော် လှည့်ထွက်လိုက်တယ်..သူ့ပါးစပ်က ကျနော်ဆိုတဲ့ သီချင်းကို ဆက်ဆိုသံကြားလိုက်ရတယ်." ဒေပိုင်
အဖြိုက်ဆိုး အသည်းကွဲဖူးစော် နားလည် "..တဲ့..ဟုတ်ပါတယ်.သူအသံမှာ ငိုသံပါနေတယ်ဆိုတာ ကျနော်သိတာပေါ့.။ဘာလို့များ ဒီအချိန်မှာ ဒီလိုအဖြစ်နဲ့တွေ့တာလဲ ကို သူအသည်းနာနေမှာပါ..။ဒီနေရာမှာ ယူနီဖောင်းမျိုးစုံနဲ့ တိုင်ရင်းသား အစုံရှိတယ်(ရိုဟင်ဂျာတော့ မပါဘူး).ဘယ်သူကိုမှ မမုန်းကြဘူး.အားလုံး အပြုံးကိုယ်စီနဲ့.ပုခုံးဖက် လမ်းလျှောက်နေကြလေရဲ့..ဝါဒတွေ အမုန်းတွေ သမိုင်းတွေ အငြိုးတွေ တင်းမာမှူတွေ
ဘာဆိုဘာမှ မရှိဘူး..အားလုံး ညီအကိုရင်းတွေလို နေနေကြတယ်..ယူနီဖောင်းမျိုးစုံရှိတယ်.စိတ်ကတော့ တစိတ်ထဲပဲ.ဒီအုပ်စုလေးထဲ လမ်းလျှောက်နေဆဲမှပဲ ကျနော်တကိုယ်လုံး ပေါ့ပါးနေတယ်.ပျော်နေတယ်.ဘာကြောင့်ပျော်တာလဲဆိုတာတော့ မပြောတတ်ဘူး.တစ်ယောက်ယောက်မျက်နှာပေါ်က နှူတ်ခမ်းအပြုံးတစ်ချက်ကို မြင်တိုင်း ကျနော်ပါလိုက်ပြုံးမိ.ဖက်လှဲတကင်းနှူတ်ဆက်မိတာ ဒီနေရာရဲ့ ထူးခြားချက်လား..ယမ်းနဲ့ မရှိတဲ့နေမြေ.မိုင်းမခင်းတဲ့နေမြေ.အမုန်းနဲ့ဝါဒစွဲ မရှိတဲ့နယ်မြေ..ဒီမှာ ကျနော် ငှက်တစ်ကောင်လို ပေါ့ပါးနေတယ်..။
ညီအကိုတွေ သီတင်းကျွတ်မှာ ပြန်ဆုံသလို အားလုံးတွေ့တဲ့လူကို နှူတ်ဆက်ကြ ဖက်ကြ..လက်ဆွဲနှူတ်ဆက်ပြီး စကားစမြည်ပြောဆိုကြ.ဘယ်လောက် ပျော်ဖို့ကောင်းလဲဗျ..။
ဒီအချိန်မှာ..မနက်တိုက်ပွဲမှာ ကျနော်ကလည်း ပစ်..ကျနော်ကိုလည်း ပစ်ထားတဲ့ ကေအိုင်အေက ကောင်လေးနှစ်ယောက်က ပြေးလာပြီး လက်တဖက် တစ်ချက်စီ ဆွဲပြီး သွားမယ်..သီချင်းသွားဆိုကြမယ်
ဆိုပြီး ဆွဲခေါ်သွားပါရောဗျာ..ရှေ့မှာ လူအုပ်ကြီးတစ်အုပ်..ဂီတာတီးနေတဲံလူစ်တစ်ယောက်ကို ဝိုင်းပြီး သီချင်းတွေ ဆိုနေကြတယ်.
လူအုပ်ကြီးထဲ အတင်းတို့းဝှေ့ပြီး ကြည့်မိတော့..အိုး..ဂီတာတီးနေတာ ကိုစိုင်းထီးဆိုင် ကြီးပဲ..ကျနော်သဘောပေါက်လိုက်ပါတယ်
အားလုံးနဲ့အတူတူ လက်ခုပ်တီးပြီး သီချင်းလိုက်ဆိုလိုက်ပါတယ်..သီချင်းခေါင်းစဉ်က >
ဖေ့စ်ဘုတ်မှကူးယူဖော်ပြပါသည်... 

No comments:

Post a Comment