(က) စက်လှေကို သင်္ဘော ကပ်လိုက်တယ်။ စက်လှေပေါ်က ဘုံလုံတိုင် (Bollard)နှင့်
သင်္ဘောပေါ်က ဘုံလုံတိုင်ကို သင်္ဘော ဆလင် ကြီးခိုင်းတဲ့ အတိုင်း
ကြိုးချည်ကြပါတယ်။ ရေစီးနှင့် သင်္ဘော မပြိုကျအောင် အနေတော်လေး စက်မောင်းပြီး
ထိန်းထားလျှင် စက်လှေကို တုတ်နှင့် ထောက်တွန်းပြီး ၅-၆ပေလောက် စက်လှေနှင့်
ခွာထားနိုင်တဲ့ အနေအထား ရှိအောင် သင်္ဘော
ချည်ကြိုးကို လျော့ထားတယ်။ (ခ) အိုင်ဒီယာ (Idea) က ဘုံလုံတိုင် ချည်ထားတဲ့
ကြိုးတွေနဲ့ သင်္ဘော စက်မောင်းမှုတို့ ပေါင်းစပ်ပြီး သင်္ဘောနှင့်
စက်လှေမျဉ်းပြိုင် အနေအထား ရှိအောင် စက်လှေဝန်ချီစက် ချပေးတဲ့ ပစ္စည်းက
သင်္ဘောအောက်ထပ်က အပေါက်နဲ့ မျက်နှာချင်းဆိုင် နေရာကို ကျလာနိုင်အောင်
သင်္ဘောကို ထိန်းမောင်းထားတယ်။ (ဂ) စက်လှေနဲ့ သင်္ဘော နံဘေးချင်း မထိ ဘဲ ၅-၆ ပေ
ခန့် ကွာနေအောင် သင်္ဘောပေါ်ကနေ ရဲဘော်များက တုတ်ချောင်းတွေနှင့်
ထောက်ထားတယ်။ စက်လှေနှင့် သင်္ဘောကြားက ဒီကွက် လပ်ထဲကို စက်လှေရဲ့ ၀န်ချီစက်က
ပစ္စည်းချ ပေးတယ်။ (ဃ) အပေါက်နှင့် ပစ္စည်း တစ်တန်းထဲ ဖြစ်တာနဲ့ ရဲဘော်တွေက
ပစ္စည်းကို သင်္ဘောထဲ ဆွဲယူသွင်းတယ်။ ၀န်ချီစက်က ကြိုးကို ထပ်လျော့
ပေးလိုက်ရင် သင်္ဘော ကုန်းပတ်ပေါ်ကို ပစ္စည်း အသာအယာ ကျသွားတယ်။ ဒီလို
ပစ္စည်းတွေကို ပြောင်းတင်ကြတဲ့ အခါ မှာ စက်လှေပေါ်က ၀န်ချီစက်အဖွဲ့၊ သင်္ဘော
ဆလင်ကြီးနှင့် အဖွဲ့၊ ရဲဘော်တွေက အတိုင် အဖောက်ညီညီ လုပ်ကြရပါတယ်။ ပစ္စည်း
တင်ချတာ အတွေ့အကြုံ ရအောင် အရေးမကြီးတဲ့ ပစ္စည်းတွေကို အရင် စမ်းတင်ရတာပေါ့။
အချိန် အဆ လွဲ၍ဖြစ်စေ၊ မတော်တဆ ဖြစ်စေ ရေထဲ ပြုတ်ကျသွားလည်း အရေး မကြီးတဲ့
အုပ်ချုပ်မှု ဆိုင်ရာ ပစ္စည်းတွေကို စတင်ကြပါတယ်။ လေး -ငါးကြိမ်လောက်
တင်ပြီးတော့ အဖွဲ့တွေက ကိုယ့်အလုပ်ကိုယ် လုပ်တတ်လာကြပြီ။ပေါင်းစည်း မှု
ရကြပါပြီ။ အမြောက် အစိတ်အပိုင်းတွေကိုတော့ နောက်ဆုံးမှ တင်ကြပါတယ်။
ခက်ခက်ခဲခဲ လုပ်ရ ပေမယ့် ပြဿနာ မပေါ်ဘဲ တင်နိုင်ခဲ့ပါတယ်။ ရန်ကုန်မှာ
စက်လှေပေါ် တင်စဉ်က ရင် တမမ လောက်သာဖြစ်ခဲ့ရပေမယ့် စစ်တွေမှာ တော့
ရင်တထိတ်ထိတ်ပါပဲ။ စက်လှေနဲ့ သင်္ဘောကြီးရှိ ကွက်လပ်ကို အမြောက်အစိတ်အပိုင်း
တအိအိနဲ့ ကျလာလျှင် လေထဲမှာ လွှဲမနေအောင် ဆိုင်းကြိုးတွေနဲ့ ထိန်းသူက ထိန်း၊
စက်လှေ ပေါ်က ၀န်ချီစက်မောင်းသူကို လှမ်းအမိန့် ပေး ရမယ့် သူက အမိန့်တွေ
အော်ပေးနေ၊ သင်္ဘောရဲ့ အနေအထား မှန်အောင် ထိန်းထားနိုင်ဖို့ ဆလင် ကြီးက သင်္ဘော
လှုပ်ရှားမှုကို စောင့်ကြည့်ပြီး တက်မကိုင်ကို အမိန့်တွေ လှမ်းအော်ပေးနေ၊
စက်လှေနဲ့ သင်္ဘော ကွာနေရမယ့် အကွာအဝေး မှန်အောင် သင်္ဘောကို တွန်းထားကြတဲ့
အဖွဲ့ ကို အမိန့် ပေးသူကပေးနဲ့ မိမိတို့ လုပ်ငန်းကို
လုပ်နေကြတာမျိုးတွေလိုပါပဲ။ ဒီလိုတက်ညီ၊ လက်ညီနဲ့ လုပ်လိုက်ကြတာ
နှောင့်နှေးမှု မရှိ၊ အဆင်ပြေစွာနဲ့ ပြီးသွားပါတယ်။အမြောက်နဲ့ ပစ္စည်း
များတင်ပြီးတာနဲ့ မောင်တောကို ထွက်လာကြ တယ်။ မောင်တောရောက်တော့
ကျွန်တော်တို့ တပ်စုက အရှေ့ပါကစ္စတန် မြန်မာနယ်စပ်မှာ ရှိတဲ့
တောင်ပြိုရွာမှာ အမြောက်စခန်း ယူဖို့ အမိန့် ရပါတယ်။ တောင်ပြိုရွာမှာ
တပ်စခန်း ရှိပါတယ်။ ဆရာကြီး သူရထွန်းတင်ရဲ့ “ကျွန်တော် ကျင်လည်ခဲ့တဲ့
မြန်မာနှင့် ကမ္ဘာ” စာအုပ်ပါ ၁၉၄၈ ခုနှစ် တုန်းက သနက (၅)မှ တိုက်သိမ်းခဲ့တဲ့
တောင်ပြို ရွာပါပဲ။ အဲဒီဧရိယာကို နှစ်ထပ်သင်္ဘော မ၀င် နိုင်တာကြောင့် UB
မော်တော်နှင့် ဆက်သွား ရမယ်တဲ့။ နှစ်ထပ် သင်္ဘောနဲ့ UBမော်တော်များ ဆုံရပ်မှာ
မော်တော်တွေ စောင့်နေလိမ့်မယ် ဆိုပြီး ဆုံရပ်နေရာကို ပေးတော့ သင်္ဘောနဲ့ပဲ
ခရီးဆက်ရ ပြန်တာပေါ့။ ဆုံရပ်ရောက်တော့ အသင့်စောင့်နေတဲ့UB
မော်တော်တွေပေါ်ကို အမြောက်နဲ့ ပစ္စည်းတွေ ရေလယ်မှာပဲ ပြောင်းတင်ပြီး
တောင်ပြိုကို ဆက် ထွက်ကြပြန်တယ်။ တောင်ပြိုချောင်း အတိုင်း လာခဲ့တယ်။
ချောင်းအနေအထား အရ တောင်ပြိုရွာ အထိလည်း မော်တော် မသွားနိုင်ပြန်တော့
ချောင်းကမ်းပါး ကပ်ပြီး ဒီလေးလံတဲ့ ပစ္စည်းတွေ ချလို့ ရနိုင်မယ့်
နေရာရှာရပြန်ရော။ အဲဒီနေရာ မှာ ကမ်းကပ်ပြီး အခြားမော်တော်က ကုန်း
ပေါင်းတွေကပါ ခုကာ တံတားငယ်လေးသဘော ဖြစ်အောင် လုပ်ရပါတယ်။
အချို့အမြောက်အစိတ် အပိုင်းတွေက လူ၎ယောက် “မ” ရတော့ လုပ်ရိုးလုပ်စဉ်
ကုန်းပေါင်တစ်ခု ထိုးပြီး ပစ္စည်း သယ်တာမျိုး မလုပ်နိုင်ဘူး။ ဒီနည်းနဲ့
ချောင်းကမ်းပါး ပေါ်ကို ပစ္စည်းတွေ ချရပါတယ်။ အမြောက်အစိတ်အပိုင်းတွေ ပြန်
လည်တပ်ဆင်ပြီး တောင်ပြိုရွာ တပ်စခန်းနား ရောက်အောင် ကိုက် ၁၀၀၀လောက်
လူအားနဲ့ အမြောက်ကို ဆွဲသွားရပါတယ်။ လယ်ကွင်း ပြန့်တွေမို့ ဆွဲရတာ
သက်သာပါတယ်။အမြောက် ကျည်တွေကိုတော့ လှည်းနဲ့ပေါ့။၂၅ပေါင်ဒါ အမြောက်ကျည်က
ကျည်ဆန်တခြား၊ ယမ်း ခွံတခြား သံသေတ္တာတွေနဲ့ ထည့်ထားတယ်။ ကျည်ဆန်က ၂၅
ပေါင်လေးပါတယ်။ စစ်ဆင် ရေးအတွက် အမြောက်ကျည် ၃၀၀ကျော်ပါ တာမို့ လူနဲ့သာ
ထမ်းရလျှင် လူ ၁၀၀လောက် ထမ်းရပါမယ်။ အမြောက်စခန်းကို စနစ်တကျ နေရာ ချပြီး
နောက်တပ်စု အရာရှိ ဒုဗိုလ်စိန်ဝင်းကိုလွှဲ ပေးပြီး ကျွန်တော်က ရှေ့တန်း
အမြောက်အကဲ ကြည့် လုပ်ဖို့ ရှေ့တန်းက ခြေလျှင်တပ်ရင်းကို သွား သတင်းပို့
ရပါတယ်။ သာမန်အားဖြင့် ၂၅ ပေါင်ဒါ အမြောက်က စစ်သုံး မော်တော်ယဉ်ကြီးတွေနဲ့
ဆွဲသွားရပါတယ်။ ယခုလို တစ်ပိုင်း တစ်စစီဖြုတ်ပြီး မသယ်ပါဘူး။
မော်တော်ကားကိုပဲ ထုတ်လုပ်ပြီးကတည်းက အပိုင်းပိုင်း ပြန်ဖြုတ်တယ်ဆိုတာ
မရှိဘူး။ တပ်စု (၆) ကို ဖွဲ့စည်း လေ့ကျင့်ချိန်က လိုအပ်လာလျှင် အမြောက်ကို
တပိုင်းတစစီ ဖြုတ်ပြီး သယ်နိုင် အောင်လည်း လေ့ကျင့် ထားကြလို့ တပ်ရင်းမှူး
ကြီးက ညွှန်ကြားခဲ့ပါတယ်။ နောင်တိုက်ကြမယ့် စစ်ဆင်ရေးကြီးများကို
မျှော်တွေးပြီး ညွှန်ကြား ခဲ့ခြင်းပါပဲ။ အမြောက်ဖြုတ်နည်း အတိုင်း
တစ်ပိုင်း တစ်စစီ ဖြစ်သွားအောင် ဖြုတ်၊ ပြန်တပ်၊ ပြန်ဖြုတ်၊ ပြန်တပ်၊
အဲဒီလို လေ့ကျင့်ခဲ့ကြတယ်။ အမြောက် အဖွဲ့ဝင်တိုင်းဟာ သူဖြုတ်ရ၊ တပ်ရမယ့်
လုပ်ငန်းကို သာမက အခြားအမြောက် အဖွဲ့ဝင်တွေ လုပ်ရမယ့် အလုပ်ကိုလည်း
လုပ်တတ်အောင် လေ့ကျင့်ရပါတယ်။ အချိန်အနည်းဆုံးနှင့် အမြောက်ကို ဖြုတ်နိုင်၊
ပြန်တပ်နိုင်အောင် လေ့ ကျင့်ကြတာပေါ့။
No comments:
Post a Comment