ရွှေလီသား(မဘိမ်း)

Saturday 4 February 2012

ကျွန်တော်မမေ့နိုင်တဲ့ ဩ၀ါဒ (ပေဖူးလွာစာအုပ်မှ)Page 4 of 6

ဒီလို လေ့ကျင့်လိုကတော့ တပ်စု (၆)ဟာ တပ်ရင်းမှူးကြီး မှန်းထားတဲ့ အချိန်ထက် စောပြီး စစ်ဆင်ရေး ထွက်ရန် အသင့်ဖြစ်လာတာပေါ့။ တပ်ရင်းမှူးကြီးက အမြောက်တပ်စုရဲ့ လုပ်ငန်း ကျွမ်းကျင်မှု အခြေအနေကို အသေးစိတ် စစ်ဆေး ပြီးနောက် ကျေနပ်စွာနဲ့ “မင်းတို့တပ်စု စစ်ဆင်ရေး အတွက် အသင့် ဖြစ်ပြီ”တဲ့။ ကြားရတာ ချိုမြိန်လှတဲ့ စကား၊ ပင်ပန်းခဲ့ သမျှကို အမောပြေ စေခဲ့တဲ့ စကားပါပဲ။ စစ်ဆင်ရေး ထွက်နိုင်ဖို့ အဆင့်ကို ရောက် ပေမယ့် စစ်ဆင်ရေး မထွက်ရသေးတာမို့ တပ်စုရဲ့ လေ့ကျင့်မှုကို မရပ်ဘူး။ “စစ်တိုက်ရန်၊ စစ် တိုက်ရန် မရှိက လေ့ကျင့်ရန်၊ စစ်တိုက်ရန်နှင့် လေ့ကျင့်ရန် မရှိက ပြည်သူ့ အကျိုးပြုလုပ်ငန်း လုပ်ရန်” ဆိုတဲ့ တပ်မတော်ရဲ့ အဓိက လုပ်ငန်းကြီး သုံးရပ်အတိုင်းပို၍ ကျွမ်းကျင်လာအောင်၊ ထက်မြက်လာအောင် ဆက်ပြီး လေ့ကျင့်ကြပါ တယ်။ စစ်ဆင်ရေး ထွက်ကြမယ့် အချိန်အထိ ပေါ့။ ဒီလို လေ့ကျင့်ခဲ့တဲ့ အကျိုးရလဒ်ကို ပွဲဦး ထွက် စစ်ဆင်ရေး စထွက်တာနဲ့ ခံစားရပါတယ်။ တပ်စု (၆) ရဲ့ပထမဆုံး စစ်ဆင်ရေး ၁၉၅၂ ခုနှစ် နှောင်းပိုင်းမှာ တပ်စု (၆) ပထမဆုံး အကြိမ် စစ်ဆင်ရေး ထွက်ရပါတယ်။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ကိုယ်တိုင် ဦးစီးပြီး ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အနောက်ခြမ်းမှာ (မြန်မာနိုင်ငံနှင့် အရှေ့ပါကစ္စ တန် (ယခု ဘင်္ဂလားဒေ့ရှ်) နယ်စပ်နှင့် ဆက်စပ်နေတဲ့ ဒေသမှာ လှုပ်ရှားနေတဲ့ ခွဲထွက်ရေး သမား မူဂျာဟဒ် (Mujahid) သောင်းကျန်းသူ များကို ခြေမှုန်း ရှင်းလင်းတဲ့ စစ်ဆင်ရေး ဖြစ်ပါတယ်။ တိုင်းမှူး ကိုယ်တိုင် စစ်ဆင်ရေး နယ်မြေ မှာ လှုပ်ရှား ရှေ့တန်း ဌာနချုပ်နှင့် ကွပ်ကဲခဲ့ပါတယ်။ ဒီစစ်ဆင်ရေးက ၁၉၄၈ ခုနှစ်တုန်းက မပြီးပြတ်ခဲ့တဲ့ စစ်ဆင်ရေးကို ယခုမှ အပြီးသတ် ရတဲ့ စစ်ဆင်ရေးလို့ ဆိုနိုင် ကောင်းပါရဲ့။ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလမှာ ရခဲ့တဲ့ လွတ်လပ်ရေးနဲ့ အတူ တစ်ပါတည်း ပေါ်ပေါက်ခဲ့တဲ့ ကွန်မြူနစ်၊ ပြည်သူ့ရဲဘော်၊ KNDO စတာတို့ တောခို သောင်းကျန်းကြချိန်မှာ ဘူးသီးတောင်၊မောင်တော ဒေသမှာ မူဂျာဟဒ် ခွဲထွက်ရေး သမားတွေက ဆူပူ သောင်းကျန်း လာကြတယ်။ တစ်ဖက်နိုင်ငံရဲ့ ပံ့ပိုး ထောက်ပံ့မှုတွေ ရတော့ အတော်လေး အင်အား တောင့်တား လာတာပေါ့။ မူဂျာဟဒ်တွေကို အမှတ်(၅) သေနတ်ကိုင် တပ်ရင်း (သနက-၅) က ရှင်းလင်း ခြေမှုန်းခဲ့ ရတယ်။ နောက်ဆုံး တိုက်ပွဲကြီးက “တောင်ပြို ရွာတိုက်ပွဲ”ပါပဲ။ နယ်စပ်ရွာဖြစ်ပြီး ချောင်းကူး တံတားနှင့် အရှေ့ ပါကစ္စတန်ကို ဖြတ်ကူးလို့ ရပါတယ်။ တောင်ပြို ရွာသိမ်းပြီးနောက် ရန်သူတပ် ပြိုကွဲ သွားတော့တယ်။ နယ်မြေစည်းရုံး တည်ဆောက်ရေး ဆက်လုပ်ကြတယ်။ ဒီလို လုပ် ဆောင်နေချိန်မှာKNDOတွေက အင်းစိန်ကို အခိုင်အမာ လုပ်ပြီး ရန်ကုန်ကို ခြိမ်းခြောက်လာတဲ့ အတွက် သနက (၅) ကို စစ်ဆင်ရေး နယ်မြေမှ စစ်တွေကို ပြန်ရုပ်သိမ်းပြီး လေယာဉ်တွေနဲ့ ရန်ကုန်ကို အမြန် ပို့ရတာပေါ့။ စစ်ရေး အခြေအနေ အရ ဘူးသီးတောင်မောင် တောနယ်မြေကို ခိုင်မာအောင် တည်ဆောက်မှု မပြီးမီ တပ်တွေကို ပြန်ရုတ်ခဲ့ရပါတယ်။ (သူရထွန်းတင်၏ ကျွန်တော် ကျင်လည်ခဲ့ရသော မြန်မာနှင့်ကမ္ဘာ၊ ၂၀၀၈ ခုနှစ်၊ စာ ၁၁၄-၁၁၇) ခွဲထွက်ရေး သမား မူဂျာဟဒ်တွေ အသက်ရှူ ပေါက်ရ သွားတာပေါ့။ သူတို့က ဒီအခြေအနေကို အခွင့်ကောင်း ယူပြီး ပြန်လည်စုဖွဲ့ကြတယ်။ ခေါင်းပြန်ထောင် လာတယ်။ ယခုတော့ အခြေ အနေပေး လာပြီမို့ မူဂျာဟဒ်တွေကို အပြီးအပိုင် ခြေမှုန်းမယ့် စစ်ဆင်ရေးကြီးကို တိုင်းမှူးကိုယ်တိုင် ဦးစီးပြီး လုပ်ခြင်းဖြစ်ပါတယ်။ အတွင်းပိုင်း နယ်မြေတွေမှာ ခြေမှုန်းခံရ တော့ မူဂျာဟဒ်တွေဟာ နယ်စပ်ဘက်ကို ပြန် ဆုတ်ပြီး နယ်စပ် အနီးရှိ တောင်အချို့ပေါ်မှာ အခိုင်အမာ တပ်စွဲပြီး ခံစစ်ဆင်လာပါတယ်။ ဒီ ခံစစ်စခန်းတွေကို လက်နက်ကြီး ပစ်ကူနှင့် တိုက်ခိုက်နိုင်ရန် ၂၅ ပေါင်ဒါ အမြောက် တပ်စုကို ခေါ်ယူခြင်း ဖြစ်ပါတယ်။ ရန်ကုန်မှ တောင်ပြိုသို့ အဲဒီတုန်းက ကမ်းရိုးတန်းသွား သင်္ဘော မရှိသေးတော့ ထားဝယ်-မြိတ် သွားတဲ့ စက်လှေကို ရန်ကုန်မှ စစ်တွေ တပ်စု (၆) သွားဖို့ သုံးရပါတယ်။ စက်လှေပါ ၀န်ချီစက် (Crane) ရဲ့ “မချီအား”က သေးလေတော့ အမြောက် တစ်လက်လုံး မဆွဲတင်နိုင်ဘူး။ဒီတော့ အမြောက်ကို အပိုင်းပိုင်း ဖြုတ်ပြီး တင်ရတာပေါ့။ စစ်တွေမှ မောင်တော နယ်မြေကို မြစ်တွင်း သွားနှစ်ထပ် သင်္ဘော၊ မောင်တောမှ စစ်ဆင်ရေး ဧရိယာကို့ UB မော်တော်နှင့် သွားရဦးမှာမို့ အမြောက်ကို ဖြုတ်နိုင်သလောက် ဖြုတ်ရပါတယ်။ ဒါတောင် အချို့ အစိတ်အပိုင်းတွေဟာ ရဲဘော်လေး ယောက်မ ရပါတယ်။ ရန်ကုန်မှာ ဘောတံတားပေါ်မှ စက်လှေပေါ် တင်တာ အခက်အခဲ မတွေ့ခဲ့ပါဘူး။ ရင်တမမ တော့ ဖြစ်ခဲ့ပါတယ်။ စစ်တွေရောက်လို့ စက်လှေ မှ နှစ်ထပ်သင်္ဘောပေါ် ပြောင်းတင်ချိန်မှာတော့ မဟာ အခက်အခဲ တွေ့ရပါပြီ။ သာမန်အားဖြင့် စက်လှေပေါ်မှ အမြောက် အစိတ်အပိုင်းတွေ၊ အမြောက်ကျည်တွေကို ဘောတံတားပေါ်ချ၊ ဘောတံတားပေါ်ကနေ နှစ်ထပ် သင်္ဘောရဲ့ အောက်ထပ် ကုန်းပတ်ပေါ် တင်လိုက်ရုံပါပဲ။ ဒါပေမယ့် အထက်အမိန့် အရဒီလို မလုပ်နိုင်တော့ပါဘူး။ စစ်ဆင်ရေး အတွက် အမြောက်တွေ ရောက်လာတာကို လူထု မသိစေချင်ဘူး။ သတင်း လုံခြုံရေးပေါ့။ စစ်တွေ ကမ်းနားနဲ့ ဝေးရာ မြစ်လည်မှာ စက်လှေကို ကျောက်ချရပ်ပြီး နှစ်ထပ် သင်္ဘောပေါ် ပြောင်းတင်ရမယ်တဲ့။ နှစ်ထပ် သင်္ဘောက ခေါင်မိုးရှိတယ်။ အပေါ်ထပ်ပတ် လည်မှာ ခါးစောင်းလောက်မြင့်တဲ့ သံလက်ရန်း အပြည့်နှင့်။ အောက်ထပ်က သံလက်ရန်းမှာသာ လူနှင့်ပစ္စည်းတင်ချဖို့ ပိတ်ဖွင့်နိုင်တဲ့အပေါက် ရှိတယ်။ ဘောတံတားကပ်ပြီး တင်ချတာ လွယ်ပေမယ့် ရေလယ်ခေါင်မှာ စက်လှေပေါ် ကနေ ၀န်ချီစက်နှင့် ချပေးလာတဲ့ အမြောက် အစိတ်အပိုင်းတွေကို နှစ်ထပ်သင်္ဘောအောက် ထပ်ထဲကို တိုက်ရိုက်ဘယ်လိုသွင်းကြမလဲ။ ဒါက အဓိက ပြဿနာပါပဲ။ တစ်စုရှိ တပ်ကြပ်ကြီးများနှင့် တိုင်ပင်ပြီး နည်းလမ်း ရှာကြတာပေါ့။ “လိုလျှင် ကြံဆ နည်း လမ်းရ” ဆိုတဲ့အတိုင်းပဲ နည်းလမ်း ရပါတယ်။ အကူ ပစ္စည်းလည်း ထူးထူးထွေထွေ မလိုပါဘူး။ ၂ လက်မ ပတ်လည် အရှည် ၈ ပေလောက် ရှည်တဲ့ ပျဉ်းကတိုး တုတ်ချောင်း ၁၀ ချောင်းလောက် သစ်ဆိုင်မှာ သွားဝယ်လိုက်တယ်။ ပစ္စည်းတွေကို စက်လှေမှ သင်္ဘောပေါ် ဒီလိုတင်ခဲ့ပါတယ်။

No comments:

Post a Comment