ရွှေလီသား(မဘိမ်း)

Saturday 10 September 2011

မဲသဝေါစစ်ဆင်ရေး၏ အလှည့်အပြောင်းဖြစ်စေသော တိုက်ပွဲ (၁)


Posted: April 26, 2011 by tyrino

မဲသဝေါ၏ ပထမဆုံး တန်ပြန်အောင်ပွဲ (H-575241)

မဲသဝေါဒေသ အရေးအခင်းဟာ မြန်မာ့တပ်မတော်ရဲ့ စစ်သမိုင်းမှာ အပြင်းထန်ဆုံး၊ တစ်နေရာတည်းမှာ ရန်သူအမျိုးအစား အစုံလင်ဆုံး၊ နှစ်ဖက် အကျအဆုံးအများဆုံးသော တိုက်ပွဲကြီးတစ်ခုပါ… ဒီမိုကရေစီတောင်းဆိုမှု အရေးအခင်းနဲ့ ဆက်စပ်ပြီး မြို့ပေါ်မှာ နိုင်ငံရေးအကျပ်အတည်း ဖြစ်နေတာကို သောင်းကျန်းသူတွေအနေနဲ့ အခွင့်ကောင်းယူ၊ တပ်ပေါင်းစုဖွဲ့ပြီး စင်ပြိုင်အစိုးရ ထူထောင်ဖို့အထိ အစီအစဉ် ရှိခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေး ရောထွေးနေတဲ့ စစ်ပွဲကြီးတစ်ပွဲ ဆိုရင်လည်း မမှားပါဘူး…

ဒီမိုကရေစီတောင်းဆိုမှု အရေးအခင်းကြောင့် တိုင်းပြည်မငြိမ်မသက် ဖြစ်ရာမှ တပ်မတော်ဟာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပါတယ်… ဒီလို နိုင်ငံတော် အာဏာကို ထိန်းသိမ်းပြီး နောက်ရှစ်ရက်အကြာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှာ KNU ခေါင်းဆောင်တဲ့ မဒတ(မြန်မာ့ ဒီမိုကရေစီ တပ်ပေါင်းစု) သောင်းကျန်းသူ တပ်ပေါင်းစုဟာ မဲသဝေါဒေသရဲ့ ရှေ့ကာစခန်းဖြစ်တဲ့ အံ့ကျော်ကုန်းစခန်းကို သာလွန်အင်အားသုံးကာ တိုက်ခိုက်သိမ်းပိုက်လိုက်ရာမှ အစပြုပြီး မဲသဝေါတိုက်ပွဲကြီး အစပြုခဲ့ရပါတယ်…
တိုက်ပွဲမဖြစ်မီမှာ မဲသဝေါဒေသရဲ့ တပ်အခင်းအကျင်းကတော့ ဒီလိုပါ… ရှေ့တန်း ခလရ (၇၆) ဟာ စစ်ကြောင်းဌာနချုပ် နှစ်ခုနှင့် တပ်ခွဲ လေးခွဲကို မဲသဝေါဒေသမှာဖြန့်ခွဲထားပြီး ကျန်တပ်ခွဲကို ရှမ်းရွာသစ်စခန်းမှာ ရှေ့တန်း ခလရ (၇၇) ရဲ့ ကွပ်ကဲမှုအောက်မှာ တပ်ဖြန့်ထားပါတယ်… မဲသဝေါဒေသမှာ ခလရ (၇၆) ရဲ့ တပ်ဖြန့်ထားပုံကတော့ -
၁ ။ စစ်ကြောင်း (၁) စစ်ကြောင်းရုံးနှင့် တပ်စု တစ်စု မောရလီစခန်း
၂ ။ စစ်ကြောင်း (၂) စစ်ကြောင်းရုံးနှင့် တပ်စိတ် နှစ်စိတ် ကဆာနလီစခန်း
၃ ။ တပ်ခွဲ တစ်ခွဲ မဲသဝေါ ပင်မစခန်း
၎ ။ တပ်ခွဲရုံးနှင့် တပ်စိတ် လေးစိတ် ပွိုင့် (၉၆၂) စခန်း
၅ ။ တပ်ခွဲရုံးနှင့် တပ်စု တစ်စု ပွိုင့် (၈၆၅) စခန်း
၆ ။ တပ်စု တစ်စု အံ့ကျော်ကုန်းစခန်း
၇ ။ တပ်ခွဲရုံးနှင့် တပ်စု လေးစု လှုပ်ရှား အရန် အဖြစ်ထားရှိပြီး
ပွိုင့် (၁၇၇၈) တ၀ိုက်မှာ တပ်ခွဲရုံးနှင့် တပ်စုနှစ်စု၊ ပွိုင့် (၉၆၂) တ၀ိုက်မှာ တပ်စု တစ်စု၊ ပွိုင့် (၈၆၅) တ၀ိုက်မှာ တပ်စု တစ်စု လှုပ်ရှား စိုးမိုးထားပါတယ်…

KNU နဲ့ မဒတ အင်အားစုတွေဟာ အံ့ကျော်ကုန်းကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှာ သာလွန်အင်အားသုံး တိုက်ခိုက်ပြီးနောက်မှာ အဆင့်မြင့် ဒုံးကျည်တွေဖြစ်တဲ့ ၂.၇၅ လက်မ ဒုံးကျည်တွေ၊ ၈၄ မမ၊ ၇၅ မမ နှင့် ၅၇ မမ နောက်ပွင့်ရိုင်ဖယ်တွေ၊ ၈၂ မမ နှင့် ၆၀ မမ စိန်ပြောင်းတွေ၊ RPG ဒုံးကျည်တွေ၊ ၃.၅ လက်မ လောင်ချာတွေ၊ .၅၀ လက်မ စက်သေနတ်ကြီးတွေနဲ့ အခြား လက်နက်ငယ်မျိုးစုံကို အသုံးပြုပြီး ကျန်ရှိနေသေးတဲ့ တပ်မတော်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပါတယ်…

တပ်မတော် စစ်ကြောင်းတွေရဲ့ အခြေအနေကတော့ ရန်သူက သာလွန်အင်အားသုံး တိုက်ခိုက်မှုတွေကြောင့် လည်းကောင်း၊ ကျည်ဆန်ကုန်လာတာတွေကြောင့်လည်းကောင်း၊ KNU နဲ့ မဒတ တို့အနေနဲ့ လိုအပ်တဲ့ ခဲယမ်းနဲ့ ရိက္ခာတွေကို သောင်းရင်းမြစ်တလျှောက် ပဲ့ချိတ်စက်လှေတွေ အသုံးပြုပြီး ပို့ဆောင်ဖြည့်တင်းနိုင်မှုတွေကြောင့် လည်းကောင်း၊ တပ်မတော်ဟာ ဆက်လက်မခုခံနိုင်တော့ပဲ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလမှာ ကဆာနလီစခန်း၊ ပွိုင့် (၉၆၂) စခန်းနဲ့ မဲသဝေါပင်မစခန်း တွေကနေ ဆုတ်ခွာပေးလိုက်ရပြီး မောရလီတောင်ကြားမှာ စုစည်းပြီး ခုခံခဲ့ရပါတော့တယ်…

ဒါတွေကြောင့် အထက်ဌာနချုပ်ကလည်း မဲသဝေါစစ်မျက်နှာအတွက် စစ်ကူတပ်များ စေလွှတ်ခဲ့ပါတယ်… ခမရ (၃)၊ ခမရ (၄)၊ ခမရ (၆)၊ ခမရ (၇)၊ ခလရ (၇၅)၊ ခလရ (၇၈)၊ ခလရ (၈၀)၊ ခလရ (၈၁) နှင့် ခလရ (၈၂) တို့ကို မဲသဝေါဒေသဆီ စစ်ကူစေလွှတ်ခဲ့ပါတယ်… ခလရ (၇၇) ကတော့ ရှမ်းရွာသစ်စခန်းကနေ လိုအပ်တဲ့ ကုန်းကြောင်း၊ လေကြောင်း ထောက်ပံ့မှုတွေကို ဆောင်ရွက်ပေးခဲ့ရပါတယ်… ဒါပေမယ့်လည်း ရန်သူဟာ ရှမ်းရွာသစ်စခန်းနဲ့ ပွိုင့် (၈၆၅) ကြားကနေ အခိုင်အမာ ဖြတ်တောက်ပိတ်ဆို့ထားတာကြောင့် စစ်ကူတပ်တွေဟာ မဲသဝေါဒေသကို အချိန်မီ လွယ်လွယ်ကူကူ မရောက်ရှိနိုင်ခဲ့ပါဘူး…ဒါ့အပြင် ဆက်သွယ်ရေးလမ်းကြောင်း ရှည်လျားခြင်း၊ ရေကြီးတဲ့ချောင်းတွေ ရှိနေခြင်းကြောင့် စစ်ကူချီလာတဲ့ တပ်တွေကို နှောင့်နှေးစေခဲ့ပါတယ်…

စစ်ကူတပ်များ အဆက်မပြတ် ရောက်ရှိလာချိန်မှာတော့ တပ်မတော်စခန်း တော်တော်များများဟာ စွန့်လွှတ်ပြီးချိန်ဖြစ်နေပါပြီ… ဒါ့အပြင် ရန်သူဟာလည်း မဲသဝေါဒေသ တစ်ခုလုံးကို ၀ိုင်းပတ်ချေမှုန်းဖို့ ထိုးစစ်ဆင်နေချိန်ပါ… ဒီ့အတွက် စစ်ကူရောက်လာတဲ့တပ်တွေဟာ ရန်သူကို တန်ပြန်ထိုးစစ်ဆင်ဖို့ထက် ၀ိုင်းပတ်လာတဲ့ ရန်သူတွေကို ထိတွေ့ရင်ဆိုင် ဟန့်တားနေရတာကြောင့် အရန်တပ်မရှိသလောက် ဖြစ်သွားပါတော့တယ်… အရန်တပ် မရှိတာကြောင့် စစ်ကူရောက်လာတဲ့ တပ်တွေအတွက် ရိက္ခာထောက်ပံ့ရေး အခက်အခဲ ရှိလာခဲ့ပါတယ်… မဲသဝေါပင်မစခန်းကို စွန့်လွှတ်ခဲ့ရချိန်မှာ စုပုံရိက္ခာတွေကို မီးရှို့ဖျက်ဆီးခဲ့ရတာကြောင့် မဲသဝေါဒေသမှာရှိနေတဲ့ တပ်ရင်း (၁၀) ရင်းအတွက် ရိက္ခာအခက်အခဲက ရှိနေပါတယ်… အနီးဆုံး စုပုံရိက္ခာရှိနေတဲ့ စခန်းဟာ ရှမ်းရွာသစ်စခန်းပါ… ကျန်တပ်တွေနဲ့ (၁၆) မိုင်လောက်ဝေးပါတယ်… ဒီရိက္ခာတွေကို လူအားနဲ့ သယ်ယူနေရတာကြောင့် ရိက္ခာဖူလုံအောင်ဝေငှဖို့ အခက်အခဲ ရှိနေပါတယ်… ရိက္ခာ တစ်ကြိမ်သယ်ယူဝေငှပြီး နောက်တစ်ခေါက် ရိက္ခာသွားသယ်နေစဉ်မှာ တပ်ရင်းတွေဟာ ရိက္ခာကိုအမြဲတမ်း ဆန့်စားနေရတဲ့အဖြစ်ပါ… မဲသဝေါတိုက်ပွဲရဲ့ ပထမပိုင်းဟာ တပ်မတော်စစ်ကြောင်းတွေ ရိက္ခာပြတ်တောက်မှုပြဿနာ အထူးကြုံတွေ့နေရပြီး ရန်သူရဲ့ခေတ်မီလက်နက်မျိုးစုံနဲ့ စုပြုံပစ်ခတ်မှုဒဏ်ကို အလူးအလဲခံစားရတဲ့ကာလ၊ အထိအခိုက် အကျအဆုံး အများဆုံးကာလပဲ ဖြစ်ပါတယ်…

