ရွှေလီသား(မဘိမ်း)

Saturday 10 September 2011

မဲသဝေါစစ်ဆင်ရေး၏ အလှည့်အပြောင်းဖြစ်စေသော တိုက်ပွဲ (၂)

အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးနောက်မှာ လက်ရှိစစ်ကြောင်း (၁) နေရာကနေပဲ တိုက်စစ်ဆင်ဖို့အတွက် စုရပ်နဲ့ စီရပ်ကို တစ်ထပ်ထည်းရန် တပ်ရင်းမှူးက ဆုံးဖြတ်ခဲ့ပါတယ်… ရှေ့တန်းတပ်စိတ်တွေ ကတုတ်ကျင်းထဲမှာပဲ ကျဉ်းကျဉ်းကျပ်ကျပ် အမြဲနေနေရတာကြောင့် လန်ူဆန်းနေစေရန် ၁၂ နာရီကို တစ်ကြိမ် လူသစ်လဲလှယ်ပြီး တာဝန်ပေးခဲ့ပါတယ်… စားရေးသောက်ရေး ကိုတော့ သက်ဆိုင်ရာ တပ်ခွဲရုံးတွေကပဲ စီစဉ်ပေးစေပါတယ်… တိုက်စစ်မှာ စီရပ်လုံခြုံရေးဟာ အရေးကြီးပါတယ်… ဒီ့အတွက် လူ (၅၀) စာ တန်းစီထိုင်နိုင်ပြီး လုံခြုံတဲ့ ဆက်သွယ်ရေးမြောင်းကြီးကို ရန်သူ့နေရာနဲ့ရင်ဘောင်တန်း အနေအထားအတိုင်း တူးစေခဲ့ပါတယ်… နှစ်ရက်နဲ့ပဲ ပြီးစီးခဲ့ပါတယ်… တပ်ရင်းမှူးဟာ တပ်ခွဲနှစ်ခွဲမှ လက်ရွေးစဉ်စစ်သည်တွေချည်း စုဖွဲ့တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားခဲ့တာကြောင့် ချေမှုန်းရေးတာဝန်ထမ်းဆောင်မယ့် တပ်ခွဲမှူးနှစ်ဦးကို ခေါ်ယူပြီး တိုက်စစ်စီမံချက်ကို ရှင်းလင်းပြောပြခဲ့ပါတယ်… အမှတ် (၃) တပ်ခွဲမှူးဟာ လက်ရွေးစင်တပ်ဖွဲ့စုကို မိမိကိုယ်တိုင်ဦးဆောင်ပြီး ချေမှုန်းတိုက်ချက်လိုကြောင်း တပ်ရင်းမှူးထံကို တင်ပြခဲ့ပါတယ်… တပ်ရင်းမှူးဟာ ခွဲ (၂) နဲ့ ခွဲ (၃) မှ တပ်ခွဲမှူးများဦးစီးပြီး လက်ရွေးစဉ်စစ်သည် (၂၅)ဦးစီပါတဲ့ တပ်ဖွဲ့ နှစ်ဖွဲ့ကို ရွေးချယ်စုဖွဲ့ စေခဲ့ပါတယ်…. လက်ရွေးစဉ်စုဖွဲ့ထားတဲ့ တပ်ခွဲ နှစ်ခွဲမှ စစ်သည်တွေကို စိတ်ဓာတ်မြင့်မားရေး ဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်စေပြီး တိုက်ပွဲမ၀င်မီ ကာလတစ်လျောက်လုံးအနားပေးထားခဲ့ပါတယ်…

၁၉၈၈ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာတော့ ပွိုင့် (၈၆၅) စခန်းကို ရောက်ရှိလာတဲ့ စစ်ဆင်ရေး ကွပ်ကဲမှု အထူးအဖွဲ့မှူးဟာ ခမရ (၃) တပ်ရင်းမှူးကို စစ်ဆင်ရေးညွှန်ကြားချက်ပေးဖို့အတွက် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ၀၉၀၀ နာရီအရောက် မဲသဝေါဒေသ စစ်ဆင်ရေး ရှေ့တန်းကွပ်ကဲမှုဌာနချုပ်၊ ပွိုင့် (၈၆၅) စစ်ဆင်ရေး ကွပ်ကဲမှု ခန်းမကို ခေါ်ထားခဲ့ပါတယ်… ခမရ (၃) တပ်ရင်းမှူး ရောက်ရှိလာပြီးနောက်မှာ စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့မှူးက ” ထိုးစစ် အဆင့် (၁) အဖြစ် ခမရ (၃) ကပင် ဦးဆောင်၍ ၄င်းတို့ရင်ဆိုင်ထားသော ရန်သူ့နေရာကို စတင်တိုက်ခိုက်ရမည် ဖြစ်ကြောင်း… လက်နက်ကြီး၊ လက်နက်ငယ်များအတွက် ကျည် လိုသလောက်ထုတ်ယူရန်နှင့် .၅၀ လက်မ စက်သေနတ်ကြီးနှင့် ၄င်းကျည် ၁၀၀၀ ထပ်ဖြည့်ပေးမည် ဖြစ်ကြောင်း… တိုက်ရိုက်ပစ်ကူ အဖြစ် ၁၂၀ မမ စိန်ပြောင်း လေးလက်ဖြင့် ပစ်ခတ်ပေးမည်ဖြစ်ပြီး ၇၆ မမ အမြောက်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အရန်၊ ၈၁ မမ စိန်ပြောင်း ရှစ်လက်က အခြား ရန်သူ့နေရာများကို ဦးနှိမ်ပစ်ခတ်ထားမည် ဖြစ်ကြောင်း… တပ်ရင်းအနေဖြင့် မိမိတပ်ရင်းရှိ လက်နက်ကြီးများ၏ ပစ်ကူကို လိုအပ်လျှင် လိုအပ်သလို အသုံးပြုရန် ” စသည်ဖြင့် စစ်ဆင်ရေး ညွှန်ကြားချက်ကို ပေးပါတယ်…

စစ်ဆင်ရေးညွှန်ကြားချက် ပေးပြီးနောက်မှာ စစ်ဆင်ရေးအဖွဲ့မှူး၏ ပြန်လည်မေးမြန်းချက်အရခမရ (၃) တပ်ရင်းမှူးက ဖြေကြားရာမှာ ” မိမိတပ်ရင်း၌ ၇၅ မမနောက်ပွင့်ရိုင်ဖယ် တစ်လက်၊ ၈၁ မမ စိန်ပြောင်း နှစ်လက်၊ ၆၀ မမ စိန်ပြောင်း သုံးလက်၊ ၈၄ မမနောက်ပွင့်ရိုင်ဖယ် နှစ်လက်၊ စက်လတ် လေးလက်နှင့် ဘီအေ ၁၀၃ လောင်ချာနှစ်လက် ရှိပြီး ဖြစ်ပါကြောင်း… ယင်းပစ်အားဖြင့်ပင်လုံလောက်ပါသောကြောင့် မူလစီမံထားသည့် ၁၂၀ မမ စိန်ပြောင်းကြီး လေးလက် အစားနှစ်လက်ဖြင့်ပင် လုံလောက်ပါကြောင်…၊ စိန်ပြောင်းကြီး လေးလက်ဆိုင်ပစ်ခဲ့ပါက တိုက်ပွဲပြီးချိန်တွင်ရန်သူ့ထံမှ မည်သည့်ပစ္စည်းကိုမှအကောင်းပကတိ သိမ်းဆည်းရမိနိုင်တော့မည် မဟုတ်ပါကြောင်း… ” စသည်ဖြင့်ဖြေကြားခဲ့ပါတယ်… ဒါကြောင့် စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့မှူးဟာ ၁၂၀ မမ စိန်ပြောင်းကြီး နှစ်လက်ကို မူလရည်မှန်းချက်ဆီ မပစ်ခိုင်းတော့ပဲနောက်နေ့မှာ ခမရ (၃) က ဆက်တိုက်ရမယ့် ရည်မှန်းချက် ” နီလာ ” ပစ်မှတ်ကိုပစ်ခိုင်းမည်ဖြစ်ကြောင်း… ဘယ်အချိန်မှာ စတင်တိုက်စစ်ဆင်နိုင်မယ်ဆိုတာတွေကို မေးမြန်းခဲ့ပါတယ်… ခမရ (၃) တပ်ရင်းမှူးက လက်နက်ခဲယမ်းထုတ်ချိန်နှင့် အခြေပြုနေရာကို ပြန်ဖို့အချိန်ပါဆိုလျှင် ၁၂၀၀ နာရီတွင်အခြေပြုနေရာသို့ ပြန်ရောက်နိုင်ပါကြောင်း… ပြင်ဆင်ချိန် နှစ်နာရီ ခန့်လိုအပ်ပြီး ၁၄၀၀ နာရီတွင် စတင်တိုက်ခိုက်နိုင်မည် ဖြစ်ကြောင်း တင်ပြရာစစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့မှူးက ၁၅၀၀ နာရီမှာ စတင်တိုက်ခိုက်ရန်သတ်မှတ်ပေးလိုက်ပါတော့တယ်…

