ရွှေလီသား(မဘိမ်း)

Saturday 10 September 2011

မဲခေါင်စစ်ဆင်ရေး ပွိုင့် ၃၁၁၅ နှင့် ၀င်းမနော်တိုက်ပွဲ (၁)

တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်
တပေါက်ရေစက်၊ ငါတို့လက်မှ
ရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

၁၉၆၀ ပြည့်နှစ်ဇါန်လတွင် မြန်မာ-တရုတ် နယ်နိမိတ်တိုင်းတာသတ်မှတ်ရေးနှင့်နယ်ခြားကျောက်တိုင်များ စိုက်ထူရေးတို့အတွက် စစ်ဆင်ရေးတရပ်ပြုလုပ်ခဲ့ပါသည်။ အဆိုပါစစ်ဆင်ရေးကို “ဘဘစစ်ဆင်ရေး (Burma Boundary Operation)ဟု ခေါ်ပါသည်။
“ဘဘစစ်ဆင်ရေး”ကို မြန်မာနိုင်ငံဘက်မှ ကာကွယ်ရေးဝန်ကြီးဌာနမှဦးစီးကွပ်ကဲပြီး ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ တပ်မတော်မှတပ်ရင်းတပ်ဖွဲ့များအပြင် အထူးတာဝန်တရပ်အနေဖြင့် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့်နည်းပြဆရာများ၊ စစ်ဦးစီးတက္ကသိုလ်သင်တန်းအမှတ်စဉ်(၁၂)မှ သင်တန်းသားအရာရှိကြီးများလည်း ပါဝင်ကြပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အရာရှိများနှင့် မြေတိုင်းအဖွဲ့များပါဝင်ကြပါသည်။
တရုတ်-မြန်မာနယ်နိမိတ်သတ်မှတ်ရာတွင် တိုင်းတာသတ်မှတ်ရမည့် နယ်နိမိတ်များပေါ်တွင် “ကူမင်တန်ဆန်ပေ့”ခေါ် ကျူးကျော်သူတရုတ်ဖြူကြွင်းကျန်တပ်များ အခိုင်အမာတပ်စွဲနေကြသဖြင့် ၎င်းတပ်များကိုတိုက်ထုတ်ရန် လိုအပ်လာသည့်အတွက် “မဲခေါင်စစ်ဆင်ရေး”ကို ဗမာ့တပ်မတော်မှဆင်နွှဲခဲ့ရပါသည်။
တပ်မဟာ(၉)နယ်မြေအတွင်း တရုတ်ဖြူတပ်များသည် တရုတ်-မြန်မာနယ်နိမိတ်တလျှောက် တရုတ်၊မြန်မာနှင့်လောနိုင်ငံဆက်စပ်လျက်ရှိသော နေရာအထိလည်းကောင်း၊ ၎င်းနေရာမှလော၊မြန်မာနယ်နိမိတ်အတိုင်း လော၊မြန်မာနှင့်ထိုင်းနိုင်ငံဆက်စပ်လျက်ရှိသော နေရာအထိလည်းကောင်း၊ ၎င်းနေရာမှထိုင်း-မြန်မာနယ်နိမိတ်တလျှောက် လွယ်တော်ခမ်း၊လွယ်ခမ်းရှိုးစသော ရေဝေကုန်းတန်းများတွင်လည်းကောင်း အခိုင်မာစခန်းများတည်ဆောက်ကာ နေထိုင်လျက်ရှိကြပါသည်။ တရုတ်ဖြူတပ်မဌာနချုပ်များ မိုင်းပါလျိုနှင့် ကျိုင်းလတ်တွင်ရှိနေပြီး မိုင်းပါလျှိုသည် ကျိုင်းတုံတာချီလိတ်ကားလမ်း တာလေမိုင်းလင်းအရှေ့ဘက် မိုင်(၂၀)ခန့်အကွာတွင်ရှိလေသည်။ မိုင်းပါလျှိုတွင်ညအချိန် လေယာဉ်ဆင်းသက်နိုင်သော လျှပ်စစ်မီးများတပ်ဆင်သွယ်တန်းထားသော အဆင့်မီလေယာဉ်ကွင်းရှိလေသည်။ မိုင်းပါလျို၊ကျိုင်းလတ်၊၀င်းမနော်၊ လွယ်တော်ခမ်း၊လွယ်ခမ်းရှိုး၊ တရုတ်ဖြူစခန်းများတွင် စစ်တန်းလျားများ၊ အိမ်ထောင်သည်လိုင်းများ၊ နေအိမ်အဆောက်အဦးများ၊ ဆေးရုံစာသင်ကျောင်းများရှိကြသည်။ စခန်းအတွင်းလျှပ်စစ်မီးများ သွယ်တန်းထားရှိပြီး စခန်းတိုင်းတွင်စခန်းပတ်လည်ကို ခံစစ်တည်ဆောက်ထားပါသည်။ ခိုင်ခံ့သောဘန်ကာများ ဆက်သွယ်ရေးကျင်းများ ပတ်လည်တည်ဆောက်ထားကြသည်။ ကာကင်းဘန်ကာများလည်း အများအပြားတည်ဆောက်ထားကြပြီး တရုတ်ဖြူတပ်များသည် မြန်မာပြည်အတွင်းတွင် တရုတ်ပြည်ငယ်လေးတစ်ခုသဖွယ် အတင့်ရဲစွာကျူးကျော်နေထိုင်လျက်ရှိပါသည်။
တရုတ်ဖြူတပ်များ အခိုင်အမာရှိနေသဖြင့် ဘဘစစ်ဆင်ရေးပထမပိုင်းတွင် တပ်မဟာ(၉)နယ်မြေအတွင်း နယ်နိမိတ်တိုင်းတာခြင်း၊ နယ်နိမိတ်ကျောက်တိုင်များစိုက်ထူခြင်း မပြုလုပ်နိုင်ခဲ့ပါ။
“တရုတ်ဖြူတွေက တပ်မကြီးတွေကို ဂျင်နရယ်ကြီးတွေကဦးစီးပြီးတော့ စောင့်နေကြတယ် ငါတို့မှာက ခလရ(၇)ကမေဂျာကင်းငင်း (ယခင်ချင်းပြည်နယ်ဥက္ကဌ)နဲ့ တပ်ခွဲနှစ်ခွဲ၊ ခလရ(၃)က မေဂျာမြင့်အောင်(ကွယ်လွန်)နဲ့စစ်ကြောင်းတကြောင်း ဒါပဲရှိတယ်၊ ဂျင်နရယ်လောက်လီနဲ့မေဂျာကင်းငင်းတယောက်ချင်း နပန်းချရင်တော့ ဒို့နိုင်ချင်နိုင်မယ်”
တပ်မဟာ(၉)တပ်မင်း ဗိုလ်မှူးကြီးထွန်းစိန်(ကွယ်လွန်)က ပျော်ပျော်နေတတ်သူပီပီ မဲခေါင်စစ်ဆင်ရေးမစမီက သူရင်ဆိုင်နေရသောပြဿနာကို ရယ်ရယ်မောမောပြောလိုက်ခြင်းဖြစ်သည်။ မဲခေါင်စစ်ဆင်ရေးကို ၁၉၆၀ပြည့်နှစ်ဒီဇင်ဘာလတွင် စတင်ခဲ့ပါသည်။ စစ်ဆင်ရေးကိုနယ်မြေခံတပ်ဖြစ်သော တပ်မဟာ(၉)လက်အောက်ခံတပ်များအပြင် သနက(၃)၊ချင်း(၄)၊ ခမရ(၁၀၄)၊ ခမရ(၁၀၇)၊ ခမရ(၁၀၉)၊ ခြေလျင်တပ်ရင်းများ၊ အကူလက်ရုံးတပ်များဖြစ်ကြသော အမှတ်(၂)မြေပြင်ပစ်အမြောက်တပ်ရင်း၊ ၂၅ပေါင်ဒါအမြောက်များ၊ ၇၆မမတောင်ပေါ်ပစ်အမြောက်တပ်ဖွဲ့၊ ၁၂၀မမစိန်ပြောင်ကြီးတပ်ဖွဲ့၊ တပ်မတော်(လေ)မှဆီးဖြူရီတိုက်လေယာဉ်များ၊ ဘဲလ်ရဟတ်ယာဉ်များ၊ ဒါကိုတာသယ်ယူပို့ဆောင်ရေးလေယာဉ်များ ပါဝင်ကြသည်။
မဲခေါင်စစ်ဆင်ရေးစတင်သောကာလတွင် ကျွန်တော်သည်ခမရ(၁၀၇)တပ်ရင်းမှူးမှ စစ်ဦးစီးတက္ကသိုလ်သင်တန်းသားဖြစ်ခြင်းကြောင့် ဘဘစစ်ဆင်ရေး အုပ်ချုပထောက်ပံ့မှုဌာနမှူးတာဝန် ထမ်းဆောင်နေချိန်ဖြစ်သည်။ မဲခေါင်စစ်ဆင်ရေးတွင် ကျွန်တော့်တပ်ရင်း ခမရ(၁၀၇)ပါနေသည်။ ဤကဲ့သို့အရေးကြီးသောစစ်ဆင်ရေးတွင် တပ်ရင်းကိုတပ်ရင်းမှူးကိုယ်တိုင်သာ ဦးစီးစေသင့်ပါသည်။ နောက်တချက်မှာ ကျူးကျော်သူတရုတ်ဖြူများကို တိုက်ခိုက်ရမည့်ပွဲကြီးပွဲကောင်း စစ်ဆင်ရေးကြီးကို ကျွန်တော်လက်လွတ်မခံလိုပါ၊ သို့ဖြစ်၍ မပခတိုင်းမှူးအား ယခုကဲ့သို့အရေးကြီးသော စစ်ဆင်ရေးတွင်တပ်ရင်းမှူးမပါလျင် မဖြစ်ကြောင်းတင်ပြရာ တိုင်းမှူးကလည်းဘဘစစ်ဆင်ရေးထက် မဲခေါင်စစ်ဆင်ရေးကပိုအရေးကြီးကြောင်း သဘောပေါက်ပြီး ကျွန်တော်၏မူလတာဝန်ဖြစ်သော ခမရ(၁၀၇)တပ်ရင်းမှူးအဖြစ် မဲခေါင်စစ်ဆင်ရေးကို ပါဝင်ဆင်နွှဲခွင့်ရရှိခဲ့သည်။
ကျွန်တော်သည် ၁၉၆၁ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် မန္တလေးမှ ဖော်ကာလေယာဉ်ဖြင့် ကျိုင်းတုံသို့လိုက်ပါခဲ့ပါသည်။ ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ခမရ(၁၀၄)မှ ဗိုလ်မှူးမောင်မောင် (ဖင်ကြီးမောင်မောင်)နှင့်အတူ ဘဲလ်ရဟတ်ယာဉ်ဖြင့် ကျိုင်းတုံမှ ရှေ့တန်းတပ်မဟာ(၉)ရှိရာ တာလေသို့လိုက်ပါခဲ့သည်။ ကျိုင်းတုံမှထွက်ကတည်းက ရဟတ်ယာဉ်စက်ကထွေနေပါသည်။ လမ်းခရီးတွင် တောတွင်းတနေရာသို့ ဆင်းရမည့်အခြေနေ ဖြစ်လာပါသည်။ ဗိုလ်မှူးမောင်မောင်က “ရွှေဘနဲ့ တင်ညွန့်ပါတယ်ကွ၊ ယီးတီးယားတားမလုပ်နဲ့” ဟုကြိမ်းမောင်းလိုက်မှ ရဟတ်ယာဉ်သည် ကျွန်တော်တို့နှစ်ယောက်အား ကြောက်၍လားမသိ၊ စက်မချွတ်ယွင်းတော့ပဲ တာလေသို့ချောချောမောမော ရောကရှိသွားပါသည်။
တာလေတွင် တပ်မဟာ(၉)ရှေ့တန်းဌာနချုပ်ကို တောင်ကုန်းပေါ်တွင် ဖွင့်လှစ်ထားပါသည်။ အမြောက်တပ်များနှင့် ကွပ်ကဲရန် ဒုဗိုလ်မှူးကြီးရဲထွန်း ရှိနေပေသည်။ ဆက်သွယ်ရေးလမ်းကြောင်းထိန်းသိမ်းသော ချင်းသနက(၄)မှတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဗန်ကူး(လ်)ရှိနေလသည်။ မိမိတပ်များ တာလေမှမိုင်းပါလျိုသို့သွားသောလမ်း၊ လန်တောင်း၊ မိုင်းလင်းနှင့် နားဖန်ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။ မိုင်းလင်းတွင်သနက(၃)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမောင်ကျော် (ဗိုလ်မှူးကြီး၊ ဗလကအငြိမ်းစား၊ ကွယ်လွန်) ရှိနေလေသည်။ နားဖန်တွင် ခမရ(၁၀၄)ရှိလေသည်။ တပ်ရင်းမှူးမှာ ဗိုလ်မှူးစည်သူ (မျက်ပြဲစည်သူ၊ ကွယ်လွန်) ဖြစ်သည်။ ခမရ(၁၀၄)သည် ၀င်းမနော်ကိုတိုက်ရန် သွေးတိုးစမ်းလျက် ရှိလေသည်။ ရှေ့သို့ မတက်နိုင်သေး၊ ၀င်းမနော်တွင် တရုတ်ဖြူများက ဘန်ကာများအခိုင်မာများဖြင့် တပ်စွဲထားပြီး ရှေ့မျက်နှာစာမှတိုက်သော တပ်များကိုခုခံချေမှုန်းလျက်ရှိနေသည်။ ချင်း(၄)မှ ၀င်းမနော်ကိုတိုက်ခိုက်ရာ အကျဆုံးများစွာဖြင့် ဆုတ်ခွာခဲ့ရသည်။
ခမရ(၁၀၄)တပ်ရင်းမှူး ဗိုလ်မှူးစည်သူကို ရှေ့တန်းကျကျနေရာ ကျင်းတခုအတွင်း တွေ့လိုက်ရလေသည်။ “ကျင်းထဲက ထွက်လို့မရဘူး၊ ခွေးမသားတွေ၊ ပစ်အားသိပ်ကောင်းတယ်” ဟု ဗိုလ်မှူးစည်သူက ပြောလေသည်။ သူ့တကိုယ်လုံး ကွမ်းတံထွေးများ ပေကျံလျက်ရှိပေသည်။ “ဘာမှမစားရဘူး၊ ကွမ်းချည်းပဲ စားနေရတယ်” ဟု သူကပြောပြန်သည်။ အကူရဲဘော်သည် သူ့နောက်တွင်ကပ်လျက်ရှိနေပြီး ကွမ်းအစ်တလုံးကို ပိုက်ထားသည်။ တပ်ရင်းမှူးမှ ကွမ်းတောင်းလျင် ကွမ်းကိုယာပြီး ပုခုံးပေါ်မှကျော်၍ ပေးနေရသည်။ ဗိုလ်မှူးစည်သူရှိနေသော ကျင်းအပေါ်တွင်ရှိနေသော ၀ါးရုံပင်များ၊ ရန်သူ့စက်သေနတ်ကြီးပစ်ခတ်မှုကြောင့် ခါးလည်မှပြတ်လျက်ရှိသည်။
ဝင်းမနော်စခန်းသည် မိုင်းပါလျှိုသို့တက်ရာလမ်း၏ လက်ယာဘက်ကုန်းမြင့်များပေါ်တွင် ရှိနေသည်။ တရုတ်ဖြူဗိုလ်ချုပ်တဦး ဦးစီးသောတပ်စခန်းကြီး ဖြစ်ပါသည်။ အိမ်ထောင်သည်လိုင်း၊ ဆေးရုံ၊ သားဖွားခန်း၊ စာသင်ကျောင်းများ ရှိလေသည်။ တည်ဆောက်ထားသော ဘန်ကာကြီးများမှာ ကြီးမားခိုင်ခံ့လှပါသည်။ လူတယောက်ဖက် သစ်လုံးကြီးများဖြင့် တည်ဆောက်ထားသဖြင့် မိမိတို့ပစ်ခတ်သော ၁၂၀ မမ စိန်ပြောင်းကြီးကျည် တိုက်ရိုက်ထိမှန်သည်ကိုပင် မမှုပါ။ နားဖန်ဘက်မှတိုက်သော မိမိတပ်များစခန်းအနီးသို့ပင် မသီနိုင်ပါချေ။ ချင်း(၄)မှ ၀င်းမနော်သို့တိုက်သောတပ်ဖွဲ့များ အကျအဆုံးများစွာဖြင့် ဆုတ်ခွာခဲ့ရပါသည်။
ကျွန်တော်သည် ၀င်းမနော်စခန်းကြီးကိုတိုက်ရန် ရည်မှန်းထားသဖြင့် တိုက်ခိုက်ရန်စီမံချက်အကြမ်းကို စဉ်းစားထားပြီး ဖြစ်ပါသည်။ ၀င်းမနော်ကိုရှေ့မျက်နှာစာကတိုက်လျှင် ကိုယ့်သေတွင်းကိုကိုယ်တူးသလိုသာ ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ ချဉ်းကပ်ရာလမ်းကို ရွေးချယ်ထားပါသည်။ ဇန်န၀ါရီလ(၂၃)ရက်နေ့ မွန်းလွဲ(၂)နာရီခွဲတွင် တပ်မဟာ(၉)တပ်မင်း ဗိုလ်မှူးကြီးထွန်းစိန်သည် ရဟတ်ယာဉ်ဖြင့်နားဖန်သို့ ဆင်းလာလေသည်။ ချင်း(၄)မှ ဒုဗိုလ်မှူးကြီးကူး(လ်)၊ အမြောက်တပ်မှ ဒုဗိုလ်မှူးကြီးရဲထွန်း၊ သနက(၃)မှ ဒုဗိုလ်မှူးကြီးမောင်ကျော်၊ ခမရ(၁၀၄)မှ ဗိုလ်မှူးစည်သူ၊ ဗိုလ်မှူးမောင်မောင်၊ ခမရ(၁၀၇)မှ ကျွန်တော်တို့ ရှိနေကြသည်။
တပ်မင်းသည် ဘဲလ်ရဟတ်ယာဉ်ပေါ်မှဆင်းပြီး ရဟတ်ယာဉ်ကွင်းနှင့်ခပ်လှမ်းလှမ်း စခန်းအနီးတွင် တပ်မှူးများအား ရှေ့ပြုလုပ်မည့် စစ်ဆင်ရေးအစီစဉ်များကို ဆွေးနွှေးညွှန်ကြာပါသည်။ တပ်မင်းစတင်ဆွေးနွေးစဉ်၌ပင် ၀င်းမနော်စခန်း တောင်ကုန်းပေါ်မှ (၇၅)မမနောက်ပွင့်အမြောက်ဟု ယူဆရသောလက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ပါတော့သည်။ ဗုံးသီးများ ရဟတ်ယာဉ်အနီးတွင် တ၀ုန်းဝုန်းဖြင့် ကျရောက်ပေါက်ကွဲလျက်ရှိပါသည်။ ရဟတ်ယာဉ်မြေပြင်မှ ထပြန်ရသည်။ မပြန်လျှင်လည်း တိုက်ရိုက်ထိမှန်နိုင်သည်။ ရန်သူ့လက်နက်ကြီး ပစ်ခတ်မှုမှာ တိကျမှန်ကန်လှပါသည်။ တပ်မင်းနှင့်အရာရှိအားလုံး အနီးအနားရှိ ဗုံးခိုကျင်းများအတွင်းသို့ ခုန်ဆင်းကြသည်။ မြေပြင်ပေါ်တွင် တယောက်မှမရှိကြတော့ပါ။
ရန်သူ့လက်နက်ကြီး ပစ်ခတ်နေသောအချိန်တွင် ပစ်ခတ်သောနေရာတွင် မီးခိုးလုံးဖုန်လုံးကြီးများထနေပြီး အချိန်အနည်းငယ်တွင် ပျောက်ကွယ်သွားနိုင်သည်။ ကျွန်တော်ပစ်ခတ်သောနေရာကို ရှာဖွေလိုက်ရာတွင် ၀င်းမနော်တောင်ကြောပေါ် တနေရာတွင်တွေ့ရှိရသဖြင့် ကွန်ပတ်(စ)(သံလိုက်အိမ်မြောင်)ကိုထုတ်၍ ညွှန်းဒီဂရီကို တိုင်းယူလိုက်ပါသည်။ ရရှိသောညွှန်းဒီဂရီကို နားဖန်တွင်ရှိနေသော ၁၂၀မမစိန်ပြောင်း၊အမြောက်စခန်းသို့ ပေးပို့လိုက်ပါသည်။ ရန်သူ့လက်နက်ကြီးပစ်ခတ်သော နေရာတွင်မီးခိုးလုံးကြီးများ ပျောက်ကွယ်သွားသော်လည်း ညွှန်းဒီဂရီယူထားပြီး နေရာကိုမှတ်သားထားပြီးဖြစ်ပါသည်။ ရန်သူ့နေရာကို အမြောက်နေရာမှ တိုက်ရိုက်မြင်နေရသဖြင့် တိုက်ရိုက်ချိန်တွယ်နိုင်ပါသည်။ မြေပုံပေါ်တွင် အကွာအဝေးတိုင်းထွာတွက်ချက်ပြီး အမြောက်သို့တင်လိုက်သောအခါ ပစ်ခတ်ရန်အသင့် ဖြစ်သွားပါသည်။
၁၂၀မမစိန်ပြောင်းမှ အကွာအဝေးရှာဗုံးတလုံး ပစ်ထုတ်လိုက်သည်။ တောထူလွန်း၍ ကျည်ကျသည့်နေရာကို မမြင်ရပါ။ အကွာအဝေးတဆုံးတင်ပြီး နောက်တလုံးထပ်ပစ်လိုက်ပြန်သည်။ ကျည်ကျနေရာကို မမြင်ရပါ၊ ၁၂၀ မမစိန်ပြောင်းဖြင့် အကွာအဝေးမမီပါ။ ဒုဗိုလ်မှူးကြီးရဲထွန်းက ၇၆မမအမြောက်ကို မိုင်းလင်းမှခေါ်ယူပြီးဖြစ်၍ ၇၆မမအမြောက်ဖြင့် ဆက်လက်ပစ်ခတ်ကြပြန်သည်။ ရန်သူ့လက်နက်ကြီး ဆက်လက်ပစ်ခတ်မှုမရှိတော့ပဲ ငြိမ်သွားသည်။ “ဗိုလ်သောင်း၊ ၀င်းမနော်ကိုတိုက်မလား”ဟု တပ်မဟာမှူးကမေးရာ “တိုက်မယ်”ဟု ကျွန်တော်ကမဆိုင်းမတွ ပြန်ဖြေလိုက်သည်။ “ကျွန်တော် Frontal မတိုက်ဘူး၊ ကျိုင်းတုံ၊တာချီလိတ်ကားလမ်း မိုင်တိုင်(၇၇)ကဖြတ်ဝင်မယ်” ဟု ကျွန်တော်က ထပ်ပြောလိုက်ပြန်သည်။
ကျွန်တော်က ဤသို့ပြောလိုက်ပြီးနောက် အကြမ်းဖျင်းအစီစဉ်ကိုတင်ပြလိုက်ရာ တပ်မဟာမှူးကသဘောတူပါသည်။ တပ်မဟာမှူးဗိုလ်မှူးကြီးထွန်းစိန်သည် စစ်ဆင်ရေးစီမံချက်တခုကို သဘောတူပြီးလျှင် အသေးစိတ်လိုက်လံ ကွပ်ကဲခြင်းမပြုပဲ သက်ဆိုင်ရာတပ်မှူးကို လွတ်လပ်စွာလုပ်ပိုင်ခွင့် ပေးထားလေ့ရှိပါသည်။ စစ်ဆင်ရေးဟူသည် မြေပြင်အခြေနေ၊ ရန်သူအခြေနေကိုမသိပဲ နောက်ပိုင်းမှကွပ်ကဲနေခြင်းသည် မှန်ကန်မှုမရှိနိုင်ပါ။ မြေပြင်ပေါ်ရှိတပ်မှူးမှသာ မြေပြင်အခြေနေ၊ ရန်သူအခြေနေကိုသိရှိနိုင်သဖြင့် လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးထားခြင်းဖြင့် ညွှန်ကြားချက်ကိုတရားသေဆုတ်ကိုင်ထားခြင်းမရှိပဲ ပြုပြင်ပြောင်းလဲဆောင်ရွက်နိုင်ခွင့် ရှိသဖြင့်ပိုမိုအောင်မြင်မှု ရရှိနိုင်ပါသည်။ သက်ဆိုင်ရာတပ်မှူးက အနိုင်ရရှိခြင်း(သို့မဟုတ်) ဆုံးရှုံးခြင်းအတွက် တာဝန်ကိုတော့ ယူရပါမည်။
တပ်မဟာမှူးပြန်သွားပြီးနောက် ၀င်းမနော်တိုက်ခိုက်ရေးအတွက် အသေးစိတ်အစီစဉ်များပြုလုပ်ရပါသည်။ တပ်ရင်းတရင်းလုံး၊ တပ်ခွဲ(၄)ခွဲအတွက် ခဲယမ်းမီးကျောက်၊ အရန်ခဲယမ်းမီးကျောက်များ ဖြည့်တင်းရသည်။ ရိက္ခာ(၇)ရက်စာနှင့် အရန်ရိက္ခာများ ဖြည့်တင်းရပါသည်။ တိရစ္ဆာန်ဝန်တင်တပ်ဖွဲ့မှ ၀န်တင်လားများကို တောင်းခံပေးရသည်။ အထူးအရေးကြီးသည်မှာ ပေါ်တာ(အထမ်းသမား) ပြဿနာပင်ဖြစ်သည်။ ပေါ်တာလုံလောက်အောင် မရပါ။ အနီးအနားရွာများမှ ရှမ်း၊လားဟူပေါ်တာ အနည်းငယ်သာရပါသည်။ ရှမ်း၊လားဟူ ပေါ်တာများမှာ မြန်မာပြည်တွင်အညံ့ဆုံးပေါ်တာများ ဖြစ်ကြပါသည်။ အလေးအပင်မထမ်းနိုင်ကြပါ၊ အရေးအကြီးဆုံး ပြဿနာမှာ သူတို့အတွက် ဘိန်းရိက္ခာရှာဖွေရခြင်း ဖြစ်လေသည်။ ဘိန်းမစားရ၊ဘိန်းမရှုရလျှင် မထမ်းနိုင်ပဲ အားပြတ်တတ်သဖြင့် စားရန်နှင့်ရှုရန်ဘိန်းကို နေ့စဉ်အချိုးကျနှင့်ထုတ်ပေးရသည်။ သူတို့တွင်ဘိန်းပြောင်းလေးများ ခါးတွင်ကိုယ်စီထိုးလာကြသည်။
ပေါ်တာလုံလောက်စွာမရရှိသောအခါ “ခဲယမ်းမီးကျောက်ကို အပြည့်သယ်နိုင်သလောက်သာသယ်၊ ၀င်းမနော်မှာ ရိက္ခာဂိုဒေါင်ကြီးတွေရှိနေတယ်၊ ၀င်းမနော်သိမ်းပြီးရင် မစားဘူးတဲ့အစားသောက်တွေတောင် စားရမယ်” ဟုပြောကာ ရိက္ခာကိုလျှော့ပြီးတော့ သယ်ခဲ့ကြလေသည်။ အမှတ်(၁၀၇)ခြေမြန်တပ်ရင်းသည် ၁၉၆၁ ခုနှစ်၊ ဇန်န၀ါရီလ ၂၅ ရက်နေ့အရုဏ်မတက်မီ နံနက်(၃)နာရီတွင် တာလေမှမော်တော်ယာဉ်များဖြင့် စတင်ချီတက်ကြပါသည်။ တပ်ရင်းတရင်းလုံး တပြိုင်တည်းပို့ရန်မော်တော်ယာဉ်မလုံလောက်သဖြင့် တပ်ခွဲအလိုက်ကူသယ်ခေါက်သယ် သယ်ပို့ရပါသည်။ ကျိုင်းတုံ၊တာချီလိတ်ကားလမ်း မိုင်တိုင်(၇၇)တွင် တပ်ရင်းတရင်းလုံးစုံမှ အရှေ့ဘက်တောင်ကြောပေါ်သို့ ဆက်လက်ချီတက်ခဲ့ကြသည်။ နံနက်(၇)နာရီခွဲခန့်တွင် ဆရာကြက်ရောရွာသို့ ရောက်ရှိကြသည်။ ဆရာကြက်ရောရွာသည် လားဟူရွာပီသစွာ ရွာသို့ရောက်အောင် မတ်ေ-ာက်စွာတက်ခဲ့ရသဖြင့် ဇန်န၀ါရီလနံနက်ခင်း အလွန်အေးချမ်းလှသော ရာသီဥတု၌ပင် ချွေးသီးချွေးပေါက်များကျလောက်အောင် ပင်ပန်းလှပါသည်။
ဆရာကြက်ရောရွာတွင် နံနက်စာစားရန်နှင့်ပြန်ချက်ရန် “စားချက်”အချိန်၄၅မိနစ် ပေးလိုက်ပါသည်။ စားချက်ဆိုသည်မှာ စားပြီးသည်နှင့် ပြန်ချက်ရန်ဖြစ်ပါသည်။ ခြေမြန်တပ်ရင်းများတွင် စစ်ဆင်ရေးကာလများအတွင်း နံနက်စာကို စောစောစားပြီး ညနေစာအတွက် ပြန်ချက်ထားရပါသည်။ သို့မှသာတိုက်ပွဲဖြစ်နေလျှင် ထမင်းကိုယ်ပေါ်ပါနေ၍ ထမင်းအတွက်မပူပင်ရတော့ပါ။ ညစာစားပြီးလျှင် မနက်စာအတွက် ချက်ထားကြပြန်ပါသည်။ အရုဏ်မတက်မီ ချီတက်ရတတ်သဖြင့် နံနက်တွင်ထမင်းချက်ရန်အချိန်မရ၊ ညတွင်ချက်ထားမှ စိတ်ချရသည်။ သို့ဖြစ်၍ စစ်ဆင်ရေးကာလအတွင်း တပ်ရင်းမှူးမှအစရဲဘော်အဆုံး ထမင်းဟင်းပူပူနွေးနွေး မစားကြရရှာပါ။ ဆရာကြက်ရောရွာ ရွာလူကြီးများနှင့်ဆွေးနွေးရာ ဗမာစကားနားမလည်သဖြင့် ဒုအရာခံဗိုလ်အဟိုက်ကို စကားပြန်အဖြစ် အသုံးပြုရပါသည်။ ဆရာအဟိုက်မှာ လားဟူအမျိုးသား ဖြစ်ပါသည်။ ရှေ့တွင် တောင်တွေအများကြီးကို တက်ရဦးမည်။ ၀င်းမနော်မရောက်မီ ရန်သူစခန်းချနေရာယူထားသော တောင်ကုန်း၎/၅ကုန်းကို ကျော်ဖြတ်ရမည်ဟု သိရသည်။ မိမိမှအကူညီတောင်း၍ ဆရာကြက်ရောမှ သူ့သားတယောက်နှင့် ရွာသားတယောက်ကို လမ်းပြရန် ထည့်ပေးလိုက်ပါသည်။
ဆက်လက်ချီတက်ကြရာတွင် စကြာတပ်ခွဲမှဦးဆောင်တပ်ခွဲ(ပွိုင့်)အဖြစ် တာဝန်ကျသည်။ ဦးဆောင်တပ်စုမှူးမှာ ဒုဗိုလ်ဂျေဒတ်(ခ)ဖြစ်ပါသည်။ ပွိုင့်တပ်စု၏တာဝန်မှာ အလွန်ပင်အရေးကြီးလှပါသည်။ ဗိုလ်သင်တန်းမှဆင်းခါစ မျက်စိသူငယ်ဖြစ်နေသော ဒုဗိုလ်ကုလားလေးကိုကြည့်၍ သနားမိသည်။ သို့သော်တပ်ခွဲမှာ တိုက်ရည်ခိုက်ရည်ဝပြီးသော တပ်ခွဲဖြစ်လေသည်။ တပ်စုတပ်ကြပ်ကြီးမြင့်ရွှေသည် အထူအားကိုးရသူဖြစ်၍ စိတ်ချရသည်။ (တပ်ကြပ်ကြီးမြင့်ရွှေသည် စစ်ဆင်ရေးများတွင် သတ္တိ၊ဗျတ္တိဖြင့် ထူးချွန်စွာဆောင်ရွက်ခဲ့သဖြင့် နောင်တွင်စစ်မြေပြင် ရာထူးခန့်အပ်ခြင်း Field Commission အဖြစ် ဒုဗိုလ်အဆင့်သို့ တိုက်ရိုက်ခန့်အပ်ခြင်းခံရသူ ဖြစ်လာပါသည်။) တပ်ရင်းသည် မဲခေါင်မြစ်အနောက်ဘက်တွင်ရှိသော အမြင့်ဆုံးတောင်တန်းကြီးပေါ်သို့ တက်နေခြင်းဖြစ်သည်။ မဲခေါင်မြစ်၏အရှေ့ဘက်တွင် လောနိုင်ငံရှိပါသည်။ တောင်ကြောတောင်တန်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ၄၀၀၀ ကျော်မြင့်သည်။ တောင်ကြောတောင်တန်း ရေဝေကုန်းတန်းများပေါ်တွင် တရုတ်ဖြူတပ်များသည် ၀င်းမနော်စခန်းအထိ နေရာယူထားလျက်ရှိကြသည်။ တောင်ကြောအမြင့်ဆုံးနေရာသို့မရောက်မီ အတက်တနေရာတွင် ရန်သူစခန်းချထားသော နေရာတနေရာကိုတွေ့ရသည်။ ရန်သူသည်လွန်ခဲ့သည့်ရက်က မိမိတပ်ချီတက်သွားလာမည့် လမ်းကိုပိတ်၍ စောင့်သွားဟန်ရှိသည်။ အိပ်သွားသည့်နေရာများ၊ ချက်ပြုတ်စားသောက်သွားသည့် နေရာများကိုပါ တွေ့ရှိရသည်။
ညနေ ၄ နာရီခန့်တွင် ရန်သူကစခန်းတခုတွေ့ရှိကြောင်း ရှေ့ဆောင်တပ်ခွဲမှ သတင်းပို့သဖြင့် တပ်ရင်းမှူးသည် ရန်သူ့စခန်းအခြေနေကို သွားရောက်လေ့လာကြည့်ရှုပါသည်။ ရန်သူသည် မိမိစစ်ကြောင်းရှိရာလမ်းကြောင်း၊ ရေဝေကုန်းတန်းပေါ်တွင် ပိတ်ဆို့စခန်းထိုင်ထားခြင်း ဖြစ်ပါသည်။ တောင်ကုန်းအမြင့် ပွိုင့်၃၁၁၅တွင် အခိုင်အမာဖြင့်ပင် တပ်စွဲထားသည်။ ပတ်လည်ဘန်ကာ (၄)လုံးရှိပါသည်။ ဘန်ကာနှင့်ကိုက်(၅၀)အကွာတွင် ၀ါးဖြင့်ခြံစည်းရိုးနှစ်ထပ်နှင့် သံဆူးကြိုးများခိုင်ခံ့စွာ ခတ်ထားပါသည်။ ခြံစည်ရိုးအတွင်းနှင့်အပြင်ဘက်တွင် ငြောင့်များကိုအပြည့်ထောင်ထားသည်။ စခန်း၏၀ဲယာဘက်တွင် နက်ရှိုင်းသောချောက်ကြီးများရှိနေ၍ စခန်းကိုပန်းသွား၍မရပါ။ လမ်းသည် စခန်းအတွင်းမှသာ ဖြတ်သန်းသွားနိုင်ပါသည်။ စစ်ကြောင်းသည် စခန်းကိုတိုက်ခိုက်ထိုးဖောက် ချီတက်ရန်မှတပါး တခြားရွေးစရာ နည်းလမ်းမရှိပါ။ ပွိုင့်၃၁၁၅ တောင်ကုန်း ရန်သူ့စခန်းကိုတိုက်ရန် မျက်နှာစာမှာကျဉ်းလွန်းလှသည်။ တပ်စိတ်တစိတ်ခန့်သာ တပ်ဖြန့်၍ရနိုင်ပါသည်။ ခြံစည်းရိုးကိုဖျက်ဆီးပြီး မကျော်နိုင်လျှင် မိမိတပ်များခြံစည်းရိုး အပြင်ဘက်တွင်ပင် ချေမှုန်းခံရဖွယ်ရှိသည်။ အမိန့်ပေးလျှင်တိုက်ရန် တပ်ခွဲများအသင့်ရှိနေကြသည်။
တပ်ရင်း၏ရည်မှန်းချက်သည် ၀င်းမနော်ဖြစ်သည်။ ရည်မှန်းချက်သို့ရောက်အောင်သာ သွားရမည်ဖြစ်၍ ရည်မှန်းချက်မရောက်မှ လမ်းတွင်ရန်သူတွေ့လျှင်မတိုက်ရ၊ ရန်သူ့အနှောင့်အယှက်၊ အခက်အခဲအဟန့်အတားများကို ရှောင်ကွင်းသွားရမည်။ ယခုအခြေနေမှာ ရန်သူစခန်းကိုတိုက်ခိုက် ထိုးဖောက်သွားရမည်။ မတိုက်မနေရ၊ တိုက်ကိုတိုက်ရမည်။ တပ်ရင်းမှူးအနေဖြင့် ရည်မှန်းချက်သို့မရောက်မှီ အကျအဆုံးများသွားမှာကို မရင်ဆိုင်လိုပါ။ အကျအဆုံးအနည်းဆုံးနှင့် တိုက်ရန်နည်းလမ်းကိုသာ ရွေးချယ်ရမည်ဖြစ်သည်။

“ဗိုလ်တင်မောင်အေး Range (အကွာအဝေး)မိသလား တိုင်းကြည့်စမ်းပါ”

တပ်ရင်းစစ်ကြောင်းနှင့်ပါလာသော အမြောက်ရှေ့တန်းအကဲကြည့်အရာရှိ ဗိုလ်တင်မောင်အေး(ဆန်နီ)အား တပ်ရင်းမှူးက လှမ်းမေးလိုက်သည်။ ဗိုလ်တင်မောင်အေး မြေပုံပေါ်တွင်တိုင်းထွာပြီးနောက် အကွာအဝေးမမိကြောင်းကို သတင်းပို့သည်။ အမြောက်ပစ်ကူမပါပဲ ခိုင်ခံ့သောသံဆူးကြိုးနှင့် ခြံစည်းရိုးအထပ်ထပ်ကာရံထားပြီး ခိုင်မာသောဘန်ကာများ တည်ဆောက်ထားသည့် စခန်းတခုကိုကျဉ်းမြောင်းသော မျက်နှာစာတဖက်တည်းမှတိုက်လျှင် အသက်ပေါင်းများစွာကို စတေးရပေလိမ့်မည်။ မိမိတပ်များဝင်းမနော်ကို မျက်နှာစာဘက်မှတိုက်စဉ်က အကျဆုံးများစွာဖြင့် တပ်လန်ခဲ့ရသည့်အဖြစ်မျိုး အဖြစ်မခံနိုင်ပါ။ တပ်ရင်းမှူးအနေဖြင့် ရည်မှန်းချက်သို့မရောက်မီ ကြီးမားသောတန်ဖိုးကိုပေးဆပ်၍ စွန့်စားမှုကိုမလုပ်လိုပါ။ တိုက်ပွဲတပွဲတိုက်လျှင် နိုင်ကိုနိုင်ရမည်၊ မနိုင်နိုင်အောင်တိုက်ပြီး အနိုင်ဖြင့်သာ အဆုံးသတ်ရမည်။ အကျဆုံးနည်းနိုင်သမျှနည်းပြီး နိုင်အောင်တိုက်နိုင်သည့် နည်းလမ်းကိုရွေးချယ်ရမည်။
သို့ဖြစ်၍ ပဏာမအနေဖြင့် ကွန်မန်ဒိုနည်းလမ်းဖြင့် စမ်းသပ်တိုက်ခိုက်ရန် အစီစဉ်ပြုလုပ်လိုက်ပါသည်။ ကွန်မန်ဒိုနည်းဖြင့် မအောင်မြင်မှသာလျှင် သမာရိုးကျတိုက်နည်းဖြင့် အင်အားသုံး၍တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပါသည်။ အမိနိုင်ငံကို ကျူးကျော်လာသည့်တရုတ်ဖြူများအား ကွန်မန်ဒိုနည်းဖြင့် တိုက်ခိုက်ရမည်ဖြစ်သဖြင့် ပါဝင်တိုက်ခိုက်လိုသူအများအပြား ပေါ်ထွက်လာပါသည်။ တပ်ရင်းအနေဖြင့် ကွန်မန်ဒိုစစ်ဆင်ရေးကို လေ့ကျင့်ထားသော်လည်း လက်တွေ့တွင် မတိုက်ခိုက်ဖူးသဖြင့် သူ့ထက်ငါဦးအောင် အမည်စာရင်းပေးကြသည်။ အရာရှိများလည်း တာဝန်ပေးလျှင် အသင့်ရှိနေကြသည်။ ယင်းအထဲမှ ခေါင်းဆောင်အဖြစ် တပ်ကြပ်ကြီးမြင့်ရွှေနှင့် လက်ရွေးစင်စစ်သည်၁၀ဦးအား ရွေးချယ်လိုက်ပါသည်။ ကွန်မန်ဒိုတပ်ဖွဲ့ကို “ဗလ”ဟု အမည်ပေးလိုက်ပါသည်။ “ဗလ”ခြံစည်းရိုးကို ဖောက်ထွင်းဝင်နိုင်ပြီး စတင်ပစ်ခတ်သည်နှင့် တာယာတပ်ခွဲမှ တပ်စုတစ်စုက ဆက်တိုက်နိုင်ရန်အတွက် “ဗလ”နောက်မှကပ်ထားရမည်။ ယင်းတပ်စုကို ဗိုလ်ရွှေသွင် (မွန်ပြည်နယ်ကောင်စီအငြိမ်းစား)က ဦးဆောင်ရမည်ဖြစ်ပါသည်။
“ဗလ”အဖွဲ့တွင် တဦးချင်း ဘီအေ၅၂တလက်စီ၊ ကျည်ကပ်အပြည့်၎ကပ်စီ၊ လက်ပစ်ဗုံးအသက်သွင်းပြီး ၄ လုံးစီ ပါရှိကြရမည်။ “ဗလ”အဖွဲ့သည် ခြံစည်းရိုးအတွင်းသို့ ၀င်ရောက်မိသည်နှင့် တောင်ကုန်းပေါ်ရှိ ဘန်ကာကတုတ်ကျင်းများ သို့ချဉ်းကပ်ပြီးအတွင်းသို့ လက်ပစ်ဗုံးများပစ်သွင်းရန်၊ ပြီးလျှင်ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးကျင်းများအတွင်းသို့ ဘီအေ၅၂သေနတ်များဖြင့် ဝှေ့ယမ်းပစ်ခတ်ကြရန်၊ “ဗလ”အဖွဲ့စတင်ပစ်ခတ်သည်နှင့် ဗိုလ်ရွှေသွင်တပ်စုမှအတင်း ၀င်ရောက်တိုက်ခိုက်ရန်ဖြစ်သည်။ ကွန်မန်ဒိုစစ်ဆင်ရေးဖြင့်တိုက်ခိုက်ရန်မှာ ရန်သူ့အငိုက်ရရှိရန် အဓိကအရေးကြီးသည်။ အငိုက်မရလျှင် သမာရိုးကျတိုက်ပွဲကိုသာ တိုက်ရပေမည်။ ခမရ(၁၀၇)တပ်ရင်းတရင်းလုံး ရန်သူစခန်းနှင့်ကိုက်၄၀၀ခန့် အကွာအဝေးတွင် ရောက်ရှိနေပြီဖြစ်သည်။
