ရွှေလီသား(မဘိမ်း)

Wednesday 30 November 2011

ပထ၀ီနိုင်ငံရေးနှင့်.မြန်မာနိုင်ငံ၏လိုအပ်နေသေးသောစည်းလုံးမှု


ပထ၀ီနိုင်ငံရေးမှာ အရေးအကြီးဆုံးအဓိကအချက်ကလူဦးရေဖြစ်သည်။ကျွန်တော်တို့နိုင်ငံမြောက်ဘက်မှာ.ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့တရုပ်နိုင်ငံမှာလူဦးရေ.သန်းပေါင်း..၁၀၀၀ကျော်နေထိုင်လျှက်ရှိတယ်။အနောက်ဘက်မှာ.လူဦးရေသန်း ၈၀၀ကျော်ရှိတဲ့      အိန္ဒိယနှင့် သန်း ၁၀၀ ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊အရှေ့ဘက်မှာ ၆၁.၅ သန်းကျော်နေထိုင်တဲ့ထိုင်းနိုင်ငံ  လူဦးရေမြောက်များစွာနေထိုင်တဲ့အင်အားကြီးနိုင်ငံတွေကြားမှာ ၅၅.၃၉ သန်းသာရှိပြီးတိုင်းရင်းသားများစွာနေထိုင်နေတဲ့ ကျွန်တော်တို့နိုင်ငံ အတွက်စည်းလုံးခြင်းဟာ..နိုင်ငံရေးမှာ   အရေးအကြီးဆုံး..ဦးတည်ချက်တစ်ရပ်ဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံများကြားမှာ..နေထိုင်ရသောနိုင်ငံငယ်  ငယ်လေးများအတွက် ပြည်တွင်းစည်းလုံးမှုကို အခိုင်မှာဆုံးတည်ဆောက်ဖို့ရန် အစိုးရအဆက်ဆက်တိုင်း အမျိုးသားနိုင်ငံရေး.ဦးတည်ချက်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်ခဲ့ကြသော်လည်း ယနေ့မျက်မှောက်  ကာလထိ ထိမိစွာဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့။ဒါဟာအမှန်တရားတစ်ခုဖြစ်တဲ့အတွက် နိုင်ငံသားတိုင်းလက်ခံရ ပေလိမ့်မည်။လုပ်ဆောင်သူများမှ.အစွမ်းကုန်လုပ်ဆောင်နေသော်လည်း လိုက်ပါလုပ်ဆောင်ရမည့်သူများ   မှလိုက်ပါလုပ်ဆောင်မှုမရှိလျှင်လည်း.အဘယ်သို့မှအောင်မြင်မှုမရှိနိုင်။နွားကွဲလျင်ကျားဆွဲမည်ဆိုသည့် စကားအတိုင်း ကျားများကလဲ..နွားအကွဲကိုစောင့်ဆိုင်းနေကြသည်ကို တိုင်းရင်းသားအားလုံးမမေ့သင့်ပါ ။ ဘာသာစကားဓလေ့ထုံးတမ်းများအနည်းငယ်ကွဲပြားနေသောကြောင့် အယူအဆများသည်လည်း အနည်း  ငယ်တော့ကွဲပြားနေပေအုံးမည် သို့ပေတည့် မြန်မာနိုင်ငံအား.တိုးတက်ဖွံ့ဖြိုးမှုကိုတော့..လိုလားသူချည်း    ဖြစ်ပါသည် ။တစ်လမ်းတည်းသွားပြီး စည်းတားနေအုံးမည်၊တစ်ခြင်ထောင်ထဲအိပ်ပြီး.အလယ်မှာဖက်လုံးချ ထားသလို လုပ်နေကြအုံးမည်လား ။
ကမ္ဘာပေါ်တွင်မြန်မာနိုင်ငံလောက်သယံဇာတစုံလင်စွာထွက်သောနိုင်ငံမရှိသလောက်ဖြစ်သည်။မြစ်၊ချောင်း၊ အင်း၊အိုင်၊ရေ၊မြေ၊ကောက်ပဲသီးနှံ၊ရေနံ၊သဘာဝဓါတ်ငွေ့၊သတ္တု၊ရွှေ၊ငွေ၊ကျောက်၊သံ၊ပတ္တမြား မရှိတာဘာများ ရှိသနည်း။အမေရိကန်နိုင်ငံကစစ်ဦးစီးတက္ကသိုလ်ထုတ် စစ်ဘက်ပထ၀ီစာအုပ်တွင်မြန်မာနိုင်ငံက မဟာဗျူဟာ မြောက်ပစ္စည်းဖြစ်သည့် အဖြိုက်နက်(တန်စတန်)ထွက်သည်ဟာဖော်ပြထားသေးသည်။မြန်မာ့ကမ်းရိုးတမ်း  တစ်လျှောက်နှင့် ကမ်းဦးရေတိမ်ပိုင်းမှ သယံဇာတများကိုလုံးဝ မထုတ်ယူရ၊မသုံးစွဲရသေးပေ။ထို သယံဇာတ များအား မျက်စိကျနေကြသည့်အင်အားကြီးနိုင်ငံများမှ နည်းမျိုးစုံနှင့်သွေးခွဲခြင်းများကိုလဲကြုံခဲ့သိခဲ့ကြပြီးပြီ၊ ကျွန်တော်တို့ နိုင်ငံအတွက် အဓိကအရေးအကြီးဆုံးလိုအပ်ချက်က ဘာလဲဆိုတာ သိသင့်တဲ့အချိန်ကိုလဲ   ကျော်လွန်နေပါပီ။ကျွန်တော်တို့စည်းလုံးကြပါစို့။ကျွန်တော်တို့စည်းလုံးဖို့ ပဲလိုတော့သည်။ ရိုးရိုးစည်းလုံးရုံနှင့် မရနိုင်တော့ပီ ၊မြန်မာနိုင်ငံ၏ အ၀န်းအ၀ိုင်းထဲမှာနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံး..ကျစ်ကျစ်ပါအောင် စည်းထားတဲ့.ထင်းစည်းတစ်စီး မျိုးဖြစ်မည်ဆိုပါက ကျွန်တော်တို့နိုင်ငံသည် များမကြာသောကာလများတွင်  လက်ရှိဒေသတွင်းအဖွဲ့အစည်းများတွင် နှစ်အနည်းငယ်အတွင်းထိပ်တန်းမှဦးဆောင်နိုင်တော့မည်။တောင်အာရှ မှာထည်ဝါခန်းနားတဲ့ ကျွန်တော်တို့တိုင်းပြည်ကို မြင်နိုင်တော့မည်မှာ.မလွဲဧကန်……………………
မာန်အွမ်(၃၀.၁၁.၂၀၁၁)
(သောင်းထိုက်  ပထ၀ီနိုင်ငံရေးစာအုပ်မှ.မှီငြမ်းပါသည်)

Friday 18 November 2011

ဂုဏ်ယူချင်သည်မြန်မာပြည်(ခံစားမိတာလေး)


ခုတစ်လောကြားအင်တာနက်ပေါ်တက်လိုက်တာနဲ့ဖတ်ခွင့်ရတဲ့သတင်းတွေကကြည်နူးဖို့ကောင်းသလို မြန်မာနိုင်ငံသားတိုင်း အားရှိစရာတွေပါပ။ဲ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းတွေ ကိုကြည့်မလား ပြည်တွင်းမှာဆိုရင်အမြင်မတူပဲနှစ်ပေါင်းကြာရှည်စွာတစ်စားပွဲတည်းမထိုင်ခဲ့တဲ့သွေးချင်းညီအကိုတွေလိုအမြဲကင်ပွန်းတပ်ပေမဲ့မတည့်အတူနေမမြင်ချောင်းကြည့်ဖြစ်ခဲ့ကြရတဲ့ကျွန်တော်တို့တိုင်းရင်းသားညီအကိုတွေတစ်ဖွဲ့ပြီးတစ်ဖွဲ့အမြင်တွေတူလာကြတယ်။တစ်စားပွဲထဲမှာမတူတာတွေဘေးဖယ်ပြီးတူညီတဲ့ရည်မှန်းချက်နဲ့ရှေ့ဆက်သွားနေကြပီနိုင်ငံသားတွေဘယ်လောက်အားတက်ကြမလဲဗျာသတင်းတွေဖတ်လိုက်ရင်ဖတ်နေရင်းနဲ့တကယ်ကြက်သီးများတောင်ထမိတယ်ပြောရင် ပိုတယ်လို့တော့မထင်လိုက်ပါနဲ့ဗျ တကယ်ပါ ၊ဒီလူ နဲ့ ဒီလူ ၊ဒီတိုင်းရင်းသားနဲ့ဒီိတိုင်းရင်းသားဆိုတာဟိုးရှေးဗဝေသဏီထဲကနေလာတာဒီလိုပဲငြိမ်းချမ်းစွာနဲ့အဖြေရှာသင့်ခဲ့တာကြာပေါ့၊ ထားပါလေဒါတွေပြောရင်တော့ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေသလိုပဲဖြစ်မယ်ကျွန်တော်တို့ရှေ့ကိုပဲကြည့်ရ အောင် အနောက်ကိုပြန်ပြန်ကြည့်နေရင်တော့ အာဃာတတွေ အငြိုးအတေးတွေနဲ့ပြီးဆုံးမှာမဟုတ်ဘူး အခုကျွန်တော်တို့လမ်းမှန်ကိုရောက်နေပီ.ဖြေးဖြေးချင်းလျောက်နေအုံးမှာလားဆိုတာနဲ့ခြေလှမ်းခပ်စိပ်စိပ်
နဲ့ခပ်မြန်မြန်လျှောက်ကြမလားဆိုတာပဲဆွေးနွေးဝိုင်းမှာဆွေးနွေးစေချင်တော့တာကိုတော့ကျွန်တော့်ကိုလွန်တယ်လို့မထင်စေချင်။ကောင်းတဲ့သူကကောင်းအောင်လုပ်နေပေမဲ့လဲ.မကောင်းပါဘူးလို့မသိတာမဟုတ်ပဲနဲ့မျက်လုံး
စုံမိတ်အော်နေကြတဲ့ သူတွေလဲရှိသေးသဗျ ထားပါလေ ဒါကလဲလူဘောင်လောကဆိုတော့ကာ သူ့အလုပ်သူလုပ်တာပဲ အပြစ်မမြင်မိပါဘူး ။ခုဆိုကျွန်တော်တို့မြန်မာနိုင်ငံကြီးမှာ နိုင်ငံသားတိုင်းမျော်လင့်ချက်အလင်းရောင်တွေ ထားပါခွင့်ရပြီ ထားနိုင်ပီ။ကျွန်တော်တို့နိုင်ငံဟာ လာမဲ့၂၀၁၃မှာ  အရှေ့တောင်အာရှရဲ့အိုလံပစ်လို့ခေါ်လို့ရတဲ့ seagames အားကစားပြိုင်ပွဲကို.အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခွင့်ရမယ် ၊နောက်တစ်ခုကတော့ ၂၀၁၄မှာ အာဆီယံ ဥက္ကဌတာဝန်ယူဖို့ ပါတနာ နိုင်ငံကချွင်းချက်မရှိထောက်ခံလိုက်ပီ။စီးပွားရေးမှာကြည့်မယ်ဆိုရင် အရင်ကစီးပွားရေးပိတ်ဆို့မှုတွေကြားကရုံးကန်ပြီးရှိတာလေးရောင်းပြီးအစိုးရလုပ်ငန်းတွေ လည်ပတ်နေရတဲ့ဘ၀ကနေ လွတ်မြောက်တော့မယ် တိုင်းပြည်တွင်းရင်းနှီးမြုပ်နှံချင်တယ်ဆိုတဲ့ နိုင်ငံတွေ သူ့ထက်ငါအသုတ်လိုက်အသုတ်လိုက် လာနေကြတယ်။ကျွန်တော်တို့တစ်သက် ကျွန်တော်တို့နေတဲ့နိုင်ငံကို ဆီအပေါက်ရှာသလိုအပြစ်ရှာတတ်ပြီးပုရွက်ဆိတ်ကိုက်တာကအစအုပ်ချုပ်သူမကောင်းမြင်ဝါဒနိုင်ငံတွေ၊ကောင်းပါတယ်ဆိုတဲ့စကားကိုကျွန်တော်တို့နဲ့မထိုက်တန်သလိုအမြဲပြောနေတတ်တဲ့နိုင်ငံတွေတောင်မပြောစဖူး..စီးပွားရေတွေပူးပေါင်းဆောင်ရွက်မယ်လက်တွဲခေါ်မယ်ဆိုပဲ………………………………………… မှတ်သားလောက်ပါတယ် လက်တွဲခေါ်ရအောင်ကျွန်တော်တို့ကလဲဒုက္ခိတတွေမှမဟုတ်တာဗျ၊ကိုယ့်ခြေလှမ်းနဲ့ကိုလှမ်းနိုင်သလောက်လှမ်း
နေခဲ့တာပါ။။။ဂရုဏာသံနဲ့နတ်သံနောတဲ့လေသံနဲ့အဲလိုခေါင်းစဉ်မျိုးတွေ့ရင်ကျွန်တော်နဲ့အတူဘယ်မြန်မာနိုင်ငံ
သားကမှ ခံချင်မှာမဟုတ်ဘူး။ထားပါလေ ။ခုဆိုရင် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကြီးဟာဆိုရင်လဲ ဒေသတွင်းစီးပွားရေးကို အချက်အချာကျစေမှာဖြစ်သလို ကျွန်တော်တို့မြန်မာ့စီးပွားရေးအတွက်လဲ အများကြီးအထောက်အကူဖြစ်လာတော့မယ် ၊ဒီလိုနိုင်ငံရေး၊စီးပွားရေး၊လူမှုရေးတွေမှာ အဖက်ဖက်ကတိုးတက်လာတာနဲ့လိုက်လာတာကတော့ ပြည်သူပြည်သားတွေရဲ့စိတ်ခွန်အားတွေပါပဲ ၊ခုဆိုရင် မအောင်မြင်တာကြာပီဖြစ်တဲ့မြန်မာ့ဘောလုံးအသင်း(u_23)ဟာဆိုရင်လဲ၂၀၁၁ဆီးဂိမ်းပြိုင်ပွဲမှာအုပ်စုအသင်း
တွေကိုပြတ်ပြတ်သားသားအနိုင်ယူပြီးတော့(၁၉.၁၁.၂၀၁၁)ရက်နေ့မှာဆီမီးဖိုင်နယ်အဆင့်ကိုတက်လှမ်းလာနိုင်တာကို.တွေ့ရတယ်ခင်ဗျ…ရပ်ဝေးမှာအကြောင်းကြောင်းကြောင့်နေရတဲ့သူတွေ၊မြန်မာပြည်အတွင်းမှာနေထိုင်တဲ့သူတွေစသဖြင့်မြန်မာနိုင်ငံသားအားလုံးဟာပျော်မဆုံးမော်မဆုံးဖြစ်နေရတဲ့ကာလလို့တောင်သတ်မှတ်လို့ရပါတယ်  တကယ်ပါပဲ ပြည်သူတွေရဲ့ဆန္ဒတွေ မြန်မာဆိုတဲ့ဂုဏ်ကို သူများတွေနိုင်ငံမှာချပြချင်တာတွေ စုံလို့ပါပဲ၊အဲဒီမှာ.ရင်တွင်းဆန္ဒတွေ ဘယ်လိုပဲဖော်ထုတ်ကြပါစေ  တစ်ထပ်တည်းကျနေတဲ့ အရာကတော့ မြန်မာပြည်သားတိုင်းရင်းသားတွေမှန်သမျှ မြန်မာပြည်ကြီးကိုချစ်တယ်ဆိုတာပါပဲ .
ကျွန်တော်တို့မြန်မာနိုင်ငံသားအားလုံးစည်းလုံးညီညွတ်စွာနဲ့အနာဂတ်ပန်းတိုင်တိုင်းကိုဖမ်းဆုပ်နိုင်ပါစေလို့
ဆန္ဒပြုရင်း
မာန်အွမ်(၁၉.၁၁.၂၀၁၁)

Thursday 17 November 2011

တာဝန်ကျေသော ဥယျာဉ်မှူးကြီး - ပြည်သူ့ တပ်မတော်

( အာဆီယံဥက္ကဌအဖြစ် မြန်မာနိုင်ငံကို ရွေးချယ်ခြင်းခံရပြီ၊ ယနေ့ အစိုးရသစ်နှင့် နိုင်ငံတော်သစ်ကို ကုလ၊ အမေရိကန်၊ အီးယူ၊ တရုတ်၊ အိန္ဒိယနိုင်ငံများနှင့် အာဆီယံနိုင်ငံအားလုံးက ချွင်းချက်မရှိထောက်ခံကြသည်။ ယနေ့ မြန်မာနိုင်တော်အတွက် အားတက်စရာကောင်းလှ၏၊ မြန်မာနိုင်ငံသားဖြစ်ရသည်မှာ ဂုဏ်ယူစရာကောင်းလှ၏။ ယနေ့နိုင်ငံတော်သစ်ကို မည်သူပုံခဲ့သနည်းဆိုသည်ကိုတော့ မေ့လျှော့နေကြ၏။ ဤလမ်းစဉ်၊ ဤဒီမိုကရေစီနိုင်ငံတော် ကို စီမံကိန်းချပြီး အဆင့်ဆင့်အကောင်ထည်ဖော်ခဲ့သည်မှာ တပ်မတော်သာ ဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်အပေါ်မှာ တာဝန်ကျေပွန်ခဲ့ပါပြီ။ ၂၀၁၄ မှာ အာဆီယံ ဥက္ကဌအဖြစ်ရွေးချယ်ခံရခြင်းအတွက် တပ်မတော်ကြီးလည်း ကြားလျှင် ပီတိဖြစ်နေလိမ့်မည်။ တပ်မတော်၏ ဂုဏ်ကျေးဇူး ကြီးမားပေ၏။ ကျေးဇူးကြီးမားသော တပ်မတော်ကို ဤပိုစ့်ဖြင့် ပြန်လည်ဂုဏ်ပြုလိုက်ပါသည်။ )



(၆၆)နှစ်မြောက် တပ်မတော်နေ့ သည်ကား မြန်မာနိုင်ငံသမိုင်းနှင့် တပ်မတော် သမိုင်းတွင် အလွန်ထူးခြား လေးနက်သော အခါ သမယ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ မြန်မာနိုင်ငံ အတွက် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ် အဖြစ် ခေတ်သစ် စနစ်သစ် တစ်ရပ်ဆီသို့ ကူးပြောင်း နိုင်ခဲ့သော အချိန်အခါ ဖြစ်သကဲ့သို့ တပ်မတော် အနေဖြင့်လည်း နိုင်ငံ ဖရိုဖရဲ ပြိုကွဲလု အခြေအနေမှ ဝင်ရောက်ထိန်းသိမ်း စောင့်ရှောက် တာဝန်ယူ ခဲ့ရပြီး ဘက်ပေါင်းစုံမှ ပြန်လည် တိုးတက် ဖွံ့ဖြိုး လာရေးအတွက် နှစ်ပေါင်း နှစ်ဆယ်ခန့် ကြာအောင် ပြုစုပျိုးထောင် ခဲ့ပြီးနောက် နိုင်ငံတော်၏ တာဝန် အရပ်ရပ်ကို ပြည်သူတို့က ရွေးချယ် တင်မြှောက်ခဲ့သော ဒီမိုကရေစီ အစိုးရ အဖွဲ့သစ်ထံ ကောင်းမွန်စွာ ပြန်လည် လွှဲပြောင်းပေးနိုင် တော့မည့် မင်္ဂလာ သမယ အခါပင် ဖြစ်ပေ၏။

ဆယ်စုနှစ် ခြောက်ခုကျော် ခုနှစ်ခုနီးပါး ဖြတ်သန်း လာခဲ့သည့် တပ်မတော်၏ သမိုင်းကြောင်းကို ပြန်ပြောင်း၍ လှည့်ကြည့်မည် ဆိုပါက အမိမြန်မာ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး အတွက် အနိမ့်အမြင့်၊ အတက်အဆင်း၊ လမ်းဖြောင့် လမ်းကောက်၊ ဒုက္ခ သုက္ခ အမျိုးမျိုး အကြားမှ တပ်မတော်၏ သက်စွန့်ကြိုးပမ်း အားထုတ် စွမ်းဆောင်မှုများကို ရှင်းလင်း ပီပြင်စွာ တွေ့နိုင် ပေလိမ့်မည်။

စင်စစ်၌ မြန်မာ နိုင်ငံတော်၏ သမိုင်းနှင့် တပ်မတော်၏ သမိုင်းတို့ကို မည်သို့မျှ သီးခြားစီ ခွဲခြမ်းနိုင်လိမ့်မည် မဟုတ်ချေ။ နိုင်ငံ လွတ်မြောက်ရေး သမိုင်းကြောင်း ကာလတွင် သန္ဓေတည် စတင်ခဲ့သော တပ်မတော်သည် ယနေ့ထက် တိုင်အောင်ပင် နိုင်ငံရှင်သန် ကြီးပွား ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပါဝင် ပြုစုပျိုးထောင် စောင့်ရှောက် ကာကွယ်နေရဆဲ ဖြစ်ပေသည်။ လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင်သည့် အမိမြန်မာ နိုင်ငံကို အဖိုး အနဂ္ဃ ထိုက်တန်သည့် "အာသာဝတီ နွယ်နီနတ်ပန်း" နှင့် နှိုင်းယှဉ် တင်စားပါက ထိုနတ်ပန်းပင်ကို တောင်စဉ်ခုနှစ်ထပ် ဝန်းရံပိတ်သည့် တောင်မြတ် ဟိမဝန္တာ မြေပြင်ထက်၌ ထိုးထွက် ထွင်းဖောက် အညှောင့်မျှပင် မလူနိုင် သေးသည့် ဘဝမှပင် စတင်မြေဆွ မျိုးစေ့ချကာ စိုက်ပျိုး ရှင်သန်စေခဲ့ သည်မှာ တပ်မတော်ပင် ဖြစ်ပေသည်။ ထို့အပြင် အပင်ပေါက် ဘဝမှစ၍ ပိုးပုရွက်တို့ ကိုက်ဖျက်ခြင်း မပြုနိုင်အောင် အရိပ် တကြည့်ကြည့် ပြုစုပျိုးထောင် စောင့်ရှောက် ခဲ့ရသည်မှာလည်း တပ်မတော်ပင် ဖြစ်၏။ ဘဝ လောကဓံ အမျိုးမျိုး၏ လှိုင်းဒဏ် လေဒဏ်ကို ခံရ၍ ပန်းကောင်း အညွှန့်ကျိုး ဖြစ်လုဆဲဆဲ ကာလများတွင် အသက်နှင့်လဲ၍ ကာကွယ် စောင့်ရှောက်ခဲ့သည် မှာလည်း တပ်မတော်ပင် ဖြစ်၏။

အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ ကာလတွင် တပ်မတော်သည် အမျိုးသားရေး အင်အားစုများ၊ တိုင်းရင်းသား ပြည်သူများနှင့် လက်တွဲ၍ နယ်ချဲ့နှင့် ဖက်ဆစ် ဝါဒီများကို တွန်းလှန် တိုက်ခိုက်ရင်း ပြည်သူ့ တပ်မတော် အဖြစ် စတင် တည်ဆောက် ခဲ့ရသည်။ ထိုစဉ်ကာလက တပ်မတော်မှာ နိုင်ငံအတွက် လွတ်လပ်ရေး အရယူပေးမည် ဟူသော မျိုးချစ် စိတ်ဓာတ် အရင်းခံသည့် ခိုင်မြဲသော သန္နိဋ္ဌာန် စိတ်မှလွဲ၍ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာတွင် အစစ အရာရာ ချို့တဲ့ခဲ့သော ကာလ ဖြစ်သည်။ "စားစရာ ကျောက်ခဲ၊ အိပ်စရာ မြေကြီး၊ ဒါပဲ တတ်နိုင်တယ်" ဟု ပြောရလောက် အောင်ပင် တပ်မတော်သားတို့ ဘဝက အနေအစား ခက်ခဲ ဆင်းရဲခဲ့သည်။ မည်သို့ပင် ဆင်းရဲ ပင်ပန်းစေကာမူ အမိနိုင်ငံ လွတ်လပ်ရေး အတွက် ကိုယ်ကျိုးမဖက် နိုင်ငံချစ်စိတ် သက်သက်ဖြင့် မျိုးချစ် တပ်မတော်သားတို့ စွန့်စား စွန့်လွှတ်ခဲ့ကြသည်။ တိုင်းပြည်အတွက် အသက်ကို ပေးလှူ၍ သေအံ့မူးမူး ကာလမှာပင် သူ့ကျွန်ဘဝမှ မလွတ်နိုင် သေးသည့် နိုင်ငံ၏ အနာဂတ် အတွက် ရတက် မအေး၊ စိတ်မဖြောင့် နိုင်သေးဘဲ "လွတ်လပ်မှ အမျှဝေပါ - ရဲဘော်" ဟု မှာတမ်း ခြွေသွားခဲ့ကြ ရှာသည်။

သို့ရာတွင် လွတ်လပ်ရေး အောင်ပန်းကို လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင် ဆွတ်မြန်းခြင်း မပြုနိုင်မီမှာပင် ပြည်တွင်း သောင်းကျန်းမှု ဘေးရန်က နိုင်ငံ၌ စတင်လာခဲ့ ပြန်သည်။ လွတ်လပ်ရေး တိုက်ပွဲတွင် အတူလက်တွဲ ဆင်နွှဲခဲ့ကြ သော်လည်း နိုင်ငံ အရေးထက် ဝါဒရေးကို ပိုမို ရှေ့တန်း တင်လိုသူ များသည် လည်းကောင်း၊ အမျိုးသား အရေးထက် ကျဉ်းမြောင်းသော လူမျိုးစွဲ ဝါဒကို ပို၍ ဦးစားပေး လိုသူများသည် လည်းကောင်း လွတ်လပ်ရေး အကြိုကာလ ကပင် စတင် ဆူပူလှုပ်ရှား လာခဲ့ကြသည်။ ဤသို့ဖြင့် စစ်ဘေး စစ်ဒဏ်ကြောင့် ပြာပုံ ဖြစ်ခဲ့ရသည့် တိုင်းပြည်အား စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပြန်လည် ထူထောင်ရမည့် အစား နိုင်ငံရေး အင်အားစု အချင်းချင်း သွေးကွဲကာ ပြန်လည် တိုက်ခိုက်နေခဲ့ ကြသောကြောင့် လွတ်လပ်စ မြန်မာနိုင်ငံတွင် "တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန်" ကာလများနှင့် တွေ့ကြုံခဲ့ရ လေသည်။

အဆိုပါ ပြည်တွင်း သောင်းကျန်မှု အန္တရာယ် အသွယ်သွယ်ကို ရှိသမျှ အင်အားဖြင့် အားတင်း ရင်ဆိုင်ကာ တွန်းလှန်ခဲ့ရ သည်မှာ တပ်မတော်ပင် ဖြစ်သည်။ လွတ်လပ်ရေး ရပြီးစ ကာလ ရန်ကုန် အစိုးရဟုပင် သရော်လှောင်ပြောင် ခံခဲ့ရသည့် အခြေအနေမှ ပြည်ထောင်စု အစိုးရ အပေါ် သစ္စာရှိသည့် လက်ကျန် တပ်ရင်းတပ်ဖွဲ့ လက်တစ်ဆုပ်စာ ခန့်နှင့် မိမိတို့ တိုင်းချစ် ပြည်ချစ်စိတ် အရင်းခံ သက်သက်ဖြင့် ဝင်ရောက် ကူညီ တိုက်ခိုက် ပေးခဲ့ကြသည့် တက္ကသိုလ် ကျောင်းသား လူငယ်များ၊ စေတနာ့ ဝန်ထမ်း၊ ရပ်ရွာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ပြည်သူများ ပူးပေါင်းကာ အင်အား အလုံးအရင်းနှင့် ရန်သူမျိုးစုံကို တွန်းလှန်ခဲ့ ကြရသည်။

တစ်ချိန်တည်း မှာပင် ကမ္ဘာပေါ်၌ စစ်အေးတိုက်ပွဲ ကာလ အရှိန်မြင့် လာချိန်ဖြစ်သည့် အတွက် အနောက်အုပ်စု ခေါင်းဆောင် နိုင်ငံကြီးက ထောက်ပံ့ အားပေးသော ကူမင်တန် တရုတ်ဖြူ တပ်ဖွဲ့များက မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် ပိုက်နက် နယ်မြေကို ထိပါးကျူးကျော် ဝင်ရောက်လာမှု ကိုလည်း ရင်ဆိုင်တိုက်ခိုက် မောင်းထုတ်ခဲ့ရ ပြန်သည်။ ဤသို့ အတွင်းရန်၊ အပြင်ရန် အမျိုးစုံသော လုံခြုံရေး ထိပါးမှု အန္တရာယ်များအား "ဘဲအုပ်က တစ်ရာ နှစ်ရာ- မဗေဒါက တစ်ပင်တည်း" ဆိုသကဲ့သို့ တပ်မတော် တစ်ခုတည်းက အံခဲကာ ရင်ဆိုင် နေရချိန်တွင် မြေပေါ်ရှိ အာဏာရ၊ အာဏာမဲ့ နိုင်ငံရေးသမား ပုဂ္ဂိုလ်ကြီးများက ဘာတွေ လုပ်နေခဲ့ကြ သည်ကို သမိုင်းက သက်သေခံလျက် ရှိပေသည်။

