ရွှေလီသား(မဘိမ်း)

Loading...

Thursday, 17 November 2011

တာဝန်ကျေသော ဥယျာဉ်မှူးကြီး - ပြည်သူ့ တပ်မတော်

( အာဆီယံဥက္ကဌအဖြစ် မြန်မာနိုင်ငံကို ရွေးချယ်ခြင်းခံရပြီ၊ ယနေ့ အစိုးရသစ်နှင့် နိုင်ငံတော်သစ်ကို ကုလ၊ အမေရိကန်၊ အီးယူ၊ တရုတ်၊ အိန္ဒိယနိုင်ငံများနှင့် အာဆီယံနိုင်ငံအားလုံးက ချွင်းချက်မရှိထောက်ခံကြသည်။ ယနေ့ မြန်မာနိုင်တော်အတွက် အားတက်စရာကောင်းလှ၏၊ မြန်မာနိုင်ငံသားဖြစ်ရသည်မှာ ဂုဏ်ယူစရာကောင်းလှ၏။ ယနေ့နိုင်ငံတော်သစ်ကို မည်သူပုံခဲ့သနည်းဆိုသည်ကိုတော့ မေ့လျှော့နေကြ၏။ ဤလမ်းစဉ်၊ ဤဒီမိုကရေစီနိုင်ငံတော် ကို စီမံကိန်းချပြီး အဆင့်ဆင့်အကောင်ထည်ဖော်ခဲ့သည်မှာ တပ်မတော်သာ ဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်အပေါ်မှာ တာဝန်ကျေပွန်ခဲ့ပါပြီ။ ၂၀၁၄ မှာ အာဆီယံ ဥက္ကဌအဖြစ်ရွေးချယ်ခံရခြင်းအတွက် တပ်မတော်ကြီးလည်း ကြားလျှင် ပီတိဖြစ်နေလိမ့်မည်။ တပ်မတော်၏ ဂုဏ်ကျေးဇူး ကြီးမားပေ၏။ ကျေးဇူးကြီးမားသော တပ်မတော်ကို ဤပိုစ့်ဖြင့် ပြန်လည်ဂုဏ်ပြုလိုက်ပါသည်။ )



(၆၆)နှစ်မြောက် တပ်မတော်နေ့ သည်ကား မြန်မာနိုင်ငံသမိုင်းနှင့် တပ်မတော် သမိုင်းတွင် အလွန်ထူးခြား လေးနက်သော အခါ သမယ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ မြန်မာနိုင်ငံ အတွက် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ် အဖြစ် ခေတ်သစ် စနစ်သစ် တစ်ရပ်ဆီသို့ ကူးပြောင်း နိုင်ခဲ့သော အချိန်အခါ ဖြစ်သကဲ့သို့ တပ်မတော် အနေဖြင့်လည်း နိုင်ငံ ဖရိုဖရဲ ပြိုကွဲလု အခြေအနေမှ ဝင်ရောက်ထိန်းသိမ်း စောင့်ရှောက် တာဝန်ယူ ခဲ့ရပြီး ဘက်ပေါင်းစုံမှ ပြန်လည် တိုးတက် ဖွံ့ဖြိုး လာရေးအတွက် နှစ်ပေါင်း နှစ်ဆယ်ခန့် ကြာအောင် ပြုစုပျိုးထောင် ခဲ့ပြီးနောက် နိုင်ငံတော်၏ တာဝန် အရပ်ရပ်ကို ပြည်သူတို့က ရွေးချယ် တင်မြှောက်ခဲ့သော ဒီမိုကရေစီ အစိုးရ အဖွဲ့သစ်ထံ ကောင်းမွန်စွာ ပြန်လည် လွှဲပြောင်းပေးနိုင် တော့မည့် မင်္ဂလာ သမယ အခါပင် ဖြစ်ပေ၏။

ဆယ်စုနှစ် ခြောက်ခုကျော် ခုနှစ်ခုနီးပါး ဖြတ်သန်း လာခဲ့သည့် တပ်မတော်၏ သမိုင်းကြောင်းကို ပြန်ပြောင်း၍ လှည့်ကြည့်မည် ဆိုပါက အမိမြန်မာ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး အတွက် အနိမ့်အမြင့်၊ အတက်အဆင်း၊ လမ်းဖြောင့် လမ်းကောက်၊ ဒုက္ခ သုက္ခ အမျိုးမျိုး အကြားမှ တပ်မတော်၏ သက်စွန့်ကြိုးပမ်း အားထုတ် စွမ်းဆောင်မှုများကို ရှင်းလင်း ပီပြင်စွာ တွေ့နိုင် ပေလိမ့်မည်။

စင်စစ်၌ မြန်မာ နိုင်ငံတော်၏ သမိုင်းနှင့် တပ်မတော်၏ သမိုင်းတို့ကို မည်သို့မျှ သီးခြားစီ ခွဲခြမ်းနိုင်လိမ့်မည် မဟုတ်ချေ။ နိုင်ငံ လွတ်မြောက်ရေး သမိုင်းကြောင်း ကာလတွင် သန္ဓေတည် စတင်ခဲ့သော တပ်မတော်သည် ယနေ့ထက် တိုင်အောင်ပင် နိုင်ငံရှင်သန် ကြီးပွား ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပါဝင် ပြုစုပျိုးထောင် စောင့်ရှောက် ကာကွယ်နေရဆဲ ဖြစ်ပေသည်။ လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင်သည့် အမိမြန်မာ နိုင်ငံကို အဖိုး အနဂ္ဃ ထိုက်တန်သည့် "အာသာဝတီ နွယ်နီနတ်ပန်း" နှင့် နှိုင်းယှဉ် တင်စားပါက ထိုနတ်ပန်းပင်ကို တောင်စဉ်ခုနှစ်ထပ် ဝန်းရံပိတ်သည့် တောင်မြတ် ဟိမဝန္တာ မြေပြင်ထက်၌ ထိုးထွက် ထွင်းဖောက် အညှောင့်မျှပင် မလူနိုင် သေးသည့် ဘဝမှပင် စတင်မြေဆွ မျိုးစေ့ချကာ စိုက်ပျိုး ရှင်သန်စေခဲ့ သည်မှာ တပ်မတော်ပင် ဖြစ်ပေသည်။ ထို့အပြင် အပင်ပေါက် ဘဝမှစ၍ ပိုးပုရွက်တို့ ကိုက်ဖျက်ခြင်း မပြုနိုင်အောင် အရိပ် တကြည့်ကြည့် ပြုစုပျိုးထောင် စောင့်ရှောက် ခဲ့ရသည်မှာလည်း တပ်မတော်ပင် ဖြစ်၏။ ဘဝ လောကဓံ အမျိုးမျိုး၏ လှိုင်းဒဏ် လေဒဏ်ကို ခံရ၍ ပန်းကောင်း အညွှန့်ကျိုး ဖြစ်လုဆဲဆဲ ကာလများတွင် အသက်နှင့်လဲ၍ ကာကွယ် စောင့်ရှောက်ခဲ့သည် မှာလည်း တပ်မတော်ပင် ဖြစ်၏။

အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ ကာလတွင် တပ်မတော်သည် အမျိုးသားရေး အင်အားစုများ၊ တိုင်းရင်းသား ပြည်သူများနှင့် လက်တွဲ၍ နယ်ချဲ့နှင့် ဖက်ဆစ် ဝါဒီများကို တွန်းလှန် တိုက်ခိုက်ရင်း ပြည်သူ့ တပ်မတော် အဖြစ် စတင် တည်ဆောက် ခဲ့ရသည်။ ထိုစဉ်ကာလက တပ်မတော်မှာ နိုင်ငံအတွက် လွတ်လပ်ရေး အရယူပေးမည် ဟူသော မျိုးချစ် စိတ်ဓာတ် အရင်းခံသည့် ခိုင်မြဲသော သန္နိဋ္ဌာန် စိတ်မှလွဲ၍ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာတွင် အစစ အရာရာ ချို့တဲ့ခဲ့သော ကာလ ဖြစ်သည်။ "စားစရာ ကျောက်ခဲ၊ အိပ်စရာ မြေကြီး၊ ဒါပဲ တတ်နိုင်တယ်" ဟု ပြောရလောက် အောင်ပင် တပ်မတော်သားတို့ ဘဝက အနေအစား ခက်ခဲ ဆင်းရဲခဲ့သည်။ မည်သို့ပင် ဆင်းရဲ ပင်ပန်းစေကာမူ အမိနိုင်ငံ လွတ်လပ်ရေး အတွက် ကိုယ်ကျိုးမဖက် နိုင်ငံချစ်စိတ် သက်သက်ဖြင့် မျိုးချစ် တပ်မတော်သားတို့ စွန့်စား စွန့်လွှတ်ခဲ့ကြသည်။ တိုင်းပြည်အတွက် အသက်ကို ပေးလှူ၍ သေအံ့မူးမူး ကာလမှာပင် သူ့ကျွန်ဘဝမှ မလွတ်နိုင် သေးသည့် နိုင်ငံ၏ အနာဂတ် အတွက် ရတက် မအေး၊ စိတ်မဖြောင့် နိုင်သေးဘဲ "လွတ်လပ်မှ အမျှဝေပါ - ရဲဘော်" ဟု မှာတမ်း ခြွေသွားခဲ့ကြ ရှာသည်။

သို့ရာတွင် လွတ်လပ်ရေး အောင်ပန်းကို လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင် ဆွတ်မြန်းခြင်း မပြုနိုင်မီမှာပင် ပြည်တွင်း သောင်းကျန်းမှု ဘေးရန်က နိုင်ငံ၌ စတင်လာခဲ့ ပြန်သည်။ လွတ်လပ်ရေး တိုက်ပွဲတွင် အတူလက်တွဲ ဆင်နွှဲခဲ့ကြ သော်လည်း နိုင်ငံ အရေးထက် ဝါဒရေးကို ပိုမို ရှေ့တန်း တင်လိုသူ များသည် လည်းကောင်း၊ အမျိုးသား အရေးထက် ကျဉ်းမြောင်းသော လူမျိုးစွဲ ဝါဒကို ပို၍ ဦးစားပေး လိုသူများသည် လည်းကောင်း လွတ်လပ်ရေး အကြိုကာလ ကပင် စတင် ဆူပူလှုပ်ရှား လာခဲ့ကြသည်။ ဤသို့ဖြင့် စစ်ဘေး စစ်ဒဏ်ကြောင့် ပြာပုံ ဖြစ်ခဲ့ရသည့် တိုင်းပြည်အား စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပြန်လည် ထူထောင်ရမည့် အစား နိုင်ငံရေး အင်အားစု အချင်းချင်း သွေးကွဲကာ ပြန်လည် တိုက်ခိုက်နေခဲ့ ကြသောကြောင့် လွတ်လပ်စ မြန်မာနိုင်ငံတွင် "တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန်" ကာလများနှင့် တွေ့ကြုံခဲ့ရ လေသည်။

အဆိုပါ ပြည်တွင်း သောင်းကျန်မှု အန္တရာယ် အသွယ်သွယ်ကို ရှိသမျှ အင်အားဖြင့် အားတင်း ရင်ဆိုင်ကာ တွန်းလှန်ခဲ့ရ သည်မှာ တပ်မတော်ပင် ဖြစ်သည်။ လွတ်လပ်ရေး ရပြီးစ ကာလ ရန်ကုန် အစိုးရဟုပင် သရော်လှောင်ပြောင် ခံခဲ့ရသည့် အခြေအနေမှ ပြည်ထောင်စု အစိုးရ အပေါ် သစ္စာရှိသည့် လက်ကျန် တပ်ရင်းတပ်ဖွဲ့ လက်တစ်ဆုပ်စာ ခန့်နှင့် မိမိတို့ တိုင်းချစ် ပြည်ချစ်စိတ် အရင်းခံ သက်သက်ဖြင့် ဝင်ရောက် ကူညီ တိုက်ခိုက် ပေးခဲ့ကြသည့် တက္ကသိုလ် ကျောင်းသား လူငယ်များ၊ စေတနာ့ ဝန်ထမ်း၊ ရပ်ရွာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ပြည်သူများ ပူးပေါင်းကာ အင်အား အလုံးအရင်းနှင့် ရန်သူမျိုးစုံကို တွန်းလှန်ခဲ့ ကြရသည်။

တစ်ချိန်တည်း မှာပင် ကမ္ဘာပေါ်၌ စစ်အေးတိုက်ပွဲ ကာလ အရှိန်မြင့် လာချိန်ဖြစ်သည့် အတွက် အနောက်အုပ်စု ခေါင်းဆောင် နိုင်ငံကြီးက ထောက်ပံ့ အားပေးသော ကူမင်တန် တရုတ်ဖြူ တပ်ဖွဲ့များက မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် ပိုက်နက် နယ်မြေကို ထိပါးကျူးကျော် ဝင်ရောက်လာမှု ကိုလည်း ရင်ဆိုင်တိုက်ခိုက် မောင်းထုတ်ခဲ့ရ ပြန်သည်။ ဤသို့ အတွင်းရန်၊ အပြင်ရန် အမျိုးစုံသော လုံခြုံရေး ထိပါးမှု အန္တရာယ်များအား "ဘဲအုပ်က တစ်ရာ နှစ်ရာ- မဗေဒါက တစ်ပင်တည်း" ဆိုသကဲ့သို့ တပ်မတော် တစ်ခုတည်းက အံခဲကာ ရင်ဆိုင် နေရချိန်တွင် မြေပေါ်ရှိ အာဏာရ၊ အာဏာမဲ့ နိုင်ငံရေးသမား ပုဂ္ဂိုလ်ကြီးများက ဘာတွေ လုပ်နေခဲ့ကြ သည်ကို သမိုင်းက သက်သေခံလျက် ရှိပေသည်။

လွတ်လပ်ရေး ရပြီးစ ပြည်တွင်း သောင်းကျန်းမှု အရှိန်အဟုန်က ထိပ်ဆုံးအထိ မြင့်တက် နေချိန်တွင် မြေအောက် နိုင်ငံရေး လှုပ်ရှားသူများ၏ ပယောဂကြောင့် အမှုထမ်း ပေါင်းစုံသပိတ် ပေါ်ပေါက်ခဲ့ပြီး နောက်ကျောမှ ဓားဖြင့်ထိုးရန် ကြံစည် ခဲ့သည်။ တိုင်းရေးပြည်ရေး အခြေ မလှသဖြင့် အာဏာရ အစိုးရ အဖွဲ့မှ ဝန်ကြီးအချို့ နုတ်ထွက် သွားကြသည်။ လက်ဝဲ၊ လက်ယာ နှစ်ဖက် စလုံးက စစ်ဘက်ကို စည်းရုံးကာ အာဏာသိမ်းရန် ကြံစည်ခဲ့ကြသည်။ တပ်မတော်က ပြည်ထောင်စု အစိုးရကို သစ္စာရှိစွာ ရပ်တည် ခဲ့သဖြင့် ယင်းအကြံအစည်များ ပျက်ပြား ခဲ့ရသည်။ သောင်းကျန်းမှု အရှိအဟုန် အမြင့်ဆုံး အချိန်တွင် ဝန်ကြီးချုပ် ကိုယ်တိုင် နုတ်ထွက်ရန် ပြင်ဆင်ခဲ့သည်ဟု ဆိုသည်။ အိန္ဒိယ နိုင်ငံသို့ ဝန်ကြီးအဖွဲ့ တစ်ဖွဲ့လုံး ထွက်ခွာ၍ စစ်အတွင်း ကာလ ဆင်းမလား အစိုးရကဲ့သို့ အဝေးရောက် အစိုးရအဖြစ် ရပ်တည်ရန်ပင် ကြံစည်မှု ရှိခဲ့သည် ဟုလည်း သတင်း အချို့က ဆိုသည်။ တပ်မတော်ကမူ အဆုံးစွန် အခြေအနေ၌ သိဂုင်္တ္တရ ကုန်းမြေကို နောက်ဆုံးခံစစ် အဖြစ် အခြေပြုကာ ကျည်တစ်တောင့် လူတစ်ယောက် ကျန်သည်အထိ တိုက်သွားမည်ဟု သန္နိဋ္ဌာန် ပြုခဲ့သည်။

ထိုကာလ၌ ရေနစ်သူကို ဝါးကူ ထိုးလိုသည့် ပြည်ပ ပယောဂများ ကလည်း ရှိနေခဲ့သည်။ ပြည်တွင်း သောင်းကျန်းမှု ဒဏ်ကို ခါးစည်း၍ ခံနေရသော မြန်မာနိုင်ငံ၌ ဘဏ္ဍာရေး ကလည်း ကျပ်တည်းနေသည်။ နေ့စဉ် အပြင်းအထန် တိုက်ပွဲ ဝင်နေရသော တပ်မတော် အတွက် လက်နက်၊ ကျည်ဆန်၊ ခဲယမ်းတို့ကို ပြန်လည် ဖြည့်တင်းရန်လည်း အရေးတကြီး လိုအပ် နေခဲ့သည်။ သို့သော် လက်ဝဲ၊ လက်ယာ အရှေ့နှင့် အနောက် မည်သည့် အင်အားကြီး နိုင်ငံကမျှ မြန်မာ အစိုးရကို စစ်လက်နက် ပစ္စည်းများ ရောင်းမပေးခဲ့ပေ။ မြန်မာ နိုင်ငံကို စစ်ရေး အကူအညီ ပေးရန် လက်ယာဖရီးမင်း စာချုပ် ချုပ်ဆို ထားသော ဗြိတိသျှ တို့ကပင် စစ်လက်နက် ရောင်းချပေးရန် ငြင်းဆိုခဲ့သည်။ သို့သော် ဗြိတိသျှ နယ်ချဲ့တို့သည် ကိုလိုနီဟောင်း မြန်မာနိုင်ငံ၌ နိုင်ငံရေး ရှုပ်ထွေးစေရန်၊ ပြည်တွင်းစစ်မီး ကြီးထွားစေရန်၊ တိုင်းရင်းသားချင်း သွေးကွဲစေရန် ကြိုးပမ်းရာ၌မူ ဘယ်သောအခါမှ လက်မနှေးခဲ့ပေ။ ပင်လုံညီလာခံ၌ ခြေရှုပ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံ ခေါင်းဆောင်ကြီး များကို လုပ်ကြံရာ၌ လက်နက် ခဲယမ်းများ ထုတ်ပေးခဲ့ရုံ သာမက နက်နက်ရှိုင်းရှိုင်း ပါဝင် ပတ်သက်မှု ရှိခဲ့သည်။ ပြည်တွင်း သောင်းကျန်မှု ကာလ၌ ကေအင်န်ယူ များနှင့် လျှို့ဝှက်ဆက်သွယ် အားပေးခဲ့သည်။

ဤဖြစ်ရပ်များကို ပြန်ပြောင်းထုတ်ဖော် နေရခြင်းမှာ မြန်မာနိုင်ငံ၏ အမျိုးသား နိုင်ငံရေး သမိုင်းစဉ် တစ်လျှောက်တွင် တပ်မတော်၏ အရေး ပါလှသော အခန်းကဏ္ဍကို မသိမမီ လိုက်သူတို့ သိရှိနားလည် ဆင်ခြင် သုံးသပ်နိုင်ကြ စေရန်ပင် ဖြစ်ပါ၏။ ထိုသို့ သိမြင်နားလည် နိုင်မှသာ "အမျိုးသား နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍတွင် တပ်မတော်က ပါဝင်ခွင့် ရရေး" ဆိုသည့် အချက်ကို အလွယ်တကူ ဖယ်ရှား ပယ်ချရန် မဖြစ်နိုင်ကြောင်း ရှင်းလင်းစွာ သဘောပေါက် နိုင်ပေလိမ့်မည်။

တပ်မတော်သား တို့၏ စွန့်လွှတ်စွန့်စား တွန်းလှန် တိုက်ခိုက်မှု များကြောင့် ပြည်တွင်း သောင်းကျန်းသူ များနှင့် ပြည်ပ ကျူးကျော်သူ တို့၏ ခြိမ်းခြောက်မှုများ လျော့ပါး သွားခဲ့ပြီး နိုင်ငံ တစ်ဝန်းလုံး အတော်အတန် အေးချမ်းတည်ငြိမ် လာခဲ့ချိန်တွင် ပါတီစုံ ဒီမိုကရေစီ မူဘောင် အတွင်းမှ လှုပ်ရှားခဲ့ကြသော နိုင်ငံရေး အင်အားစု များသည် နိုင်ငံ ကောင်းစားရေး အတွက် လုပ်သင့်သလောက် လုပ်ကိုင် ခဲ့ကြသည်ကို အသိအမှတ် ပြုပါ၏။ သို့သော် ယင်း၏ မိသားစုများ အတွင်း၌ပင် အကွဲအပြဲ များက တစ်ကွဲပြီး တစ်ကွဲ မပြတ်မစဲ ဆင့်ကဲဖြစ်ပေါ် လာခဲ့ပြန်ရာ နိုင်ငံပါ ပြိုကွဲ၍ ပြည်တွင်းစစ် မီးစွဲလောင်ရန် တဲတဲမျှသာ လိုတော့သည့် အချိန်ကာလများ ရောက်လေတိုင်း အချိန်မဆိုင်းဘဲ ဝင်ရောက် ကယ်တင် ခဲ့ရသည် မှာလည်း တပ်မတော်သာ ဖြစ်ခဲ့ပါ၏။ နောက်ဆုံးတွင် အခြေခံ ဥပဒေအရ ခွဲထွက်ရေး တောင်းဆိုနိုင်သည့် ဆယ်နှစ် သက်တမ်းကျော် လာသောအခါ လူမျိုးရေး အစွဲ ပြင်းထန်သူ အင်အားစုများက တစ်ဖက်မှ တရုတ်ဖြူ ကျူးကျော်သူတို့ ထံမှ လက်နက်ခဲယမ်း အကူအညီ ရယူ၍ ဖွဲ့စည်းထားသော လူမျိုးစု ခွဲထွက်ရေး သောင်းကျန်သူ တို့ကို ပျိုးထောင် မွေးမြူထားကာ တစ်ဖက်၌လည်း ဥပဒေကြောင်း အရ ဖက်ဒရယ်မူ စစ်စစ်ဟု ဆိုသည့် ပြည်နယ် လက်နက်ကိုင် တပ်ဖွဲ့ ထူထောင်ခွင့် စသော သီးခြား ရပ်တည် ခွဲထွက်ရေး ဦးတည်သည့် တောင်းဆိုမှုများကို ပြုလုပ်လာခဲ့ တော့သည်။ အခြေအနေကား "ပြည်ထောင်စုကြီး တစ်ခုလုံး ချောက်ထဲကျဖို့ လက်တစ်လုံးမျှသာ လိုတော့သည့်" အနေအထားသို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်ရာ ၁၉၆၂ ခုနှစ် မတ်လတွင် တပ်မတော်က နိုင်ငံတော် တာဝန်များကို အချိန်မီ ရယူ ထိန်းသိမ်း ခဲ့ခြင်း မရှိပါက ယနေ့ ကမ္ဘာ၌ တွေ့မြင် နေရသော ယူဂိုဆလပ် ပြည်ထောင်စု ပြိုကွဲမှုမှ ဘော့စနီးယား၊ ကိုဆိုဗို စသည့် ပြဿနာ စစ်မီးလျှံ များထက် နှစ်ပေါင်းများစွာ စောသည့် အလားတူ ဖြစ်ရပ်မျိုးကို မြန်မာနိုင်ငံက စခဲ့ ပေလိမ့်မည်။

ထိုမှ နောက်ပိုင်းတွင်လည်း နိုင်ငံ အလယ်ပိုင်း ဒေသများတွင် အတော်အတန် အေးချမ်း တည်ငြိမ်းခဲ့သည့် တိုင်အောင် နယ်စွန်နယ်ဖျား နယ်စပ် ဒေသများ၌ တစ်ဖက်နိုင်ငံ အကူအညီကို ယူ၍ ဆူပူ သောင်းကျန်း နေကြသော သောင်းကျန်းသူ ကြီးငယ် အမျိုးအစား အရေအတွက်မှာ ဒါဇင်ပေါင်း များစွာရှိခဲ့ သလို ယင်းတို့၏ အင်အားပမာဏ မှာလည်း သောင်းနှင့်ချီ၍ ရှိခဲ့သည်။ ထို့ကြောင့် ယင်း သောင်းကျန်းသူများ နိုင်ငံ အတွင်းပိုင်းသို့ ပြန်လည် ခြေချခြင်း မပြုနိုင် ရလေအောင် စစ်ရေးအရ ဖိအားပေး တွန်းလှန်ကာကွယ် နေခဲ့ရသည် မှာလည်း လူ၊ ပစ္စည်း၊ ငွေကြေး အရင်းအနှီး များစွာ ပေးဆပ် ခဲ့ရသည့် ကာကွယ်ရေး လုပ်ငန်းကြီး တစ်ခု ဖြစ်ခဲ့သည်။ နိုင်ငံ တည်ဆောက်ရေး အတွက် သုံးစွဲရမည့် လူ့အရင်းအမြစ်၊ ဘဏ္ဍာ အရင်းအမြစ်များကို လုံခြုံရေးနှင့် တည်ငြိမ်ရေးတွင် ပမာဏ ကြီးစွာ ဖဲ့၍ခွဲ၍ သုံးခဲ့ရသည်။ ဤသည်မှာလည်း နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများ အတွက် အားနည်းချက် တစ်ခု ဖြစ်ခဲ့ရသည်။

စနစ်၏ အားနည်းချက်နှင့် အခြား အထွေထွေ အားနည်းချက်များ ပေါင်းဆုံကာ နိုင်ငံ တစ်ဝန်းလုံး အထွေထွေ အားနည်း ကျပ်တည်းမှု ဖြစ်လာရာမှ ၁၉၈၈ ခုနှစ် အရေးအခင်း စတင်ခဲ့သည့် ပါတီစုံ ဒီမိုကရစီ နိုင်ငံရေးပုံစံ အပြောင်းအလဲကို ရိုးသားစွာ တောင်းဆိုခဲ့သည့် ပြည်သူများ အကြားတွင် ပွဲလှန့်၍ ဖျာခင်းလိုသည့် နိုင်ငံရေး ပယောဂများ၊ လက်သစ် ကိုလိုနီ ထူထောင်လိုသည့် နိုင်ငံကြီးများ၊ တောမီး လောင်ရာ၌ လက်ခမောင်း ထ၍ ခတ်သည့် တောကြောင်များ၊ ခုတ်ခွာများ၊ ဖောက်သည်များက ဝင်ရောက်လာသော အခါ ဒီမိုကရေစီ လှုပ်ရှားမှု ဘဝမှ မင်းမဲ့စရိုက် အုံကြွ ဆူပူမှုအဖြစ် အရုပ်ဆိုး အကျည်းတန်စွာ ပြောင်းလဲ သွားခဲ့ရသည်။ ပြည်သူ တစ်ရပ်လုံး ဆောက်တည်ရာ မရ ကျီးလန့်စာစား ဖြစ်ခဲ့ရပြီး နိုင်ငံတော် အုပ်ချုပ်မှု ယန္တရား ယိုယွင်း ထိခိုက်ကာ ရပ်တန့်လု နီးပါး ဖြစ်ခဲ့ရသည်။ ဤအခြေအနေ၌ နိုင်ငံပြိုကွဲ ပျက်စီးမှု မဖြစ်သေးမီ ဝင်ရောက်ကာ အချိန်မီ ထိန်းသိမ်း ကယ်တင်ခဲ့ ရသည်မှာလည်း တပ်မတော်ပင် ဖြစ်လေသည်။

ထိုသို့ နိုင်ငံ အခြေအနေကို အချိန်မီ ဝင်ရောက် ထိန်းသိမ်းခဲ့ပြီး နောက်၌လည်း တပ်မတော်၏ လုပ်ငန်းတာဝန်က မပြီးဆုံးသေး၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စစ်ရေး လစ်ဟာချက် အခွင့်ကောင်းကို စောင့်နေသော လက်ဝဲ လက်ယာ သောင်းကျန်းသူ တို့က ရှိစုမဲ့စု အင်အား ထုတ်သုံးကာ တိုက်ပွဲကြီးများ ဖန်တီး၍ နယ်မြေသိမ်း စစ်ဆင်မှုများကို ကြိုးပမ်း ခဲ့ကြသည်။ ထိုကာလ မိုင်းယန်း၊ မဲသဝေါ ကဲ့သို့သော တိုက်ပွဲကြီး များသည် နိုင်ငံနှင့် တပ်မတော်၏ သမိုင်းတွင် အသက် သွေးချွေး များစွာဖြင့် ရေးထိုး ထားခဲ့ကြရသည့် အလေးအမြတ် ပြုအပ်သော မော်ကွန်း မှတ်တိုင်များ ဖြစ်ပေ၏။

တစ်ဖက်၌ စစ်ရေး ဖိအားများ ကြီးမားနေစဉ် အခြား တစ်ဖက်တွင်လည်း နိုင်ငံရေး၊ စီးပွားရေး၌ အနောက် အုပ်စုတို့၏ ပိတ်ဆို့မှုနှင့် ဖိအားပေးမှု များကို စဉ်ဆက်မပြတ် ခံစားခဲ့ရသည်။ မြန်မာနိုင်ငံကို အထီးကျန်၊ အပယ်ခံ နိုင်ငံတစ်ခု ဖြစ်စေရန် ချောင်ပိတ်၍ ဖိတွန်းထားခဲ့ပြီး တပ်မတော် အစိုးရ ဖြုတ်ချရေး၊ ယင်းတို့ လိုလားသူအား တင်မြှောက်နိုင်ရေး အတွက် အစိုးရ ပြောင်းလဲရေး (Regime Change) ရည်မှန်းချက်များကို ခိုင်ခိုင်မာမာ ချကာ အစဉ်တစိုက် ကြိုးပမ်း လုပ်ဆောင်ခဲ့သည်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးကို ဗန်းပြ၍ ဘက်ပေါင်းစုံမှ ဖိနှိပ်ပိတ်ဆို့ အပုတ်ချ အပြစ်တင် ဝေဖန်ခဲ့သည်။ မြန်မာ ပြည်သူများ၏ သာယာ ဝပြောမှုနှင့် ဖွံ့ဖြိုးမှုကို လိုလားပါသည် ဆိုပြီးမှ မြန်မာ ပြည်သူများ အတွက် လူသားချင်း စာနာမှု ဆိုင်ရာ တရားဝင် ဖွံ့ဖြိုးမှု အကူအညီများ ကိုပင် ပိတ်ပင်တားဆီး ထားခဲ့သည်။ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်း ကျ၍ ဒုက္ခပေါင်း များစွာ ဖြစ်နေချိန်၌ပင် ပိတ်ဆို့မှုကို သက်တမ်း တိုးခဲ့ရုံမျှ မက နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်း များက မကူညီနိုင် စေရန်ပင် တားမြစ် ထားခဲ့သည်။

ဤသို့သော အခက်အခဲ အကျပ်အတည်းပေါင်း အနမတဂ္ဂ အကြားမှပင် နှစ်ပေါင်းများစွာ နောက်ကျ ကျန်ခဲ့ပြီး စီးပွားရေး ယိုယွင်းချည့်နဲ အားနည်းနေသော နိုင်ငံတော်ကို တပ်မတော် အစိုးရက ပြည်သူတို့နှင့် လက်တွဲ၍ ပြန်လည် တည်ဆောက် ခဲ့ရသည်။ ဆယ်စုနှစ် နှစ်ခုစာ မျှသော ကာလအတွင်း နိုင်ငံတော်သည် မယုံနိုင် လောက်အောင် ပြောင်းလဲ၍ သွားခဲ့သည်မှာ တပ်မတော် အစိုးရ၏ နိုင်ငံကို ချစ်သော စိတ်၊ ပြည်သူအပေါ် ထားရှိသော စေတနာ၊ နေ့မအား ညမနား ကြိုးစား အားထုတ် လုပ်ကိုင်ခဲ့သော လုံ့လ ဝီရိယ၊ အခက်အခဲ အမျိုးမျိုး ကြားမှ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်နိုင်သည့် ဇွဲ၊ သတ္တိတို့ဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ရပ်များကြောင့် ဖြစ်သည်မှာ ငြင်း၍ မရနိုင်ပါ။

နိုင်ငံ လုံခြုံရေးနှင့် ကာကွယ်ရေး အပိုင်းတွင် တပ်မတော် အစိုးရ လက်ထက်၌ စစ်ရေးအရ လည်းကောင်း၊ စေ့စပ်ညှိနှိုင်း ဖြေရှင်းမှု အရ လည်းကောင်း ရရှိခဲ့သည့် အောင်မြင်မှုများမှာ ဘယ်ခေတ် ဘယ်အခါနှင့်မျှ မနှိုင်းယှဉ်သာဟု ရဲရဲကြီး ဆိုနိုင်သည်။ ဤလက်ထက်၌ ဥပဒေဘောင် အတွင်း ရောက်ရှိ လာခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များကို တပ်မတော် အစိုးရက စိတ်ရှည်စွာ သဘောထား ကြီးမားမှုကို ပြသ၍ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် အတူလက်တွဲ လုပ်ကိုင် လာစေရန် စည်းရုံး နိုင်ခဲ့သည်။ သို့အတွက် အင်အားစု အများအပြားမှာ တပ်မတော်၏ အမိုး တစ်ခုတည်း အောက်တွင် နယ်ခြားစောင့် တပ်ဖွဲ့များ အဖြစ် နိုင်ငံတော် ကာကွယ်ရးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို အောင်မြင် ထိရောက်စွာ ထမ်းဆောင် နိုင်ကြလေပြီ။

နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ တပ်မတော် အစိုးရ၏ အထူးခြားဆုံးနှင့် အလေးနက်ဆုံး စွမ်းဆောင်နိုင်မှု မှာကား ပါတီစုံ ဒီမိုကရေစီ နိုင်ငံရေး စနစ်သို့ အောင်မြင်စွာ ကူးပြောင်း ပေးနိုင်ခြင်းပင် ဖြစ်၏။ နိုင်ငံတော် ရှေ့ဆက် သွားမည့် လုပ်ငန်းစဉ် (၇) ရပ်ကို စနစ်တကျ ချမှတ်၍ အကောင်အထည် ဖော်ခဲ့ရာ ယခုအခါ ဆဋ္ဌမ အဆင့် ဖြစ်သည့် လွှတ်တော် အဆင့်ဆင့် အစည်းအဝေးများ ကျင်းပခြင်းနှင့် သတ္တမ အဆင့်ဖြစ်သည့် ရွေးချယ် တင်မြှောက်ခံ အစိုးရသစ် ဖွဲ့စည်းကာ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ခြင်း လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်၏။

ပထမ အကြိမ် ယခု ကျင်းပခဲ့သည့် လွှတ်တော် အစည်းအဝေး များမှာ နှစ်ပေါင်းများစွာ အတွက် ပထမဆုံး ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီ လွှတ်တော် အစည်းအဝေးများ ဖြစ်သည့်အတိုင်း အစပထမတွင် အခြေတည် ဖွဲ့စည်းမှုများကို ဦးစားပေး ပြုလုပ်ခဲ့သည်။ ထိုမှ နောက်ပိုင်းတွင် လွှတ်တော်တို့၏ ပဓာန လုပ်ငန်းဖြစ်သော ဥပဒေပြုခြင်း ကဏ္ဍဖြစ်ရာ ပါတီ အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်ကြီး များသည် နိုင်ငံတော်၏ အကျိုးစီးပွား တိုးတက် ဖော်ဆောင်ရေး အတွက် ကဏ္ဍ ပေါင်းစုံမှ ဆက်လက် ဆောင်ရွက် သင့်သည့် လုပ်ငန်းများကို လေ့လာသုံးသပ် အဆိုပြု တင်ပြခွင့် ရလာခဲ့ကြပြီး ဖြစ်၏။ ယခုအခါ နိုင်ငံအတွက် အရေးပါသော စီးပွာရေး ဆိုင်ရာ ရှေ့လုပ်ငန်းစဉ် မူဝါဒများ၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာ မူဝါဒများ၊ ပိတ်ဆို့မှုများ ဆန့်ကျင်ရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး စသော နိုင်ငံရေး ဆိုင်ရာ ရှေ့လုပ်ငန်းစဉ် များ၊ သုတေသနနှင့် ဖွံ့ဖြိုးမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသော ရေရှည် ဖွံ့ဖြိုးမှု အကျိုး စီးပွားများကို အဆိုပြု လေ့လာ ဆွေးနွေး သုံးသပ်ကာ ဥပဒေပြု ဆောင်ရွက် အကောင် အထည် ဖော်နိုင်ကြခြင်းဖြင့် အေးချမ်း သာယာ၍ ဖွံ့ဖြိုးသော ခေတ်မီ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို အရှိန်အဟုန်ဖြင့် တည်ဆောက် နိုင်ကြတော့မည် ဖြစ်ပေသည်။

တပ်မတော်သည် အာသာဝတီ နွယ်နီ နတ်ပန်းနှင့် တူစွာ အဖိုးတန် ထိုက်တန်လှသော နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို အရိပ် တကြည့်ကြည့်ဖြင့် အသက်နှင့်လဲကာ ကာကွယ် စောင့်ရှောက်ရုံမျှ သာမက ယင်းနွယ်နီ နတ်ပန်းပင်မှ ရနံသင်းပျံ့ ကြိုင်လှိုင်သည့် ပန်းငုံပန်းပွင်များ လန်းစွင့်စွာ ဖူးပွင့် လာနိုင်အောင်လည်း ပြုစုပျိုးထောင် မြေတောင်မြှောက်ပေး ခဲ့သည့် တာဝန်ကျေသော ဥယျာဉ်မှူးကြီးပါပေတည်း။

ထိုသို့ တာဝန်ကျေသော ဥယျာဉ်မှူးပီပီ လန်းစွင့်ပွင့်ဖူး နေသည့် အာသာဝတီ နွယ်နီ နတ်ပန်းတို့ကို မသမာသူတို့ ခူးယူ ဖျက်ခြွေခြင်း မပြုနိုင်အောင် ကုမ္ဘဏ်တစ်ထောင် စောင့်သကဲ့သို့ အစဉ်မလပ်သော သတိဖြင့် ပြည်သူနှင့် လက်တွဲကာ မြန်မာပြည်ကို ကမ္ဘာ တည်သရွေ့ စောင့်ရှောက် ကာကွယ် သွားဦးမည့် တပ်မတော် ဖြစ်ပါကြောင်း (၆၆) နှစ်မြောက် သက်တမ်း ရောက်လာခဲ့ပြီ ဖြစ်သော ပြည်သူတို့၏ တပ်မတော်ကြီးအား ချစ်ခင်မြတ်နိုး လေးစားစွာ ဂုဏ်ပြုလိုက်ရ ပါသည်။

(၂၀၁၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၊ အချပ်ပိုမှ ဆောင်းပါးရှင် ကိုမြန်မာ၏ ဆောင်းပါးအား ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

No comments:

Post a Comment