ရွှေလီသား(မဘိမ်း)

Thursday 1 March 2012

အရိုင်းချယ်ရီ လျှောက်သောလမ်း



ဖေ့ဖေ့ရဲ့  သားအတွက် ရည်မှန်းချက်၊ မေ့မေ့ရဲ့  နှုတ်ဆက်မျက်ရည်၊ ကျွန်တော့်ရဲ့  ဆုံးဖြတ်ချက်၊ ချစ်သူရဲ့  နာကျည်းမျက်လုံးများ၊ ပြီးတော့ ရုတ်တရက် နောက်လှည့်ပြေးထွက် သွားတဲ့ ချစ်သူရဲ့ ကျောပြင်၊ ချစ်သော စန္ဒာရယ် …။ အခုတော့ ငါတို့ တကယ်ဝေးခဲ့ကြပြီလား။ ဟောဒီ ပန်းပေါင်းစုံခတဲ့ ချယ်ရီမြေမှာ ငါ့အတွက် အလွမ်းတွေပဲ တစ်ပွင့်ပြီး တစ်ပွင့်ပါ။
နင်မှတ်မိသေးရဲ့ လား။ နင်က ရန်ဖြစ်တာကို သိပ်မုန်းခဲ့တယ်။ ငယ်ငယ်တုန်းက နင့်ကို အနိုင်ကျင့်တဲ့ ငနဲတစ်ယောက်ကို ငါထိုးခဲ့ဘူးတယ်။ ရန်ဖြစ်ခဲ့တယ်။ အဲဒါ ငါမှားလား။ ရန်ဖြစ်တဲ့အတွက် ငါကိုယ်တိုင် အထိုးခံထိပြီး နာခဲ့ပါတယ်။ ပြီးတော့ ဆရာကြီးရဲ့  အရိုက်ကို လည်းခံခဲ့ရတယ်။ ငါကျေနပ်ပါတယ်။ နင့်ကို အနိုင်ကျင့်တဲ့ သူကို ငါကောင်းကောင်းခံမလိုက်ရ လို့။
ငါ ဟာ သွေးဆူနေတဲ့ အရိုင်းတစ်ယောက်တော့ မဟုတ်ဘူး။ လောကမှာ အနိုင် ကျင့်စော်ကားလာသူကို ကာကွယ်ဖို့ လက်သီးခပ်ပြင်းပြင်းလောက်တော့ ထိုးတတ်ဖို့ လိုတယ်။ အဲဒီလို ငနဲတွေကို လက်အနာခံပြီး ထိုးရလိမ့်မယ်။
“ကျော်ခ စစ်တိုက်တမ်း မကစားပါနဲ့ဟာ။ ငါနဲ့ အတူတူကစားရအောင်”
“မကစားချင်ပါဘူးဟာ”
“ငါက ဆရာဝန်လုပ်မယ်။ နင်က လူနာလုပ်လေ”
“ဟင့်အင် ကစားဘူး။ စစ်တိုက်တမ်းပဲ ကစားမယ်။ ငါကကြီးလာရင် စစ်ဗိုလ်ကြီးလုပ်မှာဟ ”
“ကျော်ခ နင်ငါနဲ့ မကစားရင် အန်တီနဲ့ တိုင်ပြောမှာ အန်တီက နင့်ကို ငါနဲ့ အတူတူ ကစားရမယ် လို့ပြောထားတာ”
“မကစားဘူးဟာ တိုင်ပေါ့”
ငယ် သူငယ်ချင်းမလေးရေ … အဲဒီတုန်းက ငါ့ကို စိတ်ဆိုးပြီး အကြာကြီး မခေါ်ပဲ နေခဲ့တာ။ ကလေးဘ၀က နှစ်သက်ရာ ကစားနည်းကို ငါစိတ်ကြိုက်ရွေးချယ်ခဲ့တယ်။ အဲဒီ ရွေးချယ်မှုအတွက် နင့်နှုတ်ခမ်းတွေ အကြာကြီး စူခဲ့တယ်။ မျက်စောင်းတွေ အကြာကြီး ထိုးခဲ့ တယ်။
