ရွှေလီသား(မဘိမ်း)

Loading...

Thursday, 1 March 2012

ကျွန်ုပ်နှင့် ရုရှား(၄)နှစ်တာ


                           ရုရှားပြည်ကြီးမှာ ဆိုလို့ ဗီဒီယိုတွေ၊ရုပ်ရှင်တွေထဲကလို မှန်စီရာရွှေအိမ် နန်းတော်ကြီးတွေလို မထင်လိုက်နဲ့နော်။ ကိုယ်နေရတဲ့ မြို့လေးက ဟိုး…မော်စကိုတို့၊ လီနင်ဂရတ်တို့ မဟုတ်ပါဘူး။ သူတို့ အပြောဆို ပြင်ဦးလွင်က ကွက်သစ်ထဲလောက်ရှိတာ။ ဒီမြို့က လာတဲ့လူဆို အချင်းချင်း စကားနာထိုးတာ စပ်စုမိတော့ တောသူ၊တောသား တွေလို့ ပြောကြ၊စကြပါတယ်။ အဲ….. သူ့ကွက်သစ်က Electrobus တွေနဲ့။ ကားကြီးကြီး၊သေးသေး တဝူးဝူး တဝေါဝေါ နဲ့။ credit card တွေ တကိုင်ကိုင်နဲ့။ တည်ဆောက်ဆဲ၊ တည်ဆောက်ပြီး လတ္တံသော တိုက်ကြီး၊တာကြီးတွေ နဲ့။ ရုပ်ဝတ္တုတွေကို စတွေ့လိုက်တယ်။ အော်..သူ့အထွာနဲ့သူပေါ့လေ။ ရေးမလို့ ရေးမလို့ တွေးနေတာတော့ကြာပါပြီ။ နေရမယ့်အချိန်ကျန်သေးတဲ့အတွက် ပြောစရာကျန်သွားမှာ စိုးလို့ စောင့်နေတာပါ။ ခုတော့ ပြန်ဖို့ အချိန်ကလည်း နီးလာပြီမို့ ရေးလိုက်ပါတယ်။ မော်စကိုမြို့တော်ကြီးတို့၊ စိန့်ပီတာ စပတ်မြို့ကြီးတွေကို အခြေခံမှာ မဟုတ်ဘဲ၊ ကျနော်နေရတဲ့ Kaluga(ကာလုဂါ) ဆိုတဲ့ မြို့လေးကိုပဲ အခြေခံပြီးရေး သွားမှာပါ။





                             ရုရှားပြည်ထောင်စုဆိုတဲ့ အကျယ်အဝန်းက ခု ကျယ်လှပါတယ်ဆိုတဲ့ တရုတ်ထက်ကို  ၃ ဆလောက်ပိုတယ်။ တချိန်က ဒုတိယကမ္ဘာစစ်အကုန်ကနေ 1991 ထိ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးဆိုရင် ၄ ဆလောက်ရှိမလားပဲ။ ဒါပေမယ့် သူမှာ့ လူနေလို့မရတဲ့နေရာတွေက ခပ်များများရယ်။ တစ်နှစ်ပတ်လုံး နှင်းတွေဖုံးနေလို့၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲလွန်းလို့ပါ။ ကျန်တဲ့နေရာတွေလည်း နွေရာသီ ၃လ လောက်ပဲလွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သွားလာနိုင်ကြတာ။ ကျန်တဲ့အချိန်ကတော့ ပိုးတုံးလုံးများ လိုပါပဲ။ တစ်ကိုယ်လုံးအဝတ်အထူကြီးတွေ ဆင်မြန်းပြီး၊ သွားသုတ်သုတ်၊ လာသုတ်သုတ်၊ စားသုတ်သုတ် ပါ။ အပြင်ထွက်ခါနီး အဲ့ဒီ့လို ကိုယ့်ကိုယ်ကို တစ်လွှာချင်းဆင်မြန်းနေရတာကိုက အလုပ်ကြီးတစ်ခု။ စိတ်မရှည်လိုက်သည့်ဖြစ်ခြင်း။ ကို့ဆီမှာဆိုလို့ကတော့ စွပ်ကျယ်တစ်ထည်ကောက်စွပ် နေပူရင် ခမောက်ဆောင်း။ ဒါပဲ။ လမ်းတွေ့လို့ အလာပသလာပ ပြောဖို့နေနေသာသာ ကောင်းကောင်းတောင် ပြုံးပြနိုင်တာမဟုတ်ဘူး။ မျက်နှာတွေ အမ်းနေတာကိုး။                    

                                                   ဟိုတနေ့ကပဲ အနှုတ် ၃၃ ဖြစ်သွားလို့ လမ်းလျောက်ရင်း အပေါ်မျက်တောင်မွှေးနဲ့ အောက်မျက်တောင်မွှေး ကပ်ကပ်လာတယ်။ နှာရည်က နှာခေါင်းထဲတင် ခဲချင်လာတယ်။ ခပ်ကြာကြာများ လျောက်မိရင် အသက်ရူ ကျပ်လာကော။ အဆုတ်အားနည်းသူ၊ နှလုံးအားနည်းသူနဲ့ ဗြုန်းဒုန်းဆို ဘယ်လိုမှ မသင့်တော်တဲ့ ရာသီဥတုပါပဲ။ လွန်ခဲ့တဲ့ ၃ နှစ်ကဆို အနှုတ် ၄၀ ဝန်းကျင်ထိကြုံဖူးပါတယ်။ဒါတောင် ကမ္ဘာကြီးပူနွေးလာလို့ အများကြီး လျော့သွားတာဆိုပဲ။ ဒါကြောင့်လည်း ဖင်ကိုဂျက်တက်ထားသလို သွားလာနေကြရတာကိုး။ ကိုယ့်ဖာသာအတော်လမ်းလျောက်မြန်တယ်လို့ ထင်ထားတာ ဒီကလူတွေနဲ့တွေ့မှပဲ မနည်းလိုက်ယူနေရတယ်။ ကောင်မလေးတွေများဆို သူတို့ရှိစုမဲ့စုလေး ပြချင်တာတောင်မှ ဒီချိန်ဆို မပြရရှာဘူး။ ဒါကြောင့်လည်း နွေရောက်မှ အတိုးချ ပြကြတာထင်တာပဲ။ ဒို့တွေရွာမှာ တစ်နှစ်တစ်ခါဘုရားပွဲမှာ အပြတ်အသတ် လန်းကြဖို့ အားခဲကြသလိုပဲ..ဒီမှာလည်း နွေရာသီမှာ အပြတ်အသတ်ကြမ်းကြ ဂွမ်းကြဖို့ အားခဲပါတယ်။ ကိုယ်တွေကတော့ ပွဲကြည့်ပရိတ်သတ်ပေါ့။ ဒို့ရွာမှာ ဟာခနဲ..ဟင်ခနဲ ကြည့်ပြီး၊ ဟိုနေရာတင် ဒီနေရာတင် လုပ်နေရတွေကို ဒီမှာ အခမဲ့(free) ဘီယာဗူးလေး ကိုင်ပြီး ကြည့်လို့ရတယ်။





