“စစ်” ဆိုတာဟာ “ပွဲ” ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် တစ်ခုဖြစ်တဲ့ ပရိသတ်များ
စုဝေးရာ သဘင်၊ လူအများစုဝေး ဆင်နွှဲသော ပျော်ရွှင်မှု အခမ်းအနားလည်း
မဟုတ်ပြန်တော့ ဆရာဝင်းမြင့် ရဲ့ မေးခွန်းကို “စစ်ဟာပွဲ မဟုတ်ပါ” လို့
ဖြေရတော့ မလားဆိုပြီး စဉ်းစားမိပါတယ်။ “စစ်ပွဲ”ဟာ သဘင်၊ ပျော်ရွှင်မှု
အခမ်းအနား မဟုတ်ပေမယ့် ပရိသတ်၊ လူ အများပါဝင်
ဆင်နွှဲရတာ ဖြစ်ပြန်တော့ “ပွဲ” အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့်
ဘောင်ဝင်ပြန်ပါသည်။ “စစ်ပွဲ” လို့ ခေါ်ကြတာက ဒီ အယူအဆကြောင့် ဖြစ်နိုင်
ကောင်းတယ်လို့ စဉ်းစားမိပြန်ရော။ အစဉ်အဆက် “စစ်ပွဲ” လို့သာပဲ ခေါ်ခဲ့၊
ပြောခဲ့တာကို ယခုမှ ဘယ်လိုနှင့် ဘယ်လို ဒီမေးခွန်း ပေါ်လာရတာလဲလို့ ဆက်ပြီး
တွေးမိပြန် တယ်။ အစဉ်အဆက် ပြောရိုးပြောစဉ် စကား၊ အသုံးအနှုန်းကို ကဗျာဆရာက
လက်မခံနိုင်ဘဲ မေးခွန်း ထုတ်လာတယ် မဟုတ်လား။ “သဘင်” စကားလုံးရဲ့ အဓိပ္ပာယ်
ဖွင့်ဆိုချက် ကို ရှာကြည့်ပြန်တယ်။ မြန်မာ အဘိဓာန်က “သဘင်” စကားလုံးကို
ဒီလို ဖွင့်ဆိုပါတယ်။ -သဘင် = နာမ်၊ အစုအဝေး၊ အခမ်းအနား၊ ပွဲလမ်း။
သဘင်လည်း မဟုတ်၊ ပျော်ရွှင်မှု အခမ်းအနား အဖြစ်လည်း မရည်ရွယ်ပါဘဲနှင့် “ပွဲ”
လို့ ခေါ်ကြတာတွေ အများအပြား ရှိပါတယ်။ ဥပမာ ဘာသာရေး ကိစ္စများမှာ
ဗုဒ္ဓပူဇာနေယျပွဲ၊ ကထိန်ပွဲ၊ တရားပွဲ စသည်ဖြင့် ခေါ်ဝေါ်ကြတဲ့ ပွဲတွေ ရှိပါ
တယ်။ တစ်ဦးနှင့် တစ်ဦး၊ တဖွဲ့နှင့်တစ်ဖွဲ့ အနုနည်းနှင့်
ယှဉ်ပြိုင်ကြတာတွေကိုလည်း “ပွဲ” ကိုလည်း ခေါ်ကြတယ်။ အပြေးပြိုင်ပွဲ၊
လှေပြိုင်ပွဲ စသည်ဖြင့် ပေါ့။ အကြမ်းနည်း ပါဝင်တဲ့ ယှဉ်ပြိုင်မှုတွေမှာ လည်း
“ပွဲ” စကားလုံးကိုပဲ သုံးကြပြန်တယ်။ တိရစ္ဆာန်နဲ့ ပတ်သက်ပြီး
တိုက်ကြက်ခြင်း တိုက်တဲ့ ပြိုင်ပွဲကို “ကြက်ပွဲ” တိုက်နွားချင်း တိုက်တဲ့
ပွဲကို “နွားတိုက်ပွဲ” စသည်ဖြင့် ခေါ်ကြတယ်။ ဘာသာရေး ပွဲနှင့် ဆက်စပ်ပြီး
သတ်မှတ်ပွဲ တော် နေ့မှာ ကျွဲ၊ နွား၊ ဆိတ်၊ သိုး စတာတွေကို အများအပြား
သတ်ကြတာ တွေကိုလည်း “ကျွဲ သတ်ပွဲ” “နွားသတ်ပွဲ” စသည်ပဲ ခေါ်ကြပြန်တယ်။
လူစုလူဝေးနှင့် လုပ်တဲ့ “ငါးဖမ်းပွဲ” ဆိုတာ လည်း ရှိသေးရဲ့။ ငါးဖမ်းပွဲ
ဒုတိယ ကမ္ဘာစစ်အတွင်း မော်လမြိုင်ရဲ့ သံလွင်မြစ် တစ်ဘက်ကမ်းရှိ ဘီလူးကျွန်းက
ဘွက်နက်ရွာကြီးကို စစ်ပြေးခဲ့ပြီး တစ်နွေ၊ တစ်မိုး နေခဲ့ဖူးပါတယ်။
သံလွင်မြစ်ကမ်းမှ အတွင်းဘက် တစ်မိုင်လောက်မှာ ရွာရှိပါတယ်။ ဘွတ်နက်
ချောင်းဟာ ရေတက်၊ ရေကျရှိပြီး နွေကာလ ရေကျချိန်မှာ ရေအနက်ဆုံး နေရာမှာပင်
ရင်ခေါင်းထက် ပိုလို့ မနက်ဘူး။ နွေကာလ ရွာသူကြီး သတ်မှတ်တဲ့ နေ့တစ်နေ့
နံနက်ခင်းမှာ အဲဒီ ချောင်းထဲ ငါးဖမ်းပွဲ လုပ်ကြပါတယ်။ ဖမ်းပုံဖမ်း နည်းက
လွယ်ကူတယ်။ ထူးလည်း ထူးခြားပါတယ်။ ရွာရှိ နွားပိုင်ရှင်များက ရွာသူကြီးရဲ့
အမိန့်အတိုင်း ချောင်းဖျားက သတ်မှတ်နေရာနှင့် အချိန်မှာ နွားတွေနှင့် အတူ
လာစုဝေးကြပါတယ်။ လူစုံ နွားစုံပြီဆိုလျှင် ပိုင်ရှင်များက နွား အားလုံးကို
ချောင်းထဲ မောင်းချလိုက်ပြီး ချောင်းရိုး အတိုင်း ချောင်းဝကို
မောင်းကြတယ်။ ချောင်းဝ မရောက်ခင် နွားများ ချောင်းကမ်းပါးပေါ် ပြန်တက် ရန်
လွယ်ကူတဲ့ နေရာကို ကြိုတင်ရွေးချယ် သတ်မှတ်ထားတယ်။ အဲဒီနေရာ ရောက်လျှင်
နွားတွေကို ချောင်းကမ်းပေါ် ပြန်မောင်းတင်လိုက်ကြ ပါတယ်။ နွားကောင်ရေက ၁၀၀
ကျော် ၁၅၀ လောက်ရှိလေတော့ ဒီနွားအုပ်ကြီးရဲ့ နင်းခြေမှု ကြောင့် ငါးများ
မူးမေ့သေကြေ ကြပြီး ရေပေါ်ကို ပေါ်လာကြတယ်။ နွားအုပ်ကြီး နောက်က နွားရှင်
မိသားစုတွေ လိုက်ပါကြပြီး ငါးကောက်ကြတာ ပေါ့။ နွားမရှိသူတွေ ကတော့
နောက်ဆုံးက လိုက်ပါပြီး အ<ကင်းအကျန်တွေကို ကောက်သင်း ကောက်ကြပါတယ်။
အလွန် အလွန်ပျော်စရာ ကောင်းပါတယ်။ ရွာသားတွေက “ငါးဖမ်းပွဲ” လို့ ခေါ်ကြတယ်။
