လူ့ဘ၀မှာ မွေးလာတယ်။ တစ်ချိန်ကျတော့ သေတယ်။ ဒီခရီးကို လူတိုင်း လျှောက်ကြရ
ပါတယ်။ ငယ်စဉ်က ပညာရှာတယ်။ အရွယ်ရောက်တော့ စားဝတ်နေရေး အတွက် အလုပ်လုပ်ကြ၊
စီးပွား ရှာကြတယ်။ အချိန်တန်တော့ အနားယူတယ်။ အငြိမ်းစား ဘ၀မှာ တရားဘက်
ဆက်လိုက်သူ ကလည်း လိုက်ကြတာပေါ့။ ဒီလိုနှင့် အိုလာတယ်။
နာလာတယ်။ နောက်ဆုံး သေတယ်။ လူ့ဘ၀ ခရီးကို ဒီလို ဖြတ်သန်း နေကြချိန်မှာ
လူတိုင်းဟာ များပြားလှတဲ့ ဆုံးမ သြ၀ါဒတွေကို နားထောင် ခဲ့ကြရတာပေါ့။
လူမှန်းသိစ အရွယ် မှစပြီး မိဘက ဆိုဆုံးမခဲ့တယ်။ ပညာ သင်ချိန်မှာ ဆရာ၊
ဆရာမများရဲ့ ဆုံးမ သြ၀ါဒတွေ၊ အလုပ် ၀င်လုပ်ကြတော့ အထက် အရာရှိရဲ့
ဆုံးမသြ၀ဒါ တွေပေါ့။ ဒါတွေအပြင် ဗုဒ္ဓ စာပေနှင့် အခြားစာပေ တွေ၊ လူကြီး
သူမတွေ၊ အတွေ့အကြုံ ရင့်ကျက်တဲ့ ပညာရှင်တွေ စသည်ဖြင့် ပုဂ္ဂိုလ်မျိုးစုံ၊
နေရာ မျိုးစုံမှ သြ၀ါဒတွေ ရကြပါတယ်။ ဒီလို ရလာခဲ့ကြတဲ့ အဆုံးအမ
သြ၀ါဒတွေကို ဘယ်လောက်အထိ နာယူမှတ်သား လိုက်နာ ကြတယ်။ ကျင့်သုံးကြတယ်
ဆိုတာကတော့ ပုဂ္ဂိုလ်တစ်ဦးချင်း အပေါ် မူတည်တာပေါ့လေ။ အချို့ သြ၀ါဒတွေက
ဘယ်ဘက်နားမှ ၀င်ပြီး ညာဘက်နားမှ ထွက်သွားတယ်။ အချို့ကျတော့ အချိန်
အတိုင်းအတာ တစ်ခုအထိ စိတ်ထဲ စွဲကျန် ခဲ့တယ်။ တချို့ သြ၀ါဒကျတော့ အိုမင်း
ရင့်ရော် လာသည့်တိုင် မမေ့ဘူး။ မိမိဘ၀ တစ်လျှောက်လုံးမှာ မီးရှူး
တန်ဆောင်သဖွယ် ဖြစ်ခဲ့ကြတယ်။ လမ်းညွှန်ထိန်းကြောင်း ပေးခဲ့ကြပါတယ်။
အဲဒီလို မမေ့နိုင်တဲ့ အဆုံးအမ သြ၀ါဒမျိုး ကျွန်တော် ရခဲ့ဖူးပါတယ်။ အသက်၂၀
နှင့် ၂၁ နှစ်တုန်းကပေါ့။ ကျွန်တော် ယခုအသက် ၈၁ နှစ်ရှိပြီ။ နှစ်ပေါင်း
၆၀ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ဒီသြ၀ါဒ နှစ်ခုကို ကျွန်တော် မမေ့ဘူး။
စိတ်ထဲမှာ စွဲမြဲနေတုန်းပါပဲ။ ပဋ္ဌမသြ၀ါဒ ၁၉၄၉-၅၁ ခုနှစ်တုန်းက အင်္ဂလန်က
ဘုရင့် စစ်တက္ကသိုလ်မှာ(Royal Military Academy, Sandhuhst)
ဗိုလ်လောင်းသင်တန်း တက်ခဲ့ ပါတယ်။ လွတ်လပ်ရေး ရပြီးစ ကျွန်တော်တို့
တပ်မတော်မှာ “ဗိုလ်သင်တန်းကျောင်း” သာ ရှိပြီး “စစ်တက္ကသိုလ်”
မဖွင့်ရသေးတော့ အင်္ဂလန် က ဘုရင့် စစ်တက္ကသိုလ်ကို ၁၉၄၇ခုနှစ်မှစပြီး
နှစ်စဉ်ဗိုလ်လောင်း အချို့စေလွှတ်ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မေလမှာ ကျွန်တော်
အပါအ၀င် ဗိုလ်လောင်း လေးယောက် စေလွှတ်ခဲ့တယ်။ ဘုရင့် စစ်တက္ကသိုလ်ကို
စေလွှတ်တဲ့ တတိယ အသုတ်ပေါ့။ သင်တန်းတက်စဉ် အရပ်ဘက် တက္ကသိုလ် တစ်ခုရဲ့
နှစ်ပတ်လည် မဂ္ဂဇင်းတစ်စောင်မှာ တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင် အကြောင်း
ဖတ်လိုက် ရပါတယ်။ အင်္ဂလိပ် မင်းမျိုးမင်းနွယ် ထဲက ပုဂ္ဂိုလ် ကြီးတစ်ဦးက ဘွဲ့ရ
ကျောင်းသားတွေကို ပြောခဲ့တဲ့ မိန့်ခွန်း အပြည့်အစုံ ဖော်ပြထားတယ်။
မိန့်ခွန်းပါ သြ၀ါဒက အနှစ်သာရ ပြည့်ဝလွန်းလို့ ကျွန်တော်
နှစ်ခြိုက်သွားပြီး မှတ်သားခဲ့တယ်။ သြ၀ါဒ အကျဉ်းက ဒီလိုပါ။ “မင်းတို့ တတွေ
ကျောင်းပညာ သင်ကြားခြင်း ပြီးဆုံးခဲ့ပြီ။ ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်းတွေ
မှာ အလုပ်ဝင်ကြတော့မယ်။ ရှေ့ဆက်ပြီးတော့ လည်း အငြိမ်းစား ယူချိန်အထိ
လုပ်သွားကြလိမ့် မယ်။ ဒီလို အလုပ်တွေ လုပ်ကြရာမှာ မင်းတို့စိတ်ထဲ
စွဲစွဲမြဲမြဲ ထားပြီး လုပ်ကိုင်သင့်တာ တစ်ခုရှိတယ်။ ဒီအကြောင်း မင်းတို့ကို
ငါပြောချင်တယ်။ ငါမှာ ချင်တယ်” လုပ်သက် တစ်လျောက်မှာ ရာထူးအဆင့်
အမျိုးမျိုးနှင့် လုပ်ငန်း တာဝန် အမျိုးမျိုးကို မင်းတို့ လုပ်ကြလိမ့်မယ်။
မင်းတို့ အလုပ်ဝင်တဲ့ လုပ်ငန်း ဌာနမှာ အရာရှိအချို့က ထိပ်ပိုင်းရာထူး
အဆင့်ထိ တက်သွားကြသလို အချို့ကျတော့လည်း အလယ်အလတ် အဆင့်နဲ့ပဲ
ပြီးဆုံးသွားကြတာ မင်းတို့ တွေ့လိမ့်မယ်။ ဒါကလည်း
သဘာဝကျပါတယ်။ဘယ်လိုလုပ်ပြီး လူတိုင်း အထွတ်အထိပ်ကို ရောက်နိုင်မလဲ။ ဒီလို
သဘောရှိလို့ အခြားသူ တွေမရောက်ကြပေမယ့် ငါရောက် နိုင်တယ်ဆိုတဲ့
စိတ်ဓာတ်မျိုး မင်းတို့ မွေးရမယ်။ အရေးကြီးတာက ဘယ်အဆင့်နှင့် ဘာလုပ်ငန်း
တာဝန်ပဲ လုပ်ရ၊ လုပ်ရ၊ ကိုယ်လုပ်ရတဲ့ အလုပ်ကို မိမိရဲ့ ကိုယ်စွမ်း ရှိသ၍၊
ဥာဏ်စွမ်းရှိ သ၍နှင့် အကောင်းဆုံး ဖြစ်အောင် လုပ်ကြဖို့ပဲ။
အိတ်သွန်ဖာမှောက် လုပ်ကြ၊ မခိုမကပ်နဲ့။မိမိ လုပ်ရတဲ့ အလုပ်တိုင်းကို
အဲဒီလို စိတ်ဓာတ်နဲ့ လုပ်ကြ။ သေးငယ်တဲ့ အလုပ်ပဲ အရေး မကြီးတဲ့ အလုပ်ပဲလို့
သဘောထားပြီး မိမိ လုပ်နိုင်တာထက် လျော့ပြီး မလုပ်နှင့်။ မင်းတိုင်းကျေ
မလုပ်နဲ့ အလုပ် တစ်ခုဟာ ကြီးကြီးသေးသေး မင်းလုပ်တဲ့ အလုပ်တိုင်းဟာ
ထိပ်တန်းကြီးပဲလို့ မင်းရဲ့အထက်လူကြီး များကရော၊ လုပ်ဖော် ကိုင်ဖက်များကပါ
မြင်ကြ၊ ပြောဆို လာကြအောင် လုပ်ရမယ်။ ယုတ်စွအဆုံး ပြောမယ်ကွာ။ တံမြက်စည်း
လှည်းတဲ့အလုပ် လုပ်ရရင်တောင် မင်းလှည်း ကျင်းခဲ့တာထက် ပိုမို
ကောင်းမွန်အောင် ဘယ်သူမျှ ထပ်မလှည်းနိုင်တဲ့ အဆင့်မျိုး ရောက်အောင်
လှည်းရမယ်။ အေး တစ်ခုတော့ ရှိတယ်ကွ။ ဒီလို မင်း အစွမ်းကုန် လုပ်နေတာဟာ
အထက်လူကြီးက စောင့်ကြည့်နေလို့ လုပ်တာမျိုးတော့ မဖြစ်စေနဲ့။ လုပ်ငန်း
ပြီးစီးသွားလျှင် လာရောက်စစ်ဆေး မှာမို့ လုပ်တာမျိုးလည်း မဖြစ်စေနဲ့။
မင်းတို့ ကြပ်မတ် စောင့်ကြည့်နေသူ ရှိရှိ၊ မရှိရှိ။ လုပ်ငန်း အစစ်ဆေး
ခံရဖို့ ရှိရှိ၊ မရှိရှိ အကောင်းဆုံး ဖြစ်အောင် လုပ်တာမျိုး၊ အစွမ်းကုန်
လုပ်တာမျိုးသာ ဖြစ်ပါစေ။ ကြီးကြပ်မှု မရှိဘဲနဲ့ လုပ်နိုင်သူ ဖြစ်ပါ စေ။
ဒီလိုသာ မင်းတို့လုပ်ကြ၊ ကိုင်ကြမယ်ဆိုရင် မင်းတို့ အောင်မြင်မှာ သေချာတယ်။
အထက် လူကြီးတိုင်းက ဒီလို လုပ်ကိုင်တဲ့၊ စိတ်ချရတဲ့ လက်အောက်ငယ်သားကို
သတိပြုမိတယ်။ သဘောကျတယ်။ တန်ဖိုး ထားကြတယ်။ အလုပ်တစ်ခု ခိုင်းလိုက်လျှင်
အစွမ်းကုန် ကြိုးစား လုပ်တဲ့သူ၊ မဖြစ်ဖြစ်အောင် ကြိုးစား လုပ်သူ၊ ယုံကြည်
စိတ်ချရသူ တစ်ယောက်ရယ်လို့ အထက် လူကြီးတွေက မင်းကို မြင်လာပြီ ဆိုလျှင်
မင်းရဲ့ တိုးတက်ရေး လမ်းစ ပွင့်သွားပြီလို့ မှတ်ပေတော့။
https://www.facebook.com/pages/%E1%80%85%E1%80%85%E1%80%B9%E1%80%90%E1%80%80%E1%81%A0%E1%80%9E%E1%80%AF%E1%80%AD%E1%80%9C%E1%80%B9/301618333222558
https://www.facebook.com/pages/%E1%80%85%E1%80%85%E1%80%B9%E1%80%90%E1%80%80%E1%81%A0%E1%80%9E%E1%80%AF%E1%80%AD%E1%80%9C%E1%80%B9/301618333222558
No comments:
Post a Comment