“ကျော်ခ ငါတို့ တက္ကသိုလ် အတူတူလက်ကြရအောင်နော်။ နင်က ဘာမေဂျာ ယူမှာ လဲဟင်။ တက္ကသိုလ်အကြောင်း ၀တ္ထုတွေ ဖတ်ရတယ်။ ဇာတ်လမ်းတွေလည်း ကြည့်ရတယ်။ ကျောင်းတက်ဖို့ ငါတွေးပြီး ပျော်နေမိတယ်။ ”
“ကျော်ခ နင်ငါနဲ့ တစ်မေဂျာတည်း ယူနော် ”
အဲဒီတုန်းက ငါနှုတ်ဆိတ်နေခဲ့မိတယ် စန္ဒာ …။ အခုတော့ ငါရဲ့  ရွေးချယ်မှုအတွက် နင် သိပ် စိတ်ဆိုးသွားခဲ့ပြီလား။ စိတ်နာ သွားခဲ့ပြီးလား စန္ဒာ ..။ အပျော်ဖတ် အချစ်ဝတ္ထုတစ်ပုဒ် ထဲကလို ချစ်သူ့ လက်ကို တွဲပြီး အင်းယား ကန်ဘောင်ပေါ် လျှောက်ချင်တာပေါ့ ..။
ငယ်ငယ်က ရန်ဖြစ်တာတွေကို မုန်းခဲ့တဲ့ ငါ့ရဲ့  မယ်စစ်မုန်းလေး ရေ ငါက အမှန် တရားတွေကို ကာကွယ်ဖို့ လက်သီးထိုးတတ်ချင်ယုံ သက်သက်ပါကွာ။ ငါတို့ နှစ်ယောက် ဆန့် ကျင်ဘက် အစွန်းနှစ်ဖက်မှာ တကယ်ကျောခိုင်း နေကြပြီလား။ ငါ မင်းဆီက လမ်းခွဲထွက်ခဲ့ တာ မဟုတ်ဘူး စန္ဒာ ..။ လမ်းခွဲစကား မပြောပဲ ဒီလိုပဲ တဖြေးဖြေး သွေးအေးဝေးလွင့် သွားရ တော့မှာလား။
နှစ်ယောက်အတူတူ မက်ဖို့ အိပ်မက်တွေ ထမင်းလုံး တစ္ဆေခြောက်ခံရခြင်း အ တွက်တော့ ငါလည်း ၀မ်းနည်းမိတာပေါ့။ သစ်ပုပ်ပင်၊ ဂျပ်ဆင်၊ အင်းယားကန်၊ ခုံပြာတန်း၊ ကံ့ကော်ပန်းများ၊ ညနေခင်း ဂစ်တာသံများ၊ ချစ်သူတို့ရဲ့  ရယ်သံများ၊ အဲဒီ နင်တို့ရဲ့  တက္ကသိုလ်ကြီးမှာ ပျော်နေရဲ့  လား စန္ဒာ ..။
ဟော ဒီ ငါတို့ အမိစစ်တက္ကသိုလ်ကြီးမှာတော့ ကဗျာဆန်ဖို့ အချိန်မပေးနိုင်ပါဘူး။ လေ့ကျင့်ရေး ကွင်းများ၊ ပြေးလွှားနေသော ခြေလှမ်းများ၊ ချွေးစက်များ၊ စစ်မိန့်သံများ၊ သစ္စာ ဆိုသံများ၊ အရိုင်းချယ်ရီများ၊ စန္ဒာရေ … ဟောဒီ အရိုင်းချယ်ရီတွေလည်း ဝေတတ် ကြွေတတ် တယ်။ ငါတို့ သေရဲ သတ်ရဲတွေလည်း ငိုတတ် ရယ်တတ်တယ်။
“ဟေး …. စာတွေလာတယ်ဟေ့ …”
“ငါ့ စာ ပါလားကွ”
“ဟိတ်ကောင်တွေ မလုနဲ့လေကွာ”
“ဟေ့ကောင် ငါ့စာပေး”
“ဟေးဟေး ..လိုချင်ရင် အလကားတော့ မရဘူးကွ။ ကော်ဖီမစ် တစ်ထုပ်နဲ့ ရွေး”
“ဒီကောင့်စာက ဓာတ်ပုံပါတယ်ဟ။ ဖောက်လေကွာ ကြည့်ရအောင်”
“ဘာဆိုင်လို့ကြည့်ရမှာတုန်းကွ .. ငါ့ကောင်မလေးပုံကို”
“ဟား …ဟား…ဟာ…”
စာတိုက်က စာလာလို့ လုသူများ၊ ပျော်သူများ၊ တစ်ယောက်နဲ့တစ်ယောက်နောက် ပြောင်သံများက ငါ့ကို လှောင်ပြောင်နေသလိုပါပဲ။ ဟောဒီ စာတိုက်က စာတွေရောက်တိုင်း ငါ ဝေးရာကို ရှောင်နေလိုက်ပါတယ် စန္ဒာ..။ ငါနဲ့ ဘာမှ မသက်ဆိုင်ပါဘူးလေ။ ဒီလောက်အချိန် တွေ အကြာကြီး ဝေးနေပြီး ငါ့ကို စာလေးတစ်စောင်တောင် ရေးဖော်မရဘူးတဲ့လား။
ဝမ်းနည်းစရာတွေ ကြုံတိုင်း ငါ့ကို တိုင်တည်ပြီး ငိုတတ်တဲ့မင်း၊ ပျော်ရွှင်စရာတွေ ကြုံတိုင်း ငါ့ကို ပြောပြ ရယ်မောတတ်တဲ့မင်း၊ မကျေနပ် တာတွေ တွေ့တိုင်း ငါ့ကို စိတ်ကောက် ပြီး ဘုတော တတ်တဲ့မင်း၊ ခုတော့ စကားလုံးတွေ ဆွံ့ အနေလိုက်တာ။ နင်ငါ့ကို နာနာကျည်း ကျည် တစ်ခုခုပြောပစ်လိုက်ရင်တောင် ငါ ဖြေသာဦးမှာပါ။
စန္ဒာ နင်က ပန်းကလေးတွေကို မြတ်နိုးတတ်တယ်နော်။ နင့်စကား တွေကို ငါမှတ် မိပါတယ်။ ပန်းဆိုတာ ငြိမ်းချမ်းခြင်းရဲ့  အဓိပ္ပာယ်တဲ့၊ နင့်သိရဲ့ လား စန္ဒာ…။ ငါ့တို့ဆီမှာ ချယ်ရီ တွေ တစ်နှစ်တစ်ခါ သစ္စာရှိရှိပွင့်ကြတယ်။ ချယ်ရီ ပန်းခြောက်တွေ နင့်ဆီ ပို့ချင်တယ်။ ဒါပေ မယ့် အကြွေပန်းတွေကို နင်တန်ဖိုး ထားတတ်ပါ့မလား။ ငါတို့ ချယ်ရီတွေက အရိုင်းပန်းတွေပါ စန္ဒာ..။ အလေ့ကျ ပေါက်တတ်တဲ့ ပန်းရိုင်းတွေလည်း သူ့ သဘာဝနဲ့သူ လှပါတယ်။ နင် နားလည်ပါ့မလား။ ဟောဒီ ငါတို့ သေနတ်ကိုင်တဲ့ အရိုင်းလက်တွေလည်း နွေးထွေးကြတယ်။
“ကျော်ခ ဒီနေ့ကျောင်းမှာ သင်တဲ့ သမိုင်းက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်နော် ”
“ဒုတိယကမ္ဘာစစ် ဖြစ်ရသော အကြောင်းအရင်းများကို ပြောတာလား”
“ဟုတ်တယ် ကျော်ခ။ ဘာဖြစ်လို့ လူတွေက အဓိပ္ပာယ် မရှိတဲ့ အလုပ်တွေ လုပ်ချင် နေရတာလဲ။ သေကြမယ်၊ ကြေကြမယ်၊ ငိုကြယိုကြရမယ်။ ဘာကောင်းတာရှိလို့လဲ။ စိတ်ညစ် စရာတွေချည်းပဲ။ ”
“လူတွေက တစ်ဖက်နဲ့ တစ်ဖက် အားပြိုင်ပြီး အနိုင်ယူစိုးမိုးချင်နေကြတာလေ”
“ငါကတော့ အဲလို အားပြိုင်တာ။ အနိုင်ကျင့်ချင်တာကို သိပ်မုန်းတာပဲ။ ငါ့ကိုလဲ အနိုင်လာ မကျင့်နဲ့ ။ ငါလဲ ဘယ်သူ့ကိုမှ အနိုင်မကျင့်ချင်ဘူး။ ”