ရန်သူအားအငိုက်ဖမ်းတိုက်ခိုက်ရမည်ဖြစ်၍ မိမိတပ်များချဉ်းကပ်လာသည်ကို ရန်သူမရိပ်မိအောင် တပ်ဖျောက်ထားရမည်။ လူအင်အား ၁၀၀၀ နီးပါး၊ ပေါ်တာ ၁၀၀ ကျော်နှင့် ၀န်တင်တိရစ္ဆာန်များပါသော စစ်ကြောင်းကြီးကို တပ်ဖျောက်ထားရန်မှာ ဆင်သေကိုသားရေဖုံးသလိုသာ ရှိပေမည်။ တပ်ရင်းအနေဖြင့် စည်းကမ်းရှိသည်ထားဦး၊ ပေါ်တာများကိုထိန်းရန် မလွယ်ကူပါ။ တိရစ္ဆာန်များအသံမမြည်အောင် ထိန်းဖို့ကပို၍ခက်ပါသည်။ လူဆိုသည်မှာ ငြိမ်ငြိမ်နေတတ်ကြသည် မဟုတ်ပါ။ ဗာဟီရကိစ္စများလှပါသည်။ ချီးပါ၊သေးပေါက်၊ စားသောက်ရေးကိုမလုပ်မနေနိုင်ကြ။ စကားမပြောပဲမနေနိုင်ကြ၊ ချောင်းဆိုးသူကိုချောင်းမဆိုးရဟု ပိတ်ပင်ထားလျှင် ပို၍ပင်ချောင်းဆိုးချင်သည်။ ဆေးလိပ်လုံးဝမသောက်ရဟု အမိန့်ထုတ်ထားသော်လည်း ခိုးသောက်တတ်ကြသည်။ ပေါ်တာများဘိန်းပြောင်းညှိရန် မီးခြစ်ခြစ်ကြသည်မှာ ညအချိန်တွင်ပို၍ ထင်ထင်ရှားရှား အဝေးမှမြင်နိုင်သည်။ ဆက်သွယ်ရေးစက်များ လုံးဝအဆက်အသွယ်မပြုလုပ်ရန် Wireless Silence လုပ်လိုက်သည်။ လှုပ်ရှားမှုလုံးဝမလုပ်ရ၊ စကားမပြောရ၊ ဆေးလိပ်မသောက်ရ၊ အသံလုံးဝမထွက်ရ၊ နံနက်ကချက်လာသောထမင်းကိုစားပြီး နောက်တနေ့နံနက်စာအတွက် ထပ်မချက်ရ၊ မီးမဖိုရ၊ ညအချိန် တောင်ကုန်းမြင့်များတွင် အလွန်အေး၍မီးဖိုတတ်ကြသည်။ လုံးဝမီးမဖိုရန် တပ်ခွဲမှူးများအား တင်းတင်းကျပ်ကျပ် ကွပ်ကဲကြရန် အမိန့်ထုတ်လိုက်ပါသည်။
ဗလအဖွဲ့နှင့်တိုက်ခိုက်ရန် တာရာတပ်ခွဲကို ရန်သူနှင့်အနီးကပ်ဆုံးနေရာတွင် ထားလိုက်သည်။ ကျန်တပ်ခွဲများနှင့် ၀န်တင်တိရစ္ဆာန်များကို နောက်ဘက်ကိုက် ၁၀၀၀ အထိ ဆုတ်ခိုင်းလိုက်သည်။ စကြာတပ်ခွဲကို ဘယ်ဘက်ချောက်ထဲသို့ ဆင်းခိုင်းလိုက်သည်။ စကြာတပ်ခွဲမှူး ဗိုလ်ကြီးအောင်ဇေက ချောက်ထဲသို့ဆင်းရန် လုံးဝမဖြစ်နိုင်ကြောင်း စောဒကတက်နေသေးသည်။
“တောင်ကြာပေါ်မှာ တပ်တွေစုပြုံနေလို့မဖြစ်ဘူး၊ လက်နက်ကြီးတလုံးကျရင် အကုန်လုံးမသာဖြစ်ကုန်မယ်၊ ချောက်ထဲကိုရောက်အောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ဆင်း၊ ချောက်သိပ်နက်ပြီး မတ်ေ-ာက်နေရင် ကြိုးတွေသုံးပြီးလျှောဆင်း၊ ဘယ်ဘက်ခြမ်းက ပစ်ကူပေးတန်ပေးရမယ်၊ တက်ပြီးတိုက်တန်တိုက်ရမယ်”
တပ်ရင်းမှူးကအပြတ်အမိန့်ပေးလိုက်သည်။ စကြာတပ်ခွဲချောက်ထဲဆင်းသွားချိန် နေ၀င်သွားပြီဖြစ်၍ မှောင်စပျိုးနေပါပြီ။ ဗထူးတပ်ခွဲကိုလည်း ညာဘက်ချောက်ထဲဆင်းရမည်ဖြစ်၍ လမ်းစရှာထားရန် ညွှန်ကြားလိုက်ပါသည်။ တောင်ကြေပေါ်ရှိ တပ်ခွဲများတွင် အရာရှိများကမညွှန်ကြားမီကပင် ပေါ်တာများသည် မိမိတို့အတွက် အကာအကွယ်ယူရန် ကျင်ကလေးများ တူးနေကြပါပြီ၊ သူတို့တူးသောကျင်းကလေးများမှာ လူတကိုယ်လှဲအိပ်လျှင် မြုပ်ရုံသာနက်သည်။ ကျင်းမှာ “ဂ”ပုံ ကွေးကွေးလေးဖြစ်သည်။ ဘေးစောင်းကွေးကွေးလေးအိပ်ပြီး ဘိန်းရှုရန်ဖြစ်သည်။ ထိုစဉ် ပေါ်တာတယောက် အတက်ကြမ်းကြမ်း၊ ၀န်ကလည်းထမ်းလာရ၊ ဘိန်းကလည်းမရှုရ၍ အမောဆို့သေဆုံးကြောင်း သိရပါသည်။ မိမိတပ်အတွက် ကျိန်းကျေသွားပြီဟုပင် နိမိတ်ကောင်းကောက်လိုက်ပါသည်။
တပ်ရင်းမှူးအနေဖြင့် တညလုံးတမှေးမှ မအိပ်ရပါ။ ဆေးလိပ်မသောက်ရန်၊ စကားမပြောရန်၊ ချောင်းမဆိုးရန် လိုက်လံကြပ်မတ်နေရပါသည်။ မလိုက်နာသူများကို ကြိမ်လုံးနှင့်ရိုက်တန်ရိုက်ရသည်။ သန်းခေါင်ကျော် ၂ နာရီတွင် ဗလအဖွဲ့တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။ တပို့တွဲလဆန်း ၁၀ ရက်ဖြစ်၍ နံနက်တစ်နာရီတွင် လ၀င်မည်ဖြစ်၍ လမ၀င်မီ မြေပြင်အခြေအနေကို လေ့လာထား၍ လ၀င်လျှင်ဝင်ချင်း စတင်လှုပ်ရှားရန်အကောင်းဆုံးအချိန် ဖြစ်ပါသည်။ တပ်ရင်းမှူးသည် ဗလအဖွဲ့ရန်သူ့စခန်းအတွင်းဝင်နိုင်လျှင် ဆက်လိုက်မည့်တာရာတပ်ခွဲ၏ ရှေ့ဆုံးတပ်စုနှင့်အတူ ရှိနေသည်။ တပ်ခွဲမှူးဗိုလ်ကြီးကျော်သောင်း (ယခင်ရှမ်းပြည်နယ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်မှူးကြီးကောင်စစ်)က တပ်ရင်းမှူးရှိနေသောနေရာသည် ရန်သူနှင့်အလွန်နီးကပ်နေသဖြင့် တပ်ရင်းမှူးအားနောက်သို့ဆုတ်၍ နေရာယူသင့်ကြောင်း တင်ပြပါသည်။
“ဗိုလ်မှူးနဲ့ရန်သူ့ကြားမှာ ဗလအဖွဲ့ ၁၀ ယောက်ပဲရှိပါတယ်။ ရန်သူနဲ့လဲ ကိုက်၂၀၀ လောက်ပဲဝေးတယ်၊ လက်နက်ငယ်တကမ်းပဲရှိတယ်၊ တိုက်ပွဲဖြစ်လို့ပစ်ခတ်မှုတွေများလာရင် ဒီနေရာကမလုံခြုံဘူး။ နောက်ပြီးဗလအဖွဲ့ ချေမှုန်းခံရလို့ ရန်ူအလုံးအရင်းနဲ့ဆင်းလာရင် ဒီနေရာက ရှေ့တန်းအကျဆုံးနေရာဖြစ်လို့ ဗိုလ်မှူးဒီနေရာမှာမနေသင့်ဘူး”
ဗိုလ်ကြီးကျော်သောင်း စေတနာနှင့်အကြံပြုတင်ပြသည်ကို ကျွန်တော်လက်မခံပါ။ ဗလအဖွဲ့ကို ရှေ့တန်းကျကျ ကွပ်ကဲရမည်။ ဗလအဖွဲ့ရန်သူစခန်းအတွင်းသို့ဝင်နိုင်လျှင် ဆက်လိုက်ရမည့်တပ်စုနှင့်အတူ ရှိနေသင့်သည်။ သို့ဖြစ်၍ ဗလအဖွဲ့စတင်လှုပ်ရှားချိန်တွင် အခြေအနေကိုအနီးကပ် လေ့လာလျက်ရှိသည်။ ဗလအဖွဲ့ ရန်သူ့စခန်းရှိရာ တောင်ကုန်းပေါ်သို့ လူသွားလမ်းအတိုင်း တွားတက်သွားကြပါသည်။ လူသွားလမ်းဘေးဝဲယာတွင် ၀ါးညှောင့်များကို ထောင်ထားသဖြင့် တပ်ဖြန့်၍မရ၊ ၀ါးညှောင့်များကိုနှုတ်၍ ဖြည်းဖြည်းတွားတက်ကြသည်။ ရန်သူသည်လူသတ်မိုင်းများ ထောင်ထားတတ်ကြသဖြင့် မြေကြီးကိုလှံစွပ်ဖြင့်ထိုး၍ မိုင်းဗုံးများကိုရှာရသေးသည်။ ဗုံးနှစ်လုံးတူးဖော်ရရှိသည်။
ဗလအဖွဲ့ခြံစည်းရိုးကိုချဉ်းကပ်ပြီး ခြံစည်းရိုးကိုဖြဲကြည့်ကြသည်။ ခြံစည်ရိုးသည်ခိုင်ခန့်လှသည်။ နှဲ့၍ပင်မရပါ။ ခြံစည်းရိုးကို အနည်းငယ်လှုပ်သည်နှင့် သံဆူးကြိုးတွင်ဆွဲထားသော နို့ဆီခွက်များအသံမြည်လာသည်။ ဆရာမြင့်ရွှေ တံခါးပေါက်သို့တွားသွားပြီး တံခါးပေါက်ကိုဖွင့်ရန် ကြိုးစားသည်။ တံခါးပေါက်ကို သော့အထပ်ထပ်ချည်ထားပြီးတော့ သော့ခတ်ထားသည်။ သံကြိုးကိုကိုင်ကြည့်ရာ အသံမြည်သွားသည်။ ထိုစဉ် တံခါးပေါက်နှင့်ကိုက် ၃၀ ခန့်သာဝေးသော ဘန်ကာအတွင်းမှရန်သူများက အတွဲလိုက်စတင်ပစ်ခတ်ပါတော့သည်။ ရန်သူသည် ဗလအဖွဲ့ခြံစည်းရိုးသို့ ချဉ်းကပ်ကတည်းက သိနေပြီးဖြစ်၍ အသင့်ပြင်ထားပုံရသည်။ ခြံစည်းရိုးတံခါးပေါက်ကို ချည်ထားသောသံကြိုးကို ကိုင်လိုက်သည်နှင့်တံခါးပေါက်ဆီသို့ အတွဲလိုက်ပစ်ခတ်ကြသည်။ ဘန်ကာသည်ကုန်းမြင့်ပေါ်တွင်ရှိနေပြီး တံခါးပေါက်မှာ အနိမ့်ပိုင်းတွင်ရှိနေသဖြင့် တံခါးပေါက်ကိုပစ်ခတ်ရာတွင် စိုက်၍(နှိမ့်၍)ပစ်ခတ်ရခြင်းဖြစ်ရာ ပစ်ခတ်မှုထိရောက်ခြင်းမရှိပါ။ ပစ်ခတ်သောကျည်များမြေပြင်သို့မရောက်ပဲ တံခါးပေါက်၏ခါးလည်မှသာ ဖြတ်သွားသဖြင့်ဝပ်နေသော ဗလအဖွဲ့များကို မထိပါ။ တံခါးပေါက်ကိုချည်ထားသော သံကြိုးကိုလှမ်းဆွဲသော ဆရာမြင့်ရွှေ၏လက်ကိုသာ ထိမှန်သွားခဲ့ပါသည်။
ခြံစည်းရိုးတံခါးပေါက်နှင့်အနီးဆုံးဘန်ကာမှ စတင်ပစ်ခတ်သည်နှင့် အခြားဘန်ကာများမှလည်း ကတုတ်ကျင်းများမှလည်း အဆက်မပြတ်ဒလဟော မီးကုန်ယမ်းကုန်ပစ်ခတ်ကြပါတော့သည်။ လက်ပစ်ဗုံးများကိုလည်း လှိမ့်ချကြသဖြင့် တ၀ုန်းဝုန်းတဒိုင်းဒိုင်းနားကွဲမတတ် တတောလုံးတတောင်လုံး ဟိန်းသွားပါတော့သည်။ သေနတ်ပြောင်းဝမှထွက်လာသော မီးတောက်မီးလျှံများမှာ မျက်စိများကျိန်းမတတ်ပင်၊ ရန်သူပစ်ခတ်သောကျည်ဆန်များ ကျွန်တော်တို့နေရာယူထားသော နေရာသို့မိုးသီးမိုးပေါက်ပမာ ကျရောကလျက်ရှိပါသည်။ ခေါင်းပေါ်မှသစ်ကိုင်းများကျိုး၍ သစ်ရွက်များကျွန်တော်တို့ ကိုယ်ပေါ်သို့ကြွေကျကုန်ပါသည်။ ဗလအဖွဲ့မှ ရန်သူကတုတ်ကျင်းများနှင့်ဘန်ကာများသို့ လက်ပစ်ဗုံးများ ပစ်သွင်းကြသည်။ လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ကြသည်။

“တပ်ရင်းမှူး ဆက်လိုက်ရတော့မလား”
ဗိုလ်ကြီးကျော်သောင်းက လှမ်းမေးသည်။
“ခြံစည်းရိုးကိုဖောက်မ၀င်နိုင်ရင် ခြံစည်းရိုးအပြင်မှာပဲ အားလုံးသေကုန်လိမ့်မယ်။ ဗလကိုပြန်ဆုတ်ခိုင်းလိုက်ပါ”

တပ်ရင်းမှူးမှ ဗလကိုပြန်ဆုတ်ခိုင်းလိုက်သည်။ အငိုက်မရသဖြင့် ကွန်မန်ဒိုစစ်ဆင်ရေး မအောင်မြင်ပါ။ ဗလအဖွဲ့ စုံစုံညီညီ ပြန်လည်ရောက်ရှိလာကြသည်။ မိမိဘက်မှ ဆရာမြင့်ရွှေလက်တွင် လက်နက်ငယ်ကျည်ထိမှန်သည်မှအပ ထိခိုက်မှုမရှိပါ။ သို့သော် မိမိမှလက်ဦးမှုတကွက်ကတော့ ဆုံးရှုံးခဲ့ရပါသည်။ အင်အားသုံး၍ ရင်ဆိုင်တိုက်ခိုက်ရန်မှတပါး အခြားနည်းလမ်းမရှိတော့ပါ။

http://tyrinonote.wordpress.com(မှကူးယူဖော်ပြပါသည်)

1 comment:

  1. အပေါ်မှာတွေ့ရတဲ့ မြန်မာသမိုင်းရိုင်း ရိုင်းတော့မည်သည် ကဗျာအရှည်ရှိပါသလားခမျာ ရှိရင်ခေါင်းစဥ်နှင့်ကဗျာဆရာအမည်ကိုပြောပြပေးပါ

    ReplyDelete