ရွှေလီသား(မဘိမ်း)

Saturday 4 February 2012

ကျွန်တော်မမေ့နိုင်တဲ့ ဩ၀ါဒ(ပေဖူးလွာစာအုပ်မှ) Page 2 of 6

အလုပ်လုပ်တဲ့ အခါမယ် ပျာယိပျာယာ မလုပ်နဲ့။ မိမိကိုယ်ကို ယုံကြည်မှု အပြည့်နှင့်လုပ်။ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးလုပ်။ ဒါက မင်းဒီအလုပ်ကို ဘာအခက်အခဲမျှ မရှိဘဲ လုပ်နိုင်စွမ်း ရှိတယ် ဆိုတာကို ပြလိုက်တာပဲ။ အခက်အခဲတွေ များလွန်းလို့ အနိုင်နိုင် လုပ်နေရရင်တောင် ဒီလို ဖြစ်နေတာကို အခြား သူတွေ မြင်ဖို့၊သိဖို့ မလိုဘူး။ သူတို့ မြင်နေရမှာ သိနေရမှာက မင်းအနေနဲ့ ဒီအလုပ်ကို အခက် အခဲမရှိ လုပ်နေတယ်ဆိုတာပဲ ဖြစ်ရမယ်။

ငန်းတွေ၊ ၀မ်းဘဲတွေ ရေကန်ထဲမှာ ရေကူး နေကြတာ မြင်ဖူးကြမှာပေါ့။ ဘယ်လောက် ကြည့်ကောင်းလဲ။ လည်တိုင်မော့မော့၊ ခေါင်းမော့မော့ နှင့်ကြော့ကြော့လေးရယ်။ အားခွန် မစိုက်ဘဲ ရေ ပေါ်မှာ ငြိမ့်ငြိမ့်လေး သွားနေတယ်လို့ ထင်ရတယ် မဟုတ်လား။တကယ် ဖြစ်နေတာက အဲဒီလို မဟုတ်ဘူး။ မင်းတို့ရဲ့ ဦးခေါင်းကို ရေထဲနှစ်လိုက်ပြီး ငန်းရဲ့ရေထဲက ကိုယ်ပိုင်းကို ကြည့်လိုက် စမ်းပါ။ ငန်းရဲ့ ခြေထောက်နှစ်ချောင်း ဘယ် လောက်မြန်မြန် ယက်နေကြတယ်ဆိုတာ တအံ့ တသြ မင်းတို့ တွေ့ကြမယ်။ ရေပေါ်မြင်ကွင်းနဲ့ ရေအောက်မြင်ကွင်း တခြားစီပဲ မဟုတ်လား။


“အေး အလုပ်လုပ်ရင် အဲဒီလို အသွင်မျိုး ဖြစ်အောင်လုပ်ကြ။ ခွေးရေကူးသလို မလုပ်ကြ နဲ့”တဲ့။


ဟုတ်တာပေါ့။ ခွေးရေကူးတဲ့ မြင်ကွင်းကို စိတ်နဲ့ မှန်းကြည့်လိုက်လျှင် ဒီပုဂ္ဂိုလ်ကြီး ဘာဆို လိုတယ်ဆိုတာ သိနိုင်ပါတယ်။

ပုဂ္ဂိုလ်ကြီးက ဘွဲ့ရလို့ ကျောင်းသားများကို အဲဒီလို ဆုံးမသြ၀ါဒ ပေးသွားပါတယ်။ ဒီသြ၀ါဒ ကို ကျွန်တော် အလွန်နှစ်ခြိုက်ခဲ့ပါတယ်။ မှတ် သားထားပြီး မိမိ လုပ်သက်တစ်လျှောက်လုံးမှာ လိုက်နာကျင့်သုံးခဲ့ပါတယ်။ လုပ်သက်ရင့်လာ သည်နှင့်အမျှ အဆင့်မြင့် တာဝန်တွေယူလာခဲ့ ရသည်နှင့်အမျှ ဒီသြ၀ါဒရဲ့ တန်ဖိုးကိုပို၍ ပို၍ သိလာခဲ့ပါတယ်။ ဒီလို စိတ်ထား၊ ဒီလို စိတ်ဓာတ်မျိုးနဲ့ လုပ်ကိုင်လျှင် အောင်မြင်ဖို့ အခွင့်လမ်းတွေ သိသိသာသာကြီး တန်းတက်လာတာကို တွေ့ခဲ့ရပါ တယ်။ဒီသြ၀ါဒ ပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးကို ကျေးဇူး တင်ဆဲပါပဲ။ ဒါက ဗိုလ်လောင်း ဘ၀က ရခဲ့တဲ့ ကျွန်တော် မမေ့နိုင်တဲ့ သြ၀ါဒပါပဲ။



ဒုတိယ သြ၀ါဒ

ဒုတိယ သြ၀ါဒက ကျွန်တော့်ရဲ့ ပထမဦး ဆုံး တပ်ရင်းမှူးရဲ့ သြ၀ါဒ ဖြစ်ပါတယ်။
၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့ မှာ ဘုရင့် စစ်တက္ကသိုလ်မှ ကျောင်းဆင်းပြီး ဒု ဗိုလ်ဖြစ်လာကြတယ်။ ကျွန်တော်နဲ့ ဒုဗိုလ်ညွန့် တင် (ဗိုလ်မှူးကွယ်လွန်)ကို အမြောက်တပ်ဖွဲ့မှာ တာဝန်ချပြီး ဗြိတိသျှ တပ်မတော်ရဲ့ အမြောက် သင်တန်းကျောင်းမှာ အမြောက်ပညာ ဆက်သင် စေခဲ့ပါတယ်။ အမြောက် တပ်ဖွဲ့နဲ့ ဆက်စပ်တဲ့ အခြား ပညာတွေကိုလည်း သက်ဆိုင်ရာ စစ် ကျောင်းတွေမှာ ဆက်လက် ဆည်းပူးပြီး မြန်မာ နိုင်ငံကို ၁၉၅၁ ခုနှစ် နိုဝင်ဘာလထဲမှာ ပြန်ရောက် ကြပါတယ်။ မိခင် တပ်ရင်းဖြစ်တဲ့ အမှတ် (၁) အမြောက်တပ်ရင်းကို သတင်းပို့ ကြတာပေါ့။

တပ်ရင်းက ရန်ကုန်မြို့ ဘောက်ထော် ရပ်ကွက်မှာ ရှိပါတယ်။. ယခုတပ်မတော် မှတ်တမ်းရုံး နေရာပေါ့။ အဲဒီတုန်းက တပ်မတော်မှာ အမြောက်တပ်ရင်း တစ်ရင်းသာ ရှိပါသေးတယ်။ တပ်ရင်းမှူးက ဒုဗိုလ်မှူးကြီးဘရွှေ (ဗိုလ်မှူးကြီး သံအမတ်ကြီး (ငြိမ်း) ကွယ်လွန်) ။ တပ်ရင်းကို ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့ကမှ ဖွင့်ခဲ့တာ။ ပြည်တွင်း သောင်းကျန်းမှု နှိမ်နင်းရေး အတွက် တည်ထောင်ရတာပါ။ အမြောက်တပ်ခွဲ သုံးခွဲ၊ တစ်ခွဲလျှင် တပ်စုနှစ်စု၊ တပ်စုတစ်စုလျှင် ၂၅ ပေါင်ဒါ အမြောက်လေးလက်စီ တပ်ဆင်ထား ပါတယ်။


သောင်းကျန်းမှုက အရှိန်အဟုန် တက်နေ ပြီမို့ စုဆောင်းရသမျှ အင်အားနှင့် တပ်စုတွေ၊ တပ်ခွဲတွေ ဖွဲ့စည်း၊ လေ့ကျင့်ပြီးတာနဲ့ စစ်ဆင်ရေး ထွက်ကြပေါ့။ တပ်စုတစ်စု လေ့ကျင့်ပြီးတာနဲ့ စစ်ဆင်ရေးမှာ ထုတ်သုံးရတဲ့ အခြေအနေ ပေါ့ခင်ဗျ။ ကျွန်တော်တို့ နှစ်ယောက် တပ်ရင်းကို သတင်း ပို့ချိန်မှာ တပ်စု ငါးစုဖွဲ့စည်းပြီးပြီ။ တပ် မဟာနယ်မြေ အသီးသီးမှာ တွဲဘက်တာဝန် ထမ်းနေကြပါပြီ။


