
မြင့်မောင် (Phil, Q)
ယနေ့
အခါသမယသည် တပ်မတော် အစိုးရနှင့် တိုင်းရင်းသား ပြည်သူတို့ လက်တွဲညီညီဖြင့်
မိမိတို့ ချစ်မြတ်နိုးသည့် ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီးကို
အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကြီး အဖြစ်
တည်ဆောက်လျက် ရှိသည့် အခါသမယ ဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုသော်
မြန်မာ့ တပ်မတော်ကြီးသည် ပြည်ထောင်စုကြီးနှင့် ပြည်ထောင်စုဖွား
တိုင်းရင်းသား တို့၏ အကျိုး စီးပွားနှင့် ပတ်သက်လာလျှင် တပ်မတော်
စတင်ဖွဲ့စည်း ထူထောင်သည့် အချိန်မှသည် ယနေ့ အချိန်ကာလ တိုင်အောင် ထာဝစဉ်
ကာကွယ် စောင့်ရှောက်ပေးလျက် ရှိသည်။ အခြေအနေ အချိန်အခါအရ မိမိ ပခုံးပေါ်သို့
ကျရောက် လာသော နိုင်ငံ့ တာဝန်များကို ထမ်းရွက် သယ်ပိုးရသည့်
အခါမျိုးတွင်လည်း နိုငငံနှု့် တိုင်းရင်းသား ပြည်သူတို့၏ အကျိုး စီးပွား
ဖြစ်ထွန်းစေမည့် နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းများကို အနာဂတ်
မျှော်မှန်းချက် အမြင်ဖြင့် ဦးဆောင်မှု ပေးလျက် အကောင်အထည် ဖော်ခဲ့သည့်
အစဉ်အလာ ကောင်းများနှင့် ပြည့်စုံသော ပြည်သူ့ တပ်မတော်ကြီး ဖြစ်သည်။ ယနေ့
နိုင်ငံ တာဝန်များကို ထမ်းဆောင်လျက် ရှိသည့် တပ်မတော် အစိုးရ သည်လည်း
မှန်ကန်သော ဦးဆောင်မှု နှင့်အတူ ပြည်ထောင်စု ကြီးကို ချစ်မြတ်နိုး ကုန်သော
တိုင်းရင်းသား ပြည်သူတို့၏ အင်အားဖြင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသော
အချိန်၊ ပြည်သူ အပေါင်းတို့ လိုလားသည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော
နိုင်ငံတော်ကြီး ဖြစ်အောင် အနှောင်း သေချာ စေမည့် အစကောင်းများ အခိုင်အမာ
ချမှတ်လျက် ရှိနေသည့် အခါ သမယ ဖြစ်သည်။
တပ်မတော်၏ မဆုတ်မနှစ်
ကြိုးပမ်း အားထုတ်မှုများကြောင့် ဒီမိုကရေစီ စနစ် ကျင့်သုံး၍
ပြည်ထောင်စုကြီးကို ဦးဆောင်မည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး
အဖွဲ့အစည်းများ ပေါ်ထွန်း လာနေပြီ ဖြစ်သည်။ ဆိုရလျှင် နိုင်ငံတော် အေးချမ်း
သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (သို့) တပ်မတော် အစိုးရ၊
တစ်နည်းအားဖြင့် တပ်မတော်သားများ ကိုယ်တိုင်က ဒီမိုကရေစီ အုပ်ချုပ်ရေးကို
ဖော်ဆောင် ပေးနေခြင်းပင် ဖြစ်သည်။ ထိုသို့ ဖော်ဆောင်ရာ တွင်လည်း အမည်ခံ
သက်သက် ဒီမိုကရေစီမျိုး မဟုတ်မူဘဲ စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသည့်
ဒီမိုကရေစီ အုပ်ချုပ်ရေးမျိုး ဖြစ်အောင် အနာဂတ် အမြင် ကြီးမားစွာဖြင့်
တစ်ဆင့်ပြီး တစ်ဆင့် ဖော်ဆောင် ပေးနေခြင်း ဖြစ်သည်။
တာဝန် ကျေပွန်သည့် အမျိုးသားအင်အားစုကြီး
၁၉၄၁
ခုနှစ်မှသည် ယနေ့ ၂ဝ၁၁ ခုနှစ် ကာလတိုင်အောင် ရှည်လျား ကြာမြင့်လှသည့်
ကာလအတွင်း ပြည်သူ့ တပ်မတော်၏ အမျိုးသား နိုင်ငံရေး (National Politics)
တွင် ဦးဆောင်မှု အခန်းကဏ္ဍမှ အစဉ်တစိုက် ပါဝင် ထမ်းရွက်ခဲ့မှု၊
ပြည်ထောင်စုကြီးနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားတို့ အတွက် အမျိုးသား
အကျိုးစီးပွား (National Interest) ကို ကာကွယ် စောင့်ရှောက်ရုံမျှ မက
တည်ဆောက် ပေးခဲ့မှုတို့ အပေါ် မည်သည့် စံနှုန်းဖြင့် တိုင်းတာသည် ဖြစ်စေ၊
မည်သည့် ရှုထောင့်မှပင် ရှုမြင်သည် ဖြစ်စေ တပ်မတော်သည် အမျိုးသားရေး တာဝန်၊
သမိုင်းပေး တာဝန် ကျေပွန်လှသည့် အမျိုးသား အင်အားစုကြီး တစ်ရပ်ဖြစ်ကြောင်း
ယထာဘူတ ဉာဏ်အမြင် ရှိသူတိုင်း သိမြင် သဘောပေါက်သည်။
သမိုင်းပေး အမျိုးသားရေး တာဝန်ြကီးများ ထမ်းရွက် သယ်ပိုးခဲ့သည့် တပ်မတော်
တပ်မတော်သည်
စတင် ဖွဲ့စည်း ပြီးသည်နှင့် တစ်ပြိုင်နက် တိုင်းပြည်ကို နှစ်ပေါင်းများစွာ
ခြယ်လှယ် အုပ်ချုပ်နေသော နယ်ချဲ့ဝါဒီ အင်္ဂလိပ် တို့ကို လည်းကောင်း၊
တိုင်းရင်းသား ပြည်သူတို့ကို နိုင့်ထက်စီးနင်း ညှဉ်းပန်း နှိပ်စက်လာသော
ဖက်ဆစ်ဝါဒီ ဂျပန်တို့အား လည်းကောင်း စစ်ရေး၊ နိုင်ငံရေး နည်းလမ်းများဖြင့်
ရင်ဆိုင် တိုက်ခိုက်လျက် အမိ နိုင်ငံတော်ကြီး၏ လွတ်လပ်ရေးကို ဆောင်ကြဉ်း
ပေးခဲ့သည်။
လွတ်လပ်ရေး ရပြီး နောက်တွင် နယ်ချဲ့တို့၏ တမင်ကြံစည်
ပြုလုပ်မှု အကျိုးဆက်ကြောင့် ပေါ်ပေါက်လာသော ပြည်တွင်း ရောင်စုံ
သောင်းကျန်မှုကြီး ကိုလည်းကောင်း ပြည်ပ အင်အားကြီး နိုင်ငံ အပါအဝင်
နိုင်ငံအချို့က အားပေးအားမြှောက် ပြုသည့် ပြည်ပ ကျူးကျော်တပ်များ
ပြည်ထောင်စု နယ်မြေအတွင်း ဝင်ရောက် ကျူးကျော် လာခြင်းကို လည်းကောင်း
''တပ်မတော်သည် နိုင်ငံ အတွက်'' ဆိုသော ခံယူချက်ကို မမှိတ်မသုန် ခံယူလျက်
စစ်ဆင်ရေးပေါင်း များစွာဖြင့် စွန့်လွှတ်စွန့်စား တွန်းလှန်တိုက်ခိုက်
