ရွှေလီသား(မဘိမ်း)

Thursday 29 March 2012

စစ်သားဘ၀အချစ်နှင့်ခဏတာ




သူမအချစ်ကိုငါးနှစ်ကျော်ကျော်မှလက်ခံရရှိခဲ့သော၂၀၀၉သင်္ကြန်နှစ်ဆန်းတစ်ရက် နေ့မှတ်မှတ်ရရ
၁၇/၄/၂၀၀၉။အဖြေရပြီးနောက်တစ်နေ့မှာ ပဲကျွန်တော်တို့နှစ် ယောက်ရဲ့တွေ့ဆုံမှုသက်တမ်းက ကုန်ဆုံးခဲ့လေတယ်။ကံတရားကပဲကျွန်တော့်တို့ကိုရက်စက်တာလားတော့ကျွန်တော်မသိခါးသက်သက်
ရင်နှင့်စွာ ဖြင့်ချစ်သက်တမ်းနုနုမှာပဲ ချစ်သူနဲ့ ခွဲခဲ့ရပြန်တယ်။မိမိတာဝန်ကျရာတပ်ဌာနေမှ စာတို ပေစ များနှင့်သာကျွန်တော်တို့ချစ်သက်တမ်းကိုရင့်သန်စေခဲ့ရတယ်။လွမ်းဆွတ် ခြင်းတွေဆိုတာကျွန်တော်တို့
ချစ်သူနှစ်ယောက်ရဲ့ငယ်ပေါင်းကြီးဖော်တွေပေါ့။တစ်နိုင်ငံတည်းမှာရှိပေမဲ့ဆက်သွယ်မှုဧရိယာပြင်ပရောက်ရောက်နေ
တတ်တဲ့IP(star)ဆိုတဲ့ဖုန်းများကလဲကျွန်တော်တို့ရှေ့ရေးကိုတိုင်ပင်ဖို့အထိကူညီမှုမပေး နိုင်ပြန်ဘူး။ဒီလိုနဲ့
ကျွန်တော်တို့ရဲ့အချစ်တွေကို နားလည်မှုတွေနဲ့သာအုတ်မြစ်ချခဲ့ ကြရတယ်။
          ကျွန်တော်တို့ရဲ့ချစ်သူသက်တမ်းမှာဒုတိယအကြိမ်တွေ့ဆုံမှုအဖြစ်သူမရဲ့အားထုတ်မှုနဲ့ ပြင်ဦးလွင်ဆိုတဲ့
အရပ်မှာတစ်ရက်ရဲ့တစ်ဝက်တိတိလောက်ကြည်နူး ပျော်ရွှင်ခွင့်ကိုရရှိခဲ့ဖူးတယ်။ဖော်ပြလို့မရတဲ့ပျော်
ရွှင်မှုတွေနဲ့အမှတ်တရတွေများစွာကို နေ့တစ်ပိုင်းအချိန်နဲ့ပဲမှတ်တမ်းတင်ခဲ့ကြတယ်။သူမကို
ပထမဆုံးပျော်ရွှင်မှု တွေပေးခဲ့နိုင်တဲ့အဲ့ဒီနေ့လေး တစ်နေ့ဟာ သူမ နဲ့လျှောက်လည်စဉ် သဲကြီးမဲကြီး ရွာချနေတဲ့ မိုးရေတွေနဲ့အတူအဲဒီနေ့ညနေလေးမှာတင်ပဲ ပျောက်ဆုံးသွား ပြန်တယ်။သူမ မန္တလေးသို့လိုက်ပါ မည့်ဟိုင်းလတ်လိုင်းကားပေါ်မှာထိုင်နေတဲ့ သူမရဲ့ မျက်တောင်လေးတွေအောက်မှာ မိုးရေလက်ကျန်တွေလား မျက်ရည်ဥ   လေးတွေလား ကျွန်တော်မခွဲခြားချင်တော့ ကျွန်တော့်ရင်ထဲမှာတော့  နောက်ဘယ်အချိန်မှပြန်တွေ့ကြမည်ဆိုတာကိုမတွေးမိနိုင် အောင် စိတ်တွေကိုလန်ဒန်တစ်လိပ် မီးညှိရင်း လေလွင့်နေလိုက်တယ်။ ဘယ်အချိန်မှ  သူမဆီပြန်လာမှလဲလို့ ကျွန်တော့ကိုမေးတဲ့အခါတိုင်း ကျွန်တော် သူမကို အားနာ စွာနဲ့စကားလမ်းကြောင်းလွှဲလွဲမိတာ ခဏတာလေးမှာတင် အကြိမ်ကြိမ်အခါခါ။ သေချာတာက ကျွန်တော်သူမဆီဘယ်အချိန်ပြန်လာနိုင်မည်မှန်း ကျွန်တော်ကိုတိုင် တိတိကျကျ သိမနေခဲ့တာတော့ တပ် အကြောင်းဘာမျှမသိသေးသည့် သာမာန် အရပ်သူ တစ်ယောက်ဖြစ်တဲ့ သူမကို ကျွန်တော်မရှင်းပြချင်တော့။တစ်ချိန်ကြရင် သူနားလည်လာမည်ဆိုသော မျှော်လင့်ချက်လေးနှင့်သာ သူမကို ဂရုမစိုက်မိစွာ ကျွန်တော့်လမ်းကို ကျွန်တော်ဆက်ရှောက်နေခဲ့တယ်။ နေကောင်းလားလို့ တောင်မမေးရဲအောင် ကျွန်မကို မောင် ဘယ်တုန်းက ဂရုစိုက်ဖူးလို့လဲဆိုတဲ့ မေးခွန်းများနှင့် သူမ စကားလုံးထိုးစစ်တွေကြားမှာ ကျွန်တော်နှုတ်ဆိတ်နေခဲ့ရ တယ်။

      သူမနဲ့ဆုံဖို့ ခွင့်ရတဲ့ရက်ထဲမှ ကျွန်တော့ရဲ့နည်းပါးလှစွာသောအချိန် တစ်ရက်တိတိပေးခဲ့မှုကြောင့်တတိယအကြိမ်ကျွန်တော်တို့ချစ်သူနှစ်ယောက်ဆုံခွင့် ရခဲ့ပြန်တယ်။သူမကလဲစည်းကမ်းတင်းကြပ်စွာနဲ့ဆရာမတစ်ယောက်ဖြစ်ဖို့အတွက်လေ့ကျင့်ပေးတဲ့ တက္ကသိုလ်တစ်ခုက ဖြစ်ပြန်တော့ သူမနဲ့တွေရဖို့လက်မှတ် နှစ်ကြိမ်တိတိထိုးခဲ့ရပြီး တစ်နာရီနီးပါးလောက်ထိုင်စောင့်လိုက်မှုကြောင့် သူမ သင်တန်းမှထမင်းစားချိန်ပေးတဲ့အခိုက်အတန့် သူမနဲ့ကျွန်တော် နာရီဝက်တိတိခန့် တွေ့ခဲ့ရတယ်။ဒီခရီးမှာရခဲ့တဲ့ ကျွန်တော့ရဲ့အခက်အခဲတွေပင်ပန်းမှုတွေအားလုံး သူမ ရဲ့ပျော်ရွင်မှုနဲ့ ကျွန်တော့်ရဲ့ပျော်ရွှင်မှု ကြားမှာ ပျောက်ဆုံးသွားပါတယ်။ သေချာတာကတော့ အခုတွေ့ဆုံမှုပြီးရင် ဘယ်လောက်ပြန်လွမ်းနေရအုံးမလဲဆိုတာ သူမရော ကျွန်တော်ရော ဘယ်သူမှသေချာမသိနိုင်တော့ဘူး။ဒါပေမဲ့ အဲ့ဒီနေ့က သူမ အလိုက် သိစွာနဲ့ သူမမေးနေကြမေးခွန်းကို ကျွန်တော့်ကိုမမေးခဲ့ပါဘူး။ ခံစားချက်တွေချရေးထားတဲ့ သူမပေးလိုက်တဲ့ ဒိုင်ယာရီစာအုပ်လေးတစ်အုပ်နဲ့ ကျွန်တော်တို့ရဲ့ခွဲခွာခြင်းနေ့ရက်တွေကို ဆက်လက်မောင်းနှင်ဖို့ သူမရော ကျွန်တော်ရော နေသားကျစွာနဲ့ အားတင်းထားပါတယ်။
         ခုတော့သူမနဲ့ကျွန်တော်တို့ရဲ့ချစ်သူသက်တမ်းဘာလိုလိုနဲ့သုံးနှစ်တင်းတင်း ပြည့်တော့မယ်။တွေ့ဆုံချိန်
ကိုလက်ချိုးရေတွက်မယ်ဆိုရင် လက်တစ်ဖက်တောင်မ ပြည့်နိုင်တဲ့ ကျွန်တော်တို့ချစ်သူသက်တမ်းကို ဘာတွေနဲ့ချည်နှောင်ထားမှန်းမသိ ပေမဲ့သူမကိုကျွန်တော်သိပ်ချစ်ခဲ့တယ်ဆိုတာတော့အတိအကျပြော
နိုင်ပါတယ်။ သူမလဲ စစ်သားတစ်ယောက်ကိုချစ်မိခဲ့လို့နောင်တများရနေမလား ဆိုတာမသိနိုင်ပေမဲ့ စစ်သားဆိုတာတာဝန်ကျရာနေရာဒေသမှာကျရာတာဝန်ထမ်း ဆောင်ရတဲ့ကျွန်တော်တို့ရဲ့ဘ၀ကိုနားလည်ပြီး
ကျွန်တော့်ကိုစောင့်မျှော် နေမယ်လို့ မျော်လင့် မိပါတယ်။
(စစ်သားချစ်သူများအားလုံး ခံစားနားလည်နိုင်ကြပါစေ)
ဆလိုင်းမာန်အွမ်

Tuesday 27 March 2012

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသရေစည်သူမင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း



ရဲဘော်တို့
ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းနဲ့ အတူ ယှဉ်တွဲပေါ်ပေါက်လာခဲ့တဲ့ ဒို့တပ်မတော်ရဲ့ (၆၇) နှစ်မြောက် တပ်မတော်နေ့ ဖြစ်တယ်။ ခေတ်သစ်စနစ်သစ်နဲ့ နိုင်ငံတော်သစ်ဆီ ချီတက်နေတဲ့ ကာလမှာ ပထမဦးစွာ ကျင်းပတဲ့ တပ်မတော်နဲ့ အခမ်းအနားလည်း ဖြစ်လို့ သိသင့်သိထိုက်တာတွေကို အလေးအနက် မှာကြားသွားမှာ ဖြစ်တယ်။

ရဲဘော်တို့
ဒို့နိုင်ငံတော်ကို နယ်ချဲ့ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ ဒို့နိုင်ငံသားတွေ နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ကြပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် တပ်မတော်တစ်ရပ်ဖွဲ့စည်းထူထောင်ပြီး လက်နက်စွဲကိုင်တိုက်ပွဲဝင်မှသာ လွတ်လပ်ရေးရရှိနိုင်မယ်လို့ နားလည်ယုံကြည်ခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာ့မျိုးချစ်လူငယ် ရဲဘော်သုံးကျိပ်ဟာ ဂျပန်တွေဆီက စစ်ပညာတွေ သင်ယူခဲ့ပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဘီအိုင်အေလို့ ခေါ်တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းခဲ့တယ်။ ဂျပန်တပ်များနဲ့ အတူ နယ်ချဲ့ဗြိတိသျှတွေကို မြန်မာနိုင်ငံကနေ တိုက်ထုတ်ခဲ့ကြတယ်၊ ဘီအိုင်အေ ဖွဲ့စည်းစမှာ အင်အား ၂၀၀ ကျော်သာ ရှိရာက အင်အား ၅၀,၀၀၀ ကျော်အထိ တိုးပွားလာတာကို စိုးရိမ်ပူပန်လာတဲ့ ဂျပန်တို့ဟာ ၁၉၄၂ ခုနှစ်မှာ ဘီအိုင်အေ အစား အင်အား ၃,၀၀၀ ခန့်သာ ရှိတဲ့ ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ကို ပြန်လည်ဖွဲ့စည်းပေးခဲ့တယ်။ ၁၉၄၃ ခုနှစ်မှာ ဘီဒီအေကို ဗမာ့တပ်မတော်( ဘီအင်န်အေ) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တယ်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဗမာ့တပ်မတော်ဟာ ပြည်သူလူထူနဲ့လက်တွဲပြီး ဖက်ဆစ်ဂျပန်တွေကို တော်လှန်တိုက်ထုတ်ခဲ့ကြတယ်။ ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ဗမာ့တပ်မတော်ကို မျိုးချစ်ဗမာ့တပ်မတော်(ပီဘီအက်ဖ်) လို့ ပြောင်းလဲသတ်မှတ် ခေါ်ဝေါ်ခဲ့ကြတယ်။ ဒီသမိုင်းကြောင်းတွေကို ကြည့်ခြင်းအားဖြင့် ဒို့တပ်မတော်ဟာ နိုင်ငံတော်အတွက် လွတ်လပ်ရေးကြိုးပမ်းမှုနဲ့အတူ ပြည်သူကြားကပေါက်ဖွားလာတဲ့ မျိုးချစ်တပ်မတော်ဖြစ်တယ်ဆိုတာ ထင်ရှားစွာတွေ့မြင်ရမှာ ဖြစ်တယ်။

ရဲဘော်တို့
သမိုင်းကြောင်းကောင်းတဲ့ ဒို့တပ်မတော်ဟာ ပြည်သူကြားက ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ နိုင်ငံသူ ၊နိုင်ငံသားအားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အစဉ်ကာကွယ်စောင့်ရှောက်ဖို့ အမြဲဦးထိပ်ပန်ဆင် ဆောင်ရွက်လျက်ရှိတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့တဲ့ တရုတ်ဖြူ ကျူးကျော်စစ်အပါအ၀င် ပြည်တွင်းပြည်ပ အန္တရာယ်မှန်သမျှကို ဒို့တပ်မတော်သားတွေရဲ့ အသက်၊ ခန္ဓာတွေစွန့်လွှတ်ပြီး ကာကွယ်စောင့်ရှောင့်ခဲ့ကြတယ်။ ဒို့နိုင်ငံတော်ကြီးကို ဒုက္ခစေမယ့်၊ ပြိုကွဲပျက်စီးစေမယ့် ၊တိုင်းရင်းသားများ ချစ်ကြည်စည်းလုံးမှု ပြိုကွဲပျက်စီးစေမယ့်၊ ဒို့နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးမယ့် ပြည်တွင်းပြည်ပ အန္တရာယ်မှန်သမျှနဲ့ အဖျက်လုပ်ရပ်မှန်သမျှကို သမိုင်အစဉ်လာရှိရှိ ကာကွယ်စောင့်ရှောက်ခဲ့သလို ရှေ့ဆက်ပြီးလည်း ကာကွယ်စောင့်ရှောက်သွားမှာဖြစ်တယ်။ တပ်မတော်ရဲ့ သမိုင်းကြောင်းဟာ နိုင်ငံတော်သမိုင်းကြောင်းနဲ့ ခွဲခြားလို့မရကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့
ဒို့တပ်မတော် စတင်ဖွဲ့စည်းချိန်ကစလို့ ယနေ့အချိန်အထိ ခေတ်အဆက်ဆက် ဖြတ်သန်းကျော်ဖြတ်လာတဲ့ ကာလအတွင်းမှာ မျိုးချစ်တပ်မတော်ခေါင်းဆောင်ကြီးတွေ ဟာ နိုင်ငံတော် ကာကွယ်ရေး စွမ်းအား မြင့်မားနေစေဖို့ ဒို့တပ်မတော်ကို အရေအတွက်သာမက အရည်အချင်းပါတိုးတက်ကောင်းမွန်အောင် တည်ဆောက်ခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တည်ထောင်ခဲ့တဲ့ ကာလတွေမှာလည်း လူ၊လက်နက်အင်အားတိုးတက်ရေး ၊ စစ်ပညာရပ်များ မြင့်မာရေးတို့ကို အခြေအနေပေးသရွေ့ နည်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ လွတ်လပ်ရေးရပြီးစ ပြည်တွင်းပြည်ပ အန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်နေရချိန်မှာလည်း ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်တဲ့ တပ်မတော်ခေါင်းဆောင်များဟာ အန္တရာယ်တွေကို ရင်ဆိုင်ရင်းနဲ့ တပ်မတော်အင်အားကို တိုးချဲ့ တည်ဆောက်နိုင်ခဲ့ကြတယ်။ တပ်မတော်ကို ခေတ်မှီတဲ့ စစ်လက်နက်ပစ္စည်းများနဲ့ ပြောင်းလဲတပ်ဆင်ပေးနိုင်ခဲ့တယ် ။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ တပ်မတော် အကြီးအကဲများက (ကြည်း၊ ရေ၊ လေ) တပ်မတော် တစ်ရပ်လုံးကို ခေတ်နဲ့ အညီ ရင်ဘောင်တန်းနိုင်အောင် လက်နက်၊ပစ္စည်း ၊ကိရိယာများ ဖြည့်ဆည်းအောင်ရွက်ပေးခြင်း ၊ တပ်မတော် အဆင့်အတန်းမြင့်မားရေး အတွက် တပ်မတော်ဆိုင်ရာ တက္ကသိုလ် ၊စစ်ကျောင်း ကြီးများနဲ့ လေ့းကျင့်ရေး ကျောင်းများကို အဆင့်မြှင့်တင် ဖွင့်လှစ်ပေးခြင်း စတာတွေ ဆောင်ရွက်ပေးခဲ့တယ် ။ တပ်မတော် ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ က လက်ဆင့်ကမ်း အမွေဆက်ခံပြီး စည်းကမ်းကောင်းတဲ့၊ စနစ်တကျရှိတဲ့ ခေတ်မီ တပ်မတော် တစ်ရပ် အဖြစ် ခေတ်ကာလနဲ့ အညီ တည်ဆောက်ပေးခဲ့တာကို ကျေးဇူးတင်ထိုက်စွာ မြင်တွေ့ ရမှာ ဖြစ်တယ် ။ ဒို့တတွေ အနေ နဲ့လည်း တပ်မတော်ကြီးကို နိုင်ငံတော်ကို ကာကွယ်စောက်ရှောက်နိုင်စွမ်းရှိတဲ့ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မှီ မျိုးချစ် တပ်မတော် ဖြစ်အောင် ဆက်လက် တည်ဆောက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့
၁၉၈၈ ခုနှစ်မှာ နိုင်ငံတော်ရဲ့ အခြေအနေ အရပ်ရပ် ယိုယွင်းပျက်စီးလာတာကြောင့် ဒို့တပ်မတော်ဟာ နိုင်ငံတော်တာဝန်ကို ရယူခဲ့ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ပြည်သူလူထုနဲ့ အတူလက်တွဲဆောင်ရွက်ခဲ့တယ် ။ ဒီလို ဆောင်ရွက်ရာမှာ နိုင်ငံရေး ၊ စီးပွါးရေး ၊ လူမှုရေး ဦးတည်ချက်တွေစနစ်တကျ ချမှတ်ဆောင်ရွက်ခဲ့တာကြောင့် နိုင်ငံတော်ရဲ့ စီးပွါးရေး ၊လူမှုရေး ကဏ္ဍ မှာလည်း အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနဲ့ ငြိမ်းချမ်းရေးရယူနိုင်ခဲ့တယ် ။ နိုင်ငံတော်ကို ဒီမိုကရေစီ နိုင်ငံတော် အဖြစ် ရောက်ရှိအောင် ဖော်ဆောင်ပေးမယ်လို့ ကတိပေးထားခဲ့တာနဲ့အညီ အမျိုးသားညီလာခံကိုကျင်းပပြီး ဖွဲ့ စည်းပုံ အခြေခံဥပဒေ ကို ရေးဆွဲ ခဲ့တယ် ။၂၀၀၃ ခုနှစ်မှာ နိုင်ငံတော်ရှေ့ဆက်သွားမယ့် မူဝါဒလမ်းစဉ် ၇ ရပ် ချမှတ်ပြီး အဆင့်လိုက် ဆက်လက် ဆောင်ရွက်ခဲ့တယ် ။ အမျိုးသားညီလာခံက တစ်ဆင့်ဖြစ်ပေါ်လာခဲ့တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်မှာ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပပြီး အတည်ပြုပြဋ္ဌန်းနိုင်ခဲံတယ် ။ ၂၀၁၀ ပြည့်နှစ်မှာ ပါတီစုံဒီမိုကရေစီ ရွေး ကောက်ပွဲ ကျင်းပပေးခဲ့ ပြီး ရွေးကောက်ပွဲမှာ ပြည်သူတွေ ရွေးချယ်လိုက် တဲ့ပြည်သူ့ ကိုယ်စားလှယ်များနဲ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ(၃၁)ရက်နေ့ မှာ လွတ်တော်ခေါ်ယူကာ လွတ်တော်က ရွေးကောက်တင်မြှောက်တဲ့ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ထံ နိုင်ငံတော် အာဏာအရပ်ရပ်ကို စနစ်တကျပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်။ ဒို့ နိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဆက်လက်လျှောက်လှမ်းနိုင်အောင် တပ်မတော်ဟာ ပေးထားတဲ့ကတိအတိုင်း မှန်ကန်တည်ကြည်စွာဖြင့် လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဆောင်ရွက်ပေးခဲ့တယ်။