ထိုစဉ်က အမြောက်တပ်စုရဲ့အင်အားက ၆၄ ယောက် ရှိတယ်။ ခြေလျှင်တပ်စု အင်အားထက် နှစ်ဆနီးပါးလောက်ပေါ့။အရာရှိ ၃ယောက်၊ ဒု အရာခံ ဗိုလ် ၁ ယောက်၊ တပ်ကြပ်ကြီး ၆ ယောက်၊ အကြပ်တပ်သား ၅၄ ယောက်ရှိပြီး အဖွဲ့လေးဖွဲ့ ဖွဲ့ပြီးသုံးတယ်။ အမြောက်ပစ်တဲ့ အဖွဲ့၊ အမြောက်ပစ်ဖို့ ထွက်ချက်ပေးတဲ့ အကူအဖွဲ့(Technical Assistants) ၊ ရှေ့တန်း အကဲကြည့် အဖွဲ့နဲ့ အမြောက် စခန်းကို ၀ိုင်ယာလက်စက်၊ တယ်လီဖုန်းတို့နဲ့ ဆက်သွယ်ပေးတဲ့ ဆက်သွယ် ရေးအဖွဲ့၊ မော်တော်ယာဉ် အဖွဲ့တို့ ဖြစ်ပါတယ်။


အမြောက် သင်တန်းကျောင်းလည်း မရှိသေး တော့ တပ်ရင်းမှာပဲ စစ်သည်များကို အမြောက် ပညာ သင်ကြား ပေးရတာပေါ့။ တပ်ခွဲမှူးက ဦးဆောင်ပြီး ၀ါရင့် အကြပ်ကြီးများနှင့် လေ့ကျင့် ပေးရတယ်။ တစ်ဦးချင်း လေ့ကျင့်မှုပြီးတော့ အဖွဲ့ လိုက် လေ့ကျင့်ကြ၊ အဖွဲ့လိုက် အဆင့်မီ လာတာနှင့် အဖွဲ့အားလုံး စုပေါင်းပြီး အမြောက်တပ်စု အဖြစ် စုပေါင်း လေ့ကျင့်ကြတယ်။ အဆင့်မီ လာတာနဲ့ စစ်ဆင်ရေးမှာ စသုံးတာပေါ့။


တပ်ရင်းမှူးကြီးက ဒုဗိုလ်ညွန့်တင်ကို တပ်ခွဲ (၂)၊ ကျွန်တော့်ကို တပ်ခွဲ (၃) မှာ နေရာချ လိုက်ပါတယ်။ မကြာမီမှာပဲ လူအင်အား အခြေအနေ ပေးလာတော့ တပ်စု(၆)ကို ဖွဲ့စည်းပါတော့ တယ်။ တပ်စု (၆)ရဲ့ အသစ်စက်စက် တပ်စုမှူး လေးက ကျွန်တော် မောရနွယ်မောက်ပါ။ ဖွဲ့စည်း ပုံအရ အရာရှိ ၃ယောက် ဆိုပေမယ့် အရာရှိ မလုံလောက်တော့ ကျွန်တော် တစ်ယောက်တည်းပေါ့။ အဲဒီခေတ် ကာလတုန်းက ဗိုလ်သင်တန်း ကျောင်းမှ ဆင်းလာတဲ့ အရာရှိငယ်ကို အင်္ဂလန် လွှတ်ပြီး အမြောက်ပညာ သင်စေရတဲ့ ခေတ် ဖြစ်ပါတယ်။


အမြောက် ပညာရပ် အ၀၀ကို လေ့ကျင့် သင်ကြားပေးရတာ ကျွန်တော့်အတွက် အခက် အခဲ မရှိပါဘူး။ ဒါပေမယ့် ဒုဗိုလ်ပေါက်စ ဖြစ် ပြီး တပ်အတွေ့အကြုံ မရှိသေးတော့ စီမံ ကွပ်ကဲမှု ကိစ္စတွေ၊ အုပ်ချုပ်ရေး ကိစ္စတွေမှာ အလွန် အားနည်းပါတယ်။ ဒါတွေကို လမ်းညွှန်ကြပ်မတ် ပေးမယ့် တပ်ခွဲ (၃) တပ်ခွဲမှူးကလည်း စစ်ဆင်ရေး ထွက်နေတော့ အနီးကပ် အထက်အရာရှိ မရှိပြန်ဘူး။ ဒီတော့ တပ်ရင်းမှူးကပဲ ဒီကိစ္စတွေ မှာကျွန်တော့်ကို သင်ပေးရ၊ ကြပ်မတ်ပေးရပါ တယ်။ သာမန်အားဖြင့် တပ်ရင်းမှူးနဲ့ ဒုဗိုလ် ပေါက်စတို့ဟာ တိုက်ရိုက် ထိတွေ့မှု နည်းကြ ပေမယ့် တပ်ရင်းမှူးက ကျွန်တော့်ရဲ့ တပ်ခွဲမှူး လို ကျွန်တော့်ကို ကြပ်မတ်ရ၊ သင်ကြားပေးနေ တော့ ထိတွေ့မှု များတာပေါ့။

No comments:

Post a Comment