ရွှေလီသား(မဘိမ်း)

Friday 23 December 2011

နှလုံးသားခြင်းညီညွှတ်ကြပါစို့

ကိုကို(စက်မှုတက္ကသိုလ်)
ဆရာကို    -    မင်္ဂလာပါ ဆရာသက်။ စကားမပြောဖြစ်တာ အတော်တောင်ကြာပြီဗျနော်။
ဆရာသက်    -    ကြာဆို ဆရာကိုက အလုပ်တွေမအားဖြစ်နေတာမဟုတ်လား။ တပည့်တစ်ယောက်နာရေးကြောင့်လဲ ဆရာကို အတော်စိတ်ထိခိုက်သွားတယ်ကြားတယ်။
ဆရာကို    -    ဟုတ်တယ် ဆရာသက်။ နေ့မြင်ညပျောက်ဆိုတာ မှန်တယ်ခင်ဗျာ။ တရားလဲ ရပါရဲ့။ သို့သော် ပုထုဇဉ်ပေမို့ ရသောတရားက နိစ္စဓူဝအလုပ်တွေထဲမှာ အားပျော့သွားပြန်ရော ဆရာသက်ရေ။
ဆရာသက်    -    အဲဒါကြောင့်လဲ အခု ဆရာကိုနဲ့ ကျွန်တော့်ရဲ့စကားဝိုင်းကို ပြန်ပြောဖြစ်ဖို့ ဆရာချိန်းလိုက်တာမဟုတ်လား။ ဘာတွေများ ပြောစရာရှိမလဲဗျို့။
ဆရာကို    -    မနေ့က သတင်းစာထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုလိုက်တဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက် ဖတ်လိုက်ရပါတယ်။ အဲဒီအကြောင်းလေးပြောကြရင် ကောင်းမယ်ထင်ပါတယ်။
ဆရာသက်    -    မင်္ဂလာသတင်းတစ်ခုဖြစ်ပါတယ်။ ဘာပဲပြောပြော ပြည်သူအများစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပင်မနိုင်ငံရေစီးကြောင်းထဲ ပြန်ဝင်စေချင်ကြပါတယ်။ လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီအမတ်တွေ ၀င်ရောက်စေချင်တယ်။ အများပြည်သူအကျိုးစီးပွားကိစ္စတွေ ၀င်ရောက်ဆွေးနွေးစေချင်ပါတယ်။
ဆရာကို    -    အတိတ်က သူတို့အကြောင်းနဲ့သူတို့ ရွေးကောက်ပွဲမ၀င်ဖြစ်ခဲ့ကြပေမယ့် သမ္မတကြီးဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရသစ်နဲ့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးအပြီးမှာ ယုံကြည်မှုတွေ တည်ဆောက်နိုင်မှုကြောင့် အခုလို လာမယ့်ကြားဖြတ်ရွေး ကောက်ပွဲမှာ အင်န်အယ်လ်ဒီဝင်ရောက်လာဖို့ ခြေလှမ်းတွေ ဆက်တိုက်လှမ်းလာတာဖြစ်တယ်။ ကျွန်တော်ကတော့ ကြိုဆိုပါတယ်။
ဆရာသက်    -    အဲဒီလို ၀င်ရောက်လာမှုကို နိုင်ငံတော်သမ္မတကြီး၊ လွှတ်တော်နှစ်ရပ်က ဥက္ကဋ္ဌတွေအပါအ၀င် ပြည်တွင်းကရော ပြည်ပကပါ ကြိုဆိုခဲ့ကြတယ်။
ဆရာကို    -    အချို့ကပြောကြတယ်။ အခုကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံး အနိုင်ရရင်တောင် နေရာ ၄၀ကျော်လောက်ပဲ လွှတ်တော်ထဲရောက်မယ်။ ဘယ်လောက်များ ပြောဆိုနိုင်မလဲလို့ ဝေဖန်ကြတယ်။ ကျွန်တော်ကတော့ မူလကတည်းက အင်န်အယ်လ်ဒီရွေးကောက်ပွဲဝင်ရေးဘက်မှာရှိခဲ့သူတစ်ဦးဖြစ်လို့ မဲနဲ့အဆုံးအဖြတ်မှာ အနိုင်ရဖို့ အတော်မသေချာသော်လည်းပဲ လွှတ်တော်မှာ အသံတွေမြိုင်လာမှာတော့ သေချာတယ်။ အဲဒီအတွက် လွှတ်တော်ဟာ ပိုပြီး ဒီမိုကရေစီဆန်လာမယ်။
ဆရာသက်    -    မှန်တယ် ဆရာကို။ အင်န်အယ်လ်ဒီရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲသွားဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်းတစ်ခုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် နိုင်ရေးဆိုတာလဲပါတယ်။ အဲဒါကို ကျွန်တော်က ပိုစိတ်ဝင်စားတယ်။
ဆရာကို    -    ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်က လွှတ်တော်အတွင်းဝင်ရောက်ပြီး ဒီမိုကရေစီနည်းလမ်းနဲ့ ပြင်ဆင်နိုင်တဲ့ အကြောင်း ပြောထားတာရှိပါတယ်။ တကယ်လဲပဲ အကြောင်းအမျိုးမျိုးကြောင့် အတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အားနည်းချက်အချို့ရှိနေ တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒီဥပဒေကို ထောက်ခံသူအများစုကလဲ စင်းလုံးချောကောင်းလွန်းလို့ ထောက်ခံခဲ့ကြတာမဟုတ်ဘဲ ယခုနည်းလမ်းမှ တစ်ပါး အခြားနည်းလမ်းဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတာ လက်တွေ့မှာမဖြစ်နိုင်မှန်းသိခဲ့ကြလို့ ထောက်ခံခဲ့ကြခြင်းသာဖြစ်ပါတယ်။
ဆရာသက်    -    ဟိုတစ်လောက ရန်ကုန်မှာ ဆရာတို့သတင်းမီဒီယာတွေနဲ့တွေ့ဆုံရာမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းက ဥပဒေတွေပြင်ဆင်၊ ဖြည့် စွက်၊ အသစ်ပြဋ္ဌာန်းမှုတွေ ဆက်လုပ်သွားမယ့်အကြောင်း ပြောသွားတာ ဖတ်လိုက်ရတယ်။ အထူးသဖြင့် ဒီမိုကရေစီစနစ်ကို ကူးပြောင်းသွားတဲ့အခါ ဒီမိုကရေစီနဲ့ အံဝင်ခွင်ကျမှုမရှိတော့တဲ့ ဥပဒေတွေကို အလေးပေးပြောသွားပါတယ်။ အဲဒီလိုဆိုရင် အင်န်အယ်လ်ဒီကပြောတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အချို့ပြင်ဆင်ရေးဆိုတာလဲ ခက်ခဲမှုရှိမယ်လို့ ကျွန်တော်မထင်ပါဘူး။
ဆရာကို    -    လွှတ်တော်နှစ်ရပ်လုံးမှာ ပြည်ခိုင်ဖြိုးအမတ်တွေက အများစုဆိုပေမယ့် ပြီးခဲ့တဲ့လွှတ်တော်တွေ ကျင်းပခဲ့တာကို ပြန်လေ့လာတဲ့အခါ ပြည်ခိုင်ဖြိုးကတင် တိုင်း မျက်စိစုံမှိတ်ထောက်ခံမယ်၊ အခြားအဖွဲ့တွေကတင်တိုင်း မျက်စိစုံမှိတ်ကန့်ကွက်မယ်ဆိုတာမျိုးတွေတော့ နည်းပါးလာတာတွေ့ရတယ်။ အထူး သဖြင့် အမျိုးသားရေးကို ထာဝရဦးထိပ်ပန်ဆင်မယ်ဆိုတဲ့ တပ်မတော်ရဲ့ ကိုယ်စားလှယ်တွေအနေနဲ့လဲ ပါတီတစ်ခုခုကို တိမ်းညွတ်တာထက် အမျိုးသား ရေးကို တိမ်းညွတ်လာတာမျိုးတွေ အစပျိုးလာတာတွေ့ရတယ်။ အဲဒါတွေဟာ အားတက်စရာလက္ခဏာတွေပဲလို့ ကျွန်တော်က မြင်ပါတယ်။
ဆရာသက်    -    ကျွန်တော့်အနေနဲ့ကတော့ အခုလွှတ်တော်သက်တမ်းဟာ တပ်မတော်အုပ်ချုပ်မှုစနစ်ကနေ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းတဲ့ကာလဖြစ်တယ်။ သည့်ထက်ပိုပြီး လေးလေးနက်နက်ပြောရရင် အကြောင်းအမျိုးမျိုးကြောင့် ယိုယွင်းအားနည်းလာခဲ့တဲ့ မြန်မာနိုင်ငံတော်ကြီးကို ပြန်လည်တည်ဆောက် နေရတဲ့ ပြုပြင်နေရတဲ့ကာလလဲ ဖြစ်ပါတယ်။ အဲဒီအချက်ကို အာဏာရပါတီကြီးကရော၊ ကျန်ပါတီတွေကပါ အလေးအနက်ထားစေချင်ပါတယ်။
ဆရာကို    -    ဟုတ်ပါတယ် ဆရာသက်။ ကျွန်တော့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောရရင် အာဏာရအတိုက်အခံပုံစံမျိုးတွေထက် နိုင်ငံ့အကျိုးကို အားလုံးပေါင်း လုပ်ကြတဲ့ပုံစံမျိုးနဲ့ ဒီသက်တမ်းမှာတော့ သွားစေချင်တယ်။ အခုနိုင်ငံမှာ လက်ငင်းလိုအပ်ချက်ဟာ ညီညွတ်ရေးပဲခင်ဗျ။ ပြောကောင်းရုံ၊ စာထဲရေး ကောင်းရုံ၊ ဟန်လုပ်ညီညွတ်ရေး၊ ညာဝါးညီညွတ်ရေးတွေထက် တကယ့်ကို နှလုံးသားချင်းယှက်နွှယ်ညီညွတ်ရေးတွေ ဖြစ်စေချင်ပါတယ်။ အစိုးရ၊ ပြည်သူ၊ တိုင်းရင်းသားတွေ၊ နိုင်ငံရေးပါတီတွေ ညီညီညွတ်ညွတ်နဲ့ နိုင်ငံတော်ကို ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် အနုတ်တွေကြေသွားရုံတင် မက အပေါင်းတွေပါ အဆတိုးလာနိုင်မှာဖြစ်ပါတယ်။
ဆရာသက်    -    အခုလဲ ဆရာကိုဖြစ်စေချင်တဲ့ လမ်းကြောင်းကို စတင်လျှောက်လှမ်းနေပြီလို့ ခန့်မှန်းနိုင်ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းကလဲ အဲဒီလိုပဲ မှတ်ချက် ပေးကြပါတယ်။ မှတ်ချက်ပေးရင်းနဲ့အတူ နောက်ကြောင်းပြန်လှည့်သွားမှာ၊ လမ်းကြောင်းသွေသွားမှာ စိုးရိမ်နေကြပြန်ပါတယ်။ ကျွန်တော့်အနေနဲ့ပြောရရင် အရင်အတိတ်တုန်းက ကောင်းနိုးနိုးနဲ့ ဘေးချော်သွားတာ၊ ဟုတ်နိုးနိုးနဲ့ ဒုံရင်းပြန်ရောက်သွားတာတွေကို မြင်တွေ့ခဲ့ကြလို့ သူတို့စိုးရိမ်တာကို အပြစ် မတင်ချင်ပါဘူး။ ဒါပေမဲ့ အရင်တုန်းက နှုတ်မိန့်အာဏာပုံစံ၊ အခု အာဏာကို ခွဲဝေကျင့်သုံးကြတဲ့ပုံစံ၊ အဲဒီအတွက် စည်းမျဉ်းသတ်မှတ်ချက်ဆိုတဲ့ အခြေခံ ဥပဒေဆိုတာလဲရှိနေတော့ ရှေ့သို့သာ ပိုမိုတိုးတက်သွားဖို့ရာရှိတယ်လို့ မြင်ပါတယ်။
ဆရာကို    -    တကယ့်ညီညွတ်ရေးရဖို့က အတ္တတွေအားနည်းသွားအောင် လုပ်ကြရမယ်။ အတိတ်တုန်းက ဘာတွေမှားခဲ့သလဲ ရဲရဲဝန်ခံပြီးပြင်နိုင်စွမ်းရှိရမယ်။အင်အားကြီး သူက နည်းသူကို အုပ်မိုးအနိုင်ယူခြင်းတွေထက် လက်တွဲခေါ်ယူခြင်းတွေရှိရမယ်။ အင်အားငယ်သူကလဲ အင်အားကြီးသူတွေအပေါ် ထားတတ်တဲ့ ဆန့် ကျင်ရေးသဘောထားများကိုလဲ စွန့်လွှတ်ရဲရမယ်။ အရေးအကြီးဆုံးအချက်ကတော့ အင်အားကြီးသူပဲဖြစ်ဖြစ်၊ ငယ်သူပဲဖြစ်ဖြစ်၊ လက်နက်ရှိသူပဲဖြစ်ဖြစ် လက်နက်မဲ့သူပဲဖြစ်ဖြစ် ကျွန်တော်တို့မြန်မာနိုင်ငံမှာနေ၊ ဒီရေကိုသောက်၊ ကြီးပြင်းလာကြသူများသာဖြစ်ပါတယ်။ ဒီနိုင်ငံကြီးပွားမှ အားလုံးကြီးပွားမယ်။ဒီနိုင်ငံဂုဏ်တက်မှ အားလုံးဂုဏ်တက်မယ်ဆိုတာကို အမြဲသတိရဖို့လိုပါတယ်။ မတူတာတွေမေ့ထားဆိုတာ အယူဝါဒတွေကို ပြောခြင်းဖြစ်ပြီး တူတာတွေ တွဲလုပ်ဆိုတာ တိုင်းပြည်ကောင်းစားရေးနဲ့ အောက်ကျနောက်ကျဘ၀မှ ရုန်းထွက်ရေးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ တကယ်စည်းလုံးကြပါစို့လို့ပြောရင်း အင်န်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲဝင်ရောက်မှုကို ကြိုဆိုလိုက်ပါတယ်။ နောက်တစ်ပတ်ပြောစရာတွေ ဆက်ပြောကြတာပေါ့။
ဆရာသက်    -    တွေ့ကြမယ်လေ ဆရာကို။ 

http://yangonmedia.com/news/news_detail.asp?nid=4597မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment