ရွှေလီသား(မဘိမ်း)

Saturday 21 April 2012

လက်ညှိုးတစ်ချောင်းကွေးတက်ဖို့

     


       ကျွန်တော်ငယ်ငယ်က မြန်မာသရုပ်ဆောင်တွေထဲမှာဆိုရင် ဦးကျော်ဟိန်းကိုခရေဇီ ။  ခေါင်းမမော့ပဲ မျက်လုံး ကို လှန်ကြည့်ပြီး အကြည့်စူးစူး နဲ့ စကားပြောတာတွေ ၊ စကားပြောတဲ့ အခါ အသံရင်းနဲ့ အားရပါးရ ပြောတက်တာတွေ ကြောင့် ကျွန်တော် စိတ်ထဲ အလွတ်ကျတ်မိနေတယ် ။ သူ့ဇာတ်ရုပ်တွေထဲ က မျက်စိထဲ စွဲ နေဆုံး နေရာတစ်ခုကတော့ လက်ဆယ်ချောင်းကိုထောင်ပြီး “ဒီလို … လက်ညှိုးလေးကွေးတက်ဖို့ ဆယ်နှစ် …ဆယ်နှစ်ဆိုတဲ့ ” နေရာပဲ ။ ငယ်ငယ်ကတော့ တွေးတယ် ဆယ်နှစ်ဆိုတာ မဖြစ်နိုင်ပါဘူး … သေနတ်လေးပစ်ဖို့ လက်ညှိုးလေး တစ်ချောင်းကွေးတာများ ဆယ်နှစ်ကြာတယ်တဲ့ … အဲလောက်ခက်လို့လား  ။

            ဝေဝေဝါးဝါး အတွေးများနဲ့ ပဲ ကျွန်တော်ကြီးပြင်းလာတယ် ။ အသက် ၁၆ နှစ်ကျော်တော့ စစ်တပ်ထဲဝင် စစ်ရေးပြလုပ်တဲ့ သေနတ်အစုတ်လေးကို ကျွန်တော် အရမ်းစူးစမ်းချင်မိတယ် ။ ကျွန်တော်သေနတ် ကိုဆော့တော့ လက်နက်သင်ပေးတဲ့ ဆရာကြီးက ငေါက်တယ် ။  “ သေနတ်ဆိုတာ သေတက်တဲ့ နတ်စောင့်တယ် ။ ကိုယ်တွယ်တဲ့ရည်ရွယ်ချက် ၊ အသုံးချတဲ့နည်းစနစ်မှန်ကန်ရင် ကိုယ့်အကျိုး ၊တိုင်းပြည်အကျိုးရှိသလို ၊ မှားယွင်းရင်လည်း အဲဒီ သေနတ်ဟာ မိမိကိုယ်သေစေသလို ၊ တိုင်းပြည်နဲ့လူမျိုးကိုအကျိုးယုတ်စေ တက်တဲ့ရန်သူပဲ ။ ကျည်မထွက်တဲ့ အစုတ်ပဲဖြစ်စေ ၊ အကောင်းပဲဖြစ်စေ မှားယွင်းတဲ့အမူအကျင့်ကို အစကိုမပြုရဘူး   ”  ဆိုပြီး ဆုံးမယ်တယ်  ။ ကျွန်တော်စိတ်ထဲမှာ ကျိတ်တွေးလိုက်မိတယ် “သေနတ်တွေကိုင်တက်ဖို့ အဲလောက်တောင်ခက်တယ် လား” ။
           အဲဒီနောက် သေတက်နဲ့ နတ်မျိုး တွေနဲ့ ကျွန်တော်အကျွမ်းဝင်ရင်းနှီးခဲ့တယ် ။ စနိုက်ပါ သင်ခန်းစာမှာ လက်ဖြောင့်တစ်ယောက်ရဲ့ ကျင့်စဉ် တွေနဲ့ကျွန်တော်ထိတွေ့ခွင့်ရခဲ့တယ်။ထိအောင်ချိန်၊မှန်အောင်ပစ်၊ပစ်လျှင်ထိရမည်၊ထိအောင်လည်းလေ့ကျင့်ရမည်..
ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း သေနတ်ဒင်ကို ပခုံးအပျော့မှာထောက် ၊ ပစ်မှတ်ကို ချိန်သီးနဲ့ထိအောင်ချိန် ၊ အသက်ရှုခြင်းနရီသံ မှန်မှန် လက်ညှိုးကိုကွေး ရိုးရိုးလေးလိုပါပဲ ။ လက်ဖြောင့်သမားတစ်ယောက်ဟာ စိတ်ငြိမ်ဖို့ ၊ မျက်စိရှင်ဖို့ ၊ လက်ညှိုးကွေးနရီသံ မှန်ဖို့ ဟာအရေးကြီးဆုံးပါပဲ ။ အဲဒီထဲမှာ အခက်ခဲဆုံးအဆင့်ကတော့ လက်ညှိုးကွေးခြင်းပါပဲ ။ လက်ညှိုးကွေးတက်ဖို့ ကို လမ်းလျှောက်ရာ ၊ ထမင်းစားရာ အိပ်နေချိန်မှ အပ အမြဲ တမ်းလက်ညှိုးကွေးကွေးပြီး ကျင့်ကြရတယ် ။

          လက်ညှိုးကွေးခြင်းဆိုလို့ ပြောရဦးမယ် စစ်သားရဲ့အသက်က လက်ညှိုး လို့ ကျွန်တော်ပြောရင် ယုံပါ့မလား ။ လက်ညှိုးပြတ် တဲ့ လူတစ်ယောက်ဟာစစ်သားလုပ်လို့ မရတော့ပါဘူး ၊ သေနတ်ပစ်လို့ လည်းမရတော့ပါဘူး ။ ကျန်တဲ့ လက်ချောင်းတွေ ဘယ်လောက်ပဲကောင်းနေသေးပါစေ အဲဒီလက်ချောင်းတွေ နဲ့ သေနတ်မောင်းကို ဆွဲတာနဲ့ လက်ညှိုးနဲ့သေနတ်မောင်းကိုဆွဲတာ လုံးဝမတူပါ ။ လူတိုင်းရဲ့ လက်ညှိုး ဟာ သာမန်လက်ချောင်းတွေထဲဇောင်းပိုမာတယ် ။ လျှက်တစ်ပြတ် လက်ချောင်းတွေ ကွေးကြည့် ပါ လက်ညှိုးတစ်ခုတည်းသာလျှင် စိတ် နဲ့ ထပ်တူကွေးနိုင်တယ် ။ လက်ညှိုးသာလျှင် ကြားထဲမှာနေရာလစ်လပ်မရှိအောင် ၃ ဆစ်လုံးထိနေအောင်ကွေးလို့ရတယ် ။ အဲဒီအရာတွေဟာ လက်ညှိုးကွေးတက်ဖို့ အရေးအပါဆုံးအချက်တွေပါပဲ ။

         နောက် လက်ညှိုးကွေးနရီသံမှန်ဖို့ ။ ညှပ်ရိုးအောက်အပျော့ကိုထောက်ထားတဲ့ သေနတ် ဟာ အသက်ရှုတာနဲ့ အမျှ သေနတ်ပြောင်း က အထက်အောက်လှုပ်နေတယ် ။ ရင်ဘက်ထဲ အသက်အပြည့်ရှုသွင်းချိန် လက်ညှိုးကွေးရင် ပစ်မှတ်ရဲ့အပေါ်ကိုထောင်မယ် ။ ရင်ဘက်ထဲလေတစ်စက်မှမရှိအောင် ထုတ်ပြီးတဲ့ချိန် ပစ်ရင် ပစ်မှတ်အောက်ကို ကျမယ် ။ အထက်အောက်မလှုပ်အောင်ဆိုပြီး အသက်အောင့်ပြီးပစ်ရင် အောက်ဆီဂျင် မပြည့်ဝတဲ့အတွက် လက်တုန်ပြီး သေနတ်ပြောင်းဟာဘေးဘယ်ညာယမ်းခါနေမယ် ။ အဲဒီတော့ ပုံမှန်အသက်လေးရှုပြီး အသက်ရှုခြင်းရဲ့ အလယ်မှာ လက်ညှိုးကွေးနရီသံမှန်နေဖို့လိုတယ် ။  ယနေ့ချိန်ထိ ပစ်ချက်တိုင်းထိပါတယ်ဆိုတဲ့ သေနတ်သမား တစ်ယောက်မှ မရှိသေးပါဘူး ။ ဘာလို့ လဲ အချိန်တိုင်းမှန်ကန်အောင် လက်ညှိုးမကွေးတက် လို့ပါပဲ ။

