ရွှေလီသား(မဘိမ်း)

Saturday 10 September 2011

ကွန်လုံရက်ပေါင်း(၄၀)တိုက်ပွဲ

ကွမ်းလုံသိမ်းပြီးစင်ပြိုင်အစိုးရကျေညာဖို့အကြံ

ကွမ်းလုံသည် သံလွင်မြစ်၏မြောက်ဘက်ကမ်းတွင်တည်ရှိ၍ လားရှိုး၊ သိန္နီ၊ နမ်ဆလပ်၊ နာတီး နှင့် ဟိုလီ တို့မှ လာသော ၈၅ မိုင်ရှည်လျားသည့် ကားလမ်းနှင့်ဆက်မိအောင် သံလွင်မြစ် ကိုဖြတ်ကူး၍ ကြိုးတံတားဆောက်လုပ်ထားလေ သည်။ ထိုတံတားကို တရုပ်ကျွမ်းကျင်မှုအကူအညီဖြင့် ၁၉၆၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် စတင်ဆောက်လုပ်ခဲ့ရာ ၁၉၆၅ ခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ်နိုင်ခဲ့လေသည်။

ထိုတံတားဆောက်လုပ်ရာတွင် မြန်မာက ကျပ်ငွေခြောက်သိန်း၊ တရုပ်က ကျပ်ငွေခြောက်သန်း ကုန်ကျခံခဲ့ပြီး တရုပ်-ဗမာ ပူးပေါင်းဆောက်လုပ်ခဲ့ခြင်းဖြစ်သည့်အတွက် ထိုတံတားကို တရုပ်-ဗမာ ချစ်ကြည်ရေးတံတားဟု ခေါ်တွင်လေသည်။

၁၉၇၁ ခုနှစ် နိုဝင်ဘာလထဲတွင် ဗကပတို့က ကွမ်းလုံကို ထိုးစစ်ဆင်ပြီး ကွမ်းလုံမြောက်ဖက်ရှိ တောင်ကုန်းများကို တက်ရောက်သိမ်းယူကြရာ ရန်သူတို့ သံလွင်မြစ်ကိုဖြတ်ကူးပြီး တောင်ဘက်သို့ဆင်းမလာနိုင်အောင် ယင်း တရုပ်-ဗမာ ချစ်ကြည်ရေးတံတားကြီးကို ဖောက်ခွဲပစ်ရတော့မည့် အခြေအနေသို့ရောက်ခဲ့ရသည်။ ဖောက်ခွဲရန်လည်း အမိန့်ပေးပြီးပြီ၊ သို့ရာတွင် လက်မတင်ကလေးမှာပင် တပ်မတော်ဖက်က ခံစစ်မှ တိုက်စစ်သို့ ကူးပြောင်းနိုင်ခဲ့သဖြင့် ထိုချစ်ကြည်ရေးတံတားကြီးကို ဖျက်ဆီးခြင်းမပြုခဲ့ရတော့ပေ။

ကွမ်းလုံသည် အရှေ့တိုင်းစစ်နယ်မြေတွင် စစ်ရေးအရ အချက်အချာကျသောနေရာဒေသဖြစ်သည်။ ကွမ်းလုံ မြောက်ဖက်တွင်ကပ်လျက် လွယ်မန်ခါး၊ လွယ်မြင်ရှမ်း၊ ဟိုက်ကမ်းပါး၊ ပညက်ထန်၊ ရှောင်တီးလုံ စသော တောင်ကုန်းများသည် တခုနှင့်တခုဆက်ကာ ကွမ်းလုံမြို့မှ အရှေ့ဘက်သို့ ဟိုပန်အထိ ကမ်းလမ်းတလျှောက်ကိုမိုး၍ထားကြသည်။