လွတ်လပ်ရေး ရပြီးစ ပြည်တွင်း သောင်းကျန်းမှု အရှိန်အဟုန်က ထိပ်ဆုံးအထိ မြင့်တက် နေချိန်တွင် မြေအောက် နိုင်ငံရေး လှုပ်ရှားသူများ၏ ပယောဂကြောင့် အမှုထမ်း ပေါင်းစုံသပိတ် ပေါ်ပေါက်ခဲ့ပြီး နောက်ကျောမှ ဓားဖြင့်ထိုးရန် ကြံစည် ခဲ့သည်။ တိုင်းရေးပြည်ရေး အခြေ မလှသဖြင့် အာဏာရ အစိုးရ အဖွဲ့မှ ဝန်ကြီးအချို့ နုတ်ထွက် သွားကြသည်။ လက်ဝဲ၊ လက်ယာ နှစ်ဖက် စလုံးက စစ်ဘက်ကို စည်းရုံးကာ အာဏာသိမ်းရန် ကြံစည်ခဲ့ကြသည်။ တပ်မတော်က ပြည်ထောင်စု အစိုးရကို သစ္စာရှိစွာ ရပ်တည် ခဲ့သဖြင့် ယင်းအကြံအစည်များ ပျက်ပြား ခဲ့ရသည်။ သောင်းကျန်းမှု အရှိအဟုန် အမြင့်ဆုံး အချိန်တွင် ဝန်ကြီးချုပ် ကိုယ်တိုင် နုတ်ထွက်ရန် ပြင်ဆင်ခဲ့သည်ဟု ဆိုသည်။ အိန္ဒိယ နိုင်ငံသို့ ဝန်ကြီးအဖွဲ့ တစ်ဖွဲ့လုံး ထွက်ခွာ၍ စစ်အတွင်း ကာလ ဆင်းမလား အစိုးရကဲ့သို့ အဝေးရောက် အစိုးရအဖြစ် ရပ်တည်ရန်ပင် ကြံစည်မှု ရှိခဲ့သည် ဟုလည်း သတင်း အချို့က ဆိုသည်။ တပ်မတော်ကမူ အဆုံးစွန် အခြေအနေ၌ သိဂုင်္တ္တရ ကုန်းမြေကို နောက်ဆုံးခံစစ် အဖြစ် အခြေပြုကာ ကျည်တစ်တောင့် လူတစ်ယောက် ကျန်သည်အထိ တိုက်သွားမည်ဟု သန္နိဋ္ဌာန် ပြုခဲ့သည်။

ထိုကာလ၌ ရေနစ်သူကို ဝါးကူ ထိုးလိုသည့် ပြည်ပ ပယောဂများ ကလည်း ရှိနေခဲ့သည်။ ပြည်တွင်း သောင်းကျန်းမှု ဒဏ်ကို ခါးစည်း၍ ခံနေရသော မြန်မာနိုင်ငံ၌ ဘဏ္ဍာရေး ကလည်း ကျပ်တည်းနေသည်။ နေ့စဉ် အပြင်းအထန် တိုက်ပွဲ ဝင်နေရသော တပ်မတော် အတွက် လက်နက်၊ ကျည်ဆန်၊ ခဲယမ်းတို့ကို ပြန်လည် ဖြည့်တင်းရန်လည်း အရေးတကြီး လိုအပ် နေခဲ့သည်။ သို့သော် လက်ဝဲ၊ လက်ယာ အရှေ့နှင့် အနောက် မည်သည့် အင်အားကြီး နိုင်ငံကမျှ မြန်မာ အစိုးရကို စစ်လက်နက် ပစ္စည်းများ ရောင်းမပေးခဲ့ပေ။ မြန်မာ နိုင်ငံကို စစ်ရေး အကူအညီ ပေးရန် လက်ယာဖရီးမင်း စာချုပ် ချုပ်ဆို ထားသော ဗြိတိသျှ တို့ကပင် စစ်လက်နက် ရောင်းချပေးရန် ငြင်းဆိုခဲ့သည်။ သို့သော် ဗြိတိသျှ နယ်ချဲ့တို့သည် ကိုလိုနီဟောင်း မြန်မာနိုင်ငံ၌ နိုင်ငံရေး ရှုပ်ထွေးစေရန်၊ ပြည်တွင်းစစ်မီး ကြီးထွားစေရန်၊ တိုင်းရင်းသားချင်း သွေးကွဲစေရန် ကြိုးပမ်းရာ၌မူ ဘယ်သောအခါမှ လက်မနှေးခဲ့ပေ။ ပင်လုံညီလာခံ၌ ခြေရှုပ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံ ခေါင်းဆောင်ကြီး များကို လုပ်ကြံရာ၌ လက်နက် ခဲယမ်းများ ထုတ်ပေးခဲ့ရုံ သာမက နက်နက်ရှိုင်းရှိုင်း ပါဝင် ပတ်သက်မှု ရှိခဲ့သည်။ ပြည်တွင်း သောင်းကျန်မှု ကာလ၌ ကေအင်န်ယူ များနှင့် လျှို့ဝှက်ဆက်သွယ် အားပေးခဲ့သည်။

ဤဖြစ်ရပ်များကို ပြန်ပြောင်းထုတ်ဖော် နေရခြင်းမှာ မြန်မာနိုင်ငံ၏ အမျိုးသား နိုင်ငံရေး သမိုင်းစဉ် တစ်လျှောက်တွင် တပ်မတော်၏ အရေး ပါလှသော အခန်းကဏ္ဍကို မသိမမီ လိုက်သူတို့ သိရှိနားလည် ဆင်ခြင် သုံးသပ်နိုင်ကြ စေရန်ပင် ဖြစ်ပါ၏။ ထိုသို့ သိမြင်နားလည် နိုင်မှသာ "အမျိုးသား နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍတွင် တပ်မတော်က ပါဝင်ခွင့် ရရေး" ဆိုသည့် အချက်ကို အလွယ်တကူ ဖယ်ရှား ပယ်ချရန် မဖြစ်နိုင်ကြောင်း ရှင်းလင်းစွာ သဘောပေါက် နိုင်ပေလိမ့်မည်။

တပ်မတော်သား တို့၏ စွန့်လွှတ်စွန့်စား တွန်းလှန် တိုက်ခိုက်မှု များကြောင့် ပြည်တွင်း သောင်းကျန်းသူ များနှင့် ပြည်ပ ကျူးကျော်သူ တို့၏ ခြိမ်းခြောက်မှုများ လျော့ပါး သွားခဲ့ပြီး နိုင်ငံ တစ်ဝန်းလုံး အတော်အတန် အေးချမ်းတည်ငြိမ် လာခဲ့ချိန်တွင် ပါတီစုံ ဒီမိုကရေစီ မူဘောင် အတွင်းမှ လှုပ်ရှားခဲ့ကြသော နိုင်ငံရေး အင်အားစု များသည် နိုင်ငံ ကောင်းစားရေး အတွက် လုပ်သင့်သလောက် လုပ်ကိုင် ခဲ့ကြသည်ကို အသိအမှတ် ပြုပါ၏။ သို့သော် ယင်း၏ မိသားစုများ အတွင်း၌ပင် အကွဲအပြဲ များက တစ်ကွဲပြီး တစ်ကွဲ မပြတ်မစဲ ဆင့်ကဲဖြစ်ပေါ် လာခဲ့ပြန်ရာ နိုင်ငံပါ ပြိုကွဲ၍ ပြည်တွင်းစစ် မီးစွဲလောင်ရန် တဲတဲမျှသာ လိုတော့သည့် အချိန်ကာလများ ရောက်လေတိုင်း အချိန်မဆိုင်းဘဲ ဝင်ရောက် ကယ်တင် ခဲ့ရသည် မှာလည်း တပ်မတော်သာ ဖြစ်ခဲ့ပါ၏။ နောက်ဆုံးတွင် အခြေခံ ဥပဒေအရ ခွဲထွက်ရေး တောင်းဆိုနိုင်သည့် ဆယ်နှစ် သက်တမ်းကျော် လာသောအခါ လူမျိုးရေး အစွဲ ပြင်းထန်သူ အင်အားစုများက တစ်ဖက်မှ တရုတ်ဖြူ ကျူးကျော်သူတို့ ထံမှ လက်နက်ခဲယမ်း အကူအညီ ရယူ၍ ဖွဲ့စည်းထားသော လူမျိုးစု ခွဲထွက်ရေး သောင်းကျန်သူ တို့ကို ပျိုးထောင် မွေးမြူထားကာ တစ်ဖက်၌လည်း ဥပဒေကြောင်း အရ ဖက်ဒရယ်မူ စစ်စစ်ဟု ဆိုသည့် ပြည်နယ် လက်နက်ကိုင် တပ်ဖွဲ့ ထူထောင်ခွင့် စသော သီးခြား ရပ်တည် ခွဲထွက်ရေး ဦးတည်သည့် တောင်းဆိုမှုများကို ပြုလုပ်လာခဲ့ တော့သည်။ အခြေအနေကား "ပြည်ထောင်စုကြီး တစ်ခုလုံး ချောက်ထဲကျဖို့ လက်တစ်လုံးမျှသာ လိုတော့သည့်" အနေအထားသို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်ရာ ၁၉၆၂ ခုနှစ် မတ်လတွင် တပ်မတော်က နိုင်ငံတော် တာဝန်များကို အချိန်မီ ရယူ ထိန်းသိမ်း ခဲ့ခြင်း မရှိပါက ယနေ့ ကမ္ဘာ၌ တွေ့မြင် နေရသော ယူဂိုဆလပ် ပြည်ထောင်စု ပြိုကွဲမှုမှ ဘော့စနီးယား၊ ကိုဆိုဗို စသည့် ပြဿနာ စစ်မီးလျှံ များထက် နှစ်ပေါင်းများစွာ စောသည့် အလားတူ ဖြစ်ရပ်မျိုးကို မြန်မာနိုင်ငံက စခဲ့ ပေလိမ့်မည်။

ထိုမှ နောက်ပိုင်းတွင်လည်း နိုင်ငံ အလယ်ပိုင်း ဒေသများတွင် အတော်အတန် အေးချမ်း တည်ငြိမ်းခဲ့သည့် တိုင်အောင် နယ်စွန်နယ်ဖျား နယ်စပ် ဒေသများ၌ တစ်ဖက်နိုင်ငံ အကူအညီကို ယူ၍ ဆူပူ သောင်းကျန်း နေကြသော သောင်းကျန်းသူ ကြီးငယ် အမျိုးအစား အရေအတွက်မှာ ဒါဇင်ပေါင်း များစွာရှိခဲ့ သလို ယင်းတို့၏ အင်အားပမာဏ မှာလည်း သောင်းနှင့်ချီ၍ ရှိခဲ့သည်။ ထို့ကြောင့် ယင်း သောင်းကျန်းသူများ နိုင်ငံ အတွင်းပိုင်းသို့ ပြန်လည် ခြေချခြင်း မပြုနိုင် ရလေအောင် စစ်ရေးအရ ဖိအားပေး တွန်းလှန်ကာကွယ် နေခဲ့ရသည် မှာလည်း လူ၊ ပစ္စည်း၊ ငွေကြေး အရင်းအနှီး များစွာ ပေးဆပ် ခဲ့ရသည့် ကာကွယ်ရေး လုပ်ငန်းကြီး တစ်ခု ဖြစ်ခဲ့သည်။ နိုင်ငံ တည်ဆောက်ရေး အတွက် သုံးစွဲရမည့် လူ့အရင်းအမြစ်၊ ဘဏ္ဍာ အရင်းအမြစ်များကို လုံခြုံရေးနှင့် တည်ငြိမ်ရေးတွင် ပမာဏ ကြီးစွာ ဖဲ့၍ခွဲ၍ သုံးခဲ့ရသည်။ ဤသည်မှာလည်း နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ အတွက် အားနည်းချက် တစ်ခု ဖြစ်ခဲ့ရသည်။

စနစ်၏ အားနည်းချက်နှင့် အခြား အထွေထွေ အားနည်းချက်များ ပေါင်းဆုံကာ နိုင်ငံ တစ်ဝန်းလုံး အထွေထွေ အားနည်း ကျပ်တည်းမှု ဖြစ်လာရာမှ ၁၉၈၈ ခုနှစ် အရေးအခင်း စတင်ခဲ့သည့် ပါတီစုံ ဒီမိုကရစီ နိုင်ငံရေးပုံစံ အပြောင်းအလဲကို ရိုးသားစွာ တောင်းဆိုခဲ့သည့် ပြည်သူများ အကြားတွင် ပွဲလှန့်၍ ဖျာခင်းလိုသည့် နိုင်ငံရေး ပယောဂများ၊ လက်သစ် ကိုလိုနီ ထူထောင်လိုသည့် နိုင်ငံကြီးများ၊ တောမီး လောင်ရာ၌ လက်ခမောင်း ထ၍ ခတ်သည့် တောကြောင်များ၊ ခုတ်ခွာများ၊ ဖောက်သည်များက ဝင်ရောက်လာသော အခါ ဒီမိုကရေစီ လှုပ်ရှားမှု ဘဝမှ မင်းမဲ့စရိုက် အုံကြွ ဆူပူမှုအဖြစ် အရုပ်ဆိုး အကျည်းတန်စွာ ပြောင်းလဲ သွားခဲ့ရသည်။ ပြည်သူ တစ်ရပ်လုံး ဆောက်တည်ရာ မရ ကျီးလန့်စာစား ဖြစ်ခဲ့ရပြီး နိုင်ငံတော် အုပ်ချုပ်မှု ယန္တရား ယိုယွင်း ထိခိုက်ကာ ရပ်တန့်လု နီးပါး ဖြစ်ခဲ့ရသည်။ ဤအခြေအနေ၌ နိုင်ငံပြိုကွဲ ပျက်စီးမှု မဖြစ်သေးမီ ဝင်ရောက်ကာ အချိန်မီ ထိန်းသိမ်း ကယ်တင်ခဲ့ ရသည်မှာလည်း တပ်မတော်ပင် ဖြစ်လေသည်။

ထိုသို့ နိုင်ငံ အခြေအနေကို အချိန်မီ ဝင်ရောက် ထိန်းသိမ်းခဲ့ပြီး နောက်၌လည်း တပ်မတော်၏ လုပ်ငန်းတာဝန်က မပြီးဆုံးသေး၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စစ်ရေး လစ်ဟာချက် အခွင့်ကောင်းကို စောင့်နေသော လက်ဝဲ လက်ယာ သောင်းကျန်းသူ တို့က ရှိစုမဲ့စု အင်အား ထုတ်သုံးကာ တိုက်ပွဲကြီးများ ဖန်တီး၍ နယ်မြေသိမ်း စစ်ဆင်မှုများကို ကြိုးပမ်း ခဲ့ကြသည်။ ထိုကာလ မိုင်းယန်း၊ မဲသဝေါ ကဲ့သို့သော တိုက်ပွဲကြီး များသည် နိုင်ငံနှင့် တပ်မတော်၏ သမိုင်းတွင် အသက် သွေးချွေး များစွာဖြင့် ရေးထိုး ထားခဲ့ကြရသည့် အလေးအမြတ် ပြုအပ်သော မော်ကွန်း မှတ်တိုင်များ ဖြစ်ပေ၏။

တစ်ဖက်၌ စစ်ရေး ဖိအားများ ကြီးမားနေစဉ် အခြား တစ်ဖက်တွင်လည်း နိုင်ငံရေး၊ စီးပွားရေး၌ အနောက် အုပ်စုတို့၏ ပိတ်ဆို့မှုနှင့် ဖိအားပေးမှု များကို စဉ်ဆက်မပြတ် ခံစားခဲ့ရသည်။ မြန်မာနိုင်ငံကို အထီးကျန်၊ အပယ်ခံ နိုင်ငံတစ်ခု ဖြစ်စေရန် ချောင်ပိတ်၍ ဖိတွန်းထားခဲ့ပြီး တပ်မတော် အစိုးရ ဖြုတ်ချရေး၊ ယင်းတို့ လိုလားသူအား တင်မြှောက်နိုင်ရေး အတွက် အစိုးရ ပြောင်းလဲရေး (Regime Change) ရည်မှန်းချက်များကို ခိုင်ခိုင်မာမာ ချကာ အစဉ်တစိုက် ကြိုးပမ်း လုပ်ဆောင်ခဲ့သည်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးကို ဗန်းပြ၍ ဘက်ပေါင်းစုံမှ ဖိနှိပ်ပိတ်ဆို့ အပုတ်ချ အပြစ်တင် ဝေဖန်ခဲ့သည်။ မြန်မာ ပြည်သူများ၏ သာယာ ဝပြောမှုနှင့် ဖွံ့ဖြိုးမှုကို လိုလားပါသည် ဆိုပြီးမှ မြန်မာ ပြည်သူများ အတွက် လူသားချင်း စာနာမှု ဆိုင်ရာ တရားဝင် ဖွံ့ဖြိုးမှု အကူအညီများ ကိုပင် ပိတ်ပင်တားဆီး ထားခဲ့သည်။ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်း ကျ၍ ဒုက္ခပေါင်း များစွာ ဖြစ်နေချိန်၌ပင် ပိတ်ဆို့မှုကို သက်တမ်း တိုးခဲ့ရုံမျှ မက နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်း များက မကူညီနိုင် စေရန်ပင် တားမြစ် ထားခဲ့သည်။

ဤသို့သော အခက်အခဲ အကျပ်အတည်းပေါင်း အနမတဂ္ဂ အကြားမှပင် နှစ်ပေါင်းများစွာ နောက်ကျ ကျန်ခဲ့ပြီး စီးပွားရေး ယိုယွင်းချည့်နဲ အားနည်းနေသော နိုင်ငံတော်ကို တပ်မတော် အစိုးရက ပြည်သူတို့နှင့် လက်တွဲ၍ ပြန်လည် တည်ဆောက် ခဲ့ရသည်။ ဆယ်စုနှစ် နှစ်ခုစာ မျှသော ကာလအတွင်း နိုင်ငံတော်သည် မယုံနိုင် လောက်အောင် ပြောင်းလဲ၍ သွားခဲ့သည်မှာ တပ်မတော် အစိုးရ၏ နိုင်ငံကို ချစ်သော စိတ်၊ ပြည်သူအပေါ် ထားရှိသော စေတနာ၊ နေ့မအား ညမနား ကြိုးစား အားထုတ် လုပ်ကိုင်ခဲ့သော လုံ့လ ဝီရိယ၊ အခက်အခဲ အမျိုးမျိုး ကြားမှ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်နိုင်သည့် ဇွဲ၊ သတ္တိတို့ဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ရပ်များကြောင့် ဖြစ်သည်မှာ ငြင်း၍ မရနိုင်ပါ။

နိုင်ငံ လုံခြုံရေးနှင့် ကာကွယ်ရေး အပိုင်းတွင် တပ်မတော် အစိုးရ လက်ထက်၌ စစ်ရေးအရ လည်းကောင်း၊ စေ့စပ်ညှိနှိုင်း ဖြေရှင်းမှု အရ လည်းကောင်း ရရှိခဲ့သည့် အောင်မြင်မှုများမှာ ဘယ်ခေတ် ဘယ်အခါနှင့်မျှ မနှိုင်းယှဉ်သာဟု ရဲရဲကြီး ဆိုနိုင်သည်။ ဤလက်ထက်၌ ဥပဒေဘောင် အတွင်း ရောက်ရှိ လာခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များကို တပ်မတော် အစိုးရက စိတ်ရှည်စွာ သဘောထား ကြီးမားမှုကို ပြသ၍ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် အတူလက်တွဲ လုပ်ကိုင် လာစေရန် စည်းရုံး နိုင်ခဲ့သည်။ သို့အတွက် အင်အားစု အများအပြားမှာ တပ်မတော်၏ အမိုး တစ်ခုတည်း အောက်တွင် နယ်ခြားစောင့် တပ်ဖွဲ့များ အဖြစ် နိုင်ငံတော် ကာကွယ်ရးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို အောင်မြင် ထိရောက်စွာ ထမ်းဆောင် နိုင်ကြလေပြီ။

နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ တပ်မတော် အစိုးရ၏ အထူးခြားဆုံးနှင့် အလေးနက်ဆုံး စွမ်းဆောင်နိုင်မှု မှာကား ပါတီစုံ ဒီမိုကရေစီ နိုင်ငံရေး စနစ်သို့ အောင်မြင်စွာ ကူးပြောင်း ပေးနိုင်ခြင်းပင် ဖြစ်၏။ နိုင်ငံတော် ရှေ့ဆက် သွားမည့် လုပ်ငန်းစဉ် (၇) ရပ်ကို စနစ်တကျ ချမှတ်၍ အကောင်အထည် ဖော်ခဲ့ရာ ယခုအခါ ဆဋ္ဌမ အဆင့် ဖြစ်သည့် လွှတ်တော် အဆင့်ဆင့် အစည်းအဝေးများ ကျင်းပခြင်းနှင့် သတ္တမ အဆင့်ဖြစ်သည့် ရွေးချယ် တင်မြှောက်ခံ အစိုးရသစ် ဖွဲ့စည်းကာ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ခြင်း လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်၏။

ပထမ အကြိမ် ယခု ကျင်းပခဲ့သည့် လွှတ်တော် အစည်းအဝေး များမှာ နှစ်ပေါင်းများစွာ အတွက် ပထမဆုံး ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီ လွှတ်တော် အစည်းအဝေးများ ဖြစ်သည့်အတိုင်း အစပထမတွင် အခြေတည် ဖွဲ့စည်းမှုများကို ဦးစားပေး ပြုလုပ်ခဲ့သည်။ ထိုမှ နောက်ပိုင်းတွင် လွှတ်တော်တို့၏ ပဓာန လုပ်ငန်းဖြစ်သော ဥပဒေပြုခြင်း ကဏ္ဍဖြစ်ရာ ပါတီ အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်ကြီး များသည် နိုင်ငံတော်၏ အကျိုးစီးပွား တိုးတက် ဖော်ဆောင်ရေး အတွက် ကဏ္ဍ ပေါင်းစုံမှ ဆက်လက် ဆောင်ရွက် သင့်သည့် လုပ်ငန်းများကို လေ့လာသုံးသပ် အဆိုပြု တင်ပြခွင့် ရလာခဲ့ကြပြီး ဖြစ်၏။ ယခုအခါ နိုင်ငံအတွက် အရေးပါသော စီးပွာရေး ဆိုင်ရာ ရှေ့လုပ်ငန်းစဉ် မူဝါဒများ၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာ မူဝါဒများ၊ ပိတ်ဆို့မှုများ ဆန့်ကျင်ရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး စသော နိုင်ငံရေး ဆိုင်ရာ ရှေ့လုပ်ငန်းစဉ် များ၊ သုတေသနနှင့် ဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသော ရေရှည် ဖွံ့ဖြိုးမှု အကျိုး စီးပွားများကို အဆိုပြု လေ့လာ ဆွေးနွေး သုံးသပ်ကာ ဥပဒေပြု ဆောင်ရွက် အကောင် အထည် ဖော်နိုင်ကြခြင်းဖြင့် အေးချမ်း သာယာ၍ ဖွံ့ဖြိုးသော ခေတ်မီ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို အရှိန်အဟုန်ဖြင့် တည်ဆောက် နိုင်ကြတော့မည် ဖြစ်ပေသည်။

တပ်မတော်သည် အာသာဝတီ နွယ်နီ နတ်ပန်းနှင့် တူစွာ အဖိုးတန် ထိုက်တန်လှသော နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို အရိပ် တကြည့်ကြည့်ဖြင့် အသက်နှင့်လဲကာ ကာကွယ် စောင့်ရှောက်ရုံမျှ သာမက ယင်းနွယ်နီ နတ်ပန်းပင်မှ ရနံသင်းပျံ့ ကြိုင်လှိုင်သည့် ပန်းငုံပန်းပွင်များ လန်းစွင့်စွာ ဖူးပွင့် လာနိုင်အောင်လည်း ပြုစုပျိုးထောင် မြေတောင်မြှောက်ပေး ခဲ့သည့် တာဝန်ကျေသော ဥယျာဉ်မှူးကြီးပါပေတည်း။

ထိုသို့ တာဝန်ကျေသော ဥယျာဉ်မှူးပီပီ လန်းစွင့်ပွင့်ဖူး နေသည့် အာသာဝတီ နွယ်နီ နတ်ပန်းတို့ကို မသမာသူတို့ ခူးယူ ဖျက်ခြွေခြင်း မပြုနိုင်အောင် ကုမ္ဘဏ်တစ်ထောင် စောင့်သကဲ့သို့ အစဉ်မလပ်သော သတိဖြင့် ပြည်သူနှင့် လက်တွဲကာ မြန်မာပြည်ကို ကမ္ဘာ တည်သရွေ့ စောင့်ရှောက် ကာကွယ် သွားဦးမည့် တပ်မတော် ဖြစ်ပါကြောင်း (၆၆) နှစ်မြောက် သက်တမ်း ရောက်လာခဲ့ပြီ ဖြစ်သော ပြည်သူတို့၏ တပ်မတော်ကြီးအား ချစ်ခင်မြတ်နိုး လေးစားစွာ ဂုဏ်ပြုလိုက်ရ ပါသည်။

(၂၀၁၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၊ အချပ်ပိုမှ ဆောင်းပါးရှင် ကိုမြန်မာ၏ ဆောင်းပါးအား ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

Sunday 6 November 2011

ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃) အပိုင်း-၂


အဲဒီ့ အချိန်မှာ တိုက်ပွဲ နယ်မြေတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ချင်းရိုင်ခရိုင်တွေမှာ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ တွေက မူးယစ်ဆေးဝါးနဲ့ ပက်သက်ပြီး စစ်ဆင်ရေး လုပ်နေတဲ့ အချိန်ဖြစ်တယ်။ ထိုင်းနိုင်ငံကပြောဆို လာတာက UWSA ဝ တပ်ဖွဲ့တွေဟာ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတယ်၊ ထိုင်းနိုင်ငံထဲကို ဖြန်းဖြူးနေတယ်လို့ စွပ်စွဲလာတယ်။ အဲဒိ့ အပြင် ထိုင်းဝန်ကြီးချုပ် သက်ဆင် ကိုယ်တိုင်က မြန်မာအနေနဲ့ UWSA ကို အရေးမယူရင် ထိုင်းတပ်က မြန်မာပြည်ထဲထိဝင်ပြီး UWSAရဲ့ ဘိန်းချက်စခန်းတွေကို ဖျက်ဆီးပစ်မယ်လို့ ပြောဆိုကြောင်း ထိုင်းမီဒီယာတွေကနေ ဖေါ်ပြခဲ့ကြတယ်။ မြန်မာနိုင်ငံကလည်း မြန်မာ့မြေပေါ်ကို ဘယ်နိုင်ငံခြားတပ်ဖွဲ့မှာ အဝင်ခံမှာ မဟုတ်ဘူးလို့ဆိုပြီး၊ ထိုင်းနိုင်ငံဟာ SSA တပ်ဖွဲ့တွေကို နောက်ကွယ်ကနေ ထောက်ပံ့နေပြီး ဒီအဖွဲ့တွေဟာ ဘိန်းမှောင်ခို လက်နက်ကိုင်တွေ၊ ဘိန်းဓါးပြ တွေသာဖြစ်တယ်လို့ တုန့်ပြန်ခဲ့တယ်။ သံအမတ်ကြီးတွေကို နိုင်ငံခြားရေးဝန်ကြီး ဌာနကို ခေါ်ယူပြီး ပြင်းပြင်းထန်ထန် သတိပေးတာတွေ နှစ်နိုင်ငံလုံး အပြန်အလှန်ပြုလုပ်ခဲ့ကြတယ်။ ထိုင်းတပ်တွေဟာ နယ်စပ်မြို့တွေ၊ နယ်စပ်မျဉ်းအနီးက လမ်းတွေ၊ ရှေ့တန်းစခန်းတွေမှာ သံချပ်ကာ ကားတွေနဲ့ ကင်းလှည့်တာတွေ လုပ်ခဲ့ကြတယ်။ ၂၀၀၁ တုန်းကလို တာချီလိတ်မြို့ထဲနဲ့ မယ်ဆိုင်မြို့ထဲကို လက်နက်ကြီးတွေအပြန်အလှန် ပစ်ခတ်တာမျိုး မရှိခဲ့ပေမယ့် တာချီလိတ်မြို့ထဲမှာ ဗုံးတွေ ကွဲခဲ့တယ်။

မြန်မာ့ တပ်မတော်က မုံးထော်-မုံးထ ဒေသတစ်ခုလုံးနဲ့ ဆုံးရှုံးသွားတဲ့ စစ်စခန်းတွေ အားလုံး ပြန်လည်သိမ်းပိုက်နိုင်ပြီးတဲ့ အချိန်မှာ SSA တပ်တွေ ဆုတ်ခွာသွားတဲ့ လွယ်တိုင်းလျှံဘက်ကို ဆက်လက် ထိုးစစ်ဆင်ကြတယ်။ ဒီအချိန်မှာ ထိုင်းဝန်ကြီးချုပ်ဟာ ထိုင်းစစ်သေနာပတိချုပ်ရာထူးကို အပြောင်းအလဲ ပြုလုပ်ခဲ့တယ်။ မြန်မာပြည်ကို လိုအပ်ရင် အင်အားသုံးမယ်လို့ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ဖူးတဲ့ ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ ရာထူးက အနားယူရပြီး စစ်သေနာပတိချုပ် အသစ်က SSA ကို ထောက်ပံ့ကူညီနေတာတွေ ရပ်ဆိုင်းလိုက်တယ်။ SSA လည်းလွယ်တိုင်းလျှံဘက်ကို အားလုံး ဆုတ်ခွာသွားရတယ်။ မြန်မာ့တပ်မတော်နဲ့ UWSA တပ်ဖွဲ့တွေလည်း လွယ်တိုင်းလျှံ ဒေသနဲ့ မျက်နှာချင်းဆိုင် တောင်ကြောတွေပေါ်မှာ ကာကင်းစခန်းတွေ တည်ဆောက်ပြီး ရင်ဆိုင်ထိန်းချုပ်ထားခဲ့ကြပြီး တိုက်ပွဲတွေ အခိုက်အတန့် ပြီးဆုံးခဲ့ပါတယ်။

တိုက်ပွဲတွင်းမှာ တပ်မတော်ဟာ ဆုံးရှုံးသွားတဲ့ နယ်မြေတွေ အားလုံး ပြန်ရအောင် တိုက်ယူနိုင်ခဲ့ပေမယ့် အကျအဆုံးများခဲ့ပါတယ်။ တိုက်ပွဲတွေ အတွင်း ကျဆုံးခဲ့သူတွေ ရှိသလို တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ မြို့တွေနဲ့ ဆက်သွယ်ထားတဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေမှာ မကြာခဏ ခြုံခို တိုက်ခိုက်ခံရတဲ့ အတွက် ကျဆုံးရတာတွေလည်း ရှိခဲ့တယ်။ UWSA တပ်ဖွဲ့ကလည်း ကျဆုံးမှုများခဲ့ပြီး ဒဏ်ရာရသူနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးသူတွေလည်း အတော်များများ ရှိခဲ့တယ်။ ၁၂၀ မမ စိန်ပြောင်းကြီးတွေဟာ တိုက်ပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ နည်းဗျူဟာ လက်နက်ကြီးတွေ အဖြစ်မြင်တွေ့ခဲ့ရ ပေမယ့် တချို့တိုက်ပွဲတွေမှာ ပစ်မှတ်ကို အတော် ဝေးဝေး လွဲချော်တာတွေ အားနည်းချက်အဖြစ် တွေ့ခဲ့ရတယ်။ တိုက်ပွဲအတွင်းပျက်ဆီးသွားခဲ့တဲ
့ ရွာတွေကို ပြန်တည်ပေးခဲ့ပေမယ့် တိုက်ပွဲမတိုင်ခင် က နေထိုင်လာတဲ့ လူအားလုံး ပြန်လာမနေနိုင်ကြတော့သလို အရင်လိုလည်း စည်ကားခြင်း မရှိတော့ပါ။ တိုက်ပွဲစဉ် တစ်ခုလုံးမှာ ဝမ်းနည်းဖို့ အကောင်းဆုံးကတော့ အရပ်ဘက် ဝန်ထမ်းတွေ အသက်ဆုံးရှုံးခဲ့ရတာပါ။

အခုတော့ အရင်က စည်ကားတဲ့ ရွာကြီးဖြစ်ခဲ့ပြီး ၂၀၀၃ တိုက်ပွဲတွေ အတွင်းမှာ ရွာပျက်ကြီး ဖြစ်သွားတဲ့ မုံးထရွာနေရာမှာ ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းက စပြီး မုံးထမြို့ အဖြစ် မြို့အသစ် တည်ဆောက်နေပါပြီ။ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နဲ့လည်း ကားလည်း ဖေါက်လျက်ရှိပြီး မိုင်းပန်-မုံးထ လမ်းမှာ သံလွင်မြစ်ကို ဖြတ်ပြီး သံလွင်မြစ်ကူးတံတားသစ်ကြီးလည်း တည်ဆောက်ဖို့ စီစဉ်နေပါပြီ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာနဲ့ အမျှ ဒေသရဲ့ လုံခြုံရေး အခြေအနေ ကောင်းမွန်လာပြီး ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ၂၀၀၃ တိုက်ပွဲတွေရဲ့ စစ်ဘေးဒဏ်အဖြစ် ရွာပျက်တွေရဲ့ အစိတ်အပိုင်း အကြွင်းအကျန်တွေကို ယနေ့တိုင် တွေ့မြင်နိုင်ပါသေးတယ်။ အခုပြန်တည်ထားတဲ့ ရွာတွေရဲ့ မနီးမဝေးမှာ ချုံတောတွေ ဖုံးလွှမ်းနေပြီ ဖြစ်တဲ့ ရွာပျက်တွေ ရှိပါတယ်။

အဲဒီ့တုန်းက ခက်ခက်ခဲခဲ ပြန်တိုက်ယူခဲ့ရတဲ့ ပန်မိုင်ဆွန်၊ ပန်ကန့်ကော်၊ ကျူဆန်ကပ်၊ မုံးထော်၊ မုံးထ၊ ညောင်ပင်ကုန်း၊ ၄၀၀၈၈၇ စတဲ့ စခန်းတွေ အားလုံးဟာ ယခုအခါ မဆုတ်တန်းခံစစ် စခန်းတွေ အဖြစ် သတ်မှတ်ထားပါတယ်။ မည်သည့် အခြေအနေနဲ့ ကြုံရသည်ဖြစ်စေ စခန်းကို စွန့်ခွာ ထွက်ပြေးခွင့် မရှိပါဘူး။ ဒီစခန်းတွေကနေ ဆုတ်ခွာခွင့်ကို အမိန့်ပေးနိုင်သူဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ဦးပဲ ရှိပါတယ်။

အခုတင်ပြခဲ့တာတွေကတော့ ကျွန်တော် သိမှီသလောက် ၂၀၀၃ ခုနှစ် ထိုင်း-မြန်မာ နယ်စပ် တိုက်ပွဲများ အကြောင်းပဲ ဖြစ်ပါတယ်။ လွဲမှားနေတာ၊ မပြည့်စုံတာတွေရှိရင် သိတဲ့သူတွေက ထောက်ပြ ပြုပြင် ပေးကြပါ။

အားလုံးကို လေးစားလျက်
Comrade

ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃) အပိုင်း-၁

Myanmar Defence blog မှကူးယူဖော်ပြပါသည်

ယခုဖော်ပြသော သမိုင်းဆိုင်ရာဆောင်းပါသည် ကိုcomrade ပေးပို့သော ဆောင်းပါးဖြစ်ပါသည်။ယခုဆောင်းပါး၏ ရည်ရွယ်ချက်မှာ ပြည်တွင်း မငြိမ်မသက်ဖြစ်အောင် ပြုလုပ်နေသော ယိုးဒယားများ အကြောင် ဖော်ပြချက်သာ ဖြစ်ပြီး ပြည်တွင်း လက်နက်ကိုင်များ အရေးနှင့် မသက်ဆိုင်ပါခင်ဗျာ..။ကျေးဇူးတင်ပါတယ် ကိုcomrade ခင်ဗျာ...။

ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)

(ဒီအကြောင်း ရေးသားရတာက ပြည့်ပြည့်စုံစုံ သိလို့ မှီလို့ ရေးတာ မဟုတ်ဘူးဆိုတာ ကြိုတောင်းပန်ပါရစေ။ ကျွန်တော် သိသလောက် ရေးတဲ့ထဲမှာ လွဲမှားတာတွေ အများကြီး ရှိနိုင်ပါတယ်။ C-box မှာ ကိုsawkofan မေးထားတာကို ပြန်ဖြေ ပေးတဲ့သူ မတွေ့သေးတဲ့ အတွက် တကယ်နားလည်တဲ့ သိတဲ့ လူတွေ မပြောခင် သိသလောက်လေး နည်းနည်း ပြောပြတာပါ။ လွဲမှားနေတာတွေ ရှိရင် သိတဲ့လူတွေက ထောက်ပြ ပြုပြင်ပေးကြပါ ခင်ဗျား။)

ထိုင်း-မြန်မာ နယ်စပ် ၂၀၀၁ တိုက်ပွဲစဉ်တွေနဲ့ ပက်သက်လို့တော့ ကျွန်တော် အနည်းအကျဉ်းပဲ ကြားဖူးပါတယ်။ တိုက်ပွဲမှာ ပါခဲ့ဖူးတဲ့ တပ်မတော်သားအချို့နဲ့၊ သူတို့ဆီက တဆင့်စကားကြားဖူးသူတွေ ဆီကနေ ထပ်ဆင့်ပြီး အနည်းအကျဉ်းသာ ကြားဖူးနားဝ ရှိပါတယ်၊ ထင်ရှားတဲ့ တိုက်ပွဲတွေက အို-၇ တောင်ကုန်းတိုက်ပွဲ၊ ပါချီးစခန်း တိုက်ပွဲ၊ ဘီပီ-၁ စခန်းတိုက်ပွဲ၊ လွယ်တော်ခန်းတိုက်ပွဲ၊ လွယ်ခန်းရှိုးတိုက်ပွဲ၊ စတဲ့ တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း များစွာ ပါပါတယ်။ မိုးသီးဇွန် ဘလော့မှာ ကိုsawkofan ဖတ်ဖူးတဲ့ ကျောက်ခေတ်တပ်မတော် ဆိုတဲ့ ဆောင်းပါးက ဆောင်းပါးရှင် ဂါမဏိ ရေးတာပါ။ ကျွန်တော်လည်း ဖတ်ဖူးတယ်၊ သူ့ဆောင်းပါးမှာတဲ့ တချို့အချက်တွေကို ကြည့်လိုက်တာနဲ့တင် အရမ်းလွဲနေမှန်း သိသာပါတယ်၊ (ထိုင်းစစ်တပ်ရဲ့ ရုပ်သံလိုင်းကလွှင့်တဲ့ အချက်အလက်တွေကို ယူပြီး ရေးခဲ့သလားတော့ မသိပါ)။ မြန်မာဘက်က တိုက်ပ်-၆၉ တင့်ကားတွေ သုံးပြီး ထိုင်းဘက်က အမ်-၆၀ တင့်ကားတွေနဲ့ ခုခံခဲ့တယ်လို့ ဆိုတယ်၊ ရှမ်းပြည် အရှေ့ပိုင်း တစ်ခုလုံးမှာ တိုက်ပ်-၆၉ လို ပင်မတိုက်ပွဲဝင်တင့်တွေ တစီးမှ မရှိပါ။ မြေပြင် အနေထားကလည်း တင့်တွေ ရှမ်းပြည် အရှေ့ပိုင်းကို သယ်ယူဖို့နဲ့ အဲဒီ့ ဒေသမှာ စစ်ဆင်ဖို့ အခြေအနေ မပေးပါ။ ထိုင်းဘက်ကလည်း တကယ်သုံးခဲ့တာက သံချပ်ကာ လူသယ်ယာဉ်တွေနဲ့ ခြေလျင် တိုက်ခိုက်ရေးယာဉ်တွေပါ။



ဆောင်းပါးရှင် ဂါမဏိ ရေးထားတာ သတင်း အချက်အလက် အလွဲအမှားတွေကို အခြေခံပြီး ရေးထားတယ် ဆိုတာလောက်တော့ ကျွန်တော်ပြောနိုင်ပါတယ်။၂၀၀၁ တိုက်ပွဲစဉ်တွေနဲ့ ပက်သက်လို့ ပိုသိတဲ့ လူတွေ ဆွေးနွေးပေးပါလိမ့်မယ်။ အခု ၂၀၀၃ တိုက်ပွဲစဉ်တွေနဲ့ ပက်သက်ပြီး ကျွန်တော်သိသလောက် နည်းနည်း ဆွေးနွေးပါ့မယ်၊ ကျွန်တော်က ဒီတိုက်ပွဲစဉ်မှာ ပါဝင်ခဲ့လို့ မဟုတ်ပါ၊ ဒါပေမယ့် ကျွန်တော်ထွက်ခဲ့ဖူးတဲ့ စစ်ဆင်ရေး နယ်မြေက အဲဒီ့ ဒေသနဲ့ ဆက်စပ်နေတဲ့ အတွက် အနည်းအကျင်း သိခဲ့ရပါတယ်။

အဓိက တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ နေရာတွေကတော့ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေ မုံးထော်-မုံးထ ဒေသ ဖြစ်ပါတယ်။ မုံးထော်(ရှမ်းအခေါ် မိုင်းတော့)-မုံးထ(မိုင်းထား) ဒေသ ဟာ ကြိဂံဒေသ အနောက်တောင်ဘက်စွန်း သံလွင်မြစ် အရှေ့ဘက်ကမ်းမှာ တည်ရှိပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
နယ်မြေ ဟိုမိန်းဒေသ နဲ့ နယ်မြေချင်း ဆက်စပ်နေပါတယ်။ ဟိုမိန်းဒေသနဲ့ မုံးထော်-မုံးထဒေသ အစပ်မှာ SSA ဌာနချုပ် လွယ်တိုင်းလျှံစခန်း တည်ရှိပါတယ်။ လွယ်တိုင်းလျှံ စခန်းဟာ ထိုင်း-မြန်မာ နယ်စပ်မျဉ်းပေါ်မှာ ရှိပြီး နယ်နိမိတ် အဖြစ် သတ်မှတ်ထားတဲ့ တောင်ကြော တလျှောက် အလျားလိုက် တည်ရှိပါတယ်။ လွယ်တိုင်းလျှံစခန်းရှေ့နဲ့ ဘယ်ညာမှာ ကာကင်း စခန်းပေါင်း များစွာရှိပြီး SSA ဟာ လွယ်တိုင်းလျှံဝန်းကျင် ဧရိယာ အတော်များများကို စိုးမိုး ထားနိုင်ပါတယ်။ လွယ်တိုင်းလျှံရဲ့ အဆောက်အဦ အတော်များများဟာ မြန်မာနယ်နိမိတ်ထဲမှာ ရှိပေမယ့် ဝင်ပေါက်တွေက ထိုင်းဘက်ကပဲ ဝင်လို့ရပါတယ်။ မြန်မာဘက်ခြမ်းကို အခိုင်အမာ ခံစစ်ပြင်ထားပြီး ရှေ့မှာ သတ်ကွင်း ဖန်တီး ထားပါတယ်။ SSA ရဲ့ လွယ်တိုင်းလျှံ ကာကင်းတွေရဲ့ မျက်နှာချင်းဆိုင်မှာတော့ မြန်မာ့ တပ်မတော် ရှေ့တန်း ကာကင်းစခန်းတွေ ရှိပါတယ်။ မျက်နှာချင်းဆိုင် တောင်ကြောတွေမှာ တဖက်နဲ့ တဖက် အသင့် ရင်ဆိုင်ထိန်းချုပ်ထားတဲ့ အနေအထားပါ။