ဒီ့နောက်မှာ ခမရ (၃) တပ်ရင်းမှူးအနေနဲ့ အမြောက်ပစ်ကူအတွက် ပေါင်းစပ် ညှိနှိုင်းရာမှာ အမြောက်ပစ်ကူကို န-နာရီထားပြီး မတိုက်ခိုက်ချင်ကြောင်း… ကျည်ကို သုံးနိုင်သမျှ ပစ်ကူပေးရန်… မိမိက အပစ်ရပ်စေလိုချိန်မှာ အပစ်ရပ်ဆိုင်းပေးရန်… မိမိစိတ်ကြိုက် ပစ်ခတ်မှု ရပြီးပါက အမြောက်အပစ်ရပ်စေပြီး မိမိ ချေမှုန်းရေးတပ်များက တက်ရောက်ချေမှုန်းတိုက်ခိုက်မှာ ဖြစ်ကြောင်း ညှိနှိုင်းခဲ့ပါတယ်… အမြောက်တပ်ဖွဲ့ မှလည်း ယခုတိုက်ပွဲအတွက် အမြောက်ကျည် ၅၀ မှ ၁၀၀ အထိ ပစ်ကူပေးမည် ဖြစ်ကြောင်း… လိုအပ်ပါကလည်း လိုအပ်သလို ပစ်ကူပေးမည် ဖြစ်ကြောင်း… ရပ်စေလိုသည့်အချိန်မှာ အပစ်ရပ်ပေးမည် ဖြစ်ကြောင်း… ဆက်သွယ်မှု မပြတ်တောက်စေရန်သာ အရေးကြီးကြောင်း ညှိနှိုင်း ရရှိခဲ့ပါတယ်…

ခမရ (၃) တပ်ရင်းမှူးဟာ စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့မှူးဆီမှ အမိန့်နာခံပြီးတာနဲ့ လိုအပ်တဲ့ ခဲယမ်း မီးကျောက်တွေ ထုတ်ယူပြီး မိမိစစ်ကြောင်းရှိရာကို ပြန်လည်ထွက်ခွာခဲ့ရာ ၁၂၃၀ နာရီအချိန်မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်… ရောက်ရောက်ချင်းပဲ တပ်ခွဲမှူးများကို ခေါ်ယူပြီး တိုက်စစ်စီမံချက်ကို အသေးစိတ် ထပ်မံရှင်းပြပြီး တိုက်ပွဲဝင်ဖို့ အသေးစိတ် ပြင်ဆင်ပါတော့တယ်… တိုက်စစ်စီမံချက် အသေးစိတ်ကတော့…

ချေမှုန်းရေးတပ်ခွဲ နှစ်ခွဲမှ လက်ရွေးစဉ် စစ်သည်တွေဟာ ကြိုတင်တူးထားတဲ့ ဆက်သွယ်ရေးမြောင်းကြီးထဲမှာ ၁၄၃၀ အချိန်အပြီး ၀င်ရောက် နေရာယူထားရန်… ကာပစ်အတွက် တပ်ခွဲမှူးတစ်ဦးက ဦးစီး၍ ၁၄၃၀ အချိန်အပြီး နေရာယူရန်… ကြိုတင်ပစ်ကျင်းတူးထားသည့်နေရာမှ ၇၅ မမ တစ်လက်… စက်လတ် နှစ်လက်၊ ကျန် တပ်စု လက်နက်များဖြင့် အမိန့်ရသည်နှင့် စတင်ပစ်ခတ်ရန်… အမြောက်အကဲကြည့် အဖွဲ့ဟာ ရန်သူ့နေရာကို ကာပစ်နေရာမှ ဘေးတိုက် အကဲကြည့်ရန်… ရန်သူ့စခန်းကို အလျားလိုက် မြင်ကွင်းအတိုင်း နှစ်ခြမ်းကွဲသွားအောင် .၅၀ လက်မ စက်သေနတ်ကြီးဖြင့် စစ်ကြောင်း (၁) နေရာမှ ပိုင်းဖြတ်ပစ်ခတ်ပေးရန်… ၈၄ မမ နောက်ပွင့်ရိုင်ဖယ်ကို တပ်ရင်းမှူးအနီး နေရာယူ၍ ရန်သူ့နေရာအား တိုက်ရိုက်ပစ်ခတ်ရန်… လိုအပ်လျှင် လေကွဲ ပစ်ခတ်ရန်… ၈၀ မမနှင့် ၆၀ မမ စိန်ပြောင်းတို့ဖြင့် စစ်ကြောင်း (၁) နေရာမှ ပစ်ကူပေးရန်… အနီးကပ် ပစ်ခတ်ရမှာ ဖြစ်တာကြောင့် အကူယမ်းထုပ်များ မပါပဲ ပို့ကျည်သက်သက်ဖြင့်သာ ပစ်ခတ်ရန်… ၈၁ မမ ဗုံးသီးကို စနက် အနှေးတလှည့် အမြန်တလှည့် အဆက်မပြတ် လျှင်မြန်စွာ ပစ်ခတ်ရန်… ဗုံးသီးများကို ကြိုတင် ပြင်ဆင်ထားရန်… ရန်သူ့နေရာကို လက်နက်ငယ်များဖြင့် အသံမဆဲအောင် ဦးနှိမ်ပစ်ခတ်ထားရန်… အမြောက်နှစ်လက်သည် ၁၅၀၀ အချိန်မှစပြီး အကဲကြည့် စတင်ပစ်ခတ်မည်ဖြစ်ပြီး နောက်ဆုံးကျည် ၁၀ တောင့်ကျန်လျှင် ချေမှုန်းရေးတပ်များ အသင့်ပြင်ရန်… တပ်ရင်းမှူးမှ အချက်ပေးသည်နှင့် ချေမှုန်းရေးတပ်များ ဆက်သွယ်ရေးမြောင်းမှ အမြန်ဆုံးခုန်ထွက်ကာ ရန်သူ့နေရာကို လှံစွပ်ထိုး သိမ်းပိုက်ရန်… တပ်ရင်းမှူးသည် .၅၀ လက်မ စက်သေနတ်ကြီးဘေးမှ မျက်မြင်ပစ်ခတ်မှုကို ကွပ်ကဲသွားမည်… စစ်ကြောင်း (၂) နှင့် တပ်ခွဲ တစ်ခွဲသည် ၄င်းရင်ဆိုင်ထားရသော တောင်ကြောရှိ ရန်သူနှင့် ရန်သူ့လက်နက်ကြီး ပစ်ခတ်သည့်နေရာကို မျက်မြင် မြင်တွေ့ရပါက မိမိ လက်နက်ကြီးဖြင့်တန်ပြန်ပစ်ခတ်ပေးရန်… ချေမှုန်းရေးအတွက် န-နာရီ မထားပဲ တပ်ရင်းမှူးက တိုက်ပွဲအခြေအနေကို သုံးသပ်ပြီး ချေမှုန်းရေးအတွက် အမိန့်ပေးသွားမည်… တပ်ရင်းမှူး၏ အမိန့် မရမချင်း ချေမှုန်းရေးတပ်များ ရန်သူ့လက်နက်ကြီးနှင့် မိမိ အမြောက်ပစ်ခတ်မှုကြောင့် မထိခိုက်စေရေးအတွက် ဆက်သွယ်ရေးမြောင်းထဲတွင် လုံခြုံစွာ နေရာယူထားကြရန်…