ဒီမှာလည်း “ပွဲ” ဆိုတဲ့ စကားလုံးပဲ သုံးကြတယ်။ တိရစ္ဆာန်များနှင့်
ပတ်သက်ပြီး “ပွဲ” ဆိုတဲ့ စကားလုံးရဲ့ အသုံးအနှုန်းကို ဒီလိုပဲ
ကြားခဲ့ဖူးပါတယ်။ လူနှင့် ပတ်သက်တဲ့ ပွဲ ကြက်တိုက်ပွဲ၊ နွားတိုက်ပွဲတွေ
ရှိသလို လူတွေ အကြမ်းနည်းနှင့် ယှဉ်ပြိုင်ကြတဲ့ ပွဲတွေ ရှိပါတယ်။ အိုလံပစ်
ပွဲတော်မှ အစ အားကစား ပွဲများမှာ ဓားရေးပြိုင်ပွဲ (င်္နညခငညါ) ၊
တိုက်ကွမ်ဒို၊ ဂျူဒို၊ လက်ဝှေ့ပွဲ၊ သိုင်းပြိုင်ပွဲ စတာတွေ ရှိသေးတယ်။
ဒီပြိုင်ပွဲတွေမှာ ထိခိုက်ဒဏ်ရာ ရမှုရှိတဲ့ အခါလည်း ရှိတာပေါ့။ ဒီအကြမ်းနည်း
ယှဉ်ပြိုင်မှုတွေ မှာလည်း “ပွဲ” ဆိုတဲ့ စကားလုံးကိုပဲ သုံးကြပါ တယ်။
ယှဉ်ပြိုင်မှု သဘောပြု လုပ်တာ မဟုတ်တဲ့ “ရန်ပွဲ”၊ “ရိုက်ပွဲ” ဆိုတာတွေလည်း
ရှိသေးရဲ့။ လူအများ လာရောက်ကြည့်ကြတဲ့ ဘောလုံးပွဲ စတဲ့ ပွဲအမျိုးမျိုး မှာ
လာရောက် အားပေးကြတဲ့ နှစ်ဖက် ပရိသတ်ချင်း ရန်ဖြစ်ကြတယ်။ ရိုက်ကြတယ်။
လူသေတယ်။ ဒဏ်ရာရကြတယ်။ စာသင် ကျောင်းချင်း၊ ရပ်ကွက်ချင်းချိန်း ရိုက်တဲ့
ရိုက်ပွဲတွေ အထိ မြင်တွေ့ဖူးခဲ့ပါတယ်။ ရန်ကုန်မြို့လယ်က အထက်တန်းကျောင်း
နှစ်ကျောင်းဟာ လွတ်လပ်ရေးရစ ကာလမှ စပြီး အစဉ်အဆက် ရန်ဘက် ဖြစ်ခဲ့ကြပါတယ်။
တစ်ကျောင်းက ခရစ်ယာန် မစ်ရှင်ကျောင်း၊ ကျန်တစ် ကျောင်းက အစိုးရကျောင်း၊
နှစ်စဉ်လိုလို ရန်ဖြစ်ကြတယ်။ ချိန်းရိုက်ကြတယ်။ လက်လွန်ခြေ လွန်ဖြစ်ကြပြီး
ရန်ကုန် ဆေးရုံကြီးကို ရောက်သူ ရောက်ကြတာပေါ့။ တော်လှန်ရေး ကောင်စီ အစိုးရ
လက်ထက်ကြမှပဲ ဒီရန်ပွဲတွေ၊ ချိန်း ရိုက်ပွဲတွေ ပပျောက်သွားခဲ့တယ်။
ဒီလိုလူတွေ အုပ်စုနှင့် အစုအဝေးနှင့် ရန် ဖြစ်ကြ၊ ရိုက်ကြတာတွေမှာလည်း
“ပွဲ” ဆိုတဲ့ စကားလုံးပဲ သုံးကြတယ်။ “ရန်ပွဲ”၊ “ရိုက်ပွဲ”တဲ့။ အသုံးအနှုန်း
တစ်ခုရှိပါသေးတယ်။ “သေပွဲ ၀င်တယ်” တဲ့။
Written by မောရနွယ်မောက်
No comments:
Post a Comment