ရွှေလီသား(မဘိမ်း)

Loading...

Monday, 17 October 2011

ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်သူ နောင်ရိုးတိုက်ပွဲကိုဆင်နွဲခဲ့သူ ဘုရင့်နောင်

ကမ္ဘာက သိအောင်ကျော်ကြားသည်
လက်ရုံးဘုန်းရှိန်အင်အားသည်
အလွန်ကြီးမားသူ ဘုရင်မြတ်တစ်ပါး
နောင်ရိုးတိုက်ပွဲ စတည်သည်..။
ခန့် ညားဝံ့ထည် အင်အားသည် မြန်မာဟေ့ ကြွေးကြော်နိုင်ခဲ့သည်
အရှင်မြတ် ဘုရင့်နောင် အာဏာစက် မော်ကွန်းမှတ်တိုင်တည်
သမိုင်းမှတ်တိုင်တွေ ၀ံ့ကြွားစိုက်ထူနိုင်ခဲ့သည်
ဒုတိယမြန်မာနိုင်ငံ တည်ထားခဲ့တယ် ကေတုမတီ
မြန်မာရဲ့ ရာဇ၀င် စာကမ္ဗျည်းထိုးစရာ ပန္နာတင့်သည်
မြို့ မတောင်ငူ နှစ်ပေါင်း ( ၅၀၀ ) တိုင်ခဲ့ပြီ ...။
တိုးတက်သာယာ စည်ကားလို့ နေ ကေတုမတီ
နန်းထိုက်တော်ဝင် ဒီမြို့ အလှပန်းချီ ရှုမောမဆုံးပါပြီ...။
မြန်မာသမိုင်းတွင် နောင်ရိုးတိုက်ပွဲသည် သမိုင်းဝင်တိုက်ပွဲတပွဲ ဖြစ်သည်။ ထိုတိုက်ပွဲနှင့်အတူ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ ဂုဏ်သတင်းမှာလည်း အထူးထင်ရှားလာခဲ့သည်။ ဘုရင့်နောင်ကို မင်းကြီးဆွေနှင့် ပင်းယတစီးရှင်အနွယ်တော်၊ တောင်ငူ ကြွယ်စစ်မင်း၏ သမီးတော်အကြီးတို့က သက္ကရာဇ် ၈၇၇-ခုနှစ် (ခရစ်နှစ် ၁၅၁၅-ခုနှစ်)တွင် မွေးဖွားသည်။ ငယ်မည်မှာ ရှင်ရဲထွတ်ဖြစ်သည်။ သက္ကရာဇ် ၈၉၂-ခုနှစ် (ခရစ်နှစ်-၁၅၃၀) တွင် မင်းတရားရွှေထီး နန်းတက်သောအခါ ရှုင်ရဲထွတ်၏ ခမည်းတော်မင်းကြီးဆွေအား မင်းရဲသိင်္ခသူဘွဲ့ အပ်နှင်းသည်။

ရှင်ရဲထွတ်သည် ဘုရင်တပင်ရွှေထီးအထံတော်၌ ကျော်ထင်နော်ရထာအမည်နှင့် အမှုတော်ထမ်းရွက်ရ လေသည်။ ခရစ်နှစ် ၁၅၃၂-ခုနှဏ်တွင် ဟံသာဝတီနေပြည်တော်၊ ရွှေမော်ဓော ဘုရားရင်ပြင်၌ သူရဲကောင်း ၅၀၀-ရွေးချယ်ခြင်းကို ကျော်ထင်နော်ရထာ စီစဉ်ခဲ့သည်။ ထိုအချိန်သည် တောင်ငူနှင့် ဟံသာဝတီ အားပြိုင်သည့်အချိန်ကာလလည်း ဖြစ်သည်။ တောင်ငူတွင် မင်းတရားရွှေထီး နန်းစံပြီး ဟံသာဝတီတွင် သုရှင်တကာရွတ်ပိ နန်းစံလျက်ရှိသည်။

ခရစ်နှစ် ၁၅၃၇-ခုနှစ်တွင် တပင်ရွှေထီးသည် ဟံသာဝတီကို စစ်သည်အလုံးအရင်းနှင့် ချီတက်တိုက်ရာတွင် မင်းတရားရွှေထီး အနိုင်ရသဖြင့် သူရှင်တကာရွတ်ပိသည် ပြည်မြို့သို့ တိမ်းရှောင်၍ ပြည်ဘုရင် နရပတိနှင့် ပူးပေါင်းခုခံသည်။ သို့ဖြစ်၍ မင်းတရားရွှေထီးသည် ပြည်သို့ ချီတက်ရန် စီစဉ်ခဲ့သည်။ တောင်ငူတပ်ကို ကျော်ထင်နော်ရထာက ဦးဆောင်ချီတက်ရသည်။ မြန်မာရာဇ၀င်များဖြစ်သည့် မှန်နန်းရာဇ၀င်ကြီး၊ တွင်းသင်းတို့တွင် နောင်ရိုးတိုက်ပွဲနှင့်စပ်လျဉ်း၍ အသေးစိတ်ဖော်ပြထားသည်။
(နောင်ရိုးတိုက်ပွဲနှင့် ကျော်ထင်နော်ရထာ)
ကျော်ထင်နော်ရထာသည် ဟံသာဝတီ၌ သိုဝှက်ထားသော တိုက်လှေများကို ဆုလာဘ်ပေး၍ ယူစေပြီးသော် လှေတပ် ၇-တပ်ဖွဲ့ကာ ရေကြောင်းမှ မင်းတရားကြီးအား ချီတော်မူစေသည်။ ရေတပ်၊ ကြည်းတပ် ကိုယ်မကွာ ချီရမည်ဆို၍ သတိုးဓမ္မရာဇာ အစရှိသူတို့ကို တပ် ၄-တပ်တွင် ဦးစီးစေလျက် လှေတပ်များနှင့် ထက်ကြပ်မကွာ ချီတက်စေလေသည်။ ကျော်ထင်နော်ရထာကိုယ်တိုင်လည်း တိုက်ဆင်-၅၀၊ မြင်း-၅၀၀၊ စစ်သည်သူရဲ-၁၀၀၀၀၊ ဆင်စီးအမတ် ၅-ကျိပ်နှင့် ကုန်းကြောင်းမှပင် ချီတက်လိုက်ပါလာရာ နောင်ရိုးသို့ရောက်၏။ ချောင်းတခု တားဆီးနေသဖြင့် ထိုချောင်းတဖက်၌ ရပ်နားနေရသည်။

ကျော်ထင်နော်ရထာသည် မင်းမှုထမ်းတဦးအား အမြင့်ဆုံးသစ်ပင်ထိပ်သို့ တက်စေ၍ ကြည့်ရှုစေရာ ရန်သူတပ်သည် မိမိတို့တပ်ထက် မှန်းခြေအားဖြင့် ဆယ်ဆမက ကြီးမားလှသည်ဟု လျှောက်တင်ခဲ့သည်။ နောင်ရိုးတဖက်ကမ်းတွင် ပြည်ဘုရင်ထံသို့ ရေကြောင်းဖြင့်ဆုတ်ခွါ ထွက်ပြေးသော သုရှင်တကာ ရွတ်ပိ၏အမတ် ဗညားဒလနှင့် မင်းရဲအောင်နိုင် အစရှိသူတို့သည် တိုက်ဆင် ၂၀၀၊ မြင်း ၈၀၀ နှင့် စစ်သည်သူရဲ ၈၀၀၀-တို့ကို တပ်ကြီး ၅-တပ်ဖွဲ့၍ တပ်ချရပ်နား နေကြသည်။
(စစ်တို့၏သဘော)
ကျော်ထင်နော်ရထာအနေဖြင့် ရန်သူ၏အင်အားမှာ မိမိတို့အင်အားထက် ၁၀-ဆသာလွန်သော်လည်း တုန်လှုပ်ခြင်းမရှိဘဲ ဆက်လက်တိုက်ပွဲဝင်ရန်သာ ပြင်ဆင်ခဲ့သည်။ စစ်တို့၏သဘောသည် နည်းသည်များသည် မဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ် ဆင်ရာ၌ နည်းပရိယာယ်သာ လိုရင်းဖြစ်သည်-ဟူသော ကျော်ထင်နော်ရထာ ပြောကြားခဲ့သော စကားသည် သမိုင်းတွင်သည့် စကားဖြစ်လာခဲ့သည်။

ကျော်ထင်နော်ရထာသည် မိမိတပ်များကို ဖောင်များဖွဲ့စေပြီးလျှင် တဖက်ကမ်းသို့ ချောင်းကိုဖြတ်၍ ဖောင်နှင့်ကူးစေသည်။ တဖက်သို့ရောက်လျှင် မိမိတပ်သားများ နောက်မတွန့်စေဘဲ တိုက်ခိုက်နိုင်စေရန် ဖောင်များကို ဖျက်စေသည်။ ထို့နောက် ငါတို့အောင်မြင်လျှင်  အသက်ရှင်မည်၊ မအောင်မြင်ခဲ့လျှင်လည်း ငါတို့သေရမည်။ သေလေပြီးသည်ကိုလည်း ဘယ်သူ့ကို အပြစ်တော်တင်ရမည်နည်း-ဟု တပ်မှူးစစ်ကဲအပေါင်းအား စိတ်နှစ်ခွမရှိစေရန် ရှင်းလင်းမိန့်တော်မူသည်။ ထို့နောက် စစ်ကြောင်းများခွဲ၍ တိုက်စေသည်။ ကျော်ထင်နော်ရထာ ကိုယ်တိုင် ဆင်စီးအမတ်-၂၀၊ မြင်း-၁၁၀၊ စစ်သူရဲ-၄၀၀၀ နှင့် တိုက်ခိုက်လေသည်။ ကျော်ထင်နော်ရထာ၏ စစ်ဗျူဟာ ကျွမ်းကျင်မှုကြောင့်လည်း နောင်ရိုးတိုက်ပွဲတွင် တောင်ငူတပ်သားတို့ အောင်ပွဲရရှိခဲ့သည်။

နောင်ရိုးတိုက်ပွဲတွင် အောင်ပွဲရသဖြင့် မင်းတရားရွှေထီးသည် ယောက်ဖတော်သူ ကျော်ထင်နော်ရထာအား ဘုရင့်နောင်-ဟူသော ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ လက်ဝဲသုန္ဒရအမတ်ကြီး၏ ဗျူဟာစက္ကပျို့တွင်လည်း နောင်ရိုးတိုက်ပွဲနှင့် ဘုရင့်နောင်ဘွဲ့ ရပုံအကြောင်းကို မှတ်တမ်းတင်ခဲ့သည်။

(နောင်ရိုးတိုက်ပွဲ တည်နေရာ)
နောင်ရိုးတိုက်ပွဲသည် သမိုင်းတွင် ထင်ရှားခဲ့သော်လည်း နောင်ရိုး၏တည်နေရာနှင့်ပတ်သက်၍ တိတိကျကျ မရှိလှချေ။ အချို့လည်း နောင်ရိုးသည် ပြည်မြို့အနီးတွင် ရှိသည်ဟု မှန်းဆကြသည်။ ရာဇ၀င်များတွင် တွေ့ရှိရသော တောင်ငူတပ်များ စစ်ချီလမ်းကြောင်းကို လေ့လာကြည့်သောအခါ သုရှင်တကာရွတ်ပိသည် နောင်ရိုးပျက်သောအခါ ပန်းမတီဝ၌ မနေ၀ံ့သဖြင့် အင်္ဂပူအထိ ဆုတ်ခွါသွားသည်ဟု သိရပါသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်၏ အနော်ရထာဘက်ခြမ်းတွင် ပုသိမ်နှင့် မြောင်းမြ၏အကြား၌ ပန်းမတီမြစ်ဟုရှိသည်။ ရာဇ၀င်များတွင် ပန်းမ၀တီဟု မှားယွင်ဖော်ပြခြင်းဖြစ်မည်ဟု ယူဆရသည်။ ပန်းမ၀တီနှင့် အိမ်မဲချောင်း နှစ်မြွှာမကွဲမီ ချောင်းတရိုးတည်းရှိ၍ မင်းမနိုင်ချောင်းဟု ခေါ်ကြောင်း သိရပါသည်။ ထို့ကြောင့် ဘုရင့်နောင်ကျော်ထင်နော်ရထာတို့ ဖောင်ဖွဲ့၍ ကူးသောနေရာသည် ယခု အိမ်မဲဝန်းကျင်၌ ရှိနိုင်သည်။ နောင်ရိုးအရပ်မှာလည်း ဒါးကမြစ်နှင့် မင်းမနိုင်ချောင်းအကြားတွင် တည်ရှိသော နယ်မြေပင် ဖြစ်နိုင်စရာရှိပါသည်။ အိမ်မဲအနောက်ဘက်ကမ်းတွင်ရှိသည်ဟု ဆိုက ပို၍ သင့်တော်မည်ဖြစ်ပါသည်။ ဒါးကမြစ် တောင်ဘက်ကမ်း၌ရှိသော ဒေါင့်ကြီးအနီးဝန်းကျင်၌ ရှိမည်ဟုလည်း မှန်းဆနိုင်ပါသည်။

မင်းတရား ရွှေထီးသည် နောင်ရိုးတိုက်ပွဲတွင် အောင်ပွဲရသော ကျော်ထင်နော်ရထာအား ၀တ်တော်မူသောလက်စွပ်၊ ပတ္တမြားလက်ကောက်တို့ကို ပေးသနား၍ လှိုင်မြို့ကို စားစေသည်။ အောင်ပွဲရတပ်မတော်သားများကိုလည်း အထိုက်အလျောက် အဆောင်အယောင် စားကျေး၊ စားလတ် ပေးတော်မူ၏။ ထိုနောက်မှ ရေအား၊ ကြည်းအားဖြင့် ပြည်မြို့သို့ ဆက်လက်ချီတက်တော်မူသည်။ မင်းတရားရွှေထီး လုပ်ကြံခံရပြီးနောက် ဘုရင့်နောင်သည် ကောဇာသက္ကရာဇ် ၉၁၅၊ တပို့တွဲလဆန်း ၆-ရက်နေ့ (ခရစ်နှစ် ၁၅၅၃) တွင် နန်းတက်တော်မူသည်။ ဘုရင့်နောင်သည် သက္ကရာဇ် ၉၄၃-ခု၊ တန်ဆောင်မုန်းလပြည့်နေ့ (ခရစ်နှစ် ၁၅၈၁)၊ နန်းသက် ၃၂-နှစ်၊ သက်တော် ၆၆-နှစ်တွင် ကံကုန်သည်။

ဦးမြင့်စော (သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)
(မင်္ဂလာမောင်မယ် ၂၀၁၀-ခု မေလ)

No comments:

Post a Comment