ချေမှုန်း ခဲ့သည်။ ပြည်ထောင်စု အလံတော်ကြီး တလူလူ လွင့်နေအောင် တပ်မတော်သား
တို့၏ အသက်သွေးပေါင်း များစွာ ပေးဆပ် ဆောင်ရွက် ခဲ့သည်။
ဆုံးရှုံးခဲ့သော
လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ ပြန်လည် ရယူရေးနှင့် ရရှိပြီးသော
လွတ်လပ်ရေး ပြန်လည် ဆုံးရှုံး သွားစေမည့် အခြေအနေ များမှ ကာကွယ်
စောင့်ရှောက်ရေးကို အောင်မြင်စွာ ထမ်းရွက် သယ်ပိုးခဲ့သော တပ်မတော်သည်
ပြည်ထောင်စု မပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး
တာဝန်ကြီးများ ကိုလည်း ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင် သယ်ပိုး ထမ်းရွက်
ခဲ့ရပြန်သည်။ပြည်တွင်းသောင်းကျန်းမှုကာလ ၁၉၄၉ ခုနှစ် ဧပြီလမှ ၁၉၅ဝ ပြည့်နှစ်
စက်တင်ဘာ လအထိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဒုတိယ ဝန်ကြီးချုပ်
တာဝန်ယူလျက် ပြည်ထောင်စု အကျိုးကို ထမ်းရွက် ခဲ့ရသည်။ ထပ်မံ၍လည်း ၁၉၅၈
ခုနှစ်မှ ၁၉၆ဝ ပြည့်နှစ်အထိ တပ်မတော်သည် ထိုစဉ်က အုပ်ချုပ်လျက် ရှိသည့်
အစိုးရ အဖွဲ့၏ တောင်းဆိုချက် အရ အိမ်စောင့် အစိုးရ တာဝန်ကို ရယူကာ အထွေထွေ
ရွေးကောက်ပွဲ ကြီးကို သန့်ရှင်း မျှတစွာ ကျင်းပပြုလုပ် ပေးရင်း
တစ်ဖက်မှလည်း ပြည်သူ့ အကျိုးပြု လုပ်ငန်းများကို အကောင်အထည်ဖော်
ဆောင်ရွက်ခဲ့သည်။
၁၉၆၂ ခုနှစ်တွင်မူ ထိုစဉ်က ကျင့်သုံးလျက် ရှိသည့်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အားနည်းချက်၊ ပြည်တွင်းပြည်ပ ထိုးနှက်
တိုက်ခိုက်မှု စသည်တို့ကြောင့် ပြည်ထောင်စုကြီး ပြိုကွဲမည့် အရေး
ပေါ်ပေါက်လာသည့် အတွက် တပ်မတော်က နိုင်ငံတော်ကို မလွှဲ မရှောင်သာ တာဝန်ယူ
ထိန်းသိမ်း ကာကွယ် ခဲ့ရသည်။
၁၉၈၈ ခုနှစ် တွင်လည်း နိုင်ငံတော်ကို
ဆန့်ကျင်သူများ၊ ပုဂ္ဂိုလ်ရေး ခံစားချက် အာဃာတ ရှိသူများ၏ သွေးထိုး
လှုံ့ဆော်မှုကြောင့် အမှိုက်ကစ ပြာသာဒ် မီးလောင်သည့် အရေးအခင်းကြီး
ဖြစ်ပွားခဲ့သည်။ ဆန့်ကျင်ဘက် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ အမြော်အမြင်
မရှိ လှုံ့ဆော်မှုကြောင့် အစိုးရ အုပ်ချုပ်ရေး ယန္တရား ပျက်ပြားလျက်
နိုင်ငံပိုင် ပစ္စည်းများ အကြမ်းဖက် ဖျက်ဆီးခြင်း၊ ပြည်သူတို့၏ အသက်အိုးအိမ်
စည်းစိမ်များ လုယက်ဖျက်ဆီး သတ်ဖြတ် ခံရခြင်း ဆိုသည့် ဆိုးရွားရက်စက်သည့်
အရေးအခင်းကြီး ပေါ်ပေါက် လာသည်။ ထို အရေးအခင်းကြီးကို အကြောင်းပြုလျက်
ပြည်တွင်း နယ်စပ်ဒေသ အချို့၌ စစ်ရေးအရ တိုက်ခိုက်လာမှု၊ ပြည်ပ အင်အားကြီး
နိုင်ငံတစ်ခုက ပြည်ထောင်စု၏ အချုပ်အခြာ အာဏာကို ထိပါးလျက် စစ်ရေး
ခြိမ်းခြောက်လာမှု စသည့် အခြေအနေ များကြောင့် အစဉ်အလာ ကောင်းများနှင့်
ပြည့်စုံသည့် တပ်မတော် ပြည်ထောင်စုကြီးနှင့် တိုင်းရင်းသား ပြည်သူတို့၏
အကျိုးစီးပွား ကာကွယ် စောင့်ရှောက်ရေး ဆိုသည့် မှန်ကန် မွန်မြတ်သည့်
ခံယူချက်ဖြင့် နိုင်ငံတော် တာဝန် အရပ်ရပ်ကို ရယူလျက် ထိန်းသိမ်း
စောင့်ရှောက် ခဲ့ရသည်။ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များ လုံခြုံ
အေးချမ်းစေရန် စွမ်းဆောင် ပေးခဲ့သည်။
အမျိုးသား အကျိုးစီးပွား ဖော်ဆောင် ပေးခဲ့သော တပ်မတော်
တပ်မတော်သည်
၁၉၈၈ ခုနှစ် စက်တင်ဘာလ၌ နိုင်ငံ့ တာဝန် အရပ်ရပ်ကို ရယူပြီးနောက်
တိုင်းရင်းသား လူမျိုးစုံ မှီတင်း နေထိုင်သည့် ပြည်ထောင်စု နိုင်ငံကြီး
အတွက် အခြေခံ အကျဆုံး အမျိုးသား အကျိုးစီးပွား (Primary National Interest)
ဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု
မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး တို့ကို ဒို့တာဝန်
အရေးသုံးပါး အဖြစ် လည်းကောင်း၊ ပြည်ထောင်စုကြီး ခေတ်မီဖွံ့ဖြိုး
တိုးတက်ရေး၊ ပြည်ထောင်စုဖွား တိုင်းရင်းသားတို့ ကြွယ်ဝ ချမ်းသာရေး၊
စည်းလုံး ညီညွတ်ပြီး အင်အား တောင့်တင်းသော နိုင်ငံ ဖြစ်ထွန်းရေး စသည့်
အခြား အရေးကြီးသော အမျိုးသား အကျိုး စီးပွားများ အတွက် နိုင်ငံရေး၊
စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များ အဖြစ် လည်းကောင်း အတိအလင်း ချမှတ်၍
ဦးလည်မသုန် ထမ်းရွက်ခဲ့ရ ပြန်သည်။ အထူးသဖြင့် ပြည်သူ အပေါင်းတို့
လိုလားသော ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက်ရေးတွင်
အခြေခံ အုတ်မြစ် ဖြစ်သော ပြည့်စုံ ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
တစ်ရပ် ပေါ်ထွက်လာရေး အတွက် ချမှတ်ပြီး နိုင်ငံရေး ဦးတည်ချက်များ အပြင်
မူဝါဒ လမ်းစဉ် ခုနစ်ရပ် ထပ်မံ ချမှတ်၍ တိုင်းရင်းသား ပြည်သူ အပေါင်း၏
အင်အားဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။
ယခုဆိုလျှင် ပြည်ထောင်စု
သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီး အခိုင်အမာ ပေါ်ထွန်း
လာခဲ့ပြီး ဖြစ်သည်။ ထိုအခြေခံ ဥပဒေအရ လွတ်လပ်၍ တရားမျှတသော ပါတီစုံ အထွေထွေ
ရွေးကောက်ပွဲကြီး ကိုလည်း ကျင်းပပေးနိုင် ခဲ့ပြီး ဖြစ်သည်။ ပြည်သူတို့က
စိတ်တိုင်းကျ ရွေးချယ်တင်မြှောက် လိုက်သည့် ပြည်သူ့ ကိုယ်စားလှယ် ကြီးများ
ပေါင်းစုစည်းရုံး ညီညွတ်စွာ ဆွေးနွေး တိုင်ပင်ကြလျက် ပြည်ထောင်စု အဆင့်၊
တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး
အဖွဲ့များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အဖွဲ့များ ဖွဲ့စည်းရေးကို
အောင်အောင်မြင်မြင် ကျင်းပပြုလုပ် နေကြပြီ ဖြစ်သည်။ စနစ်တကျ စုံစုံလင်လင်
ဖွဲ့စည်း ပြီးသည်နှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်
သစ်ကြီးကို ဆက်လက် တည်ဆောက် သွားတော့မည် ဖြစ်သည်။ဒီမိုကရေစီ
နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် ဆက်လက် တာဝန်ယူမည့် ပြည်ထောင်စုနှင့်
ဒေသဆိုင်ရာ အစိုးရ အဖွဲ့များ အနေဖြင့် ဖွံ့ဖြိုး တိုးတက်ရေး
လုပ်ငန်းများကို အာရုံ စူးစိုက်စွာ၊ အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင်နိုင်ရေး
အတွက်လည်း စီးပွားရေး၊ လူမှုရေး ကဏ္ဍ အသီးသီးတွင် အခြေခံ အဆောက်အအုံ
(Infrastructure) များကို တောင်ပေါ် မြေပြန့် နယ်စပ်ပြည်မ ပြည်ထောင်စု
နယ်မြေ အနှံ့အပြားတွင် အုံနှင့်ကျင်းနှင့် လမ်းခင်း တည်ဆောက်
ဖော်ဆောင်ပေးလျက် ရှိသည်။
ဒီမိုကရေစီ အုပ်ချုပ်ရေးကို ဖော်ဆောင်ပေးသည့် တပ်မတော်
မြန်မာ့
တပ်မတော်သည် စတင် ပေါက်ဖွားလာစဉ် ကပင် မှန်ကန် မွန်မြတ်သည့်
ရည်ရွယ်ချက်ဖြင့် သန္ဓေတည် ပေါက်ဖွား လာသည့် တပ်မတော် ဖြစ်သည့် အပြင်
ဖြတ်သန်းခဲ့သည့် ကာလတစ်လျှောက် တွေ့ကြုံ ရင်ဆိုင်ခဲ့ရသည့် နိုင်ငံရေး၊
စစ်ရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စ အဖြာဖြာကို ထမ်းဆောင် ရာတွင်လည်း
နိုင်ငံနှင့် ပြည်သူအပေါ် သစ္စာ စောင့်သိမှု ဆံခြည် တစ်မျှင်စာမျှ
တိမ်းစောင်းခဲ့ခြင်း မရှိ၊ အမျိုးသား အကျိုးစီးပွားကို အစဉ်ရှေးရှု
ဆောင်ရွက် ခဲ့သည်သာ ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ သို့ဖြစ်၍လည်း
တပ်မတော်ကြီးသည် တိုင်းရင်းသား ပြည်သူတို့ အားကိုးရာ စွမ်းရည်သုံးရပ်၊
အစဉ်အလာ (၁၂)ရပ်နှင့် ပြည့်စုံသည့် တပ်မတော်ကြီး အဖြစ် မားမားမတ်မတ် ရပ်တည်
နိုင်ခဲ့သည်။ ယခုလည်း ရပ်တည်လျက် ရှိနေသည်။ နောင်လည်း ရပ်တည် နေဦးမည်
ဖြစ်သည်။
ခေတ်အလိုက် ပြောင်းလဲလာသော အခြေအနေ များအရ ကမ္ဘာပေါ်ရှိ
နိုင်ငံတို့သည် လွတ်လပ်သော ဈေးကွက် စီးပွားရေး စနစ်နှင့် ဒီမိုကရေစီ
အုပ်ချုပ်ရေး တို့ကို ကျင့်သုံးလာကြသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ
တွင်လည်း ပြည်သူ အပေါင်း တို့က ထိုစနစ် ထိုအုပ်ချုပ်ရေးဖြင့်
နိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက် ချမ်းသာ ကြွယ်ဝအောင် တည်ဆောက် စေလိုလျက်
ရှိရာ တိုင်းရင်းသား ပြည်သူတို့၏ အကျိုးကို ထာဝစဉ် သယ်ပိုးခဲ့သော
တပ်မတော်က ပြည်သူတို့၏ အဆိုပါ လိုလားချက်ကို သိမြင် နားလည်စွာဖြင့်
နည်းမှန်လမ်းမှန် ဖြည့်ဆည်း ပေးခဲ့သည်။ ဖြည့်ဆည်းပေးလျက် ရှိနေဆဲလည်း
ဖြစ်သည်။
စွမ်းရည် ထက်မြက်သော၊ ဦးဆောင်မှု အရည်အသွေး မြင့်မားသော
တပ်မတော် ဖြစ်သည့်အလျှောက် ပြည်သူတို့ အတွက် ဒီမိုကရေစီ အုပ်ချုပ်ရေး
စနစ်ကို ဖော်ဆောင်ရာတွင်လည်း စစ်မှန်သော ဒီမိုကရေစီ စနစ် ကျင့်သုံးကာ
ပြည်သူတို့ အကျိုး စီးပွား အမှန်တကယ် ဖြစ်ထွန်းရရှိ စေလိုသည်မှာ တပ်မတော်၏
စေတနာဖြစ်သည်။ ယနေ့ ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် ''ဒီမိုကရေစီ'' စကားလုံးကို
တွင်ကျယ်စွာ အသုံးပြုလျက် လက်တွေ့တွင်မူ ဥပဒေ စည်းမျဉ်း စည်းကမ်းများ
ဘေးချိတ်ကာ စိတ်ထင်ရာ လုပ်နေကြသည့် အတွက် တည်ငြိမ်မှု အစား ဆူပူ
ဆန္ဒပြမှုများ၊ တိုးတက်မှုအစား ဆုတ်ယုတ် ကျဆင်းမှုများသာ ဖြစ်နေသည်။
Rights
နှင့် Freedom တို့သည် ခေတ်ပေါ် ဒီမိုကရေစီ၏ ဥပစာ (Frontage) တွင် အထူးနေရာ
ယူထားသည်။ ဒီမိုကရေစီ နှင့် ပတ်သက်လျှင် ပိုင်ခွင့်များ၊ လွတ်လပ်ခွင့်များ
ကျင့်သုံးခွင့် ရရှိရေးကိုသာ ဦးစားပေး ပြောကြသည်။ ဒီမိုကရေစီ၏ သဘော
တရားတွင် အရေးပါသော အနှစ်သာရ ဖြစ်သည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း (Laws,
rules and regulations) တို့ကို ပစ်ပယ် ထားကြသည်။ ကောင်းမြတ်ခြင်း
တရားမှန်သမျှ ဗီဇ သဘောအရ ထိန်းချုပ်မှုက အလိုအလျောက် ပါရှိစမြဲ ဖြစ်သည်။
ထိန်းချုပ်မှု မရှိသော တရားတို့သည် ကောင်းမြတ် မှန်ကန်သော တရား(ဓမ္မ)
မဟုတ်နိုင်တော့ဘဲ မကောင်းသော တရား (အဓမ္မ) တို့သာ ဖြစ်နေလိမ့်မည်။
ပိုင်ခွင့်နှင့် လွတ်လပ်မှု တို့ကို ကျင့်သုံးရန် စဉ်းစားလျှင်
ထိုပိုင်ခွင့်များကို အခြားသူများ ထိခိုက်နစ်နာမှု မရှိအောင် မည်သည့်
စည်းမျဉ်းဘောင် အတွင်းမှ ကျင့်သုံး သွားမည် ဆိုသည်ကို ဦးစားပေး စဉ်းစားရန်
ထိုသို့ မဟုတ်ဘဲ rights နှင့် freedom တို့ကို စိတ်တိုင်းကျ ကျင့်သုံးရေး
အတွက်သာ စဉ်းစားနေမည် ဆိုလျှင် ဒီမိုကရေစီ၏ မူလဂုဏ်ရည်နှင့် အခြေခံမူတို့
ပျက်သုဉ်းကာ စိတ်ထင်ရာ လုပ်သည့် နိုင့်ထက်စီးနင်း လုပ်ရပ်များသာ
ဖြစ်သွားပေမည်။ အခြေခံ အကျဆုံး အမျိုးသား အကျိုးစီးပွား ဖြစ်သည့် တည်ငြိမ်
အေးချမ်းမှု ပျက်ပြား သွားပေမည်။
ထိုအခြေအနေမျိုးကို တပ်မတော်က
မလိုလား သလို ပြည်သူ အများစုကြီး ကလည်း မလိုလားပေ။ တည်ငြိမ်အေးချမ်း
လိုသည်။ တည်ငြိမ် အေးချမ်းမှုကို အရင်းခံပြုသော ဖွံ့ဖြိုး တိုးတက်မှုမျိုး
ကိုသာ ခံစားရယူ လိုသည်။ ထိုသို့ ရယူခံစား လိုသည့် မျှော်မှန်း တောင့်တချက်
နှင့်အညီ ပြည်သူများက တစ်ခဲနက် ထောက်ခံ အတည်ပြုခဲ့ပြီး ဖြစ်သည့်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီး တွင်လည်း နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်း
ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးကြောင်းနှင့် စီးပွားရေး
စနစ်သည် ဈေးကွက် စီပွားရေး စနစ်ဖြစ်ကြောင်း အတိအလင်း ပြဋ္ဌာန်းထားပြီး
ဖြစ်သည်။ တပ်မတော်နှင့် ပြည်သူ လက်တွဲလျက် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော
ဒီမိုကရေစီ စနစ် ကျင့်သုံးနိုင်ရန် ထက်သန်သော စိတ်၊ သည်းခံသော စိတ်ဖြင့်
တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည် ဖော်ခဲ့ကြရာ ယခုအခါ ရရှိပြီး ဖြစ်သည့်
အခြေခံကောင်း များဖြင့် အသစ်ပေါ်ထွန်း လာမည့် ပြည်ထောင်စု အဖွဲ့အစည်း များက
ဆက်လက် တာဝန်ယူ ဆောင်ရွက် သွားတော့မည် ဖြစ်သည်။
အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှ တပ်မတော်
မြန်မာတို့၏
တပ်မတော်သည် ပြည်သူ့ ရင်နှစ်သည်းချာ သားကောင်း ရတနာများဖြင့်
ဖွဲ့စည်းထားသည်။ မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း ဖြစ်တည်လာသည်။
ဖြတ်သန်းခဲ့ရာ ကာလ တစ်လျှောက် ရင်ဆိုင် ဖြေရှင်း ရယူခဲ့သည့် အတွေ့အကြုံ
များက တန်ဖိုးကြီးသည်။ နက်ရှိုင်း ကျယ်ပြန့်သည်။ ထို အတွေ့အကြုံ
များကြောင့်ပင် တပ်မတော်သည် ထက်မြက်သည့် စွမ်းရည်များ၊ ကောင်းမြတ်သည့်
အစဉ်အလာများနှင့် ပြည့်စုံသည့် တပ်မတော် ဖြစ်လာသည်။ ဤသို့သော ဂုဏ်ထူး
ဝိသေသများနှင့် ပြည့်စုံသည့် တပ်မတော်ကြီးကို ဂုဏ်ပြုသော အားဖြင့် နှစ်စဉ်
မတ်လ (၂၇) ရက်နေ့ကို တပ်မတော်နေ့ အဖြစ် ပြည်ထောင်စုကြီး၏ နေ့ထူးနေ့မြတ်
သတ်မှတ်လျက် အနှစ်သာရ ရှိရှိ ကျင်းပ နေသည်မှာ ဂုဏ်သိန်မြင့်သော
နိုင်ငံကြီးသား တို့၏ အစဉ်အလာကောင်း တစ်ရပ်ပင် ဖြစ်ပါသည်။
ယနေ့ဆိုလျှင်
တပ်မတော်ကြီးသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်သူက အပ်နှင်းသည့်
တာဝန်များကို အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍမှ ပါဝင်
ထမ်းရွက်တော့မည် ဖြစ်သည်။ ထို့အတွက်လည်း ပြည်ထောင်စုနှင့် ဒေသ ဆိုင်ရာ
လွှတ်တော် အသီးသီးတွင် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင် တက်ရောက်လျက်
ရှိနေပြီ ဖြစ်သည်။ နှစ်ဆယ့်ငါး ရာခိုင်နှုန်းသော တပ်မတော်သား လွှတ်တော်
ကိုယ်စားလှယ် များသည် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး အဖြာဖြာ
တို့တွင် အတွေ့အကြုံများ ကြွယ်ဝသည့် တပ်မတော်ကြီး အား ကိုယ်စားပြုကာ
ပြည်ထောင်စုကြီးနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသား တို့၏ အကျိုးစီးပွား
တိုးတက် ဖြစ်ထွန်းရေးကို ဦးဆွေးဆံမြည့် ထမ်းဆောင် သွားကြတော့မည် ဖြစ်ရာ
တိုင်းရင်းသား ပြည်သူတို့၏ ရင်နှစ်သည်းချာ သားကောင်း ရတနာများဖြင့်
ဖွဲ့စည်းထားသော တပ်မတော်သား ကိုယ်စားလှယ်များ၊ ပြည်သူ ရွေးကောက်
တင်မြှောက်လိုက်သည့် ပြည်သူ့ ကိုယ်စားလှယ်ကြီးများ ပေါင်းစု စည်းရုံး
ညီညွတ်စွာ၊ ချစ်ကြည်စွာဖြင့် ပြည်ထောင်စုကြီးအား အေးချမ်းသာယာပြီး
ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး ဖြစ်အောင် တည်ဆောက်လျက်
ရှိသည့် မြင်ကွင်းသည် တိုင်းရင်းသား ပေါင်းတို့၏ အနာဂတ် မျှော်မှန်းချက်
အတွက် ဂုဏ်ယူ အားတက်ဖွယ်ရာ ဖြစ်ကြောင်း မကြာမီ ကျရောက် လာတော့မည့်
တပ်မတော်နေ့နှင့် တပ်မတော်ကြီး အား ဂုဏ်ပြုရေးသား ဖော်ပြလိုက်ရ ပါသည်။ ။
(၂၀၁၁
ခုနှစ် မတ်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၃) မှ
ဆောင်းပါးရှင် မြင့်မောင် (Phil, Q) ၏ ဆောင်းပါးအား ကူးယူ ဖော်ပြခြင်း
ဖြစ်သည်။)
http://oppositeyes.blogspot.com/