ရွှေလီသား(မဘိမ်း)

Monday 19 March 2012

“ သစ်ပင်စိုက်သူ ဥယာဉ်မှူး -၁ ”






“ ဗိုလ်ကြီး တပ်ပြောင်းမိန့်ဝင်လာပါပြီ ခင်ဗျ ... တပ်မတော်ဆေးတက္ကသိုလ်လို့ ပြောပါတယ် ”


“ ဟေ ... ဟုတ်လား ”


“ ဟုတ်ကဲ့ပါ ခင်ဗျ ... တပ်ရေးဗိုလ်ကြီးက ပြောခိုင်းလိုက်လို့ပါ ....”


“သြော် .. အေး .. အေး .. ကျေးဇူးပါပဲကွာ ”


ကျွန်တော့်အဖို့ ဒီလိုနေရာကို ဒီလိုတာဝန်ဖြင့် ရောက်ရှိလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးပေ။ သစ္စာလေးချက် ဦးထိပ်ထားသူပဲ။ ခေတ္တတပ်ရင်းမှူးထံသတင်းပို့ပါသည်။ ထိုစဉ်က ခေတ္တတပ်ရင်းမှူးမှာလည်း ကျွန်တော်တို့ ဗိုလ်လောင်းတက်စဉ်က ဆရာဖြစ်ခဲ့သည် ဗိုလ်မှူးဇော်တင် (လက်ရှိ စစ်ဦးစီးမှူး (ပထမတန်း) ရန်ကုန်တိုင်းစစ်ဌာနချုပ်) ဖြစ်၍ ညီအစ်ကိုအရင်း ဆရာတပည့်သဖွယ်ဖြစ်နေသဖြင့် ဆုံးမသြ၀ါဒစကားပြောကာ နှုတ်ဆက်ပွဲလေးတစ်ခု လုပ်ပေးပါသည်။ ထို့နောက် ကျွန်တော်လည်း ရန်ကုန်သို့ထွက်လာခဲ့ပါသည်။ တပ်မတော် ဆေးတက္ကသိုလ် ဂိတ်ဝသို့အရောက်တွင် တပ်ရဲကို ကျွန်တော်ဟာ အခုအသစ်ရောက်လာတဲ့ အရာရှိဖြစ်ကြောင်း၊ ကျောင်းဌာနချုပ်ရုံးသို့ သတင်းပို့ရန် ဘယ်လိုသွားရမလဲ ဟုမေးပြီး အဆိုပါ တပ်ရဲ ညွှန်ပြသော လမ်းအတိုင်းလာခဲ့ပါသည်။ ဂိတ်ဝ ၀င်ပြီး ကိုက် ၂၀၀ ကျော်ကျော်လောက်တွင် တပ်မတော်ဆေးတက္ကသိုလ်၏ ခန့်ညားထည်ဝါလှသော ဘွဲ့နှင်းသဘင်ကြီးကိုတွေ့ရပါသည်။ ဘွဲ့နှင်းသဘင်ကြီးကျော်သွားပြန်တော့ ဗိုလ်လောင်းတပ်ရင်း အိပ်ဆောင်များကို တွေ့ရသည်။ ထိုသို့တွေ့ရစဉ် တစ်ချိန်တုန်းက နေခဲ့ဖူးသော စစ်တက္ကသိုလ် အိပ်ဆောင်များကို ပြန်သတိရမိသေးသည်။ ထို့နောက် ဗိုလ်လောင်းတပ်ရင်း အိပ်ဆောင်များ၏ ရှေ့တည့်တည့်မှာ သုံးထပ်စာသင်ဆောင်ကြီးကိုလည်း ထည်ထည်ဝါ၀ါ တွေ့လိုက်ရသည်။ ကွန်ကရစ်လမ်းမကြီးများ၊ မီးတိုင်များ၊ လေးထပ်ငါးထပ် ဗိုလ်လောင်းအိပ်ဆောင်များ၊ ခံညားထည်ဝါလှသော စာပေဆောင်ကြီးနှင့် ဘွဲ့နှင်းသဘင်ခန်းမကြီးများရှိသော ပတ်ဝန်းကျင် အသစ်မှာ စိတ်သစ်၊ လူသစ်နှင့် တာဝန်အသစ်များ ထမ်းဆောင်ကြရတော့မည်။


တာဝန်ရှိသူများထံ သတင်းပို့ပြီး မိမိနေရမည့် အိပ်ဆောင်သို့လာခဲ့ပါသည်။ အိပ်ဆောင်ရောက်သောအခါ အခန်းသန့်ရှင်းရေးလုပ်ပြီး ပစ္စည်းများကို နေရာချလိုက်သည်။ ညပိုင်းတွင် မြ၀တီရုပ်မြင်သံကြားက စစ်ကားကိုကြည့်မိလိုက်သေးသည်။ ငိုချင်ရက်လက်တို့ဆိုတာလို ယခင်တပ်က ရဲဘော်များနဲ့ ရှေ့တန်းကိုလည်း လွမ်းမိပါသည်။ စိတ်ကူးထဲမှာ မုံးဟင်၊ မုံးဟ၊ မိုင်းကောင်၊ တန့်ယန်းဘက်ပြန်ရောက်သွားပါသည်။ မိုးရေရွှဲရွှဲမှာ Night move ဆွဲခဲ့ရပုံကိုလည်း အမှတ်ရမိသည်။ မြူတွေဆိုင်းပြီး လွမ်းမောဖွယ်ကောင်းတဲ့ အရှေ့မြောက်တိုင်းရဲ့ ဆောင်းရာသီကိုလည်း လွမ်းမိပြန်ပြီ။ ကျွန်တော်ချစ်သော ရှမ်းပြည်နယ်နှင့် ရှမ်းတိုင်းရင်းသားမျာကို သတိတရဖြစ်မိသည်။


အခုတော့ နည်းပြ ကျောင်းဆရာဘ၀ကို နိဒါန်းပျိုးနေပေပြီ။ နောက်တစ်ပတ်နေရင် စာသင်ခန်းထဲ ၀င်ရမည်ဖြစ်သည်။ ကျောင်းဆရာ တစ်ယောက်ရဲ့ ဟန်ပန်အမူအရာတွေ လေ့ကျင့်ရဦးမည်။ ဗဟုသုတတွေများများရဖို့ စာများများဖတ်ရဦးမည်။ ဆေးတက္ကသိုလ် ဗိုလ်လောင်းများကို စာသင်ရမည်ဆိုပါက အဘက်ဘက်က ပိုသိအောင်၊ ကိုယ်သိတာကို သူတို့နားလည်အောင် ပြန်ရှင်းပြနိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် သင်ခန်းစာကို ပိုင်နိုင်အောင်လည်း လေ့လာရမည်။ လက်ထဲမှာ သေနတ်နှင့် မှန်ပြောင်းတို့အစား မြေဖြူနှင့် စာအုပ်တို့ ရောက်ရှိလာခဲ့ပြီ ။


ကျွန်တော်က ရူပဗေဒဌာနမှာ တာဝန်ကျသည်။ ဆေးပညာ ပထမနှစ်ဗိုလ်လောင်းများကို သင်ရမည့် ဘာသာရပ်၊ မှီငြမ်းစာအုပ်များ၊ ရူပဗေဒနှင့် ဆေးပညာ ဆက်နွယ်သည့်စာအုပ်များ၊ ရူပဗေဒဘာသာရပ် အခြေခံ စာအုပ်များစွာကို ပြန်ဖတ်ရသည်။ ဆေးပညာနှင့် ဆက်နွှယ်မှုမရှိခဲ့ဖူးသော ကျွန်တော့မှာ ဟိုစာအုပ်ဖတ်မရှင်း၊ နောက်တစ်အုပ်ဖတ်ကြည့်တော့ ရှုပ်နေပြန်သည်။ ဆရာ/ ဆရာမများ၊ အထက်စီနီယာ အရာရှိများထံက နည်းပြဆရာတို့ တာဝန်ဝတ္တရားများကိုလည်း ဦးစွာ ဆည်းပူးမေးမြန်းခဲ့ရသည်။ ရန်ကုန်မြို့ကြီးပေါ်တွင် နေရမည်ဆို၍ ပျော်နေခဲ့သော ကျွန်တော် အခုမှ ဒုက္ခလှလှကြီးတွေ့ရပေသည်။ သည်လိုနှင့် ကျွန်တော်၏ ကျောင်းဆရာဘ၀လေးကတော့ စတင်လာခဲ့ပါသည်။ ပထမနှစ် တာဝန်ကျဗိုလ်လောင်းက တန်းအပ်သတင်းပို့ ပြီးနောက်လူစစ်လိုက်သည်။ စာသင်ခန်းတစ်ခန်းတွင် ဗိုလ်လောင်းအင်အားက တစ်ရာကျော်ကျော်၊ နည်းသည့်အင်အားတော့မဟုတ်။ မိမိကိုယ်မိမိ စတင်မိတ်ဆက်ပြီး ကြိုတင်ပြင်ဆင်လာတာလေးတွေကို အပြတ်ပြောမယ်ဆိုပြီး အတန်းကိုဝေ့ကြည့်လိုက်တော့ ဗိုလ်လောင်းတော်တော်များများက စတင်ထောက်ခံနေကြပါပြီ။ ဒါနဲ့ မထူးပါဘူးဆိုပြီး ငိုက်နေသော ဗိုလ်လောင်းများကို မတ်တက်ရပ်ခိုင်းလိုက်သည်။ ဗိုလ်လောင်းများကို အိပ်ငိုက်သည့်အကြောင်းများမေးကြည့်သော အခါ မနက် PT ပြေးရလို့ ပြောသူကပြော၊ ရိပ်သာက ပဲဟင်းစားလာလို့ ဆိုသူကဆို၊ ညဘက် ကင်းစောင့်ရလို့ပါဟု ဖြေသူကဖြေ။ စာသင်ရသော ကျောင်းဆရာဘ၀ကို လွယ်လွယ်လေးဟု လျှော့တွက်မိသော ကျွန်တော် တကယ်စာသင်ရချိန်တွင် အိုးနင်းခွက်နင်းဖြစ်ပါပြီ။ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားတိုင်းလည်း မကျေနပ်။ ဗိုလ်လောင်းဘ၀ တက်ခဲ့တုန်းကလည်း စာဘက်မှာ မညံခဲ့ပါ။ မဟာသိပ္ပံတက်တုန်းကလည်း ထိုက်သင့်သလောက် ကျက်မှက်ခဲ့ပါသည်။ ဒီအနေအထားတွေနှင့် စာတွေထပ်ပြီး လေ့လာလိုက်လျှင် သင်နိုင်ပြီပေါ့ ..... ကျွန်တော် စာသင်လေ ဗိုလ်လောင်းတွေက ငိုက်လေ ဖြစ်နေသည်။ မငိုက်တဲ့ သူတွေကိုမေးကြည့်တော့ သိပ်နားမလည်ဘူးတဲ့ ။ တစ်ခါတစ်လေ အော်ငိုချင်စိတ်တောင် ပေါက်လာသည်။ ကိုယ်တိုင်နားလည်ပေမယ့် တပည့်များကို နားလည်အောင် မသင်ကြားနိုင်လျှင် ဆရာ မဟုတ်ဟု အသိတစ်ခုတိုးလာခဲ့ပြန်သည်။ နောက်တော့ အတန်းချိန် မိနစ် ၅၀ တွင် ၃၅ မိနစ် စာသင်ပြီး ကျန်အချိန် ၁၅ မိနစ်ကို ပေးနားမည်ဟု ညှိနှိုင်းရေးလုပ်ရသည်။ ထိုစာသင်ချိန်တွင်တော့ လုံးဝ အိပ်မငိုက်ရဟူသော စနစ်ကို သုံးပြီး ကျွန်တော်လည်း ကြိုးစားပမ်းစားသင်ပါသည်။ ထိုအခါမှ အိပ်ငိုက်သော ဗိုလ်လောင်းများအား ခေါ်ယူ အပြစ်ပေးပါသည်။ ကျွန်တော်၏ ကျောင်းဆရာဘ၀ စာမျက်နှာများကား မသပ်မရပ်ဖြင့် ဖြတ်သန်းခဲ့ရပေသည် ။ (ဆက်ပါဦးမည်)
https://www.facebook.com/groups/381908758489238/permalink/408521265827987/
နောင်တော်အကိုကြီး ကိုသစ်ဟသစ် စာမျက်နှာမှ
ကူးယူဖော်ပြပါသည်

No comments:

Post a Comment