ခမရ (၃) တပ်ရင်းမှူးဟာ တိုက်စစ်အတွက် ပြင်ဆင်ချိန် (၃) ရက် ရရှိခဲ့ပါတယ်… လိုအပ်ချက်များအားလုံး ဆောင်ရွက်ပြီးစီးပြီဖြစ်တာကြောင့် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ၁၄၃၀ အချိန်မှာ တိုက်စစ်အတွက် အားလုံး အဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်းကို တီအာရ်အေ-၉၀၆ စက်နဲ့ နည်းဗျူဟာမှူးထံ သတင်းပို့လိုက်ပါတော့တယ်…

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ၁၅၀၀ အချိန်မှာ ပွိုင့် (၈၆၅) တောင်ကုန်းမှာနေရာယူထားတဲ့ အမြောက်စခန်းမှ ၁၂၀ မမ ယူဂိုစိန်ပြောင်း နှစ်လက်ဖြင့် ခမရ(၃) တိုက်ခိုက်မယ့် ရန်သူ့နေရာကို စတင်အကဲကြည့် ပစ်ခတ်ပါတယ်… မူလကတည်းက ကြိုတင် အကဲကြည့်ပြီး မှတ်ပုံတင်ထားတာကြောင့် သုံးလုံးမြောက် အမြောက်ကျည်ဟာ ပစ်မှတ်အပေါ် တိုက်ရိုက်ထိမှန်ခဲ့ပြီး ချေမှုန်းပစ်ခတ်ခြင်း စတင်ခဲ့ပါတယ်… ရန်သူ့ဖက်ကလည်း နေ့စဉ်လုပ်ရိုးလုပ်စဉ်အတိုင်း တပ်များရှိရာ နေရာအားလုံးကို လက်နက်ကြီး၊ လက်နက်ငယ်တို့နဲ့ ပြန်လှန်ပစ်ခတ်ပါတယ်… ပွိုင့် (၈၆၅) တောင်ကုန်းမှာရှိနေတဲ့ အမြောက်စခန်းကိုလည်း အဆင့်မြင့် ဒုံးကျည် ဖြစ်တဲ့ ၂.၇၅ လက်မ ဒုံးကျည်နဲ့ အဝေးကနေ တန်ပြန်ပစ်ခတ်ပါတယ်… ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အရန်၊ ၈၁ မမ စိန်ပြောင်းတပ်ဖွဲ့ကလည်း ရန်သူ့ လက်နက်ကြီးနေရာနဲ့ ကွပ်ကဲမှုနေရာတွေအားလုံးကို အကဲကြည့် ပစ်ခတ်မှုဖြင့် ဦးနှိမ်ပစ်ခတ်ပေးနေပါတယ်… ၇၆ မမ အမြောက် နှစ်လက်ကိုလည်း မဲသဝေါ ပင်မစခန်းဆီ ဦးနှိမ်ပစ်ခတ်ပေးထားပါတယ်… စစ်ဆင်ရေးကွပ်ကဲမှု တည်ရှိရာ ပွိုင့် (၈၆၅) စခန်းမှာရှိနေကြတဲ့သူတွေဟာလည်း ခမရ (၃) တပ်ရင်းမှူးထံကနေ ပေးပို့လာမယ့် အောင်ပွဲသတင်းကို စောင့်မျှော်နေကြပါပြီ… စစ်ဆင်ရေးခွင် တစ်ခုလုံးမှာ ရှိနေကြတဲ့ စစ်ကြောင်းမှူးတွေ၊ တပ်ခွဲမှူးတွေဟာလည်း မိမိတို့ရဲ့ ဆက်သွယ်ရေးစက်တွေနဲ့ ခမရ (၃) ရဲ့ တိုက်ပွဲဝင်မှုကို ကြားဖြတ်ဖမ်းယူပြီး နားထောင်နေကြပါတယ်…

ပစ်ခတ်လိုက်တဲ့ အမြောက်ကျည်တွေဟာ ပစ်မှတ်အပေါ်ကို တိတိကျကျ ကျရောက်ပေါက်ကွဲနေတာကြောင့် ရန်သူတွေဟာ ခေါင်ကတုတ်တွေထဲမှာ မနေရဲတော့ပဲ နီးစပ်ရာ လျှိုတွေထဲကို ဆင်းပြီး ခိုအောင်းနေကြရပါတယ်… အမြောက်သံစဲတဲပအခါမှ လုပ်နေကြအတိုင်း မူလကျင်းတွေထဲပြန်ဝင်ပြီး ချီတက်လာတဲ့ တပ်မတော်စစ်ကြောင်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်မယ့်သဘောပါ… ဒါပေမယ့်လည်း .၅၀ စက်သေနတ်ကြီးရဲ့ ပစ်ခတ်မှုကလည်း ပစ်ခတ်သူရဲ့ကျွမ်းကျင်မှုရှိသလောက် ထိရောက်နေတာကြောင့် စက်သေနတ်ပြောင်းရှေ့ပစ်လမ်းမှာရှိနေတဲ့ ၀ါးပင်တွေအားလုံးပြတ်လဲကုန်ပြီး ရန်သူ့တောင်ကုန်းစခန်းကို သဲသဲကွဲကွဲ တွေ့မြင်လာရပါတယ်… ရန်သူ့စခန်းကို အလျားလိုက်မြင်ကွင်းအတိုင်း ကျည်သွားလမ်း ထက်/အောက် ရွေ့လျားပစ်ခတ်စေတာကြောင့် ရန်သူ့စခန်းကို အလျားလိုက် နှစ်ပိုင်းကွဲအောင် ပိုင်းဖြတ်ပစ်နိုင်ခဲ့ပါတယ်… ခမရ (၃) တပ်ရင်းမှူးဟာ လက်နက်ကြီး၊ လက်နက်ငယ် တို့ရဲ့ သဘောတရားကို ပိုင်ပိုင်နိုင်နိုင် သဘောပေါက်ထားသူဖြစ်တာကြောင့် ကျည်ကျချက်တွေ ရှုပ်ထွေးကုန်မှာစိုးပြီး အမြောက်အကဲကြည့်ရဲ့ အကဲကြည့်ပစ်ခတ်မှု စိတ်တိုင်းကျမှသာ တပ်ရင်းပိုင် လက်နက်ကြီးတွေကို စတင် ပစ်ခတ် စေခဲ့တာပါ…

၈၁ မမ နဲ့ ၆၀ မမ စိန်ပြောင်းတွေကိုလည်း ကိုက် ၂၀၀ အကွာအဝေးအတွက် အကူယမ်းထုပ်မပါပဲ ပို့ကျည်သက်သက် ပစ်ခတ်စေခဲ့တာကြောင့် ကျည်စုပစ်ခတ်နိုင်ခြင်း၊ လျှင်မြန်စွာပစ်ခတ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေအပြင် ပြောင်းထွက်သံဟာ လက်နက်ငယ် ထွက်သံလောက်သာ ထွက်ပြီး မိမိလက်နက်ကြီးပစ်ခတ်တဲ့နေရာကို ရန်သူက ဘယ်လိုမှခန့်မှန်းမရပဲ တန်ပြန်ပစ်ခတ်နိုင်စွမ်း မရှိခဲ့ပါဘူး… ရန်သူတွေဟာလည်း တိကျတဲ့ အမြောက်ဆံ ထိမှန်မှုကို ရှောင်ဖို့အတွက် စခန်းတောင်စောင်းလျှိုထဲကို ယာယီဆင်းပြေးခဲ့ကြရပါတယ်… ဒါကို ဘေးတိုက်နေရာယူထားတဲ့ မိမိ ကာပစ်အဖွဲ့က ၇၅ မမ နောက်ပွင့်ရိုင်ဖယ်နဲ့ စက်လတ် ၂လက် တို့နဲ့ ချေမှုန်းပစ်ခတ်ခဲ့တာကြောင့် ရန်သူဟာ စခန်းပေါ်ပြန်မတက်နိုင်ကြတော့ပဲ လျှိုအတိုင်း မဲပေါချောင်းကနေတဆင့် သောင်းရင်းမြစ်ဖက်ကို အပြီးအပိုင် ထွက်ပြေးရပါတော့တယ်…

တပ်မတော်က တပ်ရင်းပိုင် လက်နက်ကြီးတွေ၊ အမြောက်ပစ်ကူတွေနဲ့ ချေမှုန်းပစ်ခတ်နေပေမယ့် ရန်သူဟာ တိုက်ပွဲတစ်လျှောက်လုံး ပစ်ခတ်သံမဆဲအောင် အဆက်မပြတ် ပြန်လှန်ပစ်ခတ်နေခဲ့ပါတယ်… ဒါပေမယ့် ရန်သူ့လက်နက်ငယ် ပစ်ခတ်မှုဟာ ထိရောက်မှုမရှိပဲ သစ်ပင်ထိပ်ဖျားတွေပေါ်ကနေ ကျော်ဖြတ်နေတာကို ခမရ (၃)တပ်ရင်းမှူးက သိရှိလိုက်ပါတယ်… ဒီအခြေအနေကို အခွင့်ကောင်းယူပြီး တပ်ရင်းမှူးက ချက်ချင်းပဲ ချေမှုန်းရေးတပ်ခွဲတွေကို ” ရန်သူဟာ ကျင်းထဲမှာထိုင်ပြီး သေနတ်ထောင်ဖောက်နေတာသာဖြစ်ကြောင်း၊ ပစ်ခတ်မှု ထိရောက်မှုမရှိကြောင်း ” ပြောကြားပြီး လှံစွပ်ထိုးချေမှုန်းဖို့ အသင့်ပြင်ဆင်ထားရန် အမိန့်ပေးလိုက်ပါတော့တယ်…

၁၆၃၀ နာရီမှာတော့ အမြောက်ကျည် ၁၀ တောင့်သာ ကျန်တော့ကြောင်း၊ ထပ်ပစ်ပေးဖို့ လို မလိုကို အမြောက်အကဲကြည့်က သတင်းပို့လာပါတယ်… တပ်ရင်းမှူးက ကျန်ရှိနေတဲ့ နောက်ဆုံး ၁၀ တောင့်ကို ထပ်ပစ်ပေးဖို့နဲ့ နောက်ဆုံးကျည် ပစ်ပြီးတာနဲ့ သတင်းပို့ဖို့ အမြောက်အကဲကြည့်ကို အကြောင်းကြားလိုက်ပါတယ်… ချေမှုန်းရေးတပ်ခွဲမှူးများကိုလည်း အခြေအနေကို အသိပေးပြီး လှံစွပ်ထိုးဖို့အမိန့်ကို စောင့်ဆိုင်းခိုင်းထားလိုက်ပါတယ်… အမြောက်ကျည် ပေါက်ကွဲအစအနတွေဟာ ချေမှုန်းရေးတပ်များပေါ်မှာ ၀ဲပျံနေပေမယ့် ဆက်သွယ်ရေးမြောင်းတွေထဲမှာ စနစ်တကျ နေရာယူထားတာကြောင့် ထိခိုက်မှု လုံးဝမရှိခဲ့ပါဘူး…

၁၆၄၅ နာရီမှာ အမြောက်ကျည် အားလုံးပစ်ခတ်ပြီးကြောင်း အမြောက်အကဲကြည့်က သတင်းပို့ပါတယ်… သတင်းပေးပို့ချက် ရရှိတာနဲ့ တပ်ရင်းမှူးဟာ ချေမှုန်းရေးတပ်ခွဲ နှစ်ခွဲကို လှံစွပ်ထိုးချေမှုန်းရန် ချက်ချင်းအမိန့်ပေးလိုက်တော့တာပါပဲ… အမိန့်ရတာနဲ့ လက်ရွေးစဉ်စစ်သည်တွေဟာ ဆက်သွယ်ရေးမြောင်းထဲက ခုန်ထွက်လိုက်ကြပြီး မိမိတို့တပ်ရင်းအမည်ကို အော်ဟစ်ပြီး ရန်သူ့တောင်ကုန်းကို တဟုန်ထိုး ပြေးတက်သိမ်းပိုက်ကြပါတော့တယ်… ချေမှုန်းရေးတပ်တွေဟာ ကိုက် ၂၀၀ ခရီးကို အပြေးချီတက်တိုက်ခိုက်ခြင်း ဖြစ်တာကြောင့် အမြောက်အပစ်ရပ်တာနဲ့ ကျည်ရောက်လူရောက်သဘောမျိုး ချီတက်နိုင်ခဲ့ကြပါတယ်… ပစ်ခတ်မှုနဲ့ တပ်လှုပ်ရှားမှုဟာ အံဝင်ခွင်ကျ ဟန်ချက်ညီခဲ့ပါတယ်…

ဒီ့အတွက်ကြောင့် လက်နက်ကြီးပစ်ခတ်မှု ရပ်စဲသွားချိန်မှ ပြန်လည်ခေါင်းထောင်လာပြီး နေရာပြန်ယူတတ်ကြတဲ့ ရန်သူတွေဟာ အမြောက်သံစဲသွားတာနဲ့ ချေမှုန်းရေးတပ်တွေ ပစ်တက် တက်ပြီး ချက်ချင်းရောက်ရှိလာကြတာကို လုံးဝအငိုက်မိသွားခဲ့ပါတယ်… ကျည်ကတ်ထဲကျန်နေတဲ့ လက်ကျန်ကျည်ကို ပစ်ခတ်တဲ့သဘောသာ ပြန်လည်ပစ်ခတ်နိုင်ပြီး တောင်ကြောလမ်းအတိုင်း ဆုတ်ခွာသွားကြပါတော့တယ်… ဒီအခါမှ မိမိအမြောက်နဲ့ စိန်ပြောင်းတွေဟာလည်း ရန်သူ့ဆုတ်လမ်းဖြစ်တဲ့ တောင်ကြောနဲ့ နီလာပစ်မှတ်ကို ရွှေ့ပြောင်းပစ်ခတ်ပါတော့တယ်… ၁၇၀၀ နာရီအချိန်မှာတော့ ရန်သူ့စခန်းတစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ပြီးဖြစ်ကြောင်း တပ်ရင်းမှူးက နည်းဗျူဟာမှူးထံကို ဆက်သွယ်ရေးစက်နဲ့ သတင်းပို့လိုက်ပါတော့တယ်…

ဒီတိုက်ပွဲမှာ မိမိ တပ်မတော်ဖက်မှ စစ်သည်တစ်ဦးကျဆုံးခဲ့ပြီး စစ်သည် ၇ဦး ဒဏ်ရာရရှိခဲ့ပါတယ်… ရန်သူ့အလောင်း ၃လောင်း ကျန်ခဲ့ပြီး အများအပြား ဒဏ်ရာရသွားကြောင်းကို ၄င်းတို့ရဲ့ ပစ်ကျင်းများနဲ့ တောင်ကြောတလျှောက် ကျန်ခဲ့တဲ့ သွေးစက်တွေအရ သိရှိရပါတယ်… စခန်းအနေအထားအရ ရန်သူ ၃၀ခန့်က မိမိတပ်ကို ရင်ဆိုင်ထိန်းချုပ်ထားဖို့အတွက် ရန်သူအင်အား ၁၂၀ ခန့်က အထောက်အကူပြုပေးထားတာကို တွေ့ရှိရပါတယ်… စစ်ကြောင်း (၁)နဲ့ စစ်ကြောင်း(၂)အကြား သပ်လျှိုထားသလိုဖြစ်နေတာကြောင့် ရန်သူ့လုပ်ဆောင်မှုဟာ ထိရောက်မှုရှိတဲ့အပြင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဖြစ်တဲ့ ပွိုင့် (၈၆၅) စခန်းကိုလည်း အပေါ်စီးကနေ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်… အရေးကြီးတဲ့ ရန်သူ့ထိုးနှက်ချက်တစ်ခုပါ…