ရဲဘော်တို့
ခေတ်မီဖွံဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံအဖြစ် ဆက်လက် လျှောက်လှမ်းတဲ့လမ်းကြောင်းမှာ ဒို့တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ ပြောကြားလိုတယ်။ ဒို့နိုင်ငံရဲ့ ပထ၀ီအနေအထား သမိုင်းကြောင်းများအရ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးရဲ့ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက် အကောင်အထည်ဖော်ဖို့အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေးမူဝါဒအဖြစ် ချမှတ်ထားတယ်။ နိုင်ငံတော်ရဲ့ ကာကွယ်ရေးမူဒါဒချမှတ်ထားရာမှာ ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်ရန်ဆိုတဲ့ အချက်တစ်ချက်ပါရှိသလို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိတယ်လို့ အတိအလင်းပြဠာန်းထားတယ်။ ဒါကြောင့်တပ်မတော်ဟာ ဒို့တာဝန်အရေး(၃)ပါးကို စွဲမြဲစွာ ခံယူစောင့်ထိန်းသွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။


ရဲဘော်တို့
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဠာန်းချက်များနဲ့အညီ လွှတ်တော်အသီးသီးမှာ တပ်မတော်ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နေတာဟာ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းများအရ တပ်မတော်က နိုင်ငံတော်ရဲ့အကျိုးကို ဖော်ဆောင်ဖို့ ပါဝင်ဆောင်ရွက်နေခြင်းသာဖြစ်တယ်။ တစ်နည်းအားဖြင့် အမျိုးသားနိုင်ငံရေး တာဝန်တစ်ရပ်ကို ထမ်းဆောင်နေခြင်းပဲဖြစ်တယ်။ တပ်မတော်ဆိုတာ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနဲ့ စနစ်တကျဖွဲ့စည်းထားတာဖြစ်တယ်။ ဒို့တပ်မတော်မှာ တိုင်းရင်းသားအားလုံး ပါဝင်ဖွဲ့စည်းထားတာကြောင့် ဒို့တပ်မတော်ဟာ အမျိုးသားတပ်မတော် တစ်နည်းအားဖြင့် ပြည်ထောင်စုတပ်မတော်ပဲဖြစ်တယ်။ ဒီကနေ့ တာဝန်ထမ်းဆောင်နေကြတဲ့ ပြည်ထောင်စုဖွား ဒို့တပ်မတော်သားတွေဟာ နိုင်ငံတော်စစ်မှုထမ်းဥပဒေအရ ၀င်ရောက်ခဲ့ကြသူများမဟုတ်ဘဲ မိမိသဘောဆန္ဒအလျောက် ၀င်ရောက်တာဝန်ထမ်းဆောင် နေကြသူတွေဖြစ်တယ်။်ခန္ဓာကိုယ်ပင်ပန်းဆင်းရဲမှာ စိတ်ပင်ပန်းဆင်းရဲမှာ မိမိအသက်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ စွန့်လွှတ် ပေးဆပ်ရမှာကို သိလျက်နဲ့ အခြေခံအားဖြင့် အလွန်မွန်မြတ်တဲ့ စိတ်ဓါတ်တွေနဲ့ ပြည်ထောင်စုကြီးကို တိုင်းရင်းသားပြည်သူများကို ကာကွယ်စောင့်ရှောက်ဖို့ ၀င်ရောက်တာဝန်ထမ်းဆောင်နေကြတာ ဖြစ်တယ်။ ဒါ့အပြင့် ဒို့တပ်မတော်ဟာ ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ထားပြီး နိုင်ငံတော်ရဲ့အကျိုးစီးပွား ပြည်သူလူထုရဲ့ အကျိုးစီးပွားများနဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်နေတာဖြစ်သလို နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေး ဒေသအလိုက်ဖွံ့ ဖြိုးတိုးတက်ရေးတွေကို ပြည်သူလူထုနဲ့ ပူးပေါင်းဆောင် ရွတ်လျက်၇ှိတယ်။ ဒီလိုဆောင်ရွတ်ရာမှာ ပါတီနိုင်ငံရေးကင်းရှင်းစွာနဲ့ လူမျိုးစွဲ၊ ဒေသစွဲတွေမပါ၇ှိဘဲ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး အကျိုးစီးပွားကို ဖော်ဆောင်နိုင်မယ့် အမျိုးသားနိုင်ငံရေး သက်သက်ကိုသာ ဆောင်ရွတ်နေတာဖြစ်တယ်။ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ စစ်မှန်သောမျိုးချစ်စိတ်ဖြစ်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ တပ်မတော်က ပါဝင်ထမ်းဆောင်နေခြင်းသာ ဖြစ်ကြောင်းပြောကြားလိုတယ်။

ရဲဘော်တို့
ဒို့တပ်မတော်သားတွေက တပ်မတော်နည်းဥပဒေ၊ အက်ဥပဒေတွေကို လိုက်နာ၇ုံသာမက နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ နယ်ဘက်ဆိုင်ရာဥပဒေကိုလည်း ပြည်သူများနည်းတူ လိုက်နာစောင့်ထိန်းကြရမယ်။ နိုင်ငံတော်ရဲ့  အသက်သဖွယ်ဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံသားအားလုံးနဲ့ အတူ ဒို့တပ်မတော်က လေးစားလိုက်နာရမှာဖြစ်သလို ကာကွယ်စောင့်ရှောက် သွားရမှာလည်းဖြစ်တယ်။ နိုင်ငံတော်ရ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ(စ)မှာ "တပ်မတော်သည်နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်အဓိကတာဝန်ရှိတယ်။" လို့ အတိအကျဖော်ပြ တာဝန်ပေးအပ်ထားပြီး ဖြစ်တယ် ။ ဒါကြောင့် ဒို့တပ်မတော်အနေနဲ့ ခေတ်မီဖွံ့ဖြိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တစ်ရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့
ဒို့နိုင်ငံဟာ ၁၉၄၈ခုနှစ်မှာ လွတ်လပ်ရေးရခဲ့သော်လည်း နယ်ချဲ့တို့ရဲ့ သွေးခွဲ အုပ်ချုပ်မှုတွေကြောင့် တိုင်းရင်းသားအချင်းချင်း အမြင်လွဲမှားမှုတွေဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်လည်း မငြိမ်မသက်ဖြစ်ခဲ့ရတယ်။ ပြည်တွင်းပြည်ပထိုးနှက်ချက်တွေကြောင့် အာဏာရပါတီ၊ အစိုးရနဲ့ လွှတ်တော်များအတွင်း အုပ်စုကွဲမှုတွေ ညီညွတ်မှုမရှိခဲ့တာတွေ ဖြစ်ခဲ့ရတယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးဆောင် ရွက်ရမယ့်အချိန်မှာ ပြသနာတွေဖြေရှင်းနေရတာနဲ့ အချိန်ကုန်လူပင်ပန်းပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွေ နောက် ကျခဲ့ရတာကို သင်ခန်းစာယူရမှာဖြစ်တယ်။ ယခုအချိန်မှာ မှန်ကန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတာကြောင့် ဒို့တတွေအားလုံး နိုင်ငံတော်ကို ကမ္ဘာ့အလယ်မှာ တင့်တယ်စွာရှိနေစေရေးအတွက် စိတ်ကောင်းစေတနာကောင်းနဲ့ ညီညွတ်စွာဆောင်ရွက်ကြဖို့ လိုတယ်။ နိုင်ငံတော်တစ်ရပ်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးဟာ မရှိမဖြစ်လိုအပ်တယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ခေတ်အဆက် ဆက်ကြိုးပမ်းခဲ့ရာမှာ ထာဝရငြိမ်းချမ်းရေးရတဲ့ အထိ အောင်မြင်မှုမရသေးတဲ့အတွက် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ နိုင်ငံတော်က အလေးထား ဆောင်ရွက်နေတယ်။ ပထမအဆင့်အနေဖြင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအဖွဲ့မှ ငြိမ်းချမ်းရေးဆွေးနွေးမယ့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခြင်း၊ ဒုတိယအဆင့်မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမယ့်အဖွဲ့များနဲ့ တွေ့ဆုံဆွေးနွေးခြင်း၊ နောက်ဆုံးအဆင့်မှာ ပြည်ထောင်စုလွှတ်တော်တွင် ထာဝရငြိမ်းချမ်းရေးအတွက် အပြီးသတ်ဆောင်ရွက်သွားရန် ဖြစ်တယ်။ ပြည်ထောင်စုအဆင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးပြီးတဲ့ ဒေသတွေမှာ တပ်မတော်ဟာ သဘောတူညီချက်များအတိုင်း တည်ငြိမ်အေးချမ်းရေးကို ရှေးရှုဆောင်ရွက်လျက်ရှိတယ်။ အခြေအနေပေးတဲ့ နေရာတွေမှာလည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို တစ်ဆက်တည်း အားသွန်ခွန်စိုက် ဆောင်ရွက်ပေးလျက်ရှိတယ်။ အသက်ခန္ဓာတွေကို စွန့်လွှတ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်ကြရတဲ့ ဒို့တပ်မတော်ဟာ ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုပြီးလိုလားတယ်။ ဖြစ်နိုင်သမျှ ထာဝရငြိမ်းချမ်းရေးရရှိအောင် စစ်မှန်သည့်ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံတော်နဲ့အတူ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပြီး ဒီကတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း အခိုင်အမာပြောကြားလိုတယ်။

ရဲဘော်တို့
ဒီမိုကရေစီနိုင်ငံအဖြစ် လျှောက်လှမ်းနေတာ တစ်နှစ်သက်တမ်းသာရှိသေးတဲ့ ဒို့နိုင်ငံဟာ မြင့်မားခိုင်မာစွာ ရပ်တည်နိုင်ဖို့အတွက် နိုင်ငံရေးစွမ်းအား၊ စီးပွားရေးစွမ်းအားနဲ့ ကာကွယ်ရေးစွမ်းအားတွေ မြင့်မားခိုင်မာစွာ အချိတ်အဆက်မိမိ ဟန်ချက်ညီစွာ တိုးတက်နေဖို့ လိုအပ်တယ်။ တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြတဲ့ ဒို့နိုင်ငံတော်မှာ နိုင်ငံရေးစွမ်းအားမြင့်မားရေး အခြေခံလိုအပ်ချက်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံအေးချမ်းတည်ငြိမ်မှုရှိရေးပဲဖြစ်တယ်။ တည်ငြိမ်အေးချမ်းမှု ရှိလာတာနဲ့အမျှ အုပ်ချုပ်ရေးနဲ့ အစိုးရယန္တရားလည်ပတ်မှုတွေ ပီပြင်လာမယ်၊ တရားဥပဒေစိုးမိုးမှုနဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ထဲကနေ နိုင်ငံရေးစွမ်းအားစုတွေအားလုံး မှန်မှန်ကန်ကန် ပါဝင်ဆောင်ရွက်လာနိုင်မှာဖြစ်တယ်။ နိုင်ငံတကာမျက်နှာစာမှာ ၀င်ဆန့်မှုတွေ ပိုမိုအားကောင်းလာပြီး ပြည်တွင်းပြည်ပနိုင်ငံရေး အနေအထားတွေ မြင့်မားလာမှာပဲဖြစ်တယ်။
နိုင်ငံရေးတည်ငြိမ်ခိုင်မာမှုဟာ စီးပွားရေးတိုးတက်မှုအတွက် တွန်းအားတစ်ရပ်ဖြစ်ပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့အတူ နိုင်ငံတော်နဲ့ ပြည်သူများရဲ့ စီးပွားရေး တိုးတက်မြင့်မားရေးကို ဆောင်ရွက်နိုင်မှာဖြစ်တယ်။ နိုင်ငံတော်မှာရှိပြီးဖြစ်တဲ့ သဘာဝ သယံဇာတများနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို အသုံးချပြီး လယ်ယာစိုက်ပျိုးရေး၊ စက်မှုနဲ့နည်းပညာ၊ ၀န်ဆောင်မှုနဲ့ ကုန်သွယ်ရေး ကဏ္ဍတွေကို တိုးတက်အောင် ဆောင်ရွက်နိုင်ရင် နိုင်ငံတော်ရဲ့ စီးပွားရေးဟာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒီကနေ့ ၂၁ ရာစုမှာ ၁၉ ရာစုနှစ်အတွေကလို နိုင်ငံတစ်နိုင်ငံကို အခြားနိုင်ငံတစ်နိုင်ငံက စစ်ရေးသက်သက်နဲ့ ကျူးကျော်သိမ်းပိုက်ပြီး ကျွန်ပြုတဲ့ခေတ် မဟုတ်တော့ဘဲ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှူရေး၊ ယဉ်ကျေးမှုစတဲ့ နယ်ပယ်အသီးသီးကနေ နည်းမျိုးစုံနဲ့ လွှမ်းမိုးချုပ်ကိုင်တဲ့နည်းတွေ ကျင့်သုံးဆောင်ရွက်လာကြတယ်။ ဒီလိုပြောင်းလဲလာတာတွေကြောင့် နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်ခြာအာဏာတည်တံ့ ခိုင်မြဲရေးကို ကောင်းစွာကာကွယ်စောင့်ရှာက်နိုင်ဖို့ ကာကွယ်ရေးစွမ်းအား မြင့်မားနေစေရေး အတွက် ဒို့တပ်မတော်ဟာ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီမျီုးချစ်တပ်မတော်တစ်ရပ်ဖြစ်ဖို့ လိုအပ်တယ်။ အလားတူ စစ်ရေးမဟုတ်တဲ့ နည်းလမ်းတွေနဲ့ လွှမ်းမိုးချုပ်ကိုင်လိုမှုများကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အားလုံး အမြင်ကျယ်ပြန့်စွာ သိရှိဆင်ခြင်ဆောင်ရွက်သွားဖို့ လိုအပ်တယ်။
နိုင်ငံတော်ကာကွယ်ရေးစွမ်းအား မြင့်မားနေစေဖို့ ဒို့တပ်မတော်အင်အားတောင့်တင်းခိုင်မာရေးအတွက် နိုင်ငံတော်၊ တပ်မတော်နဲ့ နိုင်ငံသားအားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်တယ်။ နိုင်ငံတော် ကာကွယ်ရေးစွမ်းအား တောင့်တင်းခိုင်မာစေဖို့ခေတ်မီစစ်လက်နက်ပစ္စည်းတွေ ရရှိပိုင်ဆိုင်ရေးအတွက် တပ်မတော်ကလည်း သုသေသနပြု တီထွင်ထုတ်လုပ်ရမှာဖြစ်တယ်၊ မိမိတို့ ထပ်မံလိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဍငွေ ရရှိမှုပေါ်မူတည်ပြီး ၀ယ်ယူဖြည့်တင်းရမှာဖြစ်တယ်။ ဒေသတွင်းနိုင်ငံများ အပါအ၀င် နိုင်ငံ အသီးသီးက ကာကွယ်ရေးစွမ်းပကားများမြှင့်တင်ဆောင်ရွက်နေတာကို မပြတ်လေ့လာပြီး မိမိတို့ကလည်း နိုင်ငံတော်ကာကွယ်ရေးအတွက် ပြင်ဆင်ဖြည့်တင်းဆောင်ရွက်သွားဖို့လိုတယ်။ တပ်မတော်ရဲ့ စွမ်းပကား၊ ပြည်သူလူထုရဲ့ စွမ်းပကားများ ပူးပေါင်းပြီး နိုင်ငံတော်ကာကွယ်ရေးစွမ်းပကား မြင့်မားခိုင်မာအောင် လုပ်ကြရမယ်။
စစ်သားကောင်းတို့ရဲ့ အရည်အချင်းဟာ စစ်စည်းကမ်းကောင်းခြင်းနဲ့ အမိန့်နာခံခြင်းတို့ပဲဖြစ်တယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့နေရာမှာ စည်းကမ်းနဲ့စနစ်တကျရှိတဲ့ လမ်းကြောင်းပေါ်မှာသာသွား ရမှာဖြစ်တယ်။ ဒါကြောင့် တို့တပ်မတော်သားတွေအနေနဲ့ စစ်စည်းကမ်း၊ စစ်မြေပြင်စည်းကမ်းအပြင် နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ ဥပဒေ၊ စည်းကမ်းများကို နိုင်ငံသားများနည်းတူ လေးစားလိုက်နာကြရမှာ ဖြစ်တယ်။ မည်သူမဆို မြို့၊ ရပ်ကွက်၊ ကျေးရွာမှာနေရင် သက်ဆိုင်တဲ့ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာလုပ်ကိုင်နေထိုင်ရသလို၊ တပ်မတော်အတွင်းမှာလည်း တပ်ပိုင်းဆိုင်ရာ စည်းကမ်းများနဲ့ လိုက်နာနေထိုင် လုပ်ကိုင်ကြရမှာဖြစ်တယ်၊ စစ်စည်းကမ်းဟာတပ်မတော်ရဲ့ ကျောရိုးမဏ္ဍိုင်ဖြစ်တာနဲ့ အညီ စစ်စည်းကမ်းကောင်းမွန်တာနဲ့ အမျှ စိတ်ဓာတ်နဲ့ အမိန့်နာခံမှုပါ အလိုလိုကောင်းလာတာ တွေ့ရတယ်။ ဒါကြောင့် တပ်မတော်ရဲ့ ကျောရိုးမဏ္ဍိုင် ခိုင်မာစေဖို့အတွက် စစ်စည်းကမ်းကို အမြင့်မားဆုံး လိုက်နာစောင့်ထိန်းတဲ့ တပ်မတော်၊ အမိန့်နာခံမှုကောင်းတဲ့ တပ်မတော်အဖြစ် ခေတ်အဆက်ဆက် တပ်မတော်ခေါင်းဆောင်ကြီးတွေက တည်ဆောက်ခဲ့ကြတယ်၊ လွတ်လပ်ရေးကြိုးပမ်းမှုကစလို့  ဒီကနေ့ အထိ နိုင်ငံတော်ရဲ့ တာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ခဲ့ ခြင်း ဟာ ဒီလိုအခြေခံကောင်းတွေနဲ့ ပြည့်စုံခြင်း၊ တပ်မတော် အစဉ်အလာ(၁၂)ရပ် ပြည့်စုံခြင်းနဲ့  တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေးအသိ နိုးကြားမှု ရှိခြင်းတို့ ကြောင့်ဖြစ်တယ်၊ ဒါကြောင့် ရှေ့ဆက်လက်ပြီး နိုင်ငံတော်ရဲ့ တာဝန်၊ အမျိုးသားရေးတာဝန်တွေကို ထူးချွန် ပြောင်မြောက်စွာ ထမ်းဆောင်နိုင်ဖို့  အခြေခံကောင်းတွေ၊အစဉ်လာကောင်းတွေကို ဆက်လက်သယ်ပိုး စောင့်ထိန်းသွားကြဖို့  မှာကြားလိုတယ်။

ရဲဘော်တို့
နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြတဲ့ ဒို့တပ်မတော်သားတွေဟာ စစ်ရေးအမြင်သက်သက်နဲ့  ရည်မှန်းချက်တာဝန်တွေ အောင်မြင်မှာမဟုတ်တဲ့  အတွက် စစ်ရေး၊နိုင်ငံရေး၊စီးပွားရေး၊အုပ်ချုပ်ရေး အမြင်(၄)ရပ်ပြည့်စုံနေအောင် ဖြည့်ဆည်းနေကြဖို့  လိုအပ်တယ်၊ နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေကိုမျက်ခြေမပြတ်လေ့လာပြီး ဒို့ နိုင်ငံရဲ့ ပကတိအခြေအနေနဲ့ အညီ ညီညွတ်စွာ ဦးတည်ချီတက်နေတဲ့ ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ရေး နိုင်ငံတော်အချုပ်အခြာအာဏာ ထိပါးမခံရရေး၊ ပြည်သူ၊တပ်မတော်နဲ့  နိုင်ငံတော်အစိုးရပူးပေါင်းပြီး တရားဥပဒေနဲ့ အညီ နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ဖို့  ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို မပြတ်လေ့လာနေုဖို့  လိုအပ်တယ်။ နိုင်ငံတကာရဲ့  တိုးတက်ဖြစ်ပေါ်နေတဲ့  စီးပွားရေးအခြေအနေများနဲ့  မိမိတို့နိုင်ငံမှာ ပြည်သူ့ အကျိုးစီးပွားကို အမှန်တကယ်ဖော်ဆောင်နိုင်မယ့်  စီးပွားရေးလုပ်ငန်းများ သိရှိနေအောင် လေ့လာနေကြဖို့ လိုအပ်တယ်။ နိုင်ငံတော်ရဲ့ စီးပွားရေး တိုးတက်စေဖို့ အတွက် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ နဲ့  ၀န်ဆောင်မှုကဏ္ဍတွေ အချိုးကျကျ ပါဝင်နေဖို့ လိုအပ်တယ်။ ငွေကြေးခိုင်မာမှုရှိဖို့ လည်း လိုအပ်တယ်။ နိုင်ငံတော်ရဲ့ စားနပ်ရိက္ခာဖူလုံစေဖို့ အတွက် စိုက်ပျိုးရေးကဏ္ဍ ကို လက်လွှတ်လို့ မရသလို ခေတ်မီတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ဖို့  စက်မှုနိုင်ငံအဖြစ် မဖြစ်မနေသွားရမှာဖြစ်တဲ့ အတွက် စိုက်ပျိုးရေးကိုအခြေခံပြီး ရရှိလာတဲ့ အရင်းအနှီးတွေနဲ့  စက်မှုကဏ္ဍဖွံ့ ဖြိုးတိုးတက်အောင် ၀ိုင်းဝန်းဆောင်ရွက်သွားကြရမယ်။ စက်မှုကဏ္ဍဖွံ့ ဖြိုးတိုးတက်လာတာနဲ့ အမျှ ၀န်ဆောင်မှုကဏ္ဍကိုလည်း တိုးတက်အောင် ဆောက်ရွက်သွားရမယ်။ လူနေမှုအဆင့်အတန်းမြင့်မားရေးနဲ့  အရင်းအနှီးဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှု၊ ရင်နှီးမြှုပ်နှံမှုနဲ့  ၀န်ဆောင်မှုလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်သွားရမယ်။ ဒို့ နိုင်ငံကို ခေတ်မီစက်မှုနိုင်ငံတစ်ခုဖြစ်အောင် တည်ဆောက်တဲ့ နေရာမှာ နိုင်ငံတော်ရဲ့ စီးပွားရေးဦးတည်ချက်တွေအတိုင်း တပ်မတော်က သက်ဆိုင်ရာကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။
ဒီကနေ့  နိုင်ငံတော်ကချီတက်နေတဲ့  ဒီမိုကရေစီလမ်းကြောင်းမှာ အစိုးရရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို တပ်မတော်က မှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်ပေး သွားမှာဖြစ်လို့ ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့အညီ ဆောင်ရွက်နေတဲ့ ဒီမိုကရေစီအုပ်ချုပ်မှုပုံစံတွေကို မျက်ခြည်မပြတ် လေ့လာနေကြဖို့ လိုအပ်တယ်။ ဒို့နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံအဆင့်ကို ရောက်ရှိဖို့ တက်လှမ်းနေတဲ့ ဒေသတွင်းနိုင်ငံကြီး ၂ နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေရုံသာမက တောင်အာရှနိုင်ငံများနဲ့ အရှေ့တောင် အာရှနိုင်ငံများ ကို ပေါင်းကူးဆက် သွယ်ပေးထားတဲ့ နိုင်ငံတစ်ခုအဖြစ် တည်ရှိနေတာ ရဲဘော်တို့အသိပဲဖြစ်တယ်။ ဒို့တပ်မတော်ဟာ နိုင်ငံတော်ရဲ့ မူဝါဒတွေနဲ့အညီ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက တပ်မတော်တွေနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိသလို မဟာဗျူဟာအရ အရေးပါတဲ့နေရာမှာ တည်ရှိနေတဲ့ ဒို့နိုင်ငံရဲ့ ပထ၀ီအနေအထားကို မှန်ကန်စွာရှုမြင်သုံးသပ်ပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာပိုင် မြေပြင်၊ ရေပြင်၊ ဝေဟင် ပိုင်နက်တို့ကို ကာကွယ်နိုင်ဖို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးအမြင်တွေနဲ့ ပြည့်စုံနေအောင် ကြိုးပမ်းနေကြဖို့ အလေးအနက် မှာကြားလိုတယ်။

ရဲဘော်တို့
မိမိတို့တပ်မတော်မှာ တပ်ဆင်ထားတဲ့ ခေတ်မီစစ်လက်နက် ပစ္စည်းတွေကို မှန်ကန်ထိရောက်စွာ အသုံးချနိုင်အောင်၊ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်တတ်အောင် လေ့ကျင့်နေကြရမှာဖြစ်တယ်။ ကိုယ့်နိုင်ငံ ရေမြေသဘာဝ အနေအထား၊ ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့အညီ အံဝင်ဂွင်ကျဖြစ်မယ့် မှန်ကန်တဲ့စစ်နည်းဗျူဟာများကို ကျင့်သုံးနိုင်အောင်လည်း လေ့ကျင့်နေကြရမှာဖြစ်တယ်။ စစ်လက်နက်ပစ္စည်းတွေ၊ စစ်နည်းဗျူဟာတွေကို ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် လေ့ကျင့်ရမှာဖြစ်သလို လက်တွေ့စစ်မြေပြင်မှာ ရန်သူကို ရင်ဆိုင်တိုက်ပွဲဝင်နိုင်အောင် ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ ပြည့်စုံအောင်လည်း လေ့ကျင့်နေဖို့ လိုအပ်တယ်။ ဒီလိုကျွမ်းကျင်မှု၊ ကြံ့ခိုင်မှု၊ စစ်နည်းဗျူဟာကောင်းမွန်မှုတွေနဲ့ ပြည့်စုံမှသာ စစ်မြေပြင်မှာ အောင်မြင်မှုတွေရရှိမှာ ဖြစ်တယ်။
ဒို့တပ်မတော်ကို စတင်တည်ထောင်ကတည်းက စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် လုပ်ငန်းကြီး(၃) ရပ်နဲ့ စနစ်တကျတည်ဆောက် ထားခဲ့တယ်။ ဒီလုပ်ငန်းကြီးတွေမှာ သူ့စနစ်နဲ့သူရှိပြီး၊ ကောင်းမွန်ပြည့်စုံပြီးဖြစ်တာကြောင့် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်လုပ်ငန်း ပင်နီယံကြီး(၃)ခု ကောင်းမွန်စွာ လည်ပတ်နေအောင် ဆောင်ရွက်ခြင်းဖြင့် တပ်မတော်ရဲ့အုပ်ချုပ်ရေးကို ကောင်းမွန်းအောင် တည်ဆောက်သွားကြဖို့ မှာကြားလိုတယ်။

ရဲဘော်တို့
သက်သာချောင်ချိရေးမှာ နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းနဲ့ စစ်သည်များကိုယ်တိုင် သက်သာချောင်ချိမှုရှိအောင် ဆောင်ရွက်ခြင်းဆိုပြီး နှစ်ပိုင်းရှိရာမှာ နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို စစ်သည်မိသားစုများကိုယ်တိုင်ကလည်း အခြေအနေ အချိန်အခါပေါ် မူတည်ပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ခြင်း၊၀င်ငွေနှင့်ထွက်ငွေမျှတအောင် စိစစ်သုံးစွဲခြင်းဖြင့် မိသားစုသက်သာချောင်ချိ မှုရှိအောင်ဆောင်ရွက်ရမှာဖြစ်တယ်။ တပ်မိသားစုများရဲ့  စိုက်ပျိုးမွေးမြူရေး ထွက်ကုန်တွေဟာ မိသားစုများရဲ့ အသုံးစရိတ်ချွေတာနိုင်ပြီး သင့်တင့်တဲ့အထောက်အပံ့ ရရှိစေမှာဖြစ်သလို တပ်မတော်တစ်ရပ်လုံးရဲ့ စိုက်ပျိုးရေးကဏ္ဍက ထွက်ကုန်များဟာ ဒေသထွက်ကုန်များ တိုးတက်မြင့်မားခြင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုကို အထိုက် အလျောက်ဖြစ်စေခြင်း စတဲ့အကျိုးများ ရရှိတာကြောင့် တပ်မတော်ရဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကို တိုးတက်အောင် စေတနာထားပြီး ဆောင်ရွက်ကြရမှာဖြစ်တယ်။ အလုပ်တာဝန်တွေကို ညီညွတ်မျှတစွာ မှန်မှန်ကန်ကန်ခွဲဝေပေးခြင်း၊ စစ်သည်များတပ်နေပျော်ရေးကို အလေးထားဆောင်ရွက်ပေးခြင်း၊သက်သာချောင်ချိရေးကို ညီညီမျှမျှရှိအောင် အလေးထားဆောင်ရွက်ပေးခြင်း စတဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် စစ်သည်တွေရဲ့  စိတ်ဓာတ်ပိုင်း ဆိုင်ရာများ မြင့်မားလာမှာဖြစ်တယ်။စစ်ပွဲအောင်နိုင်ရေးမှာ စိတ်ဓာတ်မြင်းမားရေးဟာ အဓိကကျတဲ့အတွက် တပ်မတော်တစ်ရပ်လုံးရဲ့  စိတ်ဓာတ်တိုးတက်မြင့်မားခိုင်မာရေးကို အလေးထား လုပ်ဆောင်သွားကြဖို့  မှာကြားလိုတယ်။
ရဲဘော်တို့
နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ နိုင်ငံတော်ကိုခေတ်သစ်စနစ်သစ်နဲ့  ချီတက်နေတဲ့ အချိန်မှာ ဒို့ တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်များကို ထမ်းရွက်ကြရာမှာ (၆၇) နှစ်မြောက် တပ်မတော်နေ့  ဦးတည်ချက်များဖြစ်တဲ့-

(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ် မှုမပြိုကွဲရေး၊ အချုပ်အခြာအာ ဏာတည် တံ့ခိုင်မြဲရေးဟူသော ဦးတည်ချက်များကို စွဲမြဲစွာခံယူစောင့်ထိန်းရေး။
(ခ) နိုင်ငံတော၏အမျိုးသားရေးနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့်ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး။
(င) ခေတ်မီဖွံ့ ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာတွင် တပ်မတော်၏ အဓိကတာဝန်ဖြစ်သောဖွဲ့ စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး။
(ဃ) နီုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရန် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်တည်ဆောင်ရေး။
ဆိုတဲ့ဦးတည်ချက်တွေနဲ့ အညီ တာဝန်ထမ်းရွက်သွားကြဖို့ မှာကြားရင်း နိဂုံးချုပ်လိုက်တယ်။

Monday 26 March 2012

လေးစား ဂုဏ်ယူလျှက်ပါ အဖေ

လေးစား ဂုဏ်ယူလျှက်ပါ အဖေ
အဖေ… အဖေ့သားတစ်ယောက်ဖြစ်ရတာကို ၀မ်းသာ ဂုဏ်ယူပါတယ် အဖေ။ အဖေဟာ တပ်မတော်သားပေမဲ့ အရာရှိ အရာခံကြီးတွေထဲက လူတစ်ယောက်မဟုတ်ပါဘူး။ သာမာန် စစ်သားလေး တစ်ယောက်ပါ ။ ရှေး (၄)တန်းအောင်ဆိုတဲ့ ပညာလောက်နဲ့ စစ်ထဲကို ၀င်ခဲ့တဲ့အဖေ။ အဖေ စစ်သားဘ၀ကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ပုံတွေ ပြောပြတုံးက ဒီလောက် ခက်ခဲမယ် လေးနက်မယ်လို့ မထင်မိပါဘူး အဖေ။ အဖေ ရှေ့တန်းထွက်ဖို့ ပစ္စည်းတွေ ထည့်ပေးရင်း အမေငိုတယ်လို့ ပြောတုံးက ဟုတ်ရဲ့လား အမေလို့ မေးတော့… အမေက “မဟုတ်ပါဘူး င့ါသားတို့ရယ် မင်းတို့အဖေ လျှောက်ပြောနေတာ” လို့ အမေ ရှက်ရှက်နဲ့ ပြောခဲ့တဲ့ မျက်နှာလေးတောင် ပြန်မြင်မိပါသေးတယ် ။ ရှေ့တန်းမှာ အစားသောက်ခက်ခဲကြမ်းတမ်းတယ် ၊ ရှားပါးတယ် ၊ သိပ်ဆင်းရဲတာပဲလို့ ပြောတုံးက အဖေတော့ အပိုလေးတွေ ထည့်ပြောနေပြီလို့ ထင်ခဲ့မိတာ … ခုတော့ တကယ်သိသွားပါပြီ အဖေ (တကယ်သိပါပြီဆိုလို့ စစ်သားမဟုတ်ပါ ၊ တွေ့မြင်ကြားနာ နေရတာတွေ များခြင်းကြောင့် သိပါပြီလို့ ဆိုလိုခြင်းသာဖြစ်ပါသည်)။ အဖေ ရှေ့တန်းထွက်တုံးက တောင်စောင်းလေးမှာ ညအိပ်တုံး မိုးတွေရွာလို့ မိုးကာလေးနဲ့ ပတ်ပြီး အိပ်ခဲ့ရတာတွေ … တစ်ချို့သစ်ရွက်တွေက ညဆို မီးလင်းတယ် ၊ အရောင်တွေ ထွက်တတ်တယ်လို့ အဖေပြောတုံးက ဟုတ်ကော ဟုတ်ရဲ့လား ဆိုပြီး စိတ်ဝင်စားခဲ့ဖူးတဲ့ ညလေးတွေကို သတိရနေမိတယ် အဖေ ။ ရှေ့တန်းမှာ စစ်သားအချင်းချင်း ၊ အရာရှိနဲ့ စစ်သားတို့ တစ်ယောက်နှင့် တစ်ယောက် ဘယ်လောက် ချစ်ခင် ၊ စည်းရုံးကြတယ်ဆိုတာ အဖေပြောတုံးက သိပ်နားထောင်လို့ ကောင်းတာပဲ အဖေ ။ အဖေ နေမကောင်းလို့ အဖေတို့ အရာရှိက သူ့အနွေးထည်ပေးဝတ်တုံးက အဖေပြောဘူးတာလေးကို သတိရနေသေးတယ်အဖေ ။ ငါ့သား အကြီးကောင်ကိုလည်း ဒီလို အရာရှိ ဖြစ်စေချင်လိုက်တာ ။ အရာရှိ ၀တ်စုံနဲ့ ငါ တွေ့ချင်လိုက်တာလို့ အကိုကြီးကို ရည်ရွယ်ပြီးပြောခဲ့တဲ့ အဖေ့စကားလေးကို မှတ်မိသေးတယ်။
အဖေတို့ ရှေ့တန်းက ပြန်လာရင် နောက်တန်းက အမေတို့ရဲမေတွေ အောင်သပြေပန်းတွေ စံပယ်ပန်းတွေ ၊ နှင်းဆီပန်းတွေနဲ့ ကြိုဆိုကြတဲ့ပုံတွေကို ဇာတ်ကားတွေထဲမှာ ကြည့်ကြည့်မိတိုင်း မျက်ရည်တောင် ၀ဲမိတယ် အဖေ ။ အဖေတို့ ရှေ့တန်းက ပြန်လာရင် ကြိုဆိုတဲ့ ဗိုလ်ရှုသဘင် သီချင်းထဲက “တိုးတိုးကာ လူတွေထဲ မေလည်း ပါနေပြီ “ ဆိုတဲ့ စာသားလိုပဲလား ၊ ဟုတ်လားအမေလို့ ပြန်မေးတိုင်း “ဟုတ်တာပေါ့ ငါ့သားရဲ့ ကိုယ့်ယောကျာင်္း ၊ ကိုယ့်ချစ်သူတွေ ပြန်လာကြတာကို ကြိုကြတာဆိုတော့ အတင်းတိုးကြိတ်ပြီး သူ့ထက်ငါ ဦးအောင် မြင်ချင်ကြတာကိုး” တဲ့ အမေ အဲလိုပြောဘူးတာလေးလည်း သတိရနေသေးတယ် အဖေ။ ဟာသလေး တစ်ခုကိုလဲ ခုထိ မှတ်မိနေသေးတယ် အဖေ ။ အဖေက ရှေ့တန်းတစ်ခါ ထွက်ရင် အကြာကြီးထွက်ကြရတော့ ပြန်လာတဲ့အခါမှာ မုတ်ဆိတ်တွေ နုတ်ခမ်းမွှေးတွေနဲ့ အသားတွေကလဲ မဲနေတော့ … လူအုပ်ကြားထဲမှာ အမေက အဖေ့ကို မမှတ်မိ ၊ လူကလဲ ကုန်တော့မယ်ဆိုတော့ ကိုယ်သိတဲ့ တစ်ယောက်ကို ပြန်ကုံးစွပ်လိုက်တာကို စိတ်ဆိုးပြီးရန်တွေ ဖြစ်ကြတယ်ဆိုတာကိုလဲ ခုထိမှတ်မိနေသေးတယ် အဖေ ။ အဖေတို့စစ်သားဘ၀တုံးက လစာနဲနဲလေးနဲ့ မိသားစုတွေ ဖြတ်သန်းခဲ့ရတာလေးတွေကို အဖေပြောပြတာတွေကိုလည်း သတိရမိနေပါသေးတယ် အဖေ ။ အဖေဟာ တပ်မတော်ထဲမှာ (၁၅) နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူလိုက်ပါတယ် ။ အဖေ့လို ပညာတတ်လည်း မဟုတ်၊ ရိုးရိုးစစ်သားလေး ဘ၀နဲ့ နိုင်ငံတော်အတွက် ရှေ့တန်းတွေ ခနခနထွက်ခဲ့ရတဲ့အဖေ ၊ စစ်ဥပဒေတွေကို စိတ်အားထက်သန်သန်နဲ့ ပြောတတ်တဲ့အဖေ ၊ စစ်ကားတွေ ကြည့်တိုင် ငါတို့တုံးက အဲဒီနားမှာဆို ဒီလိုမဟုတ်ဘူး ၊ ဟိုနားလေးက လိုနေတယ် စသဖြင့် ဝေဖတ်တတ်တဲ့အဖေ ၊ စစ်သား တွေနဲ့တွေ့ရင် မိမိသည်ခုလက်ရှိ စစ်သားကဲ့သို့ ခုထိတိုင် ပြောဆိုတတ်တဲ့ အဖေ ၊ အဖေရေ အဖေ့သား ဖြစ်ရတာ ဂုဏ်ယူပါတယ် အဖေ။ ခု မတ်လ ၂၇ ရက်နေ့မှာ ကြရောက်မည့် (၆၇) နှစ်မြောက် တပ်မတော်နေ့ နဲ့အတူ အဖေရယ် အဖေပြောပြောနေတတ်တဲ့ အဖေ့သူငယ်ချင်း စစ်သားအိုကြီးတွေရယ် ကျွန်တော့် အသိမိတ်ဆွေ ဦးလေးကြီးများ ၊ အကိုကြီးများ ၊ သူငယ်ချင်းများ ၊ ညီလေးများကို အဖေနဲ့ အတူ ဂုဏ်ပြုလိုက်ရပါကြောင်း ။
• စာမရေးတာ ကြာပြီဖြစ်လို့ အမှားတွေပါရင် ၊ စစ်အသုံးနှုန်းမကြရင် နားလည် ခွင့်လွှတ်ပေးပါ။
အားလုံးကိုလေးစားလျှက်
ရှင်းသန့် (၂၆.၀၃.၂၀၁၂)

Friday 23 March 2012

မှတ်မှတ်ရရသင်္ကြန်ကာလ(၂၀၀၈)အပိုင်း (၂)




              ဒီလိုနဲ့ ကျွန်တော်တို့ထားဝယ်ကနေသုတ်ခြေတင်ပြီးတပ်မကိုသတင်းပို့ ဖို့လုပ်ရပြန်တယ်။တော်သေးတယ်ကံကောင်းချင်တော့ဘဏ်တွေကပိတ်ဖို့တစ်ရက်အလို။ကျွန်တော်တို့အဖွဲ့ထဲကပါလာတဲ့သူငယ်ချင်းတစ် ယောက်က ရန်ကုန်ကသူ့အိမ်ဆီဖုန်းဆက်ပိုက်ဆံမှာပြီးချက်ခြင်းစောင့်ထုတ်လို့ရလိုက်လို့ကျွန်တော်တို့အငတ်ဘေးမှ ခေတ္တဝေးကွာခဲ့ရတယ်။ ဒီလိုနဲ့ကျွန်တော်တို့ကော့သောင်းထိ အမြန်ရေယာဉ်စီးရဖို့အရေး စကခ (၈)မှာ လက်မှတ်သွားလုပ်ရတယ် ညနေ ၄နာရီလောက်ထဲကလက်မှတ် ထိုးဖို့စောင့်လိုက်ရတဲ့ အရာရှိအကိုကြီးတစ်ယောက် ည၁၁နာရီကျော် လောက်မှ ရောက်လာတယ်။ သြော်. ဒါကလဲ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်လဲဥာဏ်မမှီတော့ မစဉ်းစားတတ်ပြန်။ထားဝယ်ကနေအမြန် ယာဉ်ဆိုဒ်တဲ့ထားဝယ်ဆိပ်ကမ်းကိုရောက်ဖို့ ကားကို ၃နာရီလောက်စီး ရတယ်။ဒါနဲ့ကားစီးဖို့ ကျွန်တော်တို့လုပ်ရပြန်တယ် ကားကလဲ ည ၁နာရီခွဲ ၂ နာရီလောက်ထွက်မှာဆိုတော့ ကျွန်တော်တို့အိပ်မနေတော့ ဘူးဆိုပြီး ထားဝယ် ခလရ (၂၅)တပ်မှာ ကျွန်တော်တို့ခတ္တအပ်ထားတဲ့ လက်နက်ခဲယမ်းတွေ ထုတ်ပြီးထားဝယ်ဆိပ်ကမ်းကိုထွက်မဲ့ကားဂိတ် မှာ မိုးကာစလေးကိုခင်းပြီး ခဏစောင့်နေလိုက်တယ်။ကားဂိတ်ဆိုပေမဲ့ လမ်းဘေးပလက်ဖောင်းပါ ပဲ။၁နာ၇ီခွဲလောက်တော့ ကားရောက်လာတယ်။ကျွန်တော်တို့အလကားရတဲ့ကားခေါင်မိုးပေါ်တက်စီးရင်း၃နာရီခွဲ၎နာရီလောက်မှာထားဝယ်အမြန်ယာဉ်ဆိပ်ကမ်းကို ရောက်တယ်။၎နာရီဆိုရင် အမြန်ယာဉ်ကလဲထွက်တော့မှာဆိုတော့ ကျွန်တော်တို့ ယာဉ်ပေါ်မှာပဲတက်ထိုင်နေလိုက်တယ် ဘာမှတောင်မ၀ယ်စားနိုင်ပါဘူး ဘဏ်ကထုတ်ထားတဲ့ပိုက်ဆံကလဲ တပ်မကိုသတင်းပို့ပြီးရင် ထပ်ဆက်ရမဲ့ခရီးတွေအတွက်ကချန်ထားရသေးတာကိုဒီလိုနဲ့ကျွန်တော်တို့အဖွဲ့တုတ်တုတ်ဖိုးနဲ့လမ်းမှာထမင်းဖိုးနဲ့ပိုက်ဆံကမကျန်တော့ဘူး လေ။အခက်အခဲမြောက်များစွာကိုကျော်ဖြတ်ပြီး တပ်မကိုဆိုဒ်ဆိုဒ်မြိုက် မြိုက်ရောက်လို့လာခဲ့တော့တယ်။တပ်မ G3ကိုသတင်းပို့ပြီးပါလာတဲ့ လက်နက်ခဲယမ်းတွေကိုတပ်ကိုအပ်ဖို့ကကျန်သေးပြန်ရော။တပ်မနဲ့ကျွန်တော့်တပ်ကမိုင်သုံးလေးဆယ်လောက်ဝေးသေးတယ်။
                
 












     
     တပ်ကို ရောက်ဖို့ကားကြုံကို ၁ပတ်တိတိစောင့်လိုက်ရတယ်။အဲဒီလောက်အထိလမ်းပန်းဆက်သွယ်ရေးကကောင်းမွန်တဲ့အရပ်ဒေသပါ။တပတ်လုံးတပ်မ နားကသူငယ်ချင်းတပ်မှာရိက္ခာတွဲစားရင်းနေခဲ့ရတယ်။ဒီလိုနဲ့ကျွန်တော့်တပ်ကိုရောက်လက်နက်ခဲယမ်းအပ်ပြီး အမြန်ပြန်ထွက်နိုင်ဖို့တပ်ရေးဗိုလ် ကြီးအကိုကြီးထံတင်ပြ တယ်။တပ်ရေးဗိုလ်ကြီးကလဲ ညီလေးတို့အဆင် သင့်ဖြစ်ရင်ထွက်ပါ လို့ပြောတော့ ရှိတဲ့ပစ္စည်လေးတွေထုတ်ပိုးပြီး ကား ကြုံ ဖြစ်ဖြစ် ဆိုင်ကယ်ကြုံဖြစ်ဖြစ်စောင့်လိုက်တာ၂ရက်တိတိမြောက်တဲ့နဲ့မှာပဲဆိုင်ကယ်ကြုံတစ်စီးနဲ့တပ်မထိလိုက်လာရတယ်။တပ်မကနေမှ အမြန်ယာဉ်လက်မှတ်ကိုစောင့်ယူရင်းကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းတို့ကော့သောင်းကမ်းကနေစခွာလာတော့တယ်။ရေယာဉ်ပေါ်မတက်ခင်ထမင်းနှစ်ဗူးဝယ်တယ် တစ်ဗူးကိုနှစ်ယောက်ခွဲစားပြီးကျန်တစ်ဗူးကိုလမ်းမှာစားဖို့လုပ်ရတယ်။ကျွန်တော်တို့သွားရမဲ့ခရီးနဲ့ကျွန်တော်တို့ ဆီမှာရှိတဲ့ငွေနဲ့ကခရီးဆုံးရောက်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့မှန်းသိတော့ရှိတဲ့ပိုက်ဆံလေးပဲချွေတာပြီးသုံးရတာပေါ့။တော်သေးတယ် အမြန်ယာဉ်အတွက်အလကားစီးရအောင်စီစဉ်ပေးထားတာပဲအရမ်းကျေးဇူးတင်ပါမိပါတယ်ဗျာ။ကျွန်တော်တို့လစာငွေနဲ့ ဒီလမ်းဒီခရီးတွေသာဒီလိုမစီစဉ် ပေးထားလို့ကတော့ လစာတောင်သုံးရဖို့မမြင်။


ဒီလိုနဲ့ကျွန်တော်ရည်မှန်ချက်ကြီးစွာထားလာတဲ့သင်္ကြန်မိသားစုတွေ့ ဆုံဖို့အရေးမျှော်တိုင်းဝေးရပြန်ပီဆိုတာနားလည်လိုက်တယ်။ထားဝယ်ဆိပ်ကမ်းကိုအမြန်ယာဉ်ပြန်ကပ်တဲ့နေ့က အင်္ကြန်အကြိုနေ့ဗျာ မှတ်မှတ်ရရ ကားခေါင်မိုးဒါပေမဲ့ဗျာ စိတ်တော့မလျော့ဘူး သင်္ကြန်မရောက်တော့လဲ တစ်ရက်ပဲအမေနဲ့တွေ့ ရတွေ့ရဆိုပြီးစိတ်ကတော့မလျော့ဘူး သင်တန်းကိုသတင်းပို့ရမဲ့မတိုင် ခင်အရောက်ပြန်မယ်ဆိုပြီးအားခဲလာလိုက်တာထားဝယ်ကနေရထားနဲ့လိုက် ရေး မြို့ဘူတာရုံထဲမှာတစ်ညအိပ် တဲ့နေ့ကကျွန်တော့်ရဲ့သင်္ကြန်အကျနေ့ရထားတွဲထဲကိုပက်ပက်ထည့်လာတဲ့ကလေးတွေရဲ့သင်္ကြန် ရေလေးများစိုအောင်ပြတင်းပေါက်ကိုဖွင့်ပြီးထိုင်ပစ်တယ်။ရထားကရန်ကုန်ဘူတာမှာည ၁၀နာရီကျော်ကျော်လောက်မှဆိုက်တယ်။ငွေကရေသန့်ဗူးတစ်ဗူးဖိုးနဲ့၅၀တန်အနွမ်းလေးတစ်ရွက်ပဲရှိတော့တယ် သင်္ကြန်တွင်း ဆိုတော့ ဘဏ်တွေကလဲပိတ် ရေသန်ကဗူးလေးတစ်ဗူးဝယ် နှစ်ယောက် သားသောက်ပြီးဘာလုပ်ရမယ်မှန်းကိုမသိတော့ဘူးည၁၀နာရီလောက်ကြီးရန်ကုန်ဘူနာကြီးမှာ နှစ်ယောက်သားငုတ်တုတ်ထိုင်ရင်း..notebookလေးကိုလန်လှောကြည့်နေရင်းနဲ့ရန်ကုန်ကသူငယ်ချင်းတစ်ယောက်ရဲ့လိပ်စာတွေလို့ တော်သေးတယ် သူ့အိမ်ကိုဖုန်းဆက်ပိုက်ဆံချေးလိုက် တော့မှကျွန်တော်တို့ဝမ်းရေးအတွက်တော်တော်လေးကိုအဆင်ပြေသွား တယ်။သူငယ်ချင်းနဲ့ သူငယ်ချင်းမိဘတွေကိုအရမ်းပဲကျူးဇူးတင်ပါတယ်။ ဘယ်တော့မှ မမေ့နိုင်တဲ့ အကူအညီကိုရလိုက်တာပါ။ဒီလိုနဲ့ကျွန်တော်တို့ရန်ကုန်မန္တလေးရထားနဲ့သင်္ကြန်အကြပ်နေ့ကိုပျော်ပျော်ကြီးစီးလိုက်ကြရတယ်။ရင်ထဲမှာတော့အိမ်မှပြန်ဖို့အချိန်မှီပါ့မလားဆိုတဲ့စိတ်နဲ့။လမ်းမှာငတ်လာတဲ့အရှိန် ကြောင့်လားတော့မသိရထားပေါ်လာရောင်းတဲ့ဟာတွေအကုန်ဝယ်စား ပစ်တယ်ဗျာ။မန်းလေးရောက်တော့သူငယ်ချင်းအိမ်ကမန္တလေးနားဆို တော့သူငယ်ချင်းနဲ့လမ်းခွဲပြီးကျွန်တော်ကတော့ မွေးရပ်မြေကိုပြန်ဖို့သီရိမန္တာကားကြီးကွင်းကို တက္ကစီတစ်စီးနဲ့ကျွန်တော့်ရဲ့လက်ရှိရည်မှန်း ချက်ဖြစ်တဲ့ အမေနဲ့တွေ့ဖို့ရေး အပြေးအလွှားအသွား ကျွန်တော့ မျှော်လင့်ချက်တွေကိုရိုက်ချိုးလိုက်တာကတော့ကားဂိတ်ကဂိတ်မှူးဆိုတဲ့သူကိုပဲလို့ပြောလိုက်ချင်တော့တယ်ဗျာ။သင်္ကြန်အတွင်းကျွန်တော်တို့မြို့ကိုပြေးဆွဲတဲ့ကားတွေအလုပ်မလုပ်ဖူးဆိုတာပါပဲ။အဲဒါကိုလဲ သိသိကြီးနဲ့ကိုကျွန်တော်အမေ့အိမ်ပြန်ချင်စောနဲ့မေ့နေခဲ့တာ။ကျွန်တော်အဖေအမေနဲ့တွေ့ဖို့မျှော်မှန်းချက်ကဒီနှစ်အတွက်တော့ဘယ်လိုမှဖြစ်မလာဘူး ဆိုတာသိလိုက်ရတော့တယ်ဗျာ။ကျွန်တော့်ရဲ့အမှတ်တရသင်္ကြန်တခုပေါ့၂၀၀၈သင်္ကြန်ရယ်။အသက်၂၁နှစ်သာရှိသေး တဲ့ကျွန်တော်တို့နဲ့ရွယ်တူသူငယ်ချင်းတွေပျော်မြူးဆော့ကစားနေတာမိဘညီအကိုမောင်နှမတွေနဲ့အတူတူရှိနေတာ၊မိဘဆီကလက်ဝါးလေး ဖြန့်လိုက်ယုံနဲ့ပိုက်ဆံရနေတာ၊ချစ်သူခင်သူများနဲ့အတူတူရှိပြီးအမှတ် တရလေးတွေကိုဖန်တီးချင်တဲ့ နူးညံ့တဲ့ရိုမတ်တစ်အတွေးလေးတွေကို အသက် ၂၁ နှစ်သာရှိသေးတဲ့ ကျွန်တော်တို့လိုစစ်သားတွေလဲသူတို့လိုမပျော်ပါးချင်ပါဘူး၊မဖန်တီးချင်ပါဘူးလို့စာဖတ်ပရိတ်သတ်များထင်နေမည်လော?????အမေနှင့်တွေ့ချင်သော် လည်း မတွေ့ခဲ့ရပေမဲ့ ငါသည်စစ်သားဆိုတဲ့အတွေးနဲ့ ရှေ့ဆက်ရင်း .
(ဆလိုင်း မာန်အွမ်)

မှတ်မှတ်ရရသင်္ကြန်ကာလ(၂၀၀၈)အပိုင်း (၁)


ဘာလိုလိုနဲ့သင်္ကြန်တောင်ရောက်တော့မယ်။တပေါင်းတခူးလဆိုတဲ့  အတိုင်းအမိမြေမှာတော့လေရူးတွေတသုန်သုန်နဲ့ ဘယ်လောက်များ လွမ်းမောဖွယ်ကောင်းလိုက်မလဲတွေးမိသည်။ကျွန်တော်လဲအမိမြေနဲ့ဝေးကွာနေပေမဲ့ ခပ်ဆွေးဆွေးလေးလွမ်းမောမိတာပေါ့။
လွန်ခဲ့တဲ့ ၄နှစ်တာကာလလောက်ကဆီကို တရေးရေးနဲ့အတွေးနဲ့ချဲ့ မိတော့တယ်။
ကျွန်တော်တို့စစ်ကြောင်း ဗျူဟာကုန်းအရံအဖြစ် တစ်ရက်နားနေခိုက်မှာ

“ညီလေးအိုင်အို မင်း pc (platoon commander)သင်တန်းတက်ဖို့ကြေးနန်း ပါတယ်ညီလေး ညီလေးရယ် စစ်ကြောင်း(၁)က ညီလေးတို့အပတ်စဉ်တစ်ယောက်ရယ် ခမရ (၅၈၄)ကဒုဗိုလ်နှစ်ယောက်ရယ်”     

အချိန်က၂၀၀၈ခုနှစ် မတ်လ ၂၃တပ်ခွဲ(၄)အမှတ်စဉ်(၄၅)မှအကိုကြီးကြေးနန်းတစ်စောင်ကိုင်ပြီးရှေ့
တန်းဗျူဟာကုန်းဆက်သွယ်ရေးတဲမှဆင်းလာရင်း.၀မ်းသာအားရပြောသည်။ကျွန်တော်အတိုင်းမသိပျော်ရွင်
မိပါတယ်။ကြေးနန်းယူလာတဲ့အကိုကြီးကို ကျေးဇူးတင်စကားပြောရင်း သင်္ကြန်တော့အိမ်ကိုပြန်ပြီးအဖေအမေ  ညီလေးညီမလေးတို့နဲ့တွေ့ရတော့မယ်ဆိုတဲ့အတွေးနဲ့တင် ခဏတာ အတွင်းတော့လေထဲကိုမြောက်တက်နေသလို ခံစားရတယ်ဆိုရင် ကျွန် တော့်ကိုပိုတယ်လို့များဆိုကြလေမလားမသိ။တကယ်တော့ကျွန်တော်တို့ လို ၅ယောက်လောက်သာရှိသော မိသားစုလေးတောင် ထမင်းဝိုင်းမှာစုံစုံ ညီညီမတွေ့ရတာ နှစ်ပေါင်းချီနေပီကောဗျာ။ကြေးနန်းလေးကိုအပြန်အ လှန်ဖတ်ရင်းပြန်ရမည့်ရက်နဲ့လမ်းခရီးကြာမည့်အချိန်ကိုတွက်ကြည့်တော့ သင်တန်းကိုသတင်းပို့ရမည့်ရက်နဲ့သိပ်မကွာလှတော့ဘူး။ လူကလဲ အဲဒီအတောအတွင်းမှာ စိတ်ကအိမ်ပဲပြန်ပြန်ရောက်နေတယ်။ဗျူဟာမှူး ကဘယ်တော့ရှေ့တန်းကနေဘယ်တော့ပြန်လွှတ်မလဲဆိုတဲ့အမိန့်စောင့် ရတာ လဲအချိန်အရမ်းကြာနေသလိုထင်နေတယ်။ဒီလိုနဲ့ ကျွန်တော်တို့ အဖွဲ့ကိုရှေ့တန်းနောက်ချန်ဗျူဟာရွာဖြစ်တဲ့ မေတ္တာဆိုတဲ့ရွာကို   ကျွန်တော်တို့စစ်ကြောင်းအနေနဲ့လိုက်ဖို့ အမိန့်ကျလာတယ် ။ကျွန်တော်တို့နဲ့ခမရ()ကခြေထောက်ကိုသေနတ်ထိထားတဲ့ရဲဘော်လေးတစ်ယောက်ကိုထည့်ပေးလိုက်တယ်
။ဒီလိုနဲ့ကျွန်တော်တို့ထီးထ ဗျူဟာကနေစထွက်ရင်း လူနာကလဲပါတာကြောင့်ခရီးကနဲနဲကြံ့ကြာနေ တော့ ၄ရက်မြောက်နေ့မှာကျွန်တော်တို့ကားစီးလို့ရမဲ့မေတ္တာကို ရောက်တယ်။
စစ်ကြောင်းမှူးဗိုလ်မှူး  ကျွန်တော့်ရဲ့ပထမဦးဆုံးလက်ဦး ဆရာရဲ့ဆုံးမစကားကို  နာခံပြီး ကျွန်တော်တို့အဖွဲ့ ကို ရဲဘော် လူနာနဲ့ လူနာအကူဆေးတပ်သားဒုတပ်ကြပ်တစ်ယောက် ကို ထားဝယ်ဆေး ရုံမှာတင်ခဲ့ဖို့ တာဝန်ပါလာတာကြောင့် ထားဝယ်ရောက်ရောက်ခြင်း ရဲဘော်လေးကို ဆေးရုံတင်ဖို့ပထမဆုံးစဉ်းစားရတယ်။အဲ့ဒီနေ့ကစတာပဲ ကျွန်တော်တို့လည်းတောထဲကပြန်လာတာဆိုတော့ပိုက်ဆံကလဲ အိပ်ဆောင် နဲနဲလောက် ပဲကျန်တော့တယ် ရှိစုမတ်စုလေးနဲ့ကားငှားပြီး တော့ထားဝယ်ပြည်သူ့ဆေးရုံကြီးကိုလိုက်ပို့ပေးလိုက်တယ်။ဟိုရောက် တော့ဒေါက်တာမမ ရဲ့စကားအောက်မှတော်တော်လေးစိတ်ပိန်သွားတယ် ဗျာ။ကျွန်တော်တို့ ရှေ့တန်းဗျူဟာက ဒေါက်တာဗိုလ်ကြီးရဲ့ဆေးမှတ် ချက်နဲ့လက်မှတ်ကိုမလုံလောက်ဖူးဆိုပြီးလူနာကိုလက်မခံနိုင်ပါဘူးတဲ့။ ထားဝယ်စစ်ဆေးရုံကလက်မှတ်နဲ့မှ သူတို့လက်ခံနိုင်မယ်တဲ့ဗျ။အဘယ် အကြောင်းတွေကြောင့်လဲဆိုတာတော့ကျွန်တော်လဲ သိပ်မသိပေမဲ့ သေမဲ့ လူနာဆိုရင်တော့ကျွန်တော်တို့ရဲဘော်သေတာကြာပေါ့။သေနတ်မှန်ထားတဲ့ခြေထောက်မှခြေသလုံးကြွက်သားလုံးကြီးမရှိတော့ပဲ ၄ရက်လောက် တလမ်းလုံးထမ်းစင်ပေါ်မှာညဉ်းပြီး ပါလာတဲ့သူ့ရဲ့နာကျဉ်မှုကို လူနာလေးနဲ့ကျွန်တော်တို့ပဲသိနိုင်မယ်ထင်တယ်။ဒါပေမဲ့မတတ်နိုင်ဘူးလေဗျာ။ကျွန်တော်တို့ကဆေးမှမကုတတ်တာ။ဒီလိုနဲ့တပ်မတော်စစ်ဆေးရုံကို အားကိုးတကြိးပြေးမိပြန်ရော ဟိုရောက်တော့လူနာပါ လာမေမဲ့ကျွန်တော်တို့ကိုကြိုဆိုသူကမရှိပြန်ပါဘူးဗျာ။ကျွန်တော်တို့လဲ အရာရှိငယ်တွေလဲဖြစ်ပြန် တစ်ခါမှလဲအတွေ့အကြုံမရှိ နဲ့ဆိုတော့ ဘယ် ဌာနကိုသွားရမယ်မှန်းကို မသိပါဘူး။စာဖတ်သူများအနေနဲ့ အဲဒီလိုဆေး တပ်ဝန်ထမ်းဌာနကများပါခဲ့သည်ရှိသော် ကျွန်တော်တို့လိုအရာရှိငယ် တွေရဲဘော်လေးတွေရဲ့ကေ့စ်တစ်ခုခုဖြစ်လို့ဆေးရုံရောက်ခဲ့သည်ရှိသော်ဘယ်
ကိုသွားသတင်းပို့ရမှန်းမသိမဖြစ်ရလေ အောင်ကြိုဆိုနေရာချပေးတဲ့ အစီအစဉ်လေးထားပေးပါလို့ကျွန်တော် တွေ့ခဲ့တဲ့အတွေ့အကြုံအရ အကြံပြုချင်ပါတယ်ခင်ဗျ။ 
(ဆလိုင်းမာန်အွမ်)

Thursday 22 March 2012

ချစ်တာတွေပြောကာပြမရ်...


စစ်သားချစ်သူဆိုတာကို ဘယ်သူက နားလည်ပေးနိုင်မှာလဲ။ ပတ်ဝန်းကျင်က ဘယ်လို ပြောပြော ချစ်သူသာ ကိုယ့်အပေါ်မှာ သစ္စာရှိရှိ ချစ်နေတယ်၊ သတိတရ ရှိနေတ်ာဆိုရင် ဘေးပယောဂတွေကို ကျွန်မရင်ဆိုင်ရဲပါတယ်လေ။ တစ်ခါတစ်လေ မန္တလေးသွားမယ်လို့ ပြောသွားပြီး တောင်ကြီးရောက်ချင် ရောက်သွားတတ်တာ။ အမိန့်ပဲလေ။ မင်းခယောက်ျား၊ ကမ်းနားသစ်ပင်။ ထားရာနေ စေရာသွားပါတဲ့။ ချစ်သူဆိုပြီး သူ့လက်ကလေးတွေတောင် ကိုင်ဖူးဖို့မပြောနဲ့၊ ချစ်သူအသား ဖြူနေလား၊ မည်းနေလားတောင် ကျွန်မသေချာမမြင်ရသေးတဲ့ဘ၀ပါ။ ချစ်မိမှတော့ သက်ဆုံးတိုင်ပေါ့ ချစ်သူရယ်။ စစ်သားချစ်သူမို့ ပေဖူးကို ဆီမလူးနိုင်ပါလို့ပဲပြောပြီး ဂုဏ်ယူတတ်အောင်ပဲ လေ့ကျင့်ထားလိုက်ပါတော့မယ်။

တကယ်တော့လည်း သူ့ကို သနားမိတယ်။ သူတို့ခမျာလည်း ယောက်ျားတွေထဲက ယောက်ျားပါပဲ။ သူများတွေလို ချစ်သူဘ၀ ပျော်ချင်မှာပေါ့။ ချစ်သူလက်ကိုတွဲပြီး အရပ်ရှစ်မျက်နှာ နေရာအနှံ့ လည်ချင်ရှာမှာပေါ့။ ကိုယ့်ချစ်သူအပေါ် ယုယကြင်နာမှုတွေ အပြည့်အ၀ ပေးချင်ရှာမှာပေါ့။ ဒီလို ယုယမှုတွေ မပေးနိုင်တဲ့အတွက် မိန်းကလေးတစ်ယောက် စိတ်ပျက်ပြီး စွန့်ခွာသွားမှာကိုလည်း စိတ်ပူနေရှာပြန်တယ်။ သူ့ထက်စာရင် ပြည့်စုံမှုတွေ ပေးနိုင်မယ့်သူကို မရွေးချယ်လိုက်ပါနဲ့လို့ မတားရက်ပေမယ့် ထားသွားပါလို့လည်း မစွန့်လွှတ်ရက်ဖူးတဲ့လေ။ ချစ်နိုင်တာခြင်း တူပေမယ့် ပေးဆပ်နိုင်တာခြင်း ကွာခြားတဲ့အခါ အနည်းနဲ့အများတော့ ခံစားကြရတာပါပဲ။

ဒါပေမယ့် ကျွန်မချစ်သူဟာ စစ်သားပါ။ နှစ်ဆယ့်လေးနာရီ တာဝန်အပြည့်ရှိနေတဲ့ သူတစ်ယောက်မို့ သူများလို ချစ်သူအတွက် အချိန်များများ မပေးနိုင်တာကို နားလည်တတ်ပါတယ်။ စစ်သားနှလုံးသားလည်း ချစ်တတ်ပါသေးတယ်။ အခွင့်အရေးဆိုတာ မရသေးလို့ပါ ချစ်သူရယ်လို့ နှစ်သိမ့်တတ်တဲ့ ချစ်သူကို သနားနေမိတယ်။ အဲ့ဒီအတွက်လည်း ကိုယ့်ကိုယ်ကို စိတ်မာအောင် လေ့ကျင့်ရမယ်လို့ သိတတ်ခဲ့တယ်။ သူများတွေလို ချစ်သူရင်ခွင်မှာ ပါးအပ်ပြီး ငိုနေဖို့ ကျွန်မမှာ အခွင့်အရေး မရှိသလောက် နည်းပါးတယ်လေ။ ချစ်သူရင်ခွင်မှာ ချွဲနွဲ့နေဖို့၊ ချစ်သူပုခုံးကိုမှီပြီး ငိုရှိုက်နေဖို့ ချစ်သူရဲ့ပုခုံးမှာ တာဝန်ဆိုတာကြီးက ကျွန်မ့ရှေ့မှာ အမြဲတမ်း အရင်ရောက်နေခဲ့တယ်။ သူများတကာတွေ ချစ်သူသက်တမ်း တစ်နှစ်ပြည့်တို့၊ နှစ်နှစ်ပြည့်တို့မှာ တူတူတွဲပြီး အမှတ်တရ တွေ့ဆုံတတ်ကြပေမယ့် ကျွန်မချစ်သူကတော့ ဘယ်နေ့က သူ့ကို အဖြေပေးခဲ့လဲဆိုတာတောင် အမှတ်ရပါ့မလားမသိ။ တစ်လပြည့်လည်း ကျွန်မတစ်ယောက်တည်း။ ခြောက်လပြည့်လည်း တစ်ယောက်တည်းပါပဲ။ စစ်သားချစ်သူ အသည်းနုပေမယ့် စိတ်တော့မာမှ ရတော့မပေါ့။

တပ်မှာနေရင်လည်း နေထိုင်ကောင်းပါရဲ့လား၊ အလုပ်တွေပဲ များနေလားလို့ စိတ်ပူပြီး ကျွန်မတစ်ယောက် မနေတတ်မထိုင်တတ်ဖြစ်ရတယ်။ ရှေ့တန်းသွားတယ်လို့ သတင်းကြားမိရင်လည်း စိတ်ပူရပြန်တယ်။ ဘုရားမှာ ဆုတောင်းရတာလည်း သူများတောင် အမြင်ကတ်ပါတယ်။ သူတို့မှ မခံစားဖူးတာနော်။ ဘယ်နားလည်ကြမလဲ။ ယတြာတွေ ချေရတာလည်း စုံလို့ပါပဲ။ ရင်ထဲက အပူကို ဘယ်သူမှ မသိနိုင်ကြဖူးလေ။ သည်းတယ်၊ ကဲတယ်လို့ ပြောခံရတဲ့အခါ အပြောမခံချင်ပေမယ့် ခံရတယ်။ သူများတွေ ချစ်သူရှိလို့ ချစ်သူနဲ့ အမြဲတတွဲတွဲနေကြတိုင်း ချစ်သူရှိရက်နဲ့ ကျွန်မချစ်သူဟာ ဘယ်သူလဲ ဆိုတာတောင် ထုတ်ပြစရာ လူက ဘယ်နားက သွားဆွဲခေါ်လို့ ခေါ်ရမှန်း မသိတဲ့အခါ ယောက်ျားတစ်ယောက်က ခဏတာ အပျော်တွဲခဲ့ပြီး ခြေရာဖျောက်ခံနေရတဲ့ မိန်းကလေးတစ်ယောက်လို့လည်း မြင်ကောင်းမြင်ကြတယ်။ သူ့ဆီက စာမလာ၊ သတင်းမကြားတာ ကြာနေလို့ ကိုယ်က စိတ်ပူပြီး စုံစမ်းမိရင်လည်း မိန်းကလေးတစ်ယောက်က အရာရှိတစ်ယောက်ကို ကောက်ကောက်ပါအောင် လိုက်နေရသလိုလည်း ပြောခံကောင်းခံရရဲ့။ သြော်... စစ်သားချစ်သူလေ။ အစက ဒီလိုတွေ မသိခဲ့ပါဘူး ချစ်သူရယ်။ ကျွန်မသိတာ သူ့ကို ချစ်တာ တစ်ခုတည်းပါပဲ။ သူ့ကို ချစ်တာ တစ်ခုတည်းအတွက် အစစအရာရာ  ပေးဆပ်ထားရပြီ။
 
ချစ်သူသက်တမ်း ခုနှစ်လတဲ့။ ဝေးရတဲ့ ရက်တွေ ကြာရှည်တော့ နီးချင်ပြီ ချစ်သူရယ်။ လွမ်းရတယ်။ ဆွေးရတယ်။ အားငယ်တယ်။ မိန်းကလေးတစ်ယောက်အတွက် ကိုယ့်ချစ်သူကိုသာ အာကိုးချင်တာ သဘာဝပါပဲ။ ချစ်သူအနားမှာ ဘယ်တော့မှ နေခွင့်ရနိုင်မလဲ။ ချစ်သူအနားမှာ ချစ်သူကို ပြုစုယုယရင်း ကြင်နာမှုတွေကို ပေးချင်ပါရဲ့။ ချစ်သူရဲ့ ချစ်ခင်ယုယမှုတွေကို ရိုးသားစွာ တောင့်တမိပါရဲ့။ ချစ်သူရင်ခွင်မှာ ကလေးလေးတစ်ယောက်လို မှေးစက်ချင်ပါရဲ့။ ဘယ်တော့များမှ ဒီအခွင့်အရေးကို ရနိုင်ပါ့မလဲ။
...................................
15.09.2011

Credit to : ခက်ဆု

မေရယ် အထင်တော့မလွဲလိုက်နဲ့ဦး...



စစ်သားတစ်ယောက်ရဲ့ ၇င်တွင်းခံစားချက်ကို စစ်သားတွေကလွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး ။ အချင်းချင်းပဲသိနိုင်ပါတယ် ။ တကယ်တော့ စစ်သားတစ်ယောက်ဟာလည်း လူထဲက လူပဲလေမို့ ချစ်တတ်၊ ခံစားချက် ၊ ကြေကွဲတတ် ၊ ၀မ်းနည်းတတ်ကြပါတယ် ။ 

တချို့တွေကတော့စစ်သားဆိုတာနဲ့ စိတ်ကြမ်း ၊လူကြမ်းနဲ့ လူရိုင်းကြီးတွေလို့ ထင်တတ်ကြပါတယ် ။ တကယ်ဆိုရင်စစ်သားတွေရဲ့ စိတ်ကပိုပြီးတောင် ခံစားလွယ်ပါသေးတယ် ။ စစ်သားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီအောင်သာ ကိုယ့်ကို ကို စိတ်ဓာတ်ခိုင်မာအောင် နေထိုင်ပြုမူဆောင်ရွက်ကြရတာပါ ။ မိဝေး၊ ဖဝေးနဲ့ ချစ်သူ ၊ ကြင်သူတို့ရဲ့ အဝေးမှာ တာဝန်ဆိုတဲ့ ထမ်းပိုးကြီးကို ၂၄ နာ၇ီ အပြည့်ထမ်းရွက်နေကြရတာပါ ။ တခါတလေ အဖေ နေကောင်းရဲ့လား ? အမေ နေကောင်းရဲ့လား တောင် သိခွင့်မရနိုင်တဲ့ အခြေအနေတွေလည်း ရှိပါတယ် ။ အဆုံးအစွန်ထိ ပြောရရင် အဖေ ၊ အမေဆုံးလို့ ရှိရင်တောင် မျက်နှာလေးတောင် ပြန်မပြနိုင်ပဲ ကိုယ်ရေး ကိုယ်တာတွေအားလုံးထက် တာဝန်ကို ဦးစားပေးနေကြ၇သူများဖြစ်ပါတယ် ။ တာဝန်တွေပြီးဆုံးခါမှ အဖေ၊ အမေ တို့ရဲ့ မြေပုံလေးဘေးမှာ ဖြေမဆည်နိုင်စွာနဲ့ပဲ ကြိတ်ငိုကြရပါတယ် ။

ချစ်သူဆိုလည်း ချစ်သူအလျောက် သာယာမှု ပျော်ရွှင်မှုပေါင်းများစွာကို ပေးချင်ပေမယ့်လည်း မပေးနိုင်ကြရရှာပြန်ပါဘူးဗျာ ။ ချစ်သူဆီတောင် တခါတလေ မအားလပ်ကြ၇ှာလို့ စာလေးတစ်စောင် တောင် မရေးနိုင်၊ ဖုန်းလေးတခါတောင် မဆက်နိုင်လို့ ချစ်သူက ခဏခဏ စိတ်ကောက်တဲ့အခါပေါင်းလည်း မနည်းပါဘူး ။နားမလည်ပေးနိုင်တဲ့ မိန်းကလေးမျိုးနဲ့ဆို တသက်တာဝေးရတဲ့ အခြေအနေကိုလည်း ရောက်ကြရပါတယ် ။ သြော် ချစ်သောသူနဲ့ ဘယ်သူကတော့ ဝေးချင်မှာလည်းလေ ကိုယ့်ချစ်သူအလိုတကျ ဘေးမှာ နေပေးချင်တာပေါ့ ။ ချစ်သူကို ကို့ရဲ့ရင်ခွင်လေးထဲမှာ ထားပြီး ချစ်သူရဲ့ တီတီတာတာ ချွဲနွဲ့မှုလေးကို လိုချင်တာပေါ့ ခုတော့ ချစ်သူကိုယ်စား သေနတ်တစ်လက်ကို ရင်မှာပိုက်လို့ ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ကိုယ့်လူမျိုး သူတစ်ပါး မကျူးကျော်နိုင်အောင် မထိပါးနိုင်အောင် ကာကွယ်စောင့်ရှောက်၇င်း တော်ရာမှာ မပျော်သာတဲ့ မင်းခယောကျာင်္းများ အဖြစ်သာ နေကြရပါတယ် ။ ကိုယ်က ချစ်သူကို အနီးကပ်သာယာမှု စိတ်ချမ်းသာမှု မပေးနိုင်လာတဲ့အခါမှာ ဘယ်သောအခါများ ကိုယ့်ကို ထား၇စ်ခဲ့လေမလည်းလို့လည်း အမြဲစိုး၇ိမ် ပူပန်နေကြ၇ပါတယ် ။ ကျွန်တော်တို့ စစ်သားတွေကို ချစ်ကြရတဲ့ မိန်းကလေးများကိုလည်း များစွာ စာနာမိပါတယ် ။ သူတို့တွေလည်း သူများချစ်သူတွေလို ချစ်သူလက်ကို တွဲလို့ နေရာအနှံ့ လျှောက်လည်ချင်ကြမှာပေါ့နော် ။ စစ်သားချစ်သူတယောက်အမြဲ ဖြစ်နိုင်ဖို့လည်း သူတို့အနေနဲ့ ပါ၇မီဖြည့်ဖက်ကောင်းတစ်ယောက် ဖြစ်နိုင်ဖို့ များစွာ ကြိုးစားအားထုတ်နိုင်မှ၊ စိတ်ဓာတ်များစွာ ခိုင်မာအောင်လည်း ကြိုးစားကြရမှာပါ။

 စစ်သားတိုင်းကလည်း အချိန်ပေးနိုင်တဲ့တနေ့၊ တာဝန်တွေအားလပ်တဲ့တစ်နေ့မှာ ချစ်သူအတွက်ဘယ်လို အစားထိုးပေးဆပ်နိုင်မလည်းဆိုတာ အစဉ်အမြဲ တွေးတောနေကြမယ်ဆိုတာ မလွဲနိုင်တဲ့ အဖြေတစ်ခုပါဘဲ ။ အချိန်အတိုင်းအတာ တစ်ခုကိုတော့ စစ်သားတစ်ယောက်အနေနဲ့ရော၊ စစ်သားတွေရဲ့ ချစ်သူတယောက် အနေနဲ့ရော ရင်ဆိုင် ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားကြရပါမယ် ။ အချိန်အတိုင်းအတာတစ်ခုကို ကျော်လွန်ပြီဆိုရင်တော့ ချစ်သူနှစ်ဦးအတွက် ပျော်ရွှင်စရာပေါင်းများစွာကို ဖန်င်္တီးနိုင်ကြမှာပါ ။ အခုတော့လည်း စိုင်းဆိုင်မောဝ် သီချင်းထဲကလိုပဲ "မေရယ် အထင်တော့မလွဲလိုက်နဲ့ဦး" လို့ပဲဆိုပါ၇စေနော်.......
                                                                                                                                             နေမင်းသံလွင်





https://www.facebook.com/note မှကူးယူဖော်ပြပါသည်။

Wednesday 21 March 2012

စစ်တပ်နဲ့ မြန်မာ့နိုင်ငံရေး(၁)


၁၉၉၃ ခုနှစ်မှာ အမျိုးသားညီလာခံကျင်းပနိုင်ဖို့အတွက်ညှိနှိုင်းကြတော့ အမျိုးသားညီလာခံရဲ့ ဦးတည်ချက် ခြောက်ရပ်ထဲမှာ နံပါတ်ခြောက်အနေနဲ့ အမျိုးသား နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်မှ ပါဝင်ထမ်းဆောင်နိုင်ရေး ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဒီချုပ်ကို ကိုယ်စားပြုပြီး အမျိုးသားညီလာခံကို သွားတက်တဲ့ ဦးအောင်ရွှေတို့က ဒီအချက်ထည့်သွင်း တာကိုအပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ ဒေါ်စုကြည် ပြန်လွတ်လာပြီး နောက်မှာ အမျိုးသားညီလာခံကနေ ဒီချုပ်ထွက်လာအောင် အမိန့်ပေးခဲ့တဲ့ အကြောင်းအရင်း တွေထက်မှာ ဒီအချက်လည်းပါပါတယ်။ ၂၀၀၄ ခုနှစ်မှာ အမျိုးသားညီလာခံ ပြန်ကျင်းပတဲ့အခါ ဒီချုပ်က ဒီအချက်ကို ဖယ်ရှားပေးဖို့တောင်းဆိုခဲ့တယ်လို့လည်း ကြားရပါတယ်။ မှန် မမှန်မသိပါ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအုပ်စု အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်မပါ သင့်ဘူးဆိုတာကို ပြောတာကတော့ နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းများနဲ့ မကိုက်လို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီချုပ်ရော၊ အခြားအဖွဲ့များကပါ နအဖ တနည်း စစ်တပ်က ဘာဖြစ်လို့ ဒီအချက်ကို တောင်းဆိုနေရတယ် ဆိုတာကို တိတိကျကျ အဖြေရှာဖို့ မကြိုးစားပဲ စစ်တပ်က အာဏာကို ဆက်ပြီးချုပ်ကိုင်ထားခြင်လို့ လုပ်တာ ဖြစ်တယ်လို့သာ ခပ်လွယ်လွယ်နဲ့ ကောက်ချက်ချတာတွေကိုပဲ ကြားနေရပါတယ်။
ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံရေးမှာ ရေရှည်တည်တံ့မယ့် အဖြေရှာချင်တယ်ဆိုရင်တော့ စစ်တပ်ရဲ့ လိုလားချက်က ဘာလဲ၊ သူ့ရဲ့ စိုးရိမ်မှုတွေက ဘာလဲ၊ မျှော်လင့်ချက်တွေက ဘာလဲဆိုတာကို သိနိုင်အောင် လုပ်ဖို့လိုမယ်ထင်ပါတယ်။ ဒီနေရာမှာ ပြဿနာတစ်ခုက နအဖအနေနဲ့ကလည်း ဒီအချက် တွေကို တစ်စုတစ်စည်းတည်း တိတိကျကျစုစည်း ထုတ်ဖော်ပြောတာမရှိပါဘူး။ ဒါ့ကြောင့် ဒီဆောင်းပါးကို ရေးနိုင်ဖို့အတွက် အမျိုးသားညီလာခံမှ ပြောတဲ့မိန့်ခွန်းတွေ၊သတင်းစာ ဆောင်းပါးတွေ၊ သတင်းစာရှင်းလင်းပွဲ တွေမှာ ပြောခဲ့တဲ့အချက်တွေထဲက နေလိုက်ပြီး အဓိပ္ပါယ်ကောက်ယူဖို့လုပ်ခဲ့ရပါတယ်။ ဒီသတင်းတွေ စုစည်း ပေးပို့တဲ့ မိတ်ဆွေတွေရဲ့ကျေးဇူးကို ဒီနေရာကဖော်ပြလိုပါတယ်။ ကျွန်တော် တင်ပြတာတွေက ပြည့်စုံချင်မှ ပြည့်စုံပါမယ်။ မှန်တယ်လို့လဲ အာမမခံနိုင်ပါဘူး။ သို့သော် ပြဿနာတစ်ခုကို အခြား ရှု့ထောင့်အမြင်ဘက်က နေချဉ်းကပ်တယ်လို့ မြင်စေချင်ပါတယ်။ 
ပထမဆုံးအနေနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပြောချင်ပါတယ်။ ကိုလိုနီစနစ်အောက်က လွတ်မြောက်ခဲ့တဲ့ နိုင်ငံအများစုမှာ လွတ်လပ်ရေးလှုပ်ရှားမှုကို ဦဆောင်တဲ့အဖွဲ့ သို့မဟုတ် ပါတီက တပ်မတော်ကို ထူထောင်ပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ပါတယ်။မြန်မာနိုင်ငံ မှာတော့တပ်မတော်က အဲဒီလို လှုပ်ရှားမယ့်အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီအချက်ဟာ ထူးခြားတဲ့ အချက်ဖြစ်သလို တပ်မတော်က အမျိုးသားနိုင်ငံရေးမှာ အရေးကြီးတဲ့အခန်းက ပါဝင်ရမယ်ဆိုတဲ့ အယူအဆရဲ့ အစလည်း ဖြစ်ပါတယ်။
ထပ်ရှင်းပြပါမယ်။ တရုတ်မှာ ကွန်မြူနစ်ပါတီ အရင်ပေါ်ပြီးမှ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ပေါ်ပါတယ်။ ဗီယက်နမ်၊ လာအို၊ အင်ဒိုနီးရှားဒီအတိုင်းပါဘဲ။ အိန္ဒိယမှာဆို ကွန်ဂရက်ပါတီကပဲ လှုပ်ရှားခဲ့ပြီး လွတ်လပ်ရေးရမှ တပ်မတော်ဆိုတာ ပေါ်လာခဲ့တာပါ။ အာဖရိကနိုင်ငံအများစုမှာလည်း ဒီလိုပဲတွေ့ရမှာဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ဖို့ ဖွဲ့စည်းခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေက ဒို့ဗမာ အစည်းအရုံးမှာ နှစ်ခြမ်းကွဲနေတဲ့ သခင်ကိုယ်တော်မှိုင်း အုပ်စုကရော၊ သခင်ဗစိန်အုပ်စုကရော ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့က သခင်ကိုယ်တော်မှိုင်းအုပ်စုကဖြစ်ပြီး ဗိုလ်ချုပ်နေ၀င်း တို့က သခင်ဗစိန်အုပ်စုက ဖြစ်ပါတယ်။
ဟိုင်နန်ကျွန်းမှာ ဒီနှစ်ဖွဲ့ပြန်ဆုံတော့ အကွဲအပြဲတွေကို ဘေးဖယ်ထားပြီး လွတ်လပ်ရေး အတွက် အတူလက်တွဲဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါ့ကြောင့် ရဲဘော်သုံးကျိပ်က အသစ်မွေးဖွား လာတဲ့ အဖွဲ့ဖြစ်ခဲ့တယ်။ ဒီကနေ ဗမာ့လွတ်လပ်ရေးတပ်မတော် ပေါက်ဖွားလာ ခဲ့တယ်။ ဘီအိုင်အေ မြန်မာပြည်တွင်းပြန်ဝင်လာတဲ့ အခါမှာ မူလ သူတို့ပါခဲ့တဲ့ ဒိုဗမာအစည်းအရုံးဟာ ဘီအိုင်အေရဲ့ မူဝါဒတွေအပေါ်မှာ ဘယ်လိုမှ သြဇာ လွှမ်းမိုးမှုမရှိခဲ့ဘဲ အုပ်ချုပ်ရေးအဖွဲ့တွေကို ဘီအိုင်အေကပဲ ဦးဆောင်ခဲ့တယ်။ ဒို့ဗမာအစည်းအရုံးဝင် သခင်တွေ၊ ဗကသ ကကျောင်းသား တွေက ဘီအိုင်အေရဲ့ လက်အောက်ခံအဖြစ်နဲ့ တစ်ဦးချင်း ပူးပေါင်း ပါဝင် ခဲ့ရတာကို တွေ့နိုင်ပါတယ်။ တနည်းအားဖြင့် ဒို့ဗမာအစည်းအရုံးက ဘီအိုင်အေအတွက် မူဝါဒတွေ ချပေးခဲ့တာ၊ ဂျပန်နဲ့ လွတ်လပ်ရေးအတွက် ဆွေးနွေးတာတွေ လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဘီအိုင်အေခေါင်းဆောင် များကပဲ ဂျပန်နဲ့ဆွေးနွေးပြီး ဂျပန်ခေတ်အစိုးရကို ဘယ်သူတွေ ခေါင်းဆောင်မယ်။ ဘယ်သူတွေပါသင့်တယ် ဆိုတာကို ရွေးချယ်ခဲ့တာပါ။ ဒါ့ကြောင့်လည်း ဒို့ဗမာအစည်းအရုံးခေါင်း ဆောင်မဟုတ်တဲ့ ဒေါက်တာဘမော်က အဓိပတိ ဖြစ်လာတာပါ။
နောက်ဆုံး ဂျပန်ကို တော်လှန်မယ့် ဖဆပလ ကို ဖွဲ့စည်းတော့ ဘီအိုင်အေ တစ်ဖြစ်လဲ ဘီဒီအေကပဲ ဖွဲ့စည်းခဲ့ပြီး ဖဆပလ ဗဟိုဦးစီးအဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဘီဒီအေက အဓိက အခန်းကပါခဲ့ တာကိုတွေ့နိုင်ပါတယ်။ ဒါ့ကြောင့် တပ်မတော်က လွတ်လပ်ရေးလှုပ်ရှားမှုကို ဦးဆောင်မယ့် ဖဆပလကို ဖွဲ့စည်း ပေးခဲ့ တယ်ဆိုတာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းအခြေအနေကို ပြန်ကြည့်မယ်ဆိုရင်လည်း ရောင်စုံသောင်းကျန်း မှု တွေကြားက ဖဆပလ အစိုးရတည်မြဲအောင် စစ်တပ်ကပဲကြားကန်ပေးခဲ့ရသလို တည်မြဲ- သန့်ရှင်းကွဲတော့ လည်း စစ်တပ်ကပဲ အိမ်စောင့်အစိုးရအဖြစ်တာဝန်ယူခဲ့ရတာပါ။ ဒီအဖြစ် အပျက်တွေက စစ်တပ်က အမျိုးသား နိုင်ငံရေးမှာ အဓိကအခန်းကပါသင့်တယ် ဆိုတဲ့အယူအဆကို ခိုင်မာစေတာဖြစ်ပါတယ်။ ဒီလိုပဲ ၆၂ ခုနှစ် အာဏာသိမ်းပြီးတော့လည်း စစ်တပ်ကပဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့ပေးခဲ့သလို ဒီပါတီရပ်တည် နိုင်ဖို့ အဓိက နေရာက ပါခဲ့တာဖြစ်ပါတယ်။


ဒါ့ကြောင့်လည်း အခုမျိုးဆက်သစ်စစ်ဗိုလ်တွေအထိ သူတို့အနေနဲ့ စစ်တပ်အနေနဲ့ အမျိုးသား နိုင်ငံရေးမှာ အဓိကအခန်းက ပါသင့်တယ်ဆိုတဲ့ အချက်ဟာ Legitimate Cause ဖြစ်တယ်လို့ ယုံကြည် နေတာဖြစ်ပါတယ်။ တစ်ခါက အလယ်အလတ်အဆင့်ရှိတဲ့ စစ်ဗိုလ် တစ်ဦးနဲ့ ဆွေးနွေးခွင့်ရခဲ့ဖူးပါတယ်။ သူ့ကို ဘာဖြစ်လို့ စစ်တပ်က နိုင်ငံရေးထဲမှာ ပါချင်တာလည်းလို့ မေးတော့ နိုင်ငံရေးသမားတွေ ကွဲကြ၊ ပြဲကြလို့ သူပုန်တွေပေါ်လာတော့ တိုက်ရတာကျူပ်တို့ သေရတာကျုပ်တို့ ကြားက အနေအစားပျက်တာက ပြည်သူ တွေ။ ဒီတော့ အရေးကြုံရင် သေရမယ့် ကျုပ်တို့က သူတို့လုပ်နေတာ ကောင်း၏ဆိုး၏ အကြံပေးခွင့်မရှိရ ဘူးလား၊ ၀င်ဆွေးနွေးခွင့်မရှိရဘူးလား၊ အနောက်နိုင်ငံတွေမှာလို နိုင်ငံရေး အငြင်းပွားမှုတွေကို လွှတ်တော် အတွင်းမှာဘဲ ဒီမိုကရေစီနည်းကျဖြေရှင်းနေလို့ကတော့ ကျုပ်တို့ ဘာစိတ်ပူစရာရှိသလဲ လို့ ပြန်ပြောပါတယ်။
သူကတော့ သူနားလည်သလို ပြောလိုက်တာပါဘဲ။ ဒါပေမယ့် ဒါဟာ စစ်သားအတော် များများ ရဲ့ ခံစားချက်ကို ထင်ဟပ်တယ်လို့တော့ ထင်ပါတယ်။ ဒီအယူအဆဟာ ဒီမိုကရေစီစံတွေနဲ့ ညီတယ်လို့တော့ မပြောလိုပါ။ သို့သော် ကျွန်တော်တင်ပြခဲ့တဲ့ သမိုင်းကြောင်းကို ပြန်ကြည့် မယ်ဆိုရင်တော့ စစ်တပ်ရဲ့ ယုံကြည်ချက်ကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ထင်မိပါတယ်။ အမျိုးသားညီလာခံမှပြောတဲ့အချက် အမျိုးသား နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်မှ ပါဝင်ထမ်းဆောင်နိုင်ရေး ဆိုတာကို အဓိပ္ပါယ် ကောက်ယူရင် ဦးဆောင်မှုအခန်းကဏ္ဍကို သူတစ်ဦးတည်းယူထားမယ်လို့ မဆိုနိုင်ပါဘူး။ အခြားအဖွဲ့ တွေနဲ့အတူ သူလည်းပါမယ်ဆိုတဲ့ သဘောလို့ မြင်ပါတယ်။ ဒါဆိုရင် စစ်တပ်က ဘာကို စိုးရိမ်နေသလဲ၊ ဘယ်လိုအခန်းကပါချင်တာလည်း ကျွန်တော်ဆက်ဆွေးနွေးပါ့မယ်။

စစ်တပ်နဲ့မြန်မာ့နိုင်ငံရေး(၂)


ကျွန်တော်ရွေးလိုက်တဲ့အကြောင်းအရာတွေက အငြင်းပွားဖွယ်ရာတွေများတော့ အတော်လေး ဝေဖန်ခံရ ပါတယ်။ ပြီးခဲ့တဲ့ဆောင်းပါးမှာ စစ်တပ်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုမှာရော၊ လွတ်လပ်ရေးကို ကာကွယ်တဲ့ အချိန်မှာရော အဓိကအခန်းကပါခဲ့တယ်ဆိုတာပြောတော့ လက်မခံတဲ့အကြောင်းပြောတဲ့ အီးမေးလ်အတော် များများရပါတယ်။
ကျွန်တော့်အနေနဲ့ စစ်တပ်ဟာ အနာဂတ်နိုင်ငံရေးမှာ အဓိကအခန်းကပါရမယ်ဆိုတာကို လက်ခံ ရမယ်လို့ မဆိုလိုပါဘူး။ဖြစ်ခဲ့တဲ့သမိုင်းကို ပြန်ပြောပြတာပါ။ ကျွန်တော့ပို့စ် တွေအားလုံးမှာ ကျွန်တော့ အနေနဲ့သမိုင်း အချက်အလက်တွေကို စာဖတ်သူတွေအနေနဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်ဖို့ ဖော်ပြခဲ့တာသာ ဖြစ်ပါတယ်။ အဆုံး အဖြတ်ကတော့ ဖတ်ရှုသူတစ်ဦး ခြင်းရဲ့ သဘောပါပဲ။


မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဖော်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စစ်တပ်ရဲ့ ပူးပေါင်းပါဝင်မှုကို ရဖို့လိုပါတယ်။ စစ်တပ်ကို အမြစ်ပြတ် ဖယ်ရှားပြီးမှ လုပ်လို့ရော မရဘူးလားလို့ မေးနိုင်ပါတယ်။ ရနိုင်ပါတယ်။ ဒါပေမယ့် အချိန်နဲ့ ထိခိုက်နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေ ဘယ်လောက်ရှိမယ်ဆိုတာ မသိနိုင်ပါဘူး။
ဆရာကြီးဒဂုန်တာရာက နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာလို့ ဆိုခဲ့ပါတယ်။ ဒီလိုလုပ်နိုင် ဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ စစ်တပ်ရဲ့ သဘောထား၊ ယုံကြည်မှု၊ မျှော်လင့်ချက်၊ စိုးရိမ်မှု ဒါတွေအားလုံးကို သိဖို့လိုပါမယ်။ ကျွန်တော်ရေးနေတာက ဒီလိုနားလည်နိုင်ဖို့အတွက် တစ်ထောင့်တစ်နေရာက အထောက် အကူပြုနိုင်မယ်ထင်လို့ပါ။
အမျိုးသားညီလာခံကချမှတ်ထားတဲ့ အခြေခံမူများအရ စစ်တပ်ကိုယ်စားလှယ်တွေက ဥပဒေပြုလွှတ်တော် အဆင့်ဆင့်မှာ ၂၅% ပါဝင်မှာဖြစ်ပါတယ်။ ဒါကို လက်မခံနိုင်တဲ့သူတွေက ဒါစစ်တပ်က ဆက်ပြီးအာဏာ ယူချင်လို့ သတ်မှတ်တာလို့ဆိုတယ်။ ဒီနေရာမှာ စဉ်းစားသင့်တာက အာဏာဆက်ယူချင်လို့ လုပ်တာဆိုရင် ဘာလို့ ၂၅% ထက်ပိုများတဲ့အချိုးကိုမယူသလဲ။ ထိုင်းမှာလုပ်ခဲ့သလို အထက်လွှတ်တော်ကို ခန့်အပ်သူ တွေနဲ့ပဲဘာလို့မဖွဲ့စည်းသလဲ ဆိုတဲ့အချက်တွေပါ။
ကျွန်တော့အထင်ပြောရရင် ဒီလိုယူထားရတဲ့အကြောင်းအရင်းက ၁၉၄၈- ၆၂ ပါလီမန်ဒီမိုကရေစီ ကာလနဲ့ ၁၉၉၀ ရွေးကောက်ပွဲကာလ အတွေ့အကြုံများကြောင့်လို့ပဲထင်ပါတယ်။ ဒီအချက်ကို ညီလာခံ ကော်မရှင် ဥက္ကဌရဲ့မိန့်ခွန်းတွေ၊ အမျိုးသားညီလာခံမှ နိုင်ငံဝန်ထမ်းကိုယ်စားလှယ်အဖွဲ့ကဆွေးနွေးတာတွေနဲ့ သတင်းစာ ဆောင်းပါးတွေမှာ တွေ့နိုင်ပါတယ်။
ပါလီမန်ဒီမိုကရေစီကာလမှာရော၊ ၁၉၉၀ ရွေးကောက်ပွဲကာလမှာပါ ကျင့်သုံးခဲ့တဲ့ ရွေးကောက်ပွဲ စနစ်က သာမန်အများစုမဲစနစ် Single Seat, Simple Majority စနစ်ဖြစ်ပါတယ်။ မဲဆန္ဒနယ်တစ်ခုမှာ ကိုယ်စားလှယ်တစ်နေရာပဲရှိပြီး ၀င်ပြိုင်တဲ့အထဲက ထောက်ခံမဲအများဆုံးရတဲ့လူက အနိုင်ရတဲ့ စနစ်ဖြစ်ပါ တယ်။ ဒါပေမယ့် နိုင်တဲ့သူရတဲ့ထောက်ခံမဲက ရှုံးသွားတဲ့သူတွေ စုစုပေါင်းရတဲ့ ထောက်ခံမဲထက် ထက်နည်း နေတာမျိုးတွေကြုံနိုင်ပါတယ်။ တနည်းအားဖြင့်ပြောရရင် မဲဆန္ဒရှင်တွေထောက်ခံမှုအချိုးကို အတိအကျကိုယ်စားမပြုဘူးလို့ ဆိုရမှာဖြစ်ပါတယ်။
ဒီအချက်ကို ၁၉၉၀ ရလဒ်မှာ ကြည့်ရင်တွေ့နိုင်ပါတယ်။ အဲဒီတုံးက ပါတီ ၂၃၅ ပါတီအနက် ၉၄ ပါတီပဲ ၀င်ပြိုင် နိုင်ပါတယ်။ မဲပေးနိုင်သူ ၂၅ သန်းရှိပါတယ်။ ဒီချုပ်က မဲဆန္ဒရှင်များရဲ့ ၃၈.၁% ထောက်ခံမဲ ရပါတယ်။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်နေရာစုစုပေါင်းရဲ့ ၈၇.၇ %နဲ့ညီတဲ့ ၃၉၂ နေရာ အနိုင်ရ ပါတယ်။ တစညက မဲဆန္ဒရှင် ၁၃.၄ % ထောက်ခံမှုရပြီး ၁၀ နေရာပဲ အနိုင်ရပါတယ်။ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မဲဆန္ဒနယ် ၅၃ ခုမှာပဲဝင်ပြိုင်ပြီး မဲဆန္ဒရှင်များရဲ့ထောက်ခံမှု ၁.၀၇% ရပေ မယ့် ၂၃ နေရာအနိုင်ရခဲ့ပါတယ်။ ကျန်ထောက်ခံမှုတွေကတော့ အခြားပါတီငယ်တွေကို ပြန့်သွားပါတယ်။
ဒီရလဒ်ကိုကြည့်ရင် ပါတီတစ်ခုခြင်းရရှိတဲ့ လူထုထောက်ခံမှုရာခိုင်နှုန်းနဲ့ အနိုင်ရတဲ့ ကိုယ်စားလှယ် နေရာအချိုး လုံးဝမညီတာကို တွေ့ရမှာပါ။ နောက်တစ်ခါ သာမန်အများစုစနစ်ရဲ့ အားနည်းချက်က ပါတီကြီးတစ်ခုကပဲ အမတ်နေရာအားလုံး နီးပါးကို ရသွားပြီးလွှတ်တော်ထဲမှာ ထင်ရာစိုင်းနိုင် တဲ့အချက်ပါ။ ၁၉၄၈-၁၉၆၂ ကာလမှာ လွှတ်တော်ထဲမှာ ဖဆပလက အမတ်နေရာ ၈၀% နီးပါး အနိုင်ရ ထားတာမို အတိုက်အခံ ပမညတကို နည်းမျိုးစုံ နဲနှိပ်ကွပ်ခဲ့တာ၊ နိုင်ငံတော်ဘာသာကိစ္စ၊ ဘတ်ဂျက် ကိစ္စ တွေမှာ လူနည်းစုတွေရဲ့ သဘောထားကို လျစ်လျူရှုပြီး အာဏာရပါတီသဘောတစ်ခုတည်းနဲ့ လုပ်ခဲ့တာ တွေကို တွေ့ရမှာဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း အမျိုးသားညီလာခံမှ ကိုယ်စားလှယ်အချို့က အနာဂတ်ရွေးကောက်ပွဲတွေမှာ စုစုပေါင်းရရှိတဲ့ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှု% နဲ့ ကိုယ်စားလှယ်နေရာကို အချိုးကျခွဲပေးတဲ့ အချိုးကျစနစ် Proportional Representation System ကိုသုံးဖို့တင်ပြတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဒီစနစ်ရဲ့ အားနည်းချက်က ၀င်ပြိုင်တဲ့ပါတီတွေများရင် ကိုယ်စားလှယ်နေရာတွေ အစိတ်စိတ်ကွဲကုန်ပြီး ညွန့်ပေါင်းအစိုးရပဲဖွဲ့လို့ရတာမို့ တည်ငြိမ်မှုနည်းတာဖြစ်ပါတယ်။ ၉၄ ပါတီပြိုင်တဲ့ ကျွန်တော်တို့ နိုင်ငံဆိုရင်တော့စဉ်းစားသာကြည့်ကြပါတော့။ ဒါကြောင့်လည်း ညီလာခံက ဒီစနစ်က လောလောဆယ် ကျင့်သုံးရင် အကျိုးထက် အပြစ်များမယ် ဆိုပြီးလက်မခံခဲ့ပါဘူး။
ဒါ့ကြောင့် အနာဂတ်လွှတ်တော်ဟာ ပါတီတွေအများကြီးကွဲနေပြီး အစိုးရဖွဲ့လို့မရတဲ့ အထိ လည်းမတည်မငြိမ် မဖြစ်သင့်ဘူး။ တစ်ဖက်ကလည်း ပါတီတစ်ခုတည်းက လက်ဝါးကြီးအုပ်ထားပြီး ထင်ရာစိုင်းတာမျိုး မဖြစ်အောင်ကာကွယ်ဖို့လိုတယ်လို့ စစ်တပ်က ကောက်ယူပုံရပါတယ်။ ဒီကောက်ယူချက်ကနေ စစ်တပ်က ၂၅% နေရာယူဖို့ဆိုတဲ့ အခြေခံမူပေါ်လာတာပါဘဲ။
စစ်တပ်က ပြောတဲ့စကားတွေထဲမှာ စစ်တပ်အနေနဲ့ လွှတ်တော်အတွင်းမှာ လွှမ်းမိုးဖို့ မဟုတ်ဘူး၊ တည်ငြိမ်အောင် ထိန်းညှိပေးဖို့သာဖြစ်တယ်ဆိုတဲ့အချက် မကြာခဏပါလာတာ တွေ့ရပါတယ်။ တကယ် တော့လည်း အခုအခြေခံမူတွေအရ လွှတ်တော်ထဲမှာ သာမန်ဥပဒေပြုရေးကိစ္စတွေကို လွှတ်တော် ကိုယ်စားလှယ်ထက်ဝက်ကျော်ရဲ့ မဲနဲ့ အတည်ပြုမှာဖြစ်လို့ စစ်တပ်ရဲ့ ၂၅ %က အဓိကမကျတာကို တွေ့ ရပါတယ်။


ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ လွှတ်တော်က အတည်ပြုမယ်ဆိုရင်တော့ လွှတ်တော် အမတ် ၇၅% ရဲ့ ထောက်ခံမှုလိုတာကြောင့် စစ်တပ်ရဲ့ကဏ္ဍက အရေးပါလာပါပြီ။ ဒါ့ကြောင့် စစ်တပ်အနေ နဲ့ သာမန်အချိန်မှာ လွှတ်တော်ထဲမှာ သူတို့အမြင်တွေ တင်ပြခွင့်ရရင်၊ အခြားလူနည်းစုတွေရဲ့ လိုလားချက်တွေကို တင်ပြခွင့်ရရင်တော်ပြီ။ သို့သော် နိုင်ငံတော်တစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ချက်မျိုး ဆိုရင်တော့ သူတို့ပါဝင်ဆုံးဖြတ်မယ်လို့ ခံယူထားပုံရပါတယ်။
ငြိမ်းအဖွဲ့အချို့ကလည်း ဒီလိုတပ်မတော်က ယူထားတာကို လက်ခံတဲ့သဘောတွေ့ပါတယ်။ သူတို့ အယူအဆ ကတော့ ရွေးကောက်ပွဲလုပ်ရင် ပြည်သူ့လွှတ်တော်မှာ ဗမာပါတီတွေပဲ အများစုရဖို့ရှိတယ်။ အမျိုးသား လွှတ်တော်မှာ ပြည်နယ်ခုနှစ်ခု၊ တိုင်းခုနှစ်ခု ဆိုတော့ ညီမျှနေတယ်။ ဒါ့ကြောင့် တပ်မတော်ပါလို့ရှိရင် သူတို့အရေးတွေကို တပ်မတော်ကတဆင့် ပြည်သူ့လွှတ်တော်မှ ပြောနိုင်မယ်လို့ ခံယူတာဖြစ်ပါတယ်။ ဒါကို သူတို့ဆွေးနွေးချက်တွေ၊ ရေးတဲ့စာတမ်းတွေမှာ သွယ်ဝိုက်ပြောထားတာ တွေ့မှာပါ။
ဒီတင်ပြခဲ့တဲ့အချက်တွေကတော့ စစ်တပ်က ၂၅% ပါဝင်ခြင်းနဲ့ပတ်သက်ပြီး ခြေရာကောက်ကြည့် ထားတာ တွေပါ။ စစ်တပ်ဘက်က အတွေးကို နားလည်နိုင်ဖို့အတွက် အထောက်အကူဖြစ်မယ်လို့ ထင်မိ ကြောင်းပါ။

“ သစ်ပင်စိုက်သူ ဥယာဉ်မှူး - ၂ ”




ထိုအချိန်တွင် ကျွန်တော့ထံသို့ တပ်ခွဲမှူး သင်တန်း တက်ရန် ကြေးနန်းဝင်လာသဖြင့် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် သင်တန်းတက်လိုက်ရသေးသည်။ ဒီသင်တန်းတက်လိုက်ရတာကလည်း ကျွန်တော့အတွက်တော့ တော်တော် အကျိုးရှိလာသည်။ (ကျွန်တော့ထက်ပို၍ အကျိုးရှိသူများက သူငယ်ချင်း ဗိုလ်ကြီး မင်းကျော်သူ Min Chit Thu (ယခု ရဲမှူး ပြည်ထဲရေး ၀န်ကြီးဌာန) နှင့်ဗိုလ်ကြီး အောင်ဇံထွေး ( ယခု ခေတ္တရုံးအဖွဲမှုး ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန) ဖြစ်ကြပါသည်။ ဤကား စကားချပ်) ။ ထိုသင်တန်းတွင် တပ်ခွဲအဆင့်သာမက တပ်ရင်းအဆင့်အထိ ကွပ်ကဲအုပ်ချုပ်နိုင်သည့် စစ်ဗျူဟာများ၊ ခေါင်းဆောင်မှုဘာသာရပ်၊ တပ်မတော် (ရေ) ၊ တပ်မတော် (လေ) ဘာသာရပ်၊ အမြောက်ဘာသာရပ်၊ လေကြောင်းရန်ကာကွယ်ရေးဘာသာရပ်၊ ဆက်သွယ်ရေး ဘာသာရပ်၊ သံချပ်ကာနှင့် တင့်ကားဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်များဖြင့် စုံလင်လှပါသည်။ ဒီသင်တန်းမှာ လေ့လာမိတာတစ်ခုက စာသင်ကြားရသည့် ဆရာ၏ နည်းလမ်း (Teaching Method) ဖြစ်သည်။ ထိုသင်တန်းမှာရှိသော နည်းပြများမှ စာအသင်အပြကောင်းသော နည်းပြများကို အတုခိုးသည်။ သင်တန်းဆင်းလာတော့ စာသင်ခန်းပြန်ဝင်ရလေပြီ ....။ သည်လိုနဲ့ ရက်တွေ လတွေကြာလာချိန်တွင် ဆရာပီသမှန်းမသိ ပီသလာခဲ့ပြီ (လူတိုင်းကိုလည်း ဆရာလုပ်တတ်လာသည်)။

သင်ခန်းစာကို စိတ်ပါဝင်စားအောင်လည်း ပြောတတ်၊ ဟောတတ်လာခဲ့သည်။ ဟာသများ ရှာကြံဖတ်တတ်လာသလို ဟာသလည်းပြောတတ်လာခဲ့ပြီ။ သည်ကြားထဲ ရန်ကုန်တက္ကသိုလ်မှာ ပါရဂူဘွဲ့သင်တန်း ၀င်ခွင့်ဖြေပြီး တက်လိုက်ပါသေးသည်။ ကျောင်းတက်နေရင်း ဆရာလုပ်ရင်းနဲ့ ရည်းစားလေးတစ်ယောက်ရလိုက်ပါသည်။
စာတွေသင်လိုက်၊ အဖြေလွှာစစ်လိုက်၊ တပည့်လုပ်လိုက်၊ ဆရာလုပ်လိုက်၊ ရုံးပိတ်ရက်ကြတော့ ချစ်သူကိုအချိန်ပေးလိုက်နဲ့ ချာလပတ်ကိုလည်နေတော့သည်။ ကြာလာတော့လည်း ချစ်သူက အလုပ်များပြီး ပင်ပန်းဆင်းရဲလှသော စစ်သားဘ၀ကို အိမ်က စိုးရိမ်သည်ဟု အကြောင်းပြကာ ကျွန်တော့ထက် ပိုမိုသင့်တော်သူတစ်ယောက် (ကျွန်တော့အထင်) နောက် ပါသွားခဲ့၍ ရှားရှားပါးပါး ရည်းစားလေးတစ်ယောက် ဆုံးရှုံးခဲ့ပြန်သည်။



ဒါပေမယ့် တာဝန်တွေအပေါ်မှာတော့ မလျှော့ခဲ့ပါ။ မှတ်သားထားသော စာများနှင့် သုတေသန လုပ်ရသော စာများက ခေါင်းထဲမှာ ပိုပြီး နေရာယူလာသည်။ ကျောင်းဆရာဘ၀ကို ရောက်ဖူး သိဖူးမှပဲ ဒီလိုကိုးဟု ပြောရမလိုဖြစ်လာသည်။ သာမာန်အားဖြင့် သက်သောင့်သက်သာ အေးအေးဆေးဆေးဟုထင်ရသော်လည်း စာသင်ချိန် သုံးချိန်ဆက်လို့ အသံမထွက်နိုင်သော ရက်တွေရှိသလို အမှတ်ဖျက်ရင်း ၊ နောက်တစ်ရက်သင်ရမည့် စာတွေဖတ်ရင်း မိုးလင်းခဲ့ရသော ညတွေကလည်း ရှိခဲ့ပြန်သည်။ အနန္တော၊ အနန္တ ဂိုဏ်းဝင် ဆရာများသည် “ နာ ” သုံးနာနှင့် ကျေပွန်အောင် ထမ်းဆောင်ခဲ့ရသည်ဟု ငယ်စဉ်က လေးစားခဲ့သောလည်း ကိုယ်တိုင်ဆရာဖြစ်လာတော့ “ နာ ” သုံးရာထက်ပိုသည်ဟုပင် ထင်ခဲ့ရသည်။




ဗိုလ်လောင်းများကို တပ်မတော်ဆေးတက္ကသိုလ်၏ ဆောင်ပုဒ်များ၊ ရည်ရွယ်ချက်များကို ဦးစားပေးသင်ကြားရင်း လူကောင်း၊ လူချွန်များဖြစ်အောင် ပြုစုပျိုးထောင်ရသည်။ ပညာရည် ပြည့်ဝအောင်လည်း ပြောရ၊ ဟောရ၊ သင်ကြားရသေးသည်။ “ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား ဦးအောင်ဇေယျ ဘုရင်မင်းမြတ်တို့ တည်ထောင်ထားခဲ့သည့် ထက်မြက်သော တပ်မတော်များ၏ လက်ဆင့်ကမ်းအမွေကိုခံယူလျက် ပိုမိုအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီ မျိုးချစ်တပ်မတော်ကြီး တည်ဆောက်အံ့ ” ဟု တပ်မတော်အကြီးအကဲများက ဗိုလ်လောင်းတပ်ရင်းများကို အနော်ရထာတပ်ရင်း၊ ဘုရင့်နောက်တပ်ရင်းအဖြစ် မှည့်ခေါ်ထားခြင်းဖြစ်ကြောင်းကို
အပေါ်တပ်ရင်း၊ အောက်တပ်ရင်း ဟု အလွယ်ခေါ်ဝေါ်နေသော အကျင့်များပျောက်အောင်လည်း ရှင်းပြရသည်။



ကျွန်တော်တို့ ဗိုလ်လောင်းဘ၀က Never Surrender ကိုကြွေးကြော်တိုင်း ကျက်သီးမွေးညင်းထခဲ့ကြသည်။ ကျွန်တော်တို့ စစ်တက္ကသိုလ် တတ်ခဲ့ရသည့်အတွက် ဂုဏ်ယူခဲ့ရသလို ယခုဗိုလ်လောင်းများကို တပ်မတော် ဆေးတက္ကသိုလ် တက်ရောက်ရသည့် အတွက် ဂုဏ်ယူတတ်အောင်လည်း လက်တွေ့ဘ၀ ဖြစ်စဉ် ဖြစ်ရပ်များနှင့် ပြောပြရသည်။ ကျွန်တော်တို့ ဗိုလ်လောင်းဘ၀တုန်းက မနက် PT ဆင်းသည့်အချိန်မှ ည ၁၀ နာရီ မီးပိတ်ချိန်ခရာမှုတ်သည် အထိ ဘာပဲလုပ်လုပ် အချိန်နှင့်လုပ်ခဲ့ရသည်။ ဒါ့ကြောင့်ပင် Five-minute-cadet ဟု ခေါ်ခဲ့ကြသည်။ ဗိုလ်လောင်းဘ၀မှာ အချိန်နှင့် တစ်ပြေးညီ ပြီးစီးအောင် ဆောင်ရွက်နိုင်မှ အရာရှိဘ၀တွင်လည်း အချိန်နှင့် တွက်ချက်အလုပ်လုပ်တတ်စေရန် လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။ အချိန်ကို တန်ဖိုးထား အလေးထားတတ်စေရန် သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ တိုက်စစ်တွင် န-နာရီ၌ စမျဉ်းကို ဖြတ်ကျော်နိုင်ရမည်။ ခွာစစ်တွင် န-နာရီ၌ ဗုံးမျဉ်းကို ဖြတ်ကျော်ပြီးဖြစ်ရပါမည်။ သို့မှသာ မိမိနှင့် စစ်သည်များရည်မှန်းချက်ကို စနစ်တကျရောက်ရှိနိုင်ပေမည်။




အရာရှိငယ်ဘ၀တွင် တပ်စု တစ်စုကို ပိုင်နိုင်စွာ ကွပ်ကဲအုပ်ချုပ်နိုင်အောင် ကျွန်တော်တို့၏ ဆရာများက နေပူမရှောင် မိုးရွာမရှောင် သင်ကြားပေးခဲ့ကြသည်။ (စစ်တက္ကသိုလ် ဗိုလ်လောင်းဘ၀တွင် စာပေပညာ၊ စစ်ပညာများ သင်ကြားလေ့ကျင့်ပေးခဲ့ကြဖူးသော ဆရာများအားလုံးကိုလည်း ဤ ရသစာတမ်းဖြင့် ဂါရ၀ပြုပါသည်၊ ဆရာများ ခင်ဗျား အမျိုးဘာသာ သာသနာအကျိုးကို တပည့်တို့ကို စောင့်ရှောက်ခဲ့သလိုမျိုး စောင့်ရှောက်နိုင်သော ခေါင်းဆောင်ကောင်းများဖြစ်ကြပါေ
စ) တစ်ရက်.... ခြေလျင်တပ်ရင်းများတွင် ဒုတိယ တပ်ရင်းမှူးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် တိုင်းစစ်ဌာနချုပ်၊ ခြေမြန်တပ်မဌာနချုပ်များတွင် စစ်ဦးစီးမှူး (ဒုတိယတန်း)၊ နယ်ခြားစောင့်တပ်များတွင် ဌာနချုပ်တပ်ခွဲမှူးတာဝန်များထမ်းဆောင်ကြရမည့် သူငယ်ချင်းများက ကျွန်တော့ထံသို့နှုတ်ဆက်စကားဆို ဖုန်းဆက်ကြသည်။ သူတို့တစ်တွေလည်း တာဝန်အသစ်များ ထမ်းဆောင်ရမည်ဖြစ်၍ ကျေနပ်ဂုဏ်ယူသံများ ကြားနေရသည်။



ဆရာများက ကျွန်တော်တို့ကို ပစ်တိုင်းထောင်များဖြစ်အောင် လေ့ကျင့်သင်ကြားပေးခဲ့ကြသည်။ ကျွန်တော်တို့က တပည့်များကို ပစ်တိုင်ထောင်များဖြစ်ဖို့ သင်ပေးရဦးမည်။ “ စာကိုလည်း စိတ်လည်းပြင် ” ဆိုသည့် ဆောင်ပုဒ်အတိုင်း စာကိုသာမက စိတ်ကိုပါသင်သော ဆရာများဖြစ်ဖို့လိုပါသည်။ ဘယ်ဥယာဉ်မှူးမဆို သူတို့ပျိုးသည့်ပန်း အစွမ်းကုန် ပွင့်လန်းစေချင်သည်မှာ လောက ဓမ္မတာပင် ဖြစ်သည် ။ (ဆက်ပါဦးမည်)
by facebook kothihathit 's page

Monday 19 March 2012

ဟားဗတ်(Harvard)တက္ကသိုလ်မှနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံဘာသာရပ်နှင့်ဘွဲ့ရသူတစ်ဦးပြောသောစစ်တပ်နှင့်နိုင်ငံရေးပါတီများကဏ္ဍ



ကျမက ဟားဗတ်က နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံဘာသာရပ်နဲ့ ဘွဲ့ရလာတဲ့သူပါ၊ သင်တန်းတက်လာခဲ့သူမဟုတ်ပါ။ ဒါပေမဲ့ လူဗြိန်းအမြင်နဲ့ဘဲ ဝင်ပြောပါရစေ။ 

ပိုမို ပီပြင်တဲ့ ဒီမိုကရေစီ ထွန်းကားထဲ့ နိုင်ငံတိုင်းမှာ စစ်တပ်များဟာ ဘယ်ပါတီတစ်ခုဘက်ကိုမျှ တိမ်းစောင်း ထောက်ခံခြင်း မရှိတာတွေ့ရပါတယ်။ ပါတီအားလုံး အပေါ်မှာ တူညီသော သဘောထားတာလည်း တွေ့ရပါတယ်။ 


နိုင်ငံရေး ပါတီအားလုံးကလည်း စစ်တပ်ကို ကိုယ့်နိုင်ငံကာကွယ်ရေး အတွက်၊ သဘာဝဘေးအန္တာရယ် ဒုက္ခသည်များအတွက်  အရေးပေါ် ကယ်ဆယ်ရေး အလုပ်များအတွက် အားကိုးကြပါတယ်။ လေးစားကြပါတယ်။  ရန်သူသဖွယ် ပြောဆို ဆက်ဆံမှုမျိုး မရှိပါ။ မတွေ့ရပါ။ အင်္ဂလန်နိုင်ငံတွင် အာဂျင်တီးနားလို တခြားနိုင်ငံနှင့် စစ်ဖြစ်တဲ့အခါမှာ ရွေးကောက်ထားတဲ့ အစိုးရဖြစ်တဲ့ ပါတီရော တခြားအတိုက်အခံပါတီများကပါ ထောက်ခံကြပါတယ်။ စစ်မလိုလားတဲ့ နိုင်ငံရေးသမားတချို့နဲ့ ပြည်သူအချို့ကတော့ မထောက်ခံပါ။ ဒါပေမဲ့ အများစုက အရေးပေါ်အခြေအနေမှာ စစ်ဖြစ်တာကို ထောက်ခံကြပါတယ်။ 

ဒီတော့ အမေစုနှင့် စစ်တပ်ကို ပေါင်းပါလို့ ဆော်အောခြင်းထက် စစ်တပ်ကို ကြားနေပါ။ နိုင်ငံရေးပါတီတိုင်းကို လေးစားပါ။ နိုင်ငံရေးပါတီတိုင်းကလည်း စစ်တပ်ကို လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ နိုင်ငံတော် စစ်တပ်ဖြစ်တယ်။ နိုင်ငံတော်အတွက် ဒေသအသီးသီးမှာ နိုင်ငံတော် ပြန်လည်ထူထောင်တဲ့ လုပ်ငန်းတွေမှဖြစ်ဖြစ် သဘာဝဘေးအန္တရယ်ဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေမှာဘဲ ဖြစ်ဖြစ် နိုင်ငံလုံခြုံရေးလုပ်ငန်းတွေအတွက် မရှိမဖြစ်တဲ့ ပါတီအားလုံး အရေးပေါ်အခြေအနေတွေမှာ အားကိုးရမဲ့ အဖွဲ့အစည်းအနေနှင့် လေးစားစွာ ဆက်ဆံသင့်တယ်လို့ဘဲ မြင်ပါတယ်။

နောက်တခု ပြောခြင်တဲ့ အချက် တစ်ခုရှိပါတယ်။ အမေရိကန်လိုနိုင်ငံတွေရဲ့ ပါတီအသီးသီးအတွင်းမှာ စစ်ဝန်ထမ်းဟောင်းတွေ တော်တော်များများ ပါပါတယ်။ အမေရိကန် သမတတွေကိုကြည့်ပါ။ သမတအတော်များများဟာ စစ်အတွင်းမှာ ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းတွေ ဗိုလ်မှုးဟောင်းတွေ ဖြစ်ကြပါတယ်။ သာမန် စစ်သားဟောင်း တစ်ယောက်တောင် သမတဖြစ်ခဲ့တာရှိပါတယ်။ ပြောခြင်တာက စစ်ဝန်ထမ်းဟောင်းတွေ လွှတ်တော်အမတ်မဖြစ်ရဘူး နိုင်ငံရေးမလုပ်ရဘူးဆိုတာ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေမှာ မသတ်မှတ်ထားပါဘူး။ ရာဇဝတ်မှုကျူးလွန်ထားလို့ ထောင်ကျခဲ့တဲ့သူတွေသာ အမတ်လောင်းအဖြစ် ဘယ်ပါတီကမျှ လက်ခံခြင်းမရှိပါ။ ထောင်ထွက် ရာဇဝတ်သား အဟောင်း ကလွဲလို့၊ဘုန်းကြီးဟောင်း၊ စစ်သားဟောင်း၊ ဆရာဝန်ဟောင်း၊ အင်ဂျင်နီယာဟောင်း၊ ကျောင်းဆရာဟောင်း၊ ရှေ့နေ့ဟောင်း၊ ပျံကျဈေးသည်ဟောင်းများ သာမက အီတလီလိုနိုင်ငံမျိုး တူရကီလိုနိုင်ငံတွေမှာ ပြည့်တန်စာအဟောင်းတွေ လွှတ်တော်အမတ် ဝင်အရွေးခံတာရှိခဲ့ပါတယ်။ ဒီမိုကရေစီ ပီပီပြင်ပြင် ထွန်းကားတဲ့နိုင်ငံမှာ ထောင်ထွက်ရာဇဝတ်သားကလွဲလို့ အရည်အချင်းပြည့်ဝသူတိုင်း နိုင်ငံရေးလုပ်ခွင့် လွှတ်တော်အမတ် ဝင်ရွေးခွင့် သမတလုပ်ခွင့် ဝန်ကြီးများလုပ်ခွင့် ရှိကြပါတယ်။ စစ်တပ်ကို ပါတီတခုခုနှင့် ပူးပေါင်းပါလို့ မပြောသင့်ပါလို့ ထင်ပါတယ်။ အချင်းချင်း ရန်သူလို မဆက်ဆံကြဘဲ၊ သင့်မြတ်လေးစားကြပါလို့ဘဲ ပြောသင့်ပါတယ်။ 

“ သစ်ပင်စိုက်သူ ဥယာဉ်မှူး -၁ ”






“ ဗိုလ်ကြီး တပ်ပြောင်းမိန့်ဝင်လာပါပြီ ခင်ဗျ ... တပ်မတော်ဆေးတက္ကသိုလ်လို့ ပြောပါတယ် ”


“ ဟေ ... ဟုတ်လား ”


“ ဟုတ်ကဲ့ပါ ခင်ဗျ ... တပ်ရေးဗိုလ်ကြီးက ပြောခိုင်းလိုက်လို့ပါ ....”


“သြော် .. အေး .. အေး .. ကျေးဇူးပါပဲကွာ ”


ကျွန်တော့်အဖို့ ဒီလိုနေရာကို ဒီလိုတာဝန်ဖြင့် ရောက်ရှိလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးပေ။ သစ္စာလေးချက် ဦးထိပ်ထားသူပဲ။ ခေတ္တတပ်ရင်းမှူးထံသတင်းပို့ပါသည်။ ထိုစဉ်က ခေတ္တတပ်ရင်းမှူးမှာလည်း ကျွန်တော်တို့ ဗိုလ်လောင်းတက်စဉ်က ဆရာဖြစ်ခဲ့သည် ဗိုလ်မှူးဇော်တင် (လက်ရှိ စစ်ဦးစီးမှူး (ပထမတန်း) ရန်ကုန်တိုင်းစစ်ဌာနချုပ်) ဖြစ်၍ ညီအစ်ကိုအရင်း ဆရာတပည့်သဖွယ်ဖြစ်နေသဖြင့် ဆုံးမသြ၀ါဒစကားပြောကာ နှုတ်ဆက်ပွဲလေးတစ်ခု လုပ်ပေးပါသည်။ ထို့နောက် ကျွန်တော်လည်း ရန်ကုန်သို့ထွက်လာခဲ့ပါသည်။ တပ်မတော် ဆေးတက္ကသိုလ် ဂိတ်ဝသို့အရောက်တွင် တပ်ရဲကို ကျွန်တော်ဟာ အခုအသစ်ရောက်လာတဲ့ အရာရှိဖြစ်ကြောင်း၊ ကျောင်းဌာနချုပ်ရုံးသို့ သတင်းပို့ရန် ဘယ်လိုသွားရမလဲ ဟုမေးပြီး အဆိုပါ တပ်ရဲ ညွှန်ပြသော လမ်းအတိုင်းလာခဲ့ပါသည်။ ဂိတ်ဝ ၀င်ပြီး ကိုက် ၂၀၀ ကျော်ကျော်လောက်တွင် တပ်မတော်ဆေးတက္ကသိုလ်၏ ခန့်ညားထည်ဝါလှသော ဘွဲ့နှင်းသဘင်ကြီးကိုတွေ့ရပါသည်။ ဘွဲ့နှင်းသဘင်ကြီးကျော်သွားပြန်တော့ ဗိုလ်လောင်းတပ်ရင်း အိပ်ဆောင်များကို တွေ့ရသည်။ ထိုသို့တွေ့ရစဉ် တစ်ချိန်တုန်းက နေခဲ့ဖူးသော စစ်တက္ကသိုလ် အိပ်ဆောင်များကို ပြန်သတိရမိသေးသည်။ ထို့နောက် ဗိုလ်လောင်းတပ်ရင်း အိပ်ဆောင်များ၏ ရှေ့တည့်တည့်မှာ သုံးထပ်စာသင်ဆောင်ကြီးကိုလည်း ထည်ထည်ဝါ၀ါ တွေ့လိုက်ရသည်။ ကွန်ကရစ်လမ်းမကြီးများ၊ မီးတိုင်များ၊ လေးထပ်ငါးထပ် ဗိုလ်လောင်းအိပ်ဆောင်များ၊ ခံညားထည်ဝါလှသော စာပေဆောင်ကြီးနှင့် ဘွဲ့နှင်းသဘင်ခန်းမကြီးများရှိသော ပတ်ဝန်းကျင် အသစ်မှာ စိတ်သစ်၊ လူသစ်နှင့် တာဝန်အသစ်များ ထမ်းဆောင်ကြရတော့မည်။


တာဝန်ရှိသူများထံ သတင်းပို့ပြီး မိမိနေရမည့် အိပ်ဆောင်သို့လာခဲ့ပါသည်။ အိပ်ဆောင်ရောက်သောအခါ အခန်းသန့်ရှင်းရေးလုပ်ပြီး ပစ္စည်းများကို နေရာချလိုက်သည်။ ညပိုင်းတွင် မြ၀တီရုပ်မြင်သံကြားက စစ်ကားကိုကြည့်မိလိုက်သေးသည်။ ငိုချင်ရက်လက်တို့ဆိုတာလို ယခင်တပ်က ရဲဘော်များနဲ့ ရှေ့တန်းကိုလည်း လွမ်းမိပါသည်။ စိတ်ကူးထဲမှာ မုံးဟင်၊ မုံးဟ၊ မိုင်းကောင်၊ တန့်ယန်းဘက်ပြန်ရောက်သွားပါသည်။ မိုးရေရွှဲရွှဲမှာ Night move ဆွဲခဲ့ရပုံကိုလည်း အမှတ်ရမိသည်။ မြူတွေဆိုင်းပြီး လွမ်းမောဖွယ်ကောင်းတဲ့ အရှေ့မြောက်တိုင်းရဲ့ ဆောင်းရာသီကိုလည်း လွမ်းမိပြန်ပြီ။ ကျွန်တော်ချစ်သော ရှမ်းပြည်နယ်နှင့် ရှမ်းတိုင်းရင်းသားမျာကို သတိတရဖြစ်မိသည်။


အခုတော့ နည်းပြ ကျောင်းဆရာဘ၀ကို နိဒါန်းပျိုးနေပေပြီ။ နောက်တစ်ပတ်နေရင် စာသင်ခန်းထဲ ၀င်ရမည်ဖြစ်သည်။ ကျောင်းဆရာ တစ်ယောက်ရဲ့ ဟန်ပန်အမူအရာတွေ လေ့ကျင့်ရဦးမည်။ ဗဟုသုတတွေများများရဖို့ စာများများဖတ်ရဦးမည်။ ဆေးတက္ကသိုလ် ဗိုလ်လောင်းများကို စာသင်ရမည်ဆိုပါက အဘက်ဘက်က ပိုသိအောင်၊ ကိုယ်သိတာကို သူတို့နားလည်အောင် ပြန်ရှင်းပြနိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် သင်ခန်းစာကို ပိုင်နိုင်အောင်လည်း လေ့လာရမည်။ လက်ထဲမှာ သေနတ်နှင့် မှန်ပြောင်းတို့အစား မြေဖြူနှင့် စာအုပ်တို့ ရောက်ရှိလာခဲ့ပြီ ။


ကျွန်တော်က ရူပဗေဒဌာနမှာ တာဝန်ကျသည်။ ဆေးပညာ ပထမနှစ်ဗိုလ်လောင်းများကို သင်ရမည့် ဘာသာရပ်၊ မှီငြမ်းစာအုပ်များ၊ ရူပဗေဒနှင့် ဆေးပညာ ဆက်နွယ်သည့်စာအုပ်များ၊ ရူပဗေဒဘာသာရပ် အခြေခံ စာအုပ်များစွာကို ပြန်ဖတ်ရသည်။ ဆေးပညာနှင့် ဆက်နွှယ်မှုမရှိခဲ့ဖူးသော ကျွန်တော့မှာ ဟိုစာအုပ်ဖတ်မရှင်း၊ နောက်တစ်အုပ်ဖတ်ကြည့်တော့ ရှုပ်နေပြန်သည်။ ဆရာ/ ဆရာမများ၊ အထက်စီနီယာ အရာရှိများထံက နည်းပြဆရာတို့ တာဝန်ဝတ္တရားများကိုလည်း ဦးစွာ ဆည်းပူးမေးမြန်းခဲ့ရသည်။ ရန်ကုန်မြို့ကြီးပေါ်တွင် နေရမည်ဆို၍ ပျော်နေခဲ့သော ကျွန်တော် အခုမှ ဒုက္ခလှလှကြီးတွေ့ရပေသည်။ သည်လိုနှင့် ကျွန်တော်၏ ကျောင်းဆရာဘ၀လေးကတော့ စတင်လာခဲ့ပါသည်။ ပထမနှစ် တာဝန်ကျဗိုလ်လောင်းက တန်းအပ်သတင်းပို့ ပြီးနောက်လူစစ်လိုက်သည်။ စာသင်ခန်းတစ်ခန်းတွင် ဗိုလ်လောင်းအင်အားက တစ်ရာကျော်ကျော်၊ နည်းသည့်အင်အားတော့မဟုတ်။ မိမိကိုယ်မိမိ စတင်မိတ်ဆက်ပြီး ကြိုတင်ပြင်ဆင်လာတာလေးတွေကို အပြတ်ပြောမယ်ဆိုပြီး အတန်းကိုဝေ့ကြည့်လိုက်တော့ ဗိုလ်လောင်းတော်တော်များများက စတင်ထောက်ခံနေကြပါပြီ။ ဒါနဲ့ မထူးပါဘူးဆိုပြီး ငိုက်နေသော ဗိုလ်လောင်းများကို မတ်တက်ရပ်ခိုင်းလိုက်သည်။ ဗိုလ်လောင်းများကို အိပ်ငိုက်သည့်အကြောင်းများမေးကြည့်သော အခါ မနက် PT ပြေးရလို့ ပြောသူကပြော၊ ရိပ်သာက ပဲဟင်းစားလာလို့ ဆိုသူကဆို၊ ညဘက် ကင်းစောင့်ရလို့ပါဟု ဖြေသူကဖြေ။ စာသင်ရသော ကျောင်းဆရာဘ၀ကို လွယ်လွယ်လေးဟု လျှော့တွက်မိသော ကျွန်တော် တကယ်စာသင်ရချိန်တွင် အိုးနင်းခွက်နင်းဖြစ်ပါပြီ။ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားတိုင်းလည်း မကျေနပ်။ ဗိုလ်လောင်းဘ၀ တက်ခဲ့တုန်းကလည်း စာဘက်မှာ မညံခဲ့ပါ။ မဟာသိပ္ပံတက်တုန်းကလည်း ထိုက်သင့်သလောက် ကျက်မှက်ခဲ့ပါသည်။ ဒီအနေအထားတွေနှင့် စာတွေထပ်ပြီး လေ့လာလိုက်လျှင် သင်နိုင်ပြီပေါ့ ..... ကျွန်တော် စာသင်လေ ဗိုလ်လောင်းတွေက ငိုက်လေ ဖြစ်နေသည်။ မငိုက်တဲ့ သူတွေကိုမေးကြည့်တော့ သိပ်နားမလည်ဘူးတဲ့ ။ တစ်ခါတစ်လေ အော်ငိုချင်စိတ်တောင် ပေါက်လာသည်။ ကိုယ်တိုင်နားလည်ပေမယ့် တပည့်များကို နားလည်အောင် မသင်ကြားနိုင်လျှင် ဆရာ မဟုတ်ဟု အသိတစ်ခုတိုးလာခဲ့ပြန်သည်။ နောက်တော့ အတန်းချိန် မိနစ် ၅၀ တွင် ၃၅ မိနစ် စာသင်ပြီး ကျန်အချိန် ၁၅ မိနစ်ကို ပေးနားမည်ဟု ညှိနှိုင်းရေးလုပ်ရသည်။ ထိုစာသင်ချိန်တွင်တော့ လုံးဝ အိပ်မငိုက်ရဟူသော စနစ်ကို သုံးပြီး ကျွန်တော်လည်း ကြိုးစားပမ်းစားသင်ပါသည်။ ထိုအခါမှ အိပ်ငိုက်သော ဗိုလ်လောင်းများအား ခေါ်ယူ အပြစ်ပေးပါသည်။ ကျွန်တော်၏ ကျောင်းဆရာဘ၀ စာမျက်နှာများကား မသပ်မရပ်ဖြင့် ဖြတ်သန်းခဲ့ရပေသည် ။ (ဆက်ပါဦးမည်)
https://www.facebook.com/groups/381908758489238/permalink/408521265827987/
နောင်တော်အကိုကြီး ကိုသစ်ဟသစ် စာမျက်နှာမှ
ကူးယူဖော်ပြပါသည်

Sunday 4 March 2012

"ချစ်သူနဲ့ ခွဲမှ အသဲကွဲတာမဟုတ်ပါဘူး ..ဒီလိုမျိုးလည်း အသဲကွဲအောင်ခံစားရပါတယ်...."




အချိန်မတော်ရွာတဲ့  မိုးနဲ့  စနေ မိုးတွေက ရွာရင် မစဲတော့ ဘူးဆိုတာ လူတိုင်းနီးပါးသိကြပြီးသားအရာတစ်ခုပါ….။ဒါပေမဲ့  လူတိုင်းမသိနိုင်ကြတဲ့  ဒီမြင်ကွင်းတစ်ခု…။သွားရအောင်လို့ ဆိုတာတောင် သူမလိုက်နိုင်တော့ တာ သိသိနဲ့  ကျနော် ဆွဲခေါ်နေမိလျက်သား.ပါ..။ဒါပါပဲ ရဲဘော်ရဲဘက်စိတ်ဆိုတာ …။


ဗိုလ်ကြီး …….ကျနော် အခြေ အနေကျနော်သိပါတယ်ဗျာ…။
ကျန်တဲ့ သူတွေနှောင့် နှေးကုန်မယ်……..ထားခဲ့ လိုက်တော ….။

ပေပွနေတဲ့  သွေးစက်တွေနဲ့  ဇကာပေါက် ကိုယ်က မြင်ရက်စရာမရှိ…။အားငယ်ညိုးလျော့ နေတဲ့  မျက်ဝန်းမှာ မျက်ရည် ဥတွေ တွယ်ခိုလို့ …။မိုးရေတွေနဲ့  အတူတူ သွေးအိုင်ငယ်တစ်ခု ပတ်ဝန်းကျင်မှာ ဖြစ်တည်လို့ နေပြီ.။ထားခဲ့ လိုက်ပါဆိုပေမဲ့  ဆုပ်ကိုင်ထားဆဲ လက်တစ်စုံမှာ တင်းကြပ်နေဆဲ ဆိုတာ သတိပြုမိနေဆဲ…။

ဘယ်ဘက် ရင်အုံတချက်ပုတ်ပြတယ်..။ဖွင့် ကြည် မိတော့  စတစ်ကာနဲ့  ပုံလောင်းထားတဲ့  မိဘဓါတ်ပုံ တစ်ပုံ…။ညာဘက်မှာ တချက်ထပ်ပုတ်ပြတယ်…။ဟောင်းနွမ်း ကျိုးကြေနေတဲ့  မိသားစုဓါတ်ပုံလေးတစ်ပုံ..။
အလယ်ကောင်မှာ သူသားလို့  ယူဆရလောက်တဲ့  ကလေးငယ်လေးက ပြုံးရွှင်လို့ …။

လှိုက်တက်လာတဲ့  မျက်ရည်စက်တချို့ နဲ့ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်နေမိတယ်…။ငါဘယ်လို ပြောထွက်မှာလဲ မောင်မိုးရာ….။ပြုံးပြပြီး သေခြင်းတရားကို သတ္တိရှိ၇ှိသူ ရင်ဆိုင်နေပြီ…။တချက်တချက် သွေးအန်နေဆဲ။ရင်တစ်ခုလုံး ပိန်ချေ ၊ဖောင်းချေနဲ့  အမောဖောက်နေပြီ…။

သွားတော့  ဗိုလ်ကြီး ရန်သူတွေနီးလာပြီ….။ဆရာလှမြင့်  ဗိုလ်ကြီးကို ဆွဲခေါ်သွားတော့ ..။

ကျနော်နောက်လှည့် မကြည့် ဖြစ်တော့ ပါ။မသေမရှင်ထားခဲ့ ရတာလောက် ရင်နာရတဲ့  အဖြစ် လောကမှာ မရှိနိုင်တော့ ဘူးထင်ပါတယ်…။တွေးကြည့် စရာမလိုတော့ …။နောက် (၁၅)မိနစ်အတွင်း မောင်မိုး မသေနိုင်ခဲ့ သေးရင်………ထပ်ချပ်လိုက်လာတဲ့ ရန်သူ သေနတ်သံကြားမှာ …………………….

(စစ်မြေပြင်တစ်ခေါက်အလည်ရောက်ခဲ့ စဉ်က ………မင်းသန့် )

https://www.facebook.com/profile.php?id=100003375792279  

မှကူးယူဖော်ပြပါသည်။