ရွှေလီသား(မဘိမ်း)

Loading...

Sunday, 6 November 2011

ထိုင်း-မြန်မာ နယ်စပ် တိုက်ပွဲများ ၂၀၀၁ (အချက်အလက်ကြမ်း အချို့)



မြန်မာ-ယိုးဒယားနယ်စပ်ရှိ မြန်မာ့တပ်မတော် စခန်း

၂၀၀၁ တိုက်ပွဲစဉ်တွေ အကြောင်းကို ကိုMM က ရေးပေးဖို့ ပြောလာတော့ ကျွန်တော် ရေးဖို့ ကြိုးစားကြည့်ပါတယ်။ ဒါပေမယ့် ကျွန်တော်သိတဲ့ အချက်အလက်တွေက တပိုင်းတဆတွေ ဖြစ်နေတယ်၊ ဖြစ်စဉ်ကို အစဉ်လိုက် ဘာပြီး ဘာဆက်ဖြစ်ခဲ့တယ် ဆိုတာ မသိဘူး ဖြစ်နေတယ်။ ဒါကြောင့် ဆောင်းပါး တစ်ပုဒ် အနေနဲ့ ရေးကြည့်ပေမယ့် ရေးလို့ မရခဲ့ဘူး။ ဒါပေမယ့် တကယ် သိတဲ့ လူတွေ မရေးခင် တိုက်ပွဲတွေနဲ့ ပက်သက်လို့ နည်းနည်းပါးပါး သိချင်တဲ့ သူတွေ အတွက် ကျွန်တော် သိသလောက် အချက် အလက် ကလေးတွေ မျှဝေပါ့မယ်။ ဒါကြောင့် ခေါင်းစဉ်ကို နည်းနည်းပြင်ပြီး .... အချက် အလက်ကြမ်း အချို့ .... လို့ပဲ အမည်ပေးလိုက်ပါတယ်။

၂၀၀၁ နယ်စပ်တိုက်ပွဲတွေ စတင်လာတာကတော့ ဖေဖော်ဝါရီ လထဲမှာပါ။ မယ်ဆိုင်မြို့အနီးက အို-၇ တောင်ကုန်းစခန်းကို ထိုင်းဘက်က သူတို့ ပိုင်ဆိုင်တယ်လို့ ပြောဆိုတာကနေ စတင်လာတာပါ။ အဲဒီ့ အချိန်မှာ နယ်စပ် တလျှောက်မှာ တပ်မတော်နဲ့ SSA တို့ကလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့ အချိန်ပါ။ အဲဒီ့ အချိန်ကာလမှာပဲ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သူရသီဟသူရစစ်မောင်တို
့ အပါအဝင် တပ်မတော် အရာရှိကြီး အချို့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့ပါတယ်။ တိုက်ဆိုင်တယ်ပဲ ပြောရမလား၊ အဲဒီ့ ဖြစ်ရပ်ကြောင့်ပဲ ထိုင်းနိုင်ငံက စစ်ရေးအရ ပိုမို ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့သလားတော့ မသိပါ၊ နယ်စပ်တိုက်ပွဲတွေ ပိုပြီး အရှိန်တက်ခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ တပ်မတော် ရှေ့တန်း ကျထိနစခန်း၊ ပါချီးစခန်း နဲ့ အို-၇ တောင်ကုန်းတွေကို SSA တပ်တွေက ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲဒီ့ စခန်းတွေဟာ နယ်စပ်မျဉ်းပေါ်မှာ ရှိပြီး အဲဒီ့ စခန်းတွေနဲ့ မျက်နှာချင်းဆိုင် ထိုင်နိုင်ငံဘက်ခြမ်းမှာ ထိုင်းစစ်စခန်းတွေ ရှိပါတယ်။ ထိုင်းစစ်စခန်းဘက်ကနေ SSA အင်အား ၂၀၀ ကနေ ၂၆၀ လောက်ဟာ လက်နက်ကြီး ပစ်အားသုံးပြီး အင်အား အလုံးအရင်းနဲ့ ညတိုက်ပွဲ ဆင်နွှဲပြီး ဝင်ရောက်စီးနင်းတာပါ။ ထိုင်းစစ်စခန်းကလည်း ညတိုက်ပွဲသုံး ဆလိုက် မီးမောင်းကြီးတွေနဲ့ ထိုးပြပေးခဲ့တယ်လို့ ဆိုတယ်။ လက်နက်ကြီးနဲ့လည်း ပစ်ကူ ပေးခဲ့တယ်လို့ ဆိုတယ်။ တပ်မတော်စခန်းတွေမှာက အို-၇ မှာ တပ်စုအင်အားလောက်ပဲ စခန်းထိုင်ထားပါတယ်။ ပါချီးစခန်းမှာ တပ်ခွဲ အင်အားလောက်ပဲ ရှိပါတယ်။ အင်အား ကွာခြားပေမယ့်၊ ရန်သူ့တိုက်စစ်အင်အားထက် အလွန်နည်းပေမယ့် အဓိက အဆုံးအဖြတ် ပေးခဲ့တာကတော့ အငိုက်ရရှိမှုပါ။ SSAဟာ လူအငိုက်ကော အချိန် အငိုက်ပါရရှိပြီး၊ ဒီတိုက်ပွဲတွေ အတွက်လည်း ကြိုတင် ပြင်ဆင် လေ့ကျင့်ထားပုံ ပေါ်ပါတယ်။ ထိုင်းနိုင်ငံ ဘက်ခြမ်းကနေ ဝင်တိုက်ရတာ ဖြစ်တဲ့ အတွက် မထင်မှတ်တဲ့ နေရာကနေ တိုက်ခြင်းဖြစ်ပြီး ပထဝီ အငိုက်ပါရတယ်လို့လည်း ဆိုနိုင်တယ်။ ဒါပေမယ့် ထိုင်းနဲ့ မြန်မာ နယ်စပ် ဆက်ဆံရေး တင်းမာနေချိန်ဖြစ်လို့ စခန်းရဲ့ ထိုင်းဘက်ခြမ်း မျက်နှာစာမှာလည်း ခံစစ်ပြင်ထားမှာ မလွဲပါဘူး။ လက်နက်ပစ်အားချင်းလည်း ယှဉ်မရခဲ့ဘဲ အချိန် ကြာမြင့်အောင်တောင် တောင့်ခံထားနိုင်ခြင်း မရှိပါ၊ ပါချီးစခန်းတစ်ခုတည်းမှာတင် စစ်သည် ၇ ဦး အထိ ကျဆုံးပြီး စခန်းကို စွန့်ခွာခဲ့ရတယ်။ အို-၇ တောင်ကုန်းကိုလည်း အလားတူ ထိခိုက် ကျဆုံးမှုတွေနဲ့ စွန့်ခွာရပါတယ်။ အို-၇ တောင်ကုန်းစခန်းဟာ တာချီလိတ်-မယ်ဆိုင် ဒေသကို ကောင်းစွာလွှမ်းမိုးထားနိုင်တဲ့ အနေထားရှိပြီး ပါချီး စခန်းဟာလည်း ပုံပါကျင် ဒေသကို လွှမ်းမိုးထားနိုင်ပါတယ်။ တဆက်တည်းမှာပဲ တာချီလိတ် အနောက်ခြမ်း ဒေသမှာ ရှိတဲ့ လွယ်တော်ခန်း၊ လွယ်မဆုတ်၊ လွယ်ခန်းရှိုးစခန်းတွေ အတိုက်ခံရပြီး ကျဆုံးကုန်ပါတယ်။ ပုံပါကျင်-ပါချီး-အောင်းလောင်း ဒေသမျာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားပြီး စခန်း အတော်များများ ဆုံးရှုံးလိုက်ရပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ဂိတ် အနီးမှာရှိတဲ့ ဘီပီ-၁ စခန်းကတော့ စခန်းသိမ်းတိုက်ပွဲ ပြင်းပြင်းထန်ထန် ဆင်နွှဲခံရပေမယ့် စခန်း ကျဆုံးမသွားအောင် ခုခံနိုင်ခဲ့တယ်။

တိုက်ပွဲတွေ အပြီးမှာ SSA က မြန်မာ့တပ်မတော်စခန်းတွေပေါ်ကနေ သိမ်းဆည်း ရမိတဲ့ လက်နက်တွေ ပစ္စည်းတွေကို ထိုင်းနိုင်ငံက မီဒီယာတွေကို ခေါ်ယူပြသခဲ့ပြီး ဘိန်းဖြုထုပ်တွေ ဘိန်းမဲတွေ ပါ တွေခဲ့တယ်၊ မြန်မာ့ တပ်မတော်ဟာ နယ်စပ်မှာ ဘိန်းမှောင်ခိုကူးနေတယ် ဒါကြောင့် ဒီစခန်းတွေကို တိုက်ခိုက်သိမ်းယူရတာ ဖြစ်ပါတယ်လို့ ရှင်းလင်းခဲ့တယ်။ မြန်မာ နိုင်ငံပိုင် မီဒီယာတွေကလည်း SSA တပ်ဖွဲ့ကသာ ဘိန်းမှောင်ခိုကူးနေတဲ့ အဖွဲ့ဖြစ်တယ် ၊ ထိုင်းနိုင်ငံက တိုက်ပွဲမှာ SSA ကို ကူညီခဲ့တယ် လို့ တုန့်ပြန်ခဲ့တယ်။ ထိုင်းစစ်တပ်ကတော့ SSA ကို လက်နက်ကြီးပစ်ကူ ပေးခဲ့တာ မဟုတ်ဘူး၊ မြန်မာစစ်တပ်က ပစ်တဲ့ ကျည်တွေ သူတို့ စခန်းပေါ်ကျတဲ့ အတွက် တုန့်ပြန်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ မီဒီယာတွေမှာ ပြောပါတယ်။ အဲဒီ့နောက် မီဒီယာတွေကနေ အပြန်အလှန် စွပ်စွဲရေးသားတာတွေ၊ သံအမတ်ကြီးတွေကို ခေါ်ယူ သတိပေးတာတွေ မီဒီယာတွေကနေ ထိုင်းစစ်ဦးစီးချုပ်တွေက ခြိမ်းခြောက်တာတွေ ဆက်တိုက်ဖြစ်လာတယ်။ အထင်ပေါ်ဆုံး ပုဂ္ဂိုလ်နှစ်ဦးကတော့ ထိုင်းတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ နဲ့ အမှတ်(၃)တပ်တော်မှူး ဒု-ဗိုလ်ချုပ်ကြီးဝမ်တနာချိုင်းတို့ပဲ ဖြစ်တယ်။ ဗိုလ်ချုပ်ကြီး ဆူရာယုဒ်က အင်အားသုံး ဖြေရှင်းမယ်လို့ ဆိုခဲ့ပြီး၊ ဝမ်တနာချိုင်းကတော့ မီဒီယာတွေမှာ ကျယ်ကျယ်လောင်လောင် မြန်မာနိုင်ငံကို ပုတ်ခတ် ပြောဆိုတာတွေ လုပ်ခဲ့တယ်။ တိုက်ပွဲကြောင့် ဝပ်တနာချိုင်းဟာ ထိုင်းနိုင်ငံထဲမှာ ပိုမို ပေါ်လွင်လာပြီး နာမည်ကြီးလာတယ်။

ယိုးဒယား-မြန်မာ နယ်စပ် မြန်မာတပ်မတော် စခန်းများ
(ဒီနေရာမှာ တစ်ခု ကြားဖြတ်ဆွေးနွေး လိုတာက မြန်မာ မီဒီယာတွေက Thai 3rd Army ကို အမှတ်(၃)စစ်တိုင်းဆိုပြီး ဘာသာပြန်ကြတယ်၊ ဒါပေမယ့် သူရဲ့ ဖွဲ့စည်းပုံကို လေ့လာကြည့်ရင် တပ်တော် လို့ ဘာသာပြန်တာ ပိုမှန်ပါမယ်၊ ဘာလို့လည်းဆိုတော့ သူက သူအခြေစိုက်တဲ့ ဒေသတွင်းမှာ စစ်ဆင်ရေးနဲ့ လုံခြုံရေး တာဝန်တွေ ထမ်းဆောင်ဖို့ အတွက်တင် မဟုတ်ဘဲ 3rd Army တစ်ခုလုံး အတိုင်းအတာနဲ့ ရွှေ့လျား စစ်ဆင်နိုင်တဲ့ offensive capability လည်းရှိပါတယ်။ ဆိုတော့ မြန်မာ့ တပ်မတော်က စစ်တိုင်းတွေနဲ့ ပုံသဏ္ဌာန်ခြင်း မတူပါဘူး။ Phitsanulok မှာ တပ်တော်ဌာနချုပ် အခြေစိုက်ပြီး နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာ တပ်တွေ ဖြန့်ကျက်ထားတယ်။ ထိုင်းနိုင်ငံမှာ တပ်တော် လေးခုရှိပြီး မြန်မာနိုင်ငံနဲ့ နယ်နမိတ် တလျှောက်ကို ကွပ်ကဲရတဲ့ အမှတ်(၃)တပ်တော်ဟာ ကွန်မြူနစ်ခြိမ်းခြောက်မှု မရှိတော့တဲ့ စစ်အေးလွန်ကာလက စပြီး လက်နက်အကောင်းဆုံး တပ်ဆင်ပေးခြင်း ခံရတဲ့ ဦးစားပေး တပ်တော်ဖြစ်လာတယ်။ စစ်အေး ကာလတုန်းကတော့ လာအိုနဲ့ ကမ္ဘေ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘာဒီးယား နယ်စပ်တွေကို ကွပ်ကဲရတဲ့ အမှတ်(၁)နဲ့ အမှတ်(၂)တပ်တော်တွေကို ပိုဦးစားပေးခဲ့ရပါတယ်။ အဲဒီ့ အချိန်က မြန်မာနယ်စပ်မှာ မြန်မာအစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ လူမျိုးစု လက်နက်ကိုင်တွေကို ကြားခံဇုန်အဖြစ် ထားခဲ့ပါတယ်။ မြန်မာ့ တပ်မတော်နဲ့ ထိုင်းတပ်တို့ တိုက်ရိုက်ထိတွေ့ခဲ့ခြင်းလည်း မရှိပါဘူး။ စစ်အေးလွန်ကာလတွေမှာ ကွန်မြူနစ်ခြိမ်းခြောက်မှု အန္တရာယ်လည်း မရှိတော့ဘူး၊ မြန်မာ့ တပ်မတော်ကလည်း မြန်မာနိုင်ငံ နယ်စပ်အထိ နေရာတော်တော်များများမှာ ထိန်းချုပ်လာနိုင်တဲ့ အခါ အမှတ်(၃)တပ်တော်ဟာ ဦးစားပေး တပ်တော် ဖြစ်လာတယ်။ စစ်လေ့ကျင့်မှု အများအပြားကိုလည်း အမှတ်(၃)တပ်တော် ဧရိယာထဲမှာ လုပ်လာတွေ့ မြင်တွေ့ရပါတယ်။ ဥပမာ- ၂၀၀၀ ခုနှစ် Cobra Gold ကို တပ်ခရိုင်မှာ လုပ်ခဲ့ပြီး၊ ၂၀၀၁ Cobra Gold ကို ချင်းရိုင်ခရိုင်မှာ လုပ်ခဲ့တာမျိုးပါ။)

မြန်မာ့တပ်မတော်က ကျဆုံးသွားတဲ့ စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေနဲ့ အလွန်နီးကပ်တဲ့ ထိုင်းနိုင်ငံ ဘက်ခြမ်းမှာ ထိုင်းတပ်က စစ်အင်အား ၃၀၀၀၀ ကျော်သုံးပြီး စစ်ရေး လေ့ကျင့်တာကိုလည်း မြန်မာဘက်က ကန့်ကွက်ခဲ့တယ်။ ထိုင်းဘက်က စစ်ရေး လေ့ကျင့်မှုကို ဆက်လုပ်ခဲ့ပြီး မြန်မာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်လာပါတယ်။ ဒီိလိုနဲ့ နှစ်ဖက်တပ်များ ကြားမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်လာတယ်။ မြန်မာ့တပ်မတော်က အို-၇ တောင်ကုန်းကို ပြန်သိမ်းပိုက်တဲ့ အခါမှာ ယိုးဒယားတပ်တွေနဲ့ စတင်ထိတွေ့မှု ဖြစ်ပါတယ်။ တကယ်တော့ အို-၇ နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ယိုးဒယားဘက်ခြမ်းက တောင်ကုန်းက အို-၇ထက် ပိုမြင့်ပါတယ်။ ဒါကြောင့် မယ်ဆိုင်မြို့ကို စိုးမိုးနေတဲ့ အဓိက အချက်ခြာတောင်ကုန်းမို့ သူတို့ပိုင်ပါတယ်ဆိုတဲ့ ယိုးဒယားရဲ့ ပြောဆိုချက်ဟာ မမှန်ပါဘူး။ မြန်မာ့တပ်မတော်ဟာ အို-၇ ကို သိမ်းပိုက်နိုင်ပြီးတဲ့ အချိန်မှာ အို-၇ရဲ့ တဖက်က ပိုမြင့်တဲ့ တောင်ကုန်းပေါ်ကနေ ယိုးဒယားက လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့ပါတယ်။ F-16 တိုက်လေယာဉ်တွေ မြန်မာ့လေပိုင်နက်ထဲ ဝင်လာပြီး ခြိမ်းခြောက်ပျံသန်းတာတွေ လုပ်လာပါတယ်။ လွယ်လန်းဒေသမှာရှိတဲ့ မိုင်းယွန်းမြို့မှာ UWSA အဖွဲ့က မှူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတယ်လို့ ယိုးဒယားက စွပ်စွဲပြီး တိုက်လေယဉ်ပေါ်ကနေ ဗုံးကျဲချပြီး တိုက်ခိုက်ခဲ့တယ်။ F16 တစ်စီး မြန်မာ့ မြေပေါ်မှာ ပျံသန်းနေခဲ့တဲ့ အချိန်ဟာ ၄၅ မိနစ်တောင် ကြာခဲ့တယ်လို့ ဆိုတယ်။ နယ်စပ်က စခန်းတွေ ပေါ်တင်မကဘဲ တာချီလိတ်မြို့ပေါ်ကိုပါ ဖြတ်ပျံခဲ့တယ်။
ယိုးဒယားမီဒီယာတွေမှာတော့ မြန်မာတပ်တွေဟာသူတို့ပိုင်နက်ကို ကျူးကျော်လာလို့ လေယဉ်ပေါ်ကနေ အသံဗုံးကျဲချပြီး ခြောက်လှန့်ခဲ့ရတာပါလို့ ဆိုတယ်။ သူတို့ ပြန်လည် ပစ်ခတ်တာကို မခံနိုင်တဲ့ အတွက်ရော၊ လေယာဉ်ကို ကြောက်ရွံ့တဲ့ အတွက်ရော မြန်မာတပ်တွေ မယ်ဆိုင်အနီးက တောင်ကုန်းပေါ်က ပြန်ဆုတ်ပြေးသွားကြလို့ တောင်ကုန်းကို သူတို့ ပြန်လည်သိမ်းပိုက်နိုင်တယ်လို့ ဆိုပါတယ်။ (နှစ်နိုင်ငံတပ်တွေ ထိတွေ့တဲ့ နယ်စပ်တိုက်ပွဲမှာ ယိုးဒယားက သူတို့နိုင်တယ်လို့ ဆိုလိုတာပါ။ ဒါပေမယ့် တိုက်ပွဲမှာ တောင်ကုန်းကို တကယ်ရလိုက်တာက မြန်မာဘက်က ရတာပါ။ ဒီနေ့အထိလည်း မြန်မာပိုင်ပါပဲ၊ ကျွန်တော် ၂၀၀၈ခုနှစ်တုန်းက အို-၇ တောင်ကုန်းကို ရောက်ခဲ့တဲ့ အချိန်မှာ တောင်ကုန်းထိပ်အထိ ကားလမ်း ပေါက်နေပါပီ။ နောက်ဆင်ခြေလျှောခံစစ်ကိုလည်း အခိုင်အမာတည်ဆောက်ထားပြီး လက်နက်ကြီးတွေလည်း ရှိပါတယ်။ ဒုတပ်ရင်းမှူးဦးစီး စစ်ကြောင်းတစ်ကြောင်း စခန်းထိုင်တဲ့ စခန်းကြီး တစ်ခု ဖြစ်နေပါပြီ။ မျက်နှာချင်းဆိုင်က ယိုးဒယားတောင်ကုန်းမှာလည်း ယိုးဒယားတပ်တွေ အခိုင်အမာတပ်စွဲထားတာ လှမ်းမြင်ရပါတယ်။)

တိုက်ပွဲတွင်းမှာ ယိုးဒယားက တာချီလိတ်မြို့တွင်းကို လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တဲ့ အတွက် အရပ်သား (၂)ဦးသေဆုံးခဲ့ပါတယ်။ မြန်မာဘက်ကလည်း မယ်ဆိုင်မြို့ထဲကို လက်နက်ကြီးနဲ့ ပြန်ပစ်ခဲ့ပြီး ထိုင်းပြည်သူ (၂)ဦး သေဆုံးတယ်လို့ မီဒီယာတွေမှာ တွေ့ရပါတယ်။ တာချီလိတ် အနောက်ခြမ်း ဒေသနဲ့၊ ပုံပါကျင်-ပါချီး ဒေသ တွေမှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့ပြီး လွယ်လန်း ဒေသမှာတော့ တိုက်ပွဲတွေ ဖြစ်/မဖြစ်ကို ကျွန်တော် မသိပါ (သိတဲ့လူတွေ ပြောပြပေးပါ)။ မြန်မာ့တပ်မတော်ဟာ ကျဆုံးသွားတဲ့ စခန်းတွေကို ဂျွန်၊ ဂျူလိုင် လတွေထဲမှာမှ ပြန်သိမ်းနိုင်ခဲ့ပါတယ်။ SSA တပ်တွေလည်း ယိုးဒယားနိုင်ငံထဲကို ဆုတ်ခွာသွားကြတယ်။ အကျအဆုံး၊ ဒဏ်ရာရ အများကြီးနဲ့ ရင်းနှီးပြီးမှ စခန်းတွေကို ပြန်သိမ်းနိုင်ခဲ့တာပါ။ ပါချီးတောင် ဆိုရင် အတော်မတ်ဆောက်တဲ့ အတွက် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရတယ် နယ်စပ်အနီးမှာ ရှိတဲ့ အတွက် လက်နက်ကြီး သုံးရတာလည်း အကန့်အသတ် အလွန်များပါတယ်၊ စခန်းတွေ ကျသွားတုန်းက နာရီပိုင်းတွင်း ကျဆုံးသွားပေမယ့် ပြန်သိမ်းယူတဲ့အခါ အသက်တွေ အများကြီးရင်းပြီး လနဲ့ချီအောင် တိုက်ယူခဲ့ရတာ ဖြစ်ပါတယ်။ ရန်သူ့ဘက်ကအငိုက်ရရှိခဲ့မှုနဲ့၊ မိမိက တိုက်စစ်ဆင်တဲ့ အခါမှာတော့ အငိုက်မရရှိတဲ့ အခါ ဘယ်လောက် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရတယ်ဆိုတာ သင်ခန်းစာပါ။ (အခုချိန်မှာတော့ ပါချီးအပါအဝင် ဒီစခန်းတွေ အားလုံးဟာ အမြင့်ဆုံး တပ်လှန့်ထားတဲ့ မဆုတ်တမ်းခံစစ် စခန်းတွေပါ။) လွယ်မဆုတ်စခန်းကို သိမ်းပိုက်မိတဲ့ အခါမှာ ယိုးဒယားတပ်သုံး ဆက်သွယ်ရေးစက်တစ်လုံးတောင် သိမ်းမိခဲ့ပါသေးတယ်။ အို-၇ တိုက်ပွဲမှာလည်း ယိုးဒယားတပ်သုံး လက်နက်ငယ်တွေနဲ့ ယိုးဒယားတပ်မတော် တံဆိပ်ပါတဲ့ ရှေ့ထွက်မိုင်းတွေပါ သိမ်းမိခဲ့ပါတယ်။

လွယ်လန်းဒေသ အခြေအနေကလည်း အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အင်မတန် အန္တရာယ်ကြီးတဲ့ အနေအထားပါ။ လွယ်လန်းဒေသတွင်းမှာ ထိုင်းစစ်စခန်း (၃၅)ခု ရှိနေပါတယ်။ မြန်မာ့တပ်မတော်က ထိုင်းစစ်စခန်းတွေ အားလုံး ဆုတ်ခွာပေးဖို့ တရားဝင် အကြောင်းကြားမှု လုပ်ခဲ့ပါသေးတယ်။ ထိုင်းဘက်က ပြန်လည် ကန့်ကွက်ခဲ့ပြီး သူတို့ပိုင် နယ်မြေဖြစ်တဲ့ အတွက် ဆုတ်မပေးနိုင်ကြောင်း ဆိုတယ်။ ဒီပြဿနာဟာ ဒီနေ့ အထိ မပြီးဆုံး သေးပါဘူး။ ထိုင်းတပ်စခန်းတွေ(အချို့စခန်းတွေမှာ သံချပ်ကာ ယာဉ်များပါ ပါဝင်ပါတယ်)နဲ့ မြန်မာတပ်စခန်းတွေ ထိပ်တိုက်ရင်ဆိုင်ပြီး အသင့် အနေအထားနဲ့ စခန်းချထားတာ ဒီနေ့ အထိပါ။

၂၀၀၁ တိုက်ပွဲစဉ်တွေမှာ ယိုးဒယားနဲ့ မြန်မာတပ်တွေ ထိတွေ့ခဲ့တာကို ပြန်သုံးသပ်ရရင် မြန်မာ့ တပ်မတော်ဘက်က ယိုးဒယားထက် အကျအဆုံး အထိအခိုက် ပိုများခဲ့တယ် (ဒါပေမယ့် ယိုးဒယားတပ်တွေကြောင့်လို့တော့ မဆိုနိုင်ပါ၊ SSA နဲ့ တိုက်ခိုက်ရတဲ့ အတွက် ထိခိုက်ကျဆုံးရတာတွေပါ)။ ဒါပေမယ့် နယ်မြေမဆုံးရှုံးအောင် ကာကွယ်နိုင်ခဲ့တယ်။ အငြင်းပွားနေတဲ့ တောင်ကုန်းကို ရန်သူ့လက်ပါမသွားအောင် ပြန်တိုက်ယူနိုင်ခဲ့ပြီး၊ လွယ်လန်းဒေသက နယ်မြေအငြင်းပွားမှု ပြဿနာကတော့ နဂိုအခြေအနေတိုင်း ရှိနေပြီး ဒီနေ့အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးဘူး။ အဲ့ဒီ့ အချိန်က မိမိ လေတပ်မတော်မှာ ခေတ်မှီဂျက်တိုက်လေယာဉ် မရှိခဲ့တဲ့ အတွက် ယိုးဒယားလေတပ်က မိမိ ခေါင်းပေါ်ဖြတ်ပျံပြီး နားရွက်တံတွေးဆွတ်တာ ခံခဲ့ရတယ်။

(ပြီးခဲ့တဲ့ ၂၀၀၃ တိုက်ပွဲစဉ် အကြောင်းမှာ အချက်အလက် တချို့ကို ပြင်ချင်တာက ပန်ကန့်ကော်၊ ပန်မိုင်ဆွန်၊ လွယ်ထွေ၊ ကျူဆပ်ကပ်စတဲ့ စခန်းတွေ အတိုက်ခံခဲ့ရတာ ၂၀၀၃ ခုနှစ်ထဲမှာ မဟုတ်ပါဘူး၊ ယိုးဒယားနဲ့ ပစ်ခတ်မှုတွေဖြစ်တာ ၂၀၀၃ ခုနှစ်ထဲမှာ ဖြစ်ပေမယ့် စခန်းတွေ အတိုက်ခံခဲ့ရတာ ၂၀၀၂ ခုနှစ် မေလထဲ (Cobra Gold ရာသီ) မှာဖြစ်ပါတယ်။ နောက်တစ်ချက်က ပန်ကန့်ကော် ဒေသဟာ ဘီပီ-၅ မဟုတ်ပါဘူး၊ ဘီပီ-၃ပါ။)

သိတဲ့လူတွေက အချက်အလက်တွေ ဖြည့်ပေး၊ ပြင်ပေးကြဖို့ ကြိုဆိုပါတယ်။

အားလုံးကို လေးစားလျက်
Comrade

No comments:

Post a Comment