                        ကာလုဂါမှာတော့ မီသရိုလည်း မရှိဘူး။ ကျနော်တို့တော့ သွားရင်လာရင်လည်း ကိုယ့်ခြေထောက် ကိုယ်သုံးကြတာများတယ်။ ကျောင်းလည်း လမ်းလျောက်သွားတာပဲ။ ဈေးလည်း ခြေကျင်ပဲ။ ဒူးလောက်နစ်တဲ့ရွှံ့ဗွက်ထဲမှာလျောက်လို့ မချော်လဲတဲ့ကောင် ဒီရောက်တော့ နှင်းတောထဲ တဗိုင်းဗိုင်းလဲပါတယ်။ နှင်းဆိုတာ စတွေ့တုန်း တစ်ရက် နှစ်ရက်ပဲ ချစ်ဖို့ကောင်းတာပါ။ နောက်ဆို မုန်းစရာဖြစ်သွားကော။ ဒို့ပြည်မှာ ရွှံ့ဗွက်၊ ဒီမှာ နှင်းဗွက်။ တူတူပါပဲ။ အပူချိန်လေးတက်လာလို့ နှင်းပျော်ချိန်ဆို လမ်းလျောက်ရင် တဘတ်ဘတ်..တစွပ်စွပ် နဲ့။ နှင်းဖြူတယ်ဆိုတာ လူမနင်းတဲ့ ကားမသွားတဲ့နေရာလောက်ဖြူတာ။ ကျန်တဲ့နေရာက ဖုန်နဲ့ လူးထားတဲ့ ရေခဲခြစ်တွေပါပဲ။ ဓာတ်ပုံရိုက်လည်း လှတဲ့နေရာလောက် ရွေးရိုက်ကြတာပဲ။ လူတွေက အပြုံးအရယ်နည်းကြတယ်။ ပြုံးချင်၊ရီချင်ရင်တောင် တဝါးဝါး၊ တဟားဟား ပွဲမကျနိုင်ဘူး။ အေးလို့ ပါးတောင့် နေတာကိုး။ အေးတာတော့ ခံနိုင်တယ်ကွဆိုပြီး ကြွေးကြော်ခဲ့တာ။ ခုတော့ အပြင်ရောက်ရင် လွတ်လွတ်လပ်လပ်တောင် လေမလည်နိုင်ပါဘူး။ တစ်ကိုယ်လုံး ကျုံ့ထားရလို့။ အောက်ကိုက ကြည့်ရသေး ချော်လဲမယ် စိုးလို့။ အများအားဖြင့် စက်ရုပ်များကို သံပတ်ပေးထားသလိုပဲ သွားလာလှုပ်ရှားနေကြတာ။ ပွင့်လင်းရာသီရောက်မှသာ ပွဲတော်တွေ လုပ်ကြ၊ အုပ်စုလိုက် ပျော်ပွဲစားထွက်ကြ၊ ရေကူးကြ၊ နွေရာသီနားနေ အိမ်လေးတွေသွားကြ သူတို့အခေါ် Дача(ဒါချာ) ပေါ့၊ အဲ့ဒီနေရာတွေမှာဆို လွတ်လွတ်လပ်လပ် တီး၊ဆို၊စား၊သောက် ကြတယ်။ လူငယ်တွေဆို ski ၊bicycle ၊car ၊cycle stunt အမျိုးမျိုး ပြကြနဲ့ အဲ့တော့မှပဲ အပြုံးအရယ်လေးတွေ၊ ခိခိ ခစ်ခစ် အသံလေးတွေ၊ ဖလန်းဖလန်းလေးတွေနဲ့ ညံလာတော့တယ်။ အဲ့တော့မှပဲ လူ့လောကနဲ့ နည်းနည်းတူသွားတာ။ ပြိတ္တာတွေ နေ့ခံ ညစံ ဖြစ်နေသလိုပဲ။ ပြောထည့်လိုက်တာနော်..သူများတိုင်းပြည်ကို လူနေတဲ့ တိုင်းပြည်နဲ့မတူအောင်ကို ပြောတတ်လိုက်တာ..လို့မထင်ပါနဲ့။ ၄ နှစ်လောက် အောင်းထားသမျှတွေ ဖွင့်ထုတ်နေတာ..ဟင်း..ဟင်း။