ကျောင်းတုန်း ကတည်းက နင့်ရဲ့  စိတ်ကို ငါသိပါတယ်။ စန္ဒာ ..ရေ .. ကိုယ်က အနိုင် မကျင့်ချင်ပေမယ့် ကိုယ့်ကို အနိုင်လာကျင့်ရင် ကာကွယ်နိုင်စွမ်းတော့ ရှိရမယ်။
လောကမှာ အသက်ရှင်ရပ်တည်ဖို့ တစ်ခုခုတော့ စွမ်းကြရတယ် စန္ဒာ..။ ဦးချို၊ အစွယ်၊ ခွန့်အား၊ လိပ်တစ်ကောင်ရဲ့  မာကျောတဲ့ ကျောကုန်း၊ ဖြူးတစ်ကောင်ရဲ့  ဆူးတောင်၊ ဖြူစင်လွန်းပါတယ်ဆိုတဲ့ ယုန်တစ်ကောင်မှာတောင် အသက်ရှင်ဖို့ အပြေးမြန်တယ်။ ငါက ယုန် တစ်ယောက်လို ထွက်မပြေးချင်ဘူး။ ခပ်ထုံထုံသိုးတစ်ကောင်လိုလည်း ခေါင်းငုံ့မခံချင်ဘူး။
ငါ ငယ်ငယ် ရန်ဖြစ်တုန်းက နင့်အတွက် ဖြောင့်လက်သီးပြင်းပြင်း တစ်လုံး ထိုးခဲ့ တယ်။ ခုတော့ ငါ့ရဲ့  ဖြောင့်လက်သီးတွေက နင် တစ်ယောက်တည်းအတွက် မဟုတ်တော့ဘူး။ ငါတို့ အားလုံးအတွက် ဟောဒီက မြန်မာပြည်အတွက်၊ ဧရာဝတီအတွက်၊ ပုဂံမြေအတွက်၊ ရွှေတိဂုံအတွက်၊ တောင်တန်းပြာတွေအတွက်၊ ပင်လယ်အတွက်၊ အဲဒီအတွက် နင့်အနားမှာ ငါရှိမနေနိုင်ခြင်းကို နင် နားလည်မှာပါ။

(~_~)

“ရော့ စန္ဒာ နင့်အတွက် ..ငါ့ အိမ်က ခူးလာတာ”
“နှင်းဆီပန်းလေးပါလား။ အရမ်းလှလာပဲ။ ပန်းကတော့ လှပါတယ်။ ဆူးတွေနဲ့”
ဆူးဆိုတာ နှင်းဆီရဲ့  မာနပါ စန္ဒာ၊ လောကမှာ ထိုက်သင့်တဲ့ မာနလောက်တော့ ရှိသင့်ပါတယ်။ ဆူးတွေက နှင်းဆီရဲ့  အလှကို ကာကွယ်ပေးကြတာ။ သိပ်လှတဲ့ နှင်းဆီအ တွက် ဆူးဆိုတာလည်း လိုအပ်တယ်။ နှင်းဆီရဲ့  ဆူးတွေက ဘယ်သူ့ကိုမှ မတရား အနိုင်ကျင့် စူးနစ်စေဖို့ မဟုတ်ဘူး။
တချို့  က နင့်လိုပဲ ဆူးတွေကို မုန်းတတ်ကြတယ်လေ။ ပွင့်လွှာတွေ ဘယ်လောက် လှပကြောင်း၊ ၀တ်မှုန်တွေ ဘယ်လောက်နူးညံ့သိမ်မွေ့ကြောင်း၊ ဘယ်လောက်မွေးပျံ့ ကြောင်း ဖွဲ့ကြတယ်။ နှင်းဆီအတွက် ဆူးတွေ အမုန်းခံပေးတဲ့ အကြောင်း ဘယ်သူတွေ ဆေးဖော်ကြောဖက် လုပ်ပြီး အကောင်းပြော သလဲ။ ငါက ဆူးတစ်ချောင်း ဖြစ်မှာပါ။
“ရွှီး”
“ရွှီး”
“ရွှီး”
