ရွှေလီသား(မဘိမ်း)

Wednesday 11 April 2012

စစ်သားတစ်ယောက်ရဲ့ လွမ်းရိပ်ဝေသော တာသင်္ကြန်နဲ့ ပိတောက်တခက်



ပိတောက်ပန်းတွေတောင် ပွင့်နေပြီ။ရနံသင်းပျံ့လှပါဘိ.. ပန်းပိတောက်တို့ရယ်….မနက်ဖြန်ဆိုရင်သင်္ကြန်အကြိုနေ့ရောက်ပြီပေါ့။ သင်္ကြန်မိုးပြေးလေးကလဲ တဖြောက်ဖြောက်နဲ့ အလွမ်းတွေကို မြင့်တင်ပေးနေသယောင်။ခပ်မှိုင်းမှိုင်းလေးရွာနေသည့် မိုးကို မော့ကြည့်ရင်း ကျနော့်ရင်မှာ တီးတိုးစကားဆိုလိုက်မိသည်။ မကြွေလိုက်ပါနဲ့ ဦး  ပန်းပိတောက်တို့ရယ်။ ကျနော် ခပ်ကြာကြာလေး  ထိုင်လွမ်းပါရစေဦ။ဟော …ကျနော်ပြောလိုက်သည့် စကားကို မိုးပြေးလေးကြားသွားပြီး ကျနော့်ကို သနားလို့ထင်ပါရဲ့ မိုးပြေးလေးတောင် စဲသွားလေပြီ။ လေပြေလေးတွေလည်း ခပ် သုန်သုန်လေး တိုက်ခတ်လို့။ လေပြေ အဝှေ့မှာ ပိတောက်ပွင့်တွေ ယိမ်းထိုးလှုပ်ရှားနေပုံက  လွမ်းဆွတ်နေတဲ့ ကျနော်အတွက်  အလွမ်းတွေ ပိုလာအောင် သယ်ဆောင်လာခဲ့တာလားကွယ်။
ဥသြ..ဥသြ…ဥသြ …..။
ကျနော်ရဲ့အဖော်လေးလာနေပြီ ။ သူလဲ ကျနော့်လိုပဲ အထီးကျန်နေတယ် ။ ပိတောက်ပွင့်ချိန်မှာ  အလွမ်းတေးလေး တွန်ကြူးနေတယ်ထင်ပါရဲ့။ ငါလည်းမင်းနဲအတူ အလွမ်းလေးတွေ ညည်းတွားပါရစေ။
မမရေ..မမ…..မမ…..။
ပိတောက်တွေ ပွင့်ဖူးလို့ အတာတန်ခူးတောင်ရောက်နေပြီ မမရေ ။ ဒီင်္အချိန်ဆို ဥသြငှက်လေးက အချိန်မှန် ရောက်လာတတ်တယ်။ သူလည်း  သူ့အဖော်မွန်လေးကို ကျနော်နဲ့အတူ အပြိုင်ခေါ်နေတယ်လေ……မနက်ဖြန် ဆို သင်္ကြန်အကြိုနေ့ ရောက်ပြီမမရယ်။ ကျနော် မမအတွက်  ပိတောက်တခက်နဲ့အတူ သင်္ကြန်ရေဖလားကြီးထဲမှာ အချစ်မေတ္တာ ရေစင်တွေ ထည့်ပြီး  စောင့်နေပါ့မယ်။ သင်္ကြန်ရောက်တိုင်း လွမ်းတတ်တဲ့ ကျနော့်ရင်မှာ လွမ်းဆွတ်တမ်းတခြင်းတွေနဲ့အတူ ဒီသင်္ကြန်ကိုစောင့်ကြိုနေတယ်လေ။

……………………………………………………………………………………………………………………………….
ဟုတ်တယ် သူမက  ကျနော် ဘ၀ရဲ့ ငယ်သူငယ်ချင်း ၊  ငယ်ဖော် တနည်းအားဖြင့်  ငယ်ချစ်ဦးပါ။ကျနော့်ထက် အသက် (၂)နှစ်လောက်ကြီးတဲ့ သူမကို  ကျနော်က မမလို့ခေါ်ခဲ့တယ်လေ။ အဲဒီ မမ က ငယ်ငယ်လေးကတည်း က ကျနော် ရူးသွပ်ခဲ့ရသူ ကျနော့်ဘ၀ရဲ့ တစ်ဦးတည်းသော မိန်းကလေး သူငယ်ချင်း ၊ကျနော် ရဲ့ ညစဉ် အိမ်မက်တွေတိုင်းမှာ  တကိုယ် တော် သရုပ်ဆောင်ခဲ့သူပါ…..။ ငယ်စဉ်ကလေးဘ၀ကတည်း အိမ်နီးနားချင်း ဖြစ်ခဲ့တဲ့ သူမကို အိုးချင်းထားလို့ အိုးချင်းထိ တယ်လို့ ပြောရမလား  ကြိုးချင်းထားလို့ ကြိုးချင်းငြိတယ်လို့ ဆိုရ မလား သူငယ်ချင်းလို မောင်နှမလို ဆိုတဲ့ အဖြူရောင်သံယောဇဉ်တွေထက်မှာ  တိတ်တိတ်လေး အရောင်တွေ စွန်းထင်ခဲ့မိတယ်…..။
    ကျနော်ထက် အတန်းကြီးတဲ့မမက   ဆယ်တန်းရောက်နေချိန် ၊  စာတွေ ရုန်းကန်ကြိုးစားနေတဲ့အချိန်မှာ  ကျနော်က မမအလှကိုခံစားရင်း  ကဗျာတွေရေးတတ်နေပြီ ။ စာတော်တဲ့မမက  ဆယ်တန်းကို ဂုဏ်ထူးတွေ တသီကြီး နဲ့ အောင်ခဲ့လို့ သူဝါသနာပါတဲ့ဆေးတက္ကသိုလ်မှာ ပညာသင်ခွင့် ရခဲ့တယ်လေ။ ကျနော့်ကိုလည်း သူ့လို ဆေးလိုင်းမှီ အောင် စာကြိုးစားဖို့ တနေ့စာ တနေ့လုပ်ဖို့..အပျော်ပါး မမက်ဖို့ အမြဲ ပြောတယ် ။ တခါတလေ မမ က ကျနော့်ကို ဆရာမကြီး အရမ်းလုပ်သလိုတောင် ထင်မိတယ်။ ကျနော် ဟိုနေရာသွား သွားပြန်ပြီ…ဒီဟာလုပ် လုပ်ပြန်ပြီ နဲ့  ခဏခဏ ဆူတယ်လေ…ကျနော်လည်း  သူချူပ်ချယ်ပါများလာတော့  မကျေနပ် တဲ့ အမူအရာလုပ်ပြရင်း
  “ဘာလဲ….ကိုဖြိုးက မမကို မကျေနပ်တာလား မမအခုလိုပြောနေတာမကြိုက်တာလား ။ ကောင်းပြီလေ  ဒါဆိုရင် မမ ဆူလဲမဆူ တော့ဘူး ချုပ်လဲ မချုပ်ခြယ်ဘူး  ကိုဖြိုးဆီကိုလည်း မလာတော့ဘူး..”
ဆိုပြီး   စိတ်ကောက်တဲ့ ပုံစံပြန်လုပ်ပြတတ်တယ်။ သူ့ကို ခိုးပြီး  ချစ်နေတဲ့ကျနော်က မမ ကျနော့်ဆီ မလာမှာကြောက်တော့  သူ့စကားကိုပဲ နားထောင်ရတော့ တာပေါ့  ……။
     မမရဲ့ သွန်သင်မှုတွေကြောင့်လား  ၊ ကျနော်ရဲ့ ကြိုးစားမှုတွေကြောင့်လားမဆိုနိုင် ၊ ဒါမှမဟုတ် နှစ်ခုလုံးကြောင့်ထင်ပါရဲ့ ကျနော်လည်း ဆယ်တန်းကိုဂုဏ်ထူးတွေနဲ့ ဆေးလိုင်းမှတ်မှီခဲ့တယ် ။ အဲဒီနေ့က  မမရဲ့ အပျော်လွန်မျက်နှာက  ကျနော့်မိဘတွေ ထက်တောင်  ပိုပျော်နေသယောင် ထင်ရတယ်။
ထိုနေ့က ကျနော်ရဲ့ဆန္ဒ..ကျနော်ရဲ့ ရည်မှန်းချက်တွေကို  မမကိုပြောပြတော့ မမရဲ့မျက်နှာမှာ ကျနော် တခါမှ မမြင်ဖူးတဲ့  မျက်ရည်တွေ ၀မ်းနည်းခြင်းတွေ  တွေ့ခဲ့ရတယ်…
“မင်းက ဘာလို့ ဒီလောက်ပင်ပန်းတဲ့ စစ်သားဘ၀ကို ခုံမင်ရတာလဲ ။ လခ လေး နှစ်ပဲ ခြောက်ပြားနဲ့ စစ်သားဘ၀ကို ဘာလို့  မက်မောရတာလဲ ။ (မှတ်ချက်..အဲဒီတုန်းက အစိုးရ၀န်ထမ်းများ လခ က သောင်းကျော်လေးပဲ ရှိနေတဲ့ချိန်) မင်းသူငယ်တန်းကျောင်းသာ ဘဝကနေ အခု ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ အောင်မြင်အောင်ကြိုးစားခဲ့တဲ့  မင်းရဲ့ ကြိုးစား မှုတွေကို  စစ်သားဘ၀နဲ့ နိဂုံးချုပ်တော့မှာလား...”
“ဟုတ်တယ်..မမ  ။   မမပြောသလိုပဲ  စစ်သား  ဘ၀က  ဘာမှ မက်မော စရာမရှိဘူး။ ခုံမင်စရာမရှိဘူး ။ ပင်ပန်းကြမ်းတမ်းတယ်။ ဒါပေမယ့်  ကျနော် စစ်သား ဘ၀ကို  တန်ဖိုးထားတယ် ၊ ဂုဏ်ယူတယ်။ ဟိုး... ဧည့်ခန်းမှာ ၊ စစ်ယူနီဖောင်းနဲ့ ရိုက်ထားတဲ့ ဖေဖေ့ ဓါတ်ပုံကြီးကို မမတွေ့တယ် မဟုတ်လား။ ကျနော့်ဖေဖေက  သူတို့ခေတ်တုန်းက မငြိမ်းချမ်းသေးတဲ့  ကျနော် တို့ တိုင်းပြည် ကြီး  ကို ငြိမ်းချမ်းအောင် တိုက်ပွဲ ၀င်ရင်း  ရဲဘော်ရဲဘက်တွေနဲ့ အတူ  သူတို့သွေးတွေ မြေခ ခဲ့ရတယ်။ သူတို့အသက်တွေ စတေးခဲ့ရတယ်။ ကျနော် က ဖေဖေ့သား။ ဖေဖေ့ သွေးလေ။ အဲဒ့ါကြောင့်   ကျနော်မှာ ဖေဖေ့ သွေးတွေ အပြည့်ရှိနေတယ်။  ဖေဖေ့ သွေးလိုပဲ  ကျနော့် သွေးကလဲ ရဲပါတယ်။ ဖေဖေတို့ တုန်းက မငြိမ်းချမ်းသေးတဲ့  တိုင်းပြည်ကြီးကို ငြိမ်းချမ်းနိုင်အောင် တိုက်ပွဲတွေဆင်နွဲရင်း တိုင်းပြည် အတွက် အသက်တွေ ပေးလှူခဲ့ကြတယ်။ကျနော်လည်း  အခု ငြိမ်းချမ်းနေတဲ့ တိုင်းပြည်ကြီးမှာ ဒီထက် တိုးတက်အောင် တဖက်တလှမ်းက ကျနော် တတ်နိုင်သလောက် ကူညီချင်တယ်။ ကျနော် အသက်ကို  နိုင်ငံ တော် အတွက် ပေးလှူချင်တယ်။
မမကျနော့်ကို ဆရာဇော်ဂျီရဲ့ သင်သေသွားသော်ကဗျာကို ရှင်းပြခဲ့ဖူးတယ်လေ။ လူတစ်ယောက်က သူသေသွားရင် သူ့တိုင်းပြည်၊သူ့ မွေးရပ်မြေက  လှပနေရမယ်တဲ့ ။ ကျနော် လည်း  အဲဒီကဗျာလေးထဲကလိုပဲ ကျနော့်တိုင်းပြည်အတွက်  တတ်အားသရွေ့ ပေးဆပ်ပါရစေ။  မမကျနော့်ကို နားလည်ပေးပါနော်။ နားလည်ပေးမယ်လို့လဲ မျှော်လင့်ပါတယ်….”
       ကျနော်ရဲ့ဆန္ဒ ထက်သန်မှုကို တားဆီးဖို့ မဖြစ်နိုင်တော့လို့လား၊ မမက တကယ်နားလည်ပေးလို့လားမသေချာခဲ့ပေမဲ့ ထိုနေ့ရဲ့ နက်ဖြန်မှာပဲ မမက ကျနော်ကို ကြည်ဖြူစွာနဲ့ ခွင့်ပြုပေးခဲ့တယ်။

ဒီလိုနဲ့  စစ်တက္ကသိုလ် ဗိုလ်လောင်းဘ၀မှာ ချွေးစက်ပေါင်းများစွာ ရင်းနှီးပြီး ပင်းပန်းစွာနဲ့  သုံးနှစ်တာကာလကို ကျော်ဖြတ်ခဲ့ရတယ်…. ။ ကျနော် သုံးနှစ်တာ  သင်တန်း ပြီးဆုံးလို့ ကျရာတပ်ရင်းတွေကို သတင်းပို့ပြီး  ကျနော် ခွင့်ရခဲ့တယ်…အိမ်ပြန်ရောက်ရင်  မမနဲ့တွေ့ရတော့မယ်ဆိုတဲ့ အတွေးက ကျနော်ကိုအတိုင်းဆမဲ့ ပျော်ရွှင်စေခဲ့တယ်လေ။ အိမ်ပြန်ရောက်တော့  မမက ကျနော်ကိုအပြေးအလွှားဆီးကြိုတယ်။
“ကိုဖြိုးက တကယ့်စစ်သားကြီးပဲနော်။ တကယ်ကိုပြောင်းလဲသွားတာ အရင်တုန်းကလို  ကလေးပုံစံလိုဟုတ်တော့ဘူး ရုပ်တည်တည်တံ့တံ့ကြီးနဲ့   လူကပိန် အသားတွေမဲပြီး အရပ်ကြီးရှည်လာတယ် ။မမနဲ့တွေ့ရင်တော့ တည်တည်ကြီးမနေရဘူးနော်”
အဲဒီလို မမရဲ့ ဂရုစိုက်မှု့တွေ နွေးထွေးမှုတွေ မြင်ရတော့ အရမ်းပျော်တယ်ဗျာ…..။
   နောက်နေ့မှာ မမနဲ့တူ  လျှောက်လည်ခဲ့တယ်…ကန်ဘောင်တနေရာမှာထိုင်ရင်း စကားပြောမိကြတယ်။
“မမကျနော်ကို သတိရရဲ့လား။ အရင်တုန်းကလိုရော ချစ်သေးရဲ့လား”
လို့တိုးဖွဖွ မေးလိုက်တော့ မမက ရှက်သွေးဖြာနေသော မျက်နှာလေး ငုံ့ကျလို့
“ဟယ်  ကိုဖြိုး  မင်းဘာတွေပြောနေတာလဲ  အဆင့်တွေကျော်နေပြီလေ  ဘယ်တုန်းကချစ်တယ်လို့ပြောမိလို့လဲ”
“မမရယ် ကျနော်တို့ နှစ်ယောက်က  ချစ်တယ်လို့  ပြောဖို့လိုသေးလို့လား။ မမကျနော့် ကိုချစ်တယ်ဆိုတာ မမနှုတ်က ပြောစရာမလိုတော့အောင်   မမရဲ့ နှလုံးသားလေးရဲ့ တံခါးက မမမျက်လုံးတွေက သက်သေခံနေတယ်လေ။ နောက်တခုရှိသေးတယ်။  နှစ်စဉ် မမကို ဘယ်သူမှ မလောင်းရသေးခင် လောင်းခဲ့တဲ့ အတာဦး သင်္ကြန် နဲ့  ၊ မမ ဦးခေါင်းမှာ ပန်ဆင်ပေးတဲ့ ပိတောက်ပန်းတခက်ကို  မမ အမြဲတမ်း ပျော်ရွှင်၊ ၀မ်းသာခြင်းတွေနဲ့  ကြည်ဖြူစွာလက်ခံခဲ့တာတွေက  မမ ကျနော်ကို ချစ်နေပါတယ်ဆိုတာ  ဘယ်လိုမှ ငြင်းလို့မရတဲ့၊ ငြင်းချက် မထုတ်နိုင်တဲ့  သက်သေတွေ ပဲလေ……”
“သွား...လူလည်။ စစ်သားကြီးက  ဒါတွေလဲ တတ်တာဘဲနော်…”
အဲဒီနေ့က  ကောင်းကင်မှာ ကြည်လင်နေပြီး ၊တိမ်တိုက်တွေမှာ တိမ်တွေ ကင်းစင်လို့  ငှက်လေးတွေ ရှက်စနိုးနဲ့ ပျံသန်းသွားတယ်။ ဒီလိုနဲ့ ကျနော်နှင့်မမ  နှုတ်က ထုတ်ဖော်ပြောစရာမလိုလောက်အောင်…နှလုံးသားချင်း နီစပ်ခဲ့တဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်လေ။
      ခွင့်ရက်စေ့လို့ တပ်ကို ပြန် ၊ သတင်းပို့ပြီး  ပေးအပ်တဲ့တာဝန်တွေကို ဦးလည်မသုန်ထမ်းဆောင်ခဲ့တာ ဗိုလ်ကြီး အဆင့်ကို တောင်ရောက်ခဲ့ပြီလေ…. တပ်မှာလက်ထပ်ခွင့်တင်ပြီး  ကျနော်ချစ်တဲ့မမ နဲ့ ဘ၀တခုတည်ဆောက်ဖို့  ကျနော် အိမ်ကိုအပြေးလေး ပြန်လာခဲ့တယ်…အဲဒီနေ့က  ကျနော် တို့နှစ်ယောက်ရဲ့ သိပ်ပျော်စရာကောင်းတဲ့နေ့ ၊မမေ့နိုင်တဲ့နေ့  နှစ်ယောက်တစ်ဘ၀  ကျောက်တိုင်လေး စိုက်ထူနိုင်ခဲ့တဲ့နေ့လေးပေါ။ အဲဒီကျောက်တိုင်လေးမှာ  ကျနော်တို့နှစ်ယောက်ရဲ့ ဆယ်ကမ္ဘာတိုင် မယိုင်တဲ့ သစ္စာတွေ မေတ္တာတွေ ၊ အချစ်တွေ၊ ကတိ စကားတွေ၊ ပေါင်းစပ်ပြီး စိုက်ထူထားတာပေါ့။
ထိုနေ့က  ထူးအယ်လင်း + မီးမီးခဲ တို့ဆိုထားတဲ့ “မင်း” သီချင်းလေးနဲ့ နှစ်ကိုယ်တူ ညည်းဆိုဖြစ်ခဲ့ကြတယ်………..။
           ♪ ♫ ♫         ကမ္ဘာလောက ကြီး ခဏရပ်တန့်သွားသလိုပင်… ငါထင်တယ်မင်းနဲ့ဆုံတိုင်းလေ…အကြည့်တွေ  ရင်ဖိုလှိုက်မောလို့ နေ…သာယာတဲ့မင်းရဲ့ရယ်သံလေး..ရင်ခွင်ထဲ  အထပ်ထပ် ကြားယောင်ရင်းနဲ့…ဘ၀ကို   သာယာရစ်မူးလို့နေ…….အသက်ထက်ဆုံးပေါ့ အနားမှာ အမြဲရှိချင်တယ်…ရင်ခွင်ထဲ မှေးစပ်နားခိုရင်းနဲ့…ငြိုငြိင်မှု့ အဆိုးများတွေ့ပါစေ.. . ဘ၀ကိုအတူခရီးဆက်မယ် ♪ ♫                      ♪ ♫ ♫ မင်း…နင့်ဟာငါ့ဘ၀ရဲ့ကောင်းကင်ပဲ..မှောက်မိုက်သော ညမှာ  ငါအတွက် ငွေလမင်းငယ်….  မင်း…ဘယ်သူမှ အစားထိုးမရနိုင်ဘူး……ခိုင်မာဆုံး ဘ၀ရဲ့ ကျောက်ဆောင် မင်းပဲ….ငါ့ခိုလှုံရာ ဟာ.လဲ မင်းပဲ…သေချာတယ် ..   ငါ့ရဲ့ အသက်ဟာ….မင်းပဲ..   ♪ ♫
         ကျနော့် ကို သိပ်ချစ်တဲ့ မမက  ကျနော် တာဝန်ကျရာဒေသတွေကို လိုက်ခဲ့တယ်။ စစ်သားဘ၀ကို သိပ်မခုံမင်တဲ့ ကျနော့်မမက  အခုဆိုရင် ဆေးအဖွဲသားတွေ ၊၊ကျန်းမာရေးဝန်ထမ်းတွေ  သားဖွားဆရာမတွေနဲ့အတူ  တပ်မှာ ကျန်းမာရေး ဟောပြောပွဲတွေ  လုပ်ပြီး  တက်ညီလက်ညီ လုပ်ကိုင်နေတတ်ပြီ….။အိမ်ထောင်နှစ် (၂) နှစ်ကြာလာတော့ ကျနော့် မမမှာ ကျနော်တို့ရဲ့ ရင်သွေးလေး ရှိနေပြီလေ….အဲဒီရင်သွေးလေးက ကျနော်တို့နှစ်ယောက်ရဲ့ အနာဂတ် ၊ကျနော်တို့နှစ်ယောက်ရဲ့ ဘ၀ပါ ၊ကျနော်လည်း  ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး ဘ၀ကို ပိုင်ဆိုင်တော့မယ် ဆိုတာ သိတော့ အရမ်း ပျော်တာခဲ့တာပေါ့။
         အိမ်ရှေ့မှာ ပိတောက်ပန်းတွေ  ပွင့်နေပြီဆိုတာသိလိုက်တော့ သင်္ကြန်တောင်  ရောက်တော့မယ်ဆိုတာ အလိုလို သိလိုက်ရတယ်။ ကျနော့် မမ တောင် နောက် သုံးလ  လောက်ဆို မီးဖွားတော့မယ်  ကျနော်လဲ
“ကလေးအဖေ ဖြစ်တော့မယ်ကွ ”
ဆိုပြီး တစ်ကိုယ်ထဲ တွေးရင်းပျော်နေမိခိုက်
“ ဗိုလ်ကြီး  …ဗိုလ်ကြိးကို တပ်ရင်းမှူးက  ခေါ်ခိုင်းလိုက်လို့ပါ…”
ဟု ဆိုကာ ရဲဘော်လေး တစ်ယောက်ရဲ့ အသံကိုကြားမှ  သတိပြန်ဝင်လာတယ်။ တပ်ရင်းမှူးနဲ့တွေ့တော့ သန်ဖြန်ခါ စစ်ဆင်ရေးထွက်ရမယ်ဆိုတဲ့ လျှပ်တပြက် အမိန့် ကျလာတယ် ဆိုတာသိလိုက်ရတယ်။ စစ်သားဆိုတာ ပေးအပ်လာတဲ့ အမိန့်ကို တစ်သွေမတိမ်း နာခံရသူ။ ဇနီးသည် မီးဖွားခါနီးနေလို့ ဆိုတဲ့ ဆင်ခြေပေးပြီး နောက်တန်းမှာ နေခွင့်မရသည့် ဘဝမျိုးဆိုတော့ ကျနော်လဲ  စစ်ဆင်ရေးထွက်ဖို့ ပြင်ဆင်ရပြီပေါ့။ ကျနော် ရဲ့မမကလည်း ကျနော် မရှိရင်  တပ်မှာမနေချင်ဘူး၊  မိဘတွေရှိတဲ့ဆီကို ပြန်ပြီး မီးဖွားမယ့်အကြောင်းပြောပြတယ်၊ကျနော်မှာ မမ သူအားငယ်နေရှာမှာပဲဆိုပြီး တွေးမိပေမဲ့ ပေးအပ်လာတဲ့ တာဝန်အတွက် မမနားမနေနိုင်ခဲ့သည့် အခြေအနေမို့ မမတောင်းဆိုချက်ကို သဘောတူဖြစ်ခဲ့ရပါသည်။
ရှေ့တန်း မထွက် ခင်ညမှာ ကျနော့် မမက ကျနော်ကို ဂရုစိုက်ဖို့ ၊သူ့အတွက် စိုးရိမ်စရာမလိုပဲ စိတ်ချဖို့ ၊ဘုရားတရားမမေ့ဖို့ကို တွင်တွင်မှာကြားနေတော့ ၊ ဟိုးးးးးး....ကျနော် … ကျောင်းသားဘ၀က ဆရာမကြီး စတိုင်လုပ်တတ်တဲ့ မမကို ပြန်မြင်ယောင်မီပြီးရယ်ချင်နေမိခဲ့သည်။ မှတ်မှတ်ရရပါဘဲ ကျနော် ရှေ့တန်းမထွက်ခင်မနက်မှာ အိမ်ရှေ့မှာ တိုက်ဆိုင်စွာ ပွင့်လာသည့် ပိတောက်ပန်း တခက် ကိုခူးပြီး မမကို ပန်ပေးတယ်လေ။ ပြီးတော့  မမကို သင်္ကြန် အကြို ရေလောင်းပေးခဲ့မယ်နော် ဆိုပြီ..ပြောလိုက်တော့ မမ အံ့သြခြင်း ၀မ်းသားခြင်းတွေနဲ့ ကျနော့် နဖူးလေးကိုဖွဖွလေးနမ်းပြီး မျက်ရည်တွေ ၀ဲနေတယ်…ကျန်းမာရေး ဂရုစိုက်ပါလို့ပြောပြီး  မမကို နှုတ်ဆက်ကာ ရှေ့တန်းစစ်မြေပြင်ထွက်ဖို့ ယာဉ်တန်းကြီးနဲ့ချီတက်ခဲ့တယ်လေ။
နေရစ်ခဲ့တော့  မမရယ်…..။
……………………………………………………………………………………………………………………………
သြော်…လောကဓံတရားက အဆိုးအကောင်း အဆုတ်အမြတ် မရွေး  ရိုက်ခတ်တတ်တယ်ဆို ကျနော် သိလိုက်ရပါပြီ….။ကျနော်ရှေ့တန်းစစ်မြေပြင်ရောက်ပြီး  နှစ်ပတ်အကြာမှာ  ကျနော်ဆီကိုနောက်တန်းက ကြေးနန်းတစ်စောင် ၀င်ခဲ့ပါတယ်။ ကျနော့်ရဲ့မမက  မိဘတွေရှိတဲ့ မွေးရပ်မြေမှာ သားဖွားမယ်ဆိုပြီး ပြန်သွားချိန် လမ်းမှာ ကား accident  တခု ကြောင့် ဒဏ်ရာပြင်းထန်စွာရပြီးဆေးရုံမှာ ဆုံးသွားကြောင်း  ၊ကလေးရောမိခင် ပါ အသက် မမှီတော့ကြောင်း ၊မဆုံးခင် လေးမှာ ကျနော်နာမည်ကိုတဖွဖွ ရွတ်ဆိုပြီး ကျနော်ကိုသိပ်တွေ့ချင်ခဲ့ကြောင်း ပြောပြီး ဆုံးသွားခဲ့ပါတယ်တဲ့လေ။
အဲဒီသတင်းကြားတဲ့နေ့က ကျနော်ဘယ်လိုမှ ကို မဖြေသာနိုင်ခဲ့ဘူး…ခွင့်လွှတ်နားလည်ပေးပါ မမရယ်။ ကျနော် တို့စစ်သား ဘ၀ကိုနားလည်ပေးပါ။ ကျနော်တို့ သိပ်လိုချင်ခဲ့တဲ့ ကျနော်တို့ရဲ့မိသားစုကမ္ဘာလေးကနေ  မမက ဘာလို့ခွဲထွက်သွားတာလဲ။ မမပြောတော့ ကျနော့် ကို သိပ်ချစ်တယ်ဆို…ကျနော်ရှိနေသ၍ ဘယ်တော့မှ မခွဲတော့ဘူးဆို ….တခါတလေလောက ကြီးကမတရားဘူးဗျာ။ ဘာအပြစ်မှ မရှိတဲ့ ကျနော်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဘ၀လေးကို ဘာလို့ ဖျက်ဆီးရတာလဲ။ ကျနော် တို့ဘာတွေများ အပြစ်လုပ်မိခဲ့လို့လဲ။  ၀ဋ္ဋ်ရှိသမျှ ဒီဘ၀၊ဒီမျှနဲ့ ပဲ  ကျေပါတော့ ။ နောင်ဘ၀ဆိုတာ ရှိခဲ့သေးရင် ယခု လို အဖြစ်ဆိုးနဲ့မကြုံရပါစေနဲ့။ အဲဒီနေ့ကလျှပ်စီးတွေလက်ပြီး မိုးတွေ သည်းထန်စွာရွာခဲ့တယ်။ မိုးရေထဲမှာသေနတ်ကို ကိုင်ပြီး
မမ………..မမ….မမ……….
ဆိုတဲ့အသံတွေနဲ့ ကျနော် ငိုကြွေးနေမိတယ်…..။
    ……………………………………………………………………………………………………………………………
         မမ မရှိတော့တဲ့ ကျနော့်ကမ္ဘာလေးက အရမ်းကိုအထီးကျန် ဆန်လွန်းခဲ့ပါတယ်  ဒီပိတောက်ပန်းတွေ ဝေနေတိုင်း သင်္ကြန်ရေတွေ စိုနေတဲ့  မမ မျက်နှာလေးကို မြင်ယောင်နေမိတယ်… ဖေဖေ မေမေ လို့ ခေါ်နေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ နာနာကျင်ကျင် ခေါ်ဆိုနေသံကို နားထဲ ကြားယောင်နေမိတယ်။  မမနဲ့အတူမျှော်မှန်းခဲ့ရတဲ့ ကျနော်တို့ရဲ့ အနာဂတ် ကျနော်တို့နှစ်ယောက်ရဲ့ ကမ္ဘာ ငယ်လေးနဲ့အတူ မမြင်လိုက်ရတဲ့ ရင်သွေးလေးကများ ခေါ်ဆိုနေတာလား။ မမြင်ဘူးခဲ့တဲ့ ရင်သွေးလေးကို တမ်းတနေရင်း ငိုကြွေးနေမိပြန်တယ်။ ကြံ့ခိုင်တဲ့ စစ်သားဆိုပေမဲ့ ရင်ထဲမှာ နူးညံ့တဲ့ နှလုံးသားတစ်စုံကတော့ ကိန်းအောင်းနေတာမို့ စစ်သားမှာလဲ မျက်ရည်နဲ့ပါ မမရယ်။ ဖေဖေ မင်းကို ယုယခွင့် မရလိုက်ဘူး ဖေဖေ့ရဲ့ ရင်သွေးငယ်လေးရယ်။
သတိရမိတယ် မမရေ…အခုဆိုရင် အိမ်ရှေ့မှာပိတောက်ပန်းတွေနဲ့အတူ သင်္ကြန်မိုးပြေးလေး တောင်ရွာနေပြီ။ မိုးပြေးလေးရေ ကျနော့်ကို မမဆီတဲ့နေရာ ခဏလောက် ခေါ်ဆောင်ပေးပါလား……။ မကြွေလိုက်ပါနဲ့ဦး ပိတောက်တို့ရတယ်…ကျနော် ခပ်ကြာကြာလေး  မမကို လွမ်းချင်သေးလို့ပါ။ မမရဲ့ ဆံကေသာထက်ဆီမှာ ပန်ဆင်ပေးချင်သေးလို့ပါ။
 ……………………………………………………………………………………………………………………………                         " ♥♥♥ကမ္ဘာခြားလဲ ချစ်နေမယ်...♥♥♥"
သိပ်ချစ်တဲ့  ချစ်သူတွေကိုမြင်တိုင်း..
ငါမင်းကိုလွမ်းတယ်...။
အရမ်းချစ်ကြတဲ့ ဇာတ်လမ်းတွေကိုကြည့်မိတိုင်း
ငါမင်းကို သတိရတယ်.....။
အရမ်းကောင်းတဲ့ အချစ်ဝတ္ထုတွေကိုဖတ်မိတိုင်း
ငါမင်းကို တမ်းတမိတယ်.....။
အိုး.....
တိုက်ဆိုင်မှုတွေ ရှိတိုင်း
ငါမင်းကို လွမ်းဆွတ်တမ်းတ သတိရမိပါတယ် ...။
အရင်က ဆိုတဲ့ အတိတ်ကိုတွေးမိတိုင်း
ငါကြေကွဲနေရတယ်
အရမ်း မချစ်ခဲ့ကြရင် ကောင်းမှာဘဲနော်
ခုတော့ ငါတစ်ယောက်ထဲ အရမ်းခံစားနေရတယ်
ဘယ်တော့မှ မခွဲကြေးဆိုပီး
မင်းပြောခဲ့တယ်လေ။
မင်းကိုယ်တိုင်ပြောပြီး
ဘာကြောင့်များ
ဘယ်တော့မှ ပြန်မဆုံနိုင်တဲ့
ဟိုး အဝေးကြီးကို ထွက်ခွါသွားရတာလဲ ....
ရက်စက်လိုက်တာ ကံဇာတ်ဆရာရယ်
ကျွန်တော်တို့ နှစ်ယောက်က
အများသူငှာတွေ သ၀န်တို၊
လမင်းကြီး ထိုင်ငိုလောက်အောင်
ချစ်ပြနေလို့လား။
လူတိုင်းကအားကျ၊
မိဘတွေတားမရအောင်၊
အချစ်ပိုခဲ့ကြလို့လား။
မိုးကုတ်စက်ဝိုင်းကြီးအောက်မှာ
ရိုမီယို+ဂျူးလိယက်
လက်မြောက်လောက်အောင်
ကျနော်တို့ နှစ်ယောက်က
အကြင်နာတွေပိုခဲ့ကြလို့လား......
................လို့လား
.................လို့လား
ငါ့အနားမှာ မင်းမရှိတော့ပေမယ့်
ငါ့ရင်ထဲမှာ မင်းအမြဲရှိနေပါတယ်
ကံကြမ္မာက လှည့်စားတာလို့ လည်း
မဆိုရက်ပါဘူး
ငါတို့နှစ်ယောက်ရဲ့ရှေးရေစက် နည်းခဲ့တာလို့ဘဲ
မှတ်ယူရမှာပေါ့…..
ဘယ်လောက်ပဲ ဝေးနေပါစေ
မင်းနာမည်က ငါ့နှလုံးသားမှာ
ကဗျည်းထိုး ကျန် နေလျှက်ပါ
ဘယ်အရာနဲ့မှ ဖျောက်ဖျက်မှာ မဟုတ်သလို
ဘယ်လို အရာမျိုးကမှလည်း ပျောက်ပျက်အောင်
စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး
တစ်မိုးအောက် တစ်ယောက်ချစ်ခဲ့ သူမို့ပါ
အရာ အားလုံးထက် ပိုချစ်ခဲ့တယ်  မရယ်.....။
                                                             ငဖြိုး
ဖေ့စ်ဘုတ်မှကူးယူဖော်ပြပါသည်။ 

No comments:

Post a Comment