                      လူမျိုးကြီးဝါဒနဲ့၊ အစွန်းရောက် အတွေးအခေါ်တွေ နှစ်ပေါင်းအတော်ကြာ လွှမ်းမိုးခဲ့တဲ့ ဒေသဖြစ်လို့ နိုင်ငံခြားသား မုန်းတီးစိတ်တွေ၊ ကိုယ့်မျိုးတူမှ လူထင်တဲ့ စိတ်တွေကခုထိရှိတုန်းပဲ။ တလွဲမျိုးချစ်စိတ်ပေါ့လေ။ skinhead ဆိုတဲ့ ကောင်တွေကို ပူတင်က အချီကြီး ဗျင်းထုတ်ထည့်လိုက်လို့ ခုတော့မရှိသလောက်ကိုဖြစ်သွားပါပြီ။ နိုင်ငံခြားသားတစ်ယောက်ကို ကာကွယ်ပေးထားတဲ့ ဥပဒေတွေလည်းပြဌာန်းလိုက်တယ်။ ဒါတွေက တိုင်းပြည်ကို တံခါးစဖွင့်တဲ့ အချိန်မှာလုပ်ခဲ့တာ။ ဟိုးအရင်က နောင်တော်များဆိုရင် ကျောင်းကို အုပ်စု(squad)လိုက်တောင် ချီတက်ခဲ့ရပါသတဲ့။ ဒါတောင်လက်တစ်လုံးကြားနဲ့ ကလေးတွေကို မြှောက်ပေး၊ ဆဲခိုင်းဆိုခိုင်း၊ ရန်စခိုင်းပြီး၊ ဒီကစဖြစ်ရင် နောက်ကနေ ဆွမ်းကြီးဝိုင်းလောင်းဖို့ စောင့်နေသေးတာ။ သူ့ဆီက ၁၃ နှစ်သား ၁၄ နှစ်သားကလည်း ကိုယ်တွေနဲ့ မတိမ်းမယိမ်းလောက်ရှိတာလေ။ ခုတောင်မှ တစ်ခါတစ်ခါ မူးသလိုလို၊ ဆေးပေါက်သလိုလို ကောင်တွေရဲ့ ရန်စစော်ကားတာခံရသေးတာ။ ပစ္စည်းလုပြေးတာတို့၊ တစ်ယောက်တည်းသွားမိရင် သုံးယောက်လောက်အုပ်စုနဲ့ ရန်စပြီး ထိုးလွှတ်လိုက်တာတို့ ကြုံရတုန်းပါ။ အဲ့သလိုဆိုလို့ “မင်းတို့က ပြန်မချဘူးလား” လို့ မေးချင်မှာပါ။ သိပ်ချတာပေါ့။ ရန်စလာရင် ကိုယ်လည်း ရရင်ရလို ပြန်တွယ်လွှတ်လိုက်တာပဲ။ မနိုင်ရင်တော့ ထွက်ပြေးရသဗျ။ ကိုယ့်ဒေသ မဟုတ်ရင် ဘယ်လောက်အခွပ်သန်သန် ကြက်မပါပဲ။ ကိုယ့်နေရာရောက်မှ ကြက်ဖဆိုတာ သိသွားစေရမယ်ဆိုတာလည်း ကောင်းတဲ့ စိတ်ဓာတ်မဟုတ်ပါဘူး။ အမှုဖြစ်လို့၊ ရုံးရောက်၊ ဂတ်ရောက်ဆိုလို့ကတော့ တရေတက် တရေကျ၊ နှစ်ဆန်းတစ်ရက်နေ့မှာ ငိုမိတဲ့ မုဆိုးမ တစ်နှစ်ပတ်လုံး ငိုချင်းချနေရသလိုပဲ၊ မပြီးနိုင်မစီးနိုင် ဟိုကခေါ်လိုက်၊ ဒီကခေါ်လိုက်၊ မှတ်ချက်ယူလိုက်၊ စစ်ချက်ယူလိုက်။ ကျူးလွန်တဲ့အကောင်တွေက အချုပ်ထဲရောက်နေတာက ရောက်နေတာပဲ။ ကိုယ်လဲ ကျောင်းပျက်၊ အလုပ်ပျက်၊ အစားပျက်၊ အနှပ်ပျက်။ ထိဟယ်၊ရှဟယ်ဆို ဆေးရုံ၊ဆေးခန်းပြေးရသေးတယ်။ အကျိုးဖြစ်ထွန်းလာတဲ့အရာ တစ်စက်ကလေးမှမရှိဘူး။ အဲ့တော့ ရန်ကို ရှောင်ရပါတယ်။ အဲ့သကောင်တွေက လူရမ်းကား၊ သူခိုး၊ဂျပိုး သာသာပဲ ရှိတာပါ။ အဆင့်အတန်းရှိတဲ့ လူများက ဘယ်တော့မှ အဲ့လိုမလုပ်ဘူးရယ်။ အဲ့တော့ အဖက်လုပ်ပြီး heat တွေတက်နေလည်း ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းဖြစ်ရပါတယ်။ အဲ့သတော့ ဥပေက္ခာ တရားကို လက်ကိုင်ထားရပါတယ်။စ လာထဲက ပိဿလေးကို ဘေးပစ်လိုက်တဲ့ အသံနဲ့လို့တော့ မထင်ပါနဲ့။ ကိုယ့်ငါးချဉ် မဟုတ်လို့ကတော့ ချဉ်တယ်လို့ကို မထင်ဘူးလေ။  လူဆိုတာက အဲ့သလိုပဲ သူများရဲ့အားနည်းချက်ကနေ စမြင်တာ။ စိတ်ပုတ်ပုံများပြောပါတယ်။



                                                နင်ပြောသလိုဆိုရင် တစ်နိုင်ငံလုံး လူရမ်းကား၊ ဂျပိုး၊သူခိုး ချည်းပေါ့ လို့တော့ မထင်ပါနဲ့။ ဒါမျိုးက လူနည်းစုပါလေ။ ကောင်းတဲ့လူလဲ ရှိသမှ သိပ်ရှိ။ ဂျပိုးလုပ်မနေပဲ၊ သောက်စကားမများကြပဲ၊ကိုယ့်အလုပ်ကိုယ် ဖိလုပ်တဲ့လူရာခိုင်နှုန်းပြည့်မှီလို့လည်း ကမ္ဘာကြီးကို ချိန်ခွင်လျှာညှိတဲ့အထဲ သူတို့ superpower ဖြစ်နေသပေါ့။  ဒီလောက်ကြီးတဲ့ အင်ပါယာကြီးကို တပြေးညီ ဆွဲတင်နိုင်ခဲ့တာများ လွယ်မယ်မှတ်လို့။ ဒို့တွေကတော့ လက်တစ်ဆုတ်စာလေးကို မြင်တဲ့အတိုင်းပါပဲ။ သူတို့ဆီမှာလည်း နိုင်ငံကြီးက ကြီးလွန်းလို့ တောင်နဲ့မြောက်နဲ့၊ အရှေ့နဲ့အနောက်နဲ့ ဆိုတာ အဝေးကြီး။ အာရှနဲ့နီးတာနဲ့၊ ဥရောပနဲ့နီးတာနဲ့ အကျင့်စရိုက်၊ ဓလေ့စရိုက်တွေကလည်း ကွဲပြားနေကြတာပါပဲ။ သူတို့လူမျိုးက ချစ်ခင်လေးစားဖို့၊ အသိအမှတ်ပြုဖို့ အတော်ခက်သလို၊ သူတို့များ ကောင်းတယ် လို့သတ်မှတ်လိုက်လို့ကတော့ ခေါင်းပေါ်တက်ပြီး အီးအီးပါရင်တောင် သူအတော် ဝမ်းနာနေလို့ ဖြစ်မှာပါ လို့ဖြေတွေးပေးချင်ပေးမှာ။ မုန်းသွားလို့၊ အမြင်မကြည်ဖြစ်သွားလို့ကလည်း ဘယ်လောက်ကောင်းအောင် လုပ်ပြလုပ်ပြ ဖုတ်လေသည့်ငပိ ရှိတယ်လို့ကိုမထင်ဘူး။ တရုတ်ကားတွေထဲကလို ဆြာခွင့်မလွှတ်မချင်း ဒီနေရာက မထဘူးလည်း လုပ်မရပါဘူး။ ခွင့်မလွှတ်ခင် အေးပြီး အရင်သေမှာမို့ပါ။ ခွင့်လွှတ်တတ်တဲ့ သူများလည်းရှိပါသဗျာ။ ပန်းကတော့ အလွန်ကြိုက်ကြတယ်။ ပန်းပေးပြီးသာချော့ အကုန်ပျော့တယ်။ ယောက်ျားတွေကိုတော့ ပန်းသွားမပေးနဲ့နော်။ ပျော့သွားရင်တော့ ကောင်းသား၊ ဒီကောင်ဘာကောင်တုန်းဆို မျက်လုံးလှန်ကြည့်ရင်…သဘောပေါက်နော်..။ သူတို့ကတော့ ဗော့ဒ်ကာ တို့ ဝီစခီ တို့လောက်ပဲ ကြိုက်တာ။ ဒီပြိတ္တာလေး ရှည်ကိုရှည်တယ် ဘာတွေလျောက်ပြောနေသလဲမသိဘူး လို့မထင်ပါနဲ့။ ပေါ်လွင်အောင်ပြောရတာပါ။



                            အစွဲအလန်းကလည်း အတော်ကြီးကြပါတယ်။ Cult of personality ၊ ပုဂ္ဂိုလ်ခင်လို့ တရားမင်တဲ့ သဘာဝကရှိတုန်း။ ကျနော့်ရဲ့ ရှေ့မှီနောက်မှီ သိပ်လေးစားရတဲ့ ဆရာမကြီးတစ်ယောက်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ သေလို့ တဝါးဝါး တဟားဟား ငိုနေကြတာကိုပြပြီး ရူးနေကြလားမသိဘူးလို့ ဖွပေးလိုက်တယ်။ ဒါမှမဟုတ် အစိုးရက ငိုခိုင်းတာလားပေါ့။ သူက..မဟုတ်ဘူးတဲ့…သူတို့ဆီမှာ စတာလင်ကြီးသေတုန်းကလည်း အဲ့ဒီ့အတိုင်း ဆိုပဲ။ အော်…အင်ကြီး မဟုတ်ဘူးပေါ့လေ..လို့ပဲ မှတ်ချက်ချနိုင်ပါတယ်။ ကိုယ်တွေက ဘေးကကြည့်ပြီးသာ တောင်ပြောမြောက်ပြော။ သူ့အရပ်နဲ့သူဇတ်ကတော့ ပွဲကျနေကြတာပါပဲလို့ တွေးမိပါတယ်။ Globle ဆန်လိုက်တဲ့ လူများကြတော့လည်း သူ့အလိုလို နေရင်းကို လာစကားပြော၊ ဘယ်ကလာလဲ၊ ဒီမှာနေရတာပျော်လား၊ အဆင်ပြေလား စသဖြင့် ဖော်ရွေကြပါတယ်။ ကိုယ့် culture နဲ့ စိတ်နေစိတ်ထားကို နားလည် သဘောပေါက်နားလည်ကြတဲ့ ဆြာမကြီးတွေ၊ သူငယ်ချင်းတွေဆိုရင် ဆွေးမျိုးရင်းချာပမာ စောင့်ရှောက်ကြပါတယ်။ ကိုယ့်ကို ထိရင် သူ့အမျိုးအရင်းလည်း မခံကြပါဘူး။ မကောင်းတဲ့လူဆို မကောင်းဘူးလို့ပြောပြပါတယ်။ ကိုယ့်အမျိုးဆိုပြီး ဖုံးကွယ်ချန်လှပ်ထားတာ မရှိပါဘူး။ သိပ်ခင်သွားကြပြီရင်တော့ အဲ့လိုပါပဲ။သနပ်ခါးပါးကွက်ကြားနဲ့ ချစ်ချာရုရှားမလေးတွေ၊ မြန်မာသင်္ကြန်မှာ ရာမ၊ ဒဿ ဇတ်နဲ့ မယ်သီတာတစ်ဖုံ၊ သင်္ကြန်လှပျိုဖြူများ တဖြစ်လဲ ချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်နေတာကိုကြည့်ရင်၊ ဘယ်လောက် တည်ဆောက်ယူထားရတယ်ဆိုတာကို မှန်းလို့ ရနိုင်ပါလိမ့်မယ်။ မြန်မာတွေနဲ့ အတွင်းကျကျ ဆက်ဆံပြီးတဲ့ သူတိုင်းတော့ မြန်မာမှ မြန်မာဖြစ်သွားတာပါပဲ။ ဈေးထဲက ကာဇက်တို့၊ ဗီယက်နမ်တို့၊ ရုရှားတို့ဆို “မင်္ဂလာပါ” ဆိုပြီး ဗမာလို မပီကလာပီကလာ မှုတ်ပြီး ဝိုင်းဆွဲတော့တာပဲ။ ငါနှပ်ချင်တိုင်းနှပ်လို့ ရတဲ့ကောင်တွေလာပြီဆိုပြီး ဝိုင်းဆွဲတာနေမယ်။ အဲ့သလို ချစ်တဲ့သူတွေလည်းပေါ ပါတယ်။ မြန်မာနိုင်ငံလာပြီး ဘာသာစကားသင်ပေးတဲ့ ဆြာ၊ ဆြာမကြီးတွေဆိုရင်တော့ ပြောကိုမနေတော့ဘူး။



                                အများစုအနေနဲ့ကြည့်ရင် ဘာသာတရားရဲ့ အဆုံးအမဆိုတာ ဒီမှာ ထင်သလောက်ကိုမရှိပါဘူး။ ကြည်ညိုကိုင်းရှိုင်းမှုဆိုတာကတော့ ကျနော်တို့ ရောက်လာထဲက ငြမ်းဆင်ထားပြီး ပြင်မလို့ကြိုးစားနေတဲ့ မြို့လယ်ကဘုရားကျောင်းတစ်ခုဆိုရင် ခုထိမပြီးချင်သေးဘူး ဆိုတာကို ကြည့်ရင်သိနိုင်ပါတယ်။ ဒါပေမယ့် ဟိုဘာသာကိုစော်ကား၊ ဒီဘာသာကို စော်ကားတော့ မကြားမိပါ။ ကိုးကွယ်ချင်ကိုးကွယ်၊ မကိုးကွယ်လည်းနေ အစွန်းရောက်တာတော့ လက်မခံဘူးဆိုတာမျိုးပါ။ ဗုဒ္ဓဘာသာဆိုပြီး မကြော်ငြာပဲ ဗုဒ္ဓအယူအဆကို လက်ခံထားတဲ့ သူတွေလည်းရှိတယ်။ ဟိုတနေ့ကပဲ လမ်းမှာ ဗုဒ္ဓအယူအဆ ပြန့်ပွားရေးအတွက် လုပ်နေတယ်ဆိုတဲ့ လူငယ်လေးတစ်စု လာမိတ်ဆက်ကြ၊ မေးကြ လုပ်တာကြားလိုက်ရတယ်။ အခန်းဖော်ကပြန်ပြောပြတာပါ။ ဒါမျိုးလေးတွေလည်း ရှိပါတယ်။ အဲ့တော့ ဒီလို ဘာသာတရားအဆုံးအမ အားနည်းတဲ့နေရာမျိုးမှာ ဘာနဲ့ လူတွေရဲ့ စိတ်ကိုထိန်းကျောင်းထားနိုင်သလဲ ဆိုတာကိုကြည့်တော့၊ အများကြီးမတွေ့ပါဘူး။ လူ့စည်းကမ်း၊ လူ့ယဉ်ကျေး သတ်မှတ်ချက်နဲ့ ထိန်း ထားပါတယ်။ မိန်းကလေးတွေ စကပ်၊ဘောင်း ဘီအတိုအရှည်ပေါ်မှာ ခွဲတဲ့ ယဉ်ကျေးမှုကို ဆိုလိုတာမဟုတ်ပါဘူး။ ဒါက ဘာသာတရားနဲ့ ဆက်နွယ်လာတဲ့ ဓလေ့စရိုက်ပါ။ သူတို့ရဲ့ စာပေ၊ ဝတ္ထုတွေမှာ ကိုယ်ချင်းစာတရား၊ မေတ္တာတရား တွေကို အခြေခံထားတာတွေ့ရပါတယ်။ Karl Marx ၏ “ဝိညနိက ဘူတိက” အတွေးအခေါ်များလွှမ်းမိုးခဲ့ခြင်းရဲ့ လက်ကျန်လည်းဖြစ်နိုင်တယ်။



                      သူတို့ရဲ့ literature ကိုတော့ Karl Marx အောက် ၁၀ နှစ်လောက်ပဲ ငယ်မယ့်  Leo Tolstoy  တို့ရဲ့ War and Peace တို့လို ဝတ္ထုကြီးတွေ ကမ္ဘာကျော်ခဲ့ပုံကို ကြည့်ရင်လည်း မှန်းဆနိုင်ပါလိမ့်မယ်။ ကားလ်မာခစ်၊ ကားလ်မာခစ် နဲ့ ထည့်ထည့်ပြောနေလို့ ဒီအကောင် လက်ဝဲတင်တယ် လို့တော့ မလုပ်လိုက်ပါနဲ့။ လက်ဝဲမဟုတ်သလို၊ လက်ယာလည်း မဟုတ်ဘူး။ ရုရှားအကြောင်းပြောရင် Karl Marx ကို ချန်ထားခဲ့လို့ မရလို့ပါ။ ကျနော့်အမြင်အရတော့ ဗုဒ္ဓစာပေဟာ ဒီလိုဒေသတွေမှာပြန့်ပွားဖို့ ရာခိုင်နှုန်းအတော်များတယ်လို့ထင်မိပါတယ်။ အတွေးအခေါ်အခြေခံထားမှုက ခပ်ဆင်ဆင်တူညီနေပြီး၊ ဘာသာမဲ့ များလို့ပါ။ ဆိုလိုတဲ့ဘာသာမဲ့က ဘာမှ မယုံကြည်ဘူးကွ ဆိုတဲ့အမျိုးအစားမဟုတ်ပဲ..သူတို့ နှစ်နှစ်ကာကာယုံကြည်စရာအတွေးအခေါ်၊ ဘာသာတရား မရှိသေး၊ မတွေ့သေး တာကို ဆိုလိုတာပါ။ ကျန်တဲ့ အများစုကတော့ ခရစ်ယာန်တွေပါပဲ။ အခြားဘာသာများလည်း စုံလင်စွာရှိကြပါတယ်။ ငါတို့ကတော့ ကိုးကွယ်ဖို့ ဘာသာမလိုဘူး ဒဿနိကနဲ့ လုံလောက်တယ်ဆိုတာလည်းရှိတယ်။တချို့ဆို ဘာသာတစ်ခုကို အမည်ခံထားပြီး၊ သေချာမေးကြည့် စမ်းစစ်ကြည့်တော့ အဲ့ဒါကိုလည်း သေချာမသိ၊ သိပ်မယုံတာတွေ့ရတယ်။ ကာလမသုတ်တော်နဲ့ ဝင်ဖောထည့်လိုက်တော့ ..နင်တို့ ဗုဒ္ဓက ဒီလိုပြောခဲ့သလား ဆိုတာနဲ့လည်း တွေ့ခဲ့ဘူးပါတယ်။ ဘယ် God မှ ဒီလိုမပြောခဲ့ပါ ဆိုတော့..အင်းဆိုတဲ့ အသံကြား ရပါတယ်။ ဗုဒ္ဓက God မဟုတ်ဘူး Human ဆိုတော့လည်း မျက်လုံးအဝိုင်းသားနဲ့ပါ။ အထက်ကပြောခဲ့သလို ယုံကြည်ရန်ခက်ပြီး၊ တကယ်ယုံကြည်သွားရင်လည်း စွဲမြဲတတ်ကြလို့ပါ။ ဗုဒ္ဓသာသနာပြု ရှားပါးတာကတော့ကိုယ်တွေ့ မျက်မြင်ပါပဲ။                                                                 ဆက်ပါမည်။
http://aboutofmyanmar7.blogspot.com/2012/02/blog-post_2158.html  မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment