ရွှေလီသား(မဘိမ်း)

Wednesday 21 March 2012

စစ်တပ်နဲ့ မြန်မာ့နိုင်ငံရေး(၁)


၁၉၉၃ ခုနှစ်မှာ အမျိုးသားညီလာခံကျင်းပနိုင်ဖို့အတွက်ညှိနှိုင်းကြတော့ အမျိုးသားညီလာခံရဲ့ ဦးတည်ချက် ခြောက်ရပ်ထဲမှာ နံပါတ်ခြောက်အနေနဲ့ အမျိုးသား နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်မှ ပါဝင်ထမ်းဆောင်နိုင်ရေး ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဒီချုပ်ကို ကိုယ်စားပြုပြီး အမျိုးသားညီလာခံကို သွားတက်တဲ့ ဦးအောင်ရွှေတို့က ဒီအချက်ထည့်သွင်း တာကိုအပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ ဒေါ်စုကြည် ပြန်လွတ်လာပြီး နောက်မှာ အမျိုးသားညီလာခံကနေ ဒီချုပ်ထွက်လာအောင် အမိန့်ပေးခဲ့တဲ့ အကြောင်းအရင်း တွေထက်မှာ ဒီအချက်လည်းပါပါတယ်။ ၂၀၀၄ ခုနှစ်မှာ အမျိုးသားညီလာခံ ပြန်ကျင်းပတဲ့အခါ ဒီချုပ်က ဒီအချက်ကို ဖယ်ရှားပေးဖို့တောင်းဆိုခဲ့တယ်လို့လည်း ကြားရပါတယ်။ မှန် မမှန်မသိပါ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအုပ်စု အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်မပါ သင့်ဘူးဆိုတာကို ပြောတာကတော့ နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းများနဲ့ မကိုက်လို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီချုပ်ရော၊ အခြားအဖွဲ့များကပါ နအဖ တနည်း စစ်တပ်က ဘာဖြစ်လို့ ဒီအချက်ကို တောင်းဆိုနေရတယ် ဆိုတာကို တိတိကျကျ အဖြေရှာဖို့ မကြိုးစားပဲ စစ်တပ်က အာဏာကို ဆက်ပြီးချုပ်ကိုင်ထားခြင်လို့ လုပ်တာ ဖြစ်တယ်လို့သာ ခပ်လွယ်လွယ်နဲ့ ကောက်ချက်ချတာတွေကိုပဲ ကြားနေရပါတယ်။
ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံရေးမှာ ရေရှည်တည်တံ့မယ့် အဖြေရှာချင်တယ်ဆိုရင်တော့ စစ်တပ်ရဲ့ လိုလားချက်က ဘာလဲ၊ သူ့ရဲ့ စိုးရိမ်မှုတွေက ဘာလဲ၊ မျှော်လင့်ချက်တွေက ဘာလဲဆိုတာကို သိနိုင်အောင် လုပ်ဖို့လိုမယ်ထင်ပါတယ်။ ဒီနေရာမှာ ပြဿနာတစ်ခုက နအဖအနေနဲ့ကလည်း ဒီအချက် တွေကို တစ်စုတစ်စည်းတည်း တိတိကျကျစုစည်း ထုတ်ဖော်ပြောတာမရှိပါဘူး။ ဒါ့ကြောင့် ဒီဆောင်းပါးကို ရေးနိုင်ဖို့အတွက် အမျိုးသားညီလာခံမှ ပြောတဲ့မိန့်ခွန်းတွေ၊သတင်းစာ ဆောင်းပါးတွေ၊ သတင်းစာရှင်းလင်းပွဲ တွေမှာ ပြောခဲ့တဲ့အချက်တွေထဲက နေလိုက်ပြီး အဓိပ္ပါယ်ကောက်ယူဖို့လုပ်ခဲ့ရပါတယ်။ ဒီသတင်းတွေ စုစည်း ပေးပို့တဲ့ မိတ်ဆွေတွေရဲ့ကျေးဇူးကို ဒီနေရာကဖော်ပြလိုပါတယ်။ ကျွန်တော် တင်ပြတာတွေက ပြည့်စုံချင်မှ ပြည့်စုံပါမယ်။ မှန်တယ်လို့လဲ အာမမခံနိုင်ပါဘူး။ သို့သော် ပြဿနာတစ်ခုကို အခြား ရှု့ထောင့်အမြင်ဘက်က နေချဉ်းကပ်တယ်လို့ မြင်စေချင်ပါတယ်။ 
ပထမဆုံးအနေနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပြောချင်ပါတယ်။ ကိုလိုနီစနစ်အောက်က လွတ်မြောက်ခဲ့တဲ့ နိုင်ငံအများစုမှာ လွတ်လပ်ရေးလှုပ်ရှားမှုကို ဦဆောင်တဲ့အဖွဲ့ သို့မဟုတ် ပါတီက တပ်မတော်ကို ထူထောင်ပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ပါတယ်။မြန်မာနိုင်ငံ မှာတော့တပ်မတော်က အဲဒီလို လှုပ်ရှားမယ့်အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီအချက်ဟာ ထူးခြားတဲ့ အချက်ဖြစ်သလို တပ်မတော်က အမျိုးသားနိုင်ငံရေးမှာ အရေးကြီးတဲ့အခန်းက ပါဝင်ရမယ်ဆိုတဲ့ အယူအဆရဲ့ အစလည်း ဖြစ်ပါတယ်။
ထပ်ရှင်းပြပါမယ်။ တရုတ်မှာ ကွန်မြူနစ်ပါတီ အရင်ပေါ်ပြီးမှ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ပေါ်ပါတယ်။ ဗီယက်နမ်၊ လာအို၊ အင်ဒိုနီးရှားဒီအတိုင်းပါဘဲ။ အိန္ဒိယမှာဆို ကွန်ဂရက်ပါတီကပဲ လှုပ်ရှားခဲ့ပြီး လွတ်လပ်ရေးရမှ တပ်မတော်ဆိုတာ ပေါ်လာခဲ့တာပါ။ အာဖရိကနိုင်ငံအများစုမှာလည်း ဒီလိုပဲတွေ့ရမှာဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ဖို့ ဖွဲ့စည်းခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေက ဒို့ဗမာ အစည်းအရုံးမှာ နှစ်ခြမ်းကွဲနေတဲ့ သခင်ကိုယ်တော်မှိုင်း အုပ်စုကရော၊ သခင်ဗစိန်အုပ်စုကရော ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့က သခင်ကိုယ်တော်မှိုင်းအုပ်စုကဖြစ်ပြီး ဗိုလ်ချုပ်နေ၀င်း တို့က သခင်ဗစိန်အုပ်စုက ဖြစ်ပါတယ်။
ဟိုင်နန်ကျွန်းမှာ ဒီနှစ်ဖွဲ့ပြန်ဆုံတော့ အကွဲအပြဲတွေကို ဘေးဖယ်ထားပြီး လွတ်လပ်ရေး အတွက် အတူလက်တွဲဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါ့ကြောင့် ရဲဘော်သုံးကျိပ်က အသစ်မွေးဖွား လာတဲ့ အဖွဲ့ဖြစ်ခဲ့တယ်။ ဒီကနေ ဗမာ့လွတ်လပ်ရေးတပ်မတော် ပေါက်ဖွားလာ ခဲ့တယ်။ ဘီအိုင်အေ မြန်မာပြည်တွင်းပြန်ဝင်လာတဲ့ အခါမှာ မူလ သူတို့ပါခဲ့တဲ့ ဒိုဗမာအစည်းအရုံးဟာ ဘီအိုင်အေရဲ့ မူဝါဒတွေအပေါ်မှာ ဘယ်လိုမှ သြဇာ လွှမ်းမိုးမှုမရှိခဲ့ဘဲ အုပ်ချုပ်ရေးအဖွဲ့တွေကို ဘီအိုင်အေကပဲ ဦးဆောင်ခဲ့တယ်။ ဒို့ဗမာအစည်းအရုံးဝင် သခင်တွေ၊ ဗကသ ကကျောင်းသား တွေက ဘီအိုင်အေရဲ့ လက်အောက်ခံအဖြစ်နဲ့ တစ်ဦးချင်း ပူးပေါင်း ပါဝင် ခဲ့ရတာကို တွေ့နိုင်ပါတယ်။ တနည်းအားဖြင့် ဒို့ဗမာအစည်းအရုံးက ဘီအိုင်အေအတွက် မူဝါဒတွေ ချပေးခဲ့တာ၊ ဂျပန်နဲ့ လွတ်လပ်ရေးအတွက် ဆွေးနွေးတာတွေ လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဘီအိုင်အေခေါင်းဆောင် များကပဲ ဂျပန်နဲ့ဆွေးနွေးပြီး ဂျပန်ခေတ်အစိုးရကို ဘယ်သူတွေ ခေါင်းဆောင်မယ်။ ဘယ်သူတွေပါသင့်တယ် ဆိုတာကို ရွေးချယ်ခဲ့တာပါ။ ဒါ့ကြောင့်လည်း ဒို့ဗမာအစည်းအရုံးခေါင်း ဆောင်မဟုတ်တဲ့ ဒေါက်တာဘမော်က အဓိပတိ ဖြစ်လာတာပါ။
နောက်ဆုံး ဂျပန်ကို တော်လှန်မယ့် ဖဆပလ ကို ဖွဲ့စည်းတော့ ဘီအိုင်အေ တစ်ဖြစ်လဲ ဘီဒီအေကပဲ ဖွဲ့စည်းခဲ့ပြီး ဖဆပလ ဗဟိုဦးစီးအဖွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဘီဒီအေက အဓိက အခန်းကပါခဲ့ တာကိုတွေ့နိုင်ပါတယ်။ ဒါ့ကြောင့် တပ်မတော်က လွတ်လပ်ရေးလှုပ်ရှားမှုကို ဦးဆောင်မယ့် ဖဆပလကို ဖွဲ့စည်း ပေးခဲ့ တယ်ဆိုတာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းအခြေအနေကို ပြန်ကြည့်မယ်ဆိုရင်လည်း ရောင်စုံသောင်းကျန်း မှု တွေကြားက ဖဆပလ အစိုးရတည်မြဲအောင် စစ်တပ်ကပဲကြားကန်ပေးခဲ့ရသလို တည်မြဲ- သန့်ရှင်းကွဲတော့ လည်း စစ်တပ်ကပဲ အိမ်စောင့်အစိုးရအဖြစ်တာဝန်ယူခဲ့ရတာပါ။ ဒီအဖြစ် အပျက်တွေက စစ်တပ်က အမျိုးသား နိုင်ငံရေးမှာ အဓိကအခန်းကပါသင့်တယ် ဆိုတဲ့အယူအဆကို ခိုင်မာစေတာဖြစ်ပါတယ်။ ဒီလိုပဲ ၆၂ ခုနှစ် အာဏာသိမ်းပြီးတော့လည်း စစ်တပ်ကပဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့ပေးခဲ့သလို ဒီပါတီရပ်တည် နိုင်ဖို့ အဓိက နေရာက ပါခဲ့တာဖြစ်ပါတယ်။


ဒါ့ကြောင့်လည်း အခုမျိုးဆက်သစ်စစ်ဗိုလ်တွေအထိ သူတို့အနေနဲ့ စစ်တပ်အနေနဲ့ အမျိုးသား နိုင်ငံရေးမှာ အဓိကအခန်းက ပါသင့်တယ်ဆိုတဲ့ အချက်ဟာ Legitimate Cause ဖြစ်တယ်လို့ ယုံကြည် နေတာဖြစ်ပါတယ်။ တစ်ခါက အလယ်အလတ်အဆင့်ရှိတဲ့ စစ်ဗိုလ် တစ်ဦးနဲ့ ဆွေးနွေးခွင့်ရခဲ့ဖူးပါတယ်။ သူ့ကို ဘာဖြစ်လို့ စစ်တပ်က နိုင်ငံရေးထဲမှာ ပါချင်တာလည်းလို့ မေးတော့ နိုင်ငံရေးသမားတွေ ကွဲကြ၊ ပြဲကြလို့ သူပုန်တွေပေါ်လာတော့ တိုက်ရတာကျူပ်တို့ သေရတာကျုပ်တို့ ကြားက အနေအစားပျက်တာက ပြည်သူ တွေ။ ဒီတော့ အရေးကြုံရင် သေရမယ့် ကျုပ်တို့က သူတို့လုပ်နေတာ ကောင်း၏ဆိုး၏ အကြံပေးခွင့်မရှိရ ဘူးလား၊ ၀င်ဆွေးနွေးခွင့်မရှိရဘူးလား၊ အနောက်နိုင်ငံတွေမှာလို နိုင်ငံရေး အငြင်းပွားမှုတွေကို လွှတ်တော် အတွင်းမှာဘဲ ဒီမိုကရေစီနည်းကျဖြေရှင်းနေလို့ကတော့ ကျုပ်တို့ ဘာစိတ်ပူစရာရှိသလဲ လို့ ပြန်ပြောပါတယ်။
သူကတော့ သူနားလည်သလို ပြောလိုက်တာပါဘဲ။ ဒါပေမယ့် ဒါဟာ စစ်သားအတော် များများ ရဲ့ ခံစားချက်ကို ထင်ဟပ်တယ်လို့တော့ ထင်ပါတယ်။ ဒီအယူအဆဟာ ဒီမိုကရေစီစံတွေနဲ့ ညီတယ်လို့တော့ မပြောလိုပါ။ သို့သော် ကျွန်တော်တင်ပြခဲ့တဲ့ သမိုင်းကြောင်းကို ပြန်ကြည့် မယ်ဆိုရင်တော့ စစ်တပ်ရဲ့ ယုံကြည်ချက်ကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ထင်မိပါတယ်။ အမျိုးသားညီလာခံမှပြောတဲ့အချက် အမျိုးသား နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်မှ ပါဝင်ထမ်းဆောင်နိုင်ရေး ဆိုတာကို အဓိပ္ပါယ် ကောက်ယူရင် ဦးဆောင်မှုအခန်းကဏ္ဍကို သူတစ်ဦးတည်းယူထားမယ်လို့ မဆိုနိုင်ပါဘူး။ အခြားအဖွဲ့ တွေနဲ့အတူ သူလည်းပါမယ်ဆိုတဲ့ သဘောလို့ မြင်ပါတယ်။ ဒါဆိုရင် စစ်တပ်က ဘာကို စိုးရိမ်နေသလဲ၊ ဘယ်လိုအခန်းကပါချင်တာလည်း ကျွန်တော်ဆက်ဆွေးနွေးပါ့မယ်။

No comments:

Post a Comment