|
ရန်ကုန်မြို့ကို သိမ်းပိုက်ပြီးနောက် ရဲဘော်သုံးကျိပ်ဝင် အချို့အား တွေ့ရစဉ် |
ဗမာ့လွတ်လပ်ရေးတပ်မတော်က
ဗမာ့လွတ်လပ်ရေးအတွက်
တပ်မတော်ဖွဲ့ဖို့
ဂျပန်ပြည်မှာကွယ်
တကယ်ဘဲ အသက်နဲ့လဲလို့
ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့
အာဇာနည်တွေရယ်
ငါတို့ ဗမာပြည်
မိဘတိုင်းကရယ်
ဗိုလ်အောင်ဆန်းလို
သူရဲကောင်းတွေ မွေးရမယ်
ငါတို့ ဗမာပြည်
မိဘအပေါင်းကကွယ်
အာဇာနည်အစစ်တွေကို
ရှိဖို့မွေးရမယ်။
၁၉၄၁ ခုနှစ်အချိန်က ဂီတစာဆို သဟာယဆရာတင် ရေးစပ်သီကုံးခဲ့သည့်
'ဗမာ့လွတ်လပ်ရေးသီချင်း'မှ စာသားများဖြစ်သည်။ 'ရာဇ၀င် အတ္ထုပ္ပတ္တိလည်း
ရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တဲ့၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်'။
စသည့် အပိုဒ်က ထိုသီချင်းကို အမြဲတစေ မှတ်မိနေခဲ့စေသည်။
'ဗမာ့လွတ်လပ်ရေး' သီချင်း၏ မူလအမည်က 'ဗမာ့သူရဲကောင်း' ဖြစ်သည်။ ၁၉၄၂
ခုနှစ်အချိန်မှာပင် အဆိုတော် တက္ကသိုလ်မျိုးချစ်က ရန်ကုန်မြို့တော်ခန်းမ၌
ပွဲဦးထွက်အနေဖြင့် ပရိသတ်ကို သီဆိုပြခဲ့သည်။
'ဗမာ့လွတ်လပ်ရေးသီချင်း' ပေါ်ထွက်လာစေရန် စည်းရုံးဆော်သြခဲ့သူမှာ
ကာယဗလဦးရှိန် ဖြစ်ပါသည်။ လွတ်လပ်ရေးကြိုးပမ်းမှု တိုက်ပွဲကာလအတွင်း
တပ်သားသစ်များစွာကို ထိုသီချင်းဖြင့် စည်းရုံးနိုင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်၏ လွတ်လပ်ရေး ကြိုးပမ်းမှုကို
ပမာတင်၍ ရဲစိတ်သွင်းခဲ့သော သီချင်းဖြစ်သည်။
|
ဗမာ့လွတ်လပ်ရေးတပ်မတော် ထားဝယ်စစ်ကြောင်း ပုလောမြို့သို့ ရောက်ရှိလာစဉ် |
လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလ၌ 'ဗမာ့လွတ်လပ်ရေး' သီချင်းကို
ကိုမြကြီး၊ ရဲဘော်ခင်မောင်လှနှင့် အခြား အဆိုတော်များစွာက သီဆိုခဲ့ပြီး
စစ်ရေးတေးတစ်ပုဒ် အနေဖြင့်လည်း ထင်ရှားခဲ့သည်။
၁၉၀၆ ခုနှစ်၌ ရန်ကုန်ကောလိပ်ကျောင်းသားအချို့ တည်ထောင်ခဲ့သည့်
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)၊ ထို့နောက် ၁၉၂၀ ပြည့်နှစ်၌ ပေါ်ထွက်လာသည့်
နိုင်ငံလုံးဆိုင်ရာ မြန်မာအသင်းချုပ်ကြီး (GCBA) နှင့်
ပထမကျောင်းသားသပိတ်၊ ၁၉၃၀ ပြည့်နှစ် ဆရာစံ အရေးတော်ပုံ၊ တို့ဗမာအစည်းအရုံး၏
လှုပ်ရှားမှုများ၊ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်နှင့် ၁၉၃၈ ခုနှစ်၌
ဖြစ်ပွားခဲ့သည့် ၁၃၀၀ ပြည့် အရေးတော်ပုံ၊ ၁၉၃၉ ခုနှစ်
ဒုတိယကမ္ဘာစစ်မီးနှင့်အတူ ပေါ်ထွက်လာသည့် ဗမာ့ထွက်ရပ်ဂိုဏ်း စသည် တို့သည်
၁၉၀၀ ပြည့်နောက်ပိုင်း မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကာလအတွင်း
ချန်လှပ်မရနိုင်သော သမိုင်းမှတ်တိုင်များ ဖြစ်ခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်နှင့် ပေါ်ထွက်ခဲ့သည့် 'ဗမာ့ထွက်ရပ်ဂိုဏ်း'ကို တို့ဗမာ
အစည်းအရုံးက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ 'အင်္ဂလိပ်အခက်၊ ဗမာ့အချက်'
ဟူသောမူကို ကိုင်စွဲခဲ့သည်။ ဗမာ့ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးက
သခင်အောင်ဆန်း ဖြစ်သည်။
''မမျှော်လင့်သော အကြောင်းတစ်ရပ်သည် ရှောင်တခင်ပေါ်ပေါက်၍ လာလေသည်။
ဗမာ့ထွက်ရပ်ဂိုဏ်းကြီးတွင် ပါဝင် ဆောင်ရွက်လျက်ရှိသော ဒေါက်တာဘမော်နှင့်
ဒေါက်တာ သိန်းမောင်တို့က အကယ်၍ အလိုရှိပါက ကျွန်ုပ်တို့သည် ဂျပန်၏
အကူအညီကို ရရှိနိုင်ကြောင်း သတင်းပေးကြလေသည်။ ကျွန်ုပ်တို့လူသိုက်လည်း
ချက်ချင်းလိုပင် စုရုံးစည်းဝေးကာ ဂျပန် အကူအညီ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေး
တိုင်ပင်ကြလေသည်။ ကျွန်ုပ်တို့အားလုံး သဘောတူညီကြသည့် အချက် တစ်ချက်က
လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲရာတွင် အနည်းဆုံး နိုင်ငံခြားသို့ ၀ါဒဖြန့်မှု
ရရှိ ဖြစ်မြောက်စေရန် လိုအပ်ပေသည် ဟူသော အချက်ဖြစ်သည်။ တစ်ဖန်
ထို့ထက်တစ်ဆင့်တိုး၍ နိုင်ငံခြား အကူအညီကို ရရှိနိုင်မည်ဆိုကလည်း ပို၍ပင်
သင့်လျှော်ကောင်းမွန်မည်ဟု ကျွန်ုပ်တို့ သဘောရခဲ့ကြပေသည်။ အထက်ပါ
အချက်အလက်များနှင့် ပြည့်စုံရရှိရေးအတွက် မြန်မာပြည်အတွင်းမှနေ၍ ကြံစည်ရန်
လုံးဝ မဖြစ်နိုင်ကြောင်းကို ကျွန်ုပ်တို့ သဘောတူ
စဉ်းစားမိခဲ့ကြလေသည်။ကျွန်ုပ်တို့လူ ငယ်နိုင်ငံရေးသမားများထဲက ထိုင်း၊
ဂျပန် သို့မဟုတ် တရုတ်ပြည်များသို့ ကိုယ်တိုင်သွားရောက်ရာမှလည်း
ဖြစ်နိုင်စရာ အကြောင်းရှိပေသည်''ဟု ဗိုလ်ချုပ်အောင်ဆန်းက
ဖက်ဆစ်တော်လှန်ရေးသမိုင်း၌ ရေးသားခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်း၏
မူလရည်ရွယ်ချက်က တရုတ်နိုင်ငံသို့ သွားရောက်ရန် ဖြစ်သည်။
လျှို့ဝှက်ဆက်သွယ်မှုများလည်း ပြုလုပ်ခဲ့သည်။ သို့သော် တရုတ်-ဗမာ
လမ်းမကြီးကို ဗြိတိသျှအစိုးရက ပိတ်ခဲ့သည့်အတွက် အခက်ကြုံစရာ
ဖြစ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အတွေး၌ မြန်မာ့လွတ်လပ်ရေး
ကြိုးပမ်းမှုတွင် နိုင်ငံခြားအကူအညီ လိုအပ်သည့်အပြင် ပြည်တွင်းမှ စနစ်တကျ
စည်းရုံးလှုပ်ရှားမှုများက အရေးပါကြောင်း ခံယူခဲ့သည်။ ပြည်တွင်းအင်းအားကို
အသုံးချ၍ လုပ်ဆောင်ရန် ရေးဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်း၏ စီမံကိန်းကို သူ၏
ရဲဘော်ရဲဘက်များက လက်ခံနိုင်မှု နည်းပါးခဲ့သည်။
တို့ဗမာအစည်းအရုံးဝင် သခင် ခေါင်းဆောင်များက တော်လှန်ရေးတိုက်ပွဲ အတွက်
နိုင်ငံခြား တိုင်းပြည် တစ်ခုခုမှ အကူအညီယူရန် ဆုံးဖြတ်ခဲ့သည်။
စေလွှတ်မည့်သူကိုလည်း ရွေးချယ်ခဲ့သည်။ မူလက ဗိုလ်ချုပ်အောင်ဆန်းနှင့်
သခင်ကျော်စိန်ကို ရွေးချယ်ခဲ့သည်။ ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်းကို
ဗြိတိသျှအစိုးရက ဖမ်းဝရမ်း ထုတ်ထားသည်။ မူလ ရွေးချယ်ခဲ့သည့်
သခင်ကျော်စိန်မှာ မလိုက်နိုင်တော့သည့် အတွက် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင်
ဖမ်းဝရမ်း ထုတ်ခံထားရသည့် သခင်လှမြိုင်ကို အစားထိုး ရွေးချယ်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်လှမြိုင်တို့၏ ခရီးဦးတည်ရာက
တရုတ်နိုင်ငံသို့ပင် ဖြစ်သည်။ ကုန်းလမ်း ပိတ်ထားသဖြင့် ရေလမ်းကို
အသုံးပြုခဲ့သည်။ ဒီးဒုတ်ဦးဘချို၏ အကူအညီဖြင့် တရုတ်နိုင်ငံသွား
ဟိုင်လီမီးသဘောင်္ပေါ်၌ တ ရုတ်ဝတ်စုံများ ၀တ်ဆင် ရုပ်ဖျက်လျက် အမွိုင်သို့
ထွက်ခွာခဲ့သည်။ ၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၈ ရက်နေ့တွင် သွားရောက်ခဲ့ခြင်း
ဖြစ်သည်။ ထိုခရီးက မြန်မာ့လွတ်လပ်ရေးအတွက် အရေးပါလာမည့် ရဲဘော်သုံးကျိပ်ကို
ဖြစ်ပေါ်စေရန် လမ်းစ ဖြစ်စေခဲ့သည်။
ဂျပန်တို့၏ ဖိနှိပ်မှုကို စိတ်ရှည်စွာ ဆက်ဆံခဲ့သော်လည်း လွတ်လပ်ရေး
အတုအယောင်သာ ပေးခြင်း၊ တိုင်းပြည်အတွက် ထိရောက်သော လုပ်ငန်းများကို
လုပ်ကိုင်မပေးခြင်း၊ လူထုအား မတရားညှင်းပန်းခြင်း၊ လူထုထံမှ ပစ္စည်းဥစ္စာ
ရှိသမျှကိုလည်း အဓမ္မသိမ်းပိုက်ခဲ့ခြင်း၊ ဒီမိုကရေစီလွတ်လပ်ရေးနှင့်
လူ့အခွင့်အရေးဟူသည်ကို စိုးစဉ်းမျှ မကျန်အောင် ဂျပန်တို့က
လုပ်ဆောင်ခဲ့သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်တော်လှန်ရေးသမိုင်း
စာအုပ်တွင် ပြောဆိုခဲ့သည် . . .
ဗိုလ်ချုပ်အောင်ဆန်းတို့ အမွိုင်ရောက်ရှိခဲ့ပြီး အဆင်မပြေမှုများနှင့်
ကြုံတွေ့ခဲ့သည်။ ထိုအချိန်မှာပင် ဂျပန် အစိုးရမှ စေလွှတ်ခဲ့သည့်
ကာနယ်ဆူဇူကီးက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ ဂျပန်သတင်းထောက်တစ်ဦး
အဖြစ် လျှို့ဝှက်စွာ လာရောက်ခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းမှ လွတ်လပ်ရေး
လှုပ်ရှားမှု အဖွဲ့များနှင့်တွေ့ဆုံခဲ့ပြီး ပြည်တွင်းမှ အဖွဲ့များ၏
သတင်းပေးချက်အရ အမွိုင်တွင် ရောက်ရှိနေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်
ဆက်သွယ်မှုရရန် ဆက်လက် လုပ်ဆောင်ခဲ့သည်။ ဂျပန်တို့နှင့် ဆက်သွယ်မှုရခဲ့ပြီး
၁၉၄၀ ပြည့်နှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တိုကျိုမြို့သို့ ရောက်ရှိခဲ့သည်။
ကာနယ်ဆူဇူကီး၏ ချိတ်ဆက်မှုဖြင့် ဂျပန်အရာရှိများနှင့် ဗိုလ်ချုပ်အောင်ဆန်း
တွေ့ဆုံခဲ့သည်။ 'ဗမာ့လွတ်လပ်ရေး စီမံကိန်း'တစ်ရပ်ကို ရေးဆွဲ
တင်သွင်းပေးခဲ့သည်။ ထိုစီမံကိန်းကို ဂျပန်စစ်ဦးစီးဌာနချုပ်က ပြင်ဆင်ချက်
အနည်းငယ်ဖြင့် အတည်ပြုခဲ့ပြီး 'မီနာမီကိုင်ကန်' ခေါ်
'တောင်ပိုင်းဒေသဆိုင်ရာ' အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ ကာနယ်ဆူဇူကီးနှင့်
ဗိုလ်ချုပ်အောင်ဆန်း တို့ကို ဗမာပြည် လွတ်လပ်ရေးအတွက် စီမံကိန်းအတိုင်း
သင့်တော်သလို ဆောင်ရွက်ရန် လွှဲအပ်လိုက်သည်။ငွေအား၊ လူအားနှင့် လက်နက်အင်အား
အကူအညီပေးမည်ဟု ကတိပြုခဲ့သည်။
၁၉၄၁ ခုနှစ် မတ်လ ၃ရက်နေ့၌ မြန်မာနိုင်ငံသို့ သခင်အောင်ဆန်း ပြန်လည်
ရောက်ရှိလာသည်။ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဆန်တင်ရန်လာသော
ဆွန်တန်မရူးသဘောင်္ဖြင့် လိုက်ပါလာခြင်း ဖြစ်သည်။ လျှို့ဝှက်စွာပင်
လာရောက်ခဲ့သည်။ သွားစဉ်က ကဲ့သို့ ရုပ်ဖျက်ထားသည်။ ထိုသင်္ဘောမှာ ပုသိမ်တွင်
ဆိုက်ကပ်သည်။ ပုသိမ်မှ တစ်ဆင့် ရန်ကုန်သို့ မီးသဘောင်္ဖြင့် လာခဲ့ခြင်း
ဖြစ်သည်။ သခင်လှမြိုင်က ဂျပန်၌ ကျန်နေခဲ့သည်။
ရန်ကုန်သို့ ရောက်ရှိသည်နှင့် ဂျပန်၌ ရေးဆွဲခဲ့သော ဗမာ့လွတ်လပ်ရေး
စီမံကိန်းကို ဗိုလ်ချုပ်အောင်ဆန်း က အကောင်အထည် ဖော်ခဲ့သည်။ သခင်လူငယ်
သုံးဆယ်ကို ဂျပန်သို့ လျှို့ဝှက်စွာ စေလွှတ်မည့် အစီအစဉ်များကို
ရေးဆွဲခဲ့သည်။ ၁၉၄၁ ခုနှစ် မတ်လမှ ဇူလိုင်လအထိ 'ရဲဘော်သုံးကျိပ်'
ဖြစ်လာမည့် သခင်လူငယ်သုံးဆယ်ကို လေးဖွဲ့ခွဲ၍ ဂျပန်သို့ စစ်ပညာသင်ယူရန်
စေလွှတ်ခဲ့သည်။
ရဲဘော်သုံးကျိပ် အဖွဲ့ဝင်များသည် စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံ
အနောက်တောင်ဘက်ရှိ ဟိုင်နန်ကျွန်းနှင့် တရုတ်နိုင်ငံ အရှေ့တောင်ဘက်ရှိ
တိုင်ဝမ်ကျွန်း(ဖော်မိုဆာကျွန်း) တို့တွင် သင်ယူခဲ့ကြသည်။ ၁၉၄၁ ခုနှစ်
ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျာနှင့် ဗိုလ်မြင့်ဆွေတို့
နှစ်ဦး၊ ပဏာမ ပထမအသုတ် အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်
ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံတွင်း၌ သူပုန်ထရန်နှင့် စေ့ဆော်နှိုးဆွပေးရန်
အတွက် ဖြစ်သည်။
ဒီဇင်ဘာလ အတွင်း၌ပင် ရဲဘော်သုံးကျိပ် အဖွဲ့ဝင်များမှာ မြန်မာနိုင်ငံသို့
ပြန်လည် ၀င်ရောက်ရန်အတွက် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက်
ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)ကို ရဲဘော်သုံးကျိပ်
အင်အားဖြင့် တည်ထောင်လိုက်သည်။ ထို့နောက် စစ်ကြောင်းလေးကြောင်း ဖြန့်ပြီး
မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့သည်။ ယိုးဒယားစစ်ကြောင်း၊
ထားဝယ်စစ်ကြောင်း၊ မြိတ်စစ်ကြောင်းနှင့် မော်လမြိုင်စစ်ကြောင်း တို့ဖြင့်
မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်။
၁၉၄၂ ခုနှစ် နှစ်ဦးပိုင်းမှ စတင်ပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်သည်
မြန်မာနိုင်ငံအတွင်းသို့ ဂျပန်တို့၏ စစ်အကူအညီဖြင့် ဆက်တိုက်
ဝင်ရောက်ခဲ့ပြီး ဗြိတိသျှကို တိုက်ထုတ်ကြသည်။ ထိုသို့ တိုက်ထုတ်နေရင်းကပင်
မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးမည် ဆိုသော ဂျပန်အစိုးရ၏ မသိကျိုးကျွံ
ပြုမှုများက သိသာလာသည်။ ထိုအချိန်ကပင် ဂျပန်ကို ဆက်လက် တွန်းလှန်ရန် ဟူသော
အသိမှာ ရဲဘော်သုံးကျိပ်နှင့် လွတ်လပ်ရေး ကြိုးပမ်းသူများ၏ စိတ်၌
ကိန်းအောင်းလာခဲ့သည်။
မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသည့်နောက် စစ်အုပ်ချုပ်ရေးဖြင့် ဂျပန်တို့က
အုပ်ချုပ်ခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်မှ ဗမာ့ကာကွယ်ရေးတပ်မတော်(BDA)
ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကို ဗမာ့ကာကွယ်ရေး တပ်မတော်၏
ဗမာပြည်စစ်တပ် ဗိုလ်ချုပ် ခန့်အပ်ခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့၌
ဂျပန်တို့က မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခဲ့သည်။ ထိုလွတ်လပ်ရေးမှာ
ရွှေရည်စိမ် လွတ်လပ်ရေးမျှသာ ဖြစ်ခဲ့ရသည်။
ဂျပန်အကူအညီဖြင့် ဗြိတိသျှကို တော်လှန်ခဲ့သည့် လွတ်လပ်ရေး ကြိုးပမ်းသည်
ဂျပန်တို့၏ ဖက်ဆစ်စနစ်၊ ရွှေရည်စိမ် လွတ်လပ်ရေးတို့နှင့် ထိပ်တိုက်
တွေ့ခဲ့ပြန်သည်။ ဗမာ့ကာကွယ်ရေးတပ်မတော်ကို အင်အားနည်းစေရန် ဂျပန်တို့က
ဖန်တီးခဲ့သည်။ ဂျပန်တို့၏ ဖိနှိပ်မှုကို စိတ်ရှည်စွာ ဆက်ဆံခဲ့သော်လည်း
လွတ်လပ်ရေး အတုအယောင်သာပေးခြင်း၊ တိုင်းပြည်အတွက် ထိရောက်သော
လုပ်ငန်းများကို လုပ်ကိုင် မပေးခြင်း၊ လူထုအား မတရား ညှင်းပန်းခြင်း၊
လူထုထံမှ ပစ္စည်းဥစ္စာ ရှိသမျှကိုလည်း အဓမ္မသိမ်းပိုက်ခဲ့ခြင်း၊ ဒီမိုကရေစီ
လွတ်လပ်ရေးနှင့် လူ့အခွင့်အရေးဟူသည်ကို စိုးစဉ်းမျှ မကျန်အောင် ဂျပန်တို့က
လုပ်ဆောင်ခဲ့သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်တော်လှန်ရေး သမိုင်းစာအုပ်၌
ထည့်သွင်းရေးသား ပြောဆိုခဲ့သည်။
၁၉၄၄ ခုနှစ်၊ မဟာမိတ်တပ်များ အင်အားကောင်းလာချိန်၌ ပြန့်ကျဲလျက်ရှိသော
ဗမာ့ကာကွယ်ရေးတပ်မတော်နှင့် မျိုးချစ်များကို ပြောက်ကျားစနစ်ဖြင့်
ဂျပန်များကို တော်လှန်မှု ပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။ မဟာမိတ်များနှင့်
ပူးပေါင်းခဲ့သည်။
၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်နေ့က တော်လှန်ရေးပန်းခြံ၌ ဗိုလ်ချုပ်အောင်ဆန်းက
ဗမာ့တပ်မတော်သားများကို စစ်ထွက်မိန့်ခွန်း ပြောကြားခဲ့သည်။ ထိုနေ့က
ပြောကြားခဲ့သော စစ်ထွက်မိန့်ခွန်းသည် မဟာမိတ်များကို တိုက်ဟန်ပြုပြီး
ဂျပန်ကို ပြန်လည် တော်လှန်မည့် ဗမာ့တပ်မတော်သားများကို ပြောကြားခဲ့သည့်
မိန့်ခွန်းဖြစ်သည်။ မိန့်ခွန်း၏ အဆုံးပိုင်း၌ 'ဗမာ့ ရန်သူကို ချေမှုန်းကြ၊
အနီးကပ်ဆုံးရန်သူကို ချေမှုန်းကြ'ဟု ထည့်သွင်း ပြောကြားခဲ့သည်။
၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်မူ ဗမာ့တပ်မတော်သည်
ပြည်သူ့လွတ်လပ်ရေးတပ်မတော် အမည် ခံယူပြီး ဂျပန်တို့အား စစ်ကြေညာခဲ့သည်။
ထိုစစ်ကြေညာချက်ဖြင့် မဟာမိတ်တို့၏ အကူအညီယူကာ ဂျပန်တို့ကို ပြန်လည်
တိုက်ထုတ်နိုင်ခဲ့သည့် နည်းတူ မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရနှင့်
နှလုံးရည်တိုက်ပွဲ စတင်မည့် နှစ်ကာလနိဒါန်းအစ ဖြစ်ပါသည်။
ဂျပန်ကို စစ်ကြေညာခဲ့သည့် မတ်လ ၂၇ ရက်နေ့ကိုမူ တော်လှန်ရေးနေ့ (ယခု
တပ်မတော်နေ့)အဖြစ် ကျင်းပခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါသည်။
ရဲဘော်သုံးကျိပ်
၁။ သခင်အောင်ဆန်း (ဗိုလ်တေဇ)
၂။ သခင်ရှုမောင် (ဗိုလ်နေ၀င်း)
၃။ သခင်လှဖေ (ဗိုလ်လက်ျာ)
၎။ သခင်အောင်သန်း (ဗိုလ်စကြာ)
၅။ သခင်စံလှိုင် (ဗိုလ်အောင်)
၆။ သခင်လှမြိုင် (ဗိုလ်ရန်အောင်)
၇။ သခင်ဘဂျမ်း (ဗိုလ်လရောင်)
၈။ သခင်ထွန်းခင် (ဗိုလ်မြင့်ဆွေ)
၉။ သခင်ခင်မောင်ဦး (ဗိုလ်တာရာ)
၁၀။ သခင်ထွန်းလွင် (ဗိုလ်ဗလ)
၁၁။ သခင်ကျော်စိန်(ဗိုလ်မိုးညို)
၁၂။ သခင်စောလွင် (ဗိုလ်မင်းခေါင်)
၁၃။ သခင်စံမြ (ဗိုလ်တောက်တိန်)
၁၄။ သခင်ငွေ (ဗိုလ်စောအောင်)
၁၅။ သခင်သစ် (ဗိုလ်စောနောင်)
၁၆။ သခင်အေးမောင်(ဗိုလ်မိုး)
၁၇။ သခင်သန်းတင် (ဗိုလ်မြဒင်)
၁၈။ သခင်သန်းတင်(ဗိုလ်သန်းတင်)
၁၉။ သခင်ထွန်းအုပ်
၂၀။ ကိုလှမောင် (ဗိုလ်ဇေယျ)
၂၁။ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)
၂၂။ ကိုရွှေ (ဗိုလ်ကျော်ဇော)
၂၃။ ကိုတင်အေး (ဗိုလ်ဘုန်းမြင့်)
၂၄။ ကိုအောင်သိန်း (ဗိုလ်ရဲထွဋ်)
၂၅။ ကိုသန်းညွန့် (ဗိုလ်ဇင်ယော်)
၂၆။ ကိုလှ (ဗိုလ်မင်းရောင်)
၂၇။ ကိုထွန်းရွှေ (ဗိုလ်လင်းယုန်)
၂၈။ ကိုစိုး(ဗိုလ်မြင့်အောင်)
၂၉။ ကိုဆောင်း(ဗိုလ်ထိန်ဝင်း)
၃၀။ ကိုမောင်မောင် (ဗိုလ်ဉာဏ)
ကိုးကားစာရင်း။
တပ်မတော်သမိုင်း (၁၈၂၄-၁၉၄၅၊ ပထမတွဲ- ၁၉၉၄ခုနှစ်)၊
စစ်ချီစစ်ရေးတေးသီချင်းများ(၁၉၉၅ ခုနှစ်)၊
ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်(ရဲဘော်သုံးကျိပ်ဝင်
ဗိုလ်မင်းခေါင်(ရွှေတူ) ပြုစု- ၁၉၇၄ခုနှစ်)၊
ဗမာ့တော်လှန်ရေးသမိုင်း (ဗိုလ်မှူးဘသောင်း(မောင်သုတ)ပြုစု-
၁၉၆၇ခုနှစ်)နှင့်
ဗိုလ်ချုပ်အောင်ဆန်း ရေးသားသည့် ဖက်ဆစ် တော်လှန်ရေးသမိုင်း(တက္ကသိုလ်နေ၀င်း
မြန်မာပြန်- ၁၉၅၅ခုနှစ်)
No comments:
Post a Comment