ပွိုင့် (၈၆၅) စခန်းဟာ ကနဦးက ရှေ့တန်း အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် အခြေစိုက်ပြီး၊ နောက်ပိုင်းမှာ ရှေ့တန်း အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ် အခြေစိုက်ထားပါတယ်… ရန်သူဟာ မဲသဝေါ ပင်မစခန်းကို သိမ်းပိုက်ရရှိပြီးနောက်မှာ ကွပ်ကဲမှုတည်ရှိရာ ပွိုင့် (၈၆၅) စခန်းကို ထိုးဖောက်တိုက်ခိုက်ဖို့ ကြိုးစားလာခဲ့ပါတယ်… ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့မှာ မဲပေါချောင်းဝဖက် တောင်ကြောမှတဆင့် အဆင့်ဆင့်ခြေကုပ်ယူပြီး ရန်သူဟာ မြေပုံညွှန်း (H-575241) နဲ့ (H-580242) တောင်ကြောများကို သိမ်းပိုက်ခဲ့ပါတယ်… မောရလီစခန်းကိုလည်း လက်ပစ်ဗုံး၊ မီးလောင်ဗုံးများအသုံးပြုပြီး အနီးကပ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတာပါ… ကွပ်ကဲမှုဌာနချုပ် တည်ရှိရာ ပွိုင့် (၈၆၅) စခန်းကိုလည်း ခြိမ်းခြောက်လာခဲ့ပါတယ်… ဒါကြောင့် ခမရ (၄) ကို ၄င်းတောင်ကြောမှာရှိနေတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ထားလိုက်ရပါတယ်… ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ၂၈ ရက်နေ့မှာ ပွိုင့် (၉၆၂) စခန်းကို ခမရ (၆) ကနေ သိမ်းပိုက်ခြေကုပ်ယူပြီး ပွိုင့် (၁၇၇၈) တောင်ကုန်း၊ အံ့ကျော်ကုန်းနှင့် ကဆာနလီရှိ ရန်သူတွေကို ခမရ (၆)၊ ခမရ (၇)၊ ခလရ (၇၈)၊ ခလရ (၈၁) တို့ကနေ ရင်ဆိုင်ထားလိုက်ကြပါတယ်… ပွိုင့် ( ၁၆၀၁) မှာရှိနေတဲ့ရန်သူကိုတော့ ခလရ (၈၀)၊ ခလရ (၈၂) တို့က ရင်ဆိုင်ထားပါတယ်… ခလရ (၇၅)၊ ခလရ (၇၆) နှင့် ခမရ (၃) က စစ်ကြောင်း (၂) နဲ့ တပ်ခွဲ နှစ်ခွဲတို့ဟာလည်း မောရလီတောင်ကြောမှာ ရန်သူ့ထိုးစစ်ကို ခုခံနေခဲ့ရပါတယ်…

ဒီလိုနဲ့ပဲ KNU ခေါင်းဆောင် ဘိုမြဟာ မဒတအဖွဲ့အစည်းအပေါ် ခေါင်းဆောင်မှုရယူဖို့ မီးကုန်ယမ်းကုန်သုံးတဲ့ မဲသဝေါတိုက်ပွဲကြီးမှာ ရန်သူအင်အား ၂၀၀၀ ကျော်ကို တပ်မတော်တပ်ရင်း ၁၀ ရင်းက အနီးကပ် ရင်ဆိုင် ထိန်းချုပ်နေရတာကြောင့် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခြင်းမရှိပဲ အရန်တပ်တွေအားလုံး ဒေသန္တရ ရင်ဆိုင်တိုက်ပွဲမှာ ပါဝင်နေကြရတဲ့အဖြစ်နဲ့ ကြုံကြရပါတော့တယ်… အုပ်ချုပ်မှု အလျဉ်မီအောင် မဆောင်ရွက်နိုင်တာကြောင့်လည်း တပ်တွေဟာ ရိက္ခာပြတ်တောက်မှု ကြုံတွေ့ရပြီး ငှက်ပျောအူနဲ့ ပုတတ်ဥတွေ တူးစားကြရတဲ့ အဖြစ်ကို ကြုံကြရပါတော့တယ်…

ဒီလိုအခြေအနေတွေမှာပဲ မဲသဝေါဒေသရဲ့ စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့မှူးဟာ ရှမ်းရွာသစ်မှတဆင့် မဲသဝေါဒေသ ပွိုင့် (၈၆၅) စခန်းကို ၁၉၈၈ ခု၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ရောက်ရှိလာပြီးတော့ စစ်ဆင်ရေးကို အနီးကပ် ကွပ်ကဲပါတော့တယ်… မဲသဝေါဒေသကို ကားလမ်း၊ လှည်းလမ်းတွေ အမြန်ဖောက်လုပ်စေပြီး အုပ်ချုပ်ထောက်ပံ့မှုကို ဦးစားပေး ဖြည့်တင်းဆောင်ရွက်ပေးခဲ့ပါတယ်… လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို အဆက်မပြတ် ပို့ဆောင် ဖြည့်တင်းပြီးနောက်မှာတော့ ထိုးစစ်ကို စတင်ခဲ့ပါတော့တယ်…

မြေပုံညွှန်း H – 575241 မှာရှိနေတဲ့ ရန်သူကို မူလက ခမရ (၄) က ရင်ဆိုင်ခဲ့တာပါ… ဒါပေမယ့် စစ်ဆင်ရေး အဆင့် (၁) ကို စတင်ချိန်မှာ ခမရ (၄) အနေနဲ့ ထိခိုက်ဒဏ်ရာရသူ များပြားလွန်းနေပါတယ်… တပ်ရင်းတစ်ရင်းလုံးမှာ အင်အား ၁၆၀ လောက်ပဲကျန်တော့တဲ့အတွက် ခမရ (၄) ကို အနားပေးပြီး ခမရ (၃) ကို ထိုးစစ်အဆင့် (၁) အတွက် တာဝန်ပေးခဲ့ပါတယ်…

မြေပုံညွှန်း H – 575241 ရှိရန်သူကို တိုက်ခိုက်ဖို့ အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူးက သတိပေးအမိန့် ထုတ်ပြန်ထားတာကြောင့် ခမရ (၃) တပ်ရင်းမှူးဟာ ၁၉၈၈ခု၊ နိုဝင်ဘာလ ၂၄ ရက် နဲ့ ၂၅ ရက်နေ့ တို့မှာ ခမရ (၄) စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) နေရာတွေကနေ ရန်သူ့နေရာကို မြင်ကွင်းမျိုးစုံမှ အသေးစိတ် လေ့လာထောက်လှမ်းမှုတွေ ပြုလုပ်ထားခဲ့ပါတယ်… ၁၉၈၈ခု၊ နိုဝင်ဘာလ ၂၇ ရက်နေ့၊ ခမရ (၄) နဲ့ ခမရ (၃) တို့ တာဝန်လဲလှယ်ကြပြီးချိန်မှာတော့ ခမရ (၃) တပ်ရင်းမှူးဟာ ရန်သူ့တောင်ကုန်း H – 575241 ကို စစ်ကြောင်း (၁) ရှိရာနေရာကနေ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ…

ရန်သူ့စခန်းဟာ လက်ရှိရင်ဆိုင်ထားရာနေရာကနေကြည့်ရင် ကိုက် ၂၀၀ လောက်သာဝေးတာပါ… ကြားမှာ မြေနိမ့်တောင်ကြောတစ်ခု ရှိပြီး ၀ါးပိုးဝါးပင်တွေကလည်း ပေါက်ရောက်နေပါတယ်… စစ်ကြောင်းနေရာဟာ ရန်သူ့စခန်းထက် အနည်းငယ်မြင့်မားတယ် ထင်ရပေမယ့် တကယ်တမ်း ရန်သူ့စခန်းကို သွားမယ်ဆိုရင် ပထမမှာ အဆင်းဆင်းပြီး ပြန်မော့တက်ရမှာပါ… ရန်သူနဲ့ ရင်ဆိုင်ထားတဲ့ အကွာအဝေးကလည်း ကိုက် ၂၀၀ လောက်သာ ရှိတာကြောင့် ရန်သူဟာ နေ့ရော ညပါ လက်နက်ကြီး၊ လက်နက်ငယ်တို့နဲ့ ကြိုကြား ပစ်ခတ်နေပါတယ်… အထူးသဖြင့် မနက်ခင်း အိပ်ယာထချိန်၊ စားသောက်ချိန်နဲ့ ညနေစောင်းချိန်တွေမှာ ပိုမိုပစ်ခတ်တာကို ခံရပါတယ်… ဒါကြောင့် ရန်သူကို ပြန်လည်ပစ်ခတ်နေရသလို ကတုတ်ကျင်းတွေကိုလည်း ပိုမိုကောင်းမွန်အောင် ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်…

ရန်သူအင်အား ၁၅၀ လောက်မှာ ရင်ဆိုင်ထားတဲ့ ရန်သူအင်အားဟာ ၃၀ လောက်သာရှိတယ်ဆိုပေမယ့် ကျန်အင်အား ၁၂၀ လောက်က မဲပေါချောင်းဝကနေ တောင်ကြောတစ်လျှောက်လုံးကို အထောက်အကူ ပြုပေးထားတာပါ… အနီးကပ် ရင်ဆိုင်ထားတဲ့ အင်အား ၃၀ ကို ၃ရက်တစ်ကြိမ် အသစ်လဲလှယ်ပေးခြင်းနဲ့ လူတွေကို အနားပေးထားပါတယ်… ဒါ့အပြင် စားသောက်ရေးအတွက် ထမင်းထုပ်တွေနှင့် ၀ါးဆစ်ရေဘူးတွေကိုလည်း မပြတ်လပ်အောင် ပို့ပေးနေတာကို တွေ့ရသလို ၄င်းတို့ရဲ့ ခေါင်ကတုတ်တွေနဲ့ ဆက်သွယ်ရေးမြောင်းတွေကို ပိုမိုကောင်းမွန်အောင် နေ့ညမပြတ် တူးဖော်နေကြတာကိုလည်း ထောက်လှမ်းသိရှိနေရပါတယ်…

ဆက်သွယ်ရေးမြောင်းတွေဟာ တပ်မတော် စစ်ကြောင်းတွေ ရှိရာကို ဦးတည်ဖောက်လုပ်နေကြတာပါ… တောင်ကြောရဲ့မြေသားဟာ ကျောက်စရစ်မြေ ဖြစ်နေပေမယ့် ပစ်ခတ်မှုတွေကြားထဲကနေပဲ ရန်သူဟာ ဆက်သွယ်ရေးမြောင်းတွေကို လူတစ်ရပ်ကျော်နက်အောင် တူးနိုင်ခဲ့တာကို တိုက်ပွဲပြီးချိန်မှာ တွေ့ခဲ့ရပါတယ်…

http://tyrinonote.wordpress.com(မှကူးယူဖော်ပြပါသည်)

No comments:

Post a Comment