တန်းစီကွင်းဆီမှာ ခရာသံတွေ ကြားရပြီ၊ အဲဒီမှာ ငါတို့ စုပေါင်းတန်းစီပြီး ငါတို့ရဲ့  ညနေခင်း ကဗျာကို သံပြိုင်ဆိုကြမယ်။ ငါတို့ရဲ့  နံနက်ခင်း သီချင်းလည်း ဖြစ်တယ်။ အဲဒီကဗျာ မှာ ကာရံမပါဘူး။ အဲဒီသီချင်းမှာ သံစဉ်အတက်အဆင်း မရှိဘူး။ ခေါင်းစဉ်က “သစ္စာလေးချက်” တဲ့။
ငါ့ရဲ့  အင်္ကျီကို ကြယ်သီးအပြည့်တပ်ပြီး ၀တ်လိုက်တယ်။ အလွမ်းတွေ ပြည့်ကျပ် နေတဲ့ ဟောဒီ ရင်ဘတ် မှာ ဖရိုဖရဲ မနေအောင်လို့ပါ။
တောက်ပြောင်နေရမယ့် ဦးထုပ်တံဆိပ်က အနည်းငယ် မှေးမှိန်နေသလိုပဲ။ မျက်ဝန်းမှာ လွမ်းရိပ်တွေနဲ့ နွမ်းနွယ် နေတော့လည်း တစ်ခါတစ်ခါ မှုန်ဝါးဝါး မြင်ရတတ်တယ်။ ဦးထုပ်တံဆိပ်ပေါ်မှာ တင်နေတဲ့ ဖုန်စတွေကို ခါထုတ် ပြစ်လိုက်တယ်။ ပြီးတော့ ငါ့ကိုငါ ပြန်ပြော လိုက်တယ်။
“ဘာလို့ မျက်လွှာချပြီး ခေါင်းငုံနေရမှာလဲ ”
အင်္ကျီပုခုံးထောက်ကို တပ်လိုက်တယ်။
လူတစ်ချို့ က ပုခုံးပေါ်မှာ မိသားစုကို ထမ်းပိုးထားကြတယ်။ တစ်ချို့  က မိဘကို ထမ်းထားတယ်။ တစ်ချို့  ကတော့ ကိုယ့်အတ္တကို လွယ်အိတ်တစ်ခုလို လွယ်ထားကြတယ်။
တစ်ချို့ က လူ့လောကကို ပင့်တင်ထားကြတယ်။ တစ်ချို့ တွေရဲ့  ပုခုံးပေါ်မှာတော့ ချစ်သူ့ဦးခေါင်းတွေ တွယ်မှီနေတယ်။
ငါရဲ့  ပုခုံးပေါ်မှာတော့ ဗိုလ်လောင်းအဆောင်အယောင်ဖြစ်တဲ့ အဖြူရောင် ဒေါက်တစ်ခုပါ။
ပြီးတော့ ဖိနပ် စီးလိုက်တယ်။ ဖိနပ်ကို ကြိုးတင်းတင်းထိုးတယ်။ တန်းစီကွင်းကို သွားမယ့် ခြေလှမ်းတွေဟာ လျော့တိလျော့ရဲ ဖြစ် မနေအောင်လို့လေ။
ပြီးတော့ အနာဂတ် ခရီးကိုလည်း အဲဒီခြေလှမ်းတွေနဲ့ပဲ ဆက်လျှောက်ရဦးမယ်။ ငါ့ရဲ့  ချစ်သော စန္ဒာရေ ..ငါတို့ လွတ်လပ်စွာ ကွဲလွဲခဲ့ကြပြီ ဆိုရင်တောင် ငါလျှောက်နေတဲ့ လမ်းက နင်နဲ့ ကျောခိုင်းလျှက် မဟုတ်ပါဘူး။
လက်ချင်းတွဲလျှောက်နေကြတဲ့ ချစ်သူတွေတောင် မျဉ်းပြိုင်လျှောက်ရသေးတာ။ သူတို့တွေဘ၀ မျဉ်းပြိုင်မို့ မဆုံးနိုင်ကြဘူး ပြောရင်တောင် ဦးတည်ရာတွေကတော့ တူတူ လျှက်ပါ။

မေဒေးလှိုင်

ငါပြောပြချင်လိုက်တာ
ငါ့ရင်ထဲမှာ ..
ငါ့ရင်ထဲမှာလေ …
လွမ်းလှပါတဲ့
ငါ့ရင်ထဲက ထောင့်ဖြတ်မျဉ်းကလေးရယ်
(၁၈) ရာသီတိုင်တိုင်
ငါ့ခံစားချက်တွေကို သတ်ခဲ့တဲ့ ငါလက်နဲ့ပါ။
ချစ်သော
ကျောင်းသွားဖော် ကောင်မလေးရယ်
ငါဟာ ပင်လယ်ပြင်ပေါ်မှာ
ဣနြေ္ဒကြီးကြီးနဲ့ ရေငတ်ခဲ့တဲ့ကောင်ပါ။
ပြောပြချင်ပါသေးတယ်
ငါ့ကို ကုတ်ခြစ်ခဲ့တဲ့လက်သည်းကလေးရယ်
ကြက်ခြေခတ်တွေ အုပ်ထားတဲ့
ဘ၀ရဲ့  ခြေတံဟောင်းများကို
ဖယ်ရှားပေးနိုင်သူဟာ
နင်တစ်ယောက်တည်းပါ။
နင်မသိလို့ပါ
ငါ့ရင်ဘတ် ငါပိတ်ခဲ့တဲ့
သံယောဇဉ်ပုံပြင်မှာ
နင်ပဲရှိတယ်။
သူမ
နင်သိပါလေစ
ကျောင်းတော်ရဲ့  အစကတည်းက
ငါလွယ်ထားခဲ့ရတဲ့
ခရမ်းပြာ ဓားချက်များအကြောင်း
နေခြည်အစင်းစင်းတို့
နောင်ခေတ်အဆက်ဆက်မှာ
ငါ့ဘ၀ကို ပိုင်သသူကို
ပြောပြကြမှာက
ငါမက်မက်မောမော တန်ဖိုးထားတဲ့
အစိမ်းပွင့်တဲ့ ပန်းတစ်ပွင့်အကြောင်းပါ။
စိမ်းလန်းနေဦးမယ်
အတိတ်ကပန်းအလင်္ကာတစ်ပုဒ်နဲ့
တစ်ခါတစ်ခါ
ငါ့ရင်မှာ ချိုလွင်ဖူးတဲ့
ဆည်းလည်းသံလေးကို
သတိရနေဦးမှာပါ။
ငါဟာခိုးဝှက်ပြီးမှ
လွမ်းခဲ့ရတဲ့ကောင်ပါ
ဖြစ်နိုင်မယ်ဆိုရင်
ငါ့နိုင်ငံတော်မှာ
ဘုရင်မလာလုပ်လှည့်ပါကွယ်။

ဒီကဗျာလေးက မေတစ်ရက်နေ့(မေဒေးနေ့) မှာစိန်ပန်းပြာတွေ လှိုင်လှိုင်ပွင့်တဲ့ အချိန်မှာ ရေးလိုက်မိတဲ့ အတွက် “မေဒေးလှိုင်” လို့ပဲတင်စားခေါ်လိုက်မိပါတယ်။

ဒီဇာတ်လမ်းလေးက အစ်ကိုတစ်ယောက်ရဲ့  ဖြစ်ရပ်မှန် ရင်နင့်ဖွယ်ရာ ဇာတ်လမ်း လေးပါ။

အလွမ်းမိုးတွေ တ၀ုန်းဝုန်းရွာချနေတဲ့ ညတစ်ညကိုသွားသတိရမိတယ်။ အဲဒီညမှာ ပဲ ကိုကျော်ခက မျက်ရည်စက်လက်နဲ့ သူ့ရင်ဘတ်ကို ဖွင့်ပြခဲ့တယ်။
သမားတော်ကြီး စာရေးဆရာများက အဲဒီရင်ကို မေ့ဆေးမပေးပဲ အစိမ်းလိုက် ခွဲကြည့်ခဲ့ကြတယ်။ ရင်ခွဲကြည့်သူတွေ ပြောစကားအရ
ကိုကျော်ခ ဆိုတဲ့လူ အတော်အံ့သြဖို့ ကောင်းတယ်ဗျ။ သူ့ရင်ကို ခွဲကြည့်လိုက် တော့ သူ့ဘယ်ဘက်ရင်အုံမှာ နှလုံးသားရှိမနေဘူးလေ။ နှလုံးသားအစား သတင်းစာဓာတ်ပုံ ဖြတ်ပိုင်းလေးတစ်ခု ပဲရှိနေတယ်။ အဲဒါလေးကို သေချာကြည့်လိုက်တော့ ဒေါက်တာစန္ဒာ ဆယ်တန်းကျောင်းသူဘ၀တုန်းက (Top Ten) ၀င်လို့ ဆုယူနေတဲ့ ဓာတ်ပုံလေးလေ။ ကြေးမုံသတင်းစာထဲမှာ ပါလာတဲ့ သတင်းက ဖြဲယူထားတဲ့ သတင်းစာဖြတ်ပိုင်း ဓာတ်ပုံလေးပါ။
အေးဗျာ ဘာပဲဖြစ်ဖြစ် အံ့သြမိတယ်လေ။ သူများတွေလို နှလုံးသားနဲ့ အသက်မရှင် ပဲ သတင်းစာဓာတ်ပုံဖြတ်ပိုင်းလေးတစ်ခု နဲ့ အသက်ရှင်နေတဲ့သူကို ခင်များတို့လည်း သိစေချင်လို့ပါ။
နောက်ပြီး ကိုကျော်ခ ငယ်စဉ်ကထိုးခဲ့ဘူးတဲ့ ဖြောင့်လက်သီးကို သတိရတိုင်း သူ့အခန်းမှာ သဲအိတ်ကြီးကို တအုန်းအုန်းနဲ့ ထိုးနေတော့တာပါပဲ။ မယုံရင် သူ့ အခန်းကို သွား ကြည့်လိုက်ပါ။ အခုတောင် သူ သဲအိတ်ကြီးကို ထိုးနေမလားပဲ ….း)။
ခင်ဗျားတို့က ဖတ်ပြီးတော့ ရီကြဦးပေါ့။ ကျုပ်ကတော့ ဒါလေးလုပ်ဖို့ကို အတော်ကြိုးပန်း စွန့်စားလိုက်ရတာလေ ပြောပြပါဦးမယ်။
ဒီလိုဗျ
ကြွေတစ်ခါဝေတစ်လှည့် ဒုတိယပိုင်း ထွက်လာမှာ စိုးလို့ စိုးနိုင်က ကျုပ်ကို အရက်မူးအောင်တိုက် ပြတင်းတံခါးတွေ ဖွင့်သိပ်ပြီး နုတ်ပိတ်ဖို့ ကြံစည်ခဲ့တာလေ။ ကံကြီးပေလို့သာပဲ အရပ်ကတို့ရေ .. ။ကျုပ်ကတော့ မနက်လင်းတော့ တော်တော်လေး ကြောက်သွားပြီး (ကြွေတစ်ခါဝေတစ်လှည့် ဒုတိယပိုင်း) မထွက်စေရပါဘူးလို့ ကတိပေးထား လိုက်ရတယ်။ ဒါတောင်သူက အခန်းထဲမှာ မျက်လုံးဒေါက်ထောက်ကြည့်နေတော့ နေရထိုင်ရ တော်တော်ကျပ်တယ်လေ။
အခုလည်း သူ့အရင် အိပ်ယာပေါ် တက် အိပ်ချင်ယောင်ဆောင်နေလိုက်ရတယ်။ သူအိပ်ပျော်တော့မှ ထပြီး ဒီကိစ္စကို လုပ်ရတော့တာပဲဗျို့  ။ ခေါင်းတွေတောင်ကိုက်လို့။
ဟူး …………မောလိုက်တာနော် ….။
နောက်တစ်နေ့ မနက်တောင် လင်းနေပါပေါ့လား ….။



ဖြစ်ရပ်မှန်ဇာတ်လမ်းအား ကာယကံရှင်ကိုကျော်ခကို ခွင့်မတောင်းပဲ ယခုလိုတင်လိုက်ရတဲ့အတွက် ဤနေရာမှ တောင်းပန်အပ်ပါသည်။ 
 http://www.chitthawkabarmyae.com       မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment