ရွှေလီသား(မဘိမ်း)

Friday 16 September 2011

ဗိုလ်မှူးကြီးဗထူး(၁၉၁၆ - ၁၉၄၅)

ဧပြီလ ၂၃၊ ၂၀၁၀

ဗိုလ်မှူးကြီးဗထူး(၁၉၁၆ - ၁၉၄၅)

ငယ်စဉ်ဘဝ
မြန်မာ့ တပ်မတော် ဂုဏ်ထူးဆောင် မျိုးချစ် ဗိုလ်မှူးကြီး ဗထူး

ဗိုလ်မှူးကြီး ဗထူးသည် ထားဝယ်ခရိုင် လောင်းလုံမြို့နယ် အပိုင် လေသွန်းခံရွာ ဇာတိဖြစ်၍ ဦးဖိုးထွန်းနှင့် ဒေါ်စိန်မြရင် တို့၏ သားထွေး ဖြစ်သည်။ မိဘများမှာ လယ်သမား အမျိုးအနွယ်များ ဖြစ်သည်။

ငယ်စဉ်က ထားဝယ်မြို့ အစိုးရ အထက်တန်းကျောင်းတွင် သတ္တမတန်း အထိ ပညာသင်ကြား ခဲ့ပြီးနောက် အဋ္ဌမတန်းသို့ ရောက်သောအခါ အလုပ် လုပ်လိုသဖြင့် ကျောင်းမှ ထွက်ခဲ့သည်။ မိဘများနှင့် မိတ်ဆွေ သူငယ်ချင်းများက ကျောင်းဆက်နေရန် ဖျောင်းဖျသော်လည်း မရ၍ လက်လျှော့ခဲ့ရ၏။ သူ၏ မိဘများနှင့် ခင်မင်ရင်းနှီးသည့် ဟိန်းဒါး သတ္တတွင်း (ဟိန်းဒါးမိုင်း) မှ အိုဗာစီယာချုပ် ဦးလွန်းပင်၏ အကူအညီဖြင့် ဟိန်းဒါးမိုင်းတွင် အလုပ်ရခဲ့သည်။ ဗိုလ်ဗထူး၏ ရိုးသား ဖြောင့်မတ်ခြင်း၊ လုံ့လ ဝီရိယ ရှိခြင်း၊ ပေါင်းသင်း ဆက်ဆံမှု ကောင်းခြင်း၊ ခေါင်းဆောင်မှု ကောင်းခြင်းတို့ကြောင့် အလုပ်ဝင်ပြီး၍ မကြာမီပင် မန်နေဂျာ အဖြစ် လွှဲအပ်ခြင်း ခံရသည်။

မိသားစုနှင့် မောင်ဗထူး

မိဘများနှင့် ခင်မင် ရင်းနှီးစွဲ ရှိသည့် ဟိန်းဒါးမိုင်း အိုဗာဆီယာချုပ် ဦးလွန်းပင်၊ ဒေါ်စိန်ချယ်တို့၏ သမီး မအုန်းတင်နှင့် ဗိုလ်ဗထူးသည် ထိမ်းမြား လက်ထပ်ခဲ့၍ သားကြီး မောင်ဖေဝင်း၊ သားငယ် မောင်စန်းဝင်းနှင့် သမီး မခင်ဝင်း ဟူ၍ သားသမီး သုံးယောက် ထွန်းကားခဲ့သည်။

ဗိုလ်ဗထူးသည် အလုပ်တွင် တိုးတက်မှု ရရှိခဲ့သော်လည်း၊ အရင်းရှင် လက်အောက်က လစားတို့၏ ဘဝကို ခံစား တွေ့ကြုံလာရသော အခါတွင် ဆင်းရဲသား အလုပ်သမားတို့ အတွက် အခွင့်အရေး တောင်းဆိုခြင်းကို ရှေ့ဆောင်ရှေ့ရွက် ပြုလုပ်ပေး၏။ ထို့ကြောင့် အရင်းရှင် သတ္တတွင်း ကုမ္ပဏီ ပိုင်ရှင်များ၏ အမုန်းခံရကာ ၁၉၄၂ ခုနှစ် ကုန်လုလု အာရှစစ်ပွဲကြီးများ စတင်ခါနီး အချိန်တွင် အလုပ်မှ ထုတ်ပစ်ခြင်း ခံရလေသည်။

တပ်မတော်တွင်း ၀င်ရောက်ခြင်း

ဗမာ့ လွတ်လပ်ရေး တပ်မတာ် (ဘီအိုင်အေ) သည် ဂျပန်တပ်များနှင့် အတူ မြန်မာနိုင်ငံတွင်းသို့ စတင်ဝင်ရောက် လာကာ ဗိုလ်မှူးကြီး လက်ျာ ဦးစီးသော တပ်မကြီးလည်း ထားဝယ်မြို့ကို သိမ်းပိုက်လိုက်သော အချိန်တွင် ဗိုလ်ဗထူးသည် နှစ်ဖက်မိဘ၊ ဇနီး သားသမီးများကို သတိမမူနိုင်ဘဲ ကိန်းအောင်းလျက် ရှိသော မျိုးချစ်စိတ်ဓာတ်ကြောင့် လွတ်လပ်ရေး တပ်မတော်သို့ ဝင်လိုက်၏။ တပ်သား ၁၅ ယောက်ကို အုပ်ချုပ်ရသော သာမာန် တပ်ကြပ်ကလေး ရာထူးကို ရသည်။

လွတ်လပ်ရေးကြိုးပမ်းမှု

မြန်မာနိုင်ငံတွင်းမှ ဗြိတိသျှတို့ ထွက်ခွာ သွားပြီးနောက် ၁၉၄၂ ခု၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် ကို ဖျက်သိမ်းကာ၊ ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ကို ဖွဲ့စည်းလိုက်သည်။ အသစ် ဖွဲ့စည်းသော ဗမာ့ ကာကွယ်ရေး တပ်မတော် တွင် ဗိုလ်ချုပ် အောင်ဆန်း အား ဗိုလ်မှူးကြီး ရာထူးဖြင့် စစ်သေနာပတိ ခန့်အပ်၍၊ ဗိုလ်မှူး အောင် ၊ ဗိုလ်မှူး ရန်နိုင် ၊ ဗိုလ်မှူး ဇေယျ တို့အား တပ်ရင်များကို ဦးစီး စေပြီးလျှင်၊ တပ်ရင်း ၃ ရင်း ဖွဲ့ခဲ့သည်။ ထိုအခါတွင် ဗိုလ်ဗထူးသည် ဗိုလ်မှူး ရန်နိုင် ဦးစီးသည့် ပျဉ်းမနားမြို့ရှိ ခြေလျင် တပ်ရင်း အမှတ် (၂) တပ်ခွဲ (၃) တွင် ဗိုလ်ကြီး ရာထူးဖြင့် တပ်ခွဲမှူး အဖြစ် တာဝန်ပေး ခန့်အပ်ခြင်း ခံရလေသည်။

ဗမာ ကာကွယ်ရေး တပ်မတော် ကို တဖြည်းဖြည်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ စက်မှု လက်မှု တပ်ရင်း အမှတ် (၁) ကို ပျဉ်းမနားမြို့တွင် ဖွဲ့ခဲ့သည်။ ဗိုလ်ဗထူးအား ထိုတပ်တွင် ပြောင်းရွေ့ ထမ်းဆောင်စေ၍၊ ၁၉၄၃ ခုနှစ် နှစ်ဦးပိုင်းလောက်တွင် ထိုတပ်မှာပင် တပ်ရင်းမှူး အဖြစ် တာဝန် ပေးအပ်ခြင်း ခံရပြီးလျှင် ဗိုလ်မှူး အဆင့်အတန်းသို့လည်း တိုးတက် ခန့်ထားခြင်း ခံရသည်။ ကသာနယ်၊ အင်းတော်နယ် တဝိုက် ဗြိတိသျှ လေထီး တပ်သားများ လှုပ်ရှားမှု ရှိသောအခါနှင့် အင်ဖား ချီတက်ရန် လမ်းပန်း အဆက်အသွယ်များ လိုအပ်သော အချိန်တွင် ဗိုလ်မှူး ဗထူး၏ စက်မှု လက်မှု တပ်ရင်း အမှတ် (၁) သည် လမ်းပန်း ဖောက်လုပ်ရန်နှင့် လေထီးတပ်များနှင့် ရင်ဆိုင်ရန် မြောက်ပိုင်း စစ်မြေပြင်သို့ ထွက်လာရသည်။ အနေအထိုင် အစားအသောက် ဆင်းရဲခြင်း၊ ဆေးဝါး ရိက္ခာ ညံ့ဖျင်းခြင်း တို့ကြောင့် ရဲဘော်များ အဖျားအနာ ဖြစ်ပွား၍ ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင် ကြရလေသည်။ ဗိုလ်မှူး ဗထူး ကိုယ်တိုင်လည်း ငှက်ဖျားရောဂါ စွဲကပ်ခဲ့လေသည်။ ဆက်သွယ်ရေး မရရှိမှုတို့ကြောင့် ၁၉၄၃ ခု၊ သြဂုတ်လ ၁ ရက်နေ့တွင် ဂျပန်က မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးလိုက်သည် ကိုပင် ဗိုလ်မှူး ဗထူးတို့ မသိလိုက်ဟု ဆိုသည်။

၁၉၄၄ ခုနှစ်တွင် ဗမာ့ တပ်မတော် (လွတ်လပ်ရေး ရပြီးနောက် ဗမာ့ ကာကွယ်ရေး တပ်မတော်ကို ပြောင်းထားသော အမည်) ကို စစ်တိုင်းများ ခွဲခြား သက်မှတ်ကာ အုပ်ချုပ်သည်။ ထိုနှစ် မေလ ၅ ရက်နေ့တွင် ဗိုလ်မှူး ဗထူးအား တိုင်းမှူးအဖြစ် ခန့်အပ်ပြီးလျှင် မန္တလေးသို့ ရွှေ့ပြောင်းပေးသည်။ မန္တလေးတိုင်း စစ်နယ်သည် တောင်ဘက်တွင် ပျဉ်းမနား အထိ၊ မြောက်ဘက်တွင် တမူး - ကလေးဝ နယ်အထိ ကျယ်သည်။ တိုင်းအတွင်းတွင် ခြေလျင်တပ်ရင်း အမှတ် ၁၊ ၃၊ ၄ နှင့် ၅၊ စက်မှု လက်မှု တပ်ရင်း (၁)၊ အမြောက်တပ်နှင့် စက်သေနတ်ကြီး တပ်များ ရှိသည်။ ဗိုလ်မှူး ဗထူးသည် မန္တလေး စစ်တိုင်းမှူး အဖြစ် အဆက်ပြတ်နေသာ တပ်ရင်းများသို့ ရိက္ခာ၊ ဆေးဝါးများ ပို့ပေး၏။ အထူးသဖြင့် ဂျပန် တော်လှန်ရေး အတွက် ဦးစားပေးကာ စီစဉ်လေသည်။

၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ အတွင်းတွင် ဂျပန်ကို တော်လှန်ရန် ရန်ကုန်မြို့၌ လျှို့ဝှက်စွာ ကျင်းပသော ဆွေးနွေးပွဲသို့ ဗိုလ်ချုပ် အောင်ဆန်း နှင့် တော်လှန်ရေး ကော်မတီ အဖွဲ့ဝင်တို့နှင့် အတူ ဗိုလ်မှူး ဗထူး တက်ရောက်ခဲ့သည်။

၁၉၄၅ ခု နှစ်ဦးပိုင်းတွင် မဟာမိတ် တပ်တို့သည် မြန်မာနိုင်ငံ မြောက်ပိုင်းသို့ ဝင်ရောက်ကာ မန္တလေးမြို့သို့ ဦးတည် ချီတက်ကြသည်။ ဗိုလ်မှူး ဗထူးသည် နိုင်ငံရေး စည်းရုံးမှု၊ စစ်ရေး အခွင့်အရေးသာမှု တို့ကို ရှေးရှု၍ မိမိလက်အောက်ရှိ စစ်ကိုင်း၊ မန္တလေး၊ သီပေါမှ တပ်များဖြင့် ၁၉၄၅ ခု၊ မတ်လ ၈ ရက်နေ့တွင် ဂျပန်အား စတင် တော်လှန် တိုက်ခိုက်သည်။ ထိုအချိန်တွင် အောက်မြန်မာနိုင်ငံရှိ ဗမာ့ တပ်မတော်သည် ဂျပန်ကို တော်လှန်ရန် အသေးစိတ် စီစဉ်ချက်များ မပြီးပြတ် သေးသည်ကို ဗိုလ်မှူး ဗထူး သိသဖြင့် သူ၏ တပ်များ တော်လှန်မှု အတွက် ကျန်တပ်များ ဒုက္ခတွေ့မည်ကို သိရှိသောကြောင့် ဂျပန်ကို တော်လှန် တိုက်ခိုက်ရေး အတွက် ကြေညာချက်တွင် ဒေါက်တာ ဘမော်နှင့် လည်းကောင်း၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် လည်းကောင်း အဆက်အသွယ် ဖြတ်ကာ မိမိ၏ တပ်ကို ဗမာ့ တော်လှန်ရေး အဖွဲ့ကြီးနှင့် ပူးတွဲ ဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြ ကြေညာ ထားလေသည်။ သို့ရာတွင် ဗိုလ်ချုပ် အောင်ဆန်း နှင့်ကား နားလည်မှု ရထားပြီး ဖြစ်သည်။ ထိုသို့ ပရိယာယ်ဖြင့် ကြေညာချက်ကြောင့်လည်း အောက်မြန်မာနိုင်ငံရှိ တပ်အသီးသီးသည် ၁၉၄၅ ခု၊ မတ်လ ၂၇ ရက်နေ့တွင် ဂျပန် တော်လှန်ရန် အစီအစဉ်များကို အောင်မြင်စွာ ဆက်လက် လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

တော်လှန်ရေး စချိန်တွင် ဗိုလ်မှူး ဗထူးနှင့် အနီးကပ်ဆုံး တပ်များမှာ မုံရွာ၊ စစ်ကိုင်းနယ်ရှိ ဗိုလ်သိန်ဦး၏ လေယာဉ်ပျံပစ် အမြောက်တပ်ခွဲ၊ မန္တလေးမြို့ရှိ ဗိုလ်အာဠာဝက၏ လေယာဉ်ပျံပစ် အမြောက်တပ်ခွဲနှင့် မြစ်ငယ် ဒေသရှိ ဗိုလ်ရဲခေါင်၏ လေယာဉ်ပျံပစ် အမြောက်တပ်ခွဲတို့ ဖြစ်သည်။ အမှန်လက်တွေ့ တိုက်ခိုက်သူ ၁၅ဝ ခန့်နှင့် တော်လှန်ရေး အင်အားစုမှာ ရှစ်ထောင်ကျော် ရှိသည်။

မန္တလေးမြို့နှင့် မန္တလေးနယ်အတွင်း မဟာမိတ်များ မရောက်မီ ဗိုလ်မှူး ဗထူး တပ်များသည် ဂျပန်များကို ရှင်းလင်း ထားနိုင်ခဲ့သည်။ ဖွဲ့စည်းထားသော ပြည့်သူ့ ပြောက်ကျားတပ်များ အကူအညီဖြင့် မဟာမိတ် တပ်များလည်း အောင်မြင်စွာ ချီတက်၍ ဂျပန်တပ်များကို ချေမှုန်း နိုင်ခဲ့သည်။ မေမြို့ကို မဟာမိတ်များ သိမ်းပိုက်ရာတွင် ဗမာမျိုးချစ် ပြောက်ကျားများ၏ အကူအညီဖြင့် သိမ်းဆည်းနိုင်ခဲ့ကြောင်း မဟာမိတ်တို့၏ သတင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသာည်ကို တွေ့ရသည်။ ဗိုလ်မှူး ဗထူး၏ ထူးချွန်စွာ ဆောင်ရွက်မှုတို့ကြောင့် ၁၉၄၅ ခု၊ မေလ ၁ ရက်နေ့စွဲပါ ပြည်သူ့ လွတ်လပ်ရေး တပ်မတော် (ဗမာ မျိုးချစ် တပ်မတော်) အမိန့်ဖြင့် ဗိုလ်မှူး အဆင့်မှ ဗိုလ်မှူးကြီး အဆင့်သို့ ၂ ဆင့် တိုးတက် ပေးလိုက်လေသည်။ ထိုအမိန့်ကို ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် လက်မှတ် ရေးထိုး၍ “မန္တလေးနယ်တိုင်း တပ်မှူး ဗိုလ်မှူး ဗထူးအား သူရသတ္တိရှိခြင်း၊ ထူးခြားစွာ ခေါင်းဆောင်နိုင်ခြင်း တို့အတွက် ဗိုလ်မှူး အဆင့်အတန်းမှ ဗိုလ်မှူးကြီး အဆင့်အတန်းသို့ ၂ ဆင့် တိုးပေးလိုက်သည်” ဟု ဖော်ပြ ထားလေသည်။

ကွယ်လွန်ခြင်း

မန္တလေးမြို့ကို မဟာမိတ်တို့ ပြန်လည် သိမ်းပိုက်ပြီးသည့်နောက် ဗိုလ်မှူးကြီး ဗထူးသည် ကျောက်ဆည်မှ တဆင့် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့သို့ ရောက်ခဲ့သည်။ ထိုအချိန်သည် မိုးဥတုလည်း ဖြစ်၍ ရာသီဥတုမှာလည်း ကြမ်းလှသဖြင့် ခရီးပန်း၊ လူပန်း ဖြစ်ခဲ့ရသော ဗိုလ်မှူးကြီး ဗထူးနှင့်တကွ ရဲဘော်တို့သည် ကျန်းမာရေး ချို့တဲ့၍ ဖျားနာခြင်းများ ဖြစ်ကုန်၏။ ဗိုလ်မှူးကြီး ဗထူးသည်လည်း အင်းတော်၊ ကလေးဝ စစ်ကြောင်း၌ တိုက်ပွဲဝင်ရင်း စွဲကပ်ခဲ့သော ငှက်ဖျား ရောဂါ ပြန်ပေါ်လာတော့သည်။ ရှိသမျှ ဆေးဝါးတို့ဖြင့် အစွမ်းကုန် ကုစား ငြားသော်လည်း နာလန် မထူတော့ဘဲ ဗိုလ်မှူးကြီး ဗထူးသည် ၁၉၄၅ ခု၊ ဇွန်လ ၂ ရက်နေ့ ညဥ့် ၈ နာရီ ၁ဝ မိနစ် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့နယ် မြင်းကြာဒိုး ရွာအနီး ‘တယ်လူးစခန်း’ ၌ အသက်(၂၉)နှစ်အရွယ် ကွယ်လွန် အနိစ္စ ရောက်သွားလေသည်။ တယ်လူစခန်းမှာ အောင်ပန်းမြို့နယ် မြင်းကြာဒိုး ရွာအနီး အိမ်ခြေ ၇ အိမ်ခန့်သာ ရှိသော ရွာသိမ် ရွာငယ်ကလေးသာ ဖြစ်ပေသည်။ တောကြို အုံကြား စစ်မျက်နှာတို့၌သာ အချိန် ကုန်ခဲ့ရသော ဗိုလ်မှူးကြီး ဗထူးသည် ကွယ်ချိန်အထိ သူ့အား ဗိုလ်မှူးကြီး အဆင့်သို့ တိုးမြှင့် ဂုဏ်ပြုသော ဗိုလ်ချုပ် အောင်ဆန်း ၏ အမိန့်စာကို မဖတ်လိုက်ရချေ။ ဗိုလ်မှူးကြီး ဗထူးကား ဗမာ့လွတ်လပ်ရေး တပ်မတော်တွင်း ဝင်ရောက်သည့်နေ့မှ စ၍ ဇနီး၊ သားသမီးများထံသို့ တစ်ခါတစ်ခေါက် သွားရောက် ကြည့်ရူရန်ပင် အချိန် မရလောက်အောင် တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်များကို ဆောင်ရွက်ခဲ့သော အာဇာနည် ပုဂ္ဂိုလ်ကြီး တစ်ဦးပင် ဖြစ်လေသည်။

ဗထူးတပ်မြို့

အောင်ပန်းမြို့ (ကလောနှင့် ၅ မိုင် ကွာဝေးသည်) တွင် ဗိုလ်မှူးကြီး ဗထူးနှင့် ရဲဘော်များ အတွက် ကျောက်တိုင်တခု စိုက်ထူထားသည်။ အဆိုပါ ကျောက်တိုင်တွင် “ဗမာနိုင်ငံ ရှမ်းပြည်တောင်ပိုင်း ဖက်ဆစ် ဂျပန် တော်လှန် တိုက်ခိုက်ရေးတွင် ဦးစီးခဲ့၍၊ ၁၃ဝ၇ ခု၊ နယုန်လဆုတ် ၈ ရက်နေ့ ညဥ့် ၈ နာရီ ၁ဝ မိနစ် အချိန် တယ်လူး စခန်းတွင် ကျဆုံးရှာသော ဗိုလ်မှူးကြီး ကာနယ် ဗိုလ်ဗထူးနှင့် အထက်မြန်မာပြည် တိုက်ပွဲများတွင် ကျဆုံးသော သူရဲကောင်း ရဲဘော် နှစ်ဆယ့်ခြောက်ယောက်” ဟု ကမ္ပည်း ထိုးထား၏။ ဗိုလ်မှူးကြီး ဗထူးအား ချီးကျူးသော အားဖြင့် တပ်မတော်မှလည်း “ဗထူးတပ်မြို့” ဟူသော အမည်ဖြင့် တပ်စခန်းမြို့ တခုကို ရပ်စောက်မြို့ မြောက်ဘက် တမိုင်ခန့် အကွာတွင် တည်ထားလေသည်။

ဗထူး တပ်မြို့သည် ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၃ဝ၅ဝ အမြင့်တွင် တည်ရှိ၍၊ ၂၂ စတုရန်းမိုင် ကျယ်ပြန့်သည်။ ယခင်က နန်ဟူရွာပျက်ဟု မြေတိုင်း မြေပုံများတွင် ဖော်ပြထားသော အရပ်ဖြစ်၏။ လွယ်ဂုံချောင်းနှင့် ပိန်းချောင်းတို့ စုပေါင်း စီးဆင်းလာသော နန်ဟူချောင်းသည် တပ်မြို့ အလယ်မှ ဖြတ်စီးသွားပြီးလျှင် ဇော်ဂျီမြစ်နှင့် ပူးပေါင်းသွားသည်။ ထိုချောင်းမြောင်းများမှ အပ တပ်မြို့ ဧရိသာ တခုလုံးသည် မြက်ခင်းများ ဖုံးနေသော တောင်ကုန်းများ ဖြစ်သည်။

တပ်မတော် အရာရှိများ၊ အရာရှိငယ်များ အတွက် လေ့ကျင့်ရေး ကျောင်းများနှင့် တိုက်ခိုက်ရေး ကျောင်းများ ထားရှိရန် လိုလာသဖြင့် နေရာ ရွေးချယ်ခဲ့ရာ၊ ထိုစဉ်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး သရေစည်သူ ဗိုလ်မှူးချုပ် ကျော်ဇော၊ အမှတ် (၄) ခြေလျှင် တပ်မဟာမှူး သီရိပျံချီ ဗိုလ်မှူးကြီး စောမြင့်နှင့် လေ့ကျင့်ရေး ညွှန်ကြားရေးမှူး သီရိပျံချီ ဗိုလ်မှူးကြီး မောင်မောင်တို့က ယခုနေရာကို ရွေးချယ်ခဲ့ပြီးလျှင် ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလမှ အစပြု၍ တပ်မြို့ကို တည်ဆောက်ခဲ့လေသည်။

ဗမာ တပ်မတော် အင်ဂျင်နီယာ တပ်ဖွဲ့က တပ်မြို့နှင့် အဆောက်အအုံ တဝက်ခန့်ကို ဆောက်လုပ်ခဲ့၍ ကျန် အဆောက်အအုံ ဆောက်လုပ်ရေးကို အင်ဂျင်နီယာများ ဖြစ်သော ဦးစိုးခ၊ ဗိုလ်ကြိုင်၊ မစ္စတာ ချောင်ဒရီတို့က ဆောင်ရွက်ကြသည်။

ပထမဦးစွာ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း အတွက် အဆောက်အအုံများ ပြီးစီး၍၊ ၁၉၄၅ ခု၊ မတ်လ ၁ ရက်နေ့တွင် တိုက်ခိုက်ရေးကျောင်း စတင် စခန်းချသည်။ ဆက်လက်၍ စစ်တက္ကသိုလ်အတွက် အဆောက်အအုံများ ဆောက်လုပ်ပြီးစီး သဖြင့် ၁၉၅၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် စတင် စခန်းချသည်။ ၁၉၅၄ ခု၊ မတ် ၂ဝ ရက်နေ့တွင် တိရစ္ဆာန် မွေးမြူရေး တပ်ရင်း တခုကိုလည်း ထားရှိခဲ့သည်။ တပ်မြို့ တခုလုံးကို ၁၉၅၄ ခု၊ စက်တင်ဘာ ၃၁ တွင် ဆောင်လုပ်ပြီးစီး လေသည်။ ပထမ တပ်မြို့၊ မြို့နယ် တပ်မှူးကား သီရိပျံချီ ဗိုလ်မှူးကြီး ကျော်စိုး ဖြစ်သည်။

၁၉၅၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွေင် စစ်တက္ကသိုလ်နှင့် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း ပါဝင်သော ဗထူး တပ်မြို့ကို နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု ဖွင့်လှစ်ခဲ့သည်။

တပ်မတော် သူရဲကောင်းများ

ကိုးကား

မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း၊ ရန်ကုန်မြို့က ၁၉၆၃ ခုနှစ်မှာ ပဌမ အကြိမ် ပုံနှိပ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ စာပေဗိမာန်၏ ရုပ်ပြ ဗဟုသုတဘဏ်၊ ‘မြန်မာ့ စွယ်စုံကျမ်း၊ အတွက် - ၇ (ပဉ် - ဗီး)’ [For Ever Space က eBook အဖြစ် ဖြန့်ချိတဲ့ အွန်လိုင်း PDF စာအုပ်] မှာ စာမျက်နှာ ၃၃၄ မှ ၃၃၇ အထိ ဖော်ပြ ပါရှိခဲ့တဲ့ “မြန်မာ့ တပ်မတော် ဂုဏ်ထူးဆောင် မျိုးချစ် ဗိုလ်မှူးကြီး ဗထူး (ခရစ် ၁၉၄၅ လွန်)” အကြောင်းကို ပြန်လည် ထုတ်နုတ် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

Monday 12 September 2011

နိုင်ငံ့ဝန်ထမ်းလုပ်ကြမလား

ခုတစ်လောစာတွေမှာ နိုင်ငံ့ဝန်ထမ်းနေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သမ္မတကစပြီး အောက်ဆုံးအဆင့် ၀န်ထမ်းလေးအထိ ပြည်သူကပေးတဲ့ လစာရိက္ခာကိုစားတဲ့ ပြည်သူ့ဝန်ထမ်း များ ဖြစ်ကြတယ်။ ပြည်သူ လူထုဟာ ကျေးဇူးရှင် ထမင်းရှင်များဖြစ်တယ်။ ၀န်ထမ်းတွေဟာ ပြည်သူရဲ့အစေခံဖြစ်တယ် ဆိုတဲ့အယူအဆကို ရှေ့တန်းတင်ပြီးရေးနေတာကိုတွေ့ရတယ်။
ဒီလိုပြောနေ ၊ ရေးနေကြတဲ့အထဲမှာ ပညာတတ်ပါတယ်ဆိုတဲ့ ပညာရှင်တွေလဲပါတယ် ၊ နိုင်ငံကျော်ပါတယ် ဆိုတဲ့ စာရေးဆရာတွေလဲပါတယ် ၊ လူတွေကလေးစားပါတယ်ဆိုတဲ့ နိုင်ငံရေးသမားတွေလဲပါတယ် ဒီလူတွေကို ဘယ်လိုနားလည်ရမှန်းမသိအောင်ဖြစ်ရတယ် ။
ကျွန်တော်ကတော့ဒီအယူအဆကိုလက်မခံဘူး လုပ်အားတန်ဘိုးပေးဆပ်ပြီး နိုင်ငံဝန်ထမ်းနေတဲ့သူတွေရော ၊ ကိုယ့်ဝန်ကိုယ်ထမ်းပြီးအခွန်ဆောင်နေတဲ့ သူတွေရော အားလုံးဟာအတူတူဖြစ်တယ် အပြန်အလှန် အကျိုးပြုနေကြသူတွေဖြစ်တယ် ဘယ်သူကသခင် ဘယ်သူက အစေခံဆိုတဲ့စိတ်ဓါတ်မျိုး မြန်မာမြန်မာချင်း ထားဘို့မသင့်ဘူး အပြန်အလှန်လေးလေးစားစားရှိဘို့ပဲလိုတယ်......ဘာမှမလုပ်ပဲငုတ်တုတ်ထိုင်ပြီးပြည်သူ့ ဆီကအခွန်ကို ထိုင်စားနေတဲ့နိုင်ငံ့ဝန်ထမ်းဆိုလို့ တစ်ယောက်တစ်လေမှမရှိဘူး....
အေး..တစ်ခုတော့ရှိတယ် ပြည်သူ့အခွန်စားရင်ပြည်သူ့အစေခံဘဲဆိုတဲ့ တစ်ယူသန်အယူအဆမျိုး ရှိတဲ့လူတွေရှိနေတယ်ဆိုရင်လဲ သားတကွဲမယားတကွဲ မိတကွဲဖတကွဲနဲ့အပြင် အသက်နဲ့ပါ ရင်းပြီး နိုင်ငံကာကွယ်ရေးလုပ်နေတဲ့စစ်သည်လေးတွေကို တစ်လ ၂၂၀၀၀ ကျပ်ပဲပေးနေတာ ၊ ဘ၀ရဲ့အချိန်တွေကိုပညာသင်တဲ့အလုပ်နဲ့ရင်းနှီးကုန်ဆုံးခဲ့ပြီး မနက်ကနေညနေ ထိ အာပေါက်အောင် သင်နေ တဲ့ဆရာတွေကို  တစ်လ ငွေ ၃သောင်းလောက်နဲ့ ခိုင်းနေတာတွေဟာ တန်ရာတန်ဘိုးမဟုတ် ဘူးဖြစ်နေတယ် ၊ခြုံပြောရရင် သခင်ဆိုတဲ့သူတွေက အစေခံဆိုတဲ့သူတွေကို ပေးတဲ့အခကြေးငွေဟာ သိပ်နည်းနေတယ် မတရားသဖြင့်ခိုင်းနေသလိုဖြစ်နေတယ် အခွန်လျော့ဘို့တောင်းဆိုမယ့်အစား အခွန်တိုးဆောင်ဘို့ တောင်း ဆိုရမယ် ။ဒီလိုမဟုတ်ဘူးလား....။


ဒီနေ့နိုင်ငံဝန်ထမ်းလုပ်နေတဲ့သူတွေသာ ခင်ဗျားတို့ပြောသလို တန်မှလုပ်မယ်ဆိုတဲ့ စိတ်မျိုးထားနေရင် နိုင်ငံဝန်ထမ်း လုပ်မယ့်သူတောင်ရှိမှာမဟုတ်ဘူး.. .နေပူမရှောင် မိုးရွာမရှောင် နိုင်ငံကာကွယ်ရေးတာဝန်ထမ်းနေ တဲ့တပ်မတော်သားတွေ  ၊ နေ့ည ၂၄ နာရီဆိုသလိုသူများအငြိုငြင်ခံပြီး တရားဥပဒေစိုးမိုးရေးဆောင် ရွက်နေကြတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ ၊ မနက်ကညနေထိ အာပေါက်လုမတတ်ကလေးတွေကို ပညာသင်ပေးနေတဲ့ကျောင်းဆရာဆရာမတွေ ၊ ကျန်းမာရေးစောင့်ရှောက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အစရှိတဲ့ အားလုံးသော နိုင်ငံ့ဝန်ထမ်းတွေဟာ အခုရတဲ့လစာငွေလောက်နဲ့ လုပ်နေကြတာဟာ ၀မ်းရေးတစ်ခုတည်းကြောင့်လို့ ထင်နေတဲ့ ခပ်ညံ့ညံ့အတွေးအခေါ်မျိုးကို ထုတ်ပစ်လိုက်ဖို့လိုပါပြီ...မျိုးချစ် စိတ်တွေဘာတွေကြီးကြီးကျယ်ကျယ်ပြော မနေချင်တော့ပါဘူး...လွယ်တယ် ထင်ရင် ခုပဲနိုင်ငံဝန်ထမ်း ၀င်လုပ်ကြည့်လိုက်ပါ...၀င်မလုပ်ရင် လဲ တောင်ပြောမြောက်ပြောပြောတာတွေ ပြင်ကြပါ...ဒါပါပဲ

ဒေါက်တာဆိတ်ဖွားhttp://doctorsatephwar.blogspot.comမှကူးယူဖော်ပြပါသည်

Saturday 10 September 2011

မောထ..မဆုတ်တမ်းခံစစ်စခန်းနဲ့တစ်ညတာ..

မနက်မိုးလင်းလို့ကြားလိုက်ရတဲ့သတင်းက..ထောက်ပို့တပ်နဲ့မောထ.စခန်းရိက္ခာပုံတဲ့ယာဉ်တန်းလုံခြံရေးလိုက်ရမယ်တဲ့.

မောထ.စခန်းက.ကျွန်တော်တို့ထီးထဗျူဟာနဲ့ဆိုသိပ်မနီးဘူးဆိုပေမဲ့.အဝေးကြီးတော့မဟုတ်ပါဘူး..ကားနဲ့ဆို..နေ့ချင်းပြန်ရောက်နိုင်တဲ့အနေအထားမှာပါပဲ.ဒီတော့.စစ်ကြောင်းမှူးကလဲ.နေ့ချင်းပြန်လာရမဲ့ခရီးမို့လို့ရဲဘော်တွေကိုပေါ့ပေါ့ပါးပါးဖြစ်အောင်.အီကွေမန့်နဲ့သေနတ်ရယ်ပဲ.ယူခဲ့ဖိုမှာတယ်.ကျန်တဲ့.မိုးကာ.တွေရိက္ခာတွေကို.ဗျူဟာမှာပဲထားခဲ့ပြီး.ကျွန်တော်တို့စစ်ကြောင်း.ထီးထဗျူဟာစခန်းကနေစထွက်လာခဲ့တယ်.ဖြစ်ချင်တော့လှမ်းမှာကားကပျက်တယ်..ပြန်ပြင်တာနဲ့အချိန်ကနဲနဲလင့်သွားတယ်..မောထစခန်းကို.ရောက်တော့.မိုးကချုပ်စပြုနေပြီ.ဒါနဲ့ဗျူဟာကိုရောက်ကြောင်းသတင်းပို့တော့..ဗျူဟာကအဲဒီစခန်းမှာပဲ.အုပ်ခဲပုံပါတဲ့..အဲဒါမှသေရောပဲ..ဗျ.စားစရာရိက္ခာကတော့.ထောက်ပို့တပ်က.ခဏချီးပြီး..စားရင်ရတယ်ဆိုပေမဲ့.ေ၇ှ့တန်းမှာက.ကိုယ်တစ်ယောက်စာစောင်လေးတစ်ထည်လောက်နဲ့.မိုးကာလေးတစ်ထည်လောက်ပါကြတာဆိုတော့..ကျွန်တော်တို့စစ်ကြောင်းက.ပါလာတဲ့လူ ၁၂ယောက်လောက်ကို..စောင်တွေဘာတွေ..ဘယ်လိုခွဲပေးနိုင်မှာလဲ..စခန်းကစခန်းမှူးအကိုကြီးကတော့.စစ်ကြောင်းမှူးအတွက်ကို.သူ့တပ်ခွဲကနေထုတ်နုတ်ပီး.စောင်တစ်ထည်ပေးတယ်..ကျွန်တော့်ရဲဘော်တွေကိုကြည့်လိုက်တော့လဲ.အခြေအနေက.မကောင်းဘူး.မိုးကလဲချုပ်လာတာနဲ့အမျှအအေးဒဏ်လေးကလဲ..စိမ့်စိမ့်နေတာပဲဗျာ..ဒီလိုနဲ.ကျွန်တော်တို့တဲထဲမှာမီးဖိုလေးဖိုပြီး..ထိုင်နေလိုက်တာ..မနက်တာမိုးစင်စင်လင်းသွားတယ်.ကျွန်တော်တို့စစ်ကြောင်းမောထစခန်းကြီးမှာ.အိပ်ခွင့်ရကြပေမဲ့..ကျွန်တော်တို့မအိပ်ခဲ့ရဘူးဗျာ..(မာန်အွမ်)

ပွိုင့် - ၄၇၈၃


ပလက်ခို လို့တွေ့လိုက်ရလို့ ဘာလဲလို့တွေးနေမိကြမယ်ထင်ပါတယ်။ ကရင်ပြည်နယ် ဘောစဲခို ဒေသ အရှေ့ ဘက်စူးစူးမှာတည်ရှိနေတဲ့ တစ်ခုတည်းသော တောင်တစ်ခုပါ။ အမြင့်က မြေပုံပေါ်မှာ P-4783 ပွိုင့် ၄၇၈၃ လို့ ပြထားပါတယ်။ ဝန်းကျင်တစ်ဝိုက်မှာတော့ သူကအမြင့်ဆုံးဖြစ်နေပါတယ်။ အဲဒီတောင်ထိပ်ပေါ်မှာ စခန်းကြီး တစ်ခုတည်ထားပါတယ်။ သဘာဝကျောက်တုံးကြီးတွေနဲ့ မဟာဗျူဟာ ကားလမ်းမကြီးက တောင်ထိပ်ကိုဖြတ်ပြီး ဟိုးအရှေ့ဘက် သံလွင်မြစ်က နယ်ခြားထားတဲ့ ထီးထ- စောထဒေသအထိပေါက်ပါတယ်။ လမ်းမပေါ်မှာတော့ နင်းမိုင်းဆွဲမိုင်းတွေ အပင်ထွက်အောင်ကို စိုက်ပျိုး ထားပြီးသားလည်းဖြစ်ပါလိမ့်မယ်။ တောင်ထိပ်စခန်း ဖြစ်တာနဲ့အညီ လေကတဟူးဟူးနဲ့ မြူခိုး တောင်ငွေ့ဝေနေတာကများပါတယ်။ တောင်ထိပ်မှာ ရန်ကုန်ကလွှင့်တဲ့ City FM ရေဒီယို မိပါတယ်။ တောင်ထိပ်ရေဘယ်လိုဆင်းခပ်မလဲ မေးစရာရှိတယ်။ ရေက စခန်းခြံစည်း ရိုးထဲမှာပဲ ကျောက်သားကျောက်တုံးတွေကာရံထားတဲ့ ချိုင့်ကျင်းလိုနေရာကနေ ရေထွက်နေပါတယ်။ ကျောက်စိမ့်တွင်းပေါ့။ ၃ ရာသီ ရေမပြတ်ပါဘူး။ သဘာဝတရားကြီးကဖန်ဆင်းပေးထားလို့ တော်ပါသေးတယ်။ မဟုတ်ရင် တောင်ထိပ်မှာ စခန်းထိုင်နေတဲ့ စစ်သည်တွေ ရေ အတွက်နဲ့ တစ်နေ့တစ်နေ့ ဒုက္ခရောက်လိုက်မယ့် ဖြစ်ခြင်းရယ်။ ရေဆင်းခပ်ရတာက အသာထား။

တောင်အောက် စခန်းနဲ့အလှမ်းဝေးလေတော့ လူအမြဲ မနေနိုင်၊ ဒီတော့ အလစ်ကို ငပွေးက လာပြီး မိုင်းထောင်သွားမှာပါ။ ရေတစ်ခါချိုးဖို့ ခြေတစ်ဖက်နဲ့ လဲ လိုက်ရတဲ့ သာဓကတွေကလည်း မနည်းတော့ပြီလေ။ တောင်အောက်အဆင်းလမ်းမှာ သစ်ကြီးဝါးကြီးတွေ ပေါတော့ တောကောင်လေး ကြက်ငှက်လေး ထောင်ဖမ်းပြီး အသားဓါတ်ချို့တဲ့မှုကို ဖြည့်ဆည်းကြရ ပါတယ်။ တစ်နှစ်ပတ်လုံးစာ ရိက္ခာခြောက်တွေရှိပေမယ့် လူပါးစပ်က ချိုချဉ်ဖန်ခါး တောင့်တလာတော့ မတင်းတိမ်တာအမှန်ပဲလေ။ ဒီတော့ တောင်အောက်ဆင်း မျှစ်ချိုး ဖားငါးရှာ တောပစ် ။ ငပွေးက အလစ် လမ်းပေါ်တက် မိုင်းထောင်တာမျိုးရှိတတ်တော့ သွားလာ မိုင်းသတိ မိုင်းအသိက ပေါ့ဆလို့ကိုမရဘူး။ သစ်တုံးတို ဝါးပိုးခြောက်တွေမှာ ကပ်တွယ်နေတဲ့ မှိုမျိုးစုံ၊ သစ်ဝါးပိုး တွေက သဘာဝရဲ့ အစားအစာ အထူးအဆန်းတွေဖြစ်လာရတော့တယ်။ စခန်းအဆင်းလမ်းတစ်လျှောက် ပုရစ်တွင်းတူး ညည ပုရစ်ကို ဒယ်အိုးပူလေး ဆီပါးပါးလှိမ့်ကြော်စားရတဲ့အရသာကလည်း ထူးမှထူး။

ဝါးသစ်ချသီးပင်တွေပေါတာက နေ့စဉ်ဟင်းကိုဖြည့်ပေးပြန်တယ်။ထုပြီး အထဲကအဆံကို လှော်စား။ ကြော်စား။ ဟင်းအဖြစ်လုပ်စား တကယ်ကို မိုက်တယ်။ ကင်းသမား တွေ ညကင်းစောင့် လမ်းလျှောက် ထိုင်ထိုင် ရပ်ရပ် ဝါးသစ်ချသီးလှော် မဝါးရအမိန့်ထုတ်ရတယ်။ ကင်းပါဆို ပါးစပ်ကတဂျောက်ဂျောက်မြည်နေတာကိုး။ လုံခြုံမှုအရပေါ့။ ရေငွေ့စိုစို ကျောက်တုံးနက်ကြီးတွေမှာကပ်နေတဲ့ ကျောက်မှော်(ရေညှိပုံစံ) ပြုတ်ပြီး တပ်မတော်ကုလားပဲလှော်ထောင်းလေးနဲ့ သုပ်စား အရမ်းနူးညံ့တဲ့ဖြစ်ခြင်းဗျာ။ တစ်နေ့တစ်နေ့ ဘာမှ ထွေထွေထူးထူးလုပ်စရာမရှိ စာအုပ်မဆိုထားနဲ့ စာရွက်လေးတစ်ရွက်လောက် ဖတ်စရာ ရရင်ကို ကျေနပ် သဘောကျနေရတာ။ နောက်တန်းအကြုံနဲ့ စားစရာရယ် စာလေးတစ်စောင် နှစ်စောင်နဲ့ ဖတ် စရာစာအုပ်လေးတွေရောက်လာတဲ့နေ့ကတော့ လောကနိဗ္ဗာန်အလားထင်မှတ်ထားကြရတဲ့အဖြစ်။ ရက် တွေ၊လတွေမြန်မြန်ကုန်ပါစေလို့ပဲ တောင်ထိပ်ကနေ ဘုရားစာရွက်သလိုရွက်တဲ့သူကလည်းရှိသေး။ ဘာပဲ ဖြစ်ဖြစ် နောက်တော့လည်း ဒီတောဒီတောင် ဒီဒေသတွေကို သတိတရတော့ဖြစ်မိသားလေ။

@@@ By နေလွမ်းသူ (mmcyber ဖိုရမ်တွင် တင်ပြီးဖြစ်)http://naylwanthu1.blogspot.com(မှကူးယူဖော်ပြပါသည်)

မြန်မာ့တပ်မတော်


မဲသဝေါစစ်ဆင်ရေး၏ အလှည့်အပြောင်းဖြစ်စေသော တိုက်ပွဲ (၂)

အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးနောက်မှာ လက်ရှိစစ်ကြောင်း (၁) နေရာကနေပဲ တိုက်စစ်ဆင်ဖို့အတွက် စုရပ်နဲ့ စီရပ်ကို တစ်ထပ်ထည်းရန် တပ်ရင်းမှူးက ဆုံးဖြတ်ခဲ့ပါတယ်… ရှေ့တန်းတပ်စိတ်တွေ ကတုတ်ကျင်းထဲမှာပဲ ကျဉ်းကျဉ်းကျပ်ကျပ် အမြဲနေနေရတာကြောင့် လန်ူဆန်းနေစေရန် ၁၂ နာရီကို တစ်ကြိမ် လူသစ်လဲလှယ်ပြီး တာဝန်ပေးခဲ့ပါတယ်… စားရေးသောက်ရေး ကိုတော့ သက်ဆိုင်ရာ တပ်ခွဲရုံးတွေကပဲ စီစဉ်ပေးစေပါတယ်… တိုက်စစ်မှာ စီရပ်လုံခြုံရေးဟာ အရေးကြီးပါတယ်… ဒီ့အတွက် လူ (၅၀) စာ တန်းစီထိုင်နိုင်ပြီး လုံခြုံတဲ့ ဆက်သွယ်ရေးမြောင်းကြီးကို ရန်သူ့နေရာနဲ့ရင်ဘောင်တန်း အနေအထားအတိုင်း တူးစေခဲ့ပါတယ်… နှစ်ရက်နဲ့ပဲ ပြီးစီးခဲ့ပါတယ်… တပ်ရင်းမှူးဟာ တပ်ခွဲနှစ်ခွဲမှ လက်ရွေးစဉ်စစ်သည်တွေချည်း စုဖွဲ့တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားခဲ့တာကြောင့် ချေမှုန်းရေးတာဝန်ထမ်းဆောင်မယ့် တပ်ခွဲမှူးနှစ်ဦးကို ခေါ်ယူပြီး တိုက်စစ်စီမံချက်ကို ရှင်းလင်းပြောပြခဲ့ပါတယ်… အမှတ် (၃) တပ်ခွဲမှူးဟာ လက်ရွေးစင်တပ်ဖွဲ့စုကို မိမိကိုယ်တိုင်ဦးဆောင်ပြီး ချေမှုန်းတိုက်ချက်လိုကြောင်း တပ်ရင်းမှူးထံကို တင်ပြခဲ့ပါတယ်… တပ်ရင်းမှူးဟာ ခွဲ (၂) နဲ့ ခွဲ (၃) မှ တပ်ခွဲမှူးများဦးစီးပြီး လက်ရွေးစဉ်စစ်သည် (၂၅)ဦးစီပါတဲ့ တပ်ဖွဲ့ နှစ်ဖွဲ့ကို ရွေးချယ်စုဖွဲ့ စေခဲ့ပါတယ်…. လက်ရွေးစဉ်စုဖွဲ့ထားတဲ့ တပ်ခွဲ နှစ်ခွဲမှ စစ်သည်တွေကို စိတ်ဓာတ်မြင့်မားရေး ဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်စေပြီး တိုက်ပွဲမ၀င်မီ ကာလတစ်လျောက်လုံးအနားပေးထားခဲ့ပါတယ်…

၁၉၈၈ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာတော့ ပွိုင့် (၈၆၅) စခန်းကို ရောက်ရှိလာတဲ့ စစ်ဆင်ရေး ကွပ်ကဲမှု အထူးအဖွဲ့မှူးဟာ ခမရ (၃) တပ်ရင်းမှူးကို စစ်ဆင်ရေးညွှန်ကြားချက်ပေးဖို့အတွက် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ၀၉၀၀ နာရီအရောက် မဲသဝေါဒေသ စစ်ဆင်ရေး ရှေ့တန်းကွပ်ကဲမှုဌာနချုပ်၊ ပွိုင့် (၈၆၅) စစ်ဆင်ရေး ကွပ်ကဲမှု ခန်းမကို ခေါ်ထားခဲ့ပါတယ်… ခမရ (၃) တပ်ရင်းမှူး ရောက်ရှိလာပြီးနောက်မှာ စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့မှူးက ” ထိုးစစ် အဆင့် (၁) အဖြစ် ခမရ (၃) ကပင် ဦးဆောင်၍ ၄င်းတို့ရင်ဆိုင်ထားသော ရန်သူ့နေရာကို စတင်တိုက်ခိုက်ရမည် ဖြစ်ကြောင်း… လက်နက်ကြီး၊ လက်နက်ငယ်များအတွက် ကျည် လိုသလောက်ထုတ်ယူရန်နှင့် .၅၀ လက်မ စက်သေနတ်ကြီးနှင့် ၄င်းကျည် ၁၀၀၀ ထပ်ဖြည့်ပေးမည် ဖြစ်ကြောင်း… တိုက်ရိုက်ပစ်ကူ အဖြစ် ၁၂၀ မမ စိန်ပြောင်း လေးလက်ဖြင့် ပစ်ခတ်ပေးမည်ဖြစ်ပြီး ၇၆ မမ အမြောက်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အရန်၊ ၈၁ မမ စိန်ပြောင်း ရှစ်လက်က အခြား ရန်သူ့နေရာများကို ဦးနှိမ်ပစ်ခတ်ထားမည် ဖြစ်ကြောင်း… တပ်ရင်းအနေဖြင့် မိမိတပ်ရင်းရှိ လက်နက်ကြီးများ၏ ပစ်ကူကို လိုအပ်လျှင် လိုအပ်သလို အသုံးပြုရန် ” စသည်ဖြင့် စစ်ဆင်ရေး ညွှန်ကြားချက်ကို ပေးပါတယ်…

စစ်ဆင်ရေးညွှန်ကြားချက် ပေးပြီးနောက်မှာ စစ်ဆင်ရေးအဖွဲ့မှူး၏ ပြန်လည်မေးမြန်းချက်အရခမရ (၃) တပ်ရင်းမှူးက ဖြေကြားရာမှာ ” မိမိတပ်ရင်း၌ ၇၅ မမနောက်ပွင့်ရိုင်ဖယ် တစ်လက်၊ ၈၁ မမ စိန်ပြောင်း နှစ်လက်၊ ၆၀ မမ စိန်ပြောင်း သုံးလက်၊ ၈၄ မမနောက်ပွင့်ရိုင်ဖယ် နှစ်လက်၊ စက်လတ် လေးလက်နှင့် ဘီအေ ၁၀၃ လောင်ချာနှစ်လက် ရှိပြီး ဖြစ်ပါကြောင်း… ယင်းပစ်အားဖြင့်ပင်လုံလောက်ပါသောကြောင့် မူလစီမံထားသည့် ၁၂၀ မမ စိန်ပြောင်းကြီး လေးလက် အစားနှစ်လက်ဖြင့်ပင် လုံလောက်ပါကြောင်…၊ စိန်ပြောင်းကြီး လေးလက်ဆိုင်ပစ်ခဲ့ပါက တိုက်ပွဲပြီးချိန်တွင်ရန်သူ့ထံမှ မည်သည့်ပစ္စည်းကိုမှအကောင်းပကတိ သိမ်းဆည်းရမိနိုင်တော့မည် မဟုတ်ပါကြောင်း… ” စသည်ဖြင့်ဖြေကြားခဲ့ပါတယ်… ဒါကြောင့် စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့မှူးဟာ ၁၂၀ မမ စိန်ပြောင်းကြီး နှစ်လက်ကို မူလရည်မှန်းချက်ဆီ မပစ်ခိုင်းတော့ပဲနောက်နေ့မှာ ခမရ (၃) က ဆက်တိုက်ရမယ့် ရည်မှန်းချက် ” နီလာ ” ပစ်မှတ်ကိုပစ်ခိုင်းမည်ဖြစ်ကြောင်း… ဘယ်အချိန်မှာ စတင်တိုက်စစ်ဆင်နိုင်မယ်ဆိုတာတွေကို မေးမြန်းခဲ့ပါတယ်… ခမရ (၃) တပ်ရင်းမှူးက လက်နက်ခဲယမ်းထုတ်ချိန်နှင့် အခြေပြုနေရာကို ပြန်ဖို့အချိန်ပါဆိုလျှင် ၁၂၀၀ နာရီတွင်အခြေပြုနေရာသို့ ပြန်ရောက်နိုင်ပါကြောင်း… ပြင်ဆင်ချိန် နှစ်နာရီ ခန့်လိုအပ်ပြီး ၁၄၀၀ နာရီတွင် စတင်တိုက်ခိုက်နိုင်မည် ဖြစ်ကြောင်း တင်ပြရာစစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့မှူးက ၁၅၀၀ နာရီမှာ စတင်တိုက်ခိုက်ရန်သတ်မှတ်ပေးလိုက်ပါတော့တယ်…

ဒီ့နောက်မှာ ခမရ (၃) တပ်ရင်းမှူးအနေနဲ့ အမြောက်ပစ်ကူအတွက် ပေါင်းစပ် ညှိနှိုင်းရာမှာ အမြောက်ပစ်ကူကို န-နာရီထားပြီး မတိုက်ခိုက်ချင်ကြောင်း… ကျည်ကို သုံးနိုင်သမျှ ပစ်ကူပေးရန်… မိမိက အပစ်ရပ်စေလိုချိန်မှာ အပစ်ရပ်ဆိုင်းပေးရန်… မိမိစိတ်ကြိုက် ပစ်ခတ်မှု ရပြီးပါက အမြောက်အပစ်ရပ်စေပြီး မိမိ ချေမှုန်းရေးတပ်များက တက်ရောက်ချေမှုန်းတိုက်ခိုက်မှာ ဖြစ်ကြောင်း ညှိနှိုင်းခဲ့ပါတယ်… အမြောက်တပ်ဖွဲ့ မှလည်း ယခုတိုက်ပွဲအတွက် အမြောက်ကျည် ၅၀ မှ ၁၀၀ အထိ ပစ်ကူပေးမည် ဖြစ်ကြောင်း… လိုအပ်ပါကလည်း လိုအပ်သလို ပစ်ကူပေးမည် ဖြစ်ကြောင်း… ရပ်စေလိုသည့်အချိန်မှာ အပစ်ရပ်ပေးမည် ဖြစ်ကြောင်း… ဆက်သွယ်မှု မပြတ်တောက်စေရန်သာ အရေးကြီးကြောင်း ညှိနှိုင်း ရရှိခဲ့ပါတယ်…

ခမရ (၃) တပ်ရင်းမှူးဟာ စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့မှူးဆီမှ အမိန့်နာခံပြီးတာနဲ့ လိုအပ်တဲ့ ခဲယမ်း မီးကျောက်တွေ ထုတ်ယူပြီး မိမိစစ်ကြောင်းရှိရာကို ပြန်လည်ထွက်ခွာခဲ့ရာ ၁၂၃၀ နာရီအချိန်မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်… ရောက်ရောက်ချင်းပဲ တပ်ခွဲမှူးများကို ခေါ်ယူပြီး တိုက်စစ်စီမံချက်ကို အသေးစိတ် ထပ်မံရှင်းပြပြီး တိုက်ပွဲဝင်ဖို့ အသေးစိတ် ပြင်ဆင်ပါတော့တယ်… တိုက်စစ်စီမံချက် အသေးစိတ်ကတော့…

ချေမှုန်းရေးတပ်ခွဲ နှစ်ခွဲမှ လက်ရွေးစဉ် စစ်သည်တွေဟာ ကြိုတင်တူးထားတဲ့ ဆက်သွယ်ရေးမြောင်းကြီးထဲမှာ ၁၄၃၀ အချိန်အပြီး ၀င်ရောက် နေရာယူထားရန်… ကာပစ်အတွက် တပ်ခွဲမှူးတစ်ဦးက ဦးစီး၍ ၁၄၃၀ အချိန်အပြီး နေရာယူရန်… ကြိုတင်ပစ်ကျင်းတူးထားသည့်နေရာမှ ၇၅ မမ တစ်လက်… စက်လတ် နှစ်လက်၊ ကျန် တပ်စု လက်နက်များဖြင့် အမိန့်ရသည်နှင့် စတင်ပစ်ခတ်ရန်… အမြောက်အကဲကြည့် အဖွဲ့ဟာ ရန်သူ့နေရာကို ကာပစ်နေရာမှ ဘေးတိုက် အကဲကြည့်ရန်… ရန်သူ့စခန်းကို အလျားလိုက် မြင်ကွင်းအတိုင်း နှစ်ခြမ်းကွဲသွားအောင် .၅၀ လက်မ စက်သေနတ်ကြီးဖြင့် စစ်ကြောင်း (၁) နေရာမှ ပိုင်းဖြတ်ပစ်ခတ်ပေးရန်… ၈၄ မမ နောက်ပွင့်ရိုင်ဖယ်ကို တပ်ရင်းမှူးအနီး နေရာယူ၍ ရန်သူ့နေရာအား တိုက်ရိုက်ပစ်ခတ်ရန်… လိုအပ်လျှင် လေကွဲ ပစ်ခတ်ရန်… ၈၀ မမနှင့် ၆၀ မမ စိန်ပြောင်းတို့ဖြင့် စစ်ကြောင်း (၁) နေရာမှ ပစ်ကူပေးရန်… အနီးကပ် ပစ်ခတ်ရမှာ ဖြစ်တာကြောင့် အကူယမ်းထုပ်များ မပါပဲ ပို့ကျည်သက်သက်ဖြင့်သာ ပစ်ခတ်ရန်… ၈၁ မမ ဗုံးသီးကို စနက် အနှေးတလှည့် အမြန်တလှည့် အဆက်မပြတ် လျှင်မြန်စွာ ပစ်ခတ်ရန်… ဗုံးသီးများကို ကြိုတင် ပြင်ဆင်ထားရန်… ရန်သူ့နေရာကို လက်နက်ငယ်များဖြင့် အသံမဆဲအောင် ဦးနှိမ်ပစ်ခတ်ထားရန်… အမြောက်နှစ်လက်သည် ၁၅၀၀ အချိန်မှစပြီး အကဲကြည့် စတင်ပစ်ခတ်မည်ဖြစ်ပြီး နောက်ဆုံးကျည် ၁၀ တောင့်ကျန်လျှင် ချေမှုန်းရေးတပ်များ အသင့်ပြင်ရန်… တပ်ရင်းမှူးမှ အချက်ပေးသည်နှင့် ချေမှုန်းရေးတပ်များ ဆက်သွယ်ရေးမြောင်းမှ အမြန်ဆုံးခုန်ထွက်ကာ ရန်သူ့နေရာကို လှံစွပ်ထိုး သိမ်းပိုက်ရန်… တပ်ရင်းမှူးသည် .၅၀ လက်မ စက်သေနတ်ကြီးဘေးမှ မျက်မြင်ပစ်ခတ်မှုကို ကွပ်ကဲသွားမည်… စစ်ကြောင်း (၂) နှင့် တပ်ခွဲ တစ်ခွဲသည် ၄င်းရင်ဆိုင်ထားရသော တောင်ကြောရှိ ရန်သူနှင့် ရန်သူ့လက်နက်ကြီး ပစ်ခတ်သည့်နေရာကို မျက်မြင် မြင်တွေ့ရပါက မိမိ လက်နက်ကြီးဖြင့်တန်ပြန်ပစ်ခတ်ပေးရန်… ချေမှုန်းရေးအတွက် န-နာရီ မထားပဲ တပ်ရင်းမှူးက တိုက်ပွဲအခြေအနေကို သုံးသပ်ပြီး ချေမှုန်းရေးအတွက် အမိန့်ပေးသွားမည်… တပ်ရင်းမှူး၏ အမိန့် မရမချင်း ချေမှုန်းရေးတပ်များ ရန်သူ့လက်နက်ကြီးနှင့် မိမိ အမြောက်ပစ်ခတ်မှုကြောင့် မထိခိုက်စေရေးအတွက် ဆက်သွယ်ရေးမြောင်းထဲတွင် လုံခြုံစွာ နေရာယူထားကြရန်…

ခမရ (၃) တပ်ရင်းမှူးဟာ တိုက်စစ်အတွက် ပြင်ဆင်ချိန် (၃) ရက် ရရှိခဲ့ပါတယ်… လိုအပ်ချက်များအားလုံး ဆောင်ရွက်ပြီးစီးပြီဖြစ်တာကြောင့် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ၁၄၃၀ အချိန်မှာ တိုက်စစ်အတွက် အားလုံး အဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်းကို တီအာရ်အေ-၉၀၆ စက်နဲ့ နည်းဗျူဟာမှူးထံ သတင်းပို့လိုက်ပါတော့တယ်…

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ၁၅၀၀ အချိန်မှာ ပွိုင့် (၈၆၅) တောင်ကုန်းမှာနေရာယူထားတဲ့ အမြောက်စခန်းမှ ၁၂၀ မမ ယူဂိုစိန်ပြောင်း နှစ်လက်ဖြင့် ခမရ(၃) တိုက်ခိုက်မယ့် ရန်သူ့နေရာကို စတင်အကဲကြည့် ပစ်ခတ်ပါတယ်… မူလကတည်းက ကြိုတင် အကဲကြည့်ပြီး မှတ်ပုံတင်ထားတာကြောင့် သုံးလုံးမြောက် အမြောက်ကျည်ဟာ ပစ်မှတ်အပေါ် တိုက်ရိုက်ထိမှန်ခဲ့ပြီး ချေမှုန်းပစ်ခတ်ခြင်း စတင်ခဲ့ပါတယ်… ရန်သူ့ဖက်ကလည်း နေ့စဉ်လုပ်ရိုးလုပ်စဉ်အတိုင်း တပ်များရှိရာ နေရာအားလုံးကို လက်နက်ကြီး၊ လက်နက်ငယ်တို့နဲ့ ပြန်လှန်ပစ်ခတ်ပါတယ်… ပွိုင့် (၈၆၅) တောင်ကုန်းမှာရှိနေတဲ့ အမြောက်စခန်းကိုလည်း အဆင့်မြင့် ဒုံးကျည် ဖြစ်တဲ့ ၂.၇၅ လက်မ ဒုံးကျည်နဲ့ အဝေးကနေ တန်ပြန်ပစ်ခတ်ပါတယ်… ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အရန်၊ ၈၁ မမ စိန်ပြောင်းတပ်ဖွဲ့ကလည်း ရန်သူ့ လက်နက်ကြီးနေရာနဲ့ ကွပ်ကဲမှုနေရာတွေအားလုံးကို အကဲကြည့် ပစ်ခတ်မှုဖြင့် ဦးနှိမ်ပစ်ခတ်ပေးနေပါတယ်… ၇၆ မမ အမြောက် နှစ်လက်ကိုလည်း မဲသဝေါ ပင်မစခန်းဆီ ဦးနှိမ်ပစ်ခတ်ပေးထားပါတယ်… စစ်ဆင်ရေးကွပ်ကဲမှု တည်ရှိရာ ပွိုင့် (၈၆၅) စခန်းမှာရှိနေကြတဲ့သူတွေဟာလည်း ခမရ (၃) တပ်ရင်းမှူးထံကနေ ပေးပို့လာမယ့် အောင်ပွဲသတင်းကို စောင့်မျှော်နေကြပါပြီ… စစ်ဆင်ရေးခွင် တစ်ခုလုံးမှာ ရှိနေကြတဲ့ စစ်ကြောင်းမှူးတွေ၊ တပ်ခွဲမှူးတွေဟာလည်း မိမိတို့ရဲ့ ဆက်သွယ်ရေးစက်တွေနဲ့ ခမရ (၃) ရဲ့ တိုက်ပွဲဝင်မှုကို ကြားဖြတ်ဖမ်းယူပြီး နားထောင်နေကြပါတယ်…

ပစ်ခတ်လိုက်တဲ့ အမြောက်ကျည်တွေဟာ ပစ်မှတ်အပေါ်ကို တိတိကျကျ ကျရောက်ပေါက်ကွဲနေတာကြောင့် ရန်သူတွေဟာ ခေါင်ကတုတ်တွေထဲမှာ မနေရဲတော့ပဲ နီးစပ်ရာ လျှိုတွေထဲကို ဆင်းပြီး ခိုအောင်းနေကြရပါတယ်… အမြောက်သံစဲတဲပအခါမှ လုပ်နေကြအတိုင်း မူလကျင်းတွေထဲပြန်ဝင်ပြီး ချီတက်လာတဲ့ တပ်မတော်စစ်ကြောင်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်မယ့်သဘောပါ… ဒါပေမယ့်လည်း .၅၀ စက်သေနတ်ကြီးရဲ့ ပစ်ခတ်မှုကလည်း ပစ်ခတ်သူရဲ့ကျွမ်းကျင်မှုရှိသလောက် ထိရောက်နေတာကြောင့် စက်သေနတ်ပြောင်းရှေ့ပစ်လမ်းမှာရှိနေတဲ့ ၀ါးပင်တွေအားလုံးပြတ်လဲကုန်ပြီး ရန်သူ့တောင်ကုန်းစခန်းကို သဲသဲကွဲကွဲ တွေ့မြင်လာရပါတယ်… ရန်သူ့စခန်းကို အလျားလိုက်မြင်ကွင်းအတိုင်း ကျည်သွားလမ်း ထက်/အောက် ရွေ့လျားပစ်ခတ်စေတာကြောင့် ရန်သူ့စခန်းကို အလျားလိုက် နှစ်ပိုင်းကွဲအောင် ပိုင်းဖြတ်ပစ်နိုင်ခဲ့ပါတယ်… ခမရ (၃) တပ်ရင်းမှူးဟာ လက်နက်ကြီး၊ လက်နက်ငယ် တို့ရဲ့ သဘောတရားကို ပိုင်ပိုင်နိုင်နိုင် သဘောပေါက်ထားသူဖြစ်တာကြောင့် ကျည်ကျချက်တွေ ရှုပ်ထွေးကုန်မှာစိုးပြီး အမြောက်အကဲကြည့်ရဲ့ အကဲကြည့်ပစ်ခတ်မှု စိတ်တိုင်းကျမှသာ တပ်ရင်းပိုင် လက်နက်ကြီးတွေကို စတင် ပစ်ခတ် စေခဲ့တာပါ…

၈၁ မမ နဲ့ ၆၀ မမ စိန်ပြောင်းတွေကိုလည်း ကိုက် ၂၀၀ အကွာအဝေးအတွက် အကူယမ်းထုပ်မပါပဲ ပို့ကျည်သက်သက် ပစ်ခတ်စေခဲ့တာကြောင့် ကျည်စုပစ်ခတ်နိုင်ခြင်း၊ လျှင်မြန်စွာပစ်ခတ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေအပြင် ပြောင်းထွက်သံဟာ လက်နက်ငယ် ထွက်သံလောက်သာ ထွက်ပြီး မိမိလက်နက်ကြီးပစ်ခတ်တဲ့နေရာကို ရန်သူက ဘယ်လိုမှခန့်မှန်းမရပဲ တန်ပြန်ပစ်ခတ်နိုင်စွမ်း မရှိခဲ့ပါဘူး… ရန်သူတွေဟာလည်း တိကျတဲ့ အမြောက်ဆံ ထိမှန်မှုကို ရှောင်ဖို့အတွက် စခန်းတောင်စောင်းလျှိုထဲကို ယာယီဆင်းပြေးခဲ့ကြရပါတယ်… ဒါကို ဘေးတိုက်နေရာယူထားတဲ့ မိမိ ကာပစ်အဖွဲ့က ၇၅ မမ နောက်ပွင့်ရိုင်ဖယ်နဲ့ စက်လတ် ၂လက် တို့နဲ့ ချေမှုန်းပစ်ခတ်ခဲ့တာကြောင့် ရန်သူဟာ စခန်းပေါ်ပြန်မတက်နိုင်ကြတော့ပဲ လျှိုအတိုင်း မဲပေါချောင်းကနေတဆင့် သောင်းရင်းမြစ်ဖက်ကို အပြီးအပိုင် ထွက်ပြေးရပါတော့တယ်…

တပ်မတော်က တပ်ရင်းပိုင် လက်နက်ကြီးတွေ၊ အမြောက်ပစ်ကူတွေနဲ့ ချေမှုန်းပစ်ခတ်နေပေမယ့် ရန်သူဟာ တိုက်ပွဲတစ်လျှောက်လုံး ပစ်ခတ်သံမဆဲအောင် အဆက်မပြတ် ပြန်လှန်ပစ်ခတ်နေခဲ့ပါတယ်… ဒါပေမယ့် ရန်သူ့လက်နက်ငယ် ပစ်ခတ်မှုဟာ ထိရောက်မှုမရှိပဲ သစ်ပင်ထိပ်ဖျားတွေပေါ်ကနေ ကျော်ဖြတ်နေတာကို ခမရ (၃)တပ်ရင်းမှူးက သိရှိလိုက်ပါတယ်… ဒီအခြေအနေကို အခွင့်ကောင်းယူပြီး တပ်ရင်းမှူးက ချက်ချင်းပဲ ချေမှုန်းရေးတပ်ခွဲတွေကို ” ရန်သူဟာ ကျင်းထဲမှာထိုင်ပြီး သေနတ်ထောင်ဖောက်နေတာသာဖြစ်ကြောင်း၊ ပစ်ခတ်မှု ထိရောက်မှုမရှိကြောင်း ” ပြောကြားပြီး လှံစွပ်ထိုးချေမှုန်းဖို့ အသင့်ပြင်ဆင်ထားရန် အမိန့်ပေးလိုက်ပါတော့တယ်…

၁၆၃၀ နာရီမှာတော့ အမြောက်ကျည် ၁၀ တောင့်သာ ကျန်တော့ကြောင်း၊ ထပ်ပစ်ပေးဖို့ လို မလိုကို အမြောက်အကဲကြည့်က သတင်းပို့လာပါတယ်… တပ်ရင်းမှူးက ကျန်ရှိနေတဲ့ နောက်ဆုံး ၁၀ တောင့်ကို ထပ်ပစ်ပေးဖို့နဲ့ နောက်ဆုံးကျည် ပစ်ပြီးတာနဲ့ သတင်းပို့ဖို့ အမြောက်အကဲကြည့်ကို အကြောင်းကြားလိုက်ပါတယ်… ချေမှုန်းရေးတပ်ခွဲမှူးများကိုလည်း အခြေအနေကို အသိပေးပြီး လှံစွပ်ထိုးဖို့အမိန့်ကို စောင့်ဆိုင်းခိုင်းထားလိုက်ပါတယ်… အမြောက်ကျည် ပေါက်ကွဲအစအနတွေဟာ ချေမှုန်းရေးတပ်များပေါ်မှာ ၀ဲပျံနေပေမယ့် ဆက်သွယ်ရေးမြောင်းတွေထဲမှာ စနစ်တကျ နေရာယူထားတာကြောင့် ထိခိုက်မှု လုံးဝမရှိခဲ့ပါဘူး…

၁၆၄၅ နာရီမှာ အမြောက်ကျည် အားလုံးပစ်ခတ်ပြီးကြောင်း အမြောက်အကဲကြည့်က သတင်းပို့ပါတယ်… သတင်းပေးပို့ချက် ရရှိတာနဲ့ တပ်ရင်းမှူးဟာ ချေမှုန်းရေးတပ်ခွဲ နှစ်ခွဲကို လှံစွပ်ထိုးချေမှုန်းရန် ချက်ချင်းအမိန့်ပေးလိုက်တော့တာပါပဲ… အမိန့်ရတာနဲ့ လက်ရွေးစဉ်စစ်သည်တွေဟာ ဆက်သွယ်ရေးမြောင်းထဲက ခုန်ထွက်လိုက်ကြပြီး မိမိတို့တပ်ရင်းအမည်ကို အော်ဟစ်ပြီး ရန်သူ့တောင်ကုန်းကို တဟုန်ထိုး ပြေးတက်သိမ်းပိုက်ကြပါတော့တယ်… ချေမှုန်းရေးတပ်တွေဟာ ကိုက် ၂၀၀ ခရီးကို အပြေးချီတက်တိုက်ခိုက်ခြင်း ဖြစ်တာကြောင့် အမြောက်အပစ်ရပ်တာနဲ့ ကျည်ရောက်လူရောက်သဘောမျိုး ချီတက်နိုင်ခဲ့ကြပါတယ်… ပစ်ခတ်မှုနဲ့ တပ်လှုပ်ရှားမှုဟာ အံဝင်ခွင်ကျ ဟန်ချက်ညီခဲ့ပါတယ်…

ဒီ့အတွက်ကြောင့် လက်နက်ကြီးပစ်ခတ်မှု ရပ်စဲသွားချိန်မှ ပြန်လည်ခေါင်းထောင်လာပြီး နေရာပြန်ယူတတ်ကြတဲ့ ရန်သူတွေဟာ အမြောက်သံစဲသွားတာနဲ့ ချေမှုန်းရေးတပ်တွေ ပစ်တက် တက်ပြီး ချက်ချင်းရောက်ရှိလာကြတာကို လုံးဝအငိုက်မိသွားခဲ့ပါတယ်… ကျည်ကတ်ထဲကျန်နေတဲ့ လက်ကျန်ကျည်ကို ပစ်ခတ်တဲ့သဘောသာ ပြန်လည်ပစ်ခတ်နိုင်ပြီး တောင်ကြောလမ်းအတိုင်း ဆုတ်ခွာသွားကြပါတော့တယ်… ဒီအခါမှ မိမိအမြောက်နဲ့ စိန်ပြောင်းတွေဟာလည်း ရန်သူ့ဆုတ်လမ်းဖြစ်တဲ့ တောင်ကြောနဲ့ နီလာပစ်မှတ်ကို ရွှေ့ပြောင်းပစ်ခတ်ပါတော့တယ်… ၁၇၀၀ နာရီအချိန်မှာတော့ ရန်သူ့စခန်းတစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ပြီးဖြစ်ကြောင်း တပ်ရင်းမှူးက နည်းဗျူဟာမှူးထံကို ဆက်သွယ်ရေးစက်နဲ့ သတင်းပို့လိုက်ပါတော့တယ်…

ဒီတိုက်ပွဲမှာ မိမိ တပ်မတော်ဖက်မှ စစ်သည်တစ်ဦးကျဆုံးခဲ့ပြီး စစ်သည် ၇ဦး ဒဏ်ရာရရှိခဲ့ပါတယ်… ရန်သူ့အလောင်း ၃လောင်း ကျန်ခဲ့ပြီး အများအပြား ဒဏ်ရာရသွားကြောင်းကို ၄င်းတို့ရဲ့ ပစ်ကျင်းများနဲ့ တောင်ကြောတလျှောက် ကျန်ခဲ့တဲ့ သွေးစက်တွေအရ သိရှိရပါတယ်… စခန်းအနေအထားအရ ရန်သူ ၃၀ခန့်က မိမိတပ်ကို ရင်ဆိုင်ထိန်းချုပ်ထားဖို့အတွက် ရန်သူအင်အား ၁၂၀ ခန့်က အထောက်အကူပြုပေးထားတာကို တွေ့ရှိရပါတယ်… စစ်ကြောင်း (၁)နဲ့ စစ်ကြောင်း(၂)အကြား သပ်လျှိုထားသလိုဖြစ်နေတာကြောင့် ရန်သူ့လုပ်ဆောင်မှုဟာ ထိရောက်မှုရှိတဲ့အပြင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဖြစ်တဲ့ ပွိုင့် (၈၆၅) စခန်းကိုလည်း အပေါ်စီးကနေ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်… အရေးကြီးတဲ့ ရန်သူ့ထိုးနှက်ချက်တစ်ခုပါ…

ဒါပေမယ့်လည်း တပ်မတော်ရဲ့ အမြောက်နဲ့ လက်နက်ကြီးများရဲ့ ပစ်ခတ်မှု ထိရောက်မှုရှိခြင်း၊ အမြောက်အပစ်ရပ်တာနဲ့ ချေမှုန်းရေးတပ်တွေ ရန်သူ့နေရာကို ချက်ချင်းရောက်ရှိသွားတာတွေကြောင့် ရန်သူအားလုံး သောင်းရင်းမြစ်ဖက်ကို ဆုတ်ခွာထွက်ပြေးခဲ့ကြရပါတယ်… မဲသဝေါ တိုက်ပွဲစဉ်တစ်လျှောက်လုံးမှာ ရန်သူ့အနေနဲ့ ဒီတောင်ကုန်းကို နောက်ထပ်ပြန်လည်သိမ်းပိုက်ဖို့ မကြိုးစားရဲခဲ့ပါဘူး… တိုက်ပွဲအပြီးမှာ ရန်သူ့ထံကနေ ၆၀ မမ စိန်ပြောင်း ၁လက်၊ အချက်ပြ ပစ္စတို ၁လက်၊ Icom စကားပြောစက် ၁လုံး၊ RPG ဗုံးသီး ၁၀လုံး၊ မိုင်း၊လက်ပစ်ဗုံးနဲ့ လက်နက်ငယ်ကျည်မျိုးစုံ ၆၀၀ ကျော် သိမ်းဆည်းရမိခဲ့ပါတယ်…

ပြောရရင် ဒီတိုက်ပွဲဟာ ရန်သူ့ထံကနေ လက်နက် ခဲယမ်း မီးကျောက်တွေ သိမ်းဆည်းရမိတာဟာ အဓိကမကျပါဘူး… ဘက်ပေါင်းစုံက ဖိအားပေးခံနေရပြီး ရက်ရှည်ကြာနေခဲ့တဲ့ ဒီ မဲသဝေါတိုက်ပွဲကြီးမှာ စစ်အီနေတဲ့အခြေအနေကို တပ်မတော်ရဲ့ ထိုးစစ်အဆင့် (၁) အောင်မြင်ခဲ့ခြင်းဟာ မဲသဝေါစစ်ဆင်ရေးတစ်ခုလုံးရဲ့ အခြေအနေကို တစ်မျိုးတစ်မည် ပြောင်းလဲစေခဲ့တာပါ… ဘားအံနဲ့ လှိုင်းဘွဲ့ ဒေသခံလူထုအနေနဲ့ရော စစ်သည်အချို့ကပါ တပ်မတော်ဟာ မဲသဝေါဒေသကို ပြန်လည်သိမ်းပိုက်လို့ မရနိုင်တော့ပါဘူး ဆိုတဲ့ ထင်မြင်ယူဆနေနိုင်တဲ့ အခြေအနေကို ခမရ (၃)ရဲ့ ဒီတိုက်ပွဲကပဲ ချိုးဖျက်ပေးခဲ့တာပါ… ခမရ (၃)ရဲ့ ပထမဆုံးအောင်ပွဲကြောင့် မဲသဝေါစစ်ဆင်ရေးခွင်ထဲမှာ ရှိနေကြတဲ့ စစ်သည်အားလုံး စိတ်ဓာတ်တက်ကြွလာကြပြီး တိုက်ပွဲဝင် အောင်ပွဲခံလိုစိတ်တွေ တဖွားဖွားပေါ်ပေါက်ခဲ့ရပါတယ်…

ဒီ H-575241 တောင်ကုန်းတိုက်ပွဲဟာ မဲသဝေါတိုက်ပွဲရဲ့ အဆုံးအဖြတ်တိုက်ပွဲတော့ မဟုတ်ခဲ့ပါဘူး… ဒါပေမယ့် အီနေတဲ့ စစ်ဆင်ရေးကြီးကို ပြန်လည်နိုးကြားလာအောင် အသက်သွင်းပေးခဲ့တဲ့ တိုက်ပွဲပါပဲ… စစ်သည်တွေရဲ့ သံသယတွေကို ပျောက်ကွယ်စေခဲ့ပြီး ” တကယ်တိုက်ရင် တကယ်အောင်ပွဲခံနိုင်ပါတယ် ” ဆိုတဲ့ ခံယူချက်မျိုးကို ဖြစ်ပေါ်စေခဲ့ပါတယ်… ဒီတိုက်ပွဲနောက်မှာ ခမရ (၆) ဟာ အချက်အချာကျတဲ့ ပွိုင့် (၁၇၇၈) တောင်ကုန်းကိုလည်းကောင်း၊ ခမရ (၇) ဟာ မဲသဝေါတိုက်ပွဲရဲ့ အဆုံးအဖြတ်ကို ဖြစ်စေခဲ့တဲ့ အံ့ကျော်ကုန်းကိုလည်းကောင်း၊ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကဆာနလီနဲ့ မဲသဝေါပင်မစခန်းတို့ကို ခမရ (၄)၊ ခမရ (၇၆) နဲ့ ခလရ (၈၁)တို့က လွယ်ကူစွာနဲ့ပဲ သိမ်းပိုက် အောင်ပွဲဆင်နိုင်ခဲ့ပါတော့တယ်…

http://tyrinonote.wordpress.com(မှကူးယူဖော်ပြပါသည်)

မဲသဝေါစစ်ဆင်ရေး၏ အလှည့်အပြောင်းဖြစ်စေသော တိုက်ပွဲ (၁)


Posted: April 26, 2011 by tyrino

မဲသဝေါ၏ ပထမဆုံး တန်ပြန်အောင်ပွဲ (H-575241)

မဲသဝေါဒေသ အရေးအခင်းဟာ မြန်မာ့တပ်မတော်ရဲ့ စစ်သမိုင်းမှာ အပြင်းထန်ဆုံး၊ တစ်နေရာတည်းမှာ ရန်သူအမျိုးအစား အစုံလင်ဆုံး၊ နှစ်ဖက် အကျအဆုံးအများဆုံးသော တိုက်ပွဲကြီးတစ်ခုပါ… ဒီမိုကရေစီတောင်းဆိုမှု အရေးအခင်းနဲ့ ဆက်စပ်ပြီး မြို့ပေါ်မှာ နိုင်ငံရေးအကျပ်အတည်း ဖြစ်နေတာကို သောင်းကျန်းသူတွေအနေနဲ့ အခွင့်ကောင်းယူ၊ တပ်ပေါင်းစုဖွဲ့ပြီး စင်ပြိုင်အစိုးရ ထူထောင်ဖို့အထိ အစီအစဉ် ရှိခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေး ရောထွေးနေတဲ့ စစ်ပွဲကြီးတစ်ပွဲ ဆိုရင်လည်း မမှားပါဘူး…

ဒီမိုကရေစီတောင်းဆိုမှု အရေးအခင်းကြောင့် တိုင်းပြည်မငြိမ်မသက် ဖြစ်ရာမှ တပ်မတော်ဟာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပါတယ်… ဒီလို နိုင်ငံတော် အာဏာကို ထိန်းသိမ်းပြီး နောက်ရှစ်ရက်အကြာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှာ KNU ခေါင်းဆောင်တဲ့ မဒတ(မြန်မာ့ ဒီမိုကရေစီ တပ်ပေါင်းစု) သောင်းကျန်းသူ တပ်ပေါင်းစုဟာ မဲသဝေါဒေသရဲ့ ရှေ့ကာစခန်းဖြစ်တဲ့ အံ့ကျော်ကုန်းစခန်းကို သာလွန်အင်အားသုံးကာ တိုက်ခိုက်သိမ်းပိုက်လိုက်ရာမှ အစပြုပြီး မဲသဝေါတိုက်ပွဲကြီး အစပြုခဲ့ရပါတယ်…
တိုက်ပွဲမဖြစ်မီမှာ မဲသဝေါဒေသရဲ့ တပ်အခင်းအကျင်းကတော့ ဒီလိုပါ… ရှေ့တန်း ခလရ (၇၆) ဟာ စစ်ကြောင်းဌာနချုပ် နှစ်ခုနှင့် တပ်ခွဲ လေးခွဲကို မဲသဝေါဒေသမှာဖြန့်ခွဲထားပြီး ကျန်တပ်ခွဲကို ရှမ်းရွာသစ်စခန်းမှာ ရှေ့တန်း ခလရ (၇၇) ရဲ့ ကွပ်ကဲမှုအောက်မှာ တပ်ဖြန့်ထားပါတယ်… မဲသဝေါဒေသမှာ ခလရ (၇၆) ရဲ့ တပ်ဖြန့်ထားပုံကတော့ -
၁ ။ စစ်ကြောင်း (၁) စစ်ကြောင်းရုံးနှင့် တပ်စု တစ်စု မောရလီစခန်း
၂ ။ စစ်ကြောင်း (၂) စစ်ကြောင်းရုံးနှင့် တပ်စိတ် နှစ်စိတ် ကဆာနလီစခန်း
၃ ။ တပ်ခွဲ တစ်ခွဲ မဲသဝေါ ပင်မစခန်း
၎ ။ တပ်ခွဲရုံးနှင့် တပ်စိတ် လေးစိတ် ပွိုင့် (၉၆၂) စခန်း
၅ ။ တပ်ခွဲရုံးနှင့် တပ်စု တစ်စု ပွိုင့် (၈၆၅) စခန်း
၆ ။ တပ်စု တစ်စု အံ့ကျော်ကုန်းစခန်း
၇ ။ တပ်ခွဲရုံးနှင့် တပ်စု လေးစု လှုပ်ရှား အရန် အဖြစ်ထားရှိပြီး
ပွိုင့် (၁၇၇၈) တ၀ိုက်မှာ တပ်ခွဲရုံးနှင့် တပ်စုနှစ်စု၊ ပွိုင့် (၉၆၂) တ၀ိုက်မှာ တပ်စု တစ်စု၊ ပွိုင့် (၈၆၅) တ၀ိုက်မှာ တပ်စု တစ်စု လှုပ်ရှား စိုးမိုးထားပါတယ်…

KNU နဲ့ မဒတ အင်အားစုတွေဟာ အံ့ကျော်ကုန်းကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှာ သာလွန်အင်အားသုံး တိုက်ခိုက်ပြီးနောက်မှာ အဆင့်မြင့် ဒုံးကျည်တွေဖြစ်တဲ့ ၂.၇၅ လက်မ ဒုံးကျည်တွေ၊ ၈၄ မမ၊ ၇၅ မမ နှင့် ၅၇ မမ နောက်ပွင့်ရိုင်ဖယ်တွေ၊ ၈၂ မမ နှင့် ၆၀ မမ စိန်ပြောင်းတွေ၊ RPG ဒုံးကျည်တွေ၊ ၃.၅ လက်မ လောင်ချာတွေ၊ .၅၀ လက်မ စက်သေနတ်ကြီးတွေနဲ့ အခြား လက်နက်ငယ်မျိုးစုံကို အသုံးပြုပြီး ကျန်ရှိနေသေးတဲ့ တပ်မတော်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပါတယ်…

တပ်မတော် စစ်ကြောင်းတွေရဲ့ အခြေအနေကတော့ ရန်သူက သာလွန်အင်အားသုံး တိုက်ခိုက်မှုတွေကြောင့် လည်းကောင်း၊ ကျည်ဆန်ကုန်လာတာတွေကြောင့်လည်းကောင်း၊ KNU နဲ့ မဒတ တို့အနေနဲ့ လိုအပ်တဲ့ ခဲယမ်းနဲ့ ရိက္ခာတွေကို သောင်းရင်းမြစ်တလျှောက် ပဲ့ချိတ်စက်လှေတွေ အသုံးပြုပြီး ပို့ဆောင်ဖြည့်တင်းနိုင်မှုတွေကြောင့် လည်းကောင်း၊ တပ်မတော်ဟာ ဆက်လက်မခုခံနိုင်တော့ပဲ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလမှာ ကဆာနလီစခန်း၊ ပွိုင့် (၉၆၂) စခန်းနဲ့ မဲသဝေါပင်မစခန်း တွေကနေ ဆုတ်ခွာပေးလိုက်ရပြီး မောရလီတောင်ကြားမှာ စုစည်းပြီး ခုခံခဲ့ရပါတော့တယ်…

ဒါတွေကြောင့် အထက်ဌာနချုပ်ကလည်း မဲသဝေါစစ်မျက်နှာအတွက် စစ်ကူတပ်များ စေလွှတ်ခဲ့ပါတယ်… ခမရ (၃)၊ ခမရ (၄)၊ ခမရ (၆)၊ ခမရ (၇)၊ ခလရ (၇၅)၊ ခလရ (၇၈)၊ ခလရ (၈၀)၊ ခလရ (၈၁) နှင့် ခလရ (၈၂) တို့ကို မဲသဝေါဒေသဆီ စစ်ကူစေလွှတ်ခဲ့ပါတယ်… ခလရ (၇၇) ကတော့ ရှမ်းရွာသစ်စခန်းကနေ လိုအပ်တဲ့ ကုန်းကြောင်း၊ လေကြောင်း ထောက်ပံ့မှုတွေကို ဆောင်ရွက်ပေးခဲ့ရပါတယ်… ဒါပေမယ့်လည်း ရန်သူဟာ ရှမ်းရွာသစ်စခန်းနဲ့ ပွိုင့် (၈၆၅) ကြားကနေ အခိုင်အမာ ဖြတ်တောက်ပိတ်ဆို့ထားတာကြောင့် စစ်ကူတပ်တွေဟာ မဲသဝေါဒေသကို အချိန်မီ လွယ်လွယ်ကူကူ မရောက်ရှိနိုင်ခဲ့ပါဘူး…ဒါ့အပြင် ဆက်သွယ်ရေးလမ်းကြောင်း ရှည်လျားခြင်း၊ ရေကြီးတဲ့ချောင်းတွေ ရှိနေခြင်းကြောင့် စစ်ကူချီလာတဲ့ တပ်တွေကို နှောင့်နှေးစေခဲ့ပါတယ်…

စစ်ကူတပ်များ အဆက်မပြတ် ရောက်ရှိလာချိန်မှာတော့ တပ်မတော်စခန်း တော်တော်များများဟာ စွန့်လွှတ်ပြီးချိန်ဖြစ်နေပါပြီ… ဒါ့အပြင် ရန်သူဟာလည်း မဲသဝေါဒေသ တစ်ခုလုံးကို ၀ိုင်းပတ်ချေမှုန်းဖို့ ထိုးစစ်ဆင်နေချိန်ပါ… ဒီ့အတွက် စစ်ကူရောက်လာတဲ့တပ်တွေဟာ ရန်သူကို တန်ပြန်ထိုးစစ်ဆင်ဖို့ထက် ၀ိုင်းပတ်လာတဲ့ ရန်သူတွေကို ထိတွေ့ရင်ဆိုင် ဟန့်တားနေရတာကြောင့် အရန်တပ်မရှိသလောက် ဖြစ်သွားပါတော့တယ်… အရန်တပ် မရှိတာကြောင့် စစ်ကူရောက်လာတဲ့ တပ်တွေအတွက် ရိက္ခာထောက်ပံ့ရေး အခက်အခဲ ရှိလာခဲ့ပါတယ်… မဲသဝေါပင်မစခန်းကို စွန့်လွှတ်ခဲ့ရချိန်မှာ စုပုံရိက္ခာတွေကို မီးရှို့ဖျက်ဆီးခဲ့ရတာကြောင့် မဲသဝေါဒေသမှာရှိနေတဲ့ တပ်ရင်း (၁၀) ရင်းအတွက် ရိက္ခာအခက်အခဲက ရှိနေပါတယ်… အနီးဆုံး စုပုံရိက္ခာရှိနေတဲ့ စခန်းဟာ ရှမ်းရွာသစ်စခန်းပါ… ကျန်တပ်တွေနဲ့ (၁၆) မိုင်လောက်ဝေးပါတယ်… ဒီရိက္ခာတွေကို လူအားနဲ့ သယ်ယူနေရတာကြောင့် ရိက္ခာဖူလုံအောင်ဝေငှဖို့ အခက်အခဲ ရှိနေပါတယ်… ရိက္ခာ တစ်ကြိမ်သယ်ယူဝေငှပြီး နောက်တစ်ခေါက် ရိက္ခာသွားသယ်နေစဉ်မှာ တပ်ရင်းတွေဟာ ရိက္ခာကိုအမြဲတမ်း ဆန့်စားနေရတဲ့အဖြစ်ပါ… မဲသဝေါတိုက်ပွဲရဲ့ ပထမပိုင်းဟာ တပ်မတော်စစ်ကြောင်းတွေ ရိက္ခာပြတ်တောက်မှုပြဿနာ အထူးကြုံတွေ့နေရပြီး ရန်သူရဲ့ခေတ်မီလက်နက်မျိုးစုံနဲ့ စုပြုံပစ်ခတ်မှုဒဏ်ကို အလူးအလဲခံစားရတဲ့ကာလ၊ အထိအခိုက် အကျအဆုံး အများဆုံးကာလပဲ ဖြစ်ပါတယ်…

ပွိုင့် (၈၆၅) စခန်းဟာ ကနဦးက ရှေ့တန်း အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် အခြေစိုက်ပြီး၊ နောက်ပိုင်းမှာ ရှေ့တန်း အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ် အခြေစိုက်ထားပါတယ်… ရန်သူဟာ မဲသဝေါ ပင်မစခန်းကို သိမ်းပိုက်ရရှိပြီးနောက်မှာ ကွပ်ကဲမှုတည်ရှိရာ ပွိုင့် (၈၆၅) စခန်းကို ထိုးဖောက်တိုက်ခိုက်ဖို့ ကြိုးစားလာခဲ့ပါတယ်… ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့မှာ မဲပေါချောင်းဝဖက် တောင်ကြောမှတဆင့် အဆင့်ဆင့်ခြေကုပ်ယူပြီး ရန်သူဟာ မြေပုံညွှန်း (H-575241) နဲ့ (H-580242) တောင်ကြောများကို သိမ်းပိုက်ခဲ့ပါတယ်… မောရလီစခန်းကိုလည်း လက်ပစ်ဗုံး၊ မီးလောင်ဗုံးများအသုံးပြုပြီး အနီးကပ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတာပါ… ကွပ်ကဲမှုဌာနချုပ် တည်ရှိရာ ပွိုင့် (၈၆၅) စခန်းကိုလည်း ခြိမ်းခြောက်လာခဲ့ပါတယ်… ဒါကြောင့် ခမရ (၄) ကို ၄င်းတောင်ကြောမှာရှိနေတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ထားလိုက်ရပါတယ်… ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ၂၈ ရက်နေ့မှာ ပွိုင့် (၉၆၂) စခန်းကို ခမရ (၆) ကနေ သိမ်းပိုက်ခြေကုပ်ယူပြီး ပွိုင့် (၁၇၇၈) တောင်ကုန်း၊ အံ့ကျော်ကုန်းနှင့် ကဆာနလီရှိ ရန်သူတွေကို ခမရ (၆)၊ ခမရ (၇)၊ ခလရ (၇၈)၊ ခလရ (၈၁) တို့ကနေ ရင်ဆိုင်ထားလိုက်ကြပါတယ်… ပွိုင့် ( ၁၆၀၁) မှာရှိနေတဲ့ရန်သူကိုတော့ ခလရ (၈၀)၊ ခလရ (၈၂) တို့က ရင်ဆိုင်ထားပါတယ်… ခလရ (၇၅)၊ ခလရ (၇၆) နှင့် ခမရ (၃) က စစ်ကြောင်း (၂) နဲ့ တပ်ခွဲ နှစ်ခွဲတို့ဟာလည်း မောရလီတောင်ကြောမှာ ရန်သူ့ထိုးစစ်ကို ခုခံနေခဲ့ရပါတယ်…

ဒီလိုနဲ့ပဲ KNU ခေါင်းဆောင် ဘိုမြဟာ မဒတအဖွဲ့အစည်းအပေါ် ခေါင်းဆောင်မှုရယူဖို့ မီးကုန်ယမ်းကုန်သုံးတဲ့ မဲသဝေါတိုက်ပွဲကြီးမှာ ရန်သူအင်အား ၂၀၀၀ ကျော်ကို တပ်မတော်တပ်ရင်း ၁၀ ရင်းက အနီးကပ် ရင်ဆိုင် ထိန်းချုပ်နေရတာကြောင့် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခြင်းမရှိပဲ အရန်တပ်တွေအားလုံး ဒေသန္တရ ရင်ဆိုင်တိုက်ပွဲမှာ ပါဝင်နေကြရတဲ့အဖြစ်နဲ့ ကြုံကြရပါတော့တယ်… အုပ်ချုပ်မှု အလျဉ်မီအောင် မဆောင်ရွက်နိုင်တာကြောင့်လည်း တပ်တွေဟာ ရိက္ခာပြတ်တောက်မှု ကြုံတွေ့ရပြီး ငှက်ပျောအူနဲ့ ပုတတ်ဥတွေ တူးစားကြရတဲ့ အဖြစ်ကို ကြုံကြရပါတော့တယ်…

ဒီလိုအခြေအနေတွေမှာပဲ မဲသဝေါဒေသရဲ့ စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့မှူးဟာ ရှမ်းရွာသစ်မှတဆင့် မဲသဝေါဒေသ ပွိုင့် (၈၆၅) စခန်းကို ၁၉၈၈ ခု၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ရောက်ရှိလာပြီးတော့ စစ်ဆင်ရေးကို အနီးကပ် ကွပ်ကဲပါတော့တယ်… မဲသဝေါဒေသကို ကားလမ်း၊ လှည်းလမ်းတွေ အမြန်ဖောက်လုပ်စေပြီး အုပ်ချုပ်ထောက်ပံ့မှုကို ဦးစားပေး ဖြည့်တင်းဆောင်ရွက်ပေးခဲ့ပါတယ်… လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို အဆက်မပြတ် ပို့ဆောင် ဖြည့်တင်းပြီးနောက်မှာတော့ ထိုးစစ်ကို စတင်ခဲ့ပါတော့တယ်…

မြေပုံညွှန်း H – 575241 မှာရှိနေတဲ့ ရန်သူကို မူလက ခမရ (၄) က ရင်ဆိုင်ခဲ့တာပါ… ဒါပေမယ့် စစ်ဆင်ရေး အဆင့် (၁) ကို စတင်ချိန်မှာ ခမရ (၄) အနေနဲ့ ထိခိုက်ဒဏ်ရာရသူ များပြားလွန်းနေပါတယ်… တပ်ရင်းတစ်ရင်းလုံးမှာ အင်အား ၁၆၀ လောက်ပဲကျန်တော့တဲ့အတွက် ခမရ (၄) ကို အနားပေးပြီး ခမရ (၃) ကို ထိုးစစ်အဆင့် (၁) အတွက် တာဝန်ပေးခဲ့ပါတယ်…

မြေပုံညွှန်း H – 575241 ရှိရန်သူကို တိုက်ခိုက်ဖို့ အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူးက သတိပေးအမိန့် ထုတ်ပြန်ထားတာကြောင့် ခမရ (၃) တပ်ရင်းမှူးဟာ ၁၉၈၈ခု၊ နိုဝင်ဘာလ ၂၄ ရက် နဲ့ ၂၅ ရက်နေ့ တို့မှာ ခမရ (၄) စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) နေရာတွေကနေ ရန်သူ့နေရာကို မြင်ကွင်းမျိုးစုံမှ အသေးစိတ် လေ့လာထောက်လှမ်းမှုတွေ ပြုလုပ်ထားခဲ့ပါတယ်… ၁၉၈၈ခု၊ နိုဝင်ဘာလ ၂၇ ရက်နေ့၊ ခမရ (၄) နဲ့ ခမရ (၃) တို့ တာဝန်လဲလှယ်ကြပြီးချိန်မှာတော့ ခမရ (၃) တပ်ရင်းမှူးဟာ ရန်သူ့တောင်ကုန်း H – 575241 ကို စစ်ကြောင်း (၁) ရှိရာနေရာကနေ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ…

ရန်သူ့စခန်းဟာ လက်ရှိရင်ဆိုင်ထားရာနေရာကနေကြည့်ရင် ကိုက် ၂၀၀ လောက်သာဝေးတာပါ… ကြားမှာ မြေနိမ့်တောင်ကြောတစ်ခု ရှိပြီး ၀ါးပိုးဝါးပင်တွေကလည်း ပေါက်ရောက်နေပါတယ်… စစ်ကြောင်းနေရာဟာ ရန်သူ့စခန်းထက် အနည်းငယ်မြင့်မားတယ် ထင်ရပေမယ့် တကယ်တမ်း ရန်သူ့စခန်းကို သွားမယ်ဆိုရင် ပထမမှာ အဆင်းဆင်းပြီး ပြန်မော့တက်ရမှာပါ… ရန်သူနဲ့ ရင်ဆိုင်ထားတဲ့ အကွာအဝေးကလည်း ကိုက် ၂၀၀ လောက်သာ ရှိတာကြောင့် ရန်သူဟာ နေ့ရော ညပါ လက်နက်ကြီး၊ လက်နက်ငယ်တို့နဲ့ ကြိုကြား ပစ်ခတ်နေပါတယ်… အထူးသဖြင့် မနက်ခင်း အိပ်ယာထချိန်၊ စားသောက်ချိန်နဲ့ ညနေစောင်းချိန်တွေမှာ ပိုမိုပစ်ခတ်တာကို ခံရပါတယ်… ဒါကြောင့် ရန်သူကို ပြန်လည်ပစ်ခတ်နေရသလို ကတုတ်ကျင်းတွေကိုလည်း ပိုမိုကောင်းမွန်အောင် ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်…

ရန်သူအင်အား ၁၅၀ လောက်မှာ ရင်ဆိုင်ထားတဲ့ ရန်သူအင်အားဟာ ၃၀ လောက်သာရှိတယ်ဆိုပေမယ့် ကျန်အင်အား ၁၂၀ လောက်က မဲပေါချောင်းဝကနေ တောင်ကြောတစ်လျှောက်လုံးကို အထောက်အကူ ပြုပေးထားတာပါ… အနီးကပ် ရင်ဆိုင်ထားတဲ့ အင်အား ၃၀ ကို ၃ရက်တစ်ကြိမ် အသစ်လဲလှယ်ပေးခြင်းနဲ့ လူတွေကို အနားပေးထားပါတယ်… ဒါ့အပြင် စားသောက်ရေးအတွက် ထမင်းထုပ်တွေနှင့် ၀ါးဆစ်ရေဘူးတွေကိုလည်း မပြတ်လပ်အောင် ပို့ပေးနေတာကို တွေ့ရသလို ၄င်းတို့ရဲ့ ခေါင်ကတုတ်တွေနဲ့ ဆက်သွယ်ရေးမြောင်းတွေကို ပိုမိုကောင်းမွန်အောင် နေ့ညမပြတ် တူးဖော်နေကြတာကိုလည်း ထောက်လှမ်းသိရှိနေရပါတယ်…

ဆက်သွယ်ရေးမြောင်းတွေဟာ တပ်မတော် စစ်ကြောင်းတွေ ရှိရာကို ဦးတည်ဖောက်လုပ်နေကြတာပါ… တောင်ကြောရဲ့မြေသားဟာ ကျောက်စရစ်မြေ ဖြစ်နေပေမယ့် ပစ်ခတ်မှုတွေကြားထဲကနေပဲ ရန်သူဟာ ဆက်သွယ်ရေးမြောင်းတွေကို လူတစ်ရပ်ကျော်နက်အောင် တူးနိုင်ခဲ့တာကို တိုက်ပွဲပြီးချိန်မှာ တွေ့ခဲ့ရပါတယ်…

http://tyrinonote.wordpress.com(မှကူးယူဖော်ပြပါသည်)

မဲခေါင်စစ်ဆင်ရေး ပွိုင့် ၃၁၁၅ နှင့် ၀င်းမနော်တိုက်ပွဲ (၁)

တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်
တပေါက်ရေစက်၊ ငါတို့လက်မှ
ရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

၁၉၆၀ ပြည့်နှစ်ဇါန်လတွင် မြန်မာ-တရုတ် နယ်နိမိတ်တိုင်းတာသတ်မှတ်ရေးနှင့်နယ်ခြားကျောက်တိုင်များ စိုက်ထူရေးတို့အတွက် စစ်ဆင်ရေးတရပ်ပြုလုပ်ခဲ့ပါသည်။ အဆိုပါစစ်ဆင်ရေးကို “ဘဘစစ်ဆင်ရေး (Burma Boundary Operation)ဟု ခေါ်ပါသည်။
“ဘဘစစ်ဆင်ရေး”ကို မြန်မာနိုင်ငံဘက်မှ ကာကွယ်ရေးဝန်ကြီးဌာနမှဦးစီးကွပ်ကဲပြီး ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ တပ်မတော်မှတပ်ရင်းတပ်ဖွဲ့များအပြင် အထူးတာဝန်တရပ်အနေဖြင့် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့်နည်းပြဆရာများ၊ စစ်ဦးစီးတက္ကသိုလ်သင်တန်းအမှတ်စဉ်(၁၂)မှ သင်တန်းသားအရာရှိကြီးများလည်း ပါဝင်ကြပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အရာရှိများနှင့် မြေတိုင်းအဖွဲ့များပါဝင်ကြပါသည်။
တရုတ်-မြန်မာနယ်နိမိတ်သတ်မှတ်ရာတွင် တိုင်းတာသတ်မှတ်ရမည့် နယ်နိမိတ်များပေါ်တွင် “ကူမင်တန်ဆန်ပေ့”ခေါ် ကျူးကျော်သူတရုတ်ဖြူကြွင်းကျန်တပ်များ အခိုင်အမာတပ်စွဲနေကြသဖြင့် ၎င်းတပ်များကိုတိုက်ထုတ်ရန် လိုအပ်လာသည့်အတွက် “မဲခေါင်စစ်ဆင်ရေး”ကို ဗမာ့တပ်မတော်မှဆင်နွှဲခဲ့ရပါသည်။
တပ်မဟာ(၉)နယ်မြေအတွင်း တရုတ်ဖြူတပ်များသည် တရုတ်-မြန်မာနယ်နိမိတ်တလျှောက် တရုတ်၊မြန်မာနှင့်လောနိုင်ငံဆက်စပ်လျက်ရှိသော နေရာအထိလည်းကောင်း၊ ၎င်းနေရာမှလော၊မြန်မာနယ်နိမိတ်အတိုင်း လော၊မြန်မာနှင့်ထိုင်းနိုင်ငံဆက်စပ်လျက်ရှိသော နေရာအထိလည်းကောင်း၊ ၎င်းနေရာမှထိုင်း-မြန်မာနယ်နိမိတ်တလျှောက် လွယ်တော်ခမ်း၊လွယ်ခမ်းရှိုးစသော ရေဝေကုန်းတန်းများတွင်လည်းကောင်း အခိုင်မာစခန်းများတည်ဆောက်ကာ နေထိုင်လျက်ရှိကြပါသည်။ တရုတ်ဖြူတပ်မဌာနချုပ်များ မိုင်းပါလျိုနှင့် ကျိုင်းလတ်တွင်ရှိနေပြီး မိုင်းပါလျှိုသည် ကျိုင်းတုံတာချီလိတ်ကားလမ်း တာလေမိုင်းလင်းအရှေ့ဘက် မိုင်(၂၀)ခန့်အကွာတွင်ရှိလေသည်။ မိုင်းပါလျှိုတွင်ညအချိန် လေယာဉ်ဆင်းသက်နိုင်သော လျှပ်စစ်မီးများတပ်ဆင်သွယ်တန်းထားသော အဆင့်မီလေယာဉ်ကွင်းရှိလေသည်။ မိုင်းပါလျို၊ကျိုင်းလတ်၊၀င်းမနော်၊ လွယ်တော်ခမ်း၊လွယ်ခမ်းရှိုး၊ တရုတ်ဖြူစခန်းများတွင် စစ်တန်းလျားများ၊ အိမ်ထောင်သည်လိုင်းများ၊ နေအိမ်အဆောက်အဦးများ၊ ဆေးရုံစာသင်ကျောင်းများရှိကြသည်။ စခန်းအတွင်းလျှပ်စစ်မီးများ သွယ်တန်းထားရှိပြီး စခန်းတိုင်းတွင်စခန်းပတ်လည်ကို ခံစစ်တည်ဆောက်ထားပါသည်။ ခိုင်ခံ့သောဘန်ကာများ ဆက်သွယ်ရေးကျင်းများ ပတ်လည်တည်ဆောက်ထားကြသည်။ ကာကင်းဘန်ကာများလည်း အများအပြားတည်ဆောက်ထားကြပြီး တရုတ်ဖြူတပ်များသည် မြန်မာပြည်အတွင်းတွင် တရုတ်ပြည်ငယ်လေးတစ်ခုသဖွယ် အတင့်ရဲစွာကျူးကျော်နေထိုင်လျက်ရှိပါသည်။
တရုတ်ဖြူတပ်များ အခိုင်အမာရှိနေသဖြင့် ဘဘစစ်ဆင်ရေးပထမပိုင်းတွင် တပ်မဟာ(၉)နယ်မြေအတွင်း နယ်နိမိတ်တိုင်းတာခြင်း၊ နယ်နိမိတ်ကျောက်တိုင်များစိုက်ထူခြင်း မပြုလုပ်နိုင်ခဲ့ပါ။
“တရုတ်ဖြူတွေက တပ်မကြီးတွေကို ဂျင်နရယ်ကြီးတွေကဦးစီးပြီးတော့ စောင့်နေကြတယ် ငါတို့မှာက ခလရ(၇)ကမေဂျာကင်းငင်း (ယခင်ချင်းပြည်နယ်ဥက္ကဌ)နဲ့ တပ်ခွဲနှစ်ခွဲ၊ ခလရ(၃)က မေဂျာမြင့်အောင်(ကွယ်လွန်)နဲ့စစ်ကြောင်းတကြောင်း ဒါပဲရှိတယ်၊ ဂျင်နရယ်လောက်လီနဲ့မေဂျာကင်းငင်းတယောက်ချင်း နပန်းချရင်တော့ ဒို့နိုင်ချင်နိုင်မယ်”
တပ်မဟာ(၉)တပ်မင်း ဗိုလ်မှူးကြီးထွန်းစိန်(ကွယ်လွန်)က ပျော်ပျော်နေတတ်သူပီပီ မဲခေါင်စစ်ဆင်ရေးမစမီက သူရင်ဆိုင်နေရသောပြဿနာကို ရယ်ရယ်မောမောပြောလိုက်ခြင်းဖြစ်သည်။ မဲခေါင်စစ်ဆင်ရေးကို ၁၉၆၀ပြည့်နှစ်ဒီဇင်ဘာလတွင် စတင်ခဲ့ပါသည်။ စစ်ဆင်ရေးကိုနယ်မြေခံတပ်ဖြစ်သော တပ်မဟာ(၉)လက်အောက်ခံတပ်များအပြင် သနက(၃)၊ချင်း(၄)၊ ခမရ(၁၀၄)၊ ခမရ(၁၀၇)၊ ခမရ(၁၀၉)၊ ခြေလျင်တပ်ရင်းများ၊ အကူလက်ရုံးတပ်များဖြစ်ကြသော အမှတ်(၂)မြေပြင်ပစ်အမြောက်တပ်ရင်း၊ ၂၅ပေါင်ဒါအမြောက်များ၊ ၇၆မမတောင်ပေါ်ပစ်အမြောက်တပ်ဖွဲ့၊ ၁၂၀မမစိန်ပြောင်ကြီးတပ်ဖွဲ့၊ တပ်မတော်(လေ)မှဆီးဖြူရီတိုက်လေယာဉ်များ၊ ဘဲလ်ရဟတ်ယာဉ်များ၊ ဒါကိုတာသယ်ယူပို့ဆောင်ရေးလေယာဉ်များ ပါဝင်ကြသည်။
မဲခေါင်စစ်ဆင်ရေးစတင်သောကာလတွင် ကျွန်တော်သည်ခမရ(၁၀၇)တပ်ရင်းမှူးမှ စစ်ဦးစီးတက္ကသိုလ်သင်တန်းသားဖြစ်ခြင်းကြောင့် ဘဘစစ်ဆင်ရေး အုပ်ချုပထောက်ပံ့မှုဌာနမှူးတာဝန် ထမ်းဆောင်နေချိန်ဖြစ်သည်။ မဲခေါင်စစ်ဆင်ရေးတွင် ကျွန်တော့်တပ်ရင်း ခမရ(၁၀၇)ပါနေသည်။ ဤကဲ့သို့အရေးကြီးသောစစ်ဆင်ရေးတွင် တပ်ရင်းကိုတပ်ရင်းမှူးကိုယ်တိုင်သာ ဦးစီးစေသင့်ပါသည်။ နောက်တချက်မှာ ကျူးကျော်သူတရုတ်ဖြူများကို တိုက်ခိုက်ရမည့်ပွဲကြီးပွဲကောင်း စစ်ဆင်ရေးကြီးကို ကျွန်တော်လက်လွတ်မခံလိုပါ၊ သို့ဖြစ်၍ မပခတိုင်းမှူးအား ယခုကဲ့သို့အရေးကြီးသော စစ်ဆင်ရေးတွင်တပ်ရင်းမှူးမပါလျင် မဖြစ်ကြောင်းတင်ပြရာ တိုင်းမှူးကလည်းဘဘစစ်ဆင်ရေးထက် မဲခေါင်စစ်ဆင်ရေးကပိုအရေးကြီးကြောင်း သဘောပေါက်ပြီး ကျွန်တော်၏မူလတာဝန်ဖြစ်သော ခမရ(၁၀၇)တပ်ရင်းမှူးအဖြစ် မဲခေါင်စစ်ဆင်ရေးကို ပါဝင်ဆင်နွှဲခွင့်ရရှိခဲ့သည်။
ကျွန်တော်သည် ၁၉၆၁ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် မန္တလေးမှ ဖော်ကာလေယာဉ်ဖြင့် ကျိုင်းတုံသို့လိုက်ပါခဲ့ပါသည်။ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ခမရ(၁၀၄)မှ ဗိုလ်မှူးမောင်မောင် (ဖင်ကြီးမောင်မောင်)နှင့်အတူ ဘဲလ်ရဟတ်ယာဉ်ဖြင့် ကျိုင်းတုံမှ ရှေ့တန်းတပ်မဟာ(၉)ရှိရာ တာလေသို့လိုက်ပါခဲ့သည်။ ကျိုင်းတုံမှထွက်ကတည်းက ရဟတ်ယာဉ်စက်ကထွေနေပါသည်။ လမ်းခရီးတွင် တောတွင်းတနေရာသို့ ဆင်းရမည့်အခြေနေ ဖြစ်လာပါသည်။ ဗိုလ်မှူးမောင်မောင်က “ရွှေဘနဲ့ တင်ညွန့်ပါတယ်ကွ၊ ယီးတီးယားတားမလုပ်နဲ့” ဟုကြိမ်းမောင်းလိုက်မှ ရဟတ်ယာဉ်သည် ကျွန်တော်တို့နှစ်ယောက်အား ကြောက်၍လားမသိ၊ စက်မချွတ်ယွင်းတော့ပဲ တာလေသို့ချောချောမောမော ရောကရှိသွားပါသည်။
တာလေတွင် တပ်မဟာ(၉)ရှေ့တန်းဌာနချုပ်ကို တောင်ကုန်းပေါ်တွင် ဖွင့်လှစ်ထားပါသည်။ အမြောက်တပ်များနှင့် ကွပ်ကဲရန် ဒုဗိုလ်မှူးကြီးရဲထွန်း ရှိနေပေသည်။ ဆက်သွယ်ရေးလမ်းကြောင်းထိန်းသိမ်းသော ချင်းသနက(၄)မှတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဗန်ကူး(လ်)ရှိနေလသည်။ မိမိတပ်များ တာလေမှမိုင်းပါလျိုသို့သွားသောလမ်း၊ လန်တောင်း၊ မိုင်းလင်းနှင့် နားဖန်ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။ မိုင်းလင်းတွင်သနက(၃)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမောင်ကျော် (ဗိုလ်မှူးကြီး၊ ဗလကအငြိမ်းစား၊ ကွယ်လွန်) ရှိနေလေသည်။ နားဖန်တွင် ခမရ(၁၀၄)ရှိလေသည်။ တပ်ရင်းမှူးမှာ ဗိုလ်မှူးစည်သူ (မျက်ပြဲစည်သူ၊ ကွယ်လွန်) ဖြစ်သည်။ ခမရ(၁၀၄)သည် ၀င်းမနော်ကိုတိုက်ရန် သွေးတိုးစမ်းလျက် ရှိလေသည်။ ရှေ့သို့ မတက်နိုင်သေး၊ ၀င်းမနော်တွင် တရုတ်ဖြူများက ဘန်ကာများအခိုင်မာများဖြင့် တပ်စွဲထားပြီး ရှေ့မျက်နှာစာမှတိုက်သော တပ်များကိုခုခံချေမှုန်းလျက်ရှိနေသည်။ ချင်း(၄)မှ ၀င်းမနော်ကိုတိုက်ခိုက်ရာ အကျဆုံးများစွာဖြင့် ဆုတ်ခွာခဲ့ရသည်။
ခမရ(၁၀၄)တပ်ရင်းမှူး ဗိုလ်မှူးစည်သူကို ရှေ့တန်းကျကျနေရာ ကျင်းတခုအတွင်း တွေ့လိုက်ရလေသည်။ “ကျင်းထဲက ထွက်လို့မရဘူး၊ ခွေးမသားတွေ၊ ပစ်အားသိပ်ကောင်းတယ်” ဟု ဗိုလ်မှူးစည်သူက ပြောလေသည်။ သူ့တကိုယ်လုံး ကွမ်းတံထွေးများ ပေကျံလျက်ရှိပေသည်။ “ဘာမှမစားရဘူး၊ ကွမ်းချည်းပဲ စားနေရတယ်” ဟု သူကပြောပြန်သည်။ အကူရဲဘော်သည် သူ့နောက်တွင်ကပ်လျက်ရှိနေပြီး ကွမ်းအစ်တလုံးကို ပိုက်ထားသည်။ တပ်ရင်းမှူးမှ ကွမ်းတောင်းလျင် ကွမ်းကိုယာပြီး ပုခုံးပေါ်မှကျော်၍ ပေးနေရသည်။ ဗိုလ်မှူးစည်သူရှိနေသော ကျင်းအပေါ်တွင်ရှိနေသော ၀ါးရုံပင်များ၊ ရန်သူ့စက်သေနတ်ကြီးပစ်ခတ်မှုကြောင့် ခါးလည်မှပြတ်လျက်ရှိသည်။
ဝင်းမနော်စခန်းသည် မိုင်းပါလျှိုသို့တက်ရာလမ်း၏ လက်ယာဘက်ကုန်းမြင့်များပေါ်တွင် ရှိနေသည်။ တရုတ်ဖြူဗိုလ်ချုပ်တဦး ဦးစီးသောတပ်စခန်းကြီး ဖြစ်ပါသည်။ အိမ်ထောင်သည်လိုင်း၊ ဆေးရုံ၊ သားဖွားခန်း၊ စာသင်ကျောင်းများ ရှိလေသည်။ တည်ဆောက်ထားသော ဘန်ကာကြီးများမှာ ကြီးမားခိုင်ခံ့လှပါသည်။ လူတယောက်ဖက် သစ်လုံးကြီးများဖြင့် တည်ဆောက်ထားသဖြင့် မိမိတို့ပစ်ခတ်သော ၁၂၀ မမ စိန်ပြောင်းကြီးကျည် တိုက်ရိုက်ထိမှန်သည်ကိုပင် မမှုပါ။ နားဖန်ဘက်မှတိုက်သော မိမိတပ်များစခန်းအနီးသို့ပင် မသီနိုင်ပါချေ။ ချင်း(၄)မှ ၀င်းမနော်သို့တိုက်သောတပ်ဖွဲ့များ အကျအဆုံးများစွာဖြင့် ဆုတ်ခွာခဲ့ရပါသည်။
ကျွန်တော်သည် ၀င်းမနော်စခန်းကြီးကိုတိုက်ရန် ရည်မှန်းထားသဖြင့် တိုက်ခိုက်ရန်စီမံချက်အကြမ်းကို စဉ်းစားထားပြီး ဖြစ်ပါသည်။ ၀င်းမနော်ကိုရှေ့မျက်နှာစာကတိုက်လျှင် ကိုယ့်သေတွင်းကိုကိုယ်တူးသလိုသာ ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ ချဉ်းကပ်ရာလမ်းကို ရွေးချယ်ထားပါသည်။ ဇန်န၀ါရီလ(၂၃)ရက်နေ့ မွန်းလွဲ(၂)နာရီခွဲတွင် တပ်မဟာ(၉)တပ်မင်း ဗိုလ်မှူးကြီးထွန်းစိန်သည် ရဟတ်ယာဉ်ဖြင့်နားဖန်သို့ ဆင်းလာလေသည်။ ချင်း(၄)မှ ဒုဗိုလ်မှူးကြီးကူး(လ်)၊ အမြောက်တပ်မှ ဒုဗိုလ်မှူးကြီးရဲထွန်း၊ သနက(၃)မှ ဒုဗိုလ်မှူးကြီးမောင်ကျော်၊ ခမရ(၁၀၄)မှ ဗိုလ်မှူးစည်သူ၊ ဗိုလ်မှူးမောင်မောင်၊ ခမရ(၁၀၇)မှ ကျွန်တော်တို့ ရှိနေကြသည်။
တပ်မင်းသည် ဘဲလ်ရဟတ်ယာဉ်ပေါ်မှဆင်းပြီး ရဟတ်ယာဉ်ကွင်းနှင့်ခပ်လှမ်းလှမ်း စခန်းအနီးတွင် တပ်မှူးများအား ရှေ့ပြုလုပ်မည့် စစ်ဆင်ရေးအစီစဉ်များကို ဆွေးနွှေးညွှန်ကြာပါသည်။ တပ်မင်းစတင်ဆွေးနွေးစဉ်၌ပင် ၀င်းမနော်စခန်း တောင်ကုန်းပေါ်မှ (၇၅)မမနောက်ပွင့်အမြောက်ဟု ယူဆရသောလက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ပါတော့သည်။ ဗုံးသီးများ ရဟတ်ယာဉ်အနီးတွင် တ၀ုန်းဝုန်းဖြင့် ကျရောက်ပေါက်ကွဲလျက်ရှိပါသည်။ ရဟတ်ယာဉ်မြေပြင်မှ ထပြန်ရသည်။ မပြန်လျှင်လည်း တိုက်ရိုက်ထိမှန်နိုင်သည်။ ရန်သူ့လက်နက်ကြီး ပစ်ခတ်မှုမှာ တိကျမှန်ကန်လှပါသည်။ တပ်မင်းနှင့်အရာရှိအားလုံး အနီးအနားရှိ ဗုံးခိုကျင်းများအတွင်းသို့ ခုန်ဆင်းကြသည်။ မြေပြင်ပေါ်တွင် တယောက်မှမရှိကြတော့ပါ။
ရန်သူ့လက်နက်ကြီး ပစ်ခတ်နေသောအချိန်တွင် ပစ်ခတ်သောနေရာတွင် မီးခိုးလုံးဖုန်လုံးကြီးများထနေပြီး အချိန်အနည်းငယ်တွင် ပျောက်ကွယ်သွားနိုင်သည်။ ကျွန်တော်ပစ်ခတ်သောနေရာကို ရှာဖွေလိုက်ရာတွင် ၀င်းမနော်တောင်ကြောပေါ် တနေရာတွင်တွေ့ရှိရသဖြင့် ကွန်ပတ်(စ)(သံလိုက်အိမ်မြောင်)ကိုထုတ်၍ ညွှန်းဒီဂရီကို တိုင်းယူလိုက်ပါသည်။ ရရှိသောညွှန်းဒီဂရီကို နားဖန်တွင်ရှိနေသော ၁၂၀မမစိန်ပြောင်း၊အမြောက်စခန်းသို့ ပေးပို့လိုက်ပါသည်။ ရန်သူ့လက်နက်ကြီးပစ်ခတ်သော နေရာတွင်မီးခိုးလုံးကြီးများ ပျောက်ကွယ်သွားသော်လည်း ညွှန်းဒီဂရီယူထားပြီး နေရာကိုမှတ်သားထားပြီးဖြစ်ပါသည်။ ရန်သူ့နေရာကို အမြောက်နေရာမှ တိုက်ရိုက်မြင်နေရသဖြင့် တိုက်ရိုက်ချိန်တွယ်နိုင်ပါသည်။ မြေပုံပေါ်တွင် အကွာအဝေးတိုင်းထွာတွက်ချက်ပြီး အမြောက်သို့တင်လိုက်သောအခါ ပစ်ခတ်ရန်အသင့် ဖြစ်သွားပါသည်။
၁၂၀မမစိန်ပြောင်းမှ အကွာအဝေးရှာဗုံးတလုံး ပစ်ထုတ်လိုက်သည်။ တောထူလွန်း၍ ကျည်ကျသည့်နေရာကို မမြင်ရပါ။ အကွာအဝေးတဆုံးတင်ပြီး နောက်တလုံးထပ်ပစ်လိုက်ပြန်သည်။ ကျည်ကျနေရာကို မမြင်ရပါ၊ ၁၂၀ မမစိန်ပြောင်းဖြင့် အကွာအဝေးမမီပါ။ ဒုဗိုလ်မှူးကြီးရဲထွန်းက ၇၆မမအမြောက်ကို မိုင်းလင်းမှခေါ်ယူပြီးဖြစ်၍ ၇၆မမအမြောက်ဖြင့် ဆက်လက်ပစ်ခတ်ကြပြန်သည်။ ရန်သူ့လက်နက်ကြီး ဆက်လက်ပစ်ခတ်မှုမရှိတော့ပဲ ငြိမ်သွားသည်။ “ဗိုလ်သောင်း၊ ၀င်းမနော်ကိုတိုက်မလား”ဟု တပ်မဟာမှူးကမေးရာ “တိုက်မယ်”ဟု ကျွန်တော်ကမဆိုင်းမတွ ပြန်ဖြေလိုက်သည်။ “ကျွန်တော် Frontal မတိုက်ဘူး၊ ကျိုင်းတုံ၊တာချီလိတ်ကားလမ်း မိုင်တိုင်(၇၇)ကဖြတ်ဝင်မယ်” ဟု ကျွန်တော်က ထပ်ပြောလိုက်ပြန်သည်။
ကျွန်တော်က ဤသို့ပြောလိုက်ပြီးနောက် အကြမ်းဖျင်းအစီစဉ်ကိုတင်ပြလိုက်ရာ တပ်မဟာမှူးကသဘောတူပါသည်။ တပ်မဟာမှူးဗိုလ်မှူးကြီးထွန်းစိန်သည် စစ်ဆင်ရေးစီမံချက်တခုကို သဘောတူပြီးလျှင် အသေးစိတ်လိုက်လံ ကွပ်ကဲခြင်းမပြုပဲ သက်ဆိုင်ရာတပ်မှူးကို လွတ်လပ်စွာလုပ်ပိုင်ခွင့် ပေးထားလေ့ရှိပါသည်။ စစ်ဆင်ရေးဟူသည် မြေပြင်အခြေနေ၊ ရန်သူအခြေနေကိုမသိပဲ နောက်ပိုင်းမှကွပ်ကဲနေခြင်းသည် မှန်ကန်မှုမရှိနိုင်ပါ။ မြေပြင်ပေါ်ရှိတပ်မှူးမှသာ မြေပြင်အခြေနေ၊ ရန်သူအခြေနေကိုသိရှိနိုင်သဖြင့် လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးထားခြင်းဖြင့် ညွှန်ကြားချက်ကိုတရားသေဆုတ်ကိုင်ထားခြင်းမရှိပဲ ပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်ခွင့် ရှိသဖြင့်ပိုမိုအောင်မြင်မှု ရရှိနိုင်ပါသည်။ သက်ဆိုင်ရာတပ်မှူးက အနိုင်ရရှိခြင်း(သို့မဟုတ်) ဆုံးရှုံးခြင်းအတွက် တာဝန်ကိုတော့ ယူရပါမည်။
တပ်မဟာမှူးပြန်သွားပြီးနောက် ၀င်းမနော်တိုက်ခိုက်ရေးအတွက် အသေးစိတ်အစီစဉ်များပြုလုပ်ရပါသည်။ တပ်ရင်းတရင်းလုံး၊ တပ်ခွဲ(၄)ခွဲအတွက် ခဲယမ်းမီးကျောက်၊ အရန်ခဲယမ်းမီးကျောက်များ ဖြည့်တင်းရသည်။ ရိက္ခာ(၇)ရက်စာနှင့် အရန်ရိက္ခာများ ဖြည့်တင်းရပါသည်။ တိရစ္ဆာန်ဝန်တင်တပ်ဖွဲ့မှ ၀န်တင်လားများကို တောင်းခံပေးရသည်။ အထူးအရေးကြီးသည်မှာ ပေါ်တာ(အထမ်းသမား) ပြဿနာပင်ဖြစ်သည်။ ပေါ်တာလုံလောက်အောင် မရပါ။ အနီးအနားရွာများမှ ရှမ်း၊လားဟူပေါ်တာ အနည်းငယ်သာရပါသည်။ ရှမ်း၊လားဟူ ပေါ်တာများမှာ မြန်မာပြည်တွင်အညံ့ဆုံးပေါ်တာများ ဖြစ်ကြပါသည်။ အလေးအပင်မထမ်းနိုင်ကြပါ၊ အရေးအကြီးဆုံး ပြဿနာမှာ သူတို့အတွက် ဘိန်းရိက္ခာရှာဖွေရခြင်း ဖြစ်လေသည်။ ဘိန်းမစားရ၊ဘိန်းမရှုရလျှင် မထမ်းနိုင်ပဲ အားပြတ်တတ်သဖြင့် စားရန်နှင့်ရှုရန်ဘိန်းကို နေ့စဉ်အချိုးကျနှင့်ထုတ်ပေးရသည်။ သူတို့တွင်ဘိန်းပြောင်းလေးများ ခါးတွင်ကိုယ်စီထိုးလာကြသည်။
ပေါ်တာလုံလောက်စွာမရရှိသောအခါ “ခဲယမ်းမီးကျောက်ကို အပြည့်သယ်နိုင်သလောက်သာသယ်၊ ၀င်းမနော်မှာ ရိက္ခာဂိုဒေါင်ကြီးတွေရှိနေတယ်၊ ၀င်းမနော်သိမ်းပြီးရင် မစားဘူးတဲ့အစားသောက်တွေတောင် စားရမယ်” ဟုပြောကာ ရိက္ခာကိုလျှော့ပြီးတော့ သယ်ခဲ့ကြလေသည်။ အမှတ်(၁၀၇)ခြေမြန်တပ်ရင်းသည် ၁၉၆၁ ခုနှစ်၊ ဇန်န၀ါရီလ ၂၅ ရက်နေ့အရုဏ်မတက်မီ နံနက်(၃)နာရီတွင် တာလေမှမော်တော်ယာဉ်များဖြင့် စတင်ချီတက်ကြပါသည်။ တပ်ရင်းတရင်းလုံး တပြိုင်တည်းပို့ရန်မော်တော်ယာဉ်မလုံလောက်သဖြင့် တပ်ခွဲအလိုက်ကူသယ်ခေါက်သယ် သယ်ပို့ရပါသည်။ ကျိုင်းတုံ၊တာချီလိတ်ကားလမ်း မိုင်တိုင်(၇၇)တွင် တပ်ရင်းတရင်းလုံးစုံမှ အရှေ့ဘက်တောင်ကြောပေါ်သို့ ဆက်လက်ချီတက်ခဲ့ကြသည်။ နံနက်(၇)နာရီခွဲခန့်တွင် ဆရာကြက်ရောရွာသို့ ရောက်ရှိကြသည်။ ဆရာကြက်ရောရွာသည် လားဟူရွာပီသစွာ ရွာသို့ရောက်အောင် မတ်ေ-ာက်စွာတက်ခဲ့ရသဖြင့် ဇန်န၀ါရီလနံနက်ခင်း အလွန်အေးချမ်းလှသော ရာသီဥတု၌ပင် ချွေးသီးချွေးပေါက်များကျလောက်အောင် ပင်ပန်းလှပါသည်။
ဆရာကြက်ရောရွာတွင် နံနက်စာစားရန်နှင့်ပြန်ချက်ရန် “စားချက်”အချိန်၄၅မိနစ် ပေးလိုက်ပါသည်။ စားချက်ဆိုသည်မှာ စားပြီးသည်နှင့် ပြန်ချက်ရန်ဖြစ်ပါသည်။ ခြေမြန်တပ်ရင်းများတွင် စစ်ဆင်ရေးကာလများအတွင်း နံနက်စာကို စောစောစားပြီး ညနေစာအတွက် ပြန်ချက်ထားရပါသည်။ သို့မှသာတိုက်ပွဲဖြစ်နေလျှင် ထမင်းကိုယ်ပေါ်ပါနေ၍ ထမင်းအတွက်မပူပင်ရတော့ပါ။ ညစာစားပြီးလျှင် မနက်စာအတွက် ချက်ထားကြပြန်ပါသည်။ အရုဏ်မတက်မီ ချီတက်ရတတ်သဖြင့် နံနက်တွင်ထမင်းချက်ရန်အချိန်မရ၊ ညတွင်ချက်ထားမှ စိတ်ချရသည်။ သို့ဖြစ်၍ စစ်ဆင်ရေးကာလအတွင်း တပ်ရင်းမှူးမှအစရဲဘော်အဆုံး ထမင်းဟင်းပူပူနွေးနွေး မစားကြရရှာပါ။ ဆရာကြက်ရောရွာ ရွာလူကြီးများနှင့်ဆွေးနွေးရာ ဗမာစကားနားမလည်သဖြင့် ဒုအရာခံဗိုလ်အဟိုက်ကို စကားပြန်အဖြစ် အသုံးပြုရပါသည်။ ဆရာအဟိုက်မှာ လားဟူအမျိုးသား ဖြစ်ပါသည်။ ရှေ့တွင် တောင်တွေအများကြီးကို တက်ရဦးမည်။ ၀င်းမနော်မရောက်မီ ရန်သူစခန်းချနေရာယူထားသော တောင်ကုန်း၎/၅ကုန်းကို ကျော်ဖြတ်ရမည်ဟု သိရသည်။ မိမိမှအကူညီတောင်း၍ ဆရာကြက်ရောမှ သူ့သားတယောက်နှင့် ရွာသားတယောက်ကို လမ်းပြရန် ထည့်ပေးလိုက်ပါသည်။
ဆက်လက်ချီတက်ကြရာတွင် စကြာတပ်ခွဲမှဦးဆောင်တပ်ခွဲ(ပွိုင့်)အဖြစ် တာဝန်ကျသည်။ ဦးဆောင်တပ်စုမှူးမှာ ဒုဗိုလ်ဂျေဒတ်(ခ)ဖြစ်ပါသည်။ ပွိုင့်တပ်စု၏တာဝန်မှာ အလွန်ပင်အရေးကြီးလှပါသည်။ ဗိုလ်သင်တန်းမှဆင်းခါစ မျက်စိသူငယ်ဖြစ်နေသော ဒုဗိုလ်ကုလားလေးကိုကြည့်၍ သနားမိသည်။ သို့သော်တပ်ခွဲမှာ တိုက်ရည်ခိုက်ရည်ဝပြီးသော တပ်ခွဲဖြစ်လေသည်။ တပ်စုတပ်ကြပ်ကြီးမြင့်ရွှေသည် အထူအားကိုးရသူဖြစ်၍ စိတ်ချရသည်။ (တပ်ကြပ်ကြီးမြင့်ရွှေသည် စစ်ဆင်ရေးများတွင် သတ္တိ၊ဗျတ္တိဖြင့် ထူးချွန်စွာဆောင်ရွက်ခဲ့သဖြင့် နောင်တွင်စစ်မြေပြင် ရာထူးခန့်အပ်ခြင်း Field Commission အဖြစ် ဒုဗိုလ်အဆင့်သို့ တိုက်ရိုက်ခန့်အပ်ခြင်းခံရသူ ဖြစ်လာပါသည်။) တပ်ရင်းသည် မဲခေါင်မြစ်အနောက်ဘက်တွင်ရှိသော အမြင့်ဆုံးတောင်တန်းကြီးပေါ်သို့ တက်နေခြင်းဖြစ်သည်။ မဲခေါင်မြစ်၏အရှေ့ဘက်တွင် လောနိုင်ငံရှိပါသည်။ တောင်ကြောတောင်တန်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ၄၀၀၀ ကျော်မြင့်သည်။ တောင်ကြောတောင်တန်း ရေဝေကုန်းတန်းများပေါ်တွင် တရုတ်ဖြူတပ်များသည် ၀င်းမနော်စခန်းအထိ နေရာယူထားလျက်ရှိကြသည်။ တောင်ကြောအမြင့်ဆုံးနေရာသို့မရောက်မီ အတက်တနေရာတွင် ရန်သူစခန်းချထားသော နေရာတနေရာကိုတွေ့ရသည်။ ရန်သူသည်လွန်ခဲ့သည့်ရက်က မိမိတပ်ချီတက်သွားလာမည့် လမ်းကိုပိတ်၍ စောင့်သွားဟန်ရှိသည်။ အိပ်သွားသည့်နေရာများ၊ ချက်ပြုတ်စားသောက်သွားသည့် နေရာများကိုပါ တွေ့ရှိရသည်။
ညနေ ၄ နာရီခန့်တွင် ရန်သူကစခန်းတခုတွေ့ရှိကြောင်း ရှေ့ဆောင်တပ်ခွဲမှ သတင်းပို့သဖြင့် တပ်ရင်းမှူးသည် ရန်သူ့စခန်းအခြေနေကို သွားရောက်လေ့လာကြည့်ရှုပါသည်။ ရန်သူသည် မိမိစစ်ကြောင်းရှိရာလမ်းကြောင်း၊ ရေဝေကုန်းတန်းပေါ်တွင် ပိတ်ဆို့စခန်းထိုင်ထားခြင်း ဖြစ်ပါသည်။ တောင်ကုန်းအမြင့် ပွိုင့်၃၁၁၅တွင် အခိုင်အမာဖြင့်ပင် တပ်စွဲထားသည်။ ပတ်လည်ဘန်ကာ (၄)လုံးရှိပါသည်။ ဘန်ကာနှင့်ကိုက်(၅၀)အကွာတွင် ၀ါးဖြင့်ခြံစည်းရိုးနှစ်ထပ်နှင့် သံဆူးကြိုးများခိုင်ခံ့စွာ ခတ်ထားပါသည်။ ခြံစည်ရိုးအတွင်းနှင့်အပြင်ဘက်တွင် ငြောင့်များကိုအပြည့်ထောင်ထားသည်။ စခန်း၏၀ဲယာဘက်တွင် နက်ရှိုင်းသောချောက်ကြီးများရှိနေ၍ စခန်းကိုပန်းသွား၍မရပါ။ လမ်းသည် စခန်းအတွင်းမှသာ ဖြတ်သန်းသွားနိုင်ပါသည်။ စစ်ကြောင်းသည် စခန်းကိုတိုက်ခိုက်ထိုးဖောက် ချီတက်ရန်မှတပါး တခြားရွေးစရာ နည်းလမ်းမရှိပါ။ ပွိုင့်၃၁၁၅ တောင်ကုန်း ရန်သူ့စခန်းကိုတိုက်ရန် မျက်နှာစာမှာကျဉ်းလွန်းလှသည်။ တပ်စိတ်တစိတ်ခန့်သာ တပ်ဖြန့်၍ရနိုင်ပါသည်။ ခြံစည်းရိုးကိုဖျက်ဆီးပြီး မကျော်နိုင်လျှင် မိမိတပ်များခြံစည်းရိုး အပြင်ဘက်တွင်ပင် ချေမှုန်းခံရဖွယ်ရှိသည်။ အမိန့်ပေးလျှင်တိုက်ရန် တပ်ခွဲများအသင့်ရှိနေကြသည်။
တပ်ရင်း၏ရည်မှန်းချက်သည် ၀င်းမနော်ဖြစ်သည်။ ရည်မှန်းချက်သို့ရောက်အောင်သာ သွားရမည်ဖြစ်၍ ရည်မှန်းချက်မရောက်မှ လမ်းတွင်ရန်သူတွေ့လျှင်မတိုက်ရ၊ ရန်သူ့အနှောင့်အယှက်၊ အခက်အခဲအဟန့်အတားများကို ရှောင်ကွင်းသွားရမည်။ ယခုအခြေနေမှာ ရန်သူစခန်းကိုတိုက်ခိုက် ထိုးဖောက်သွားရမည်။ မတိုက်မနေရ၊ တိုက်ကိုတိုက်ရမည်။ တပ်ရင်းမှူးအနေဖြင့် ရည်မှန်းချက်သို့မရောက်မှီ အကျအဆုံးများသွားမှာကို မရင်ဆိုင်လိုပါ။ အကျအဆုံးအနည်းဆုံးနှင့် တိုက်ရန်နည်းလမ်းကိုသာ ရွေးချယ်ရမည်ဖြစ်သည်။

“ဗိုလ်တင်မောင်အေး Range (အကွာအဝေး)မိသလား တိုင်းကြည့်စမ်းပါ”

တပ်ရင်းစစ်ကြောင်းနှင့်ပါလာသော အမြောက်ရှေ့တန်းအကဲကြည့်အရာရှိ ဗိုလ်တင်မောင်အေး(ဆန်နီ)အား တပ်ရင်းမှူးက လှမ်းမေးလိုက်သည်။ ဗိုလ်တင်မောင်အေး မြေပုံပေါ်တွင်တိုင်းထွာပြီးနောက် အကွာအဝေးမမိကြောင်းကို သတင်းပို့သည်။ အမြောက်ပစ်ကူမပါပဲ ခိုင်ခံ့သောသံဆူးကြိုးနှင့် ခြံစည်းရိုးအထပ်ထပ်ကာရံထားပြီး ခိုင်မာသောဘန်ကာများ တည်ဆောက်ထားသည့် စခန်းတခုကိုကျဉ်းမြောင်းသော မျက်နှာစာတဖက်တည်းမှတိုက်လျှင် အသက်ပေါင်းများစွာကို စတေးရပေလိမ့်မည်။ မိမိတပ်များဝင်းမနော်ကို မျက်နှာစာဘက်မှတိုက်စဉ်က အကျဆုံးများစွာဖြင့် တပ်လန်ခဲ့ရသည့်အဖြစ်မျိုး အဖြစ်မခံနိုင်ပါ။ တပ်ရင်းမှူးအနေဖြင့် ရည်မှန်းချက်သို့မရောက်မီ ကြီးမားသောတန်ဖိုးကိုပေးဆပ်၍ စွန့်စားမှုကိုမလုပ်လိုပါ။ တိုက်ပွဲတပွဲတိုက်လျှင် နိုင်ကိုနိုင်ရမည်၊ မနိုင်နိုင်အောင်တိုက်ပြီး အနိုင်ဖြင့်သာ အဆုံးသတ်ရမည်။ အကျဆုံးနည်းနိုင်သမျှနည်းပြီး နိုင်အောင်တိုက်နိုင်သည့် နည်းလမ်းကိုရွေးချယ်ရမည်။
သို့ဖြစ်၍ ပဏာမအနေဖြင့် ကွန်မန်ဒိုနည်းလမ်းဖြင့် စမ်းသပ်တိုက်ခိုက်ရန် အစီစဉ်ပြုလုပ်လိုက်ပါသည်။ ကွန်မန်ဒိုနည်းဖြင့် မအောင်မြင်မှသာလျှင် သမာရိုးကျတိုက်နည်းဖြင့် အင်အားသုံး၍တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပါသည်။ အမိနိုင်ငံကို ကျူးကျော်လာသည့်တရုတ်ဖြူများအား ကွန်မန်ဒိုနည်းဖြင့် တိုက်ခိုက်ရမည်ဖြစ်သဖြင့် ပါဝင်တိုက်ခိုက်လိုသူအများအပြား ပေါ်ထွက်လာပါသည်။ တပ်ရင်းအနေဖြင့် ကွန်မန်ဒိုစစ်ဆင်ရေးကို လေ့ကျင့်ထားသော်လည်း လက်တွေ့တွင် မတိုက်ခိုက်ဖူးသဖြင့် သူ့ထက်ငါဦးအောင် အမည်စာရင်းပေးကြသည်။ အရာရှိများလည်း တာဝန်ပေးလျှင် အသင့်ရှိနေကြသည်။ ယင်းအထဲမှ ခေါင်းဆောင်အဖြစ် တပ်ကြပ်ကြီးမြင့်ရွှေနှင့် လက်ရွေးစင်စစ်သည်၁၀ဦးအား ရွေးချယ်လိုက်ပါသည်။ ကွန်မန်ဒိုတပ်ဖွဲ့ကို “ဗလ”ဟု အမည်ပေးလိုက်ပါသည်။ “ဗလ”ခြံစည်းရိုးကို ဖောက်ထွင်းဝင်နိုင်ပြီး စတင်ပစ်ခတ်သည်နှင့် တာယာတပ်ခွဲမှ တပ်စုတစ်စုက ဆက်တိုက်နိုင်ရန်အတွက် “ဗလ”နောက်မှကပ်ထားရမည်။ ယင်းတပ်စုကို ဗိုလ်ရွှေသွင် (မွန်ပြည်နယ်ကောင်စီအငြိမ်းစား)က ဦးဆောင်ရမည်ဖြစ်ပါသည်။
“ဗလ”အဖွဲ့တွင် တဦးချင်း ဘီအေ၅၂တလက်စီ၊ ကျည်ကပ်အပြည့်၎ကပ်စီ၊ လက်ပစ်ဗုံးအသက်သွင်းပြီး ၄ လုံးစီ ပါရှိကြရမည်။ “ဗလ”အဖွဲ့သည် ခြံစည်းရိုးအတွင်းသို့ ၀င်ရောက်မိသည်နှင့် တောင်ကုန်းပေါ်ရှိ ဘန်ကာကတုတ်ကျင်းများ သို့ချဉ်းကပ်ပြီးအတွင်းသို့ လက်ပစ်ဗုံးများပစ်သွင်းရန်၊ ပြီးလျှင်ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးကျင်းများအတွင်းသို့ ဘီအေ၅၂သေနတ်များဖြင့် ဝှေ့ယမ်းပစ်ခတ်ကြရန်၊ “ဗလ”အဖွဲ့စတင်ပစ်ခတ်သည်နှင့် ဗိုလ်ရွှေသွင်တပ်စုမှအတင်း ၀င်ရောက်တိုက်ခိုက်ရန်ဖြစ်သည်။ ကွန်မန်ဒိုစစ်ဆင်ရေးဖြင့်တိုက်ခိုက်ရန်မှာ ရန်သူ့အငိုက်ရရှိရန် အဓိကအရေးကြီးသည်။ အငိုက်မရလျှင် သမာရိုးကျတိုက်ပွဲကိုသာ တိုက်ရပေမည်။ ခမရ(၁၀၇)တပ်ရင်းတရင်းလုံး ရန်သူစခန်းနှင့်ကိုက်၄၀၀ခန့် အကွာအဝေးတွင် ရောက်ရှိနေပြီဖြစ်သည်။
ရန်သူအားအငိုက်ဖမ်းတိုက်ခိုက်ရမည်ဖြစ်၍ မိမိတပ်များချဉ်းကပ်လာသည်ကို ရန်သူမရိပ်မိအောင် တပ်ဖျောက်ထားရမည်။ လူအင်အား ၁၀၀၀ နီးပါး၊ ပေါ်တာ ၁၀၀ ကျော်နှင့် ၀န်တင်တိရစ္ဆာန်များပါသော စစ်ကြောင်းကြီးကို တပ်ဖျောက်ထားရန်မှာ ဆင်သေကိုသားရေဖုံးသလိုသာ ရှိပေမည်။ တပ်ရင်းအနေဖြင့် စည်းကမ်းရှိသည်ထားဦး၊ ပေါ်တာများကိုထိန်းရန် မလွယ်ကူပါ။ တိရစ္ဆာန်များအသံမမြည်အောင် ထိန်းဖို့ကပို၍ခက်ပါသည်။ လူဆိုသည်မှာ ငြိမ်ငြိမ်နေတတ်ကြသည် မဟုတ်ပါ။ ဗာဟီရကိစ္စများလှပါသည်။ ချီးပါ၊သေးပေါက်၊ စားသောက်ရေးကိုမလုပ်မနေနိုင်ကြ။ စကားမပြောပဲမနေနိုင်ကြ၊ ချောင်းဆိုးသူကိုချောင်းမဆိုးရဟု ပိတ်ပင်ထားလျှင် ပို၍ပင်ချောင်းဆိုးချင်သည်။ ဆေးလိပ်လုံးဝမသောက်ရဟု အမိန့်ထုတ်ထားသော်လည်း ခိုးသောက်တတ်ကြသည်။ ပေါ်တာများဘိန်းပြောင်းညှိရန် မီးခြစ်ခြစ်ကြသည်မှာ ညအချိန်တွင်ပို၍ ထင်ထင်ရှားရှား အဝေးမှမြင်နိုင်သည်။ ဆက်သွယ်ရေးစက်များ လုံးဝအဆက်အသွယ်မပြုလုပ်ရန် Wireless Silence လုပ်လိုက်သည်။ လှုပ်ရှားမှုလုံးဝမလုပ်ရ၊ စကားမပြောရ၊ ဆေးလိပ်မသောက်ရ၊ အသံလုံးဝမထွက်ရ၊ နံနက်ကချက်လာသောထမင်းကိုစားပြီး နောက်တနေ့နံနက်စာအတွက် ထပ်မချက်ရ၊ မီးမဖိုရ၊ ညအချိန် တောင်ကုန်းမြင့်များတွင် အလွန်အေး၍မီးဖိုတတ်ကြသည်။ လုံးဝမီးမဖိုရန် တပ်ခွဲမှူးများအား တင်းတင်းကျပ်ကျပ် ကွပ်ကဲကြရန် အမိန့်ထုတ်လိုက်ပါသည်။
ဗလအဖွဲ့နှင့်တိုက်ခိုက်ရန် တာရာတပ်ခွဲကို ရန်သူနှင့်အနီးကပ်ဆုံးနေရာတွင် ထားလိုက်သည်။ ကျန်တပ်ခွဲများနှင့် ၀န်တင်တိရစ္ဆာန်များကို နောက်ဘက်ကိုက် ၁၀၀၀ အထိ ဆုတ်ခိုင်းလိုက်သည်။ စကြာတပ်ခွဲကို ဘယ်ဘက်ချောက်ထဲသို့ ဆင်းခိုင်းလိုက်သည်။ စကြာတပ်ခွဲမှူး ဗိုလ်ကြီးအောင်ဇေက ချောက်ထဲသို့ဆင်းရန် လုံးဝမဖြစ်နိုင်ကြောင်း စောဒကတက်နေသေးသည်။
“တောင်ကြာပေါ်မှာ တပ်တွေစုပြုံနေလို့မဖြစ်ဘူး၊ လက်နက်ကြီးတလုံးကျရင် အကုန်လုံးမသာဖြစ်ကုန်မယ်၊ ချောက်ထဲကိုရောက်အောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ဆင်း၊ ချောက်သိပ်နက်ပြီး မတ်ေ-ာက်နေရင် ကြိုးတွေသုံးပြီးလျှောဆင်း၊ ဘယ်ဘက်ခြမ်းက ပစ်ကူပေးတန်ပေးရမယ်၊ တက်ပြီးတိုက်တန်တိုက်ရမယ်”
တပ်ရင်းမှူးကအပြတ်အမိန့်ပေးလိုက်သည်။ စကြာတပ်ခွဲချောက်ထဲဆင်းသွားချိန် နေ၀င်သွားပြီဖြစ်၍ မှောင်စပျိုးနေပါပြီ။ ဗထူးတပ်ခွဲကိုလည်း ညာဘက်ချောက်ထဲဆင်းရမည်ဖြစ်၍ လမ်းစရှာထားရန် ညွှန်ကြားလိုက်ပါသည်။ တောင်ကြေပေါ်ရှိ တပ်ခွဲများတွင် အရာရှိများကမညွှန်ကြားမီကပင် ပေါ်တာများသည် မိမိတို့အတွက် အကာအကွယ်ယူရန် ကျင်ကလေးများ တူးနေကြပါပြီ၊ သူတို့တူးသောကျင်းကလေးများမှာ လူတကိုယ်လှဲအိပ်လျှင် မြုပ်ရုံသာနက်သည်။ ကျင်းမှာ “ဂ”ပုံ ကွေးကွေးလေးဖြစ်သည်။ ဘေးစောင်းကွေးကွေးလေးအိပ်ပြီး ဘိန်းရှုရန်ဖြစ်သည်။ ထိုစဉ် ပေါ်တာတယောက် အတက်ကြမ်းကြမ်း၊ ၀န်ကလည်းထမ်းလာရ၊ ဘိန်းကလည်းမရှုရ၍ အမောဆို့သေဆုံးကြောင်း သိရပါသည်။ မိမိတပ်အတွက် ကျိန်းကျေသွားပြီဟုပင် နိမိတ်ကောင်းကောက်လိုက်ပါသည်။
တပ်ရင်းမှူးအနေဖြင့် တညလုံးတမှေးမှ မအိပ်ရပါ။ ဆေးလိပ်မသောက်ရန်၊ စကားမပြောရန်၊ ချောင်းမဆိုးရန် လိုက်လံကြပ်မတ်နေရပါသည်။ မလိုက်နာသူများကို ကြိမ်လုံးနှင့်ရိုက်တန်ရိုက်ရသည်။ သန်းခေါင်ကျော် ၂ နာရီတွင် ဗလအဖွဲ့တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။ တပို့တွဲလဆန်း ၁၀ ရက်ဖြစ်၍ နံနက်တစ်နာရီတွင် လ၀င်မည်ဖြစ်၍ လမ၀င်မီ မြေပြင်အခြေအနေကို လေ့လာထား၍ လ၀င်လျှင်ဝင်ချင်း စတင်လှုပ်ရှားရန်အကောင်းဆုံးအချိန် ဖြစ်ပါသည်။ တပ်ရင်းမှူးသည် ဗလအဖွဲ့ရန်သူ့စခန်းအတွင်းဝင်နိုင်လျှင် ဆက်လိုက်မည့်တာရာတပ်ခွဲ၏ ရှေ့ဆုံးတပ်စုနှင့်အတူ ရှိနေသည်။ တပ်ခွဲမှူးဗိုလ်ကြီးကျော်သောင်း (ယခင်ရှမ်းပြည်နယ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်မှူးကြီးကောင်စစ်)က တပ်ရင်းမှူးရှိနေသောနေရာသည် ရန်သူနှင့်အလွန်နီးကပ်နေသဖြင့် တပ်ရင်းမှူးအားနောက်သို့ဆုတ်၍ နေရာယူသင့်ကြောင်း တင်ပြပါသည်။
“ဗိုလ်မှူးနဲ့ရန်သူ့ကြားမှာ ဗလအဖွဲ့ ၁၀ ယောက်ပဲရှိပါတယ်။ ရန်သူနဲ့လဲ ကိုက်၂၀၀ လောက်ပဲဝေးတယ်၊ လက်နက်ငယ်တကမ်းပဲရှိတယ်၊ တိုက်ပွဲဖြစ်လို့ပစ်ခတ်မှုတွေများလာရင် ဒီနေရာကမလုံခြုံဘူး။ နောက်ပြီးဗလအဖွဲ့ ချေမှုန်းခံရလို့ ရန်ူအလုံးအရင်းနဲ့ဆင်းလာရင် ဒီနေရာက ရှေ့တန်းအကျဆုံးနေရာဖြစ်လို့ ဗိုလ်မှူးဒီနေရာမှာမနေသင့်ဘူး”
ဗိုလ်ကြီးကျော်သောင်း စေတနာနှင့်အကြံပြုတင်ပြသည်ကို ကျွန်တော်လက်မခံပါ။ ဗလအဖွဲ့ကို ရှေ့တန်းကျကျ ကွပ်ကဲရမည်။ ဗလအဖွဲ့ရန်သူစခန်းအတွင်းသို့ဝင်နိုင်လျှင် ဆက်လိုက်ရမည့်တပ်စုနှင့်အတူ ရှိနေသင့်သည်။ သို့ဖြစ်၍ ဗလအဖွဲ့စတင်လှုပ်ရှားချိန်တွင် အခြေအနေကိုအနီးကပ် လေ့လာလျက်ရှိသည်။ ဗလအဖွဲ့ ရန်သူ့စခန်းရှိရာ တောင်ကုန်းပေါ်သို့ လူသွားလမ်းအတိုင်း တွားတက်သွားကြပါသည်။ လူသွားလမ်းဘေးဝဲယာတွင် ၀ါးညှောင့်များကို ထောင်ထားသဖြင့် တပ်ဖြန့်၍မရ၊ ၀ါးညှောင့်များကိုနှုတ်၍ ဖြည်းဖြည်းတွားတက်ကြသည်။ ရန်သူသည်လူသတ်မိုင်းများ ထောင်ထားတတ်ကြသဖြင့် မြေကြီးကိုလှံစွပ်ဖြင့်ထိုး၍ မိုင်းဗုံးများကိုရှာရသေးသည်။ ဗုံးနှစ်လုံးတူးဖော်ရရှိသည်။
ဗလအဖွဲ့ခြံစည်းရိုးကိုချဉ်းကပ်ပြီး ခြံစည်းရိုးကိုဖြဲကြည့်ကြသည်။ ခြံစည်ရိုးသည်ခိုင်ခန့်လှသည်။ နှဲ့၍ပင်မရပါ။ ခြံစည်းရိုးကို အနည်းငယ်လှုပ်သည်နှင့် သံဆူးကြိုးတွင်ဆွဲထားသော နို့ဆီခွက်များအသံမြည်လာသည်။ ဆရာမြင့်ရွှေ တံခါးပေါက်သို့တွားသွားပြီး တံခါးပေါက်ကိုဖွင့်ရန် ကြိုးစားသည်။ တံခါးပေါက်ကို သော့အထပ်ထပ်ချည်ထားပြီးတော့ သော့ခတ်ထားသည်။ သံကြိုးကိုကိုင်ကြည့်ရာ အသံမြည်သွားသည်။ ထိုစဉ် တံခါးပေါက်နှင့်ကိုက် ၃၀ ခန့်သာဝေးသော ဘန်ကာအတွင်းမှရန်သူများက အတွဲလိုက်စတင်ပစ်ခတ်ပါတော့သည်။ ရန်သူသည် ဗလအဖွဲ့ခြံစည်းရိုးသို့ ချဉ်းကပ်ကတည်းက သိနေပြီးဖြစ်၍ အသင့်ပြင်ထားပုံရသည်။ ခြံစည်းရိုးတံခါးပေါက်ကို ချည်ထားသောသံကြိုးကို ကိုင်လိုက်သည်နှင့်တံခါးပေါက်ဆီသို့ အတွဲလိုက်ပစ်ခတ်ကြသည်။ ဘန်ကာသည်ကုန်းမြင့်ပေါ်တွင်ရှိနေပြီး တံခါးပေါက်မှာ အနိမ့်ပိုင်းတွင်ရှိနေသဖြင့် တံခါးပေါက်ကိုပစ်ခတ်ရာတွင် စိုက်၍(နှိမ့်၍)ပစ်ခတ်ရခြင်းဖြစ်ရာ ပစ်ခတ်မှုထိရောက်ခြင်းမရှိပါ။ ပစ်ခတ်သောကျည်များမြေပြင်သို့မရောက်ပဲ တံခါးပေါက်၏ခါးလည်မှသာ ဖြတ်သွားသဖြင့်ဝပ်နေသော ဗလအဖွဲ့များကို မထိပါ။ တံခါးပေါက်ကိုချည်ထားသော သံကြိုးကိုလှမ်းဆွဲသော ဆရာမြင့်ရွှေ၏လက်ကိုသာ ထိမှန်သွားခဲ့ပါသည်။
ခြံစည်းရိုးတံခါးပေါက်နှင့်အနီးဆုံးဘန်ကာမှ စတင်ပစ်ခတ်သည်နှင့် အခြားဘန်ကာများမှလည်း ကတုတ်ကျင်းများမှလည်း အဆက်မပြတ်ဒလဟော မီးကုန်ယမ်းကုန်ပစ်ခတ်ကြပါတော့သည်။ လက်ပစ်ဗုံးများကိုလည်း လှိမ့်ချကြသဖြင့် တ၀ုန်းဝုန်းတဒိုင်းဒိုင်းနားကွဲမတတ် တတောလုံးတတောင်လုံး ဟိန်းသွားပါတော့သည်။ သေနတ်ပြောင်းဝမှထွက်လာသော မီးတောက်မီးလျှံများမှာ မျက်စိများကျိန်းမတတ်ပင်၊ ရန်သူပစ်ခတ်သောကျည်ဆန်များ ကျွန်တော်တို့နေရာယူထားသော နေရာသို့မိုးသီးမိုးပေါက်ပမာ ကျရောကလျက်ရှိပါသည်။ ခေါင်းပေါ်မှသစ်ကိုင်းများကျိုး၍ သစ်ရွက်များကျွန်တော်တို့ ကိုယ်ပေါ်သို့ကြွေကျကုန်ပါသည်။ ဗလအဖွဲ့မှ ရန်သူကတုတ်ကျင်းများနှင့်ဘန်ကာများသို့ လက်ပစ်ဗုံးများ ပစ်သွင်းကြသည်။ လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ကြသည်။

“တပ်ရင်းမှူး ဆက်လိုက်ရတော့မလား”
ဗိုလ်ကြီးကျော်သောင်းက လှမ်းမေးသည်။
“ခြံစည်းရိုးကိုဖောက်မ၀င်နိုင်ရင် ခြံစည်းရိုးအပြင်မှာပဲ အားလုံးသေကုန်လိမ့်မယ်။ ဗလကိုပြန်ဆုတ်ခိုင်းလိုက်ပါ”

တပ်ရင်းမှူးမှ ဗလကိုပြန်ဆုတ်ခိုင်းလိုက်သည်။ အငိုက်မရသဖြင့် ကွန်မန်ဒိုစစ်ဆင်ရေး မအောင်မြင်ပါ။ ဗလအဖွဲ့ စုံစုံညီညီ ပြန်လည်ရောက်ရှိလာကြသည်။ မိမိဘက်မှ ဆရာမြင့်ရွှေလက်တွင် လက်နက်ငယ်ကျည်ထိမှန်သည်မှအပ ထိခိုက်မှုမရှိပါ။ သို့သော် မိမိမှလက်ဦးမှုတကွက်ကတော့ ဆုံးရှုံးခဲ့ရပါသည်။ အင်အားသုံး၍ ရင်ဆိုင်တိုက်ခိုက်ရန်မှတပါး အခြားနည်းလမ်းမရှိတော့ပါ။

http://tyrinonote.wordpress.com(မှကူးယူဖော်ပြပါသည်)

မြန်မာနိုင်ငံ ရဲ့ တစ်ခုတည်း သော လေကြောင်းတိုက်ပွဲ


ဖြစ်စဉ်အဖွင့်
၁၉၆၁ ခုနှစ် ဖေဖော်ဝါရိ(၁၃)ရက်နေ့တွင် ရှမ်းပြည်နယ်ဝမ်ပန်ဆန်းဒေသ လွယ်တော်ခန်းနှင့်လွယ်ခန်းရှိုးရှိ တရုတ်ဖြူတို့ အားလက်နက်ခဲယမ်းနှင့်ရိက္ခာများကို အင်အားကြီးတနိုင်ငံမှဝေဟင်မှပေးပို့ ချထားပေးခဲ့ကြောင်း အထောက်ထားများကို တွေ့ရှိခဲ့ရသည်။ ၁၅-၂-၆၁ရက်နေ့က ကျိုင်းတုံတွင်တပ်စွဲထားသော မြန်မာ့တပ်မတော်(လေ)မှ ဆီးဖြူရီတိုက်လေယာဉ် အုပ်စုမှူး ဗိုလ်မှူးသူရတင်မောင်အေး (ဗိုလ်မှူးကြီးအငြိမ်းစား)သည် စက်ဆနာလေယာဉ်ဖြင့် ကင်းထောက်ပျံသန်းနေစဉ် တာချီလိတ်အနောက်ဘက် ၀မ်းပန်ဆန်းဒေသတွင် DZ (Dropping Zone= ဝေဟင်ပစ္စည်းချရန်အမှတ်အသား)ကို တွေ့ရှိခဲ့ရသည်။ ယခင်နေ့များကလည်းပစ္စည်းချပေးခဲ့ပြီး ယနေ့တွင်လည်းပစ္စည်းချရန်အစီစဉ်ရှိ၍သာ DZ အမှတ်အသား ခင်းထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးသူရတင်မောင်အေးမှ သုံးသပ်လိုက်ပြီးကျိုင်းတုံသို့အမြန်ပြန်ခဲ့သည်။
ဖြစ်စဉ်
ဗိုလ်မှူးသူရတင်မောင်အေးသည် ကျိုင်းတုံသို့ပြန်ရောက်လျှင်ရောက်ချင်း ဆီးဖြူရီလေယာဉ်အမှတ် (UB464) မောင်းနှင်သော ဗိုလ်မောင်သိန်းခေါင်းဆောင်ပြီး (UB466)မောင်းနှင်သောဒုတိယဗိုလ်ပီတာနှင့် (UB465)မောင်းနှင်သော ဗိုလ်ချစ်ခိုင်တို့ပါဝင်သည့် ဆီးဖြူရီတိုက်လေယာဉ်(၃)စီးပါအုပ်အား DZတွေ့ရှိခဲ့ရသောနယ်မြေသို့ စေလွတ်ခဲ့သည်။ ဗိုလ်မှူးသူရတင်မောင်အေးသည် သူကိုယ်တိုင်လိုက်ပါရန်ဖြစ်သော်လည်း သူဆောင်းနေကျလေသူရဲဦးထုပ် တပ်မဟာရုံးတွင် ကျန်ရစ်ခဲ့သဖြင့် သွားယူနေလျှင်နောက်ကျမည်ဖြစ်သဖြင့် ဗိုလ်မောင်သိန်းအားခေါင်းဆောင်စေကာ စေလွှတ်လိုက်ခြင်းဖြစ်သည်။ ရန်သူ့လေယာဉ်ကိုတွေ့လျှင် ကျိုင်းတုံလေယာဉ်ကွင်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ရန် ညွှန်ကြားခဲ့သည်။ ဗိုလ်မောင်းသိန်းခေါင်းဆောင်သည့် လေယာဉ်(၃)စီးသည်ဝမ်ပန်းဆန်းနယ်မြေပေါ်သို့ မွန်းလွဲ (၃)နာရီခွဲခန့်တွင် ရောက်ရှိခဲ့ကြသည်။ ရန်သူ့လေယာဉ်အားရှာဖွေရင်း စောင့်ဆိုင်းနေကြစဉ် ညနေ(၄)နာရီခန့်တွင် အရှေ့မှအနောက်သို့ စက်လေးလုံးတပ်လေယာဉ်ကြီးတစင်း ၀င်ရောက်လာသည်ကိုတွေ့ရှိခဲ့ကြသည်။ ဗိုလ်မောင်သိန်းက အဆိုပါလေယာဉ်အားအဖမ်းခံရန် ရေဒီယိုဖြင့်အကြောင်းကြားရာ မလိုက်နာသည့်အတွက် နောက်မှလိုက်၍ အနီးကပ်ကြည့်နေစဉ် အဆိုပါလေယာဉ်ကြီးမှစတင်ပစ်ခတ်သဖြင့် ဗိုလ်မောင်သိန်းက ပြန်လည်တိုက်ခိုက်ခဲ့သည်။ ဗိုလ်ပီတာနှင့်ဗိုလ်ချစ်ခိုင်တို့အားလည်း မိမိအားပစ်ခတ်နေကြောင်းနှင့် လေယာဉ်ကြီးအားဝိုင်းဝန်းတိုက်ခိုက်ကြရန် အမိန့်ပေးခဲ့သည်။ မိမိလေယာဉ်(၃)စီးမှ ပထမအချိန်တိုက်ခိုက်စဉ်မှာပင် လေယာဉ်ကြီးမှပစ္စည်းတထုပ်ကို လေထီးဖြင့်ချလိုက်ပြီး မီးကျည်တောင့်(Tracer)များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပါသည်။ မိမိလေယာဉ်(၃)စီးသည် ဒုတိယအကြိမ် ဆက်လက်တိုက်ခိုက်ကြပြန်ရာ ဗိုလ်ချစ်ခိုင်၏လေယာဉ်အမြီးပိုင်းကို လေယာဉ်ကြီးမှပစ်ခတ်လိုက်သော ကျည်ထိမှန်သွားပါသည်။ တချိန်တည်းမှာပင် ဗိုလ်ပီတာ၏“ကိုယ့်လေယာဉ်ထိသွားပြီ” ဟု အသံကြားလိုက်ရပြီး ဗိုလ်ပီတာအား နောက်ထပ်ဆက်သွယ်၍မရတော့ပဲ အသံပျောက်သွားပါသည်။ ဗိုလ်ပီတာ၏လေယာဉ်သည် မိမိနယ်နိမိတ်နှင့် ၈ မိုင်ခန့်ဝေးသော ထိုင်းနိုင်ငံအတွင်းဆင်းသက်နိုင်ခဲ့သော်လည်း မီးလောင်ပျက်စီးသွားခဲ့ကာ ဗိုလ်ပီတာလည်းကျဆုံးသွားခဲ့သည်။ ဗိုလ်မောင်သိန်းက တတိယအကြိမ်ဆက်လက်တိုက်ခိုက်ရာ စက်လေးလုံးတပ် လေယာဉ်ကြီးသည် အမြီးပြုတ်ထွက်ပြီး မီးဟုတ်းဟုတ်းတောက်ကာ အောက်သို့စိုက်ကျသွားပါသည်။ အဆိုပါ ရန်သူ့လေယာဉ်ကြီးပျက်ကျသွားသည့်နေရာမှာ ထိုင်းနိုင်ငံအတွင်းပင်ဖြစ်သည်။
ဖြစ်စဉ်နိဂုံး
တပ်မတော်(လေ)မှပစ်ချခဲ့သော စက်လေးလုံးတပ်ရန်သူ့လေယာဉ်ကြီးပုံသဏ္ဍာန်မှာ High Wings Single Fan with Defensive Armament ဖြစ်၍ B24 မှဆင်းသက်လာသည့် P4Y3 DRAVATEER လေယာဉ်ဖြစ်ပါသည်။ လေယာဉ်ကြီးတွင် ဒဿမ၅၀ကျည်သုံး စက်သေနတ်ကြီး (ပွိုင့်ဖိုက်ပေါ့) ၁၂လက်ကို တပ်ဆင်ထားပါသည်။ ဗိုလ်ချစ်ခိုင်၏ လေယာဉ်နောက်မြီးအောက်ပိုင်းတခုလုံး ကြေမွပျက်စီးသွားသည့်အပြင် ဘီးလည်းပြုတ်ထွက်သွားခဲ့သည်။ ဗိုလ်ချစ်ခိုင်၏ လေယာဉ်ကိုဗိုလ်မောင်သိန်းမှ ခေါ်ဆောင်လာပြီး ကျိုင်းတုံကွင်းတွင်ဘီးမချပဲ ၀မ်းဗိုက်ဖြင့်ဆင်းသက်ခဲ့ရသည်။ ဗိုလ်ချစ်ခိုင် ထိခိုက်ဒဏ်ရာရခြင်းမရှိပါ။ အဆိုပါလေသူရဲ(၃)ယောက်စလုံးအား နိုင်ငံတော်မှ“သူရဘွဲ့”ကို ချီးမြှင့်ခဲ့သည်။ အဆိုပါကိစ္စကြောင့် ကုလသမဂ္ဂတွင်တရုတ်ဖြူကျူးကျော်မှုကို တရားဝင်တိုင်တန်းပြီး အင်အားကြီးနိုင်ငံတခု၏ပါဝင် ပတ်သက်မှုကို မီးမောင်းထိုးပြနိုင်ခဲ့သည်။

(တပ်မတော်(လေ)သမိုင်းမှကောက်နုတ်တင်ပြထားပါသည်)

ကွန်လုံရက်ပေါင်း(၄၀)တိုက်ပွဲ

ကွမ်းလုံသိမ်းပြီးစင်ပြိုင်အစိုးရကျေညာဖို့အကြံ

ကွမ်းလုံသည် သံလွင်မြစ်၏မြောက်ဘက်ကမ်းတွင်တည်ရှိ၍ လားရှိုး၊ သိန္နီ၊ နမ်ဆလပ်၊ နာတီး နှင့် ဟိုလီ တို့မှ လာသော ၈၅ မိုင်ရှည်လျားသည့် ကားလမ်းနှင့်ဆက်မိအောင် သံလွင်မြစ် ကိုဖြတ်ကူး၍ ကြိုးတံတားဆောက်လုပ်ထားလေ သည်။ ထိုတံတားကို တရုပ်ကျွမ်းကျင်မှုအကူအညီဖြင့် ၁၉၆၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် စတင်ဆောက်လုပ်ခဲ့ရာ ၁၉၆၅ ခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ်နိုင်ခဲ့လေသည်။

ထိုတံတားဆောက်လုပ်ရာတွင် မြန်မာက ကျပ်ငွေခြောက်သိန်း၊ တရုပ်က ကျပ်ငွေခြောက်သန်း ကုန်ကျခံခဲ့ပြီး တရုပ်-ဗမာ ပူးပေါင်းဆောက်လုပ်ခဲ့ခြင်းဖြစ်သည့်အတွက် ထိုတံတားကို တရုပ်-ဗမာ ချစ်ကြည်ရေးတံတားဟု ခေါ်တွင်လေသည်။

၁၉၇၁ ခုနှစ် နိုဝင်ဘာလထဲတွင် ဗကပတို့က ကွမ်းလုံကို ထိုးစစ်ဆင်ပြီး ကွမ်းလုံမြောက်ဖက်ရှိ တောင်ကုန်းများကို တက်ရောက်သိမ်းယူကြရာ ရန်သူတို့ သံလွင်မြစ်ကိုဖြတ်ကူးပြီး တောင်ဘက်သို့ဆင်းမလာနိုင်အောင် ယင်း တရုပ်-ဗမာ ချစ်ကြည်ရေးတံတားကြီးကို ဖောက်ခွဲပစ်ရတော့မည့် အခြေအနေသို့ရောက်ခဲ့ရသည်။ ဖောက်ခွဲရန်လည်း အမိန့်ပေးပြီးပြီ၊ သို့ရာတွင် လက်မတင်ကလေးမှာပင် တပ်မတော်ဖက်က ခံစစ်မှ တိုက်စစ်သို့ ကူးပြောင်းနိုင်ခဲ့သဖြင့် ထိုချစ်ကြည်ရေးတံတားကြီးကို ဖျက်ဆီးခြင်းမပြုခဲ့ရတော့ပေ။

ကွမ်းလုံသည် အရှေ့တိုင်းစစ်နယ်မြေတွင် စစ်ရေးအရ အချက်အချာကျသောနေရာဒေသဖြစ်သည်။ ကွမ်းလုံ မြောက်ဖက်တွင်ကပ်လျက် လွယ်မန်ခါး၊ လွယ်မြင်ရှမ်း၊ ဟိုက်ကမ်းပါး၊ ပညက်ထန်၊ ရှောင်တီးလုံ စသော တောင်ကုန်းများသည် တခုနှင့်တခုဆက်ကာ ကွမ်းလုံမြို့မှ အရှေ့ဘက်သို့ ဟိုပန်အထိ ကမ်းလမ်းတလျှောက်ကိုမိုး၍ထားကြသည်။

ထိုတောင်တန်းကို ရန်သူတို့ တက်ရောက်သိမ်းပိုက်နိုင်ခဲ့လျှင် အရှေ့မြောက်တိုင်း၏စစ်ရေးအခြေအနေမှာ လုံးဝပြောင်းလဲသွားစရာရှိသည်။ သူတို့သည် ကွမ်းလုံမြောက်ဘက်ရှိ ကိုးကန့်နယ်နှင့် တောင်ဘက်ရှိ ၀နယ်များသာမက ကွမ်းလုံမြို့နယ်တခုလုံးကို သိမ်းပိုက်နိုင်ကာ လွတ်မြောက်သောနယ်မြေအဖြစ်ကျေညာပြီး ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ နှင့် စင်ပြိုင်အစိုးရ တည်ထောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဗကပတို့သည် ကွမ်းလုံရက်ပေါင်း ၄၀ တိုက်ပွဲမဖြစ်ပွားမီကပင် ကွမ်းလုံနယ်မြေကို မကြာခဏလာ၍စမ်းခဲ့ကြသည်။

သူတို့သည် ရွှေလီမြစ်ဝှမ်းတွင် ခြေကုတ်ရယူဖို့ရန် အကြံမအောင်မြင်ဘဲ သံလွင်မြစ်အရှေ့ဘက်သို့ စစ်ဗျူဟာ ပြောင်းရွှေ့ခဲ့ကြရသည့်အခါတွင် ကိုးကန့်နယ်မှ စော်ဘွားအုပ်ချုပ်မှုကို မကြေနပ်သော လူငယ်များအားစည်းရုံးပြီး ကိုးကန့် အနောက်ခြမ်းကို စတင်ဝင်ရောက်ခဲ့ကြသည်။

သို့သော် ဗကပနောက်သို့ပါသွားသူများမှာ ဗကပကိုနှစ်နှစ်ကာကာလိုလား၍မဟုတ်ကြချေ။ ဒေသခံတို့နှင့် မတည့်၍ ပါသွားကြခြင်းဖြစ်သည်။ ဒေသခံများကား တိုင်းရင်းသားအချင်းချင်း ပူးပေါင်းလိုသောဆန္ဒရှိကြသည်။ ထို့ကြောင့် လည်း ဗကပတို့၏နောက်သို့ လိုက်ပါမသွားကြသော လူငယ်များက ကာကွယ်ရေးများအဖြစ်ဖြင့် တပ်မတော်နှင့်လက်တွဲ ပြီး တာဝန်ထမ်းရွက်လျက် ရှိကြသည်ကိုတွေ့ရသည်။

ဗကပတို့သည် ကွမ်းလုံကိုချိန်ရွယ်ကာ ၁၉၇၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် မြောက်ဘက်ကဆင်းလာခဲ့ကြ သည်။ ၁၆ ရက်နေ့တွင် ကွမ်းလုံမြောက်ဘက်ရှိ လွယ်မန်ခါးတောင်ကို စတင်တိုက်ကြသည်။ သို့သော် ဗမာ့တပ်မတော် သားများက စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် ပြန်၍တိုက်ထုတ်လိုက်ကြသဖြင့် ရန်သူ ၄၉ ယောက်ကျ၍ ၅၁ ယောက်ထိခိုက်ဒဏ်ရာရပြီး တပ်လန်သွားကြသည်။

တဖန် သြဂုတ်လ ၁၆ ရက်နေ့တွင် နမ်းကွမ်းလုံချောင်းမှဝင်၍ ပန်လုံကိုသိမ်းယူခဲ့ကြသည်။ သို့သော် တပ်မတော်က တပတ်အတွင်း ပန်လုံကိုပြန်၍သိမ်းယူနိုင်ခဲ့ကြသည်။

သူတို့သည် မလျှော့ကြသေးဘဲ စက်တင်ဘာလထဲတွင် ဗင်ဟင်း နှင့် ဟိုစွမ်ကို တိုက်ဦးမည်လုပ်ကြသေးသည်။ သို့သော် သူတို့အကြံကိုသိ၍ တပ်မတော်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်တော့မည့် ဟန်ဆောင်လိုက်သဖြင့် ထိုအကြံကို စွန့်ပြီးလျှင် ကိုးကန့်အနောက်ခြမ်းရှိ သူတို့၏ခြေကုတ်စခန်းသို့ပြန်၍ဆုတ်သွားကြလေသည်။

ယင်းသို့ ဗကပတို့က လာရောက်တိုက်ခိုက်နေကြခြင်းမှာ ကွမ်းလုံကိုအလုံးအရင်းနှင့် တိုက်ခိုက်သိမ်းယူရန် တပ်မတော်၏ အင်အားအခြေအနေကို မျှော့သွေးစမ်းသည့် သဘောပင် ဖြစ်ဘွယ်ရာ ရှိသည်။ နိုဝင်ဘာ ၁၃ ရက် ၁၄ ရက် နေ့ လောက်တွင် ၀ ဗကပတပ်ရင်း (၃) ရင်း၊ ပြည်သူ့စစ် ၁၂၀၀ နှင့် နော်ဆိုင်းဦးစီးသော ဗကပ ၁၈၀၀ တို့ မြောက်ဘက် မှ ဆင်းလာကြသည်ဟု တပ်မတော်က သတင်းရရှိလေသည်။

နိုဝင်ဘာ ၁၉ ရက်နေ့တွင် သူတို့၏တိုက်စစ်စတင်ကာ လွယ်တွေ နှင့် ရှင်မကန် သို့ရောက်ပြီးခြေကုတ်ယူလိုက်ကြသည်။ သူတို့အထဲတွင် အမျိုးသမီးများလည်းပါလာကြသည်။

နိုဝင်ဘာ ၂၀ ရက် နေ့တွင် မိုင်တိုင် ၃၅ နှင့် ၄၀ တို့အကြားရှိ တံတားများကို ဖောက်ခွဲချိုးပစ်ကြသည်။ ထိုနေ့မှာပင် ကွမ်းလုံမြောက်ဘက်ရှိ လွယ်မန်ခါးတောင်ပေါ်မှ တပ်မတော်တပ်စုတစုရှိရာကို ရန်သူတို့က ၀င်ရောက်တိုက်ခိုက်ကြလေသည်။

ထိုနေ့နံနက် ၆ နာရီခွဲလောက်တွင် ကာကင်းအဖွဲ့တဖွဲ့သည် ရန်သူရှိရာဘက်မှန်း၍ ထွက်လာရာ ပထမသော် ဗကပတို့ဘက်မှ အင်အား ၁၅ ယောက်မျှသာရှိသည်ကိုတွေ့ရသည်။ ခဏကြာသော် သူတို့အင်အား ၅၀ ဖြစ်လာသည်ကို တွေ့ရ၍ ပြန်ဆုတ်ခဲ့ရသည်။ မကြာမီမှာပင် ၁၀၀ အထိဖြစ်လာပြီး အရှေ့ဘက်မှ နောက်ထပ်အင်အားဖြည့်ကာ မန်ခါး တောင်ကုန်းစခန်း ကိုတိုက်ကြလေသည်။

ထိုသို့လွယ်မန်ခါးကို ဗကပ အင်အား ၁၀၀ ကျော်တို့က ၀င်ရောက်တိုက်ခိုက်နေစဉ် ထိုတောင်၏မြောက်ဘက် တွင်ကပ်လျက်ရှိသော လွယ်မြင်ရှန်းတောင်ကုန်းမှ ကိုးကန့်ကာကွယ်ရေး ၈၀ ခန့်ကို အခြားဗကပတပ်တတပ်က အရှေ့ ဘက်မှနေ၍တိုက်ကြသဖြင့် ကာကွယ်ရေးတို့ ဆုတ်ပေးရလေသည်။

ထိုသို့ကာကွယ်ရေးတို့ကဆုတ်ပေးလိုက်ရသဖြင့် ဗကပတို့က လွယ်မြင်ရှန်းကို သိမ်းလိုက်ကြပြီး တောင်ပေါ် တွင် ကတုတ်ကျင်းများတူးကာ ထိုမှနေ၍ လက်နက်ကြီးများဖြင့် လွယ်မန်ခါးကို တညလုံးပစ်ခတ်ကြလေသည်။

သူတို့သည် နိုဝင်ဘာ ၂၁ ရက် နံနက် ၃ နာရီတွင် အာရုဏ်တက်တိုက်ပွဲ ဆင်ရန်ပြင်ဆင်နေကြစဉ် မန်ခါး တောင်ပေါ်ရှိ တပ်မတော်သားများက ပစ်ခတ်ကြသဖြင့် တိုက်ပွဲမဆင်နိုင်ဘဲရှိကြသည်။

ရန်သူ့အင်အားမှာ စုစုပေါင်း ၅၀၀ ကျော်မျှရှိသည်။ သို့ဖြစ်ရာအင်အားခြင်းမယှဉ်သာသည့်အလျောက် လွယ်မန်ခါးတောင်ပေါ်ရှိ တပ်စုမှူးက တောင်အောက်ကတပ်ကို အပေါ်သို့ခေါ်ယူလိုက်သည်။ ထိုသို့ခေါ်ယူလိုက်ခြင်းမှာ စစ်နည်းဗျူဟာအရ မှန်ကန်လှသည်။ ထိုအချိန်တွင် ဗကပတို့သည် တောင်အောက်ကို အလုံးအရင်းနှင့်ချီတက်လာလျက် ရှိကြသည်။ သို့သော် တောင်ပေါ်မှနေ၍ ပစ်ခတ်ကြသဖြင့် ရန်သူတို့တောင်အောက်တွင် နေရာမယူနိုင်ကြဘဲ ခပ်ဝေးဝေးမှာ ခိုကပ်နေကြရလေသည်။

ညဘက်တွင် လွယ်မြင်ရှန်းတ၀ိုက်ရှိ ဗကပများက မန်ခါးစခန်း မရပ်မနား ဒလစပ် ပစ်ခတ်တိုက်ခိုက်ကြသဖြင့် တပ်စုမှူးနှင့်တပ်သား ၂၈ ယောက် ညအမှောင်ထုကို အကာအကွယ်ယူ၍ ဆုတ်ခွာခဲ့ရသည်။ ထိုညမှာပင် လွယ်မန်ခါး တောင်ကုန်းကို ဗကပတို့သိမ်းယူလိုက်ကြသည်။ ထို လွယ်မန်ခါးတောင်တိုက်ပွဲမှာ ၃၇ နာရီကြာပြီး တပ်မတော်ဘက်မှ (၃) ဦးကျ၍ (၁၀) ဦး ဒဏ်ရာရခဲ့ကြကုန်သည်။

အဆုံးအဖြတ်ပေးသောဟိုက်ကမ်းပါးတိုက်ပွဲ

လွယ်မန်ခါးကို ဗကပတို့ရသွားကြပြီးနောက် နိုဝင်ဘာ ၂၂ ရက်နေ့ နှင့် ၂၅ ရက် ရက်နေ့များတွင် အမှတ် (၁၀၅) ခြေမြန်တပ်ရင်းမှ ပြန်၍ရအောင် နှစ်ကြိမ်တိုင်တိုင်ကြိုးစားကြလေသည်။ သို့ရာတွင် ဗကပတို့သည် လွယ်မန်ခါး တောင်ကြောတွင် နေရာယူထားကြပြီးဖြစ်သည့်အပြင် အပေါ်စီးမှနေ၍ လက်နက်ကြီးများနှင့်ဒလစပ် ပစ်ခတ်သည့်အတွက် မိမိတို့တပ်များမှာ ရှေ့သို့မတိုးနိုင် ရှိကြသည်။ ပထမနေ့က တပ်မတော်ဘက်မှ အရာရှိတဦးနှင့် တပ်သားလေးယောက်ကျသည်။

နိုဝင်ဘာ ၂၅ ရက် ဒုတိယနေ့တွင် တောင်ပေါ်ရှိဗကပအင်အားမှာ ၄၀၀ မှ ၅၀၀ အထိရှိလာသည်။ ယင်းသို့ အင်အားခြင်းမမျှသော်လည်း မိမိတို့တပ်များက ဇွဲသတ္တိအပြည့်အ၀ဖြင့် တောင်ပေါ် တက်၍တိုက်ကြသည်။ သို့သော် သီတာ (၁) ဟု အမှတ်အသား ပြုလုပ်ထားသောစခန်းအထိသာ တက်ရောက်၍ခြေကုတ်ရယူနိုင်ခဲ့သည်။ သီတာ (၂) စခန်းသို့ ဆက်လက်တက်ရောက်ဖို့ရန်မှာ တောင်ပေါ်ကလက်နက်ကြီးများဖြင့် မနားတမ်းပစ်ခတ်ကြသည့်အတွက် နာရီ ၀က်အတွင်း ဆုတ်ခွာ၍ပေးခဲ့ရသည်။ ထိုနေ့တိုက်ပွဲတွင် မိမိတို့ဘက်မှ (၄) ယောက်ကျ၍ (၃၄) ယောက် ထိခိုက် ဒဏ်ရာ ရရှိကြသည်။

ဗကပတို့သည် မန်ခါး၊ လွယ်မြင်ရှန်း နှင့် ပညက်ထန်တောင်ကုန်းများကိုရရှိထားကြပြီးနောက် အရှေ့ဘက်ရှိ ပေ ၆၀၀၀ ကျော်မြင့်သော ရှောင်တိလင်တောင်ကုန်းကို အင်အား ၅၀၀ ခန့်မျှဖြင့် တိုက်ကြပြန်သည်။ ထိုတောင်ကုန်းသည် ကွမ်းလုံမှ ဟိုပန် နှင့် စံပြရွာသို့သွားသောကားလမ်းမကြီးတခုလုံးကို စိုးမိုးထားသောလမ်းဖြစ်၏။ ရန်သူတို့သည် တိုက်ပွဲ ကို နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၅ နာရီတွင်စတင်ကာ တောင်ခြေရင်းရှိ ကာကွယ်ရေးများ၏တပ်စခန်းကို ဦးစွာတိုက်ခိုက်သဖြင့် ကာကွယ်ရေးများမှာ ထိုနေရာကဆုတ်ခွာပေးခဲ့ရသည်။

ထိုတောင်ပေါ်တွင် ခမရ (၁၀၅) မှ တပ်စုနှစ်စုရှိပြီး စံပြရွာတွင်တစုရှိလေသည်။ ဗကပတို့သည် အောက်ခြေကို သိမ်းပြီးနောက် တောင်ပေါ်ရှိတပ်စုနှစ်စုကိုပစ်ခတ်တိုက်ခိုက်ကြသည်။

မိမိတို့တပ်နှင့်ရန်သူအင်အားမှာ မမျှဘဲရှိရာ ၁၁ နာရီအချိန်လောက်တွင် တောင်ပေါ်မှဆုတ်ခွာဖို့ အထက်က အမိန့်ရောက်လာလေသည်။ သို့ဖြစ်၍ရိက္ခာများကိုဖျက်ဆီးပြီး ဆုတ်ခွာခဲ့ကြသည်။ ယင်းသို့ဆုတ်ခွာရာတွင် တပ်စုတစု သာလွတ်ပြီး တစုကိုအ၀ိုင်းခံရရာ စံပြရွာဘက်မှဆုတ်ခွာလာသောတပ်စုနှင့်ပေါင်းပြီး ခုခံတိုက်ခိုက်ကာ နောက်တနေ့ မနက် နမ့်ဟူးရွာအရောက် ဆုတ်ခွာ ခဲ့ရသည်။ ဤတိုက်ပွဲမှာ နံနက်မှညနေအထိ ၁၂ နာရီကြာပြီး မိမိတို့ဘက်မှ (၁) ယောက်ကျ၍ (၂၄) ယောက်ပျောက်ဆုံးခဲ့သည်။

ဗကပတို့သည် မန်ခါး၊ လွယ်မြင်ရှန်း နှင့် ပညက်ထန်၊ ရှောင်တိလုံ တောင်ကုန်းများကိုရရှိထားကြပြီဖြစ်ရာ ကွမ်းလုံမြို့နောက်ဘက်တွင်ကပ်လျက်ရှိသည့် ဟိုက်ကမ်းပါးကို ရယူဖို့ရန်သာ လိုတော့သည်။ ထိုတောင်ကုန်းကိုရလိုက်လျှင် ကွမ်းလုံမြို့သည် အချိန်ပိုင်း နာရီပိုင်းအတွင်း ကျဆုံးဖို့ရှိလေသည်။

ဤတိုက်ပွဲသည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဆင်ရေးကို အဆုံးအဖြတ်ပေးမည့်တိုက်ပွဲပင်ဖြစ်ပေတော့သည်။ တကယ်ဆိုတော့ ရန်သူတို့ကဖွင့်၍တိုက်သည့် စစ်မျက်နှာမှာ ဤတောင်ကုန်းများ တ၀ိုက်သာလျှင်မဟုတ်ချေ။ တိုက်ပွဲကြီး စတင်သည့် နိုဝင်ဘာ ၁၉ ရက်နေ့တွင် မိုင်တိုင် ၃၅ နှင့် ၄၀ အကြားရှိတံတားများကို ချိုးဖျက်ကာ စစ်ကူမရောက်လာနိုင် အောင် လုပ်ထားခဲ့ရာ ထိုနေရာကမှစ၍ စံပြရွာအထိတိုင်းထွာသတ်မှတ်လိုက်မည်ဆိုလျှင် ရန်သူတို့ဖွင့်လိုက်သည့် စစ်မျက်နှာမှာ မိုင်ပေါင်း ၃၀ မျှရှည်လျားသည်ဟု ဆိုရပေလိမ့်မည်။

ထို့ကြောင့် ဟိုက်ကမ်းပါးကျသည်နှင့် သိန္နီအရှေ့ရှိ ကွမ်းလုံနယ်မြေတခုလုံးသည် ဗကပလက်သို့ကျရောက်ကာ “လွတ်လပ်သောနယ်မြေ” ဖြစ်သွားနိုင်လေသည်။ သို့ဖြစ်၍ ရန်သူတို့အဖို့ ဟိုက်ကမ်းပါးကိုအရယူဖို့ရန် အရေးကြီးသလို တပ်မတော်အဖို့လည်း ထိုတောင်ကုန်းကိုလက်မလွတ်ရအောင် အစွမ်းကုန်ခုခံကာကွယ်ဖို့ရန် အရေးကြီးလှပေသည်။

နိုဝင်ဘာ ၃၀ ရက်နေ့တွင် ဗကပတို့သည် ဟိုက်ကမ်းပါးကို တပ်ရင်း ၂ ရင်းဖြင့်ပုံအော၍တိုက်ကြလေသည်။ မိမိတို့ဘက်ကမူ ကချင် (၃) မှ တပ်စု ၂ စု နှင့် ခမရ (၁၀၅) မှ တပ်စု ၁ စု သာရှိသည်။ ထိုတပ်စုများကို ခမရ (၁၀၅) မှ ကွပ်ကဲမှုပေးခဲ့သည်။ ခမရ (၁၀၅) မှ တပ်ရင်းမှုးလည်း ဟိုက်ကမ်းပါးရှိနေသည်။

ဗကပတို့သည် ရှေ့ကတိုက်ပြီး ဘေးကဖြတ်တောက်ကြသည်။ လွယ်မန်ခါး နှင့် ပညက်ထန်မှနေ၍လည်း ပစ်ခတ်ကာ အကူပေးကြသည်။

ဤမျှသောအင်အားဖြင့် ခုခံတိုက်ခိုက်ခဲ့ရသည်မှာ ခံစစ်တိုက်ခိုက်နည်းအရဆိုလျှင် တပ်လုံးပြုတ်ပြီး ထို တောင်ကုန်းရောမြို့ပါ ရန်သူ့လက်သို့ကျဆင်းသွားစရာရှိလေသည်။ သို့ရာတွင် ရန်သူတို့သည် အင်အားများ၍ လက်နက် သာစေကာမူ တိုက်ရည်ခိုက်ရည်နှင့်ဇွဲသတ္တိတွင် ဗမာ့တပ်မတော်သားတို့ကိုမမှီဘဲရှိကြသည်။ တပ်မတော်သားတို့သည် ရဲမာန်ဟုန်စစ်ဆင်ရေးဟု အမည်ပေးထားသည့်အတိုင်း ရဲစိတ်ရဲမာန် ထက်သန်ကြသည်။ မြေတလက်မကိုမျှ အနိုင်မခံအရှုံး မပေးဟူ၍လည်း သန္နိဌာန်ချမှတ်ထားကြသည်။

ယင်းသို့လျှင်အင်အားခြင်းမမျှကြသော်လည်း ရန်သူကိုချေမှုန်းနိုင်ရန် ခံစစ်အနေဖြင့် မိုင်းခင်းထားကြသည်။ ရန်သူတို့က ထိုမိုင်းခင်းကိုဖြတ်ပြီးတက်လာကြသည်တွင် မိမိတို့ဘက်က လက်နက်ကြီးများဖြင့်ပြန်၍ပစ်ခတ်ဖြိုခွင်းကာ တားဆီးကြရသည်။ သို့သော် ဗကပများသည် ဇွဲနဘဲဖြင့် သဲသဲမဲမဲချီတက်ကာ မိုင်းခင်းများကို အထပ်ထပ်ဖြတ်ကျော်လာ ကြလေသည်။

တိုက်ပွဲမှာ ညနေ ၄ နာရီ မိနစ် ၂၀ ခန့်ကစရာ ညအမှောင်လွှမ်းသည့်တိုင်အောင် အကြိမ်ကြိမ်တိုက်ကြရပြီး ည ၁၁ နာရီခွဲခန့်တွင် မိမိတို့တပ်များက အောက်သို့ဆုတ်ခွာလာခဲ့ကြရသည်။

ယင်းသို့ မိမိတပ်များကဆုတ်အပေးတွင် ဟိုက်ကမ်းပါးတောင်ကုန်းကို ဗကပများကသိမ်းယူလိုက်ကြသဖြင့် တောင်ပေါ်တွင် သူတို့ချည်းရှိနေတော့မှ ကွမ်းလုံတဖက်ကမ်းရှိ မိမိတို့၏တပ်များက ရှိသမျှလက်နက်ကြီးများဖြင့် တောင်ပေါ်ရှိရန်သူများကို ပစ်ခတ်တိုက်ခိုက်ကြရလေတော့သည်။

ဗကပတို့သည် အင်အားကြီးမားစွာဖြင့် ထိုဟိုက်ကမ်းပါးတောင်ကုန်းကို သိမ်းယူရန်တက်ရောက်ခဲ့ကြသော် လည်း လမ်းတိုင်းတွင်ဗုံးမြှုပ်ထားသောမိုင်းခင်းများကို အထပ်ထပ်ဖြတ်ကျော်လာရသည့် အတွက် ဟိုက်ကမ်းပါး တောင်ကုန်းပေါ်ရောက်သည့်အခါ အင်အား ၄၀၀ မျှသာကျန်ရှိတော့၏။ (လမ်းတွင်မြှုပ်ထားသောမိုင်းဗုံးများမှာ အလုံး ၁၅၀ ရှိရာ ၁၄၈ လုံးပေါက်ကွဲခဲ့လေသည်။)

ဗကပတို့သည် တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဟိုက်ကမ်းပါးတောင်ကုန်းကို နာရီဝက်မျှ သာ သိမ်းယူထားနိုင်ခဲ့ပြီး သူတို့၏အလောင်းများကို ကောက်ယူကာ ပြန်လည်ဆုတ်ခွာပြေးကြရလေသည်။ ချက်ခြင်းပင် ခမရ (၁၀၅) မှ တပ်စုနှစ်စု နှင့် ကချင် (၃) မှတပ်စုတို့က ထိုတောင်ကုန်းကို သန်းခေါင်ကျော်လောက်တွင် ပြန်၍သိမ်းယူ လိုက်ကြသည်။

ထိုတိုက်ပွဲမှာ ၈ နာရီမျှကြာပြီး အရှေ့မြောက်ပိုင်းတိုင်းတွင် တပ်မတော်ကရင်ဆိုင်ရသောတိုက်ပွဲများအနက် အပြင်းထန်ဆုံးဖြစ်လေသည်။ စစ်သမိုင်းတွင်လည်း မော်ကွန်းတင်လောက်အောင် ပြောင်မြောက်သော အောင်ပွဲရတိုက်ပွဲ လည်းဖြစ်သည်။

ဤတိုက်ပွဲတွင် မိမိတို့ဖက်မှ (၃) ယောက် ကျဆုံးပြီး (၁၁) ယောက် ဒဏ်ရာရပြီး (၁) ယောက် ပျောက်ဆုံးခဲ့ သည်။ ရန်သူတို့ဖက်ကမူ အကျအဆုံးအများဆုံးဖြစ်သောတိုက်ပွဲဖြစ်လေသည်။ ဗကပတို့သည် သူတို့ဖက်က အကျ အဆုံးကို မသိရအောင်ခြေရာဖျောက်လေ့ရှိသည့်အတိုင်း သူတို့အလောင်းများ၊ ခြေပြတ်လက်ပြတ်အပိုင်းအစများကို ဂုံနီအိတ်များတွင်ထည့်၍ ယူသွား ကြကြောင်းဖြင့် ထမ်းပိုးပေးလိုက်ကြသူများ၏ ပြောပြချက်အရ သိရှိရပေသည်။ ယင်းသို့ ဖျောက်ဖျက်သည့်တိုင်အောင် မသယ်နိုင်၍ ကျန်ရစ်ခဲ့သော အလောင်း (၇) လောင်းကိုတွေ့ရသေးသည်။

ဒီဇင်ဘာ ၅ ရက်နေ့တွင် ဗကပတို့က ထိုတောင်ကုန်းကို ပစ်ခတ်တိုက်ခိုက်ကြသေး၏။ သို့သော်သူတို့လာ ရောက်တိုက်သမျှတို့ကို မိမိတို့ကတွန်းလှန်ပစ်လိုက်နိုင်ခဲ့သည်ချည်းဖြစ်သည်။ ထိုသို့အောင်နိုင်ခဲ့ရခြင်းမှာ တပ်မတော်၏ စွမ်းရည်တခုတည်းကြောင့်မဟုတ်ဘဲ ကွမ်းလုံမြို့ပေါ်ရှိ လုပ်သားပြည်သူတို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှဦးကြီးတို့၏ ကူညီအားပေး လက်တွဲမှုတို့ကြောင့်ဖြစ်လေသည်။

သည့်နောက်တွင်တိုက်ပွဲ ၂ ပွဲ ၃ ပွဲ ဆက်၍ဖြစ်သေးကာ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ဗကပတို့သည် ကွမ်းလုံ နယ်မြေမှ ဆုတ်ခွာသွားကြရလေတော့သည်။

ဤ ကွမ်းလုံရက်ပေါင်း ၄၀ တိုက်ပွဲတွင် ရန်သူတို့သည်နလံမထူနိုင်အောင် အရေးနိမ့်သွားကြကာ ရရှိခဲ့သော “ဒဏ်ရာများကို လျှာဖြင့်လျက်ရင်း” ကြိတ်မနိုင်ခဲမရဖြစ်နေကြလေသည်။

http://tyrinonote.wordpress.com(မှကူးယူဖော်ပြပါသည်)

အမျိုးသား ညီညွတ်ရေး


Posted: April 26, 2011 by tyrino

ဇန်န၀ါရီလ ၁၇ ရက်နေ့က စတင်ကျင်းပသော ( ဖ-ဆ-ပ-လ ) ပြည်လုံးကျွတ် ညီလာခံ သဘင်ကြီးသို့ မြန်မာတပြည်လုံးမှ လူထုကိုယ်စာလှယ်များနှင့် ပရိသတ်ပေါင်း နှစ်သိန်းကျော်တက်ရောက်ကြ၏ ။ ယင်းလူထုညီလာခံတွင် ၂၃-၁-၄၆ နေ့၌ ဗိုလ်ချုပ်အောင်ဆန်းက ညီညွတ်ရေးအဆိုကို အကျယ်တ၀င့် ရှင်းလင်း တင်သွင်းခဲ့လေသည် ။ အဆိုတင်သွင်းရာတွင် ဗိုလ်ချုပ်အောင်ဆန်းက အောက်ပါအတိုင်းပြောသွားခဲ့သည်။

ခုနက ပြည်သူ့ရဲဘော် တပ်အဖွဲ့အဆိုနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချတဲ့ အနက်မယ် အချက်လေးချက်ပါတယ်။
ကျွန်တော်တို့က ဒီမှာ ဟိုတုန်းက မဟာမိတ် စစ်သေနာပတိချုပ် လော့(ဒ်)လူဝီမောင့်ဘက်တန်နဲ့ ကျွန်တော်တို့ သဘောတူညီချက်အရ ပြန်လည်ဖွဲ့စည်း တည်ထောင်တဲ့ မြန်မာတပ်မတော်ဆိုတာထဲကို ပါဝင်နိုင်မဲ့ ရဲဘော်တိုင်းပါဝင်ဖို့။ ဘာဖြစ်လို့ ပါရမလဲ ဆိုတာက ဗမာပြည်ရဲ့ အကျိုးကို သည်ပိုးရာ ရောက်တယ်လို့ ယူဆလို့ဖြစ်တယ်။ ခုတော့ တချို့က ထုံးစံအတိုင်း ( အစကတည်းက ဒါတွေကို ကြိုတင်ပြီး မြင်ထားပါတယ် ) ။ စကတည်းကလဲ ပြောတန်သလောက် ပြောထားပါတယ်။ မလွတ်လပ်တဲ့ အခြေအနေမှာတော့ ရတဲ့တပ်မတော်ရဲ့ အဆင့်အတန်းဟာ မလွတ်လပ်တဲ့ တိုင်းပြည်ရဲ့ အဆင့်အတန်း ၊ လွတ်လပ်တဲ့ လူမျိုးရဲ့ အဆင့်အတန်းမျိုးတော့ မျှော်လင့်လို့ မဖြစ်နိုင်သေးဘူး ။ အနည်းအကျဉ်းအားဖြင့် ဖြစ်စေ ၊ အများအားဖြင့် ဖြစ်စေ နစ်နာချက်တွေ သဘောမကျစရာတွေ ရှိတန်သလောက်ရှိမယ်။ သို့ပေမဲ့ ခုတည်းကနေပြီးအခြေစပြီး ပျိုးထားမှ တိုင်းပြည်ရဲ့ အကျိုးကိုဆောင်ရွက်နိုင်မယ်။

ဒါကြောင့်မို့လို့ မင်းတို့ဝင်ကြပါလို့။ အစတည်းက ရဲဘော်တွေကိုပြောထားတယ်။ အဲဒီလို ပြောထားပေမယ့်လို့ကာ နည်းနည်းပါးပါး အောက်ပိုင်းက နည်းနည်းပါးပါး ပုလိပ်ဘက်ကဖြစ်စေ၊ အစိုးရ အရာရှိပိုင်းက ဖြစ်စေ ၊ နောက်ပြီးတော့ အောက်လက်ငယ်သားကဖြစ်စေ အစရှိသည်အားဖြင့် အနှောက်အယှက် ပေးတာတွေရှိတယ်။ ခုနလို အဖမ်းအဆီး ခံရတာရှိတယ်။ ခုနလို ဖမ်းတာဆီးတာ ကျွန်တော်တို့ သိတာလဲရှိတယ် ၊ မသိတာလဲရှိတယ် ။ သိတဲ့ကိစ္စဆိုယင် ကျွန်တော်တို့တတ်နိုင်သမျှ ဆောင်ရွက်တယ် ။ အဲဒီလိုဆောင်ရွက်လို့ လွတ်တာလဲရှိတယ် ။ မလွတ်တာလဲ ရှိတယ်။ အဲတာမျိုးတွေ နည်းနည်းပါးပါးရှိတယ် ။ တချို့က စိတ်ပျက်ပြီး မ၀င်ချင်ကြဘဲ ဖြစ်နေတဲ့ စိတ်မျိုးဖြစ်နေတယ်။ အဲဒီလို မ၀င်ချင်တဲ့ စိတ်မျိုး မဖြစ်ဘဲနဲ့ ( အမှန်စင်စစ် တိုင်းပြည်ရဲ့ လွတ်လပ်ရေးကိစ္စဆိုတာ ကျွန်တော်တို့ ခဏခဏ ပြောနေကြတဲ့ အတိုင်းအခက်အခဲတွေ အများကြီးရှိတယ် ။ အနှောက်အယှက်တွေ အများကြီးရှိတယ် ) ။ ဒါတွေကို ကျော်လွန်ပြီး လုပ်ရမယ် ။ ခုတမုဟုတ်ခြင်း ဖြစ်နေတဲ့ အခက်အခဲ အနှောက်အယှက်တွေကို ကျွန်တော်တို့ သိပ်ပြီး အရေး ဂရုမပြုဘဲ တပ်ထဲဝင်နိုင်တဲ့ လူတွေအားလုံးဝင်ကြပါ ။ ကျန်တဲ့ မ၀င်နိုင်တဲ့ ရဲဘော်ဟောင်းတွေကို ထောက်ပံ့ဖို့ ကိစ္စတွေကို ကျွန်တော်တို့ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးနဲ့ တိုင်းပြည်ကပါ ၀ိုင်းဝန်းပြီးအားပေးမဲ့အကြောင်း။နောက်ပြီးတော့ကာ ဒီလိုတိုင်းပြည်ရဲ့လွတ်လပ်ရေး၊ ကမ္ဘာရဲ့လွတ်လပ်ရေးအတွက် ရဲဘော်-ရဲခေါင်ပြောက်ကျားတွေ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ချီးကျူးတဲ့ အကြောင်း ။ နောက်ပြီးတော့ကာ ဒီလိုဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို လေးစားတဲ့သဘောအားဖြင့် ကျွန်တော်တို့ တိုင်းသူပြည်သားတွေက သော်လည်းကောင်း ၊ တိုင်းသူပြည်သားတွေရဲ့ ကိုယ်စာလှယ် အဖွဲ့ကြီးဖြစ်နေတဲ့ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးကသော်လည်းကောင်း ကျွန်တော်တို့ဟာ တိုင်းပြည်နဲ့ လူထုလွတ်လပ်ရေးကို အမြဲတမ်း သစ္စာမဖောက်ဘဲ လုပ်ပါမယ်ဆိုတဲ့ အကြောင်း ပဋိညာဉ် ကတိပေးထားပါတယ်။

အဲဒီလို ပဋိညာဉ်ပေးထားတဲ့အတိုင်းခုဒီညီညွတ်ရေး အဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကာ လွတ်လပ်ရေး လုပ်တဲ့ကိစ္စမှာ တတိုင်းတပြည်လုံး သွေးစည်းပြီး စည်းစည်းလုံးလုံး အလုပ်လုပ်မှ ဖြစ်နိုင်မှာမို့ပဲ ၊ ဒီလိုမလုပ်ယင် ညီညွတ်ရေး မရဘူးဆိုလို့ရှိယင် တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေးဟာ ကျကျနန မဖြစ်နိုင်ဘူး ၊ မဖြစ်နိုင်လို့ရှိယင် ညီညွတ်ရေးကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်တဲ့လူတွေ ကျွန်တော်တို့ ကိုယ်တိုင်က ညီညွတ်ရေးကို ဖြစ်မြောက်အောင် တတ်နိုင်သမျှ ရွက်ဆောင်ခြင်း ခုနတိုင်းပြည်အတွက် ၊ လူမျိုးအတွက် အင်မတန် အသက်စွန့်စားပြီး လုပ်ကိုင် ဆောင်ရွက်သွားကြတဲ့ လူတွေကို သစ္စာဖောက်ရာ မလေးစားရာ ကျမှာမို့လို့ ဒီညီညွတ်ရေး အဆိုကို ကျွန်တော်တင်သွင်းခြင်း ဖြစ်ပါတယ်။

“ မြန်မာပြည်သည် အာဏာပိုင်များ တိုင်းပြုပြည်ပြု လွှတ်တော်ကြီးခေါ်၍ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့်ရှိသော အခြေအနေသို့ ဆိုက်ရောက်အောင် ( ၀ါ ) လွတ်လပ်ရေးရအောင် အလိုဆုံးသောအရာမှာ ညီညွတ်ရေးပင်ဖြစ်ကြောင်း ၊ ညီညွတ်ရေးသည် တူညီသော အကျိုး ၊ တူညီသော အလုပ်နှင့် တူညီသော ရည်ရွယ်ချက်တို့တွင် အခြေပြုရမည်ဖြစ်ကြောင်း ”

ခုနေအခါမယ် ဗမာပြည်ဟာ ဘာအလိုဆုံးလဲ ဆိုလိုရှိယင် ညီညွတ်ရေးလိုတယ် ။ ဘာကြောင့် ညီညွတ်ရေးလိုသလဲ ။ ကျွန်တော်တို့ ဗမာပြည်ဟာ အာဏာပိုင် တိုင်းပြုပြည်ပြုလွတ်တော်ကြီး ခေါ်၍ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့်ရှိသော အခြေအနေမျိုး ဆိုက်ရောက်အောင် ( ၀ါ ) လွတ်လပ်ရေး ရအောင် ကျွန်တော်တို့ ဗမာပြည်သူပြည်သားတွေဟာ လွတ်လပ်ရေးရအောင် ဆောင်ရွက်ဖို့လိုပါတယ်။ လွတ်လပ်ရေးဆိုတော့ကာ ကျွန်တော်တို့ လွတ်လပ်တဲ့ နိုင်ငံတည်ထောင်မယ်ဆိုယင် တိုင်းပြုပြည်ပြုလွှတ်တော်ကြီးကို တည်ထောင်ရမယ် ။ အဲဒီတိုင်းပြုပြည်ပြုလွှတ်တော်ကြီးက လွတ်လပ်တဲ့ တိုင်းနိုင်ငံ တည်ထောင်တဲ့ အခါကျယင် ဖွဲ့စည်းပုံဥပဒေ အစီအစဉ်တွေ စီမံရမယ်။ ဒီတိုင်းပြည်ကြီးကို ဘာစနစ်နဲ့ အုပ်ချုပ်မလဲ သမ္မတစနစ်နဲ့ အုပ်ချုပ်မလား ။ ဘယ်စနစ်နဲ့ အုပ်ချုပ်မလဲ ။ ဘယ်လိုတိုင်းပြည်မျိုး ထူထောင်မလဲ ။ ဘယ်လို လုပ်ရမလဲဆိုတာ စီစဉ်ရမယ် ။ အဲဒီလို စီစဉ်ပြီးတဲ့ အခါကျတော့မှ လွတ်လပ်ရေး လုပ်ငန်းဟာ ပေါ်ပေါက်လာမယ်။

ဂျပန်လက်ထက်တုန်းကဆိုယင် လွတ်လပ်ရေး စီစဉ်မှုအဖွဲ့ဆိုတာ လူမသိ ဘာမသိ တိတ်တိတ်ပုန်း လုပ်လိုက်ပြီး နောက်ဆုံး အချုပ်အချာ အာဏာနဲ့ ပြည်စုံတဲ့ နိုင်ငံဆိုပြီးတော့ လုပ်လိုက်တယ်။ အဲဒီပုံမျိုးဟာ ကျွန်တော်တို့ မလိုချင်ဘူး ။ ရှေ့အခါက ကျွန်တော်တို့လိုချင်တာက အာဏာပိုင် တိုင်းပြုပြည်ပြု လွှတ်တော်မျိုး ၊ တတိုင်းတပြည်လုံးက တင်မြှောက်လိုက်တဲ့ လွှတ်တော်၊ အကုန်လုံး ယောင်္ကျားတိုင်း ၊ မိန်းမတိုင်း အရွယ်ရောက်သူတိုင်း မှန်သမျှ မဲပေးနိုင်ပြီးတော့ အဲဒီလူတွေက လွတ်လပ်တဲ့ နိုင်ငံသစ်ကြီး ထူထောင်ဖို့ အာဏာပေးလိုက်တဲ့ အာဏာပိုင် တိုင်းပြုနိုင်ငံပြု လွှတ်တော်ရအောင် ကျွန်တော်တို့က ဘာလုပ်ရမလဲဆိုယင် ညီညွတ်ရမယ် ၊ မညီညွတ်ယင် မရဘူးလား ဆိုတော့ အင်မတန်ကြာမယ် ။ ခရီးရှည်မယ် ။ ဒီတော့ကာ ညီညွတ်ရေးဟာ အင်္ဂလိပ်လို ပြောရမယ်ဆိုတော့ ( Historical necessity ) အချိန်အခါအလိုက် ဒီတိုင်းပြည် ဒီလူမျိုးရဲ့ အကျိုးကို အကြီးဆုံးဆောင်ရွက် နိုင်မဲ့ လက်နက်ကြီး ဖြစ်နေတယ် ။ အဲဒီတော့ ညီညွတ်ရေးမျိုးရအောင် လုပ်ရမယ်။

“ ညီညွတ်ရေးအတွက် ပစ္စည်းမဲ့ အလုပ်သမား လူတန်းစားသည် တူညီသော အလုပ်နှင့် တူညီသော ရည်ရွယ်ချက်တို့တွင် အခြေပြုကာ အလုပ်သမားများအဖွဲ့များဖွဲ့ခိုင်း၍ ခိုင်မြဲသော ညီညွတ်ရေးကို တည်ထောင်ရန် ဗမာပြည်တွင် အလုပ်သမားတို့အတွက် အစည်းအရုံးတခုသာရှိရန်နှင့် အလုပ်သမားတိုင်း ညီညွတ်ရန်လိုပေကြောင်း ” ။

ညီညွတ်ရေးဆိုတာ ဘာလဲ နားလည်ဘို့လိုတယ် ။ ဒီတော့ကာ ဒီအပိုဒ် ဒီဝါကျမှာ ညီညွတ်ရေးဆိုတဲ့ အကြောင်းကို သရုပ်ဖော်ပြထားတယ် ။ တူညီသော အကျိုး ၊ တူညီသော အလုပ် ၊ တူညီသော ရည်ရွယ်ချက် ရှိရမယ် ။ ကျွန်တော်တို့ ညီညွတ်ရေးဆိုတာ ဘာအတွက် ညီညွတ်ရမှာလဲ ။ ဘယ်လို ရည်ရွယ်ချက်နဲ့ ညီညွတ်ရမှာလဲ ။ ရည်ရွယ်ချက်ဆိုတာရှိရမယ် ။ ညီညွတ်ရေးဆိုတာက ဘာအတွက် ညီညွတ်ရမှာလဲ ။ ရာထူးယူဖို့ ညီညွတ်ရမှာလား ။ ဒါမှ မဟုတ်ယင် ဒီတိုင်းပြည်ရဲ့ တိုင်းသူပြည်သားတွေကို နှိပ်စက်ဖို့ ညီညွတ်ရမှာလား ။ဘာအတွက် ညီညွတ်ရမှာလဲ ။ အဲဒီတော့ကာ ကျွန်တော်လိုချင်တဲ့ ညီညွတ်ရေးက တတိုင်းတပြည်လုံး လူမျိုးတမျိုးလုံးရဲ့ လွတ်လပ်ရေး ။ လူမျိုးတမျိုးလုံးရဲ့ အကျိုး ။ အဲဒီလိုတူညီတဲ့ ရည်ရွယ်ချက် ။ တူညီတဲ့အကျိုး ။ တူညီတဲ့ အလုပ် ။ ဒါတွေရအောင် အဲဒီလို တူညီတဲ့အကျိုး ။ တိုင်းသူပြည်သားတွေ ရအောင် တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုး ဖြစ်ရမယ် ။ ပါးစပ်ကပြောရုံနဲ့ မပြီးဘူး ။ ပါစပ်က ညီညွတ်ချင်ပါတယ် ပြောလို့မဖြစ်ဘူး ။ အလုပ်မှာလဲတူရမယ်။ အကျိုးမှာလဲတူရမယ်။ ရည်ရွယ်ချက်မှာလဲ တူရမယ် ။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ခေါ်ထိုက်တယ်။ အဲဒီတော့ကာ ညီညွတ်ရေး အဆိုကို ဒီဝါကျမှာ ဖေါ်ပြထားတယ် ။ နောက်ပြီးတော့ကာ အသေးစိတ်ထပ်ပြီးဖေါ်ပြထားတယ်။ ဘယ်လိုဖေါ်ပြထားသလဲဆိုတော့ ….

“ လယ်သီးစား လယ်ကူလီနှင့် လယ်ယာမြေဧကအထိုက်အလျောက် ပိုင်ဆိုင်လုပ်ကိုင်သော တောင်သူလယ်သမား အားလုံးတို့သည် တူညီသော အကျိုး ၊ တူညီသောအလုပ်နှင့် တူညီသော ရည်ရွယ်ချက်များတွင် အခြေပြုကာ လယ်သမားအဖွဲ့များကို တည်ထောင်ကြရန် ဗမာပြည်တွင် တောင်သူလယ်သမားတို့အတွက် တခုတည်းသောအစည်းအရုံးကို တည်ဆောက်ရန်နှင့် တောင်သူလယ်သမားတိုင်း ညီညွတ်ရန်လိုပေကြောင်း ။ ကိုယ်ပိုင်ပစ္စည်းဖြစ်အောင် မိမိခွန်အားကလွဲလို့ အလုပ်မလုပ်ယင် ငတ်မယ်ဆိုတဲ့ အခုအခါ ပစ္စည်းမဲ့ အလုပ်သမားဆိုယင် တူညီတဲ့ ရည်ရွယ်ချက် တူညီတဲ့အလုပ်ပေါ်မှာ အခြေပြုပြီးတော့ကာ အလုပ်သမား အဖွဲ့တဖွဲ့တည်ရှိရမယ် ။ အလုပ်သမားအချင်းချင်း ကွဲပြီးတော့ စင်ပြိုင်တွေ မရှိစေရဘူး ။ တဖွဲ့တည်းရှိပြီး အလုပ်သမားတွေ အချင်းချင်း ကိုယ်တိုင်ညီညွတ်ဘို့လိုတယ် ။ နောက်ပြီးတော့ကာ တောင်သူလယ်သမားတွေကလဲ အလုပ်သမားတွေရဲ့နည်းတူ တူညီတဲ့ ရည်ရွယ်ချက် ၊ တူညီတဲ့ အလုပ်နဲ့ တူညီတဲ့အကျိုး အခြေပြုပြီးတော့ကာ သူတို့အတွက်နဲ့ ဆိုင်တဲ့ တောင်သူလယ်သမား အဖွဲ့အစည်းကြီးတခုတည်းသာရှိပြီးတော့ လယ်သမားတွေက ညီညွတ်ဖို့လိုတယ် ၊ ထိုနည်းတူ ဈေးသည် ၊ ပွဲစား ၊ စာရေးစာချီ ၊ ပညာသည် ရှေ့နေစသည်တို့သည်လည်း ၊ ဆိုင်ရာ ဆိုင်ရာ သမ၀ါယမ အသင်းများနှင့် သမဂ္ဂများကို ဖွဲ့စည်း၍ ညီညွတ်ရေး တည်ဆောက်ကြရန် လိုပေကြောင်း ”

ဒါက ကျွန်တော်တို့ရွှေတိဂုံ စေတီတော်ကို တည်ဆောက်တဲ့ အခါ အုတ်မြစ် အဆင့်ဆင့်အားဖြင့် တည်ဆောက်သလိုဘဲ ၊ သူ့ဆိုင်ရာဆိုင်ရာ ဒီ့ပြင် လူပုဂ္ဂိုလ်တွေ တိုင်းသူပြည်သားတွေကလဲ ၊ မိမိတို့ ဆိုင်ရာဆိုင်ရာ အဖွဲ့တွေနဲ့ သမ၀ါယမအသင်းတွေထောင် ၊ ဘာတွေထောင် ။ ထောင်ပြီးတော့ကာ တူညီသော အကျိုး ၊ တူညီသော ရည်ရွယ်ချက် ၊ တူညီသော အလုပ်တွေကို လုပ်ဘို့ တညီတညွတ်တည်း လုပ်ဘို့လိုတယ် အားလုံး ညီညွတ်ဘို့လိုတယ် ။

“ ဗမာနိုင်ငံရှိ တိုင်းရင်းသာများသည်လည်း သက်ဆိုင်ရာ လူမျိုး အလိုက် တခုတည်းသော အစည်းအရုံးကို တည်ထောင်၍ ညီညွတ်ကြရန် လိုပေသည် ”

အဲဒီမှာလဲ တိုင်းရင်းသားတွေ ဖြစ်တဲ့ ကရင် – ရှမ်း – ကချင် အစရှိတဲ့ နယ်တွေကလဲ မိမိတို့ ဆိုင်ရာ တိုင်းရင်းသား အစည်းအရုံးတွေကို တခုစီ တခုစီ ရှိရမယ် ။ စင်ပြိုင်မရှိဘို့လဲ ဂရုစိုက်မယ် ၊ ကရင် အမျိုးသား အစည်းအရုံး ၊ ရှမ်းအမျိုးသားအစည်းအရုံး ၊ ကချင်အမျိုးသား အစည်းအရုံး တခုစီရှိဘို့လိုတယ် ။ အဲဒါတွေကို တည်ထောင်ပြီးတော့ကာ သူတို့အချင်းချင်း ညီညွတ်ရမယ် ။ သူများ မညီညွတ်ခင် ကိုယ့်အချင်းချင်းညီညွတ်ဘို့က ပထမဆုံး အရေးကြီးတယ် ။ ဥပမာဆိုရင် ခုနေအခါမယ် ကျွန်တော်တို့ နယ်ချဲ့စနစ် သမားတွေက ဒါတွေကို ခွဲဘို့လုပ်နေတယ် ။ ကရင်ဆိုယင် အစည်းအရုံးတခု ၊ ကချင်ဆိုယင်လဲ အစည်းအရုံးတခု ။ လယ်သမား အစည်းအရုံး ၊ အလုပ်သမားကလဲ ဒီအတိုင်းဘဲ ။ ဒါတွေ ကွဲအောင် ၊ ပြဲအောင် အမျိုးမျိုး ကြိုးစားကြမယ် ။ ဒီတော့ကို ဒီလိုမလုပ်နိုင်အောင် ပထမဆုံး ကိုယ့်ဆိုင်ရာ ဆိုင်ရာ အချင်းချင်းတွေက ညီညွတ်ဘို့လိုတယ် ။ နောက်ပြီးတော့ကာ နိုင်ငံရေး ပါတီတို့သည်လည်း လုပ်ငန်း လုပ်နည်းနှင့် ၀ါဒတူသော ပါတီအချင်းချင်း ပူးပေါင်းခြင့်ဖြင့် ပိုမိုခိုင်မြဲအောင် တည်ဆောက်ရန် လိုအပ်ပေကြောင်း ။ ပါတီတွေဆိုတာကလဲ ကျွန်တော်တို့ ဗမာပြည်မှာ “ ဂျီ စီ ဘီ အေ ” ခေတ်လို မဟုတ်ဘူး ။ ဟိုတုန်းက နိုင်ငံရေးပါတီဆိုတာ မရှိဘူး ။ ခုတော့ ရှိနေကြတယ် ။ လက်ငုတ်လက်စတွေ ကျန်နေတော့ အစမသိမ်းနိုင်လို့ရှိယင် ကျွန်တော်တို့ဟာ ဒီဟာတွေကို စနစ်တကျဖြစ်တဲ့ ညီညွတ်ရေးကို ရှေးရှုပြီး အလုပ်လုပ်နိုင်အောင် စီမံပေးဘို့ အတွက်လိုတယ် ။

ဒီတော့ကာ နိုင်ငံရေးပါတီဆိုတဲ့ သဘောကို သေသေချာချာ နားလည်ဘို့လိုတယ် ။ ကျွန်တော်တို့ ဗမာပြည်မှာ အရင်တုန်းက ရှိတဲ့ နိုင်ငံရေး ပါတီတွေကို သေသေချာချာ စမ်းစစ်ကြည့်မယ်ဆိုယင် ။ ဘယ်သူ့ကိုမှ ပုတ်ခတ်လိုတဲ့ သဘောမျိုး မဟုတ်ဘဲနဲ့ ပြောရယင် အမှန်စင်စစ် ပါတီသဘောရယ်လို သိပ်မခေါ်နိုင်တော့ဘူး ။ နိုင်ငံရေးစကား ပြောမယ်ဆိုလိုရှိယင် ( Persona Groups ) တွေဘဲ ၊ ဘာမှ စနစ်တကျနှင့် ဖွဲ့စည်းထားတာ မဟုတ်ဘူး ။

အမှန်ကတော့ ပါတီဆိုတဲ့ သဘောမျိုးကို တခြားနိုင်ငံတွေက ဖြစ်တာတွေကို လိုက်ကြမယ်ဆိုယင် ၊ နိုင်ငံရေး သဘောတရားအတိုင်း လိုက်ကြည့်မယ် ဆိုလို့ရှိယင် ကျွန်တော်တို့ ဥပမာ – ဘိလပ်မှာ လေဘာပါတီဆိုတာ ရှိတယ် ။ လေဘာပါတီက ဘယ်သူ့အကျိုးကို အဓိကထားပြီး လုပ်ထားသလဲဆိုလိုရှိယင် အလုပ်သမားတွေရဲ့ အကျိုးကို ပိုပြီးဆောင်ရွက်တယ် ။ တိုင်းသူပြည်သားတွေရဲ့ အကျိုးကို မဆောင်ရွက်ဘူးလားဆိုတော့ ဆောင်တော့ဆောင်ရွက်တယ် ။ ဆောင်ရွက်ပေမယ်လို့ ၊ ဘယ်လိုအမြင်မျိုးနဲ့ ကြည့်သလဲဆိုယင် အလုပ်သမား အတန်းအစားမြင်တဲ့ အမြင်မျိုးနဲ့ ဆောင်ရွက်တယ် ။ ကွန်ဆာဗေးတစ်ပါတီ ။ အဲဒီပါတီက ဆိုလို့ရှိယင် သူတို့အင်မတန်ရှေးကျတဲ့ အယူဝါဒတွေကို ယူပြီးတော့ ၊ ဘယ်နေရာမဆို နိုင်ငံရေးဖြစ်ဖြစ် လက်အောက်ခံတိုင်း နိုင်ငံတွေနဲ့ဖြစ်ဖြစ် ၊ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးဖြစ်ဖြစ် ၊ အင်မတန်ခေတ်နောက်ကျပြီးတော့ကာ နောက်ပြန်ဆွဲတဲ့ အယူဝါဒတွေများတယ်

ဒီလိုအဖွဲ့မျိုးတွေ အထဲမှာ ဘယ်သူတွေပါသလဲဆိုတော့ကာ စက်ပိုင်ကြီးတွေ ၊ အရင်းရှင်ကြီးတွေ ၊ လယ်ပိုင်ရှင်ကြီးတွေ ။ ဒီလိုဟာမျိုးတွေပါတယ် ။ နောက်တော့ ဒီလို အလုပ်သမားနဲ့ အဖွဲ့မျိုးကြားမယ် အလယ်အလတ် မဇ္ဈိမပဋိပဒါဆိုတဲ့ စကားအတိုင်းဆိုပါတော့ ( သိပ်တော့ မှန်လှတဲ့ စကား မဟုတ်ဘူး ) အဲဒီလို လူတွေက လစ်ဘရယ်ပါတီဆိုပြီး ဖွဲ့ထားတယ် ။ ဥပမာ အမေရိကန်ပြည်မှာ ကြည့်မယ်ဆိုလိုရှိယင် ၊ ဒီမိုကရက်နဲ့ ရီပတ်ပလစ်ကင် ပါတီလို့ခွဲထားတာရှိတယ် ။ လုပ်ငန်းစဉ်နဲ့ ကြည့်မယ် ဆိုယင် ၊ တူတာတွေ ရှိတဲ့ အခါရှိတယ် ၊ ဒါပေမဲ့လို့ တကယ်သူတို့မှာ ကျောထောက်နောက်ခံ ဖြစ်နေတဲ့ လူတတွေ ကိုကြည့်ယင် အဲဒီလူတွေရဲ့ သဘောကို မှီလို့လဲ ဖြစ်တယ်။ အလုပ်မှာကြည့်လိုက်မယ်ဆိုယင် ဒီပါတီတွေဟာ သူတို့ လူစုတစုရဲ့ အကျိုးကို ပထမ ရှေးဦးစွာ ကြည့်ပြီး အလုပ်လုပ်နေတဲ့ အဖွဲ့ဖြစ်တယ် ။ ဒီလို လုပ်တဲ့ အခါကျတော့ ၊ လူတဦး တယောက်အတွက်ကို ရည်ရွယ်တာ မဟုတ်ဘူး ။ ဥပမာ ကျွန်တော်တို့ တိုင်းပြည်က နာမည်တပ်ပြီးတော့ ၊ ဦးဖြူ – ဦးမဲ အဖွဲ့ ဘယ်သူ့အဖွဲ့ရယ်လို့ရှိတယ် ။ ဟိုတိုင်းပြည်မှာတော့ ၊ ဒီမှာလို ဦးဖြူ – ဦးမဲ အဖွဲ့ မရှိဘူး ။ အမေရိကန် ပြည်မှာဆိုယင် ၊ ဒီမိုကရက်တစ်ပါတီ ၊ အင်္ဂလိပ်ပြည်မှာ ကွန်ဆာဗေးတစ်ပါတီ ၊ လစ်ဘရယ်ပါတီ ၊ လေဘာပါတီ ၊ အဲဒါမျိုးဟာ ဘာလဲ ဆိုယင် ပုဂ္ဂိုလ်စွဲ အဖွဲ့တွေမဟုတ်ဘူး ၊ ဒီအဖွဲ့တွေမှာ ၊ ရာသက်ပန် ခေါင်းဆောင် မရှိဘူး ၊ ပါတီဆိုတာကသာ အမြဲတမ်းတည်နေတယ် ။ အဲဒီပါတီဆိုတာစာ သူတို့ ဆိုင်ရာလူတွေရဲ့ အကျိုးကို အဓိကထားပြီး တည်ဆောက်ထားတယ် ။ ဗမာပြည်မှာတော့ ဒီလိုမဟုတ်ဘူး ။ နောက်ဆုံးတနေ့မှာ တမျိုး ၊ ကျွန်တော်တို့ဗမာပြည်မှာ သေသွားတဲ့ နိုင်ငံခေါင်းဆောင်တချို့ သေသွားပေမယ်လို့ ၊ အဲဒီ သေသွားတဲ့ ခေါင်းဆောင် ၊ သေသွားတဲ့ ဆရာတော်ရဲ့ နာမည်ကို ယူပြီး အခုထက်ထိ ၊ ဒီနာမည် အစွဲပြုပြီးခေါ် တုန်းရှိသေးတယ် ။

ဗမာပြည် မှာ အဲဒီထိအောင် လွဲနေသေးတယ် ။ အရင်တုံးက နည်းနည်းပါးပါး နာမည်ရဘူးတဲ့ လူတွေရဲ့နာမည် ကို အသုံးပြုချင်တယ် ။ အမှန်စင်စစ်ကတော့ ပါတီသဘောမျိုး သက်ဝင်တဲ့ အဖွဲ့မျိုး မဟုတ်ဘူး ၊ လူလဲ မရှိဘူး ၊ ဆိုင်းဘုတ်ဘဲ ရှိတယ် ။ နောက်ပြီးတော့ကာ အဲဒါမျိုးတွေရှိတယ် ။ သေသွားတဲ့ ကရင် အမျိုးသားတစ်ယောက်ရဲ့ နာမည်ကို အစွဲပြုပြီးတော့ ဒီလူရဲ့ အဖွဲ့ဆိုပြီး ဖွဲ့ထားတယ် ။ ဒီတော့ ဘယ်နဲ့ဖြစ်နေသလဲ ဆိုတော့ ၊ ဒါတွေက သက်သက်နိုင်ငံရေး သဘောတရားဘာမှ မပါတဲ့ အဖွဲ့မျိုးတွေဖြစ်နေတယ် ။ ကျွန်တော်တို့က ဗမာပြည်မှာ ဘယ်လို ဖြစ်စေချင်သလဲ ဆိုလို့ရှိယင် အစွဲရှိနေတဲ့ အဖွဲ့တွေဟာ လက်ငင်း မဖျက်နိုင်လိုရှိယင် ( နောက်မှ ကျွန်တော်ပြောပြမယ် ) ။

ကျွန်တော်တို့ ဘယ်လို တည်ဆောက်ရမယ် ဆိုလိုရှိယင် ကမ္ဘာ့နိုင်ငံရေး အဆင့်အတန်းနှင့် လိုက်လျောညီစွာ ဗမာပြည်မှာ ရှိတဲ့ နိုင်ငံရေး အဆင့်အတန်းကို မြင့်တင်တဲ့ အနေမျိုးဖြစ်အောင် သူ့ဆိုင်ရာ ဆိုင်ရာ အကျိုးနဲ့ ၊ လုပ်ငန်းရဲ့ သဘောနဲ့ ၊ ရည်ရွယ်ချက်နဲ့ ဒီလိုရှိပြီးတော့ကာ စနစ်တကျ တည်ထောင်ဖွဲ့စည်းဖို့လိုတယ် ။ အဲဒီလိုဖွဲ့စည်းတဲ့ အခါမှာ မှိုလိုပေါက်တဲ့ အဖွဲ့မျိုးများများ မရှိဘဲ ကိုယ့်အချင်းချင်း စုစုသွားလို့ရှိယင် ၊ ဘာဖြစ်သွားမလဲဆိုယင် တဖြေးဖြေး ပါတီတွေဟာနည်းပါးလာမယ် ။ နောက်ဆုံးကျတော့ တခုတည်းသော အဖွဲ့အဖြစ်ကို ရောက်အောင် လုပ်ရမယ် ၊ ဒီလို လုပ်တဲ့အခါမှာ ကျွန်တော်တို့က ပါတီသဘောမျိုး နားလည်ပြီးတော့ နိုင်ငံရေး ပါတီတွေကို တည်ထောင်ဖို့ လိုတယ် ။ ဒီတော့ကာ ပါတီတွေ အကြောင်းကျွန်တော် မပြောသေးခင် ခုနက ဖွဲ့တဲ့ အလုပ်သမားအဖွဲ့တွေ ၊ လယ်သမား အဖွဲ့တွေ ၊ သမ၀ါယာမ အဖွဲ့တွေ ဘာကြောင့် တည်ထောင်ရမလဲဆိုတာ နဲနဲပြောပြပါ့မယ် ။ ဒီဟာတွေက ကျွန်တော်တို့ ရှေးတုန်းက ညီညွတ်ရေး ဆိုပြီးလုပ်ခဲ့တဲ့ အဖွဲ့အစည်းတွေ အမြောက်အများလုပ်ခဲ့တယ် ။ နောက်ပျက်စီးသွားကြတယ် ။ ဘာကြောင့်ပျက်စီးသွားသလဲ ဆိုလို့ရှိယင် ၊ ကျွန်တော်တို့ လိုက်ပြီး စုံစမ်းကြည့်ယင် အကြောင်း အမျိုးမျိုးရှိတဲ့ အနက်က အဓိကအကြောင်းကြီးက ဘာလဲဆိုတော့ ဆိုင်ရာဆိုင်ရာလူတွေရဲ့ အကျိုးကို အမြဲတမ်းအားဖြင့် ဆောင်ရွက်နေတဲ့ အစည်းအရုံးမျိုး မဟုတ်ဘူး ။ ဆိုင်ရာ ဆိုင်ရာ လူတွေရဲ့ အကျိုးကို အမြဲတမ်း လုပ်မနေဘူး ။ မထားဘူး ၊ လူတွေအဘို့မှာ လွတ်လပ်ရေးဆိုတဲ့ စကားဟာ မြေမထိ မိုးမထိဖြစ်နေတယ်။

အဲဒီတော့ လေဖမ်းဝရမ်းချည်ဆိုတာလို ဖြစ်နေတယ် ။ လေဖမ်းဒါတွေနဲ့တူလို့ အကောင်အထည် မမြင်နိုင်ဘူး ။ အကောင်အထည်နဲ့ လွတ်လပ်ရေးဆိုတာ ၊ နိုင်ငံရေးဆိုတာ ထင်လာအောင် ၊ မြင်လာအောင် ဘယ်လို လုပ်ရမလဲ ၊ လယ်သမားဟာ သူနေ့တိုင်းတွေ့နေရတဲ့ ကိစ္စတွေကို ဆောင်ရွက်ပေးတဲ့ အဖွဲ့ရှိရမယ် ။ ဒီအဖွဲ့ရှိတဲ့ အခါကျတော့ ဒီအဖွဲ့ကြီးမှာ လယ်သမားတွေက အမြဲတမ်း အာရုံစိုက်ပြီးနေလိမ့်မယ် ။ ဘာဖြစ်လို့လဲ ဆိုလို့ရှိယင် သူတို့ အကျိုးကို ဆောင်ရွက်နေတဲ့ အဖွဲ့ကြီးဖြစ်တယ် ။ သူတို့ရဲ့ ပြဿနာတွေကို အမြဲတမ်းလုပ်နေတဲ့ အဖွဲ့ကြီးဖြစ်တယ် ။ သူတို့ရဲ့ စိတ်ဝင်စားမှုဟာလျှော့ပါး မသွားနိုင်ဘူး ။ အဲဒီလို မဟုတ်ဘဲနဲ့ မြေမထိ မိုးမထိ အဖွဲ့အစည်းတွေ ဖွဲ့ထားလို့ရှိယင် တိုင်းသူပြည်သားတွေက ခဏစိတ်ဓာတ်တက်တုန်း လိုက်ပါပြီးတော့ နောက်ဆုံး စိတ်မပါတဲ့ အခါကျတော့မှ အမြဲလူတွေရဲ့ စိတ်ဆိုတာ အမြဲတမ်းပါနေမှာ မဟုတ်ဘူး ။ အခုတခါ အစည်းအဝေးကြီးတွေလုပ်တယ် ။ သိပ်ပြီးတော့ စိတ်တက် သွားတယ် ။ တော်တော်ကြာ အိမ်ပြန်ရောက်သွားတော့ လူမှုဒုက္ခတွေတွေ့သွားတဲ့ အခါကျတော့ လူတွေဟာ စိတ်ဓာတ်ပျက်လာရော ၊ ဟိုသတင်းကြား ဒီသတင်းကြားဆိုယင် စိတ်ပျက် လာမယ် ။ ကိုယ့်ဝမ်းစာအတွက် လုပ်ကိုင်စားသောက်ရတဲ့ အတွက် နေ့စာနေ့ ၊ ညစာ ညကြောင့် မေ့ပျောက်ကုန်မယ် ။ အဲဒီလိုစိတ်ဓာတ်မျိုး မရောက်အောင် ဆိုင်ရာဆိုင်ရာလူတွေရဲ့ အကျိုး အမြဲကြည့်ပြီး လုပ်နေတဲ့ အဖွဲ့တွေအားဖြင့် ကျွန်တော်တို့က ထိန်းထားရမယ် ။ နိုင်ငံရေးဆိုတာ ခဏတဖြုတ်လုပ်တဲ့ ဟာမျိုးမဟုတ်ဘူး ။ အမြဲတမ်းလုပ်ရမယ် ။ အမြဲတမ်းရှိနေတယ် ။

နိုင်ငံရေးဆိုတာက တခါတရံမှ အစည်းအဝေးလုပ်ပြီးတော့ စင်မြင့်ပေါ်ကပြောတဲ့လူကပြော ၊ နားထောင်တဲ့လူက နားထောင်တဲ့ ကိစ္စမဟုတ်ဘူး ။ အမြဲတမ်းအားဖြင့် တတိုင်းပြည်လုံးမှာရှိတဲ့ တိုင်းသူပြည်သားတွေဟာ ၊ မိမိတို့ရဲ့ ဆိုင်ရာဆိုင်ရာ အကျိုးတွေကို ဆိုင်သလို ဖွဲ့စည်းပြီးတော့ကာ ၊ မိမိတို့ပြဿနာတွေကို လုပ်ပြီးတော့ကာ ဖြေရှင်းရန်အတွက် အမြဲတမ်းလုပ်နေတဲ့ကိစ္စ ၊ ဒီတော့ကာ အားလုံး လူတွေရဲ့ အကျိုးကိစ္စ ၊ လူတွေရဲ့ နိုင်ငံရေး ၊ ဒီတော့ အဲဒီလို ဖြစ်အောင် လုပ်နိုင်ဘို့ဆိုတော့ ဆိုင်ရာဆိုင်ရာ အဖွဲ့တွေက ကြည့်ပြီးထိန်းထားမှသာ လူတွေလဲ အမြဲတမ်း နိုင်ငံရေးမှာ စိတ်ပါဝင်စားပြီးတော့ တတိုင်းတပြည်လုံးပေါ်မှာရှိတဲ့ လူတွေဟာ နိုင်ငံရေး သမားဖြစ်လာအောင် ၊ နိုင်ငံရေး စိတ်ဝင်စားလာအောင် ဒီလိုအဖွဲ့တွေ ရှိရမယ် ။

ပါတီတွေနဲ့ပတ်သက်ပြီးတော့ ပြောရမယ်ဆိုတော့ကာ ဒီပါတီတွေကိုဖျက်ပစ်ယင် မကောင်းဘူးလားလို့ပြောစရာရှိတယ် ။ ဒီပါတီဆိုဒါက ခုနကပြောခဲ့တဲ့အတိုင်း ၊ ကျွန်တော် သရုပ်ဖေါ်ပြချက်အတိုင်း ၊ လူတစ်စုရဲ့အကျိုးကို အဓိကထားပြီးတော့ ဆောင်ရွက်တာ ဖြစ်တယ် ။ ဘာဖြစ်လို့ဆိုတော့ကာ ကျွန်တော်တို့ တိုင်ပြည်မှာ လူအမျိုးမျိုးရှိတယ် ။ အလုပ်သမားတွေရှိတယ်၊ လယ်သမားတွေရှိတယ် ၊ ဒီပြင်တခြားလူတွေရှိတယ် ၊ နောင်ပြီးတော့ အရင်းရှင်တွေ ဘာတွေညာတွေ အစရှိသဖြင့် ရှိတယ် ။ တိုင်ပြည်မှာဆိုယင် နယ်ချဲ့အရင်ရှင်သမားတွေရှိတယ်( ဥပမာ … စတီး ၊ ဘုံဘေဘာမား ၊ ဘီအိုစီ ) ဒီလူတွေဟာ တဦးနှင့် တဦး အကျိုးချင်း မတူညီကြဘူး ၊ အကျိုးမတူတာတွေကို အကျိုးတူတယ်လို့ သွားပြောယင် အလကားဘဲ ၊ အလုပ်သမားနှင့် အလုပ်ရှင်ဟာ အကျိုးချင်း နေရာတကာမှာ မတူဘူး ။ အလုပ်သမားက အလုပ်လခကို ပိုရချင်တယ် ။ အလုပ်ရှင်က ဘာကြည့်သလဲ ဆိုယင် များသောအားဖြင့် အလုပ်ရှင်က အလုပ်သမားတွေရဲ့ လိုလားချက်တို့ဘာတို့ ညာတို့ကို အလုပ်သမားတွေရဲ့ လခကို သိပ်မပေးချင်ဘူး ။ လျှော့တန်သလောက် လျှော့ပစ်ချင်တယ် ။ စောစောတုန်းက အလုပ်သမား သပိတ်တွေ သစ်စက်သပိတ်မှောက်တာနဲ့ ပတ်သက်ပြီးတော့ ကျုပ်တို့ကြားပြီးပြီ ။ လခလျှော့ပစ်လို့ စတီးသစ်စက်တွေ သပိတ်မှောက်တယ်ဆိုတာ ။ အမှန်က အလုပ်သမားတွေရဲ့လခဟာ ရှေးတုန်းကရတဲ့ အခလောက်တောင်မရှိဘူး ။ ပြီးတော့ စားကုန်သောက်ကုန် ဈေးတွေက အားလုံးသိကြတဲ့ အတိုင်း ၊ အများကြီးမြင့်နေတယ် ။ ဒီအထဲမှာ ရတာကလေးတောင် ပိုမပေးတဲ့ အပြင် လျှော့တောင်ပေးချင်တယ် ။အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာ အကျိုးမတူဘူး ။ ဒါမျိုးတွေရှိတယ် ၊ လယ်သမားနဲ့ လယ်ပိုင်ရှင်ဟာ ဒီလိုဘဲ ။ ဥပမာ လယ်သမားမှာ ကြွေးမြီဟောင်းတွေတင်နေလို့ အတိုးရော အရင်းပါပေးပြီးတဲ့နောက် ကျန်ရှိနေတဲ့ အကြွေးတွေဟာ လယ်သမားမျက်စိနဲ့ ကြည်မယ်ဆိုယင် ဒီကြွေးတွေကို လျှော်ပစ်ဖို့ ကောင်းတယ် ။ သိုသော် အဲဒီကြွေးတွေကို လယ်ရှင်က တောင်းရတယ် ။ လယ်ရှင်ရဲ့ မျက်စိနဲ့ကြည့်မယ်ဆိုယင် လျှော်ပစ်ချင်မှာ မဟုတ်ဘူး ။

အဲဒါမျိုးဖြစ်ပေါ်နေတာတွေကို အဓိကထားပြီး ၊ တည်ထောင်တဲ့ အဖွဲ့မျိုးဆိုတာ ၊ ဘယ်တိုင်းပြည်မဆို ပေါ်ပေါက်စမြဲ ၊ ပေါ်ပေါက်တတ်တယ် ။ ရာဇ၀င်သဘောအတိုင်း ဖြစ်နေတာ ၊ ဒီရာဇ၀င်သဘောတရားတွေကို လူတွေဟာ မလွဲဖယ်သာနိုင်ဘူး ။ မလွှဲမရှောင်နိုင်တော့ကာ ၊ ဒီဟာက အနည်းနဲ့အများ ပေါ်ပေါက်လာတော့ကား ၊ သူ့သဘောတရားနဲ့သူ ဖြစ်လာတာတွေကို ဖျောက်ပစ်ဖို့ နည်းတနည်းက ဒီဗမာပြည်မှာ လူတန်းစား မရှိတဲ့ အခြေအနေ ရောက်အောင် လုပ်မှ ဖြစ်နိုင်မယ် ။ ဒီတော့ကာ လူချင်းအတန်းအစား ကွဲတာမျိုး ရှိနေသမျှကာလပတ်လုံး အနည်းနဲ့အများ ပါတီတွေဟာ ပေါ်တန်သလောက် ပေါ်လာမယ် ။ ပေါ်တော့ကာ ဒီလိုပေါ်တဲ့ အခါမှာလွတ်လပ်ရေးကိုလဲ သဘောတွေ ၊ အယူအဆတွေ အမျိုးမျိုးဖြစ်လာမယ် ။လွတ်လပ်ရေးဆိုတဲ့ သဘောက အမျိုးမျိုးရှိတယ် ။

ဦးဘဖေကြီး ဟောပြောနေကျဆိုယင် လွတ်လပ်ရေးက လေးမျိုးရှိတယ် ။ အမှန်ကတော့ လေးမျိုးမကဘူး ။ ဥပမာ တိုင်းပြည် လွတ်လပ်တယ်ဆိုတာက နိုင်ငံကတော့ လွတ်လပ်တယ် ။ လူမျိုးကတော့ မလွတ်လပ်ဘူး ၊ ပြောချင်တာမပြောရဘူး ။ တရားသဖြင့် သူထင်မြင်တာ မပြောရ ၊ ဆိုချင်တာ မဆိုရ ၊ ရေးချင်တာ မရေးရ ၊ လုပ်ချင်တာ မလုပ်ရ ၊ အဲဒါမျိုးဟာ ဂျပန်ခေတ်တုန်းက ခံခဲ့ရတယ် ။ အဲဒီလိုလွတ်လပ်ရေးမျိုးဟာ ပါစပ်ပိတ် ၊ ကြောက်လန့်ပြီးတော့ အမြဲတမ်းနေရတဲ့ လွတ်လပ်ရေးဖြစ်တယ် ။ ဓားမိုးထားတဲ့ လွတ်လပ်ရေးပဲ ၊ တိုင်းသူပြည်သားတွေ မလွတ်လပ်ဘူး ။ ရှေးတုန်းက ဗမာမင်းလက်ထက်မှာ ဒီအတိုင်း ၊ တိုင်းသူပြည်သားတွေ မလွတ်လပ်မှုတွေ ရှိတန်သလောက်ရှိတယ် ။ ဥပမာ – ရနောင်မင်းသား မောင်တုတ် ၊ သီပေါမင်း လက်ထက်တုံးက ရနောင်မင်းသားမောင်တုတ် လုပ်တာမျိုး ၊ ရှင်ဘုရင့်ယောက်ဖလုပ်တာတွေဆိုတော့ မပြောရဲကြဘူး ။ဒီမင်းသားမောင်တုတ်က ဘာလုပ်လဲဆိုယင် ရှင်ဘုရင့်ယောက်ဖဆိုပြီး မြို့ပြင်လေးရပ်ထွက်လယ် ၊ ချောချောလှလှသမီးဆိုယင် ၊ ဆိုင်ကန္နားအိမ်တွေ့ပီဆိုပြီးမှဖြင့် အိမ်ရှေ့မှာ သူ့လှံစိုက်လိုက်တာဘဲ ။ ဒီတော့ သမီးရှင် အုပ်ထိန်းသူများက ကန့်လန်ကာတွေ ထောင်ပေးရတယ် ။ မောင်တုတ်ကလဲ ကိစ္စပီးတဲ့အခါ သည့်ပြင်နေရာတွေမှာလဲ ဒီလိုဘဲ လုပ်တာဘဲ ၊ အဲဒီတော့ကာ တိုင်းသူပြည်သားတွေ မလွတ်လပ်ဘူး ။ တိုင်းပြည်မှာ လွတ်လပ်တယ် ဆိုပေမဲ့ ။ ဘယ်သူတွေက တိုင်းပြည်ကို အုပ်ချုပ်မှာလဲ ၊ ဘယ်သူတွေက ဘယ်လိုလူတွေအကျိုးအတွက် လုပ်မလဲဆိုတော့ ၊ အချို့ကပြောလိမ့်မယ် ။လွတ်လပ်ရေးဆိုတာ ဘယ်သူ့အတွက် လဲ လူနည်းစုအတွက်လား ၊ လူများစု အတွက်လားဆိုတာ မေးနေစရာမလိုဘူး လူများစုအတွက်လို့ပြောမှာဘဲ ။

တချို့လူတွေ ပါစပ်အားဖြင့် ပြောပေမဲ့ လက်တွေ့အားဖြင့် လုပ်တဲ့နေရာမှာ ဒီလိုသဘောထားချင်မှ ထားမယ် ။ လုပ်တဲ့နေရာမှာ ကွဲသေးတယ် ။ လယ်သမားတွေ လယ်မြေရအောင် စီမံပေးတဲ့နည်းတွေ အမျိုးမျိုးရှိတယ် ။ လယ်သမားတွေ လယ်မြေရအောင် စီမံပေးတဲ့နည်းတွေ အမျိုးမျိုးရှိတယ် ။ ဒီလို အယူအဆတွေ အမျိုးမျိုးပေါ်နိုင်တယ် ။ နောက်ပြီးတော့ကာ လွတ်လပ်ရာ လွတ်လပ်ကြောင်း လုပ်တဲ့ အခါမှာ လူများစုရဲ့လွတ်လပ်ရေးရအောင် လူများစုရဲ့အားကိုယူပြီး ၊မတည် ပြီး အလုပ်လုပ်မှ ဖြစ်မယ်လို့ ဒီလို အယူအဆတွေရှိတယ် ။တချို့က လွတ်လပ်ရေးဆိုတာဟာ ပထမရအောင် လုပ်ရမယ်။ နောက်ပြီးတော့မှ လွတ်လပ်ရေးရတဲ့ အခါကျမှ ဖြူမယ် ။ မဲမယ်ဆိုတာကို နောက်မှ စဉ်းစားထားပေါ့လို့ ပြောကြတယ် ၊ ဒါကဘာလဲ ဆိုတော့ ၀ိုးတိုးဝါးတာလုပ်ပြီး လူများစုတွေကို ဘမ်းပြရုံပြပြီး ၊ တိုင်းသူပြည်သား လွတ်လပ်ရေးရအောင် လုပ်ပီး ။ လူများစုကို အငိုက်ဖမ်းပြီးး ၊ မိမိတကိုယ်ကောင်း တစုကောင်း လုပ်ချင်တဲ့ သဘောဘဲ ။ တိုင်းသူပြည်သား လူထုကို ပြပြီးတော့ တနည်းအားဖြင့် ဆိုယင် မျောက်ပြပြီး ဆန်တောင်းတဲ့ နည်းမျိုးဘဲ ။ ဒီလိုနည်းနဲ့ လွတ်လပ်ရေးရတာလား ။ လူများစု လူထုနဲ့ လွတ်လပ်ရေးမဖြစ်နိုင်ဘူးလို့ ယူဆတဲ့လူတွေလဲရှိကြတယ်။ အဲဒီလို အယူအဆတွေရှိတော့ကယ တဦးနှင့်တဦး လူတစုနှင့်တစု သဘော ကွဲပြားလာပြီးတော့ ပါတီဆိုတာ မျိုးပေါ်ပေါက်လာကြတယ်။

ဒီလို ပေါ်ပေါက်လာတာတွေဟာ ရာဇ၀င်အလျောက် ဖြစ်ပေါ်လာတာ ဖြစ်လို့မို့ ၊ ကျုပ်တို့ အရမ်းတားလို့ မဖြစ်နိုင်ဘူး ။ ဘိုးတော်ဘုရားလက်ထက် ၊ ရှင်ဘုရင်ကနေပြီးတော့ ၊ ဦးပေါ်ဦးကို ဒီရေတက်လာတာ သွားပြီး ကြိမ်နဲ့ အရိုက်ခိုင်းတော့ကာ ဒီလို မဖြစ်နိုင်ဒါ အလုပ်ခိုင်းတော့ ဦးပေါ်ဦးက ပြန်လျှောက်တယ် ။ ဟိုခေတ်က တိုင်းသူပြည်သားတွေက ရှင်ဘုရင် စိတ်မဆိုးအောင် လျှောက်ရတာကို ။ အရှင်ဘုရားရဲ့ ဘုန်းတော်ကြောင့် ပေးအပ်လိုက်တဲ့ ကြိမ်းဒဏ်တော်ကို မခံနိုင်တဲ့ အတွက် ဒီရေဟာ ရောင်ရောင်ထလာပါတယ်ဆိုတဲ့ စကား သွားအမှတ်ရတယ် ။ အမှန်စင်စစ်ကတော့ အရှင်ဘုရား လုပ်ခိုင်းတဲ့ အတိုင်း မဖြစ်နိုင်ပါလို့ ပရိယာယ် သုံးပြီးတော့ လျှောက်တာဘဲ ။ အဲဒီအတိုင်းဘဲ ။ ဒီလိုဖြစ်နေတာတွေက ရာဇ၀င် အကြောင်း တရားတွေ ၊ ရာဇ၀င်သဘောတရားတွေ စေ့ဆော်ပြီး ပေါ်ခဲ့တဲ့ အဖွဲ့ အစည်းမျိုးဆိုယင် တားဆီးဖို့ ခဲ့ယဉ်းမယ် ။ခဲယဉ်းတော့ ဒီခဲယဉ်းတာကို ကျွန်တော်တို့က ဒီအတိုင်းကြည့်နေရမလား ၊ ဒီအတိုင်း ကြည့်နေဖို့ မလိုဘူး ။ ဒီအတိုင်း ကြည့်နေမယ်ဆိုတာ ကျွန်တော်တို့က လူဆိုတဲ့ ကျွန်တော်တို့ သဘောကို သေသေချာချာ နားမလည်လို့ဖြစ်မယ် ။

လူဆိုတာ ဖန်တီးနိုင်တဲ့ သတ္တိရှိတယ် ။ ခွန်အားရှိတယ် ။ ဘာဘဲ ဖြစ်ဖြစ် ၊ ကမ္ဘာလောကြီးမှာ ဖြစ်နေတဲ့ သဘာဝတရားတွေ ၊ လူကနောက်ဆုံးမှာ လွှမ်းမိုးရမယ် ။ တောင်ကြီးပေမယ့်လို့ ဖ၀ါးအောက်ရောက်တယ် ။ အဲဒီလိုဘဲ ၊ ဘယ်လောက် အပြန့်ကျယ်တဲ့ သမုဒ္ဒရာကြီးတွေကိုတောင်မှ လူရဲ့ဥာဏ်နဲ့ ဖန်တီးလိုက်တဲ့ သင်္ဘောတွေ ၊ ရေငုတ်သင်္ဘောတွေ ၊ လေယာဉ်ပျံတွေနဲ့ ကူးပြီး သွားလာနိုင်အောင် လူတွေဟာ ဖန်တီးလာခဲ့တယ် ။

ဘာသာတရားအရ ပြောရမယ်ဆိုယင် လူကမှ ဘုရားဖြစ်နိုင်တယ် ။ ဒီတော့ကာ လူမှာ ဖန်တီးနိုင်တဲ့ အစွမ်းသတ္တိရှိတယ် ရာဇ၀င်ကို ဘယ်သူက ဖန်တီးသလဲ ။ လူကမှ ဖန်တီးတယ် မဟုတ်လား ။ လူက ဖန်တီးတယ်ဆိုတာ အကြောင်းမဲ့ အရမ်းဖန်တီးတာကို ပြောတာမဟုတ်ဘူး ။ အဲဒီလို အတင်းပြောင်းလို့မရဘူး ။ ကျွန်တော်တို့က ဘာနားလည်ရမလဲ ၊ ဖြစ်ပေါ်လာတဲ့ လောကရဲ့ အကြောင်းတွေ ၊ ရာဇ၀င် သဘောတရားတွေကို နားမလည်ပြီးတော့ အလုပ် လုပ်ရမယ် ။ ဘယ်လိုလုပ်ရမလဲ ဆိုတော့ကာ ဥပမာ – ရေတံခွန်ကြီး ဆင်းလာတာကို ကျွန်တော်တို့ အမျိုးမျိုး သုံးနိုင်တယ် ။ ဒီရေတံခွန်ကြီးကို သေသေချာချာ ကျကျနန ဖမ်းလိုက်ပြီး ၊ ရေတံခွန်က ပါဝါကို လျှပ်စစ်ဓာတ်ရအောင် လုပ်နိုင်တယ် ။ မဖမ်းတတ် ၊ မသုံးတတ်ယင် ၊ ရေတံခွန်ဟာ လူတွေရဲ့ အကျိုး ဆုတ်ယုတ်အောင် လုပ်နိုင်တယ်

ခုနက ကျွန်တော်တို့ တပ်မတော်တွေ ၊ ပဲခူးတိုက်ပွဲ ၊ စစ်တောင်းတိုက်ပွဲတွေတုန်းက ဂျပန်ရန်ကို စိုးရိမ်ပြီးတော့ အင်မတန် ကြိုးကြိုးစားစား မြစ်ကျိုးရေကာတာတွေကို ကာကွယ်ခဲ့တယ် ။ အကယ်၍သာ ရေကာတာကြီးသာ ပျက်စီးသွားမယ်ဆိုယင် ၊ အဲဒီအောက်မှာ ရှိတဲ့ အိမ်တွေ ၊ အိုးတွေ ၊ လယ်တွေ ၊ မြေတွေဟာ ၊ အင်မတန် ပျက်စီးသွားမယ် ။ ကျွန်တော်တို့ တိုင်းပြည်မှာ ရံဖန်ရံခါအားဖြင့် ရေလွှမ်းမိုးတာ ဖြစ်တယ် မဟုတ်လား ရေလွှမ်းမိုးတာတွေကို ရေ မလွှမ်းမိုးရအောင် စီမံနိုင်တဲ့နည်းတွေရှိတယ် ။ ဘာကြောင့် ရေလွှမ်းသလဲ ၊ အကြောင်းရှိတယ် ။ ဟိုလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်တုန်းက အခု ဖ-ဆ-ပ-လ အဖွဲ့ကြီးထဲမှာ ပါတဲ့ ဦးဘဖေတို့ကိုယ်တိုင် ဟိုတုန်းက ချယ်ယာမင်းလုပ်ပြီး စုံစမ်းရေးကော်မတီဆိုပြီးတော့ စုံစမ်းခဲ့တယ် ။ ဒါတွင်မကသေးဘူး ။ ဘာကြောင့် ရေလွှမ်းမိုးတယ် ။ ဘယ်လို စီမံဖို့ကောင်းတယ် ။ အဲဒါမျိုးတွေ အကြံဉာဏ်ပေးတယ် ။ ဒါတွေဟာ နတ်ဖမ်းစားတာနဲ့ မဆိုင်ဘူး ။ သိကြားမင်းကလဲ စိတ်ဆိုးလို့ လုပ်တာမဟုတ်ဘူး ၊ သူ့အကြောင်းနဲ့သူ ဖြစ်လာတာ သေသေချာချာ နားလည်ပြီး လုပ်ကိုင်လို့ရှိယင် ၊ လူတွေဟာ ရေမလွှမ်းမိုးနိုင်အောင် စီမံဖန်တီးနိုင်ရမယ် ။

ဒီတော့ကာ ရာဇ၀င်အကြောင်းတရားတွေနဲ့ စေ့ဆော်လို့ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းမျိုးရှိလာလို့ရှိယင် ၊ ဒီလို အဖွဲ့အစည်းမျိုးတွေကို ကျွန်တော်တို့ ဘယ်လို လုပ်မလဲ ၊ ရာဇ၀င် သဘောတရားတွေ ၊ အကြောင်းတရားတွေ အရ သေသေချာချာ လုပ်ကိုင်ပြီးတော့ကာ ကျွန်တော်တို့တိုင်းပြည်နဲ့ လူမျိုးအကျိုးရှိရာ ရှိကြောင်း လမ်းညွှန်ပြီး သွားနိုင်ရမယ် ။ ဒီလိုမှသာ ကျွန်တော်တို့ လိုချင်တဲ့ ရည်ရွယ်ချက်တူ အကျိုးတူ ညီညွတ်ရေးကို ရအောင် လုပ်နိုင်ပြီး တကယ့် ညီညွတ်ရေးဆီကို လှမ်းသွားနိုင်မယ် ။

“ ယခုအခါ ဗြိတိသျှ နယ်ချဲ့သမားလက်အောက်မှ လွတ်မြောက်ရေး၌ တူညီသော အကျိုး၊ တူညီသော အလုပ်နှင့် တူညီသော ရည်ရွယ်ချက်များ ရှိသော အထက်ပါ လူတန်းစား အစည်းအရုံးများ တိုင်းရင်းသား လူစုအဖွဲ့များနှင့် နိုင်ငံရေး ပါတီတိုင်းသည် လွတ်လပ်ရေး အင်အားစု ပေါင်းဆုံရာ ဖြစ်သော ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးနှု့် တကယ့် အမျိုးသား ညီညွတ်ရေးကို ခိုင်မြဲအောင် တည်ဆောက်ကာ ဗမာပြည်လွတ်လပ်ရေးကို အရေးယူရန် ဤညီလာခံ သဘင်ကြီးက ဆုံးဖြတ်ကြောင်း ” ။

ဒါက ခုနပြောသလို သူ့အလိုလို တူညီတဲ့ အကျိုးတွေနဲ့ ဖွဲ့စည်းပြီးတော့ကာ အားလုံးရဲ့ အကျိုးကို တူညီတဲ့ တမျိုးသားလုံးရဲ့ အကျိုးဟာဘာလဲဆိုယင် ခုနေအခါမှယ လွတ်လပ်ရေးဘဲ ။ ဘယ်လို လွတ်လပ်ရေးလဲ ၊ မလွတ်လပ်တဲ့ ကုန်သည်တွေဟာ အချုပ်အချယ်အမျိုးမျိုးခံနေရတယ် ။ မလွတ်လပ်တဲ့ တိုင်နိုင်ငံမှာရှိတဲ့ လယ်သမားတွေလဲ အချုပ်အချယ်ခံနေရတယ် ။ အဲဒီလို တူညီတဲ့ အကျိုး ၊ တူညီတဲ့ ရည်ရွယ်ချက် ရှိတဲ့ အတွက် တူညီတဲ့ အလုပ် လုပ်မှသာလျှင်ရမယ် ။ ဒီတော့ ဒီလိုရအောင် အင်အားတေံ စုထားတဲ့ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးထဲမှာ အားလုံးဝင်ပြီးတော့ ဒီအဖွဲ့ချုပ်ကြီးထဲမှာ မပါတဲ့ တိုင်းသူပြည်သားအများအပြားကလဲ ဒီအဖွဲ့ချုပ်ကြီးမှာ တသီးပုဂ္ဂလများအဖြစ် ပါဝင်ပူးပေါင်းပြီးတော့ လွတ်လပ်ရေးကို အရယူဘို့ ၊ ဒီညီလာခံသဘင်ကြီးက ဆုံးဖြတ်ဖို့ဘဲ ။ ပါတီတွေနဲ့ ပတ်သက်ပြီးတော့ကာ သဘောထားကို ပြောပြီးတဲ့ အတိုင်း ဒီညီညွတ်ရေးလုပ်တဲ့ အခါမှာ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးရဲ့ အမျိုးသားစည်းရုံးခြင်းဟာ ဂျီ-စီ-ဘီ-အေ အစည်းအရုံးနဲ့ မတူဘူး ၊ အိန္ဒိယပြည်က လူအများသိနေတဲ့ ( Indian National Congress ) ကွန်ဂရက် အစည်းအရုံးနဲ့လဲ မတူနိုင်ဘူး ၊ နဲနဲ ဆင်တူသလောက် တူတာကို ပြောရယင် ၊ ဘိလပ်မှာရှိတဲ့ လေဘာပါတီဆိုတဲ့ အလုပ်သမားအဖွဲ့မျိုးနဲ့တော့ ဆင်သလောက် ဆင်တယ် ၊ အဲဒီအလုပ်သမား သမဂ္ဂအဖွဲ့ ( T.U.C ) ၊ သမ၀ါယမ အသင်း အဲဒီအဖွဲ့တွေပါတယ် ။ ဒီပြင် တသီးပုဂ္ဂလအားဖြင့် ဖွဲ့စည်းထားတဲ့ အဖွဲ့တွေလဲပါတယ် ။ နောက်ပြီးတော့ တရုတ်ပြည်မှာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်က ဒေါက်တာဆွန်ရက်ဆင် ကြီးမှုးပြီးတော့ ၊ တရုတ်ပြည်ကြီးရဲ့ သမ္မတနိုင်ငံ တည်ထောင်ဘို့အတွက် တော်လှန်ရေး လုပ်တဲ့အခါတုန်းက တည်ထောင်ခဲ့တဲ့ ကူမင်တန်အဖွဲ့အစည်းခေါ်တဲ့ တရုတ်ပြည်က အမျိုးသားအဖွဲ့အစည်းနဲ့လဲ တူသလောက်တူတယ် ။

အဲဒီအခါတုန်းက အဲဒီအဖွဲ့ထဲမှာ နိုင်ငံရေးပါတီတချို့ ထည့်ပေးထားတယ် ၊ ဒေါက်တာ ဆွန်ရက်ဆင်ဟာ တသီးပုဂ္ဂလအားဖြင့်လဲ ဖွဲ့စည်းတယ် ။ အဲဒါမျိုးရှိတယ် ၊ ဒီတော့ လူတွေက ဘဲ့နဲ့ဖြစ်သလဲဆိုတော့ ၊ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးမှာ အဖွဲ့အသီးသီးတွေလဲပါတယ် ။ လူအသီးသီးတွေလဲပါတယ် ဆိုတော့ တချို့က ဒီအဖွဲ့တွေပါတာကို သဘောမပေါက်နိုင်ဘူး ။ အိန္ဒိယကွန်ဂရက်မှာလဲ အဖွဲ့တွေ မရှိဘူး ၊ ဂျီ-စီ-ဘီ-အေ တုန်းကလဲ ဒီလိုဘဲ လုပ်တယ်ထင်ပြီး ပြောနေတယ် ။ ကျွန်တော်တို့က အဲဒါတွေကို သေသေချာချာသိဘို့လိုတယ် ။

ကွန်ဂရက် အဖွဲ့ကြီးဆိုလို့ ရှိယင် အမြင်အားဖြင့် ၊ ဘန်းပြအားဖြင့် အမျိုးသား အစည်း အရုံးလို့ထင်မြင်နေပေမယ်လို့ ၊ အခုချိန်အခါမှာ အမျိုးသားအစည်းအရုံး မခေါ်နိုင်တော့ဘူး ။ ဘာကြောင့်လဲ ဆိုတော့ အဲဒီနေရာမှာ မူစလင်လူမျိုးတွေရဲ့အားကို ယူပြီးတော့ ဖွဲ့စည်းထားတဲ့ မူစလင်အစည်း အရုံးက အင်မတန် အင်အားကြီးတယ် ။ ဘယ်လို ထိအောင် ထင်ရှားနေသလဲလို့ဆိုတော့ကာ ရွေးကောက်ပွဲလုပ်တဲ့နေရာမှာ မူစလင်အတွက် ၃၀နေရာရထားတယ် ။ ဒီနေရာမှာ မူစလင် ၃၀ စလုံးကို မူစလင်အစည်းအရုံးက ရသွားတယ် ။ ဒီတော့ကာ အိန္ဒိယပြည်ရဲ့ ကွန်ဂရက်အဖွဲ့ကြီးဟာ အမျိုးသား အစည်းရုံးအနေမျိုး မဟုတ်တော့ဘူး ။

ပြည်နယ်တွေမှာလဲ ဒေသန္တရ အဖွဲ့တွေရှိသေးတယ် ၊ ကျွန်တော်တို့ အိန္ဒိယပြည် သွားတုန်းက ဆိုယင် အဖွဲ့ပေါင်း အများကြီး တွေ့ရတယ် ။ တွေ့ရုံမကဘူး ။ ကွန်ဂရက်ထဲမှာ ၊ ၀ါဒသဘောမျိုးလွတ်လပ်ရေးကို သဘောအဓိပ္ပာယ်ခွဲပြီးတော့ လွတ်လပ်ရေးရအောင် ဘယ်လိုလုပ်ဖို့ကောင်းတယ်ဆိုတဲ့ သဘောတွေ ဒီအဖွဲ့ထဲမှာနေပြီးတော့ ညီလာခံသဘင်တွေကျယင် လွတ်လပ်ရေးဆိုတာ ဘယ်လိုသဘောမျိုး ဖြစ်ဖို့ကောင်းတယ် ၊ ဒီလွတ်လပ်ရေးကို အမြန်ရအောင် ဘယ်လိုလုပ်ဖို့ကောင်းတယ်ဆိုပြီး သဘောအဆတွေ အများအပြား ကွဲပြား ကွဲကြတယ် ။ အားလုံး သဘောကျပြီးပြီဆိုယင် ။ အများသဘောတူဆောင်ရွက်ကြတယ် ။ ဒါကြောင့် ကွန်ဂရက်မှာလဲ အဲဒီအဖွဲ့မျိုး ရှိတယ်။ အဲဒီလို အဖွဲ့မျိုးဆိုတာ ဗမာပြည်မှာ ရှိတဲ့ အဖွဲ့မျိုးကို ပြောတာ မဟုတ်ဘူး ။

ဗမာပြည်မှာ လူတစ်ယောက်ရဲ့ နာမည်ကို အခြေခံပြုပြီးဖြစ်တဲ့ အဖွဲ့ ၊ ဝေစား ( ၀ါးစေ ) ရေး အဖွဲ့မျိုးမဟုတ်ဘဲနဲ့ ခုနကပြောတဲ့ အဖွဲ့ဟာ အနှေးနဲ့ အမြန် ပေါ်ပေါက်မယ် ။ ပေါ်ပေါက်တဲ့ အခါကျတော့ ခုနပြောသလို အမျိုးသား အစည်းအရုံးဖြစ်တဲ့ ဖ-ဆ-ပ-လ အဖွဲ့ချုပ်လိုဟာမျိုးမှာ ၀င်ရောက်ပြီးတော့ကာ ၊ ဒီ ဖ-ဆ-ပ-လ အဖွဲ့ကြီးရဲ့ချုပ်ကိုင်ချက်၊ လမ်းညွှန်ချက် ထိန်းသိမ်းခြင်းကို ခံယူပြီး လုပ်မယ်ဆိုယင် ညီညွတ်ရေးကို မထိခိုက်နိုင်ပါဘူး ။ အဖွဲ့ချုပ်ကြီးက ဘယ်လိုချုပ်ကိုင်ရမလဲ ထိန်းရမလဲဆိုယင် ပါတီအချင်းချင်း ပြိုင်ဆိုင်မှုရှိယင် အကောင်းနည်းပြိုင်စေရမယ် ။ အဆိုးနည်း မပြိုင်အောင်တားပေးရမယ် ။

ဘယ်လိုအကောင်းနည်းပြိုင်ရမလဲ ဆိုယင် ၊ တိုင်ပြည်နှင့် လူမျိုးအတွက် ၊ အဖွဲ့ချုပ်ကြီး အတွက် ဘယ်လောက်ထိအောင် စွမ်းဆောင်နိုင်တယ် ၊ လုပ်ပြနိုင်တယ်လို့ တဦးနှင့်တဦး ပြိုင်ကြမယ်ဆိုယင် အကောင်းပြိုင်နည်းမျိုးဘဲ ဒီလို အကောင်းပြိုင်နည်းမျိုးမဟုတ်ဘဲ ၊ တဦးနှင့်တဦး ပျက်စီးရာပျက်စီးကြောင်း ၊ တိုင်းပြည်နှင့်လူမျိုးအကျိုး ၊ အဖွဲ့ချုပ်ကြီးရဲ့ အကျိုးကို ဂရုမမူဘဲ ၊ ပြုလုပ်ကြမယ်ဆိုယင် ၊ ဒါ အဆိုးပြိုင်နည်းဘဲ ။ ဒီလို အဆိုးပြိုင်နည်းမျိုး မရှိအောင် အဖွဲ့ချုပ်ကြီးက တားပေးရမယ် ။ ပြီးတော့ တဦးနှင့်တဦး တဖွဲ့နှင့်တဖွဲ့ ညီညွတ်သည်ထက်ညီညွတ်အောင် လုပ်ပေးရမယ် ။ နိုင်ငံရေး ပါတီဆိုတာမျိုးကို ပါတီသဘောမျိုးဖွဲ့စည်းတာမျိုး ရှိစေရမယ် ။ အဲဒီလို စည်းကမ်းတွေသတ်မှတ်ပြီး ၊ နိုင်ငံရေးအဖွဲ့တွေကို လက်ခံမယ်ဆိုယင် ၊ အဖွဲ့ချုပ်ကြီးဟာလဲ တည်တံမယ် ။ အမျိုးသား ညီညွတ်ရေးဟာလဲ ပျက်စရာမရှိလဲ တဆင့်ထက်တဆင့် တိုးပြီး ခိုင်မြဲသွားမယ် ။

ဒီ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးထဲမှာ တသီးပုဂ္ဂလတွေလဲ ပါပါတယ် ။ အခု ကွန်ဂရက်ကြီးတက်တဲ့ လူတွေထဲမှာ တသီးပုဂ္ဂလသဘောမျိုးနဲ့ ကိုယ်စားလှယ်တွေဟာ ၊ ပါတီကိုယ်စာလှယ်တွေထက်များပါတယ် ။ ဒီတော့တသီးပုဂ္ဂလလုပ်တဲ့ ပုဂ္ဂိုလ်တွေက ပါတီတွေကိုတော့ ဂရုစိုက်ပြီး ၊ ဒို့တော့ ဂရုမစိုက်ဘူးလို့ မထင်ပါနှင့်၊ ခင်များတို့အတွက်လဲ သီးသန့် စည်းမျဉ်းထဲမှာ ထည့်ထားပါတယ် ။ အခြေအနေအလျောက်သာ ပါတီတွေကို လက်ခံရတယ် ဆိုတာ နားလည်စေချင်တယ် ။ တသီးပုဂ္ဂလလုပ်တဲ့ လူတွေသာ လုပ်တတ်လို့ရှိယင် ပါတီတွေဟာ အဖွဲ့ချုပ်ကြီး လုပ်ငန်းကို အမြဲတစေ ထောက်ခံအောင် လုပ်ပေးနိုင်ပါတယ် ။ ပါတီတွေက မဟုတ်တာ လုပ်တဲ့အခါ ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးကိုသာ ရှေ့ရှုအောင် ရိုက်သွင်းပေး ၊ ရိုက်သွင်းမရယင် ၀ိုင်းပယ်ပစ် ။ လူထုကို အမြဲတမ်း ဖ-ဆ-ပ-လ နောက် ရှိအောင်လုပ်ယင် ပါတီတွေဟာ ကောင်းကောင်းနေမှာဘဲ ။ ဒါခင်ဗျားတို့ အပေါ်မှာ တည်ပါတယ်။ ခင်ဗျားတို့ လုပ်ဖို့ ဖြစ်ပါတယ် ။

နိဂုံးချုပ်တွင် လူငယ်ခေါင်းဆောင်များကို ကျုပ်လဲ လူငယ်ဖြစ်တဲ့အတိုင်း အထူး မေတ္တာရပ်ခံသွားချင်တယ် ။ လူငယ်တွေဟာ တိုင်းပြည်နှင့် လူမျိုးအတွက် ဘယ်လောက် လုပ်တယ်ဆိုတာလဲ လူအများအပြား သိကြတာဘဲ ။ လူကြီးတွေဆိုတာလဲ ဒီတိုင်းပြည်မှာ အတော်ဘဲ မရှိကြတော့ဘူး ။ လူငယ်တွေရဲ့ ခေတ်ရောက်လာပါပြီ ။ ဒီလို မိမိတို့ခေတ်ရောက်လာတဲ့ အခါ မိမိတို့ဟာ ရှေ့က နိုင်ငံရေးသမားတွေမှားသလို မမှားကြတော့ဘဲ ။ နည်းသစ် ၊ အလုပ်သစ် ၊ စိတ်သစ် ၊ နိုင်ငံရေးသစ်ကို လုပ်ဖို့အထူးသတိပြုစေလိုပါတယ် ။ တဦးနှင့် တဦးလဲ အယုံအကြည် အရမ်းမကင်းကြပါနှင့် ၊ တဦးနှင့် တဦးလဲ ဝေဖန်လွန်းအားမကြီပါနှင့် ၊ ရှေ့ကိုလဲ သိပ်လောမကြီးပါနှင့် ၊ သိပ်လောကြီးယင် စစ်ကျွံသလို ဖြစ်မယ် ဆိုတာကို သတိပြုပါ ။ တပ်မတော်များဟာ သာမန်တပ်မတော်သားရဲ့ ခြေလှမ်းနှင့် နှိုင်းချိန်ပြီး စစ်ချီသလို တနိုင်ငံလုံး တမျိုးသားလုံး လွတ်လပ်ရေး ပန်းတိုင်ကို တပ်လုံးချီတဲ့အခါ ခြေလှမ်း ညီညီညာညာနှင့် တပ်ချင်းပြတ်ပြီး တပ်မကျွံရအောင် ရန်သူက အမှည့်ချွေ ၊ ချွေပြီး မတိုက်နိုင်အောင် ၊ ရာဇ၀င်မှာ မင်းရဲကျော်စွာ စစ်ကျွံသလို မကျွံရအောင်မှန်မှန်ကြီး ခရီးသွားဖို့ အထူး အရေးကြီးပါတယ် ။ အဲဒီလို ခြေလှမ်းမှန်မှန်နှင့် တနိုင်ငံလုံး တမျိုးသားလုံးရဲ့ လွတ်လပ်ရေးကို ရှေ့ရှုပြီး ညီညွတ်ရေးကို ဆောင်ရွက်တဲ့အခါ လူငယ်များဟာ တပ်ဦးက ခြေလှမ်းမှန်မှန် လှမ်းကြရန် အရေးကြီးပါတယ် ။

ဖ-ဆ-ပ-လ ထဲတွင် အချို့လူကြီးများကို အချို့က သဘောမကျ ပုတ်ခပ်ကြတယ် ။ သူတို့တတွေ ဟန်ပါ့မလား ၊ သူတို့နှင့်ပေါင်းလို့ ဖြစ်ပါ့မလားလို့ပြောကြတယ် ။ ဘုရားလက်ထက်မှာတောင် အလဇ္ဇီရဟန်းတွေ ရှိယင် ကျုပ်တို့ ဖ-ဆ-ပ-လ မှာလဲ ကျုပ်တို့မသိတဲ့ အလဇ္ဇီတွေရှမှာပဲ ။ ဒါပေမဲ့ ဘုရား လက်ထက်က သူဌေးကြီးတဦး လုပ်သလို ၊ ဒီလိုနိုင်ငံရေး အလဇ္ဇီတွေကိုလဲ ဆက်ဆံစေလိုတယ် ။ ဘယ်လိုလဲဆိုယင် ၊ ဘုရားလက်ထက်က မဟာဒုတ် ဆွမ်းကျွေးတဲ့အခါ အလဇ္ဇီ ရဟန်းတပါးကို သူဌေးကြီးတဦးက မဲကျတော့ ကောင်းကောင်းမွန်မွန် သူတို့ကို ကျွေးမွေးလွှတ်လိုက်တယ် ၊ ဒီတော့ ရဟန်တုက ငါတော့ အမဲမိပြီလို့သဘောရပြီး နောက်တခါ သူဌေးကြီးဆီလာပြီး တူရွင်းလာငှားတယ် ။ ဒီတော့ သူဌေးကြီးက ခြေထောက်နှင့်ထိုးပြီး တူရွင်ကို ပေးလိုက်တယ် ။ ဒါကို ဒီပြင်သူတယောက်ကမြင်တော့ ၊ ခင်များ အရင်တမျိုး ၊ ခုတမျိုး ဘာလို့ လုပ်သလဲလို့ မေးတဲ့ အခါ သူဌေးကြီးက ဒီရဟန်းဟာ အလဇ္ဇီ ဖြစ်မှန်း ငါသိတယ် ၊ အရင်တခါ ငါ့ဆီလာတဲ့အခါ သူဟာ သံဃာရဲ့ ကိုယ်စာလှယ်အဖြစ်လာတယ် ။ သံဃာကို ကြည်ညိုတဲ့သဘောနဲ့ သူကို ဆွမ်းလုပ်ကျွေးလိုက်တယ် ။ အခုတခါ သူလာတာဟာ ပုဂ္ဂိုလ်အနေနဲ့ ဖြစ်တယ် ။ ဒါကြောင့် ဘုရားဟောအတိုင်း ၊ ငါ မကြည်ညိုချင်ယင် ဖြစ်တယ်လို့ ပြန်ပြောပြတယ် ။ အဲဒီအတိုင်းဘဲ ၊ ကျုပ်တို့ ဖ-ဆ-ပ-လ ထဲမှာပါတဲ့ ခင်များတို့သိတဲ့အတိုင်း အလဇ္ဇီတွေရှိယင် ၊ ဖ-ဆ-ပ-လ ရဲ့လုပ်ငန်းကို လုပ်တဲ့အခါ ဖ-ဆ-ပ-လ ကို ကြည်ညိုသောအားဖြင့် သူတို့ကို ဆက်ဆံပါ ။ သို့သော် သူတို့ဖာစာသူတို့ လုပ်တဲ့ အခါ ဖ-ဆ-ပ-လ မှ စာအထောက်အထား မပါဘဲ ။ သူတို့ အကျိုး သူတို့ လုပ်တဲ့အခါ ခင်ဗျားတို့ မထောက်ခံပါနှင့် ခင်ဗျားတို့သဘောအတိုင်းဘဲ ၊ ဒီတော့ နောက်ဆုံးကျယင် စင်ကြယ်တဲ့ ညီညွတ်ရေး ၊ စင်ကြယ်တဲ့ နိုင်ငံရေး လုပ်မဲ့လူတွေဟာ ၊ ဖ-ဆ-ပ-လ ကြီးမှာ ရှိပြီး ဖ-ဆ-ပ-လ ကြီးကို တိုင်းပြည်က အမြဲအားပေးယင် ၊ ဘယ်နည်းနှင့်မဆို လွတ်လပ်ရေးဟာ မြေကြီးလက်ခပ်မလွဲတန်း ရမှာဘဲ ၊ ဒါကြောင့် ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးထဲ အားလုံး တိုင်းသူပြည်သားများဟာ ၀င်ပြီးတော့ စင်ကြယ်တဲ့ ညီညွတ်ရေး ၊ စင်ကြယ်တဲ့ နိုင်ငံရေးကို တည်ထောင်ကြပါလို့ မေတ္တာ ရပ်ခံလိုပါတယ် ။
၎င်းနောက် ဗိုလ်ချုပ်အောင်ဆန်းက အောက်ပါအတိုင်း အဆိုကို တင်သွင်းကြောင်း….

“ ဗမာပြည်သည် အာဏာပိုင် တိုင်းပြုပြည်ပြုလွှတ်တော်ကြီးသို့ ခေါ်၍ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့် ရှိသော အခြေအနေ ဆိုက်ရောက်အောင် ( ၀ါ ) လွတ်လပ်ရေးရအောင် အလိုဆုံး အရာမှာ ညီညွတ်ရေးပင်ဖြစ်ကြောင်း ၊ညီညွတ်ရေးသည် တူညီသော အကျိုး ၊ တူညီသော အလုပ်နှင့် တူညီသော ရည်ရွယ်ချက်တို့တွင် အခြေပြုရမည် ဖြစ်ကြောင်း ၊ ပစ္စည်းမဲ့ အလုပ်သမား လူတန်းစားသည် တူညီသော အကျိုး တူညီသော ရည်ရွယ်ချက်တို့တွင် အခြေပြုရမည် ဖြစ်ကြောင်း ၊ပစ္စည်းမဲ့ အလုပ်သမား လူတန်းစားသည် တူညီသော အကျိုး ၊ တူညီသော အလုပ်နှင့် တူညီသော ရည်ရွယ်ချက်တို့တွင် အခြေပြုကာ ၊ သမဂ္ဂများ အဖွဲ့၍ ခိုင်မြဲသော ညီညွတ်ရေးကို တည်ဆောက်၍ ၊ ဗမာပြည်တွင် အလုပ်သမားတို့အတွက် အစည်းအရုံး တခုသော ရှိရန်နှင့် အလုပ်သမားတိုင်း ညီညွတ်ရန်လိုပေကြောင်း ၊ လယ်သီးစားလယ်ကူလီ နှင့် လယ်ယာမြေဧက အထိုက်အလျောက်ပိုင်ဆိုင် လုပ်ကိုင်သော တောင်သူလယ်သမားများ အားလုံးသည် တူညီသောအကျိုး ၊ တူညီသော အလုပ်နှင့် တူညီသော ရည်ရွယ်ချက်များတွင် အခြေပြုကာ လယ်သမားသမဂ္ဂများကို တည်ထောင်ကြရန် ဗမာပြည်တွင် တောင်သူလယ်သမားတို့အတွက် တခုတည်းသော အစည်းအရုံးကို တည်ဆောက်ရန်နှင့် တောင်သူလယ်သမားတိုင်း ညီညွတ်ရန် လိုပေကြောင်း ၊ ထို့အတူ ဈေးသည် ၊ ပွဲစား ၊ စာရေး ၊ စာချီ ၊ ပညာသည် ၊ ရှေ့နေ စသည်တို့သည်လည်း ဆိုင်ရာ ဆိုင်ရာ သမ၀ါယမ အသင်းများနှင့် သမဂ္ဂများကိုဖွဲ့စည်း၍ ညီညွတ်ရေးတည်ဆောက်ကြရန် လိုပေကြောင်း ။
ဗမာနိုင်ငံရှိ တိုင်းရင်းသားများသည်လည်း သက်ဆိုင်ရာ လူမျိုးအလိုက် တခုတည်းသော အစည်းအရုံးကို တည်ထောင်၍ ညီညွတ်ကြရန် လိုပေသည် ။
နိုင်ငံရေး ပါတီတို့သည်လည်း လုပ်နည်းနှင့် ၀ါဒတူသော ပါတီ အချင်းချင်းပူးပေါင်းခြင်းဖြင့် ပိုမိုခိုင်မြဲအောင် တည်ဆောက်ရန် လိုအပ်ပေကြောင်း အထက်ပါနည်းအရ လူတန်းစား အစည်းအရုံးများ ၊ တိုင်းရင်းသား လူနည်းစုအဖွဲ့မျာနှင့် နိုင်ငံရေးပါတီများသည် အမြန်ဆုံး ခိုင်မြဲညီညွတ်စွာ တည်ဆောက်ရမည် ဖြစ်ကြောင်း ။
ယခုအခါ ဗြိတိသျှ နယ်ချဲ့သမား လက်အောက်မှ လွတ်မြောက်ရေး၌ တူညီသော အကျိုး ၊ တူညီသော အလုပ်နှင့် တူညီသောရည်ရွယ်ချက်များ ရှိသော အထက်ပါ လူတန်းစား အစည်းအရုံးများ ၊ တိုင်းရင်းသား လူစုအဖွဲ့များနှင့် နိုင်ငံရေးပါတီတိုင်းသည် လွတ်လပ်ရေးအင်အားစု ပေါင်းဆုံရာ ဖြစ်သော ဖ-ဆ-ပ-လ အဖွဲ့ချုပ်ကြီးနှင့် တကဲ့အမျိုးသား ညီညွတ်ရေးကို ခိုင်မြဲအောင်တည်ဆောက်ကာ ဗမာပြည် လွတ်လပ်ရေးကို ခိုင်မြဲအောင်တည်ဆောက်ကာ ဗမာပြည် လွတ်လပ်ရေးကို အရယူရန် ဤညီလာခံက ဆုံးဖြတ်ကြောင်း …”
အဆိုကို ညီလညခံလူထုက ထောက်ခံ အတည်ပြုလိုက်ကြောင်း ။ ။http://tyrinonote.wordpress.com/မှကူးယူဖော်ပြပါသည်။