ဒါပေမယ့်လည်း တပ်မတော်ရဲ့ အမြောက်နဲ့ လက်နက်ကြီးများရဲ့ ပစ်ခတ်မှု ထိရောက်မှုရှိခြင်း၊ အမြောက်အပစ်ရပ်တာနဲ့ ချေမှုန်းရေးတပ်တွေ ရန်သူ့နေရာကို ချက်ချင်းရောက်ရှိသွားတာတွေကြောင့် ရန်သူအားလုံး သောင်းရင်းမြစ်ဖက်ကို ဆုတ်ခွာထွက်ပြေးခဲ့ကြရပါတယ်… မဲသဝေါ တိုက်ပွဲစဉ်တစ်လျှောက်လုံးမှာ ရန်သူ့အနေနဲ့ ဒီတောင်ကုန်းကို နောက်ထပ်ပြန်လည်သိမ်းပိုက်ဖို့ မကြိုးစားရဲခဲ့ပါဘူး… တိုက်ပွဲအပြီးမှာ ရန်သူ့ထံကနေ ၆၀ မမ စိန်ပြောင်း ၁လက်၊ အချက်ပြ ပစ္စတို ၁လက်၊ Icom စကားပြောစက် ၁လုံး၊ RPG ဗုံးသီး ၁၀လုံး၊ မိုင်း၊လက်ပစ်ဗုံးနဲ့ လက်နက်ငယ်ကျည်မျိုးစုံ ၆၀၀ ကျော် သိမ်းဆည်းရမိခဲ့ပါတယ်…

ပြောရရင် ဒီတိုက်ပွဲဟာ ရန်သူ့ထံကနေ လက်နက် ခဲယမ်း မီးကျောက်တွေ သိမ်းဆည်းရမိတာဟာ အဓိကမကျပါဘူး… ဘက်ပေါင်းစုံက ဖိအားပေးခံနေရပြီး ရက်ရှည်ကြာနေခဲ့တဲ့ ဒီ မဲသဝေါတိုက်ပွဲကြီးမှာ စစ်အီနေတဲ့အခြေအနေကို တပ်မတော်ရဲ့ ထိုးစစ်အဆင့် (၁) အောင်မြင်ခဲ့ခြင်းဟာ မဲသဝေါစစ်ဆင်ရေးတစ်ခုလုံးရဲ့ အခြေအနေကို တစ်မျိုးတစ်မည် ပြောင်းလဲစေခဲ့တာပါ… ဘားအံနဲ့ လှိုင်းဘွဲ့ ဒေသခံလူထုအနေနဲ့ရော စစ်သည်အချို့ကပါ တပ်မတော်ဟာ မဲသဝေါဒေသကို ပြန်လည်သိမ်းပိုက်လို့ မရနိုင်တော့ပါဘူး ဆိုတဲ့ ထင်မြင်ယူဆနေနိုင်တဲ့ အခြေအနေကို ခမရ (၃)ရဲ့ ဒီတိုက်ပွဲကပဲ ချိုးဖျက်ပေးခဲ့တာပါ… ခမရ (၃)ရဲ့ ပထမဆုံးအောင်ပွဲကြောင့် မဲသဝေါစစ်ဆင်ရေးခွင်ထဲမှာ ရှိနေကြတဲ့ စစ်သည်အားလုံး စိတ်ဓာတ်တက်ကြွလာကြပြီး တိုက်ပွဲဝင် အောင်ပွဲခံလိုစိတ်တွေ တဖွားဖွားပေါ်ပေါက်ခဲ့ရပါတယ်…

ဒီ H-575241 တောင်ကုန်းတိုက်ပွဲဟာ မဲသဝေါတိုက်ပွဲရဲ့ အဆုံးအဖြတ်တိုက်ပွဲတော့ မဟုတ်ခဲ့ပါဘူး… ဒါပေမယ့် အီနေတဲ့ စစ်ဆင်ရေးကြီးကို ပြန်လည်နိုးကြားလာအောင် အသက်သွင်းပေးခဲ့တဲ့ တိုက်ပွဲပါပဲ… စစ်သည်တွေရဲ့ သံသယတွေကို ပျောက်ကွယ်စေခဲ့ပြီး ” တကယ်တိုက်ရင် တကယ်အောင်ပွဲခံနိုင်ပါတယ် ” ဆိုတဲ့ ခံယူချက်မျိုးကို ဖြစ်ပေါ်စေခဲ့ပါတယ်… ဒီတိုက်ပွဲနောက်မှာ ခမရ (၆) ဟာ အချက်အချာကျတဲ့ ပွိုင့် (၁၇၇၈) တောင်ကုန်းကိုလည်းကောင်း၊ ခမရ (၇) ဟာ မဲသဝေါတိုက်ပွဲရဲ့ အဆုံးအဖြတ်ကို ဖြစ်စေခဲ့တဲ့ အံ့ကျော်ကုန်းကိုလည်းကောင်း၊ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကဆာနလီနဲ့ မဲသဝေါပင်မစခန်းတို့ကို ခမရ (၄)၊ ခမရ (၇၆) နဲ့ ခလရ (၈၁)တို့က လွယ်ကူစွာနဲ့ပဲ သိမ်းပိုက် အောင်ပွဲဆင်နိုင်ခဲ့ပါတော့တယ်…

http://tyrinonote.wordpress.com(မှကူးယူဖော်ပြပါသည်)

No comments:

Post a Comment