           ပညာရပ်တစ်ခုဆိုတာ လုံးစေ့ပတ်စေ့ သိဖို့ထက် တကယ်လုပ်ပြနိုင် ဖို့ ကပိုခက်တယ် ။ တကယ်လုပ်နိုင်ဖို့ ထက် ရလဒ်ကောင်းတွေထွက်ဖို့ ကပိုခက်တယ် ။ လိုချင်တဲ့ရလဒ်ထွက်ဖို့ ထက် အဲဒီရလာဒ်က အကျိုးရှိဖို့ က ပိုခက်တယ် ။ အကျိုးတစ်ခုရလာဖို့ထက် အဲဒီပညာရဲ့ အကျိုးကျေးဇူး ဟာအများအတွက်အသုံးဝင်ဖို့ကပိုခက်တယ် ။
လက်ညှိုးကွေးခြင်း ပညာရပ်တက်သွား ပြီပဲဆိုကြပါဆို့  ကာလံ ၊ ဒေသံ ၊ ရည်ရွယ်ချက် ၊ ကျင့်ထုံးတွေ မှန်မှန် နဲ့ လက်ညှိုးကွေးတက်ဖို့လည်းလိုသေးတယ် ။   စစ်ဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့မူဝါဒကို တနည်းတဖုံ ပုံဖော်ခြင်းလို့ စစ်ပညာရှင် ကလော့ဝဇ် ကဆိုခဲ့တယ်  ။  စစ်သည်တော် ကျင့်ဝတ် ရန်သူပေါ်ထားရှိရမဲ့ သဘောထားမှာလည်း “လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ရန်သူကို မတိုက်လျှင် မဖြစ်သာ တိုက်နေရ ကြောင်း နားလည်ပါစေ ။ ”  လို့ ပြဆိုထားတယ် ။  တိုင်းပြည်နဲ့ လူမျိုးကောင်းကျိုးအတွက်ဆိုပါလျှင် အသက်တွေလောင်းကြေးထပ်လို့လည်း လက်ညှိုးကွေးတက်ရမယ် ၊ အဲလို မှမဟုတ် ပဲ ကိုယ်ကျိုး ၊ ပုဂ္ဂလ အကျိုးတွေအတွက်ဆိုရင်တော့ ကျွန်တော်တို့ လက်ညှိုးတွေ မကွေးတက်အောင် ဖြတ်သင့်ရင်ဖြတ်ပစ်ရမယ် ။  ဒါတွေ ဟာ လက်ညှိုးကွေး ခြင်းရဲ့ သိမ်မွေ့တဲ့ အနုပညာတွေပဲ ။

          ကိုကျော်ဟိန်းရဲ့ “ဆယ်နှစ် ဆယ်နှစ် ” တကယ်ကို မဖြစ်နိုင်မှန်း ကျွန်တော် သေချာ သိသွားခဲ့ပြီ ။ ခုနေ ကိုကျော်ဟိန်းရှေ့မှာ သရုပ်ဆောင်ခွင့် ရရင် သရုပ်ဆောင်ပြချင်တယ် ။ လက်ဆယ်ချောင်း တော့ မထောင်တော့ပါဘူး ။ လက်ညှိုးတစ်ချောင်း ကို ထောင် ပြီး အသံဝါဝါ နဲ့ အားပါပါ ပြောလိုက်ချင်တယ်
“ ဒီလို လက်ညှိုးလေးကွေးတက်ဖို့  ....  တစ်သက်…တစ်သက်  ”…။


(ရုပ်ဆိုး)

ဖေ့စ်ဘုတ်မှကူးယူဖော်ပြပါသည်။ 

No comments:

Post a Comment