ထုံးစံ အတိုင်းပါပဲ တိုက်ပွဲတွေ စတင် ဖြစ်ပွားတဲ့ အချိန်ကတော့ ထိုင်း-အမေရိကန်ပူးတွဲ Cobra Gold စစ်လေ့ကျင့်မှု ပြုလုပ်တဲ့ အချိန်ပါ။ (ထုံးစံ အတိုင်းလို့ ဆိုရတာက နယ်စပ်က မြန်မာ့တပ်မတော် စခန်းတွေ အတိုက်ခံရတဲ့ အချိန်တိုင်း လိုလိုဟာ Cobra Gold ပြုလုပ်မယ့် အချိန်ကာလ ပတ်ဝန်းကျင်ဖြစ်ပါတယ်)။ လူမျိုးစုလက်နက်ကိုင်တွေ မြန်မာ့ တပ်မတော်စခန်းတွေ ကို ဝင်တိုက်တာတွေဟာ Cobra Gold နဲ့ အချိန်ကိုက် ဖြစ်လေ့ရှိတာ တိုက်ဆိုင်မှု သက်သက်တော့ မဟုတ်ပါဘူး။ အဲဒီ့ နယ်စပ်တိုက်ပွဲတွေ ဖြစ်တဲ့ အချိန်မှာ ထိုင်းတပ်ဟာ ဝင်မပါပေမယ့် သူတို့ နယ်စပ်ကို ကာကွယ်ဖို့ဆိုတဲ့ ပုံစံနဲ့ နယ်စပ်မှာ လက်နက်ကြီးတွေ အပြည့်အစုံနဲ့ တပ်လှန့်ခြင်း တပ်အသင့်နေရာယူခြင်းတွေ လုပ်ပြီး မြန်မာ့ တပ်မတော်ကို တိုက်ခိုက်နေတဲ့ လူမျိုးစုလက်နက်ကိုင်တွေ နောက်မှာ အသင့်ရှိနေတတ်ပါတယ်။ နောက်တစ်ချက်က Cobra Gold စစ်ရေး လေ့ကျင့်မှုဟာ ပုံမှန် ပူးတွဲ စစ်ရေးလေ့ကျင့်ရုံသက်သက် မဟုတ်ပါဘူး။ အမေရိကန်က ထိုင်းကို လက်နက်ရောင်းတဲ့ပွဲလည်း ဖြစ်တယ်။ စစ်လေ့ကျင့်မှုမှာပါတဲ့ အမေရိကန်တပ်တွေဟာ လက်နက် အပြည့်အစုံနဲ့လာလေ့ရှိတယ်၊ ဒါပေမယ့် စစ်လေ့ကျင့်မှု ပြီးတဲ့အခါ ပါလာတဲ့ လက်နက်ကြီးတွေကို ပြန်ယူမသွားဘဲ ထိုင်းကို အထူးဈေးနဲ့ ရောင်းခဲ့လေ့ရှိပါတယ်။ စစ်လေ့ကျင့်မှုကို ရှေ့တန်းတင်ပြီး လက်နက်ကြီးတွေကို လျှော့ဈေးနဲ့ သက်သက်သာသာ ပေးပစ်ခဲ့တဲ့ သဘောပါ။ ဒီလို ထိုင်းမှာ လက်နက်တွေ အသင့် လေ့ကျင့်မှု အသင့် ဖြစ်တဲ့ အချိန်မှာ နယ်စပ်က တပ်မတော်စခန်းတွေ အမြဲလိုလို တိုက်ခံရပါတယ်။ ၂၀၀၁ ခုနှစ် Cobra Gold ကိုမြန်မာနိုင်ငံ တာချီလိတ်ဒေသ၊ လွယ်လန်းဒေသတွေနဲ့ ကပ်လျက် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် နယ်စပ်မှာ ပြုလုပ်သွားပါတယ်။ ထိုင်းတပ်တွေ ချင်းရိုင်ခရိုင်ထဲမှာ အသင့်ရှိနေချိန် မေလလယ်မှာ ထိုင်းမြန်မာ အပြန်အလှန်ပစ်ခတ်မှုတွေ ၊ ရှေ့တန်းတပ်ချင်း ထိတွေ့မှုတွေ ဖြစ်လာတာပါ။

၂၀၀၃ တိုက်ပွဲစဉ်တွေဟာလည်း အလားတူပါပဲ။ Cobra Gold မတိုင်ခင်မှာ SSA တပ်တွေဟာ တပ်မတော်ရှေ့တန်း စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်။ တပ်မတော်ရှေ့တန်း စခန်းတွေဟာ နယ်စပ်အနီးမှာရှိပြီး SSA တပ်တွေဟာ ထိုင်းဘက်ကနေ ဝင်ရောက်တိုက်ခိုက်ကြတာပါ။ လက်နက်အင်အား လူအင်အား ကောင်းကောင်းနဲ့ တိုက်ခိုက်တာဖြစ်ပြီး ထိုင်းနိုင်ငံက လက်နက် အထောက်အပံ့ပြုမှာ သံသယဖြစ်စရာ မရှိပါ။ ရုတ်တရက် အလစ်အငိုက် ထိုးစစ်ဆင်ခံရပြီး တပ်မတော် စခန်း အတော်များများ ဆုံးရှုံးခဲ့တယ်။ ကြီးမားတဲ့ ဆုံးရှုံးမှု အနေနဲ့ ထိုင်း-မြန်မာ နယ်စပ်ဂိတ်အမှတ်(၅) ဘီပီ-၅ ဒေသကို စွန့်လွှတ်ခဲ့ရပြီး SSA က ထိန်းချုပ်သွားနိုင်တယ်။ အဲဒီ့ ဒေသမှာ ဒေသဖွံ့ဖြိုးရေး အတွက် တည်ဆောက်ပေးထားတဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ စတဲ့ အဆောက်အဦတွေ ဖျက်ဆီးခံရပြီး အရပ်ဘက်ဝန်ထမ်းတချို့ အသက်ဆုံးရှုံးခဲ့တယ်။ စစ်ပွဲကြောင့် ဘီပီ-၅ နယ်စပ်မှာ တည်ရှိတဲ့ ပန်ကန့်ကော်ရွာနဲ့ အဲဒီ့ မရောက်ခင်က ပန်မိုင်ဆွန်၊ ကျူဆန်ကပ်၊ မုံးထော်၊ မုံးထ ရွာတွေ လုံးဝနီးပါး ပျက်ဆီးသွားခဲ့ပြီး ဒေသခံတွေလည်း အများအပြား ထိခိုက်သေဆုံးကြရကာ အဲဒီ့ ဒေသခံ လူအားလုံး နေရပ်ကို စွန့်ခွာထွက်ပြေးရတယ်။ တပ်မတော်က အမှတ်(၃၃) ခြေမြန်တပ်မ လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များနဲ့ ဒီဒေသကို ပြန်လည် ထိုးစစ်ဆင်ခဲ့တယ်။ ကြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်အချို့လည်း စစ်ဆင်ရေးမှာ ပါဝင်ခဲ့ပြီး၊ တပ်မတော်နဲ့ အတူ UWSA 'ဝ' တပ်ဖွဲ့ များလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်။

တပ်မတော်ဘက်က အရင်က အင်အားအနည်းငယ်နဲ့ စခန်းထိုင်ခဲ့တဲ့ စခန်းတွေကို SSA က အင်အားအများအပြားနဲ့ အခိုင်အမာ ခံစစ်ပြင်ထားလို့ ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတယ်။ တပ်မတော်ဘက်က ၁၂၀ မမ စိန်ပြောင်းကြီးတွေ အများအပြား အသုံးပြု တိုက်ခိုက်ခဲ့တယ်။ မော်တာ ကျည်တချို့ ထိုင်းနိုင်ငံထဲ ကျရောက်တယ်လို့ ထိုင်းနိုင်ငံက စတင် ပြောဆိုလာတယ်။ တပ်မတော်ဟာ မုံးထော်၊ မုံးထ တို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပေမယ့် ရန်သူဟာ ပိုမြင့်တဲ့ တောင်တွေပေါ်ကနေ ဆက်လက် ခုခံကြတဲ့ အတွက် တိုက်ပွဲကြီးတွေ ဆက်ဖြစ်ခဲ့တယ်။ ရန်သူအခိုင်အမာ ခံစစ်ပြင်ထားတဲ့ ထောင်ထိပ် စခန်းတွေကို အငိုက်မရရှိဘဲ ရှေ့တည့်တည့်ကနေ ဒဲ့တက် တိုက်ရတာ ဖြစ်တဲ့ အတွက် အထိအခိုက် အကျအဆုံးလည်း အင်မတန်မှ များခဲ့တယ်။ ရန်သူကလည်း ယာဘဆေးတွေ သုံးစွဲထားပြီး တောင်ထိပ်က အမိုးပါခံကတုတ်တွေထဲမှာကျည်ဆံ အလျှံပယ်ထည့်ပြီး ခုခံကြတာ ဖြစ်တယ်။ အကာအကွယ် မရှိတဲ့ တောင်ထိပ်ပေါ်ကို ရဲစွမ်းသတ္တိ တစ်ခုတည်းကို အရင်းပြုပြီး ရင်ဖွင့်ပြီး တက်တိုက်ခဲ့ကြတဲ့ တပ်မတော်သား အားလုံး ဒီနေရကနေ အလေးပြုပါတယ်။ အဲဒီ့ တိုက်ပွဲစဉ် တစ်လျှောက်မှာ ဝ တပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိနဲ့ စွမ်းရည်ဟာလည်း မှတ်တမ်းတင်ရလောက်အောင် လေးစားစရာဖြစ်ခဲ့တယ်။

အကြီးဆုံး တိုက်ပွဲကြီးတွေကတော့ ပန်မိုင်ဆွန် တိုက်ပွဲ၊ ၄၀၀၈၈၇ တိုက်ပွဲ၊ ပန်ကန့်ကော် တိုက်ပွဲ၊ ညောင်ပင်ကုန်း တိုက်ပွဲ တွေဖြစ်တယ်။ ၄၀၀၈၈၇ တိုက်ပွဲဟာ အလွန်ခက်ခဲတဲ့ တိုက်ပွဲ တစ်ပွဲဖြစ်ခဲ့ပြီး တောင်ရဲ့ တောင်ခါးပန်း တဝက်မှာ ရှိတဲ့ (ပွိုင့်-xxxx) ကို တပ်မတော်က သိမ်းနိုင်ခဲ့ပြီး ရန်သူနဲ့ ဆက်လက် ရင်ဆိုင်ထိန်းချုပ် ခြေကုန်ယူထားစဉ်မှာ တောင်ထိပ်ပေါ်မှာ ရှိတဲ့ ရန်သူက လက်နက်ကြီးတွေနဲ့ ဦးနှိမ်ပစ်ခတ်ပြီး ပြန်သိမ်းယူဖို့ ကြိုးစားခဲ့တယ်။ အပေါ်စီးကနေ ပစ်ခတ်ပြီး တန်ပြန် ထိုးစစ်ဆင်လာတာကို ပြန်မကျဆုံးအောင် ခုခံနိုင်ခဲ့လို့သာ ဒီတိုက်ပွဲမှာ ရည်မှန်းချက်ရရှိတဲ့ အထိ အောင်မြင်အောင် ဆက်တိုက်ပွဲဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲစစ် တစ်လျှောက်လုံးမှာလည်း မိမိ တိုက်စစ်ရပ်တန့်သွားတဲ့ အချိန်မျိုး၊ ကျားတက်ထိုးရာကနေ လန်ကျလာတဲ့ အခါမျိုးမှာ ရန်သူက ထုတ်နှုတ်အင်အားနဲ့ တန်ပြန် ထိုးစစ် ဆင်လေ့ရှိခဲ့တယ်။ ပန်ကန့်ကော် တိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေ ထိုင်းနိုင်ငံထဲကျတဲ့အတွက် အရပ်သား အချို့ ဒဏ်ရာရတယ်လို့ ထိုင်းဘက်က ပြောဆိုလာပြီး ထိုင်းတပ်က မြန်မာတပ်ကို လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်။ မြန်မာဘက်ကလည်း တုံ့ပြန်ပစ်ခတ်ခဲ့ပြီး နယ်စပ်တင်းမာမှု အမြင့်ဆုံးရောက်ခဲ့တယ်။ ဒါပေမယ့် ၂၀၀၁ တိုက်ပွဲစဉ်တုန်းကလို ထိုင်းတပ်နဲ့ မြန်မာတပ်တွေ ထိတွေ့ တိုက်ခိုက်ခဲ့တာမျိုး အထိတော့ မဖြစ်ခဲ့ပါဘူး။ ထိုင်းတပ်က SSA ကို လက်နက် ရိက္ခာအကြီးအကျယ် ထောက်ပံ့တာမျိုး၊ သူတို့နိုင်ငံနယ်နိမိတ်ထဲကနေ ထိုးစစ် ဆင်နိုင်အောင် ကူညီတာမျိုးနဲ့ မြန်မာ့တပ်မတော်နဲ့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်တာမျိုး အထိပဲ ဖြစ်ခဲ့တယ်။

အက်စ်အက်စ်အေ တပ်များ ဆုတ်ခွါရာ လွယ်တိုင်းလျှံ တောင်ကုန်း
ညောင်ပင်ကုန်းစခန်းတိုက်ပွဲဟာ တိုက်ပွဲစဉ် တလျှောက်မှာ အကျအဆုံးအများဆုံးနဲ့ ရင်းနှီးပြီးမှ စခန်းကို သိမ်းပိုက်ရရှိပါတယ်။ ဒီစခန်းကို နည်းဗျူဟာကွပ်ကဲမှု အဖွဲ့တစ်ခု၊ တပ်ရင်း(၃)ရင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ မစတင်မီမှာ ဗျူဟာမှူးက စခန်းကို ရရှိပြီလို့ ကြိုတင် သတင်းပို့ခဲ့ပြီး ကိုယ်တိုင်ပါဝင်ကာ ဘုရင့်နောင်ထုံး နှလုံးမူပြီး တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။


ပန်မိုင်ဆွန်တိုက်ပွဲမှာလည်း ဝ တပ်ဖွဲ့ဟာ လူဦးရေ ၈၀ လောက် ကျဆုံးခံပြီး အသေခံကာ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့တယ်။
(ဆက်ရန်)

ထိုင်း-မြန်မာ နယ်စပ် တိုက်ပွဲများ ၂၀၀၁ (အချက်အလက်ကြမ်း အချို့)



မြန်မာ-ယိုးဒယားနယ်စပ်ရှိ မြန်မာ့တပ်မတော် စခန်း

၂၀၀၁ တိုက်ပွဲစဉ်တွေ အကြောင်းကို ကိုMM က ရေးပေးဖို့ ပြောလာတော့ ကျွန်တော် ရေးဖို့ ကြိုးစားကြည့်ပါတယ်။ ဒါပေမယ့် ကျွန်တော်သိတဲ့ အချက်အလက်တွေက တပိုင်းတဆတွေ ဖြစ်နေတယ်၊ ဖြစ်စဉ်ကို အစဉ်လိုက် ဘာပြီး ဘာဆက်ဖြစ်ခဲ့တယ် ဆိုတာ မသိဘူး ဖြစ်နေတယ်။ ဒါကြောင့် ဆောင်းပါး တစ်ပုဒ် အနေနဲ့ ရေးကြည့်ပေမယ့် ရေးလို့ မရခဲ့ဘူး။ ဒါပေမယ့် တကယ် သိတဲ့ လူတွေ မရေးခင် တိုက်ပွဲတွေနဲ့ ပက်သက်လို့ နည်းနည်းပါးပါး သိချင်တဲ့ သူတွေ အတွက် ကျွန်တော် သိသလောက် အချက် အလက် ကလေးတွေ မျှဝေပါ့မယ်။ ဒါကြောင့် ခေါင်းစဉ်ကို နည်းနည်းပြင်ပြီး .... အချက် အလက်ကြမ်း အချို့ .... လို့ပဲ အမည်ပေးလိုက်ပါတယ်။

၂၀၀၁ နယ်စပ်တိုက်ပွဲတွေ စတင်လာတာကတော့ ဖေဖော်ဝါရီ လထဲမှာပါ။ မယ်ဆိုင်မြို့အနီးက အို-၇ တောင်ကုန်းစခန်းကို ထိုင်းဘက်က သူတို့ ပိုင်ဆိုင်တယ်လို့ ပြောဆိုတာကနေ စတင်လာတာပါ။ အဲဒီ့ အချိန်မှာ နယ်စပ် တလျှောက်မှာ တပ်မတော်နဲ့ SSA တို့ကလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတဲ့ အချိန်ပါ။ အဲဒီ့ အချိန်ကာလမှာပဲ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သူရသီဟသူရစစ်မောင်တို
့ အပါအဝင် တပ်မတော် အရာရှိကြီး အချို့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့ပါတယ်။ တိုက်ဆိုင်တယ်ပဲ ပြောရမလား၊ အဲဒီ့ ဖြစ်ရပ်ကြောင့်ပဲ ထိုင်းနိုင်ငံက စစ်ရေးအရ ပိုမို ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့သလားတော့ မသိပါ၊ နယ်စပ်တိုက်ပွဲတွေ ပိုပြီး အရှိန်တက်ခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ တပ်မတော် ရှေ့တန်း ကျထိနစခန်း၊ ပါချီးစခန်း နဲ့ အို-၇ တောင်ကုန်းတွေကို SSA တပ်တွေက ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲဒီ့ စခန်းတွေဟာ နယ်စပ်မျဉ်းပေါ်မှာ ရှိပြီး အဲဒီ့ စခန်းတွေနဲ့ မျက်နှာချင်းဆိုင် ထိုင်နိုင်ငံဘက်ခြမ်းမှာ ထိုင်းစစ်စခန်းတွေ ရှိပါတယ်။ ထိုင်းစစ်စခန်းဘက်ကနေ SSA အင်အား ၂၀၀ ကနေ ၂၆၀ လောက်ဟာ လက်နက်ကြီး ပစ်အားသုံးပြီး အင်အား အလုံးအရင်းနဲ့ ညတိုက်ပွဲ ဆင်နွှဲပြီး ဝင်ရောက်စီးနင်းတာပါ။ ထိုင်းစစ်စခန်းကလည်း ညတိုက်ပွဲသုံး ဆလိုက် မီးမောင်းကြီးတွေနဲ့ ထိုးပြပေးခဲ့တယ်လို့ ဆိုတယ်။ လက်နက်ကြီးနဲ့လည်း ပစ်ကူ ပေးခဲ့တယ်လို့ ဆိုတယ်။ တပ်မတော်စခန်းတွေမှာက အို-၇ မှာ တပ်စုအင်အားလောက်ပဲ စခန်းထိုင်ထားပါတယ်။ ပါချီးစခန်းမှာ တပ်ခွဲ အင်အားလောက်ပဲ ရှိပါတယ်။ အင်အား ကွာခြားပေမယ့်၊ ရန်သူ့တိုက်စစ်အင်အားထက် အလွန်နည်းပေမယ့် အဓိက အဆုံးအဖြတ် ပေးခဲ့တာကတော့ အငိုက်ရရှိမှုပါ။ SSAဟာ လူအငိုက်ကော အချိန် အငိုက်ပါရရှိပြီး၊ ဒီတိုက်ပွဲတွေ အတွက်လည်း ကြိုတင် ပြင်ဆင် လေ့ကျင့်ထားပုံ ပေါ်ပါတယ်။ ထိုင်းနိုင်ငံ ဘက်ခြမ်းကနေ ဝင်တိုက်ရတာ ဖြစ်တဲ့ အတွက် မထင်မှတ်တဲ့ နေရာကနေ တိုက်ခြင်းဖြစ်ပြီး ပထဝီ အငိုက်ပါရတယ်လို့လည်း ဆိုနိုင်တယ်။ ဒါပေမယ့် ထိုင်းနဲ့ မြန်မာ နယ်စပ် ဆက်ဆံရေး တင်းမာနေချိန်ဖြစ်လို့ စခန်းရဲ့ ထိုင်းဘက်ခြမ်း မျက်နှာစာမှာလည်း ခံစစ်ပြင်ထားမှာ မလွဲပါဘူး။ လက်နက်ပစ်အားချင်းလည်း ယှဉ်မရခဲ့ဘဲ အချိန် ကြာမြင့်အောင်တောင် တောင့်ခံထားနိုင်ခြင်း မရှိပါ၊ ပါချီးစခန်းတစ်ခုတည်းမှာတင် စစ်သည် ၇ ဦး အထိ ကျဆုံးပြီး စခန်းကို စွန့်ခွာခဲ့ရတယ်။ အို-၇ တောင်ကုန်းကိုလည်း အလားတူ ထိခိုက် ကျဆုံးမှုတွေနဲ့ စွန့်ခွာရပါတယ်။ အို-၇ တောင်ကုန်းစခန်းဟာ တာချီလိတ်-မယ်ဆိုင် ဒေသကို ကောင်းစွာလွှမ်းမိုးထားနိုင်တဲ့ အနေထားရှိပြီး ပါချီး စခန်းဟာလည်း ပုံပါကျင် ဒေသကို လွှမ်းမိုးထားနိုင်ပါတယ်။ တဆက်တည်းမှာပဲ တာချီလိတ် အနောက်ခြမ်း ဒေသမှာ ရှိတဲ့ လွယ်တော်ခန်း၊ လွယ်မဆုတ်၊ လွယ်ခန်းရှိုးစခန်းတွေ အတိုက်ခံရပြီး ကျဆုံးကုန်ပါတယ်။ ပုံပါကျင်-ပါချီး-အောင်းလောင်း ဒေသမျာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားပြီး စခန်း အတော်များများ ဆုံးရှုံးလိုက်ရပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ဂိတ် အနီးမှာရှိတဲ့ ဘီပီ-၁ စခန်းကတော့ စခန်းသိမ်းတိုက်ပွဲ ပြင်းပြင်းထန်ထန် ဆင်နွှဲခံရပေမယ့် စခန်း ကျဆုံးမသွားအောင် ခုခံနိုင်ခဲ့တယ်။

တိုက်ပွဲတွေ အပြီးမှာ SSA က မြန်မာ့တပ်မတော်စခန်းတွေပေါ်ကနေ သိမ်းဆည်း ရမိတဲ့ လက်နက်တွေ ပစ္စည်းတွေကို ထိုင်းနိုင်ငံက မီဒီယာတွေကို ခေါ်ယူပြသခဲ့ပြီး ဘိန်းဖြုထုပ်တွေ ဘိန်းမဲတွေ ပါ တွေခဲ့တယ်၊ မြန်မာ့ တပ်မတော်ဟာ နယ်စပ်မှာ ဘိန်းမှောင်ခိုကူးနေတယ် ဒါကြောင့် ဒီစခန်းတွေကို တိုက်ခိုက်သိမ်းယူရတာ ဖြစ်ပါတယ်လို့ ရှင်းလင်းခဲ့တယ်။ မြန်မာ နိုင်ငံပိုင် မီဒီယာတွေကလည်း SSA တပ်ဖွဲ့ကသာ ဘိန်းမှောင်ခိုကူးနေတဲ့ အဖွဲ့ဖြစ်တယ် ၊ ထိုင်းနိုင်ငံက တိုက်ပွဲမှာ SSA ကို ကူညီခဲ့တယ် လို့ တုန့်ပြန်ခဲ့တယ်။ ထိုင်းစစ်တပ်ကတော့ SSA ကို လက်နက်ကြီးပစ်ကူ ပေးခဲ့တာ မဟုတ်ဘူး၊ မြန်မာစစ်တပ်က ပစ်တဲ့ ကျည်တွေ သူတို့ စခန်းပေါ်ကျတဲ့ အတွက် တုန့်ပြန်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ မီဒီယာတွေမှာ ပြောပါတယ်။ အဲဒီ့နောက် မီဒီယာတွေကနေ အပြန်အလှန် စွပ်စွဲရေးသားတာတွေ၊ သံအမတ်ကြီးတွေကို ခေါ်ယူ သတိပေးတာတွေ မီဒီယာတွေကနေ ထိုင်းစစ်ဦးစီးချုပ်တွေက ခြိမ်းခြောက်တာတွေ ဆက်တိုက်ဖြစ်လာတယ်။ အထင်ပေါ်ဆုံး ပုဂ္ဂိုလ်နှစ်ဦးကတော့ ထိုင်းတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချူလာနော့ နဲ့ အမှတ်(၃)တပ်တော်မှူး ဒု-ဗိုလ်ချုပ်ကြီးဝမ်တနာချိုင်းတို့ပဲ ဖြစ်တယ်။ ဗိုလ်ချုပ်ကြီး ဆူရာယုဒ်က အင်အားသုံး ဖြေရှင်းမယ်လို့ ဆိုခဲ့ပြီး၊ ဝမ်တနာချိုင်းကတော့ မီဒီယာတွေမှာ ကျယ်ကျယ်လောင်လောင် မြန်မာနိုင်ငံကို ပုတ်ခတ် ပြောဆိုတာတွေ လုပ်ခဲ့တယ်။ တိုက်ပွဲကြောင့် ဝပ်တနာချိုင်းဟာ ထိုင်းနိုင်ငံထဲမှာ ပိုမို ပေါ်လွင်လာပြီး နာမည်ကြီးလာတယ်။

ယိုးဒယား-မြန်မာ နယ်စပ် မြန်မာတပ်မတော် စခန်းများ
(ဒီနေရာမှာ တစ်ခု ကြားဖြတ်ဆွေးနွေး လိုတာက မြန်မာ မီဒီယာတွေက Thai 3rd Army ကို အမှတ်(၃)စစ်တိုင်းဆိုပြီး ဘာသာပြန်ကြတယ်၊ ဒါပေမယ့် သူရဲ့ ဖွဲ့စည်းပုံကို လေ့လာကြည့်ရင် တပ်တော် လို့ ဘာသာပြန်တာ ပိုမှန်ပါမယ်၊ ဘာလို့လည်းဆိုတော့ သူက သူအခြေစိုက်တဲ့ ဒေသတွင်းမှာ စစ်ဆင်ရေးနဲ့ လုံခြုံရေး တာဝန်တွေ ထမ်းဆောင်ဖို့ အတွက်တင် မဟုတ်ဘဲ 3rd Army တစ်ခုလုံး အတိုင်းအတာနဲ့ ရွှေ့လျား စစ်ဆင်နိုင်တဲ့ offensive capability လည်းရှိပါတယ်။ ဆိုတော့ မြန်မာ့ တပ်မတော်က စစ်တိုင်းတွေနဲ့ ပုံသဏ္ဌာန်ခြင်း မတူပါဘူး။ Phitsanulok မှာ တပ်တော်ဌာနချုပ် အခြေစိုက်ပြီး နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာ တပ်တွေ ဖြန့်ကျက်ထားတယ်။ ထိုင်းနိုင်ငံမှာ တပ်တော် လေးခုရှိပြီး မြန်မာနိုင်ငံနဲ့ နယ်နမိတ် တလျှောက်ကို ကွပ်ကဲရတဲ့ အမှတ်(၃)တပ်တော်ဟာ ကွန်မြူနစ်ခြိမ်းခြောက်မှု မရှိတော့တဲ့ စစ်အေးလွန်ကာလက စပြီး လက်နက်အကောင်းဆုံး တပ်ဆင်ပေးခြင်း ခံရတဲ့ ဦးစားပေး တပ်တော်ဖြစ်လာတယ်။ စစ်အေး ကာလတုန်းကတော့ လာအိုနဲ့ ကမ္ဘေ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘာဒီးယား နယ်စပ်တွေကို ကွပ်ကဲရတဲ့ အမှတ်(၁)နဲ့ အမှတ်(၂)တပ်တော်တွေကို ပိုဦးစားပေးခဲ့ရပါတယ်။ အဲဒီ့ အချိန်က မြန်မာနယ်စပ်မှာ မြန်မာအစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ လူမျိုးစု လက်နက်ကိုင်တွေကို ကြားခံဇုန်အဖြစ် ထားခဲ့ပါတယ်။ မြန်မာ့ တပ်မတော်နဲ့ ထိုင်းတပ်တို့ တိုက်ရိုက်ထိတွေ့ခဲ့ခြင်းလည်း မရှိပါဘူး။ စစ်အေးလွန်ကာလတွေမှာ ကွန်မြူနစ်ခြိမ်းခြောက်မှု အန္တရာယ်လည်း မရှိတော့ဘူး၊ မြန်မာ့ တပ်မတော်ကလည်း မြန်မာနိုင်ငံ နယ်စပ်အထိ နေရာတော်တော်များများမှာ ထိန်းချုပ်လာနိုင်တဲ့ အခါ အမှတ်(၃)တပ်တော်ဟာ ဦးစားပေး တပ်တော် ဖြစ်လာတယ်။ စစ်လေ့ကျင့်မှု အများအပြားကိုလည်း အမှတ်(၃)တပ်တော် ဧရိယာထဲမှာ လုပ်လာတွေ့ မြင်တွေ့ရပါတယ်။ ဥပမာ- ၂၀၀၀ ခုနှစ် Cobra Gold ကို တပ်ခရိုင်မှာ လုပ်ခဲ့ပြီး၊ ၂၀၀၁ Cobra Gold ကို ချင်းရိုင်ခရိုင်မှာ လုပ်ခဲ့တာမျိုးပါ။)

မြန်မာ့တပ်မတော်က ကျဆုံးသွားတဲ့ စခန်းတွေကို ပြန်လည်ထိုးစစ်ဆင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေနဲ့ အလွန်နီးကပ်တဲ့ ထိုင်းနိုင်ငံ ဘက်ခြမ်းမှာ ထိုင်းတပ်က စစ်အင်အား ၃၀၀၀၀ ကျော်သုံးပြီး စစ်ရေး လေ့ကျင့်တာကိုလည်း မြန်မာဘက်က ကန့်ကွက်ခဲ့တယ်။ ထိုင်းဘက်က စစ်ရေး လေ့ကျင့်မှုကို ဆက်လုပ်ခဲ့ပြီး မြန်မာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်လာပါတယ်။ ဒီိလိုနဲ့ နှစ်ဖက်တပ်များ ကြားမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်လာတယ်။ မြန်မာ့တပ်မတော်က အို-၇ တောင်ကုန်းကို ပြန်သိမ်းပိုက်တဲ့ အခါမှာ ယိုးဒယားတပ်တွေနဲ့ စတင်ထိတွေ့မှု ဖြစ်ပါတယ်။ တကယ်တော့ အို-၇ နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ယိုးဒယားဘက်ခြမ်းက တောင်ကုန်းက အို-၇ထက် ပိုမြင့်ပါတယ်။ ဒါကြောင့် မယ်ဆိုင်မြို့ကို စိုးမိုးနေတဲ့ အဓိက အချက်ခြာတောင်ကုန်းမို့ သူတို့ပိုင်ပါတယ်ဆိုတဲ့ ယိုးဒယားရဲ့ ပြောဆိုချက်ဟာ မမှန်ပါဘူး။ မြန်မာ့တပ်မတော်ဟာ အို-၇ ကို သိမ်းပိုက်နိုင်ပြီးတဲ့ အချိန်မှာ အို-၇ရဲ့ တဖက်က ပိုမြင့်တဲ့ တောင်ကုန်းပေါ်ကနေ ယိုးဒယားက လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့ပါတယ်။ F-16 တိုက်လေယာဉ်တွေ မြန်မာ့လေပိုင်နက်ထဲ ဝင်လာပြီး ခြိမ်းခြောက်ပျံသန်းတာတွေ လုပ်လာပါတယ်။ လွယ်လန်းဒေသမှာရှိတဲ့ မိုင်းယွန်းမြို့မှာ UWSA အဖွဲ့က မှူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတယ်လို့ ယိုးဒယားက စွပ်စွဲပြီး တိုက်လေယဉ်ပေါ်ကနေ ဗုံးကျဲချပြီး တိုက်ခိုက်ခဲ့တယ်။ F16 တစ်စီး မြန်မာ့ မြေပေါ်မှာ ပျံသန်းနေခဲ့တဲ့ အချိန်ဟာ ၄၅ မိနစ်တောင် ကြာခဲ့တယ်လို့ ဆိုတယ်။ နယ်စပ်က စခန်းတွေ ပေါ်တင်မကဘဲ တာချီလိတ်မြို့ပေါ်ကိုပါ ဖြတ်ပျံခဲ့တယ်။
ယိုးဒယားမီဒီယာတွေမှာတော့ မြန်မာတပ်တွေဟာသူတို့ပိုင်နက်ကို ကျူးကျော်လာလို့ လေယဉ်ပေါ်ကနေ အသံဗုံးကျဲချပြီး ခြောက်လှန့်ခဲ့ရတာပါလို့ ဆိုတယ်။ သူတို့ ပြန်လည် ပစ်ခတ်တာကို မခံနိုင်တဲ့ အတွက်ရော၊ လေယာဉ်ကို ကြောက်ရွံ့တဲ့ အတွက်ရော မြန်မာတပ်တွေ မယ်ဆိုင်အနီးက တောင်ကုန်းပေါ်က ပြန်ဆုတ်ပြေးသွားကြလို့ တောင်ကုန်းကို သူတို့ ပြန်လည်သိမ်းပိုက်နိုင်တယ်လို့ ဆိုပါတယ်။ (နှစ်နိုင်ငံတပ်တွေ ထိတွေ့တဲ့ နယ်စပ်တိုက်ပွဲမှာ ယိုးဒယားက သူတို့နိုင်တယ်လို့ ဆိုလိုတာပါ။ ဒါပေမယ့် တိုက်ပွဲမှာ တောင်ကုန်းကို တကယ်ရလိုက်တာက မြန်မာဘက်က ရတာပါ။ ဒီနေ့အထိလည်း မြန်မာပိုင်ပါပဲ၊ ကျွန်တော် ၂၀၀၈ခုနှစ်တုန်းက အို-၇ တောင်ကုန်းကို ရောက်ခဲ့တဲ့ အချိန်မှာ တောင်ကုန်းထိပ်အထိ ကားလမ်း ပေါက်နေပါပီ။ နောက်ဆင်ခြေလျှောခံစစ်ကိုလည်း အခိုင်အမာတည်ဆောက်ထားပြီး လက်နက်ကြီးတွေလည်း ရှိပါတယ်။ ဒုတပ်ရင်းမှူးဦးစီး စစ်ကြောင်းတစ်ကြောင်း စခန်းထိုင်တဲ့ စခန်းကြီး တစ်ခု ဖြစ်နေပါပြီ။ မျက်နှာချင်းဆိုင်က ယိုးဒယားတောင်ကုန်းမှာလည်း ယိုးဒယားတပ်တွေ အခိုင်အမာတပ်စွဲထားတာ လှမ်းမြင်ရပါတယ်။)

တိုက်ပွဲတွင်းမှာ ယိုးဒယားက တာချီလိတ်မြို့တွင်းကို လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တဲ့ အတွက် အရပ်သား (၂)ဦးသေဆုံးခဲ့ပါတယ်။ မြန်မာဘက်ကလည်း မယ်ဆိုင်မြို့ထဲကို လက်နက်ကြီးနဲ့ ပြန်ပစ်ခဲ့ပြီး ထိုင်းပြည်သူ (၂)ဦး သေဆုံးတယ်လို့ မီဒီယာတွေမှာ တွေ့ရပါတယ်။ တာချီလိတ် အနောက်ခြမ်း ဒေသနဲ့၊ ပုံပါကျင်-ပါချီး ဒေသ တွေမှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့ပြီး လွယ်လန်း ဒေသမှာတော့ တိုက်ပွဲတွေ ဖြစ်/မဖြစ်ကို ကျွန်တော် မသိပါ (သိတဲ့လူတွေ ပြောပြပေးပါ)။ မြန်မာ့တပ်မတော်ဟာ ကျဆုံးသွားတဲ့ စခန်းတွေကို ဂျွန်၊ ဂျူလိုင် လတွေထဲမှာမှ ပြန်သိမ်းနိုင်ခဲ့ပါတယ်။ SSA တပ်တွေလည်း ယိုးဒယားနိုင်ငံထဲကို ဆုတ်ခွာသွားကြတယ်။ အကျအဆုံး၊ ဒဏ်ရာရ အများကြီးနဲ့ ရင်းနှီးပြီးမှ စခန်းတွေကို ပြန်သိမ်းနိုင်ခဲ့တာပါ။ ပါချီးတောင် ဆိုရင် အတော်မတ်ဆောက်တဲ့ အတွက် ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရတယ် နယ်စပ်အနီးမှာ ရှိတဲ့ အတွက် လက်နက်ကြီး သုံးရတာလည်း အကန့်အသတ် အလွန်များပါတယ်၊ စခန်းတွေ ကျသွားတုန်းက နာရီပိုင်းတွင်း ကျဆုံးသွားပေမယ့် ပြန်သိမ်းယူတဲ့အခါ အသက်တွေ အများကြီးရင်းပြီး လနဲ့ချီအောင် တိုက်ယူခဲ့ရတာ ဖြစ်ပါတယ်။ ရန်သူ့ဘက်ကအငိုက်ရရှိခဲ့မှုနဲ့၊ မိမိက တိုက်စစ်ဆင်တဲ့ အခါမှာတော့ အငိုက်မရရှိတဲ့ အခါ ဘယ်လောက် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရတယ်ဆိုတာ သင်ခန်းစာပါ။ (အခုချိန်မှာတော့ ပါချီးအပါအဝင် ဒီစခန်းတွေ အားလုံးဟာ အမြင့်ဆုံး တပ်လှန့်ထားတဲ့ မဆုတ်တမ်းခံစစ် စခန်းတွေပါ။) လွယ်မဆုတ်စခန်းကို သိမ်းပိုက်မိတဲ့ အခါမှာ ယိုးဒယားတပ်သုံး ဆက်သွယ်ရေးစက်တစ်လုံးတောင် သိမ်းမိခဲ့ပါသေးတယ်။ အို-၇ တိုက်ပွဲမှာလည်း ယိုးဒယားတပ်သုံး လက်နက်ငယ်တွေနဲ့ ယိုးဒယားတပ်မတော် တံဆိပ်ပါတဲ့ ရှေ့ထွက်မိုင်းတွေပါ သိမ်းမိခဲ့ပါတယ်။

လွယ်လန်းဒေသ အခြေအနေကလည်း အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အင်မတန် အန္တရာယ်ကြီးတဲ့ အနေအထားပါ။ လွယ်လန်းဒေသတွင်းမှာ ထိုင်းစစ်စခန်း (၃၅)ခု ရှိနေပါတယ်။ မြန်မာ့တပ်မတော်က ထိုင်းစစ်စခန်းတွေ အားလုံး ဆုတ်ခွာပေးဖို့ တရားဝင် အကြောင်းကြားမှု လုပ်ခဲ့ပါသေးတယ်။ ထိုင်းဘက်က ပြန်လည် ကန့်ကွက်ခဲ့ပြီး သူတို့ပိုင် နယ်မြေဖြစ်တဲ့ အတွက် ဆုတ်မပေးနိုင်ကြောင်း ဆိုတယ်။ ဒီပြဿနာဟာ ဒီနေ့ အထိ မပြီးဆုံး သေးပါဘူး။ ထိုင်းတပ်စခန်းတွေ(အချို့စခန်းတွေမှာ သံချပ်ကာ ယာဉ်များပါ ပါဝင်ပါတယ်)နဲ့ မြန်မာတပ်စခန်းတွေ ထိပ်တိုက်ရင်ဆိုင်ပြီး အသင့် အနေအထားနဲ့ စခန်းချထားတာ ဒီနေ့ အထိပါ။

၂၀၀၁ တိုက်ပွဲစဉ်တွေမှာ ယိုးဒယားနဲ့ မြန်မာတပ်တွေ ထိတွေ့ခဲ့တာကို ပြန်သုံးသပ်ရရင် မြန်မာ့ တပ်မတော်ဘက်က ယိုးဒယားထက် အကျအဆုံး အထိအခိုက် ပိုများခဲ့တယ် (ဒါပေမယ့် ယိုးဒယားတပ်တွေကြောင့်လို့တော့ မဆိုနိုင်ပါ၊ SSA နဲ့ တိုက်ခိုက်ရတဲ့ အတွက် ထိခိုက်ကျဆုံးရတာတွေပါ)။ ဒါပေမယ့် နယ်မြေမဆုံးရှုံးအောင် ကာကွယ်နိုင်ခဲ့တယ်။ အငြင်းပွားနေတဲ့ တောင်ကုန်းကို ရန်သူ့လက်ပါမသွားအောင် ပြန်တိုက်ယူနိုင်ခဲ့ပြီး၊ လွယ်လန်းဒေသက နယ်မြေအငြင်းပွားမှု ပြဿနာကတော့ နဂိုအခြေအနေတိုင်း ရှိနေပြီး ဒီနေ့အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးဘူး။ အဲ့ဒီ့ အချိန်က မိမိ လေတပ်မတော်မှာ ခေတ်မှီဂျက်တိုက်လေယာဉ် မရှိခဲ့တဲ့ အတွက် ယိုးဒယားလေတပ်က မိမိ ခေါင်းပေါ်ဖြတ်ပျံပြီး နားရွက်တံတွေးဆွတ်တာ ခံခဲ့ရတယ်။

(ပြီးခဲ့တဲ့ ၂၀၀၃ တိုက်ပွဲစဉ် အကြောင်းမှာ အချက်အလက် တချို့ကို ပြင်ချင်တာက ပန်ကန့်ကော်၊ ပန်မိုင်ဆွန်၊ လွယ်ထွေ၊ ကျူဆပ်ကပ်စတဲ့ စခန်းတွေ အတိုက်ခံခဲ့ရတာ ၂၀၀၃ ခုနှစ်ထဲမှာ မဟုတ်ပါဘူး၊ ယိုးဒယားနဲ့ ပစ်ခတ်မှုတွေဖြစ်တာ ၂၀၀၃ ခုနှစ်ထဲမှာ ဖြစ်ပေမယ့် စခန်းတွေ အတိုက်ခံခဲ့ရတာ ၂၀၀၂ ခုနှစ် မေလထဲ (Cobra Gold ရာသီ) မှာဖြစ်ပါတယ်။ နောက်တစ်ချက်က ပန်ကန့်ကော် ဒေသဟာ ဘီပီ-၅ မဟုတ်ပါဘူး၊ ဘီပီ-၃ပါ။)

သိတဲ့လူတွေက အချက်အလက်တွေ ဖြည့်ပေး၊ ပြင်ပေးကြဖို့ ကြိုဆိုပါတယ်။

အားလုံးကို လေးစားလျက်
Comrade