ရွှေလီသား(မဘိမ်း)

Wednesday 21 March 2012

စစ်တပ်နဲ့မြန်မာ့နိုင်ငံရေး(၂)


ကျွန်တော်ရွေးလိုက်တဲ့အကြောင်းအရာတွေက အငြင်းပွားဖွယ်ရာတွေများတော့ အတော်လေး ဝေဖန်ခံရ ပါတယ်။ ပြီးခဲ့တဲ့ဆောင်းပါးမှာ စစ်တပ်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုမှာရော၊ လွတ်လပ်ရေးကို ကာကွယ်တဲ့ အချိန်မှာရော အဓိကအခန်းကပါခဲ့တယ်ဆိုတာပြောတော့ လက်မခံတဲ့အကြောင်းပြောတဲ့ အီးမေးလ်အတော် များများရပါတယ်။
ကျွန်တော့်အနေနဲ့ စစ်တပ်ဟာ အနာဂတ်နိုင်ငံရေးမှာ အဓိကအခန်းကပါရမယ်ဆိုတာကို လက်ခံ ရမယ်လို့ မဆိုလိုပါဘူး။ဖြစ်ခဲ့တဲ့သမိုင်းကို ပြန်ပြောပြတာပါ။ ကျွန်တော့ပို့စ် တွေအားလုံးမှာ ကျွန်တော့ အနေနဲ့သမိုင်း အချက်အလက်တွေကို စာဖတ်သူတွေအနေနဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်ဖို့ ဖော်ပြခဲ့တာသာ ဖြစ်ပါတယ်။ အဆုံး အဖြတ်ကတော့ ဖတ်ရှုသူတစ်ဦး ခြင်းရဲ့ သဘောပါပဲ။


မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဖော်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စစ်တပ်ရဲ့ ပူးပေါင်းပါဝင်မှုကို ရဖို့လိုပါတယ်။ စစ်တပ်ကို အမြစ်ပြတ် ဖယ်ရှားပြီးမှ လုပ်လို့ရော မရဘူးလားလို့ မေးနိုင်ပါတယ်။ ရနိုင်ပါတယ်။ ဒါပေမယ့် အချိန်နဲ့ ထိခိုက်နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေ ဘယ်လောက်ရှိမယ်ဆိုတာ မသိနိုင်ပါဘူး။
ဆရာကြီးဒဂုန်တာရာက နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာလို့ ဆိုခဲ့ပါတယ်။ ဒီလိုလုပ်နိုင် ဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ စစ်တပ်ရဲ့ သဘောထား၊ ယုံကြည်မှု၊ မျှော်လင့်ချက်၊ စိုးရိမ်မှု ဒါတွေအားလုံးကို သိဖို့လိုပါမယ်။ ကျွန်တော်ရေးနေတာက ဒီလိုနားလည်နိုင်ဖို့အတွက် တစ်ထောင့်တစ်နေရာက အထောက် အကူပြုနိုင်မယ်ထင်လို့ပါ။
အမျိုးသားညီလာခံကချမှတ်ထားတဲ့ အခြေခံမူများအရ စစ်တပ်ကိုယ်စားလှယ်တွေက ဥပဒေပြုလွှတ်တော် အဆင့်ဆင့်မှာ ၂၅% ပါဝင်မှာဖြစ်ပါတယ်။ ဒါကို လက်မခံနိုင်တဲ့သူတွေက ဒါစစ်တပ်က ဆက်ပြီးအာဏာ ယူချင်လို့ သတ်မှတ်တာလို့ဆိုတယ်။ ဒီနေရာမှာ စဉ်းစားသင့်တာက အာဏာဆက်ယူချင်လို့ လုပ်တာဆိုရင် ဘာလို့ ၂၅% ထက်ပိုများတဲ့အချိုးကိုမယူသလဲ။ ထိုင်းမှာလုပ်ခဲ့သလို အထက်လွှတ်တော်ကို ခန့်အပ်သူ တွေနဲ့ပဲဘာလို့မဖွဲ့စည်းသလဲ ဆိုတဲ့အချက်တွေပါ။
ကျွန်တော့အထင်ပြောရရင် ဒီလိုယူထားရတဲ့အကြောင်းအရင်းက ၁၉၄၈- ၆၂ ပါလီမန်ဒီမိုကရေစီ ကာလနဲ့ ၁၉၉၀ ရွေးကောက်ပွဲကာလ အတွေ့အကြုံများကြောင့်လို့ပဲထင်ပါတယ်။ ဒီအချက်ကို ညီလာခံ ကော်မရှင် ဥက္ကဌရဲ့မိန့်ခွန်းတွေ၊ အမျိုးသားညီလာခံမှ နိုင်ငံဝန်ထမ်းကိုယ်စားလှယ်အဖွဲ့ကဆွေးနွေးတာတွေနဲ့ သတင်းစာ ဆောင်းပါးတွေမှာ တွေ့နိုင်ပါတယ်။
ပါလီမန်ဒီမိုကရေစီကာလမှာရော၊ ၁၉၉၀ ရွေးကောက်ပွဲကာလမှာပါ ကျင့်သုံးခဲ့တဲ့ ရွေးကောက်ပွဲ စနစ်က သာမန်အများစုမဲစနစ် Single Seat, Simple Majority စနစ်ဖြစ်ပါတယ်။ မဲဆန္ဒနယ်တစ်ခုမှာ ကိုယ်စားလှယ်တစ်နေရာပဲရှိပြီး ၀င်ပြိုင်တဲ့အထဲက ထောက်ခံမဲအများဆုံးရတဲ့လူက အနိုင်ရတဲ့ စနစ်ဖြစ်ပါ တယ်။ ဒါပေမယ့် နိုင်တဲ့သူရတဲ့ထောက်ခံမဲက ရှုံးသွားတဲ့သူတွေ စုစုပေါင်းရတဲ့ ထောက်ခံမဲထက် ထက်နည်း နေတာမျိုးတွေကြုံနိုင်ပါတယ်။ တနည်းအားဖြင့်ပြောရရင် မဲဆန္ဒရှင်တွေထောက်ခံမှုအချိုးကို အတိအကျကိုယ်စားမပြုဘူးလို့ ဆိုရမှာဖြစ်ပါတယ်။
ဒီအချက်ကို ၁၉၉၀ ရလဒ်မှာ ကြည့်ရင်တွေ့နိုင်ပါတယ်။ အဲဒီတုံးက ပါတီ ၂၃၅ ပါတီအနက် ၉၄ ပါတီပဲ ၀င်ပြိုင် နိုင်ပါတယ်။ မဲပေးနိုင်သူ ၂၅ သန်းရှိပါတယ်။ ဒီချုပ်က မဲဆန္ဒရှင်များရဲ့ ၃၈.၁% ထောက်ခံမဲ ရပါတယ်။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်နေရာစုစုပေါင်းရဲ့ ၈၇.၇ %နဲ့ညီတဲ့ ၃၉၂ နေရာ အနိုင်ရ ပါတယ်။ တစညက မဲဆန္ဒရှင် ၁၃.၄ % ထောက်ခံမှုရပြီး ၁၀ နေရာပဲ အနိုင်ရပါတယ်။ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မဲဆန္ဒနယ် ၅၃ ခုမှာပဲဝင်ပြိုင်ပြီး မဲဆန္ဒရှင်များရဲ့ထောက်ခံမှု ၁.၀၇% ရပေ မယ့် ၂၃ နေရာအနိုင်ရခဲ့ပါတယ်။ ကျန်ထောက်ခံမှုတွေကတော့ အခြားပါတီငယ်တွေကို ပြန့်သွားပါတယ်။
ဒီရလဒ်ကိုကြည့်ရင် ပါတီတစ်ခုခြင်းရရှိတဲ့ လူထုထောက်ခံမှုရာခိုင်နှုန်းနဲ့ အနိုင်ရတဲ့ ကိုယ်စားလှယ် နေရာအချိုး လုံးဝမညီတာကို တွေ့ရမှာပါ။ နောက်တစ်ခါ သာမန်အများစုစနစ်ရဲ့ အားနည်းချက်က ပါတီကြီးတစ်ခုကပဲ အမတ်နေရာအားလုံး နီးပါးကို ရသွားပြီးလွှတ်တော်ထဲမှာ ထင်ရာစိုင်းနိုင် တဲ့အချက်ပါ။ ၁၉၄၈-၁၉၆၂ ကာလမှာ လွှတ်တော်ထဲမှာ ဖဆပလက အမတ်နေရာ ၈၀% နီးပါး အနိုင်ရ ထားတာမို အတိုက်အခံ ပမညတကို နည်းမျိုးစုံ နဲနှိပ်ကွပ်ခဲ့တာ၊ နိုင်ငံတော်ဘာသာကိစ္စ၊ ဘတ်ဂျက် ကိစ္စ တွေမှာ လူနည်းစုတွေရဲ့ သဘောထားကို လျစ်လျူရှုပြီး အာဏာရပါတီသဘောတစ်ခုတည်းနဲ့ လုပ်ခဲ့တာ တွေကို တွေ့ရမှာဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း အမျိုးသားညီလာခံမှ ကိုယ်စားလှယ်အချို့က အနာဂတ်ရွေးကောက်ပွဲတွေမှာ စုစုပေါင်းရရှိတဲ့ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှု% နဲ့ ကိုယ်စားလှယ်နေရာကို အချိုးကျခွဲပေးတဲ့ အချိုးကျစနစ် Proportional Representation System ကိုသုံးဖို့တင်ပြတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဒီစနစ်ရဲ့ အားနည်းချက်က ၀င်ပြိုင်တဲ့ပါတီတွေများရင် ကိုယ်စားလှယ်နေရာတွေ အစိတ်စိတ်ကွဲကုန်ပြီး ညွန့်ပေါင်းအစိုးရပဲဖွဲ့လို့ရတာမို့ တည်ငြိမ်မှုနည်းတာဖြစ်ပါတယ်။ ၉၄ ပါတီပြိုင်တဲ့ ကျွန်တော်တို့ နိုင်ငံဆိုရင်တော့စဉ်းစားသာကြည့်ကြပါတော့။ ဒါကြောင့်လည်း ညီလာခံက ဒီစနစ်က လောလောဆယ် ကျင့်သုံးရင် အကျိုးထက် အပြစ်များမယ် ဆိုပြီးလက်မခံခဲ့ပါဘူး။
ဒါ့ကြောင့် အနာဂတ်လွှတ်တော်ဟာ ပါတီတွေအများကြီးကွဲနေပြီး အစိုးရဖွဲ့လို့မရတဲ့ အထိ လည်းမတည်မငြိမ် မဖြစ်သင့်ဘူး။ တစ်ဖက်ကလည်း ပါတီတစ်ခုတည်းက လက်ဝါးကြီးအုပ်ထားပြီး ထင်ရာစိုင်းတာမျိုး မဖြစ်အောင်ကာကွယ်ဖို့လိုတယ်လို့ စစ်တပ်က ကောက်ယူပုံရပါတယ်။ ဒီကောက်ယူချက်ကနေ စစ်တပ်က ၂၅% နေရာယူဖို့ဆိုတဲ့ အခြေခံမူပေါ်လာတာပါဘဲ။
စစ်တပ်က ပြောတဲ့စကားတွေထဲမှာ စစ်တပ်အနေနဲ့ လွှတ်တော်အတွင်းမှာ လွှမ်းမိုးဖို့ မဟုတ်ဘူး၊ တည်ငြိမ်အောင် ထိန်းညှိပေးဖို့သာဖြစ်တယ်ဆိုတဲ့အချက် မကြာခဏပါလာတာ တွေ့ရပါတယ်။ တကယ် တော့လည်း အခုအခြေခံမူတွေအရ လွှတ်တော်ထဲမှာ သာမန်ဥပဒေပြုရေးကိစ္စတွေကို လွှတ်တော် ကိုယ်စားလှယ်ထက်ဝက်ကျော်ရဲ့ မဲနဲ့ အတည်ပြုမှာဖြစ်လို့ စစ်တပ်ရဲ့ ၂၅ %က အဓိကမကျတာကို တွေ့ ရပါတယ်။


ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ လွှတ်တော်က အတည်ပြုမယ်ဆိုရင်တော့ လွှတ်တော် အမတ် ၇၅% ရဲ့ ထောက်ခံမှုလိုတာကြောင့် စစ်တပ်ရဲ့ကဏ္ဍက အရေးပါလာပါပြီ။ ဒါ့ကြောင့် စစ်တပ်အနေ နဲ့ သာမန်အချိန်မှာ လွှတ်တော်ထဲမှာ သူတို့အမြင်တွေ တင်ပြခွင့်ရရင်၊ အခြားလူနည်းစုတွေရဲ့ လိုလားချက်တွေကို တင်ပြခွင့်ရရင်တော်ပြီ။ သို့သော် နိုင်ငံတော်တစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ချက်မျိုး ဆိုရင်တော့ သူတို့ပါဝင်ဆုံးဖြတ်မယ်လို့ ခံယူထားပုံရပါတယ်။
ငြိမ်းအဖွဲ့အချို့ကလည်း ဒီလိုတပ်မတော်က ယူထားတာကို လက်ခံတဲ့သဘောတွေ့ပါတယ်။ သူတို့ အယူအဆ ကတော့ ရွေးကောက်ပွဲလုပ်ရင် ပြည်သူ့လွှတ်တော်မှာ ဗမာပါတီတွေပဲ အများစုရဖို့ရှိတယ်။ အမျိုးသား လွှတ်တော်မှာ ပြည်နယ်ခုနှစ်ခု၊ တိုင်းခုနှစ်ခု ဆိုတော့ ညီမျှနေတယ်။ ဒါ့ကြောင့် တပ်မတော်ပါလို့ရှိရင် သူတို့အရေးတွေကို တပ်မတော်ကတဆင့် ပြည်သူ့လွှတ်တော်မှ ပြောနိုင်မယ်လို့ ခံယူတာဖြစ်ပါတယ်။ ဒါကို သူတို့ဆွေးနွေးချက်တွေ၊ ရေးတဲ့စာတမ်းတွေမှာ သွယ်ဝိုက်ပြောထားတာ တွေ့မှာပါ။
ဒီတင်ပြခဲ့တဲ့အချက်တွေကတော့ စစ်တပ်က ၂၅% ပါဝင်ခြင်းနဲ့ပတ်သက်ပြီး ခြေရာကောက်ကြည့် ထားတာ တွေပါ။ စစ်တပ်ဘက်က အတွေးကို နားလည်နိုင်ဖို့အတွက် အထောက်အကူဖြစ်မယ်လို့ ထင်မိ ကြောင်းပါ။

No comments:

Post a Comment