ထိုတောင်တန်းကို ရန်သူတို့ တက်ရောက်သိမ်းပိုက်နိုင်ခဲ့လျှင် အရှေ့မြောက်တိုင်း၏စစ်ရေးအခြေအနေမှာ လုံးဝပြောင်းလဲသွားစရာရှိသည်။ သူတို့သည် ကွမ်းလုံမြောက်ဘက်ရှိ ကိုးကန့်နယ်နှင့် တောင်ဘက်ရှိ ၀နယ်များသာမက ကွမ်းလုံမြို့နယ်တခုလုံးကို သိမ်းပိုက်နိုင်ကာ လွတ်မြောက်သောနယ်မြေအဖြစ်ကျေညာပြီး ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ နှင့် စင်ပြိုင်အစိုးရ တည်ထောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဗကပတို့သည် ကွမ်းလုံရက်ပေါင်း ၄၀ တိုက်ပွဲမဖြစ်ပွားမီကပင် ကွမ်းလုံနယ်မြေကို မကြာခဏလာ၍စမ်းခဲ့ကြသည်။

သူတို့သည် ရွှေလီမြစ်ဝှမ်းတွင် ခြေကုတ်ရယူဖို့ရန် အကြံမအောင်မြင်ဘဲ သံလွင်မြစ်အရှေ့ဘက်သို့ စစ်ဗျူဟာ ပြောင်းရွှေ့ခဲ့ကြရသည့်အခါတွင် ကိုးကန့်နယ်မှ စော်ဘွားအုပ်ချုပ်မှုကို မကြေနပ်သော လူငယ်များအားစည်းရုံးပြီး ကိုးကန့် အနောက်ခြမ်းကို စတင်ဝင်ရောက်ခဲ့ကြသည်။

သို့သော် ဗကပနောက်သို့ပါသွားသူများမှာ ဗကပကိုနှစ်နှစ်ကာကာလိုလား၍မဟုတ်ကြချေ။ ဒေသခံတို့နှင့် မတည့်၍ ပါသွားကြခြင်းဖြစ်သည်။ ဒေသခံများကား တိုင်းရင်းသားအချင်းချင်း ပူးပေါင်းလိုသောဆန္ဒရှိကြသည်။ ထို့ကြောင့် လည်း ဗကပတို့၏နောက်သို့ လိုက်ပါမသွားကြသော လူငယ်များက ကာကွယ်ရေးများအဖြစ်ဖြင့် တပ်မတော်နှင့်လက်တွဲ ပြီး တာဝန်ထမ်းရွက်လျက် ရှိကြသည်ကိုတွေ့ရသည်။

ဗကပတို့သည် ကွမ်းလုံကိုချိန်ရွယ်ကာ ၁၉၇၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် မြောက်ဘက်ကဆင်းလာခဲ့ကြ သည်။ ၁၆ ရက်နေ့တွင် ကွမ်းလုံမြောက်ဘက်ရှိ လွယ်မန်ခါးတောင်ကို စတင်တိုက်ကြသည်။ သို့သော် ဗမာ့တပ်မတော် သားများက စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် ပြန်၍တိုက်ထုတ်လိုက်ကြသဖြင့် ရန်သူ ၄၉ ယောက်ကျ၍ ၅၁ ယောက်ထိခိုက်ဒဏ်ရာရပြီး တပ်လန်သွားကြသည်။

တဖန် သြဂုတ်လ ၁၆ ရက်နေ့တွင် နမ်းကွမ်းလုံချောင်းမှဝင်၍ ပန်လုံကိုသိမ်းယူခဲ့ကြသည်။ သို့သော် တပ်မတော်က တပတ်အတွင်း ပန်လုံကိုပြန်၍သိမ်းယူနိုင်ခဲ့ကြသည်။

သူတို့သည် မလျှော့ကြသေးဘဲ စက်တင်ဘာလထဲတွင် ဗင်ဟင်း နှင့် ဟိုစွမ်ကို တိုက်ဦးမည်လုပ်ကြသေးသည်။ သို့သော် သူတို့အကြံကိုသိ၍ တပ်မတော်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်တော့မည့် ဟန်ဆောင်လိုက်သဖြင့် ထိုအကြံကို စွန့်ပြီးလျှင် ကိုးကန့်အနောက်ခြမ်းရှိ သူတို့၏ခြေကုတ်စခန်းသို့ပြန်၍ဆုတ်သွားကြလေသည်။

ယင်းသို့ ဗကပတို့က လာရောက်တိုက်ခိုက်နေကြခြင်းမှာ ကွမ်းလုံကိုအလုံးအရင်းနှင့် တိုက်ခိုက်သိမ်းယူရန် တပ်မတော်၏ အင်အားအခြေအနေကို မျှော့သွေးစမ်းသည့် သဘောပင် ဖြစ်ဘွယ်ရာ ရှိသည်။ နိုဝင်ဘာ ၁၃ ရက် ၁၄ ရက် နေ့ လောက်တွင် ၀ ဗကပတပ်ရင်း (၃) ရင်း၊ ပြည်သူ့စစ် ၁၂၀၀ နှင့် နော်ဆိုင်းဦးစီးသော ဗကပ ၁၈၀၀ တို့ မြောက်ဘက် မှ ဆင်းလာကြသည်ဟု တပ်မတော်က သတင်းရရှိလေသည်။

နိုဝင်ဘာ ၁၉ ရက်နေ့တွင် သူတို့၏တိုက်စစ်စတင်ကာ လွယ်တွေ နှင့် ရှင်မကန် သို့ရောက်ပြီးခြေကုတ်ယူလိုက်ကြသည်။ သူတို့အထဲတွင် အမျိုးသမီးများလည်းပါလာကြသည်။

နိုဝင်ဘာ ၂၀ ရက် နေ့တွင် မိုင်တိုင် ၃၅ နှင့် ၄၀ တို့အကြားရှိ တံတားများကို ဖောက်ခွဲချိုးပစ်ကြသည်။ ထိုနေ့မှာပင် ကွမ်းလုံမြောက်ဘက်ရှိ လွယ်မန်ခါးတောင်ပေါ်မှ တပ်မတော်တပ်စုတစုရှိရာကို ရန်သူတို့က ၀င်ရောက်တိုက်ခိုက်ကြလေသည်။

ထိုနေ့နံနက် ၆ နာရီခွဲလောက်တွင် ကာကင်းအဖွဲ့တဖွဲ့သည် ရန်သူရှိရာဘက်မှန်း၍ ထွက်လာရာ ပထမသော် ဗကပတို့ဘက်မှ အင်အား ၁၅ ယောက်မျှသာရှိသည်ကိုတွေ့ရသည်။ ခဏကြာသော် သူတို့အင်အား ၅၀ ဖြစ်လာသည်ကို တွေ့ရ၍ ပြန်ဆုတ်ခဲ့ရသည်။ မကြာမီမှာပင် ၁၀၀ အထိဖြစ်လာပြီး အရှေ့ဘက်မှ နောက်ထပ်အင်အားဖြည့်ကာ မန်ခါး တောင်ကုန်းစခန်း ကိုတိုက်ကြလေသည်။

ထိုသို့လွယ်မန်ခါးကို ဗကပ အင်အား ၁၀၀ ကျော်တို့က ၀င်ရောက်တိုက်ခိုက်နေစဉ် ထိုတောင်၏မြောက်ဘက် တွင်ကပ်လျက်ရှိသော လွယ်မြင်ရှန်းတောင်ကုန်းမှ ကိုးကန့်ကာကွယ်ရေး ၈၀ ခန့်ကို အခြားဗကပတပ်တတပ်က အရှေ့ ဘက်မှနေ၍တိုက်ကြသဖြင့် ကာကွယ်ရေးတို့ ဆုတ်ပေးရလေသည်။

ထိုသို့ကာကွယ်ရေးတို့ကဆုတ်ပေးလိုက်ရသဖြင့် ဗကပတို့က လွယ်မြင်ရှန်းကို သိမ်းလိုက်ကြပြီး တောင်ပေါ် တွင် ကတုတ်ကျင်းများတူးကာ ထိုမှနေ၍ လက်နက်ကြီးများဖြင့် လွယ်မန်ခါးကို တညလုံးပစ်ခတ်ကြလေသည်။

သူတို့သည် နိုဝင်ဘာ ၂၁ ရက် နံနက် ၃ နာရီတွင် အာရုဏ်တက်တိုက်ပွဲ ဆင်ရန်ပြင်ဆင်နေကြစဉ် မန်ခါး တောင်ပေါ်ရှိ တပ်မတော်သားများက ပစ်ခတ်ကြသဖြင့် တိုက်ပွဲမဆင်နိုင်ဘဲရှိကြသည်။

ရန်သူ့အင်အားမှာ စုစုပေါင်း ၅၀၀ ကျော်မျှရှိသည်။ သို့ဖြစ်ရာအင်အားခြင်းမယှဉ်သာသည့်အလျောက် လွယ်မန်ခါးတောင်ပေါ်ရှိ တပ်စုမှူးက တောင်အောက်ကတပ်ကို အပေါ်သို့ခေါ်ယူလိုက်သည်။ ထိုသို့ခေါ်ယူလိုက်ခြင်းမှာ စစ်နည်းဗျူဟာအရ မှန်ကန်လှသည်။ ထိုအချိန်တွင် ဗကပတို့သည် တောင်အောက်ကို အလုံးအရင်းနှင့်ချီတက်လာလျက် ရှိကြသည်။ သို့သော် တောင်ပေါ်မှနေ၍ ပစ်ခတ်ကြသဖြင့် ရန်သူတို့တောင်အောက်တွင် နေရာမယူနိုင်ကြဘဲ ခပ်ဝေးဝေးမှာ ခိုကပ်နေကြရလေသည်။

ညဘက်တွင် လွယ်မြင်ရှန်းတ၀ိုက်ရှိ ဗကပများက မန်ခါးစခန်း မရပ်မနား ဒလစပ် ပစ်ခတ်တိုက်ခိုက်ကြသဖြင့် တပ်စုမှူးနှင့်တပ်သား ၂၈ ယောက် ညအမှောင်ထုကို အကာအကွယ်ယူ၍ ဆုတ်ခွာခဲ့ရသည်။ ထိုညမှာပင် လွယ်မန်ခါး တောင်ကုန်းကို ဗကပတို့သိမ်းယူလိုက်ကြသည်။ ထို လွယ်မန်ခါးတောင်တိုက်ပွဲမှာ ၃၇ နာရီကြာပြီး တပ်မတော်ဘက်မှ (၃) ဦးကျ၍ (၁၀) ဦး ဒဏ်ရာရခဲ့ကြကုန်သည်။

အဆုံးအဖြတ်ပေးသောဟိုက်ကမ်းပါးတိုက်ပွဲ

လွယ်မန်ခါးကို ဗကပတို့ရသွားကြပြီးနောက် နိုဝင်ဘာ ၂၂ ရက်နေ့ နှင့် ၂၅ ရက် ရက်နေ့များတွင် အမှတ် (၁၀၅) ခြေမြန်တပ်ရင်းမှ ပြန်၍ရအောင် နှစ်ကြိမ်တိုင်တိုင်ကြိုးစားကြလေသည်။ သို့ရာတွင် ဗကပတို့သည် လွယ်မန်ခါး တောင်ကြောတွင် နေရာယူထားကြပြီးဖြစ်သည့်အပြင် အပေါ်စီးမှနေ၍ လက်နက်ကြီးများနှင့်ဒလစပ် ပစ်ခတ်သည့်အတွက် မိမိတို့တပ်များမှာ ရှေ့သို့မတိုးနိုင် ရှိကြသည်။ ပထမနေ့က တပ်မတော်ဘက်မှ အရာရှိတဦးနှင့် တပ်သားလေးယောက်ကျသည်။

နိုဝင်ဘာ ၂၅ ရက် ဒုတိယနေ့တွင် တောင်ပေါ်ရှိဗကပအင်အားမှာ ၄၀၀ မှ ၅၀၀ အထိရှိလာသည်။ ယင်းသို့ အင်အားခြင်းမမျှသော်လည်း မိမိတို့တပ်များက ဇွဲသတ္တိအပြည့်အ၀ဖြင့် တောင်ပေါ် တက်၍တိုက်ကြသည်။ သို့သော် သီတာ (၁) ဟု အမှတ်အသား ပြုလုပ်ထားသောစခန်းအထိသာ တက်ရောက်၍ခြေကုတ်ရယူနိုင်ခဲ့သည်။ သီတာ (၂) စခန်းသို့ ဆက်လက်တက်ရောက်ဖို့ရန်မှာ တောင်ပေါ်ကလက်နက်ကြီးများဖြင့် မနားတမ်းပစ်ခတ်ကြသည့်အတွက် နာရီ ၀က်အတွင်း ဆုတ်ခွာ၍ပေးခဲ့ရသည်။ ထိုနေ့တိုက်ပွဲတွင် မိမိတို့ဘက်မှ (၄) ယောက်ကျ၍ (၃၄) ယောက် ထိခိုက် ဒဏ်ရာ ရရှိကြသည်။

ဗကပတို့သည် မန်ခါး၊ လွယ်မြင်ရှန်း နှင့် ပညက်ထန်တောင်ကုန်းများကိုရရှိထားကြပြီးနောက် အရှေ့ဘက်ရှိ ပေ ၆၀၀၀ ကျော်မြင့်သော ရှောင်တိလင်တောင်ကုန်းကို အင်အား ၅၀၀ ခန့်မျှဖြင့် တိုက်ကြပြန်သည်။ ထိုတောင်ကုန်းသည် ကွမ်းလုံမှ ဟိုပန် နှင့် စံပြရွာသို့သွားသောကားလမ်းမကြီးတခုလုံးကို စိုးမိုးထားသောလမ်းဖြစ်၏။ ရန်သူတို့သည် တိုက်ပွဲ ကို နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် ၅ နာရီတွင်စတင်ကာ တောင်ခြေရင်းရှိ ကာကွယ်ရေးများ၏တပ်စခန်းကို ဦးစွာတိုက်ခိုက်သဖြင့် ကာကွယ်ရေးများမှာ ထိုနေရာကဆုတ်ခွာပေးခဲ့ရသည်။

ထိုတောင်ပေါ်တွင် ခမရ (၁၀၅) မှ တပ်စုနှစ်စုရှိပြီး စံပြရွာတွင်တစုရှိလေသည်။ ဗကပတို့သည် အောက်ခြေကို သိမ်းပြီးနောက် တောင်ပေါ်ရှိတပ်စုနှစ်စုကိုပစ်ခတ်တိုက်ခိုက်ကြသည်။

မိမိတို့တပ်နှင့်ရန်သူအင်အားမှာ မမျှဘဲရှိရာ ၁၁ နာရီအချိန်လောက်တွင် တောင်ပေါ်မှဆုတ်ခွာဖို့ အထက်က အမိန့်ရောက်လာလေသည်။ သို့ဖြစ်၍ရိက္ခာများကိုဖျက်ဆီးပြီး ဆုတ်ခွာခဲ့ကြသည်။ ယင်းသို့ဆုတ်ခွာရာတွင် တပ်စုတစု သာလွတ်ပြီး တစုကိုအ၀ိုင်းခံရရာ စံပြရွာဘက်မှဆုတ်ခွာလာသောတပ်စုနှင့်ပေါင်းပြီး ခုခံတိုက်ခိုက်ကာ နောက်တနေ့ မနက် နမ့်ဟူးရွာအရောက် ဆုတ်ခွာ ခဲ့ရသည်။ ဤတိုက်ပွဲမှာ နံနက်မှညနေအထိ ၁၂ နာရီကြာပြီး မိမိတို့ဘက်မှ (၁) ယောက်ကျ၍ (၂၄) ယောက်ပျောက်ဆုံးခဲ့သည်။

ဗကပတို့သည် မန်ခါး၊ လွယ်မြင်ရှန်း နှင့် ပညက်ထန်၊ ရှောင်တိလုံ တောင်ကုန်းများကိုရရှိထားကြပြီဖြစ်ရာ ကွမ်းလုံမြို့နောက်ဘက်တွင်ကပ်လျက်ရှိသည့် ဟိုက်ကမ်းပါးကို ရယူဖို့ရန်သာ လိုတော့သည်။ ထိုတောင်ကုန်းကိုရလိုက်လျှင် ကွမ်းလုံမြို့သည် အချိန်ပိုင်း နာရီပိုင်းအတွင်း ကျဆုံးဖို့ရှိလေသည်။

ဤတိုက်ပွဲသည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဆင်ရေးကို အဆုံးအဖြတ်ပေးမည့်တိုက်ပွဲပင်ဖြစ်ပေတော့သည်။ တကယ်ဆိုတော့ ရန်သူတို့ကဖွင့်၍တိုက်သည့် စစ်မျက်နှာမှာ ဤတောင်ကုန်းများ တ၀ိုက်သာလျှင်မဟုတ်ချေ။ တိုက်ပွဲကြီး စတင်သည့် နိုဝင်ဘာ ၁၉ ရက်နေ့တွင် မိုင်တိုင် ၃၅ နှင့် ၄၀ အကြားရှိတံတားများကို ချိုးဖျက်ကာ စစ်ကူမရောက်လာနိုင် အောင် လုပ်ထားခဲ့ရာ ထိုနေရာကမှစ၍ စံပြရွာအထိတိုင်းထွာသတ်မှတ်လိုက်မည်ဆိုလျှင် ရန်သူတို့ဖွင့်လိုက်သည့် စစ်မျက်နှာမှာ မိုင်ပေါင်း ၃၀ မျှရှည်လျားသည်ဟု ဆိုရပေလိမ့်မည်။

ထို့ကြောင့် ဟိုက်ကမ်းပါးကျသည်နှင့် သိန္နီအရှေ့ရှိ ကွမ်းလုံနယ်မြေတခုလုံးသည် ဗကပလက်သို့ကျရောက်ကာ “လွတ်လပ်သောနယ်မြေ” ဖြစ်သွားနိုင်လေသည်။ သို့ဖြစ်၍ ရန်သူတို့အဖို့ ဟိုက်ကမ်းပါးကိုအရယူဖို့ရန် အရေးကြီးသလို တပ်မတော်အဖို့လည်း ထိုတောင်ကုန်းကိုလက်မလွတ်ရအောင် အစွမ်းကုန်ခုခံကာကွယ်ဖို့ရန် အရေးကြီးလှပေသည်။

နိုဝင်ဘာ ၃၀ ရက်နေ့တွင် ဗကပတို့သည် ဟိုက်ကမ်းပါးကို တပ်ရင်း ၂ ရင်းဖြင့်ပုံအော၍တိုက်ကြလေသည်။ မိမိတို့ဘက်ကမူ ကချင် (၃) မှ တပ်စု ၂ စု နှင့် ခမရ (၁၀၅) မှ တပ်စု ၁ စု သာရှိသည်။ ထိုတပ်စုများကို ခမရ (၁၀၅) မှ ကွပ်ကဲမှုပေးခဲ့သည်။ ခမရ (၁၀၅) မှ တပ်ရင်းမှုးလည်း ဟိုက်ကမ်းပါးရှိနေသည်။

ဗကပတို့သည် ရှေ့ကတိုက်ပြီး ဘေးကဖြတ်တောက်ကြသည်။ လွယ်မန်ခါး နှင့် ပညက်ထန်မှနေ၍လည်း ပစ်ခတ်ကာ အကူပေးကြသည်။

ဤမျှသောအင်အားဖြင့် ခုခံတိုက်ခိုက်ခဲ့ရသည်မှာ ခံစစ်တိုက်ခိုက်နည်းအရဆိုလျှင် တပ်လုံးပြုတ်ပြီး ထို တောင်ကုန်းရောမြို့ပါ ရန်သူ့လက်သို့ကျဆင်းသွားစရာရှိလေသည်။ သို့ရာတွင် ရန်သူတို့သည် အင်အားများ၍ လက်နက် သာစေကာမူ တိုက်ရည်ခိုက်ရည်နှင့်ဇွဲသတ္တိတွင် ဗမာ့တပ်မတော်သားတို့ကိုမမှီဘဲရှိကြသည်။ တပ်မတော်သားတို့သည် ရဲမာန်ဟုန်စစ်ဆင်ရေးဟု အမည်ပေးထားသည့်အတိုင်း ရဲစိတ်ရဲမာန် ထက်သန်ကြသည်။ မြေတလက်မကိုမျှ အနိုင်မခံအရှုံး မပေးဟူ၍လည်း သန္နိဌာန်ချမှတ်ထားကြသည်။

ယင်းသို့လျှင်အင်အားခြင်းမမျှကြသော်လည်း ရန်သူကိုချေမှုန်းနိုင်ရန် ခံစစ်အနေဖြင့် မိုင်းခင်းထားကြသည်။ ရန်သူတို့က ထိုမိုင်းခင်းကိုဖြတ်ပြီးတက်လာကြသည်တွင် မိမိတို့ဘက်က လက်နက်ကြီးများဖြင့်ပြန်၍ပစ်ခတ်ဖြိုခွင်းကာ တားဆီးကြရသည်။ သို့သော် ဗကပများသည် ဇွဲနဘဲဖြင့် သဲသဲမဲမဲချီတက်ကာ မိုင်းခင်းများကို အထပ်ထပ်ဖြတ်ကျော်လာ ကြလေသည်။

တိုက်ပွဲမှာ ညနေ ၄ နာရီ မိနစ် ၂၀ ခန့်ကစရာ ညအမှောင်လွှမ်းသည့်တိုင်အောင် အကြိမ်ကြိမ်တိုက်ကြရပြီး ည ၁၁ နာရီခွဲခန့်တွင် မိမိတို့တပ်များက အောက်သို့ဆုတ်ခွာလာခဲ့ကြရသည်။

ယင်းသို့ မိမိတပ်များကဆုတ်အပေးတွင် ဟိုက်ကမ်းပါးတောင်ကုန်းကို ဗကပများကသိမ်းယူလိုက်ကြသဖြင့် တောင်ပေါ်တွင် သူတို့ချည်းရှိနေတော့မှ ကွမ်းလုံတဖက်ကမ်းရှိ မိမိတို့၏တပ်များက ရှိသမျှလက်နက်ကြီးများဖြင့် တောင်ပေါ်ရှိရန်သူများကို ပစ်ခတ်တိုက်ခိုက်ကြရလေတော့သည်။

ဗကပတို့သည် အင်အားကြီးမားစွာဖြင့် ထိုဟိုက်ကမ်းပါးတောင်ကုန်းကို သိမ်းယူရန်တက်ရောက်ခဲ့ကြသော် လည်း လမ်းတိုင်းတွင်ဗုံးမြှုပ်ထားသောမိုင်းခင်းများကို အထပ်ထပ်ဖြတ်ကျော်လာရသည့် အတွက် ဟိုက်ကမ်းပါး တောင်ကုန်းပေါ်ရောက်သည့်အခါ အင်အား ၄၀၀ မျှသာကျန်ရှိတော့၏။ (လမ်းတွင်မြှုပ်ထားသောမိုင်းဗုံးများမှာ အလုံး ၁၅၀ ရှိရာ ၁၄၈ လုံးပေါက်ကွဲခဲ့လေသည်။)

ဗကပတို့သည် တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဟိုက်ကမ်းပါးတောင်ကုန်းကို နာရီဝက်မျှ သာ သိမ်းယူထားနိုင်ခဲ့ပြီး သူတို့၏အလောင်းများကို ကောက်ယူကာ ပြန်လည်ဆုတ်ခွာပြေးကြရလေသည်။ ချက်ခြင်းပင် ခမရ (၁၀၅) မှ တပ်စုနှစ်စု နှင့် ကချင် (၃) မှတပ်စုတို့က ထိုတောင်ကုန်းကို သန်းခေါင်ကျော်လောက်တွင် ပြန်၍သိမ်းယူ လိုက်ကြသည်။

ထိုတိုက်ပွဲမှာ ၈ နာရီမျှကြာပြီး အရှေ့မြောက်ပိုင်းတိုင်းတွင် တပ်မတော်ကရင်ဆိုင်ရသောတိုက်ပွဲများအနက် အပြင်းထန်ဆုံးဖြစ်လေသည်။ စစ်သမိုင်းတွင်လည်း မော်ကွန်းတင်လောက်အောင် ပြောင်မြောက်သော အောင်ပွဲရတိုက်ပွဲ လည်းဖြစ်သည်။

ဤတိုက်ပွဲတွင် မိမိတို့ဖက်မှ (၃) ယောက် ကျဆုံးပြီး (၁၁) ယောက် ဒဏ်ရာရပြီး (၁) ယောက် ပျောက်ဆုံးခဲ့ သည်။ ရန်သူတို့ဖက်ကမူ အကျအဆုံးအများဆုံးဖြစ်သောတိုက်ပွဲဖြစ်လေသည်။ ဗကပတို့သည် သူတို့ဖက်က အကျ အဆုံးကို မသိရအောင်ခြေရာဖျောက်လေ့ရှိသည့်အတိုင်း သူတို့အလောင်းများ၊ ခြေပြတ်လက်ပြတ်အပိုင်းအစများကို ဂုံနီအိတ်များတွင်ထည့်၍ ယူသွား ကြကြောင်းဖြင့် ထမ်းပိုးပေးလိုက်ကြသူများ၏ ပြောပြချက်အရ သိရှိရပေသည်။ ယင်းသို့ ဖျောက်ဖျက်သည့်တိုင်အောင် မသယ်နိုင်၍ ကျန်ရစ်ခဲ့သော အလောင်း (၇) လောင်းကိုတွေ့ရသေးသည်။

ဒီဇင်ဘာ ၅ ရက်နေ့တွင် ဗကပတို့က ထိုတောင်ကုန်းကို ပစ်ခတ်တိုက်ခိုက်ကြသေး၏။ သို့သော်သူတို့လာ ရောက်တိုက်သမျှတို့ကို မိမိတို့ကတွန်းလှန်ပစ်လိုက်နိုင်ခဲ့သည်ချည်းဖြစ်သည်။ ထိုသို့အောင်နိုင်ခဲ့ရခြင်းမှာ တပ်မတော်၏ စွမ်းရည်တခုတည်းကြောင့်မဟုတ်ဘဲ ကွမ်းလုံမြို့ပေါ်ရှိ လုပ်သားပြည်သူတို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှဦးကြီးတို့၏ ကူညီအားပေး လက်တွဲမှုတို့ကြောင့်ဖြစ်လေသည်။

သည့်နောက်တွင်တိုက်ပွဲ ၂ ပွဲ ၃ ပွဲ ဆက်၍ဖြစ်သေးကာ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ဗကပတို့သည် ကွမ်းလုံ နယ်မြေမှ ဆုတ်ခွာသွားကြရလေတော့သည်။

ဤ ကွမ်းလုံရက်ပေါင်း ၄၀ တိုက်ပွဲတွင် ရန်သူတို့သည်နလံမထူနိုင်အောင် အရေးနိမ့်သွားကြကာ ရရှိခဲ့သော “ဒဏ်ရာများကို လျှာဖြင့်လျက်ရင်း” ကြိတ်မနိုင်ခဲမရဖြစ်နေကြလေသည်။

http://tyrinonote.wordpress.com(မှကူးယူဖော်ပြပါသည်)

No comments:

Post a Comment