ရွှေလီသား(မဘိမ်း)

Saturday 4 February 2012

စစ်ဟာ ပွဲဟုတ်မဟုတ် Page 1 of 3

“စစ်ဟာပွဲ ဟုတ်မဟုတ်”။ ထူးခြားတဲ့ ဒီမေးခွန်းလေးက ကျွန်တော့်ရဲ့ အာရုံကို ဆွဲငင်ဖမ်းယူ လိုက်ပါတယ်။ ကဗျာ ဆရာကြီး ဦးဝင်းမြင့်က သူ့ရဲ့ “ရှေ့တန်း စစ်မျက်နှာများ” ကဗျာမှာ ဒီမေးခွန်းကို မေးထားပါတယ်။ (ပိတောက်ပွင့် သစ်၊ ၂၀၀၉ ဇန်န၀ါရီ)။ စစ်သားအိုကြီး ဖြစ်တာက တစ်ကြောင်း။ တစ်သက်နှင့် တစ်ကိုယ် တစ်ခါမျှ မကြားဖူးသေးတဲ့ မေးခွန်းဖြစ်တာက တစ်ကြောင်းမို့ ဒီမေးခွန်းကို အတော် စိတ်ဝင်စား သွားပါတယ်။ “စစ်ပွဲ”ဆိုတဲ့ စကားလုံးကို ဒုတိယ ကမ္ဘာစစ် မြန်မာပြည်ကို မရောက်မီ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ခန့်ကတည်းက အလယ်တန်း ကျောင်းသား ဘ၀နှင့် ကျွန်တော် ကြားဖူးပါတယ်။ ဖတ်ခဲ့ဖူးပါတယ်။ အင်္ဂလိပ်-မြန်မာ စစ်ပွဲတဲ့။ အဲဒီအချိန်က ဖြစ်နေတဲ့ တရုတ်-ဂျပန်စစ်ပွဲ၊ ဥရောပမှာ ဖြစ်နေတဲ့ အင်္ဂလိပ်-ဂျာမဏီ စစ်ပွဲအကြောင်းတွေ၊ သတင်းစာတွေမှာ မပြတ် ပါနေပါတယ်။ ကျွန်တော်နေတဲ့ ကျောင်းက အင်္ဂလန်အသင်းတော် (Church of England) က ဖွင့်တဲ့ မစ်ရှင်ကျောင်းဆိုတော့ “စစ်ရံပုံငွေ” ဆိုပြီး အတင်းအကြပ် ကောက်ခံလို့ မကျေမနပ်နှင့် လစဉ် ထည့်ခဲ့ရတာ မှတ်မိပါသေးတယ်။ “သူ့ကျွန်” ဆိုတော့လည်း လုပ်သမျှ ခေါင်းငုံ့ ခံရဆဲ ကာလပေကိုး။ အဲဒီ အချိန်က ဖတ်ခဲ့ရသမျှ ကြားခဲ့ရသမျှ အားလုံးမှာလည်း “စစ်ပွဲ” ဆိုတဲ့ စကားလုံးသာ ဖြစ်ပါတယ်။ ယခု ကဗျာ ဆရာကြီး ၀င်းမြင့်က “စစ်ဟာ ပွဲဟုတ်မဟုတ်” လို့ မေးခွန်း ထုတ်လာပါပြီ။ ဆရာဝင်းမြင့်က သူ့ရဲ့ “ရှေ့တန်း စစ်မျက်နှာများ” ကဗျာကို “ပင်လယ်ကွေ့စစ်ပွဲဟာ အိပ်နေတယ်” ဆိုတဲ့ စာသားလေးနှင့် စဖွင့်ထားပါတယ်။ ကဗျာပါ စာပိုဒ်လေး တစ်ခုက “ကမ္ဘာကြီးဟာ ဂျုံကြောင့် ပလာတာ ဖြစ်လာသလို ပဲကြောင့်ပဲ လာတာ ဖြစ်လာတယ်။ ဘယ်ပွဲကြောင့် စစ်ဖြစ်ခဲ့ရလဲ။ စစ်ဟာ ပွဲ ဟုတ်မဟုတ် ပင်လယ်ကို နောက်နောင် ဘယ်တော့မှ မကွေ့ခိုင်းဘူး” တဲ့။ ဆရာဝင်းမြင့် မေးခွန်းရဲ့ အဖြေကို ကျွန်တော် ကြိုးစား ရှာကြည့်ခဲ့ပါတယ်။ အဖြေ ရှာရင်းနှင့် နောက်ဆက်တွဲ မေးခွန်း တစ်ခု အလိုလို ပေါ်လာပြန်ရော။ ဆရာဝင်းမြင့်က “စစ်ဟာပွဲဟုတ် မဟုတ်” လို့ မေးပါတယ်။ အကယ်၍ စစ်ဟာ ပွဲမဟုတ်ဘူးလို့ အဖြေ ထွက်လာလျှင် “စစ်ဟာ ဘာဖြစ်ပါတယ်” လို့ ပြောကြမလဲ။ စစ်ဟာပွဲ မဟုတ်လျှင် ဘာပါလဲ။ ကဗျာမှာ “စစ်ဟာ ပွဲဟုတ်မဟုတ်” ဆိုပြီး “စစ်” က စာလုံးတစ်လုံး၊ “ပွဲ” က စာလုံးတစ်လုံး သီးခြားခွဲပြီး ရေးထားပါတယ်။ ဒီစကား နှစ်လုံးကို မြန်မာ အဘိဓာန်က (မြန်မာစာအဖွဲ့) ဘယ်လိုများ အဓိပ္ပာယ် ဖွင့်ပါလိမ့် ဆိုပြီး ရှာကြည့်ခဲ့တယ်။ ဒီလို အဓိပ္ပာယ် ဖွင့်ထားပါတယ်။ “စစ်” - နာမ်၊ ၁။ တိုင်းပြည်အချင်းချင်း လက်နက် အားကိုး နှင့်တိုက်ခိုက်ခြင်း။ ၂။ ပဋိပက္ခဖြစ်ခြင်း။ ကြိယာ - ၁။ အရောအနှော မဟုတ်၊ အတုအယောင် မဟုတ်၊ပကတိ အတိုင်းဖြစ်သည်။ ၂။ ညံ့သည်၊ ကောင်းသည်၊ မှားသည်၊ မှန်သည် စသည်တို့ကို ကြည့်ရှုမေးမြန်းသည်။ ၃။ အနည်အဖတ်နှင့် အရည်ကို တခြားစီ ဖြစ်အောင် လုပ်သည်။ ၄။ လျော့ပါးသွားသည် “ရေစစ်ပြီ”။ “ပွဲ” နာမ် - ၁။ ပရိသတ် စုဝေးရာ သဘင်၊ လူ အများစု ဝေးဆင်နွှဲသော ပျော်ရွှင်မှု အခမ်းအနားစသည်တို့။ ၂။ ကန်တော့ပွဲ အမျိုးအမည် စုံစုံ ပြင်ဆင် ခင်းကျင်းထားသော အရာ။ ၃။ များသောအားဖြင့် ကျွဲနွား စသည်တို့ ရောင်းဝယ်ရာ ဌာန။ စည်း ၁။ ကန်တော့ပွဲ၊ ဟင်းပွဲ စသည်တို့ကို ရေတွက်ရာ၌ သုံးသောစကားလုံး။ ကဗျာအစမှာ “ပင်လယ်ကွေ့ စစ်ပွဲ” လို့ ဆိုထားတာမို့ ကဗျာပါ “စစ်”ဟာ နာမ်ဖြစ်ပေတယ်။ ကြိယာအဖြစ် သုံးထားတာ မဟုတ်ပေ ဘူး။ ဒီတော့ တိုင်းပြည် အချင်းချင်း လက်နက် အားကိုးနှင့် တိုက်ခိုက်ခြင်းကို ဆိုလိုတာပေါ့။ ထို့အတူ “ပွဲ” စကားလုံးဟာလည်း ကန်တော့ပွဲ ကျွဲနွား စသည်တို့ ရောင်းဝယ်ရာဌာန (နွားပွဲ)ကို မဆိုလိုနိုင်ဘူး။ ပရိသတ် စုဝေးရာ သဘင်၊ လူအများစုဝေး ဆင်နွဲသော ပျော်ရွှင်မှု အခမ်းအနား ဆိုတဲ့ ဖွင့်ဆိုချက်နှင့်သာ သက်ဆိုင်တော့တယ်။ ဒါကြောင့် ကဗျာ ကဗျာပါ “စစ်ပွဲ” ဆိုတာ လူများ၊ ပစ္စည်းများကို စိစစ်သော ညံ့/ကောင်း၊ မှား/မှန်၊ စစ်ဆေး စိစစ်သော။ အနည်အဖတ်နှင့် အရည်ကို တခြားစီဖြစ်အောင် စစ်တဲ့ “ပွဲ” ကို ဆိုလိုတာလည်း မဟုတ်ဘူး။ နိုင်ငံချင်း တိုက်ခိုက် တဲ့ “ပွဲ” ကိုသာ ရည်ညွှန်းတယ်လို့ ဆိုရပါမယ်။

Written by မောရနွယ်မောက်

No comments:

Post a Comment