ရွှေလီသား(မဘိမ်း)

Saturday, 21 April 2012

လက်ညှိုးတစ်ချောင်းကွေးတက်ဖို့

     


       ကျွန်တော်ငယ်ငယ်က မြန်မာသရုပ်ဆောင်တွေထဲမှာဆိုရင် ဦးကျော်ဟိန်းကိုခရေဇီ ။  ခေါင်းမမော့ပဲ မျက်လုံး ကို လှန်ကြည့်ပြီး အကြည့်စူးစူး နဲ့ စကားပြောတာတွေ ၊ စကားပြောတဲ့ အခါ အသံရင်းနဲ့ အားရပါးရ ပြောတက်တာတွေ ကြောင့် ကျွန်တော် စိတ်ထဲ အလွတ်ကျတ်မိနေတယ် ။ သူ့ဇာတ်ရုပ်တွေထဲ က မျက်စိထဲ စွဲ နေဆုံး နေရာတစ်ခုကတော့ လက်ဆယ်ချောင်းကိုထောင်ပြီး “ဒီလို … လက်ညှိုးလေးကွေးတက်ဖို့ ဆယ်နှစ် …ဆယ်နှစ်ဆိုတဲ့ ” နေရာပဲ ။ ငယ်ငယ်ကတော့ တွေးတယ် ဆယ်နှစ်ဆိုတာ မဖြစ်နိုင်ပါဘူး … သေနတ်လေးပစ်ဖို့ လက်ညှိုးလေး တစ်ချောင်းကွေးတာများ ဆယ်နှစ်ကြာတယ်တဲ့ … အဲလောက်ခက်လို့လား  ။

            ဝေဝေဝါးဝါး အတွေးများနဲ့ ပဲ ကျွန်တော်ကြီးပြင်းလာတယ် ။ အသက် ၁၆ နှစ်ကျော်တော့ စစ်တပ်ထဲဝင် စစ်ရေးပြလုပ်တဲ့ သေနတ်အစုတ်လေးကို ကျွန်တော် အရမ်းစူးစမ်းချင်မိတယ် ။ ကျွန်တော်သေနတ် ကိုဆော့တော့ လက်နက်သင်ပေးတဲ့ ဆရာကြီးက ငေါက်တယ် ။  “ သေနတ်ဆိုတာ သေတက်တဲ့ နတ်စောင့်တယ် ။ ကိုယ်တွယ်တဲ့ရည်ရွယ်ချက် ၊ အသုံးချတဲ့နည်းစနစ်မှန်ကန်ရင် ကိုယ့်အကျိုး ၊တိုင်းပြည်အကျိုးရှိသလို ၊ မှားယွင်းရင်လည်း အဲဒီ သေနတ်ဟာ မိမိကိုယ်သေစေသလို ၊ တိုင်းပြည်နဲ့လူမျိုးကိုအကျိုးယုတ်စေ တက်တဲ့ရန်သူပဲ ။ ကျည်မထွက်တဲ့ အစုတ်ပဲဖြစ်စေ ၊ အကောင်းပဲဖြစ်စေ မှားယွင်းတဲ့အမူအကျင့်ကို အစကိုမပြုရဘူး   ”  ဆိုပြီး ဆုံးမယ်တယ်  ။ ကျွန်တော်စိတ်ထဲမှာ ကျိတ်တွေးလိုက်မိတယ် “သေနတ်တွေကိုင်တက်ဖို့ အဲလောက်တောင်ခက်တယ် လား” ။
           အဲဒီနောက် သေတက်နဲ့ နတ်မျိုး တွေနဲ့ ကျွန်တော်အကျွမ်းဝင်ရင်းနှီးခဲ့တယ် ။ စနိုက်ပါ သင်ခန်းစာမှာ လက်ဖြောင့်တစ်ယောက်ရဲ့ ကျင့်စဉ် တွေနဲ့ကျွန်တော်ထိတွေ့ခွင့်ရခဲ့တယ်။ထိအောင်ချိန်၊မှန်အောင်ပစ်၊ပစ်လျှင်ထိရမည်၊ထိအောင်လည်းလေ့ကျင့်ရမည်..
ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း သေနတ်ဒင်ကို ပခုံးအပျော့မှာထောက် ၊ ပစ်မှတ်ကို ချိန်သီးနဲ့ထိအောင်ချိန် ၊ အသက်ရှုခြင်းနရီသံ မှန်မှန် လက်ညှိုးကိုကွေး ရိုးရိုးလေးလိုပါပဲ ။ လက်ဖြောင့်သမားတစ်ယောက်ဟာ စိတ်ငြိမ်ဖို့ ၊ မျက်စိရှင်ဖို့ ၊ လက်ညှိုးကွေးနရီသံ မှန်ဖို့ ဟာအရေးကြီးဆုံးပါပဲ ။ အဲဒီထဲမှာ အခက်ခဲဆုံးအဆင့်ကတော့ လက်ညှိုးကွေးခြင်းပါပဲ ။ လက်ညှိုးကွေးတက်ဖို့ ကို လမ်းလျှောက်ရာ ၊ ထမင်းစားရာ အိပ်နေချိန်မှ အပ အမြဲ တမ်းလက်ညှိုးကွေးကွေးပြီး ကျင့်ကြရတယ် ။

          လက်ညှိုးကွေးခြင်းဆိုလို့ ပြောရဦးမယ် စစ်သားရဲ့အသက်က လက်ညှိုး လို့ ကျွန်တော်ပြောရင် ယုံပါ့မလား ။ လက်ညှိုးပြတ် တဲ့ လူတစ်ယောက်ဟာစစ်သားလုပ်လို့ မရတော့ပါဘူး ၊ သေနတ်ပစ်လို့ လည်းမရတော့ပါဘူး ။ ကျန်တဲ့ လက်ချောင်းတွေ ဘယ်လောက်ပဲကောင်းနေသေးပါစေ အဲဒီလက်ချောင်းတွေ နဲ့ သေနတ်မောင်းကို ဆွဲတာနဲ့ လက်ညှိုးနဲ့သေနတ်မောင်းကိုဆွဲတာ လုံးဝမတူပါ ။ လူတိုင်းရဲ့ လက်ညှိုး ဟာ သာမန်လက်ချောင်းတွေထဲဇောင်းပိုမာတယ် ။ လျှက်တစ်ပြတ် လက်ချောင်းတွေ ကွေးကြည့် ပါ လက်ညှိုးတစ်ခုတည်းသာလျှင် စိတ် နဲ့ ထပ်တူကွေးနိုင်တယ် ။ လက်ညှိုးသာလျှင် ကြားထဲမှာနေရာလစ်လပ်မရှိအောင် ၃ ဆစ်လုံးထိနေအောင်ကွေးလို့ရတယ် ။ အဲဒီအရာတွေဟာ လက်ညှိုးကွေးတက်ဖို့ အရေးအပါဆုံးအချက်တွေပါပဲ ။

         နောက် လက်ညှိုးကွေးနရီသံမှန်ဖို့ ။ ညှပ်ရိုးအောက်အပျော့ကိုထောက်ထားတဲ့ သေနတ် ဟာ အသက်ရှုတာနဲ့ အမျှ သေနတ်ပြောင်း က အထက်အောက်လှုပ်နေတယ် ။ ရင်ဘက်ထဲ အသက်အပြည့်ရှုသွင်းချိန် လက်ညှိုးကွေးရင် ပစ်မှတ်ရဲ့အပေါ်ကိုထောင်မယ် ။ ရင်ဘက်ထဲလေတစ်စက်မှမရှိအောင် ထုတ်ပြီးတဲ့ချိန် ပစ်ရင် ပစ်မှတ်အောက်ကို ကျမယ် ။ အထက်အောက်မလှုပ်အောင်ဆိုပြီး အသက်အောင့်ပြီးပစ်ရင် အောက်ဆီဂျင် မပြည့်ဝတဲ့အတွက် လက်တုန်ပြီး သေနတ်ပြောင်းဟာဘေးဘယ်ညာယမ်းခါနေမယ် ။ အဲဒီတော့ ပုံမှန်အသက်လေးရှုပြီး အသက်ရှုခြင်းရဲ့ အလယ်မှာ လက်ညှိုးကွေးနရီသံမှန်နေဖို့လိုတယ် ။  ယနေ့ချိန်ထိ ပစ်ချက်တိုင်းထိပါတယ်ဆိုတဲ့ သေနတ်သမား တစ်ယောက်မှ မရှိသေးပါဘူး ။ ဘာလို့ လဲ အချိန်တိုင်းမှန်ကန်အောင် လက်ညှိုးမကွေးတက် လို့ပါပဲ ။

           ပညာရပ်တစ်ခုဆိုတာ လုံးစေ့ပတ်စေ့ သိဖို့ထက် တကယ်လုပ်ပြနိုင် ဖို့ ကပိုခက်တယ် ။ တကယ်လုပ်နိုင်ဖို့ ထက် ရလဒ်ကောင်းတွေထွက်ဖို့ ကပိုခက်တယ် ။ လိုချင်တဲ့ရလဒ်ထွက်ဖို့ ထက် အဲဒီရလာဒ်က အကျိုးရှိဖို့ က ပိုခက်တယ် ။ အကျိုးတစ်ခုရလာဖို့ထက် အဲဒီပညာရဲ့ အကျိုးကျေးဇူး ဟာအများအတွက်အသုံးဝင်ဖို့ကပိုခက်တယ် ။
လက်ညှိုးကွေးခြင်း ပညာရပ်တက်သွား ပြီပဲဆိုကြပါဆို့  ကာလံ ၊ ဒေသံ ၊ ရည်ရွယ်ချက် ၊ ကျင့်ထုံးတွေ မှန်မှန် နဲ့ လက်ညှိုးကွေးတက်ဖို့လည်းလိုသေးတယ် ။   စစ်ဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့မူဝါဒကို တနည်းတဖုံ ပုံဖော်ခြင်းလို့ စစ်ပညာရှင် ကလော့ဝဇ် ကဆိုခဲ့တယ်  ။  စစ်သည်တော် ကျင့်ဝတ် ရန်သူပေါ်ထားရှိရမဲ့ သဘောထားမှာလည်း “လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ရန်သူကို မတိုက်လျှင် မဖြစ်သာ တိုက်နေရ ကြောင်း နားလည်ပါစေ ။ ”  လို့ ပြဆိုထားတယ် ။  တိုင်းပြည်နဲ့ လူမျိုးကောင်းကျိုးအတွက်ဆိုပါလျှင် အသက်တွေလောင်းကြေးထပ်လို့လည်း လက်ညှိုးကွေးတက်ရမယ် ၊ အဲလို မှမဟုတ် ပဲ ကိုယ်ကျိုး ၊ ပုဂ္ဂလ အကျိုးတွေအတွက်ဆိုရင်တော့ ကျွန်တော်တို့ လက်ညှိုးတွေ မကွေးတက်အောင် ဖြတ်သင့်ရင်ဖြတ်ပစ်ရမယ် ။  ဒါတွေ ဟာ လက်ညှိုးကွေး ခြင်းရဲ့ သိမ်မွေ့တဲ့ အနုပညာတွေပဲ ။

          ကိုကျော်ဟိန်းရဲ့ “ဆယ်နှစ် ဆယ်နှစ် ” တကယ်ကို မဖြစ်နိုင်မှန်း ကျွန်တော် သေချာ သိသွားခဲ့ပြီ ။ ခုနေ ကိုကျော်ဟိန်းရှေ့မှာ သရုပ်ဆောင်ခွင့် ရရင် သရုပ်ဆောင်ပြချင်တယ် ။ လက်ဆယ်ချောင်း တော့ မထောင်တော့ပါဘူး ။ လက်ညှိုးတစ်ချောင်း ကို ထောင် ပြီး အသံဝါဝါ နဲ့ အားပါပါ ပြောလိုက်ချင်တယ်
“ ဒီလို လက်ညှိုးလေးကွေးတက်ဖို့  ....  တစ်သက်…တစ်သက်  ”…။


(ရုပ်ဆိုး)

ဖေ့စ်ဘုတ်မှကူးယူဖော်ပြပါသည်။ 

စစ်သားဟုခေါ်သည်





ကျွန်တော်
လွတ်လပ်မှုကိုတပ်မက်စွာ မြတ်နိုးသည်
သို့သော် ... ဝါသနာ ခံယူချက်အတွက်
ပုံစံခွက် နှင့် ကျင်လည်သည် ...။

ကျွန်တော်
အမိန့်ဆိုသောအရာကိုခါးသီးစွာမုန်းပါသည်
သို့သော် ...သစ္စာလေးတန် အဓိဌာန်ကြောင့်
ရွှေ့တဲ့အကွက်တိုင်းမှာ တာဝန်ကျေမည် ...။

ကျွန်တော်
နှလုံးသားစေစားရာ ဦးနှောက်နှင့် ရှာလိုသည်
သို့သော် .... ပုခုံးမှာဖက်ဖူးတဲ့ လက်တွေအတွက်
ကျွန်တော့် ဘဝကို ပုံအပ်ထားသည် ...။

ကျွန်တော်
လက်နက်တွေမုန်းပါသည်
သို့သော် ...တိုင်းပြည်ကန်သင်းခလုတ်ရှင်းဖို့
ကိုယ် နှင့်မကွာ ဖက်အိပ်နေပါသည် ....။

ကျွန်တော်
သေရမှာကြောက်ပါသည်
သို့သော် ... တိုင်းပြည်အတွက် ဆိုပါက
နောက်ထပ်အခါခါ ပြန်လည်မွေးဖွားနေဦးမည်ဖြစ်သည်...။

ကျွန်တော်
သူတပါးအားသတ်ဖြတ်ရမှာစိုးရွံ့ပါသည်
သို့သော် ...နိုင်ငံနှင့် လူမျိုးးအတွက်ဆိုပါက
ပါဏာတိပါတ် ကို တရစပ်လိုင်စင်ဆွဲလိုသည်...။

ဤတိဤသို့
စိတ်ထားရှိခြင်း ၊ ခံယူခြင်းကြောင့်
ကျွန်တော့်ကိုကျွန်တော်စစ်သားဟုခေါ်သည် ....။

(ရုပ်ဆိုး)
https://www.facebook.com မှကူးယူဖော်ပြပါသည်။

Tuesday, 17 April 2012

သွေးနဲ့ရေးသော အမေ့မျက်ရည် (သို့) အာဇာနည်မေမေ ( ၀တ္ထု တို ပထမ ဆုရ)



စစ်တက္ကသိုလ် စာပေဌာန(၂) ဘာသာစကားသင်တန်းအမှတ်စဉ်(_) ၏ မနက်ခင်းတခု ဖြစ်သည်...။ တန်းစီသစ္စာဆိုအပြီး ကန်တင်းဘက်ကိုဆင်းလာရင်း မနက်တိုင်းဖတ်နေကျ မြန်မာ့အလင်း သတင်းစာကို ဆွဲယူဖတ်လိုက်မိသည်.. ။ "ဟင်.." ။ အာမေဋိတ်သံတစ်ခု ထွက်သွားမိတဲ့အထိ ကျွန်တော်အံ့သြမှင်သက်သွား..။ အာခေါင်တွေလဲခြောက်လို့ ရင်ဘတ်တခုလုံး နာကျင်သွားစေသည့် သတင်းတခုပါ ။ "မဟုတ်ပါစေနဲ့လို့" အကြိမ်ကြိမ်ဆုတောင်းနေမိရင်း ဖုန်းဆိုင်ရှိရာဆီသို့ ခြေထောက်တို့က အပြေးအလွှား ဦးတည်၍သွားနေခဲ့သည်ကို ကိုယ့်ကိုယ်ကိုပင် လျှင် သတိမထားမိခဲ့ပါ ..။ ရင်တခုလုံးကို နာသွားအောင် အရာတခုခုဖြင့် ထုနှက်ထားသကဲ့သို့ပင်.. ။ အသက်ရှူတွေပင် သိပ်မ၀ချင်ပါ။ ဖုန်းဆိုင်ရောက်သည်နှင့် လင်းလင်းတို့အိမ်ဖုန်းကို အငမ်းမရနှိပ်လိုက်မိသည်။  ဖုန်းလာကိုင်သည့် ဗိုလ်ကြီး လင်းလင်းစိုး၏ မိခင်ဖြစ်သူ (အန်တီ)၏ အသံမှာ ထင်မှတ်ထားသကဲ့သို့မဟုတ်ဘဲ တည်ငြိမ်အေးစက်၍ နေသည်.။ "အန်တီ.. သားပါ မောင်.... ပါအန်တီ.." လို့ပြောလိုက်တော့ အန်တီက "အေးသားလေး ..ပြောလေ" ဆိုပြီး ဖြေလိုက်သည့်အသံမှာ တခုခုကိုမေးတော့မည် ဆိုသည်ကို ကြိုတင်သိနေသော အငွေ့အသက်တွေ ပါဝင်နေခဲ့သည်။ "မဟုတ်ပါစေနဲ့ မဟုတ်ပါစေနဲ့" လို့ အကြိမ်ကြိမ် တီးတိုးဆုတောင်းရင်း အရဲစွန့်မေးလိုက်သည်။ "သတင်းစာထဲမှာပါလာတဲ့ ဗိုလ်ကြီးလင်းလင်းစိုး ရုတ်တရက် ကွယ်လွန်ခြင်းသတင်း က"  လို့ ကျွန်တော်က မေးလိုက်သည့် မေးခွန်းလေး မဆုံးခင်မှာပင် အန်တီကတန်း၍ ဖြေရှာပါသည် "ဟုတ်တယ်သားလေး မင်းသူငယ်ချင်း လင်းလင်း တိုက်ပွဲကျသွားပြီသားရယ် ဆွဲမိုင်းထိတယ်လို့ ခမရ ၃၆၉ တပ်က အကြောင်းကြားလာတယ်.. အလောင်းတော့ ပြန်မရပါဘူးသား အရိုးအိုးပဲ ရလိုက်ပါတယ်" လို့ ပြောအပြီး အန်တီ့ရဲ့စကားသံတွေက သိမ်ဝင်သွားခဲ့သည်။  အန်တီတယောက် တဦးတည်းသော သားအတွက် မည်မျှနာကျင်အောင့်သက်နေမည်မှန်း ကျွန်တော် နားလည်ခံစားပေး၍ရပါသည်။ ခင်ပွန်းသည် ယောက်ျားမရှိတော့သည့်နောက်ပိုင်း  သားတယောက်တည်းနှင့် နှစ်ပေါင်းများစွာ ဘ၀ကို အထီးကျန်စွာ အားတင်း ဖြတ်သန်းကျော်လွှားခဲ့ရသည့် အိမ်ထောင်ရှင်မိန်းမတယောက်၏ သတ္တိကို ကျွန်တော် မလေးစာဘဲ မနေနိုင်ပါ။ "မျှော်လင့်ချက်က မေမေ့သား၊ မေမေ့သားက မျှော်လင့်ချက်ပါ" လို့ ဖုန်းဆက်တိုင်း သူငယ်ချင်းလင်းလင်း ကို ဆုံးမတတ်သည့် အန်တီ့ရဲ့မေတ္တာစကားသံများသည် သားအရင်းမဟုတ်သည့် ကျွန်တော့်ရဲ့ရင်ထဲအထိ နွေးထွေးစေခဲ့ဖူးသည်။ "သား" လို့ ဖုန်းထဲကခေါ်လိုက်သော ဒေါ်ဘရဏီစိုး၏ တည်ငြိမ်အေးချမ်းနေသော အသံသည် ကျွန်တော့်ရဲ့ မတည်ငြိမ်မှုတွေကို အတန်ငယ် ထိန်းကွပ်ပေးခဲ့သည်။ ကျွန်တော့်ရဲ့တွေးလက်စ အတွေးတွေ ရုတ်တရက်ရပ်သွားပြီး "ဟုတ်ကဲ့ပါ အန်တီ" လို့ ထူးလိုက်မိသည်။ ထိုအချိန်တွင် ဖြေစရာစကားထို့ထက်ပိုမရှိသလို ပြောစရာစကားတွေကလဲ ဆွံ့အတိတ်ဆိတ်၍ နေပါသည်..။ "သားသူငယ်ချင်း အစ်ကိုအတွက် စိတ်မကောင်းဖြစ်နေတာ အန်တီနားလည်ပါတယ် ဒီအပတ်အိမ်မှာရက်လည်လုပ်မယ် သားလာနိုင်မယ်ဆိုရင်တော့ အန်တီ သားကို စကားတွေ ပြောချင်သေးတယ်" လို့ ရှိုက်သံအနည်းငယ်သာ စွတ်ဖက်ထားသော အသံတိုးလေးနှင့် အန်တီကပြောခဲ့သောအခါ တိုင်းပြည်အာဇာနည် သူငယ်ချင်းလင်းလင်း၏ ကျဆုံးမှု ရက်လည်ကို ချီးကျူးဂုဏ်ပြုအလေးပြုနိုင်ဖို့ ရုံးပိတ်ရက်တွင် အရောက်သွားနိုင်ရန် ကြိုးစားခဲ့ပါသည်။ အိမ်ကိုရောက်သောအခါတွင်လည်း ထင်ရက်စရာမရှိနိုင်အောင် တည်ငြိမ်နေသည့် သားကိုသိပ်ချစ်သော၊ သားအတွက်ဆို အမြဲအဆင်သင့်ရှိသော အန်တီ၏ သားတစ်ယောက်လုံး ဆုံးရှုံးသွားမှုအပေါ် အဆမတန် တည်ငြိမ်နေမှုကို မေးခွန်းထုတ်ဖို့လဲ အကြိမ်ကြိမ် စဉ်းစားနေမိပါတော့သည်..။
လွန်ခဲ့သည့် (၉) နှစ်ခန့်ကာလတခု၌ အရှေ့တောင်အာရှ၏ တခုတည်းသော စစ်ကျောင်းကြီးလည်းဖြစ် အများမှ (D.S.A) ဟုအလွယ်ခေါ်ဝေါ်သမုတ်ကြသည့် ( Defence Services Academy) (စစ်တက္ကသိုလ်)၏ မနက်ခင်းတခုမှာဖြစ်ပါသည်။ " ဘယ်ညာ ဘယ်ညာ ဘယ်ညာ ဘယ်" " ဆောင်ပုဒ်ဆို" ကျားထိုးသံတွေဆူညံစွာနှင့်  ပန်းလှေကားမြို့တော် ပြင်ဦးလွင်၏ အအေးဒဏ်များအား အန်တုလို့ မနက်ခင်းအလှကို ချွေးများစွာဖြင့် အလှဆင်နေသော "နောင်တခေတ်၏အောင်စစ်သည်" ဗိုလ်လောင်းများ၏ မနက်ကိုယ်လက်ကြံ့ခိုင်ရေး သင်ခန်းစာ စတင်အသက်ဝင်နေခဲ့ပြီ ဖြစ်သည်။ ထိုကာလများသည် အမှတ်စဉ်တခုတည်းတွင် PTအတူတူပြေး၊ စီနီယာ၏အပြစ်ပေးမှုကို အတူတူပခုံးဖက်ခုန်၊ ပခုံးဖက်ဂျွမ်းထိုးရင်း ဘ၀တူဖြတ်သန်းခဲ့ကြသည့် အချိန်များပင် ဖြစ်သည် ။ ဆယ်ကျော်သက်ဘ၀များ ဖြစ်သောကြောင့် ပင်ပန်းမှု ဒဏ်ခံနိုင်သူ၊ ခံယူချက်ပြင်းထန်သူများမှ အရာရှိဆိုသည့် ပန်းတိုင်ကိုအရောက်လှမ်းဆွတ်ခူး နိုင်မှာဖြစ်ပြီး စိတ်ဓါတ်ပျော့ညံ့သူ၊ ကျန်းမာရေးချို့ယွင်းသူများမှာမူ ပန်းတိုင်မရောက်ခင်ပင် နောက်လှည့်အိမ်ပြန် ကြရမည်သာ ဖြစ်ပါသည်။ ကျွန်တော်ကလဲ ကာယအရာမှာ ထိပ်တန်းပြေးသူ တစ်ယောက် မဟုတ်လေတော့ ဗိုလ်လောင်းဘ၀ လက်ရုံးရည်လေ့ကျင့်မှုများ၏ ပြင်းထန်မှုကို ခိုင်မာသည့် စိတ်ဓါတ်အားနှင့် နှလုံးရည်အား တို့ဖြင့် ခက်ခဲစွာ ဖြတ်သန်းခဲ့ရဖူးပါသည်။ ထိုသို့ ဖြတ်သန်းစဉ် အားပေးလက်တွဲ ခေါ်ယူခဲ့သည့် လင်းလင်းဆိုသည့် သူငယ်ချင်းအစ်ကို တယောက်၏ အခန်းကဏ္ဍသည် ကျွန်တော့်ဘ၀ အရာရှိတယောက်အဖြစ် ဖြစ်တည်ရေးတွင် အရေးပါခဲ့သော တကယ့်အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။ သူငယ်ချင်းလဲဖြစ် အစ်ကိုတယောက်လိုလဲ တကယ်ချစ်ရသည့် လင်းလင်းသည် ကျွန်တော့်ထက်အသက်အနည်းငယ်ပင် ပိုကြီးသေးသည်။ PTပြေးချိန် သူများထက်နောက်မကျစေရန် ခြေထောက်နှင့်မပြေးဘဲ စိတ်ဓါတ်နှင့််ပြေးသင့်ပုံ၊ အပြစ်ပေးခံရချိန် စိတ်အားငယ်လာလျှင် အရှုံးမပေးတတ်သော သတ္တိနှင့်ခံယူသင့်ပုံ၊ တယောက်စာနေထိုင်ချိန် ခုတင်နှင့်ကစ်အခင်းအကျင်းများကို စည်းကမ်းစိတ်ဓါတ်နှင့် ထားရှိသင့်ပုံ များအား လက်တွဲခေါ်ယူသင်ကြားပေးတတ်သေးသည်။ အမှတ်စဉ်တခုတည်း ဖြစ်သော်လည်း သူ၏တည်ငြိမ်ရင့်ကျက်မှုနှင့် ဘ၀အခင်းအကျင်းသည် စိတ်ဝင်စားစရာ အင်မတန်ကောင်းလှပါသည်။ ထိုအရာများကို ဆယ်ကျော်သက်ဘ၀၌ပင် ပိုင်ဆိုင်ထားသည့် လင်းလင်းဆိုသည့် ဗိုလ်လောင်းတယောက်အား ပံ့ပိုးပေးသည့်အရာကို ကျွန်တော်အလေးအနက်ထား စိတ်ဝင်စားလို့ နေမိသည်မှာ အထူးအဆန်းတော့မဟုတ်ပါချေ။ တကယ်တော့ ဖတဆိုးသားတယောက်ဖြစ်သည့် လင်းလင်း၏ခံယူချက်၊ လင်းလင်း၏စိတ်ဓါတ်နှင့် လင်းလင်း၏ စည်းကမ်းတို့သည် ဒေါ်ဘရဏီလင်းဆိုသည့် လင်းလင်း၏မိခင် အန်တီ၏ ခံယူချက်၊ စိတ်ဓါတ်နှင့် စည်းကမ်းများ ဖြစ်သည်ကို နောက်များမှ သိခဲ့ရတာဖြစ်ပါသည်..။ "သားကို မေမေသိပ်ယုံတယ်၊ မေမေ့ကိုသားသိပ်ချစ်မှန်း မေမေသိလို့ သားဖြစ်ချင်တာဆို မေမေက တားမြစ်ထားတာမျိုး ဘယ်တော့မှမလုပ်ခဲ့ဘူး ဘယ်တော့မှလဲ လုပ်မှာမဟုတ်ဘူး မေမေက သားရဲ့ မိခင်တစ်ယောက်လဲ ဖြစ်သလို သားရင်ထဲက တီးတိုးခံစားချက်အပါအ၀င် ခံစားချက်မျိုးစုံကို ဖွင့်ဟတိုင်ပင်လို့ရအောင် နားလည်ပေးနိုင်တဲ့ မိတ်ဆွေသူငယ်ချင်းတယောက်လဲ ဖြစ်တယ်ဆိုတာ သားမမေ့နဲ့နော်" ဟု လင်းလင်းတယောက် အန်တီ့ထံ ဖုန်းဆက်ချိန်တိုင်း အားပေးစကားများကို အန်တီကထိုကဲ့သို့ ပြောတတ်ပါသေးသည်။ လင်းလင်း၌ အားလုံးထက်သာသည့် တချက်မှာ ဘယ်အရာကိုပဲလုပ်လုပ် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပြင်းပြင်းထန်ထန်နှင့် ကိုယ်ကျိုးစွန့် လုပ်ကိုင်တတ်သော ၀ံသာနုစိတ်ဓါတ်လေးဖြစ်သည် ။ ဒီလိုတွေဖြစ်လာစေရန် သူ့အမေမှ ဘယ်လိုဘယ်ပုံ သင်ကြားပေးခဲ့ ဆုံးမပေးခဲ့သည်များကို ကျွန်တော့်အား အမြဲပြောပြပေးခြင်းဖြင့် ကျွန်တော်၏ စိတ်ဓါတ်များ သူ့ကဲ့သို့ ရဲရင့်မာကျော၊ ပြတ်သားတိကျ၊ ဇောက်ချဇွဲရှိ  ဖြစ်လာစေရန် လမ်းပြပေးခဲ့သည်ဟုဆိုလျှင် မမှားနိုင်ပါချေ။ သားကိုမေတ္တာနှင့်အုပ်ချုပ်တတ်ပြီး တယောက်တည်းရှိသော သားတယောက်ကို အရာရှိကောင်းတယောက် အသက်စွန့်အာဇာနည်ကောင်း တယောက် ဖြစ်လာစေရန် မွမ်းမံပြုစုပေးခဲ့သည့် အန်တီဒေါ်ဘရဏီလင်းကဲ့သို့သော မိခင်တယောက်ကို ကိုယ့်မိခင်အရင်း တစ်ယောက် မဟုတ်သည့်တိုင်  ဒုတိယမေမေဟု အမည်တပ်ခေါ်ဝေါ်ချင်မိခဲ့သည်။
၂၀၀_ ခုနှစ် ဗိုလ်လောင်းကျောင်းဆင်းပွဲပြီးချိန် တာဝန်ကျရာတပ်အသီးသီးသို့ ပြောင်းရွှေ့သွားခဲ့ချိန်မှ စကာ အဆက်အသွယ် ပြတ်သွားခဲ့သည့် ကျွန်တော်တို့ သူငယ်ချင်းညီအစ်ကို(၂) ယောက်သည် သတင်းစာထဲတွင် လင်းလင်း၏ တိုက်ပွဲကျဆုံးသတင်း ပါလာမှ ပြန်တွေ့ရမည့်အဖြစ်မှာ အင်မတန်နာကျင်အောင့်သက်စရာ ကောင်းလှသည်။ တိုင်းပြည်အတွက်လည်း အာဇာနည်တယောက် နစ်နာဆုံးရှုံး ရသကဲ့သို့ ကျွန်တော်တို့သူငယ်ချင်း တွေအတွက်မှာမူ လက်တဖက်(သို့) အားတခုဖြတ်တောက်ခံလိုက်ရသည်နှင့် ဆင်တူလှပါသည် ။ ဒါဆိုအန်တီ့အတွက်ဆိုလျှင် ရော ။ အန်တီတယောက် ဒီအချိန်ဆိုလျှင် အားအင်တွေချိနဲ့လို့ ရွှေတောင်ကြီးပြိုလဲသလို ချုန်းချုန်းကျ ငိုကြွေး ကျဆုံးနေလောက်ပြီ ထင်ပါ၏။ သားတယောက်တည်းနှင့် ဘ၀တခုလုံး ကို အမေတခု သားတခု ရှင်သန်ခဲ့ရရှာသော ထိုမိခင်သည် အရူးတပိုင်း ဖြစ်အောင် ပူလောင်နေလောက်တော့မည် ။ တည်ငြိမ်မှုတွေလျော့လို့  အန်တီတယောက် ခံနိုင်ရည်ရှိပမလားရယ်လို့ တွေးထားသော ကျွန်နော်၏အတွေးများစွာ ကို အန်တီက တကယ့်ခံယူချက်ကောင်းသော  တည်ငြိမ်မှု စစ်စစ်များဖြင့် အနှစ်သာရရှိရှိ သက်သေပြခဲ့ပါသည် ။ အန်တီ့အိမ်ကိုရောက်သွားသောအခါ အန်တီက ကျွန်တော့်အား လှိုက်လှဲစွာနှုတ်ဆက်ရင်း၊ ကျွန်တော့်လက်မောင်းကို တင်းတင်း ဆုတ်ကိုင်ထားရင်း ဧည့်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည် ။ ကျွန်တော့်ကို မြင်မြင်ချင်း အန်တီ့ မျက်နှာအမူအရာ အနည်းငယ် မှေးမှိန်ပြောင်းလဲ သွားသည်မှ လွဲလျှင် မျက်ရည်များ စီးကျလာခြင်းမျိုးနှင့် အားငယ်မှု တစုံတရာဖြစ်ခြင်းမျိုးကို အန်တီမှ  မပြသခဲ့ပါ ။ လင်းလင်း၏ ယူနီဖောင်းအပြည့်ဖြင့် ရိုက်ထားသည့် ဓါတ်ပုံရှေ့တွင် အမွှေးတိုင်တချို့က နေရာယူထားသည် ။ လင်းလင်းဓါတ်ပုံကို တချက်လှည့်ကြည့်ရင်း အန်တီမှ ပြုံးလိုက်သေးသည်။ ပြီးမှ သားအမိအရင်းတွေလို တယောက်လက်တယောက်ကိုင် နွေးထွေးမှု အပြန်အလှန်ပေးကြရင်း နှင့်ပင် ကျွန်တော်က စကားစလိုက်မိသည်။ "သားခုချိန်မှာ ယူကျုံးမရအဖြစ်ရဆုံးက လင်းလင်းကို နောက်ဆုံးချိန်လေးတောင် မမြင်လိုက်ရတာပဲ အန်တီရယ်။ သားတို့သူငယ်ချင်းတွေ သေကွဲကွဲတာတောင် မမြင်လိုက်ရပါလားဗျာ။ ပြီးတော့ တည်ငြိမ်အေးချမ်းနေတဲ့ အန်တီ့ကို သားနားမလည်နိုင်သေးဘူး ." လို့ပြောရင်းစီးကျလာတဲ့ မျက်ရည်တွေကို အန်တီမှ ပြုံးပြသုတ်ပေးရင်း ပြောပြခဲ့သည့်စကားများသည် ခုချိန်ထိရင်ထဲမှာ စွဲကျန်နေခဲ့တော့တာဖြစ်သည် ။ "သားရဲ့ ၂၁ နှစ်ဆိုတဲ့ အရွယ်ကာလက လောကကြီးနဲ့ ယှဉ်ရင်ငယ်ပါသေးတယ် အန်တီတို့က ဘ၀အတွေ့အကြုံတွေ များပါပြီ မင်းအစ်ကို လင်းလင်းကို စစ်တက္ကသိုလ် စတက်ပြီဆိုကတည်းက အန်တီကတိုင်းပြည်ကို လှူလိုက်တာပါ ကိုယ့်အသွေးအသားဖြစ်တဲ့ သားတယောက်ကို လှူဒါန်းလိုက်ရတာ သိပ်မြင့်မြတ်တဲ့ မိန်းမတွေကမှ လုပ်နိုင်တယ်လို့ အန်တီကခံယူထားတယ် သားလေးကလဲ သာမန်လူတွေ မလုပ်နိုင်တဲ့ တိုင်းပြည်ဝန်ထမ်းထဲကမှ စစ်ဗိုလ်ဆိုတဲ့ လမ်းကိုရွေးခဲ့တာမို့ သူ့စိတ်ဓါတ်အတွက်လဲ အန်တီက ကျေနပ်ပါတယ်သားရယ် ခုချိန်မှာ ယူကျုံးမရကြေကွဲရတာကို အန်တီမငြင်းပေမယ့် ကျေနပ်စွာ ၀မ်းနည်းပါတယ် သားတယောက်ကို လှူဒါန်းလိုက်တယ်ဆိုတာ ပေးဆပ်လိုက်တာပါ ပေးဆပ်လိုက်တာက မြင့်မြတ်ခြင်းပါ မြင့်မြတ်ခြင်း အတွက် ကျေနပ်ခြင်းပဲ ရှိရမယ် ၀မ်းနည်းခြင်း မဖြစ်ရဘူး ဖြစ်စရာလဲ မလိုဘူး သူကလဲအကောင်းဆုံး လုပ်ခဲ့သလို အန်တီကလဲ အကောင်းဆုံး ပြင်ဆင်နေခဲ့တာပါ သားလင်းလင်းရဲ့ ရုပ်ခန္ဓာကဒီလောကမှာမရှိတော့တာပါ အန်တီ့ရင်ထဲမှာ မရှိတော့တာ မဟုတ်ဘူး တိုင်းပြည်တပြည်လုံးအတွက် သားလေးက တကယ်အသက်ပေးခဲ့ရှာတာ သားလေးပေးခဲ့တဲ့ အသက်တချောင်းအတွက် အသက်တွေအများကြီး ဆက်လက်ရှင်သန်နေကြတယ် မြန်မာပြည်မှာရှိတဲ့ ပြည်သူထုကြီး တရပ်လုံးရဲ့ အသက်တွေက အန်တီ့သားလေးရဲ့ အသက်လေးတွေပဲလို့ တွေးရင်း စိတ်အားဖြည့်ရင်း အန်တီကျေနပ်နေတာပါ အန်တီ့ရဲ့အသွေးအသားဖြစ်တဲ့ သားတစ်ယောက်ရဲ့ အာဇာနည်လုပ်ရပ်အတွက် အာဇာနည်အမေဖြစ်ရခြင်းအပေါ် အန်တီက သိပ်ကျေနပ်တာပါ သား" လို့ပြောရင်း တည်ငြိမ်စွာ စီးကျနေသည့်  အန်တီ၏ နှလုံးသား မျက်ရည်များအား  ကျွန်တော်သုတ်ပေးရန် ထိုအချိန်တွေက အားမရှိခဲ့ပါ။ အိမ်အပြန်လမ်းတလျှောက်နှင့် ဘ၀လမ်းကြောင်းတလျှောက် အန်တီ၏ ခံယူချက်စကားသံများသည် သူငယ်ချင်းမိတ်ဆွေ တစ်ယောက် ဆုံးရှုံးရမှုအပေါ် အမြဲအားပေးနေခဲ့သလိုပင် ခံနိုင်ရည်ရှိစေခဲ့ပါတော့သည် ..။
ထိုလွန်ခဲ့သော ၆ နှစ်ခန့်လောက်က အန်တီဒေါ်ဘရဏီစိုး၏ ခံယူချက်စကားလုံးများသည် ယခုချိန်ထိ ကျွန်တော့်နှလုံးသားထဲ စွဲလို့နေသေးသည် ။ စစ်သက်ကြာလာသည်နှင့်အမျှ အသက်ပေးကာကွယ်ခဲ့ကြသည့် အာဇာနည်သူငယ်ချင်းတွေလည်း များပြား၍ လာနေခဲ့ကြသည် ..။ အန်တီကဲ့သို့ အာဇာနည်မိခင်များ မြန်မာပြည်တွင် ဘယ်လောက် များလိုက်ကြမလည်း ကျခဲ့ကြသော မျက်ရည်များ  ဘယ်လောက်များလိုက်ကြမလည်း  နှလုံးသားတွေလည်း ဘယ်လောက်များ လိုက်ကြမလည်း  ဆိုသည်မှာ ကျွန်တော်တို့  ရေတွက်လို့ပင် ရနိုင်ပါမည်လော။  "မင်းမရှိတော့ပေမယ့် မင်းရဲ့ အာဇာနည်စိတ်ဓါတ်တွေ အာဇာနည်အငွေ့အသက်တွေ ကျန်နေသေးတယ် သူငယ်ချင်း ပြည်သူထုရဲ့ အသက်တွေက မင်းပေးဆပ်ခြင်းကနေ ရခဲ့တဲ့ ရလဒ်တွေပါ မင်းရဲ့သေဆုံးခြင်းက ပျောက်ကွယ်သွားခြင်းမဟုတ်ဘူး တည်ရှိနေခြင်းပါ မြင့်မြတ်ခြင်းပါ မင်းမှာ မင်းအတွက် ဂုဏ်ယူရင်း ဆက်လက်ရှင်သန်နေတဲ့ အာဇာနည်မေမေတယောက်ရှိတယ် အဲဒီအာဇာနည်မေမေမှာလဲ မင်းလိုပေးဆပ်ရဲလွန်းတဲ့ ၀ံသာနုသားတယောက်ရှိတယ် မင်းတို့သားအမိနှစ်ယောက်ရဲ့ အာဇာနည်စိတ်ဓါတ်ကို လေးစားစွာ အလေးပြုလိုက်ပါတယ်" လို့ လင်းလင်းနဲ့ အာဇာနည်မေမေ အန်တီဒေါ်ဘရဏီစိုးကို ကျွန်တော် ပြောပြချင်မိသည် ..။ ထိုကဲ့သို့ တိုင်းပြည်အတွက် စတေး သွားသည့် တပ်မတော်သား အားလုံးတို့နှင့် ထိုသူတို့၏ မိခင်များမှ  တိုင်းပြည်အပေါ်ပေးဆပ်မှုကို မည်သူကမှ သတိထားမကြည့်လျှင် သိနိုင်မည်မထင် ။ ဒီမျက်ရည်တွေ မည်သူမှ သုတ်ပေးနိုင်မည် မထင်။ ဒီခံစားချက် မည်သူမှနားလည်ပေးနိုင်မည် မထင်။ ဒီသားတွေအတွက် ဒီမေမေတို့၏ ရင်တွင်း နာကျင်မှုများစွာကို နှိမ်သိမ့်ပေးနိုင်မည် မထင်။ မျက်ရည်တွေ နှလုံးသားတွေ ခံယူချက်စိတ်ဓါတ်တွေ ရင်းနှီးပြီးသော်လည်း  ဘယ်အရာတစိုးတစဉ်းသော်မျှ ပြန်လည်ရယူခြင်း အလျဉ်းမရှိတဲ့ တိုင်းပြည်၏ အာဇာနည်မေမေများစွာအတွက်  "အာဇာနည်မိခင်"  ဆိုသည့်ဆုတခုကို ပေးလို့ရမည်ဆိုလျှင် ပေးစေချင်မိကြောင်း မချင့်မရဲပြောမိရင်း လွန်ခဲ့သော နှစ်အတန်ကြာက မြန်မာ့ တပ်မတော်အရာရှိ တစ်ဦး၏  အာဇာနည်မိခင်မေမေ တယောက်အကြောင်း တကယ့်ဖြစ်ရပ်မှန်ကို လူအများအား သိစေချင်သော စေတနာ ကို ရှေ့ထား ရေးသား မိရပါတော့သည် ..............။

                                                                                                   ကောင်းကင်
ဒီဝတ္ထုတိုကို တိုတိုလေးရေးထားရပေမယ့် တကယ်တမ်းရေးမယ်ဆို အနည်းငယ် ပိုရှည်မှာဖြစ်ပါတယ် .. ဒီမှာရေးထားတဲ့ စကားလုံး တလုံချင်း စာလုံးတလုံးချင်းဟာ သားကို ချစ်တဲ့အမေတယောက်ရဲ့ ဘ၀ရပ်တည်မှု ၊ စစ်သားတယောက် ရဲ့ ဘ၀တာတိုတိုမှာ အမေဟာ ရင်နာကျန်ရစ်ရတဲ့ ခံစားချက်တင်ပြမှု  အချို့အပါအ၀င် ကျဆုံးသွားတဲ့ နိုင်ငံ့စစ်သည်တယောက်ကို သားအဖြစ်တော်ထားရတဲ့  ကလကာနောက်ကွယ်က  အမေတယောက်ရဲ့ နှလုံးသားဒဏ်ရာ တွေအတွက် စိတ်အားဖြည့်ရေးသားထားရခြင်းဖြစ်ပါတယ် .. စစ်သားမေမေများ စိတ်ချမ်းသားကိုယ်ကျန်းမာကြပါစေ ... ။ မိခင်တိုင်းရဲ့ မေတ္တာစိတ်နှင့် နှလုံးသားနို့ရည် တစက်ကို ဒီစုတ်တံတချက်ဖြင့် ကျေးဇူးဆပ်လိုက်ရပါသည် ..။



 

အကိုတစ်ယောက်ပေ့စ်မှကူးယူဖော်ပြပါသည်။ 

Wednesday, 11 April 2012

စစ်သားတစ်ယောက်ရဲ့ လွမ်းရိပ်ဝေသော တာသင်္ကြန်နဲ့ ပိတောက်တခက်



ပိတောက်ပန်းတွေတောင် ပွင့်နေပြီ။ရနံသင်းပျံ့လှပါဘိ.. ပန်းပိတောက်တို့ရယ်….မနက်ဖြန်ဆိုရင်သင်္ကြန်အကြိုနေ့ရောက်ပြီပေါ့။ သင်္ကြန်မိုးပြေးလေးကလဲ တဖြောက်ဖြောက်နဲ့ အလွမ်းတွေကို မြင့်တင်ပေးနေသယောင်။ခပ်မှိုင်းမှိုင်းလေးရွာနေသည့် မိုးကို မော့ကြည့်ရင်း ကျနော့်ရင်မှာ တီးတိုးစကားဆိုလိုက်မိသည်။ မကြွေလိုက်ပါနဲ့ ဦး  ပန်းပိတောက်တို့ရယ်။ ကျနော် ခပ်ကြာကြာလေး  ထိုင်လွမ်းပါရစေဦ။ဟော …ကျနော်ပြောလိုက်သည့် စကားကို မိုးပြေးလေးကြားသွားပြီး ကျနော့်ကို သနားလို့ထင်ပါရဲ့ မိုးပြေးလေးတောင် စဲသွားလေပြီ။ လေပြေလေးတွေလည်း ခပ် သုန်သုန်လေး တိုက်ခတ်လို့။ လေပြေ အဝှေ့မှာ ပိတောက်ပွင့်တွေ ယိမ်းထိုးလှုပ်ရှားနေပုံက  လွမ်းဆွတ်နေတဲ့ ကျနော်အတွက်  အလွမ်းတွေ ပိုလာအောင် သယ်ဆောင်လာခဲ့တာလားကွယ်။
ဥသြ..ဥသြ…ဥသြ …..။
ကျနော်ရဲ့အဖော်လေးလာနေပြီ ။ သူလဲ ကျနော့်လိုပဲ အထီးကျန်နေတယ် ။ ပိတောက်ပွင့်ချိန်မှာ  အလွမ်းတေးလေး တွန်ကြူးနေတယ်ထင်ပါရဲ့။ ငါလည်းမင်းနဲအတူ အလွမ်းလေးတွေ ညည်းတွားပါရစေ။
မမရေ..မမ…..မမ…..။
ပိတောက်တွေ ပွင့်ဖူးလို့ အတာတန်ခူးတောင်ရောက်နေပြီ မမရေ ။ ဒီင်္အချိန်ဆို ဥသြငှက်လေးက အချိန်မှန် ရောက်လာတတ်တယ်။ သူလည်း  သူ့အဖော်မွန်လေးကို ကျနော်နဲ့အတူ အပြိုင်ခေါ်နေတယ်လေ……မနက်ဖြန် ဆို သင်္ကြန်အကြိုနေ့ ရောက်ပြီမမရယ်။ ကျနော် မမအတွက်  ပိတောက်တခက်နဲ့အတူ သင်္ကြန်ရေဖလားကြီးထဲမှာ အချစ်မေတ္တာ ရေစင်တွေ ထည့်ပြီး  စောင့်နေပါ့မယ်။ သင်္ကြန်ရောက်တိုင်း လွမ်းတတ်တဲ့ ကျနော့်ရင်မှာ လွမ်းဆွတ်တမ်းတခြင်းတွေနဲ့အတူ ဒီသင်္ကြန်ကိုစောင့်ကြိုနေတယ်လေ။

……………………………………………………………………………………………………………………………….
ဟုတ်တယ် သူမက  ကျနော် ဘ၀ရဲ့ ငယ်သူငယ်ချင်း ၊  ငယ်ဖော် တနည်းအားဖြင့်  ငယ်ချစ်ဦးပါ။ကျနော့်ထက် အသက် (၂)နှစ်လောက်ကြီးတဲ့ သူမကို  ကျနော်က မမလို့ခေါ်ခဲ့တယ်လေ။ အဲဒီ မမ က ငယ်ငယ်လေးကတည်း က ကျနော် ရူးသွပ်ခဲ့ရသူ ကျနော့်ဘ၀ရဲ့ တစ်ဦးတည်းသော မိန်းကလေး သူငယ်ချင်း ၊ကျနော် ရဲ့ ညစဉ် အိမ်မက်တွေတိုင်းမှာ  တကိုယ် တော် သရုပ်ဆောင်ခဲ့သူပါ…..။ ငယ်စဉ်ကလေးဘ၀ကတည်း အိမ်နီးနားချင်း ဖြစ်ခဲ့တဲ့ သူမကို အိုးချင်းထားလို့ အိုးချင်းထိ တယ်လို့ ပြောရမလား  ကြိုးချင်းထားလို့ ကြိုးချင်းငြိတယ်လို့ ဆိုရ မလား သူငယ်ချင်းလို မောင်နှမလို ဆိုတဲ့ အဖြူရောင်သံယောဇဉ်တွေထက်မှာ  တိတ်တိတ်လေး အရောင်တွေ စွန်းထင်ခဲ့မိတယ်…..။
    ကျနော်ထက် အတန်းကြီးတဲ့မမက   ဆယ်တန်းရောက်နေချိန် ၊  စာတွေ ရုန်းကန်ကြိုးစားနေတဲ့အချိန်မှာ  ကျနော်က မမအလှကိုခံစားရင်း  ကဗျာတွေရေးတတ်နေပြီ ။ စာတော်တဲ့မမက  ဆယ်တန်းကို ဂုဏ်ထူးတွေ တသီကြီး နဲ့ အောင်ခဲ့လို့ သူဝါသနာပါတဲ့ဆေးတက္ကသိုလ်မှာ ပညာသင်ခွင့် ရခဲ့တယ်လေ။ ကျနော့်ကိုလည်း သူ့လို ဆေးလိုင်းမှီ အောင် စာကြိုးစားဖို့ တနေ့စာ တနေ့လုပ်ဖို့..အပျော်ပါး မမက်ဖို့ အမြဲ ပြောတယ် ။ တခါတလေ မမ က ကျနော့်ကို ဆရာမကြီး အရမ်းလုပ်သလိုတောင် ထင်မိတယ်။ ကျနော် ဟိုနေရာသွား သွားပြန်ပြီ…ဒီဟာလုပ် လုပ်ပြန်ပြီ နဲ့  ခဏခဏ ဆူတယ်လေ…ကျနော်လည်း  သူချူပ်ချယ်ပါများလာတော့  မကျေနပ် တဲ့ အမူအရာလုပ်ပြရင်း
  “ဘာလဲ….ကိုဖြိုးက မမကို မကျေနပ်တာလား မမအခုလိုပြောနေတာမကြိုက်တာလား ။ ကောင်းပြီလေ  ဒါဆိုရင် မမ ဆူလဲမဆူ တော့ဘူး ချုပ်လဲ မချုပ်ခြယ်ဘူး  ကိုဖြိုးဆီကိုလည်း မလာတော့ဘူး..”
ဆိုပြီး   စိတ်ကောက်တဲ့ ပုံစံပြန်လုပ်ပြတတ်တယ်။ သူ့ကို ခိုးပြီး  ချစ်နေတဲ့ကျနော်က မမ ကျနော့်ဆီ မလာမှာကြောက်တော့  သူ့စကားကိုပဲ နားထောင်ရတော့ တာပေါ့  ……။
     မမရဲ့ သွန်သင်မှုတွေကြောင့်လား  ၊ ကျနော်ရဲ့ ကြိုးစားမှုတွေကြောင့်လားမဆိုနိုင် ၊ ဒါမှမဟုတ် နှစ်ခုလုံးကြောင့်ထင်ပါရဲ့ ကျနော်လည်း ဆယ်တန်းကိုဂုဏ်ထူးတွေနဲ့ ဆေးလိုင်းမှတ်မှီခဲ့တယ် ။ အဲဒီနေ့က  မမရဲ့ အပျော်လွန်မျက်နှာက  ကျနော့်မိဘတွေ ထက်တောင်  ပိုပျော်နေသယောင် ထင်ရတယ်။
ထိုနေ့က ကျနော်ရဲ့ဆန္ဒ..ကျနော်ရဲ့ ရည်မှန်းချက်တွေကို  မမကိုပြောပြတော့ မမရဲ့မျက်နှာမှာ ကျနော် တခါမှ မမြင်ဖူးတဲ့  မျက်ရည်တွေ ၀မ်းနည်းခြင်းတွေ  တွေ့ခဲ့ရတယ်…
“မင်းက ဘာလို့ ဒီလောက်ပင်ပန်းတဲ့ စစ်သားဘ၀ကို ခုံမင်ရတာလဲ ။ လခ လေး နှစ်ပဲ ခြောက်ပြားနဲ့ စစ်သားဘ၀ကို ဘာလို့  မက်မောရတာလဲ ။ (မှတ်ချက်..အဲဒီတုန်းက အစိုးရ၀န်ထမ်းများ လခ က သောင်းကျော်လေးပဲ ရှိနေတဲ့ချိန်) မင်းသူငယ်တန်းကျောင်းသာ ဘဝကနေ အခု ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ အောင်မြင်အောင်ကြိုးစားခဲ့တဲ့  မင်းရဲ့ ကြိုးစား မှုတွေကို  စစ်သားဘ၀နဲ့ နိဂုံးချုပ်တော့မှာလား...”
“ဟုတ်တယ်..မမ  ။   မမပြောသလိုပဲ  စစ်သား  ဘ၀က  ဘာမှ မက်မော စရာမရှိဘူး။ ခုံမင်စရာမရှိဘူး ။ ပင်ပန်းကြမ်းတမ်းတယ်။ ဒါပေမယ့်  ကျနော် စစ်သား ဘ၀ကို  တန်ဖိုးထားတယ် ၊ ဂုဏ်ယူတယ်။ ဟိုး... ဧည့်ခန်းမှာ ၊ စစ်ယူနီဖောင်းနဲ့ ရိုက်ထားတဲ့ ဖေဖေ့ ဓါတ်ပုံကြီးကို မမတွေ့တယ် မဟုတ်လား။ ကျနော့်ဖေဖေက  သူတို့ခေတ်တုန်းက မငြိမ်းချမ်းသေးတဲ့  ကျနော် တို့ တိုင်းပြည် ကြီး  ကို ငြိမ်းချမ်းအောင် တိုက်ပွဲ ၀င်ရင်း  ရဲဘော်ရဲဘက်တွေနဲ့ အတူ  သူတို့သွေးတွေ မြေခ ခဲ့ရတယ်။ သူတို့အသက်တွေ စတေးခဲ့ရတယ်။ ကျနော် က ဖေဖေ့သား။ ဖေဖေ့ သွေးလေ။ အဲဒ့ါကြောင့်   ကျနော်မှာ ဖေဖေ့ သွေးတွေ အပြည့်ရှိနေတယ်။  ဖေဖေ့ သွေးလိုပဲ  ကျနော့် သွေးကလဲ ရဲပါတယ်။ ဖေဖေတို့ တုန်းက မငြိမ်းချမ်းသေးတဲ့  တိုင်းပြည်ကြီးကို ငြိမ်းချမ်းနိုင်အောင် တိုက်ပွဲတွေဆင်နွဲရင်း တိုင်းပြည် အတွက် အသက်တွေ ပေးလှူခဲ့ကြတယ်။ကျနော်လည်း  အခု ငြိမ်းချမ်းနေတဲ့ တိုင်းပြည်ကြီးမှာ ဒီထက် တိုးတက်အောင် တဖက်တလှမ်းက ကျနော် တတ်နိုင်သလောက် ကူညီချင်တယ်။ ကျနော် အသက်ကို  နိုင်ငံ တော် အတွက် ပေးလှူချင်တယ်။
မမကျနော့်ကို ဆရာဇော်ဂျီရဲ့ သင်သေသွားသော်ကဗျာကို ရှင်းပြခဲ့ဖူးတယ်လေ။ လူတစ်ယောက်က သူသေသွားရင် သူ့တိုင်းပြည်၊သူ့ မွေးရပ်မြေက  လှပနေရမယ်တဲ့ ။ ကျနော် လည်း  အဲဒီကဗျာလေးထဲကလိုပဲ ကျနော့်တိုင်းပြည်အတွက်  တတ်အားသရွေ့ ပေးဆပ်ပါရစေ။  မမကျနော့်ကို နားလည်ပေးပါနော်။ နားလည်ပေးမယ်လို့လဲ မျှော်လင့်ပါတယ်….”
       ကျနော်ရဲ့ဆန္ဒ ထက်သန်မှုကို တားဆီးဖို့ မဖြစ်နိုင်တော့လို့လား၊ မမက တကယ်နားလည်ပေးလို့လားမသေချာခဲ့ပေမဲ့ ထိုနေ့ရဲ့ နက်ဖြန်မှာပဲ မမက ကျနော်ကို ကြည်ဖြူစွာနဲ့ ခွင့်ပြုပေးခဲ့တယ်။

ဒီလိုနဲ့  စစ်တက္ကသိုလ် ဗိုလ်လောင်းဘ၀မှာ ချွေးစက်ပေါင်းများစွာ ရင်းနှီးပြီး ပင်းပန်းစွာနဲ့  သုံးနှစ်တာကာလကို ကျော်ဖြတ်ခဲ့ရတယ်…. ။ ကျနော် သုံးနှစ်တာ  သင်တန်း ပြီးဆုံးလို့ ကျရာတပ်ရင်းတွေကို သတင်းပို့ပြီး  ကျနော် ခွင့်ရခဲ့တယ်…အိမ်ပြန်ရောက်ရင်  မမနဲ့တွေ့ရတော့မယ်ဆိုတဲ့ အတွေးက ကျနော်ကိုအတိုင်းဆမဲ့ ပျော်ရွှင်စေခဲ့တယ်လေ။ အိမ်ပြန်ရောက်တော့  မမက ကျနော်ကိုအပြေးအလွှားဆီးကြိုတယ်။
“ကိုဖြိုးက တကယ့်စစ်သားကြီးပဲနော်။ တကယ်ကိုပြောင်းလဲသွားတာ အရင်တုန်းကလို  ကလေးပုံစံလိုဟုတ်တော့ဘူး ရုပ်တည်တည်တံ့တံ့ကြီးနဲ့   လူကပိန် အသားတွေမဲပြီး အရပ်ကြီးရှည်လာတယ် ။မမနဲ့တွေ့ရင်တော့ တည်တည်ကြီးမနေရဘူးနော်”
အဲဒီလို မမရဲ့ ဂရုစိုက်မှု့တွေ နွေးထွေးမှုတွေ မြင်ရတော့ အရမ်းပျော်တယ်ဗျာ…..။
   နောက်နေ့မှာ မမနဲ့တူ  လျှောက်လည်ခဲ့တယ်…ကန်ဘောင်တနေရာမှာထိုင်ရင်း စကားပြောမိကြတယ်။
“မမကျနော်ကို သတိရရဲ့လား။ အရင်တုန်းကလိုရော ချစ်သေးရဲ့လား”
လို့တိုးဖွဖွ မေးလိုက်တော့ မမက ရှက်သွေးဖြာနေသော မျက်နှာလေး ငုံ့ကျလို့
“ဟယ်  ကိုဖြိုး  မင်းဘာတွေပြောနေတာလဲ  အဆင့်တွေကျော်နေပြီလေ  ဘယ်တုန်းကချစ်တယ်လို့ပြောမိလို့လဲ”
“မမရယ် ကျနော်တို့ နှစ်ယောက်က  ချစ်တယ်လို့  ပြောဖို့လိုသေးလို့လား။ မမကျနော့် ကိုချစ်တယ်ဆိုတာ မမနှုတ်က ပြောစရာမလိုတော့အောင်   မမရဲ့ နှလုံးသားလေးရဲ့ တံခါးက မမမျက်လုံးတွေက သက်သေခံနေတယ်လေ။ နောက်တခုရှိသေးတယ်။  နှစ်စဉ် မမကို ဘယ်သူမှ မလောင်းရသေးခင် လောင်းခဲ့တဲ့ အတာဦး သင်္ကြန် နဲ့  ၊ မမ ဦးခေါင်းမှာ ပန်ဆင်ပေးတဲ့ ပိတောက်ပန်းတခက်ကို  မမ အမြဲတမ်း ပျော်ရွှင်၊ ၀မ်းသာခြင်းတွေနဲ့  ကြည်ဖြူစွာလက်ခံခဲ့တာတွေက  မမ ကျနော်ကို ချစ်နေပါတယ်ဆိုတာ  ဘယ်လိုမှ ငြင်းလို့မရတဲ့၊ ငြင်းချက် မထုတ်နိုင်တဲ့  သက်သေတွေ ပဲလေ……”
“သွား...လူလည်။ စစ်သားကြီးက  ဒါတွေလဲ တတ်တာဘဲနော်…”
အဲဒီနေ့က  ကောင်းကင်မှာ ကြည်လင်နေပြီး ၊တိမ်တိုက်တွေမှာ တိမ်တွေ ကင်းစင်လို့  ငှက်လေးတွေ ရှက်စနိုးနဲ့ ပျံသန်းသွားတယ်။ ဒီလိုနဲ့ ကျနော်နှင့်မမ  နှုတ်က ထုတ်ဖော်ပြောစရာမလိုလောက်အောင်…နှလုံးသားချင်း နီစပ်ခဲ့တဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်လေ။
      ခွင့်ရက်စေ့လို့ တပ်ကို ပြန် ၊ သတင်းပို့ပြီး  ပေးအပ်တဲ့တာဝန်တွေကို ဦးလည်မသုန်ထမ်းဆောင်ခဲ့တာ ဗိုလ်ကြီး အဆင့်ကို တောင်ရောက်ခဲ့ပြီလေ…. တပ်မှာလက်ထပ်ခွင့်တင်ပြီး  ကျနော်ချစ်တဲ့မမ နဲ့ ဘ၀တခုတည်ဆောက်ဖို့  ကျနော် အိမ်ကိုအပြေးလေး ပြန်လာခဲ့တယ်…အဲဒီနေ့က  ကျနော် တို့နှစ်ယောက်ရဲ့ သိပ်ပျော်စရာကောင်းတဲ့နေ့ ၊မမေ့နိုင်တဲ့နေ့  နှစ်ယောက်တစ်ဘ၀  ကျောက်တိုင်လေး စိုက်ထူနိုင်ခဲ့တဲ့နေ့လေးပေါ။ အဲဒီကျောက်တိုင်လေးမှာ  ကျနော်တို့နှစ်ယောက်ရဲ့ ဆယ်ကမ္ဘာတိုင် မယိုင်တဲ့ သစ္စာတွေ မေတ္တာတွေ ၊ အချစ်တွေ၊ ကတိ စကားတွေ၊ ပေါင်းစပ်ပြီး စိုက်ထူထားတာပေါ့။
ထိုနေ့က  ထူးအယ်လင်း + မီးမီးခဲ တို့ဆိုထားတဲ့ “မင်း” သီချင်းလေးနဲ့ နှစ်ကိုယ်တူ ညည်းဆိုဖြစ်ခဲ့ကြတယ်………..။
           ♪ ♫ ♫         ကမ္ဘာလောက ကြီး ခဏရပ်တန့်သွားသလိုပင်… ငါထင်တယ်မင်းနဲ့ဆုံတိုင်းလေ…အကြည့်တွေ  ရင်ဖိုလှိုက်မောလို့ နေ…သာယာတဲ့မင်းရဲ့ရယ်သံလေး..ရင်ခွင်ထဲ  အထပ်ထပ် ကြားယောင်ရင်းနဲ့…ဘ၀ကို   သာယာရစ်မူးလို့နေ…….အသက်ထက်ဆုံးပေါ့ အနားမှာ အမြဲရှိချင်တယ်…ရင်ခွင်ထဲ မှေးစပ်နားခိုရင်းနဲ့…ငြိုငြိင်မှု့ အဆိုးများတွေ့ပါစေ.. . ဘ၀ကိုအတူခရီးဆက်မယ် ♪ ♫                      ♪ ♫ ♫ မင်း…နင့်ဟာငါ့ဘ၀ရဲ့ကောင်းကင်ပဲ..မှောက်မိုက်သော ညမှာ  ငါအတွက် ငွေလမင်းငယ်….  မင်း…ဘယ်သူမှ အစားထိုးမရနိုင်ဘူး……ခိုင်မာဆုံး ဘ၀ရဲ့ ကျောက်ဆောင် မင်းပဲ….ငါ့ခိုလှုံရာ ဟာ.လဲ မင်းပဲ…သေချာတယ် ..   ငါ့ရဲ့ အသက်ဟာ….မင်းပဲ..   ♪ ♫
         ကျနော့် ကို သိပ်ချစ်တဲ့ မမက  ကျနော် တာဝန်ကျရာဒေသတွေကို လိုက်ခဲ့တယ်။ စစ်သားဘ၀ကို သိပ်မခုံမင်တဲ့ ကျနော့်မမက  အခုဆိုရင် ဆေးအဖွဲသားတွေ ၊၊ကျန်းမာရေးဝန်ထမ်းတွေ  သားဖွားဆရာမတွေနဲ့အတူ  တပ်မှာ ကျန်းမာရေး ဟောပြောပွဲတွေ  လုပ်ပြီး  တက်ညီလက်ညီ လုပ်ကိုင်နေတတ်ပြီ….။အိမ်ထောင်နှစ် (၂) နှစ်ကြာလာတော့ ကျနော့် မမမှာ ကျနော်တို့ရဲ့ ရင်သွေးလေး ရှိနေပြီလေ….အဲဒီရင်သွေးလေးက ကျနော်တို့နှစ်ယောက်ရဲ့ အနာဂတ် ၊ကျနော်တို့နှစ်ယောက်ရဲ့ ဘ၀ပါ ၊ကျနော်လည်း  ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး ဘ၀ကို ပိုင်ဆိုင်တော့မယ် ဆိုတာ သိတော့ အရမ်း ပျော်တာခဲ့တာပေါ့။
         အိမ်ရှေ့မှာ ပိတောက်ပန်းတွေ  ပွင့်နေပြီဆိုတာသိလိုက်တော့ သင်္ကြန်တောင်  ရောက်တော့မယ်ဆိုတာ အလိုလို သိလိုက်ရတယ်။ ကျနော့် မမ တောင် နောက် သုံးလ  လောက်ဆို မီးဖွားတော့မယ်  ကျနော်လဲ
“ကလေးအဖေ ဖြစ်တော့မယ်ကွ ”
ဆိုပြီး တစ်ကိုယ်ထဲ တွေးရင်းပျော်နေမိခိုက်
“ ဗိုလ်ကြီး  …ဗိုလ်ကြိးကို တပ်ရင်းမှူးက  ခေါ်ခိုင်းလိုက်လို့ပါ…”
ဟု ဆိုကာ ရဲဘော်လေး တစ်ယောက်ရဲ့ အသံကိုကြားမှ  သတိပြန်ဝင်လာတယ်။ တပ်ရင်းမှူးနဲ့တွေ့တော့ သန်ဖြန်ခါ စစ်ဆင်ရေးထွက်ရမယ်ဆိုတဲ့ လျှပ်တပြက် အမိန့် ကျလာတယ် ဆိုတာသိလိုက်ရတယ်။ စစ်သားဆိုတာ ပေးအပ်လာတဲ့ အမိန့်ကို တစ်သွေမတိမ်း နာခံရသူ။ ဇနီးသည် မီးဖွားခါနီးနေလို့ ဆိုတဲ့ ဆင်ခြေပေးပြီး နောက်တန်းမှာ နေခွင့်မရသည့် ဘဝမျိုးဆိုတော့ ကျနော်လဲ  စစ်ဆင်ရေးထွက်ဖို့ ပြင်ဆင်ရပြီပေါ့။ ကျနော် ရဲ့မမကလည်း ကျနော် မရှိရင်  တပ်မှာမနေချင်ဘူး၊  မိဘတွေရှိတဲ့ဆီကို ပြန်ပြီး မီးဖွားမယ့်အကြောင်းပြောပြတယ်၊ကျနော်မှာ မမ သူအားငယ်နေရှာမှာပဲဆိုပြီး တွေးမိပေမဲ့ ပေးအပ်လာတဲ့ တာဝန်အတွက် မမနားမနေနိုင်ခဲ့သည့် အခြေအနေမို့ မမတောင်းဆိုချက်ကို သဘောတူဖြစ်ခဲ့ရပါသည်။
ရှေ့တန်း မထွက် ခင်ညမှာ ကျနော့် မမက ကျနော်ကို ဂရုစိုက်ဖို့ ၊သူ့အတွက် စိုးရိမ်စရာမလိုပဲ စိတ်ချဖို့ ၊ဘုရားတရားမမေ့ဖို့ကို တွင်တွင်မှာကြားနေတော့ ၊ ဟိုးးးးးး....ကျနော် … ကျောင်းသားဘ၀က ဆရာမကြီး စတိုင်လုပ်တတ်တဲ့ မမကို ပြန်မြင်ယောင်မီပြီးရယ်ချင်နေမိခဲ့သည်။ မှတ်မှတ်ရရပါဘဲ ကျနော် ရှေ့တန်းမထွက်ခင်မနက်မှာ အိမ်ရှေ့မှာ တိုက်ဆိုင်စွာ ပွင့်လာသည့် ပိတောက်ပန်း တခက် ကိုခူးပြီး မမကို ပန်ပေးတယ်လေ။ ပြီးတော့  မမကို သင်္ကြန် အကြို ရေလောင်းပေးခဲ့မယ်နော် ဆိုပြီ..ပြောလိုက်တော့ မမ အံ့သြခြင်း ၀မ်းသားခြင်းတွေနဲ့ ကျနော့် နဖူးလေးကိုဖွဖွလေးနမ်းပြီး မျက်ရည်တွေ ၀ဲနေတယ်…ကျန်းမာရေး ဂရုစိုက်ပါလို့ပြောပြီး  မမကို နှုတ်ဆက်ကာ ရှေ့တန်းစစ်မြေပြင်ထွက်ဖို့ ယာဉ်တန်းကြီးနဲ့ချီတက်ခဲ့တယ်လေ။
နေရစ်ခဲ့တော့  မမရယ်…..။
……………………………………………………………………………………………………………………………
သြော်…လောကဓံတရားက အဆိုးအကောင်း အဆုတ်အမြတ် မရွေး  ရိုက်ခတ်တတ်တယ်ဆို ကျနော် သိလိုက်ရပါပြီ….။ကျနော်ရှေ့တန်းစစ်မြေပြင်ရောက်ပြီး  နှစ်ပတ်အကြာမှာ  ကျနော်ဆီကိုနောက်တန်းက ကြေးနန်းတစ်စောင် ၀င်ခဲ့ပါတယ်။ ကျနော့်ရဲ့မမက  မိဘတွေရှိတဲ့ မွေးရပ်မြေမှာ သားဖွားမယ်ဆိုပြီး ပြန်သွားချိန် လမ်းမှာ ကား accident  တခု ကြောင့် ဒဏ်ရာပြင်းထန်စွာရပြီးဆေးရုံမှာ ဆုံးသွားကြောင်း  ၊ကလေးရောမိခင် ပါ အသက် မမှီတော့ကြောင်း ၊မဆုံးခင် လေးမှာ ကျနော်နာမည်ကိုတဖွဖွ ရွတ်ဆိုပြီး ကျနော်ကိုသိပ်တွေ့ချင်ခဲ့ကြောင်း ပြောပြီး ဆုံးသွားခဲ့ပါတယ်တဲ့လေ။
အဲဒီသတင်းကြားတဲ့နေ့က ကျနော်ဘယ်လိုမှ ကို မဖြေသာနိုင်ခဲ့ဘူး…ခွင့်လွှတ်နားလည်ပေးပါ မမရယ်။ ကျနော် တို့စစ်သား ဘ၀ကိုနားလည်ပေးပါ။ ကျနော်တို့ သိပ်လိုချင်ခဲ့တဲ့ ကျနော်တို့ရဲ့မိသားစုကမ္ဘာလေးကနေ  မမက ဘာလို့ခွဲထွက်သွားတာလဲ။ မမပြောတော့ ကျနော့် ကို သိပ်ချစ်တယ်ဆို…ကျနော်ရှိနေသ၍ ဘယ်တော့မှ မခွဲတော့ဘူးဆို ….တခါတလေလောက ကြီးကမတရားဘူးဗျာ။ ဘာအပြစ်မှ မရှိတဲ့ ကျနော်တို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဘ၀လေးကို ဘာလို့ ဖျက်ဆီးရတာလဲ။ ကျနော် တို့ဘာတွေများ အပြစ်လုပ်မိခဲ့လို့လဲ။  ၀ဋ္ဋ်ရှိသမျှ ဒီဘ၀၊ဒီမျှနဲ့ ပဲ  ကျေပါတော့ ။ နောင်ဘ၀ဆိုတာ ရှိခဲ့သေးရင် ယခု လို အဖြစ်ဆိုးနဲ့မကြုံရပါစေနဲ့။ အဲဒီနေ့ကလျှပ်စီးတွေလက်ပြီး မိုးတွေ သည်းထန်စွာရွာခဲ့တယ်။ မိုးရေထဲမှာသေနတ်ကို ကိုင်ပြီး
မမ………..မမ….မမ……….
ဆိုတဲ့အသံတွေနဲ့ ကျနော် ငိုကြွေးနေမိတယ်…..။
    ……………………………………………………………………………………………………………………………
         မမ မရှိတော့တဲ့ ကျနော့်ကမ္ဘာလေးက အရမ်းကိုအထီးကျန် ဆန်လွန်းခဲ့ပါတယ်  ဒီပိတောက်ပန်းတွေ ဝေနေတိုင်း သင်္ကြန်ရေတွေ စိုနေတဲ့  မမ မျက်နှာလေးကို မြင်ယောင်နေမိတယ်… ဖေဖေ မေမေ လို့ ခေါ်နေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ နာနာကျင်ကျင် ခေါ်ဆိုနေသံကို နားထဲ ကြားယောင်နေမိတယ်။  မမနဲ့အတူမျှော်မှန်းခဲ့ရတဲ့ ကျနော်တို့ရဲ့ အနာဂတ် ကျနော်တို့နှစ်ယောက်ရဲ့ ကမ္ဘာ ငယ်လေးနဲ့အတူ မမြင်လိုက်ရတဲ့ ရင်သွေးလေးကများ ခေါ်ဆိုနေတာလား။ မမြင်ဘူးခဲ့တဲ့ ရင်သွေးလေးကို တမ်းတနေရင်း ငိုကြွေးနေမိပြန်တယ်။ ကြံ့ခိုင်တဲ့ စစ်သားဆိုပေမဲ့ ရင်ထဲမှာ နူးညံ့တဲ့ နှလုံးသားတစ်စုံကတော့ ကိန်းအောင်းနေတာမို့ စစ်သားမှာလဲ မျက်ရည်နဲ့ပါ မမရယ်။ ဖေဖေ မင်းကို ယုယခွင့် မရလိုက်ဘူး ဖေဖေ့ရဲ့ ရင်သွေးငယ်လေးရယ်။
သတိရမိတယ် မမရေ…အခုဆိုရင် အိမ်ရှေ့မှာပိတောက်ပန်းတွေနဲ့အတူ သင်္ကြန်မိုးပြေးလေး တောင်ရွာနေပြီ။ မိုးပြေးလေးရေ ကျနော့်ကို မမဆီတဲ့နေရာ ခဏလောက် ခေါ်ဆောင်ပေးပါလား……။ မကြွေလိုက်ပါနဲ့ဦး ပိတောက်တို့ရတယ်…ကျနော် ခပ်ကြာကြာလေး  မမကို လွမ်းချင်သေးလို့ပါ။ မမရဲ့ ဆံကေသာထက်ဆီမှာ ပန်ဆင်ပေးချင်သေးလို့ပါ။
 ……………………………………………………………………………………………………………………………                         " ♥♥♥ကမ္ဘာခြားလဲ ချစ်နေမယ်...♥♥♥"
သိပ်ချစ်တဲ့  ချစ်သူတွေကိုမြင်တိုင်း..
ငါမင်းကိုလွမ်းတယ်...။
အရမ်းချစ်ကြတဲ့ ဇာတ်လမ်းတွေကိုကြည့်မိတိုင်း
ငါမင်းကို သတိရတယ်.....။
အရမ်းကောင်းတဲ့ အချစ်ဝတ္ထုတွေကိုဖတ်မိတိုင်း
ငါမင်းကို တမ်းတမိတယ်.....။
အိုး.....
တိုက်ဆိုင်မှုတွေ ရှိတိုင်း
ငါမင်းကို လွမ်းဆွတ်တမ်းတ သတိရမိပါတယ် ...။
အရင်က ဆိုတဲ့ အတိတ်ကိုတွေးမိတိုင်း
ငါကြေကွဲနေရတယ်
အရမ်း မချစ်ခဲ့ကြရင် ကောင်းမှာဘဲနော်
ခုတော့ ငါတစ်ယောက်ထဲ အရမ်းခံစားနေရတယ်
ဘယ်တော့မှ မခွဲကြေးဆိုပီး
မင်းပြောခဲ့တယ်လေ။
မင်းကိုယ်တိုင်ပြောပြီး
ဘာကြောင့်များ
ဘယ်တော့မှ ပြန်မဆုံနိုင်တဲ့
ဟိုး အဝေးကြီးကို ထွက်ခွါသွားရတာလဲ ....
ရက်စက်လိုက်တာ ကံဇာတ်ဆရာရယ်
ကျွန်တော်တို့ နှစ်ယောက်က
အများသူငှာတွေ သ၀န်တို၊
လမင်းကြီး ထိုင်ငိုလောက်အောင်
ချစ်ပြနေလို့လား။
လူတိုင်းကအားကျ၊
မိဘတွေတားမရအောင်၊
အချစ်ပိုခဲ့ကြလို့လား။
မိုးကုတ်စက်ဝိုင်းကြီးအောက်မှာ
ရိုမီယို+ဂျူးလိယက်
လက်မြောက်လောက်အောင်
ကျနော်တို့ နှစ်ယောက်က
အကြင်နာတွေပိုခဲ့ကြလို့လား......
................လို့လား
.................လို့လား
ငါ့အနားမှာ မင်းမရှိတော့ပေမယ့်
ငါ့ရင်ထဲမှာ မင်းအမြဲရှိနေပါတယ်
ကံကြမ္မာက လှည့်စားတာလို့ လည်း
မဆိုရက်ပါဘူး
ငါတို့နှစ်ယောက်ရဲ့ရှေးရေစက် နည်းခဲ့တာလို့ဘဲ
မှတ်ယူရမှာပေါ့…..
ဘယ်လောက်ပဲ ဝေးနေပါစေ
မင်းနာမည်က ငါ့နှလုံးသားမှာ
ကဗျည်းထိုး ကျန် နေလျှက်ပါ
ဘယ်အရာနဲ့မှ ဖျောက်ဖျက်မှာ မဟုတ်သလို
ဘယ်လို အရာမျိုးကမှလည်း ပျောက်ပျက်အောင်
စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး
တစ်မိုးအောက် တစ်ယောက်ချစ်ခဲ့ သူမို့ပါ
အရာ အားလုံးထက် ပိုချစ်ခဲ့တယ်  မရယ်.....။
                                                             ငဖြိုး
ဖေ့စ်ဘုတ်မှကူးယူဖော်ပြပါသည်။ 

Saturday, 7 April 2012

ပြည်သူ+တပ်မတော်+တိုင်းရင်းသားပါတီများ+NLD+ပြည်ခိုင်ဖြိုး+တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ=ဒီမိုကရေစီ



ငါတို့တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အမိအိမ်၊ ဆွေမျိုးသားချင်းတွေနဲ့ခွဲခွာခဲ့ရတယ်။ ကိုယ်နဲ့ရွယ်တူတွေ လူငယ်ဘ၀ကို ပျော်ပျော်ပါးပါးနေနေရတဲ့အချိန်မှာ မိမိအသက်တွေကို နိုင်ငံအတွက် စွန့်လွှတ်ဖို့ သစ္စာဆိုပြီး တပ်မတော်ထဲကို ၀င်လာခဲ့ကြတယ်။ ငါတို့တွေ တပ်မတော်ထဲရောက်လာလို့ တပ်မတော်သားလို့ခေါ်ကြပေမယ့် ငါတို့တွေ အတွက်ကတော့ ပြည်သူက မွေးပြီး ပြည်သူထဲက ပေါက်ဖွားလားတဲ့ ပြည်သူ့သားလို့ ခံယူထားကြတယ်။ အခုချိန်မှာ ငါတို့တွေအကောင်းဆုံးဖြစ်အောင် ၀ိုင်းဝန်းကြိုးစားနေကြတယ် ။ မကောင်းတဲ့သူတချို့ကြောင့် ငါတို့ကိုပါ ၀ါးလုံးရှည်နဲ့ သိမ်းကြုံးရမ်းခံနေရတယ်။ အဲလိုရမ်းခံရတာထက် တပ်မတော်သားနဲ့ ပြည်သူကို ခွဲခြားခံထားရတာဟာ ငါတို့အတွက် စိတ်မကောင်းအဖြစ်ဆုံး ခံစားရအခက်ဆုံး အဆိပ်တခွက်ပါ။ ဖြစ်နိုင်ရင် တပ်မတော်ဆိုတဲ့နေရာမှာတောင် ပြည်သူတွေထဲကပြည်သူ့တပ်မတော် လို့သာပြောင်းပေးလိုက်စေချင်တယ် ။ အားလုံးဟာပြည်သူပဲမို့ ငါတို့တွေဟာ ငါတို့နိုင်ငံကိုချစ်ကြတယ်၊ နိုင်ငံကိုဖွံ့ဖြိုးတိုးတက်၊ ထာဝစဉ် ငြိမ်းချမ်း သာယာတာ မြင်ချင်ကြတယ် ။ ရည်မှန်းချက်ချင်းတွေတူကြတာမို့ ပြည်သူတွေထဲက အဖွဲ့အစည်းတွေမှာ မကောင်းတဲ့သူတွေ့ရင်တောင် သွေးခွဲ ပစ်ပယ်သလို ဖြစ်မယ့်စကားတွေကို ရှောင်ရှားပြီး အေးဆေးစွာနဲ့ ဖြေရှင်းရမယ့် ကောင်းသော ထောက်ပြမှုများနဲ့ ၀ိုင်းဝန်းပြုပြင်သွားကြရမယ်။ ယခုမျက်မှောက်ကနေစပြီး ငါတို့တွေ အချင်းချင်း ညီရင်းအကိုပမာ သွေးစည်းညီညွတ်စွာ နားလည်မှုအပြည့်နဲ့ ချစ်ချစ်ခင်ခင် ဆက်ဆံသွားနိုင်အောင် ငါတို့ ၀ိုင်းဝန်းကြိုးစားကြမယ်။ နောက်ဘယ်အဖွဲ့အစည်း ၊ ပုဂ္ဂိုလ်ကမှ ကိုယ့်ပြည်သူအချင်းချင်းပေါ်မှာ အနိုင်ကျင့်၊ တစ်ဖက်သတ်ဆက်ဆံတာမျိုးတွေမရှိအောင် ကိုယ့် နီးစပ်ရာအဖွဲ့အစည်းကနေပြီး တယောက်နဲ့တယောက် ၀ိုင်းဝန်းထိန်းသိမ်းကာ အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားကြမယ်။ နောက်တပ်မတော်သားဆိုပေမယ့် အခြားကျန်တဲ့ပြည်သူတွေလို ခံစားချက်ရှိတဲ့ သာမန်လူသားတွေဖြစ်သလို ပြည်သူထဲကပေါက်ဖွားမွေးထွက်လာတဲ့ ပြည်သူကမွေးတဲ့ပြည်သူ့သားတွေမို့ ပြည်သူပါပဲ။ပြည်သူတွေ တပ်မတော်အပေါ် မကျေမနပ်တာတွေရှိခဲ့ရင်လဲ အခုချိန်မှာ ကျေလည်ပေးပါ။ မကောင်းတဲ့သူရှိနေရင်တောင် အဖွဲ့အစည်းတခုလုံးကို ထိခိုက်တာထက် ကိုယ့်ပြည်သူ၊ပြည်သားကို ပစ်ပယ်သလိုဖြစ်နေတာ၊ သီးခြားဖြစ်နေပြီး စိတ်သဘောထားကွဲလွဲနေကြတာတွေကို မဖြစ်အောင်ကြိုးစားမယ်။ လူ့ဘောင်အဖွဲ့အစည်းတိုင်းမှာ လက်အတိုအရှည်မညီသလို လူတွေရဲ့ စိတ်ဓတ်တွေဟာလဲ အမျိုးမျိုးပဲမို့ အမြင်ချင်းကွဲပြီး သဘောထားမတိုက်ဆိုင်တာလေးတွေ ရှိနေတက်သလို ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူ ရောနေတက်ပါတယ်။ အဲလိုမကောင်းတဲ့သူရှိနေရင်တောင် ငါတို့တွေက သူတို့တွေကို တက်နိုင်သလောက် နားလည်မှုပေးပြီး စိတ်ထားမေတ္တာအမှန်နဲ့ ထောက်ပြပေးရင် လက်တွဲခေါ်သွားနိုင်မယ်။ တပ်မတော်ကြီးမှာလဲ မတစ်ထောင်သားတွေနဲ့ ဖွဲ့စည်းထားတော့ လူမျိုးပေါင်းစုံ၊ စိတ်ဓတ်မျိုးစုံနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတာတွေ မတူကြတာကြောင့် လိုအပ်ချက်လေးတွေ အမြဲလိုလို ရှိနေတက်ပါတယ်။ ယခုလက်ရှိမှာ ငါတို့တွေသေချာပြောနိုင်တာကတော့ ငါတို့တွေအားလုံးဟာ အဲဒီလိုအပ်ချက်လေးတွေကို အကောင်းဆုံးပြည့်စုံကောင်းမွန်နေအောင် ကြိုးစားနေကြတယ်။ တပ်မတော်သားလဲ ပြည်သူပဲဖြစ်တာမို့ ပြည်သူရဲ့ ခံစားချက်ကို ကောင်းကောင်းနားလည်ပါတယ်။ ပြည်သူ့ဘက်ကနေအကောင်းဆုံးရပ်တည်ပေးသွားနိုင်အောင် ကျွန်တော်တို့မျိုးဆက်သစ်တွေမှာ ကြိုးစားသွားချင်တာကြောင့် တပ်မတော်သားပြည်သူနဲ့ နိုင်ငံတွင်းကကျန်တဲ့ပြည်သူတွေနဲ့ခွဲခြားတာမျိုးတော့မဖြစ်စေချင်ပါ။ အခုချိန်ထိ ကောင်းအောင်လုပ်ချင်ကြိုးစားနေချင်တဲ့သူတွေပါ ရောရောင်မိုးမွှန်အောင် ဆဲခံရတာထက် အရင်နှစ်၂၀ကျော် ကျွန်တော်တို့ ကလေးဘ၀ကလိုအပ်ချက်တွေ ဖြစ်ပျက်ပြီးခဲ့တဲ့ ထိုးနှက်ချက်တွေနဲ့ ကိုယ့်လူမျိုးချင်းခွဲခြားခံနေရတာ ကြိုးစားချင်စိတ်ရှိတဲ့သူတွေမှာတောင် အားအင်မရှိအောင် ခံစား ရင်နာမိရတယ်။ နောက်ယခုလူငယ်တွေဟာ နောင်တခောတ်ရဲ့ အနာဂတ်မြန်မာနိုင်ငံတော်ကို ပုခုံးပြောင်းတာဝန်လွှဲပြောင်းယူရမယ့် သူတွေဖြစ်တာကြောင့် ခုချိန်မှာတော့ အချင်းချင်းအမြင်မကြင်လင်တာလေးတွေ ကင်းရှင်းသင့်ပြီ။ အရေးအခင်းတွေဖြစ်တုန်းက တပ်မတော်ပေါ်မကျေနပ်ခဲ့တာတွေရှိမယ်။ ကျွန်တော်တို့နားလည်ပါတယ် အားလုံးရဲ့ခံစားချက်တွေကို။ နောက်အဲဒီအချိန်မှာလဲ တပ်မတော်သားတွေရဲ့အမျိုးတွေအသက်မပါဘူးလို့ ဘယ်သူပြောနိုင်မလဲ???။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်လာရင် အတက်နိုင်ဆုံး ကောင်းမွန်စွာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးဆေးဖြေရှင်းရမယ့်နည်းကိုသုံးနိုင်ရင်အကောင်းဆုံးပါ။ ဖြစ်ခဲ့တာတွေကတော့ အစိုးရကော၊ အတိုက်အခံဘက်ကကော ၂ဘက်လုံးက လိုအပ်ချက်တွေရှိခဲ့လို့ပဲ။ နောက်မြန်မာလူမျိုးတချို့ရဲ့ အမြင့်ရောက်ရင် နထင်သွေးရောက် ဘ၀င်မြင့်လေဟပ်ချင်ကြတယ်။စင်ပေါ်ရောက်ရင် ဟောက်ချင်တယ်၊ဟိန်းချင်တယ်၊ ပါဝါပြချင်တယ်.. အဲဒီမကောင်းတဲ့စိတ်ဓတ်တွေကို ပြင်ရမယ် (ကျွန်တော့်ကိုတောင် ပါဝါပြဟောက်တာကိုယ်တွေ့ခံခဲ့ရဖူးတယ် ဖြစ်ပုံကတော့ ကျွန်တော်ဦးလေးတယောက်ကားနဲ့တုန်းက လမ်းချပေးမရတဲ့ လမ်းကျဉ်းကျဉ်းလေးမှာ ဆိုင်ကယ်နဲ့ အဖွဲ့အစည်းတခုက မလောက်လေး မလောက်စား၂ယောက်က ဟောက်စားလုပ် ပါဝါပြသွားတယ်)။ တပ်မတော်သားထဲမှာလဲ ရှိကောင်းရှိနေနိုင်ပါတယ်။ ရှိနေရင်လဲ ၀ိုင်းဝန်းထိန်းသိမ်းကြရမှာ ကျွန်တော်တို့တာဝန်ဖြစ်သလို အားလုံးရဲ့ညီညွတ်မှုနဲ့ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမယ်။ အဲလိုစိတ်ဓတ်တွေဟာ တပ်မတော်အဖွဲ့အစည်းတခုထဲမှာမှ ရှိတက်တာမဟုတ်ပါဘူး၊ အခြားအဖွဲ့အစည်းတွေ၊ ကျန်တဲ့ပြည်သူတွေမှာလဲ အပုံကြီးပါ။ နောက်တပ်မတော်ဆိုတာက ပြည်သူဆိုတဲ့ စက်ရုံထဲက ထွက်လာတဲ့ ပြည်သူတွေပါ။ခြေမမကောင်းခြေမပေါ့။နိုင်ငံမှာတပ်ကိုခွဲထုတ်ပစ်ပါယ်ထားလို့လဲမရနိုင်သလို ပြည်သူကို တပ်မတော်ကလဲ ပစ်ထားလို့မရပါ။ ပြည်သူချစ်တဲ့ အားကိုး အားထားရတဲ့ တပ်မတော်ဖြစ်အောင်လဲ ကျွန်တော်တို့ ယခုအချိန်မှာ အတက်နိုင်ဆုံး ပြည်သူယုံကြည်မှုရှိအောင် အထက်အောက်စည်းလုံးညီညာစွာနဲ့ ၀ိုင်းဝန်းကြိုးစားသွားချင်ပါတယ်။ အမြဲတမ်း တပ်မတော်က ပြည်သူ့ဘက်ကရပ်တည်ကာကွယ်ပေးကာ ပြည်သူကို မိဘပမာ ဦးထားဂိုဏ်းထားကာ ဆက်ဆံသွားချင်သလို ပြည်သူ့ဘက်ကလဲ တပ်မတော်သားများအပေါ် နားလည်မှုအပြည့်အ၀နဲ့ လိုအပ်ချက်ရှိနေတဲ့ တပ်မတော်သားတချို့ ရှိရင်တောင် ညီရင်းအကိုပမာ တယောက်နဲ့တယောက် ၀ိုင်းဝန်းထိန်းသိမ်းပေးပြီး အချင်းချင်းလေးစားမှုလေးတော့ရှိပေးပါ။ လူတိုင်းမှာ အမှားကိုယ်စီမကင်းကြပါဘူး ကိုယ်ကိုယ်တိုင်တောင်အမှားကင်းအောင်နေဖူးလားဆိုတောင် ကိုယ်တိုင်ပြန်မေးကြည့်ပါ??? အဲ့တော့ ခံစားချက်ကို နောက်မှာထားပါ ခု လက်တွဲဖို့ လိုတဲ့ ချိန်မှာ လက်တွေကို တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်စွာကမ်းလိုက်ကြပါဗျာ။ကိုယ်စီကိုယ်စီ ကိုယ်တိုင် ပြုပြင်သွားရင်းနဲ့မှ ကိုယ်လိုချင်တာကို ရမှာပါ ။သူ့ကြောင့် ငါ့ကြောင့် လက်ညှိုးလိုက်ထိုးလိုက် လူတကာကို အပြစ်လိုက်ရှာလိုက် အပြစ်ပုံချလိုက်နဲ့ကတော့ လိုချင်တဲ့ယုံကြည်မှုတွေတည်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အရေးကြီးဆုံးကတော့ မိမိကိုယ်သာ မိမိ လိုအပ်တာတွေကို ပြုပြင်ကြဖို့ပါ ။ နောက်ခုချိန်မှာ ကျွန်တော်တို့တပ်မတော်သားတွေအားလုံးဟာလဲ နားလည်မှုတည်ဆောင်နိုင်အောင် အတက်နိုင်ဆုံးကြိုးစားနေကြပါတယ်။ဘယ်သူတွေတက်တက် နိုင်ငံအတွက် ဘာတွေများလုပ်ပေးနိုင်မလဲဆိုတာကိုပဲ စောင့်ကြည့်နေတာပါ ။တပ်မတော်သားတွေအတွက်ကတော့ ဘယ်သူအုပ်ချူပ်နေပါစေ ကျရာတာဝန်ကို ထမ်းဆောင်ရမှာပါ။ အဲဒီတာဝန်ကလဲ ယခုချိန်ကစ၍ ပြည်သူကိုကာကွယ် အရေးပေး ပြည်သူ့ဆန္ဒကို အရင်ဆုံးကြည့်တဲ့ တပ်မတော်ဖြစ်သွားအောင် ကျွန်တော်တို့တွေ ကြိုးစားသွားချင်တယ်။ ပြည်သူတွေအနေနဲ့ တပ်မတော်သားထဲက မဟုတ်မမှန်တာလုပ်တဲ့သူရှိတယ်ဆိုရင်တောင် အချက်အလက်ပြည့်ပြည့်စုံစုံ တိတိကျကျနဲ့ အဖွဲ့အစည်းတခုလုံးကို အပြစ်ပြောတာမျိုးမဟုတ်ပဲ တိကျစွာ ထောက်ပြပါ အချို့သောသူတချို့ရဲ့ အဲဒီလိုအပ်ချက်တွေကြောင့် ပြည်သူနဲ့ တပ်မတော် သွေးခွဲခံရမှာ မို့ပါ။ အဲလိုသူတွေရှိနေရင်လဲ အားလုံးဝိုင်းပြီး အရေးယူသွားနိုင်အောင် ကျွန်တော်တို့ကပါ ၀ိုင်းဝန်းကူညီဆောင်ရွက် တိုက်ဖျက်သွားပါ့မယ်။နောက်အရင်က လိုအပ်ချက်မျိုးတွေရှိခဲ့ရင်တောင် အဲဒါမျိုးတွေ ယခုမျက်မှောက်မှာ ကျွန်တော်တို့ မဖြစ်အောင် ကြိုးစားသွားမယ်။ အချို့သူတွေက စစ်တပ်ကို ကြည့်မရဘူးတွေ ဘာတွေ ပြောနေရအောင် ပြီးတော့ သူများနိုင်ငံတွေကိုတိုးတက်တယ်ပြောရအောင် ၊ ကိုယ့်နိုင်ငံမှာ အဲလိုသူမျိုးတွေဘယ်သူကရော လိုလိုလားလားနဲ့ စစ်မှုထမ်းဖို့ ပြင်ဆင်ထားကြလို့လဲ စစ်မှုတစ်ရက်တောင် မထမ်းဖူးတော့ တပ်မတော်သားတွေရဲ့ နေရာမှာ ၀င်မခံစားဘူးတော့ အရင်နာကျည်းချက်တွေနဲ့ ယခုတိုင်တဖက်အစွန်းရောက်ကြည့်နေတာဟာ ကောင်းအောင်ကြိုးစားနေချင်တဲ့သူတွေကိုပါ ထိုးနှက်မှုတခုဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒါကြောင် မိမိသာ အဓိက ဖြစ်သည် မိမိတစ်ဦးတစ်ယောက်ချင်းကောင်းမှ တိုင်းပြည်တိုးတက်မည်။ ပြည်သူအားလုံးကလဲ စစ်တပ်ကို မမုန်းဘူးဆိုတာ ယုံပါတယ်။စစ်တပ်ဆိုတာ နိုင်ငံရဲ့အသက်ပါ.. အဲဒီအသက်က တလွဲဖြစ်နေခဲ့တာတွေရှိခဲ့ရင်တောင် အကောင်းဆုံး တပ်မတော်နဲ့ ပြည်သူလက်တွဲပြီး ပူးပေါင်းပြင်ဆင်သွားကြမယ်။နောက်မြန်မာလူမျိုးအချို့ရဲ့ ကိုယ်တိုင်ကဘာမှမလုပ်ပဲ အပြစ်တင်သာပြောတက်ပြီး ဖြေရှင်းဖို့ကို စိတ်မ၀င်စားကြတာလေးတွေကိုပြင်ရမယ်။(ဥပမာ အခြားလူတယောက်အလုပ်လုပ်တာကြာရင် အရမ်းနှေးကွေးတယ်တဲ့၊ ကိုယ့်အလှည့်ကျတော့ စေ့စပ်သေချာတာတဲ့။ ကိစ္စတခုကို အခြားသူမလုပ်ချင်ရင် ပျင်းတာတဲ့၊ ကိုယ်မလုပ်တော့ အလုပ်များလို့တဲ့။ အခြားသူတယောက်ရဲ့အယူအဆကို အကြောက်အကန်ပြောနေရင် တဇောက်ကန်းတယူသန်တဲ့၊ ကိုပြောရင်ကျတော့ သဘောထားပြတ်သားခိုင်မာတာတဲ့။ အခြားလူတယောက် အစဉ်အလာကျင့်ဝတ်ကိုဖောက်ဖျက်ရင် ယဉ်ကျေးမှုမရှိတာတဲ့၊ ကိုယ့်အလှည့်ကျတော့ ကိုယ့်ပုံစံနဲ့ကိုတဲ့။ အဲလိုစိတ်ဓတ်တွေပြင်ရမယ်။ ကိုယ်ကိုတိုင်က လူများကိုပြောချင်ရင် ပြောချင်တဲ့ဟာမှာ အကောင်းဆုံးဖြစ်အောင်အရင်ကြိုးစားပါ။ပုဂ္ဂိုလ်ဆွဲ မထားကြပါနဲ့။ အယူ အဆ မတူတဲ့ အချိန်မျိုးတွေမှာ တင်းမာမှုဆိုတာရှိလာနိုင်တယ်.။ အဲလိုချိန်မှ တဖက်ဆီက ခံစားချက်ကိုယ်စီကို နားလည်ပေးပြီး ယုံကြည်မှု ထာဝစဉ်တည်မြဲနေအောင်တည်ဆောက်ရမယ်။ တပ်မတော်ဆိုတာ ပြည်သူထဲက ပါပဲ ။ တစ်နိုင်ငံလုံးက ၀န်ထမ်းတွေက ပြည်သူတွေပေးတဲ့ လစာ နဲ့ ပြည်သူ့ ၀န်ထမ်းဆိုတဲ့ နာမည်ကို ခံယူထားသမျှတော့ ပြည်သူ့ အသံ ပြည်သူ့ လိုအပ်ချက်ကို ထည့်စဉ်းစားပေးနေရပါ့မယ်။ ဒါမှလဲ ပြည်သူ့ရဲ့ မေတ္တ္တာအပြည့်အ၀ ယုံကြည်မှုရမှာ သေချာပါတယ်။ နောက်ပြည်သူ့အတွက်တပ်မတော်ဖြစ်အောင်ဝိုင်းဝန်းကြိုးစားချင်နေကြတဲ့ ယခုလိုမျက်မှောက်မှာတော့ သိမ်းကြုံးပြီးပြောတာမျိုးကို ဘယ်သူမှလက်ခံမှာမဟုတ်ပါဘူး.။ ဘယ်လောက်ပဲ မကောင်းမြင်ခံရခံရ ကြိတ်မှိတ်ပြီးလုပ်နေတဲ့ ပြည်သူ့ဝန်ထမ်းကောင်းတွေအများကြီးရှိတယ်.။ သူတို့တွေက ဘယ်လောက် လုပ်လုပ် ခြုံပြောလိုက်တာက သူတို့ကို အလုပ်လုပ်ချင်စိတ်လျော့သွားအောင် ၊စေတနာလျော့သွားအောင်လုပ်လိုက်တာနဲ့အတူတူပဲ.။ စစ်သားထဲမှာလည်း ရှေးကရော အခုရော မျိုးချစ် စစ်သားတွေ ရိုက်သတ်မကုန်ဘူး.။  ဒါပေမယ့် တို့တွေက စကားပြောတာ ပြတ်တယ်.။ ဒဲ့ဒိုးပဲပြောတတ်တယ်.။ ငါတို့ဘယ်လောက်ပဲလုပ်ခဲ့လုပ်ခဲ့ အကောင်းမမြင်ကြပါဘူးကွာ  လို့ထင်သွားတဲ့တစ်နေ့ တိုင်းပြည် နွံနစ်တဲ့နေ့ဖြစ်သွားမှာ အသေချာပဲမို့ အဖွဲ့အစည်းတခုလုံးကို ထိခိုက်စေတာမျိုးမဟုတ်ပဲ မကောင်းတဲ့သူတွေကို သာတိတိကျကျနဲ့ ဖော်ထုတ်အရေးယူနိုင်အောင်ကြိုးစားတာအကောင်းဆုံးပါ။ တပ်မတော်ထဲမှာလဲ တကယ့်ကို အရည်အချင်းပြည့်ဝပြီး လက်ရုံးရည်ရော နှလုံးရည်ပါ  ပြည့်ဝတဲ့အရာရှိတွေအများကြီးရိုက်သတ်မကုန်အောင်ရှိနေပါတယ်.။ပြောချင်တာကတချို့သူတွေရဲ့  ကျဉ်းမြောင်းတဲ့အဖွဲ့အစည်းရေးစိတ်ဓါတ်တွေနဲ့ တပ်မတော်ကိုတော့ အားလုံးက မကောင်းဘူးဆိုတော့ပုံစံမျိုးနဲ့တော့ မပုတ်ခတ်ပါနဲ့။ ဒါ့ပြင်တပ်မတော် မပါဝင်ပဲ ဘယ် နိုင်ငံမှ မရပ်တည်နိုင်ပါဘူး.။  နိုင်ငံတိုင်းကိုလည်း ပြည်သူတွေမွေးထုတ်ပေးခဲ့တဲ့ တပ်မတော်ကပဲ တည်ထောင်လာကြတာပါ.။တပ်မတော် အင်အားနည်းပါးရင် ချိနဲ့နေရင်  ဒေသတွင်းမှာတောင် လူမလေးခွေးမခန့်  လုပ်ခံရတတ်ပါတယ်.။ဒါပေမယ့်တပ်မတော်အနေနဲ့လဲ ပြည်သူ့အပေါ်ကို မိဘအရင်းပမာ ဆက်ဆံသွားရမယ်ဆိုတာ အမှန်ပဲ။ စစ်တပ်နဲ့ပြည်သူ တစ်သားထဲဖြစ်ဖို့ ငယ်စဉ်ထဲက လက်လှမ်းမှီတဲ့ သူနဲ့ ဆွေးနွေး ခွင့်တွေ ယခုလိုရအောင်လုပ်ပေးသင့်ခဲ့တာပါ။ ဒါမှ တစ်ချိန် နိုင်ငံတော်အုပ်ချုပ်တဲ့ အခါ အောက်သက်ကြေတဲ့ နိုင်ငံခေါင်းဆောင်ကောင်းတွေ၊ ပြည်သူ ချစ်တဲ့ ပြည်သူ့ တပ်မတော်သားတွေဖြစ်လာမယ်။ အရေးကြီးဆုံးကတော့ သမိုင်းကိုပြန်လှန်ပြီး လက်တွဲရမှာကိုကြောက်ရွံနေမယ်ဆိုရင် ဘယ်တော့မှ စည်းလုံးညီညွတ်မှု ငြိမ်းချမ်းမှု ကိုမရောက်နိုင်ပါ။ ငါသည်တပ်မတော်သား၊ အေး…နောက် မင်းလဲ ပြည်သူ ငါလဲပြည်သူပဲကွ၊ ငါတို့စစ်သားတွေ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေကြတယ် အခုမျက်မှောက်မှာ။ပြည်သူအနေနဲ့လဲ အခုချိန်မှာ စစ်သားဆိုပြီး အရင်ကကြောက်နေခဲ့ရင်တောင် အခုချိန်မှာ မကြောက်တော့ပဲ ညီအကိုရင်း သွေးရင်းသားပမာ ဆက်ဆံစေချင်တယ် ။ ငါတို့တွေ အဲလိုသဘောပဲထားတယ်။ တကယ်တော့ဗျာ နိုင်ငံကောင်းဖို့အတွက် အားလုံးလက်တွဲသင့်နေပါပြီ....မယုံကြည်မှုတွေရှိခဲ့တာတွေကို မေ့ပျောက်ပြီး ခုချိန်မှာ ယုံကြည်မှုတွေနဲ့ လက်တွဲသွားရအောင်။ အခုဆိုအားလုံးရဲ့သဘောထားတွေပွင့်ပွင့်လင်းလင်း သိလာပြီ ။ဟို အရင်ထဲက နှစ်ဖက်တိုက်ခိုက်လာကြတာ ဒီဇတ်လမ်းတွေဘဲ အချင်းချင်းနောက်ကြောင်းပြန်ဆွေနွေးမှုတွေကြီး ဘဲဖြစ်နေခဲ့တယ် အဲ့တော့ ကား ခုချိန်မှာ ကိုယ့်ဘက်သူ ဘက်နားလည်မှုအပြည့်နဲ့ နိုင်ငံကောင်းအောင် အကောင်းဆုံးကြိုးစားကြရအောင်။့ နောင်တော် ညီအကို အဖွဲ့ တွေကို ယုံတယ်ဒီချိန်မှာ လိုအပ်နေတာငြိမ်ချမ်းရေးပါ။ဟိုးးးခေတ်ကဟာတွေပြောနေရအောင်လဲခုမျက်မှောက်မှာလူငယ်တွေကြီးပဲဘယ်သူမှမသိလိုက်တဲ့အချိန်က ဟာတွေကိုလဲထည့်ပြောနေမထူးခြားလာပါဘူး ။ သမိုင်းကိုသာသိထားသင့်ပြီး အတိတ်ကလိုအပ်ချက်မျိုးတွေ အနာဂတ်မှာဖြစ်မလာဖို့ အရေးကြီးဆုံးပါ။ခုချိန်မှာလူငယ်တွေက အမြင်အတွေးခေါ်အရမ်းကောင်းကြတယ် တစ်ယောက်နဲ့တစ်ယောက်ကြံညဏ်ပေးပြီး သင့်သင့်မြတ်မြတ်ဖြစ်အောင်ကြိုးစားတာကောင်းပါတယ်။အဲဒီလို ငြိမ်းချမ်းဖို့အတွက် မကျေလည်တဲ့သူများရှိနေရင်လဲ ကွန်တော်တို့ကနားလည်ပေးပြီး လက်ကမ်းကြိုဆိုလျက်ပါ။ ငြိမ်းချမ်းရေးကို လိုတယ်ဆို ပြည်သူနဲ့ တပ်မတော် ပြည်သူနဲ့ အာဏာရ သမ္မတ လက်တွဲ ဖို့လိုတယ် ။ ပြည်သူ့ လိုအပ်ချက်ကို သမ္မတ က ဖြည့်ဆည်းဆောင်ရပေးရသလို ပြည်သူ့ အေးချမ်းတည်ငြိမ်ရေးနဲ့ နိုင်ငံတော်အတွက် တပ်မတော်က ဆောင်ရွက်ဖို့ လက်ကမ်းပေးဖို့ လိုတယ်။ တစ်ယောက်စိတ်ကိုတစ်ယောက်ဖတ်ပြီး သူအပြော ကိုယ်အပြောကိုနားလည်ရင် ဖြစ်ချင်တာလေးတွေကို ဖြည့်ဆည်းပေးလိုက်ကြရင် အဆင်ပြေလာမယ်။ တပ်မတော်သားတွေဘက်ကလဲ ပုံတွေတင်ပီး ဟိုလိုဒီလိုတွေအစား ဟိုဆိုက်ဒ်ဒီဆိုက်ဒ်ကို မျှဝေနေမယ့်အစား အသိညဏ်မြင့်မားမဲ့စကားလေးတွေ ပြောစေချင်သလို အတိုက်အခံတချို့ဘက်ကလဲ အဲလိုနားလည်မှုမျိုးနဲ့ ကောင်းသောလူပီသသော စကားတွေနဲ့ အဆင်ပြေအောင်ညှိနှိုင်း နေသွားရင် ကွန်တော်တို့လိုချင်တဲ့ စည်းလုံးညီညွတ်မှုတွေရလာမယ်။ တကယ်တော့ ဗိုလ်ချုပ်သာရှိရင် အားလုံးစည်းစည်းလုံးလုံးနဲ့ စိတ်ဝမ်းမကွဲ သွေးစည်းညီညွတ် တန်းတူအခွင့်အရေးမျိုးကို မြင်စေချင်မှာကို မမေ့ကြပါနဲ့ဗျာ။ပြည်သူ+တပ်မတော်+တိုင်းရင်းသားပါတီများ+ ပြည်ခိုင်ဖြိုး+NLD+တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ= ဒီမိုကရေစီသာဆိုအမှန်တိုးတတ်ပါပီဗျာ ကျွန်တော်တို့ လိုအပ်နေတာ တကယ်တော့ နားလည်မှုလေး တည်ဆောက်ခြင်းပါဘဲ။ အဲလိုမှမဟုတ်ရင် ကဲဒီနိုင်ငံမတိုးတတ်နိုင်ပါ့မလား။အားလုံးစည်းလုံးညီညွတ်မှုနဲ့ ဒီမိုကရေစီလမ်းကြောင်းနဲ့အတူ ဗိုလ်ချုပ်ပြောတဲ့ တလွဲဆံပင်ကောင်းတွေသာ ပြင်ပြီးမြန်မာဆိုတာ ကမ္ဘာမှာ လင်းလက်ဆုံး ကြယ်လေးတပွင့်အဖြစ်ထင်ရှားကျော်ကြားလာအောင် လုပ်ကြဖို့ ကျွန်တော်တို့မှာ တာဝန်ရှိလာပြီ၊ အချိန်ကြပြီ ဖြစ်တာမို့ လက်တွဲစည်းလုံးကြဖို့ ကျွန်တော်တို့ လက်ကမ်းကြိုဆိုလျက်ပါ ညီနောင်သားချင်းများ။ သွေးခွဲမှုတွေများလာတဲ့ စစ်သားတွေဒီလိုခံစားလာရတာဟာ တိုင်းပြည်တွက်ဘယ်လိုမှမကောင်းတဲ့ ခံစားချက်တွေဘဲ ဖြစ်တယ်။ဒီစနက်တွေပြည်သူတွေသိပြီး မင်းတို့မကောင်းကြောင်းပြောနေတဲ့ငါတို့ ဘ၀ တွေကို မင်းတို့ကို သိစေချင်တယ်။ မှန်ပါတယ် စစ်သားတိုင်း မကောင်းပါဘူး၊မဖြူစင်နိုင်ပါဘူး ဒါပေမယ့် ငါတို့ရဲ့ တာဝန် ကတော့ ဖြူစင်ပါတယ်။ငါတို့လည်း လူတွေထဲက၊ပြည်သူထဲက မွေးဖွားလာ တဲ့ လူထဲကလူ တစ်ယောက်ပါကွာ၊ မင်းတို့ လိုပဲ ခံစားချက်တွေ ကိုယ်ဆီတော့ ရှိတာပေါ့။ငါတို့ ဟာ တပ်မတော်ထဲ ကိုအကြောင်း အမျိုးမျိုးနဲ့ ရောက်လာ ကြပါတယ်။ဒါပေမယ့် ယူနီဖောင်း ၀တ်ပြီး တာဝန် ကိုစထမ်း ဆောင်ပြီး ဆိုရင်တော့ ငါတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တိုင်းပြည်နဲ့လူ မျိုးကို ကာကွယ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် အဖြစ် ပြောင်းလဲသွားတယ်ဆိုတာ ပြည်သူတွေကိုသိစေချင်တယ်။မင်းတို့တွေ ကပြောတယ် စစ်အာဏာရှင်စနစ် စစ်အာဏာ ရှင် စနစ် မှန်ပါတယ် စစ်အာဏာရှင်စနစ်က မကောင်းဘူးဆိုတာ ။ဒါပေမယ့်ငါတို့ဘာလို့လုပ်ခဲ့ရလဲ မလွဲသာတဲ့ အချိန်မျိုးမှာ ငါတို့တိုင်းပြည် ကို ကယ်တင် ဖို့နည်းလမ်း တစ်ခုအနေနဲ့ အသုံးပြုခဲ့ရတာပါ။မင်းတို့မကောင်းကြောင်းပြောတဲ့ ငါတို့ စစ်သားတွေက ပိုတောင်မလုပ်ချင်သေးတယ်။ ဘာလို့လုပ်ခဲ့ရလဲ ငါတို့မှာ အမိန့် ဆိုတဲ့ အသုံး အနှုန်းကိုမလွန် ဆန်နိုင်ကြပါဘူး။ငါတို့မှာ ဒီမိုကေ၇စီမရှိပါဘူး၊လူတွေရဲ့ခံစားချက်တွေ နဲ့ ဆန့်ကျင်တဲ့ အလုပ်တွေ ကိုငါတို့လုပ်နေရတယ် ဆိုတာကိုပြည်သူ တွေနားလည်စေချင်တယ်။ငါတို့လုပ်တဲ့ အလုပ်တွေက စဉ်းလုံးကျွတ် မှန် တယ်လို့ ငါမဆိုချင်ပါဘူး၊ဒါပေမယ့် အကုန်လုံးတော့မမှားခဲ့ပါဘူး။မှားခဲ့တယ် ဆိုရင်တောင်စေတနာ အမှားတွေပါ။အဲဒီ စေတနာ အမှားတွေ ကို အမှားကြီးတစ်ခုအဖြစ် သတ်မှတ်တယ်ဆိုရင် တော့ ငါတို့က ၀မ်းနည်း နေယုံနဲ့ ဘာမှပိုပြီးမတောင်းဆို နိုင်ပါဘူး။မင်းတို့သုံးတဲ့ စစ်ခွေးဆို တဲ့ အသုံးအနှုန်း ဟာ ဖြူစင်တဲ့ ရည်မှန်းချက်နဲ့ တိုင်းပြည်ကိုကာကွယ်နေတဲ့ ငါတို့ရဲ့နှလုံးသားတွေ ဘယ်လောက်နာကျင် ခဲ့လဲမင်းတို့မသိ နိုင်ပါ ဘူး။မှန်ပါတယ် စစ်ခွေး ခွေးက အိမ်မှာနေတယ် ကျွေးတာ စားတယ် အိမ်စောင့်တယ် ။သူခိုး မကပ်နိုင်ဘူးစသည် ဖြင့်ပေါ့ မင်းတို့ မမှားပါဘူးမှန်ပါတယ် တယ်..မမှားပါဘူး....အိမ်ကတော့ ပြည်သူတွေ ပေါ့ ပြည်သူတွေ ကိုလုံခြုံအောင်ကာကွယ် စောင့်ရှောက်တဲ့ ခွေး ပေါ့...စစ်ခွေး လို့ မသုံးစေချင် ဘူးကွာ...ပြည်သူတွေကိုစောက်ေ၇ှာက်ကာကွယ် နေတဲ့(ပြည်သူ့ခွေး)တွေပါကွာ.....ငါတို့ရဲ့လွတ်လတ်ခွင့်တွေ၊ပျော်ရွှင်ခွင့်တွေ၊အသက်တွေနဲ့ သွေးတွေ ကိုစတေးပြီး တိုင်းပြည်အတွက် ပေးဆပ်နေတာပါ....ဒါဆိုမင်းတို့ကမေးမှာ ပေါ့ ဘယ်လို့စစ်ထဲဝင်လဲဆိုပြီး...ကျွန်တော် အပေါ်မှာ ပြော ခဲ့ပါတယ် အကြောင်းအမျိုးမျိုးနဲ့ေ၇ာက်ခဲ့ကြတာပါ....သူများတွေပျော်ရွှင်နေတဲ့ တက္ကသိုလ်ကျောင်းသား ဘ၀တွေ မှာ ငါတို့တွေ ဘာလုပ် ခဲ့ရလဲ...ကျောင်းကို လွယ်အိတ်လေးတစ်လုံးနဲ့ စာအုပ်ပါးလေး ထည့်ပြီး သွားတဲ့အချိန်မှာ ငါတို့တွေ ဘာတွေလုပ်ခဲ့ရလဲ....သူများတွေ ကျောင်း ကားလေးနဲ့ ကောင်မလေးတွေ၊ကောင်လေးတွေ ပျော်ရွှင်စွာ သွားခဲ့ကြတဲ့အချိန်တွေ မှာ ငါတို့တွေ ဘာတွေလုပ်ခဲ့ကြလဲ.....ကိုယ်ချင်းစာ ဖို့မပြော ပါဘူး....ဒါပေမယ့် မင်းတို့လျှောက်ခဲ့တဲ့ လမ်းလေး တွေထက်တော့ ကြမ်းတမ်းစွာ ဖြတ်သန်းခဲ့တယ် ဆိုတာတော့ မင်းတို့ကိုသိစေချင်တယ်.... အဲလို ကြမ်းတမ်းစွာ လျှောက်လှမ်းခဲ့တဲ့ ငါတို့ဟာ လည်းသွေးနဲ့သား နဲ့တည် ဆောက်ထားတဲ့ လူထဲကလူ သားတွေပါ....စက်ရုပ်တွေ မဟုတ်ပါ ဘူး။ မင်းတို့ထက်နာကျင်မှုတွေ ရှိတယ် လို့တော့ မပြောချင်ပါဘူး ဒါပေမယ့် မင်းတို့ထက်တော့ မနိမ့်ပါဘူး......ကျွန်တော် Final year တုန်းက ကျွန်တော့် အခန်းက သူငယ်ချင်းအကြောင်း လေးကိုဒီနေရာမှာ ထည့်ပြောချင်တယ်....သူနဲ့သူ့ကောင်မလေးက...အရမ်းချစ်ကြတယ်ဗျာ....... ကျွန်တော့်သူငယ်ချင်း နောက်ဆုံးနှစ်ေ၇ာက်တဲ့ အချိန်မှာ...သူ့ကောင်မလေးကို သူ့အိမ်က ပေးစားလိုက်တယ်....မပေးစားခင်တော့ ကျွန်တော့် သူငယ်ချင်းကိုလာခေါ်ခိုင်းပါတယ်....သူဘယ်ပြန်လို့ရမလဲဗျာ....သူနေရာက ၀င်ကြည့်ပြီးခံစားကြည့် ပေးပါအုံး....ဘယ်လောက်ခံစားရမလဲ ဆိုတာ..ကျွန်တော်လည်းပြန်လို့အကြံပေးလို့ မရဘူးလေ....ဒီလိုနဲ့ပဲ....ကျွန်တော့်သူငယ်ချင်းရဲ့အချစ်တွေ ပျောက်ဆုံးသွားခဲ့ရပါတယ်.....ဒီလို အဖြစ်တွေ ဟာ ဘာမှမဟုတ်သေးပါဘူး မိဘသေလို့ တပ်မတော်ကပြန်ခွင့် ပေးထားပေမယ့်ေ၇ှ့တန်းေ၇ာက်နေလို့ မပြန်ခဲ့ရတဲ့ အဖြစ်တွေလည်း ရှိသေးတယ်...ဒီလိုဘ၀လေးတွေထဲကို ၀င်မခံစား ပေးရင်နေပါ....ဒါပေမယ့်ဗျာ..နားလည်ပေးစေချင်မိတာတော့ အမှန်ပါပဲဗျာ...ပေးဆပ်မှုတွေ ကြောင့်ရခဲ့တဲ့နှလုံးသား ဒဏ်ရာတွေကို ပြည်သူတွေရဲ့အပြုံးလေးတွေ၊နွေးထွေးမှုလေး တွေနဲ့တော့ ဖြေသိမ်ချင်မိပါတယ်ဗျာ.... ပြည်သူတွေရဲ့ အမုန်းတွေနဲ့၊အပြုံးမဲ့စွာ ရှေ့ဆက် ချီတတ်ရမယ့် ဘ၀လေးတွေ နဲ့ ဝေးကွာ ချင်မိတာတော့ (ငါတို့) လို့အပေါ်မှာ သုံးခဲ့တဲ့ စစ်သားတွေ အတွက် တော့အမှန်ဆုံးပါပဲဗျာ။ ကျွန်တော့်ရဲ့အသုံးတွေရိုင်းသွားရင် ဒီနေရာကပဲ တောင်းပန်ပါတယ်ခင်ဗျာ။ အခုရေးလိုက်တယ့် မဆိုသလောက်စာလေးကြောင့် အညှိးကြီးစွာ မုန်းနေတဲ့ သူတွေရဲ့အပြုံးတွေ ကိုတော့ မြင်ချင်မိပါတယ်ဗျာ။ ဗိုလ်ချုပ်ပြောတဲ့ စကားကိုအမြဲသုံးသုံးနေတဲ့ လူတွေဖာနိုင်ငံဆိုတာကြီးကို ငါတို့ ရှောင်ကွင်းနိုင်ပြီး တိုင်းပြည်တိုးတတ်မှုတွက်ကျေနပ်အပြုံးလေးတစ်ခုတမလွန်ကဗိုလ်ချုပ်နဲ့ ငါတို့ တိုင်းပြည်ကောင်းကျိုးအတွက် ၀ိုင်းဝန်း ကြိုးစားလိုက်ကြစို့။ လေးစားစွာဖြင့် ဖိုးသားလေး http://www.facebook// ဒီလိုမြင်နေတဲ့စစ်သားတွေကို ခုထိပုတ်ခတ်နေရင်းတော့ မကောင်းဖူးဗျာ သူတို့လည်း ပြည်သူထဲက ပြည်သူ ဖြစ်တဲ့တွက် အောက်က အချက်တွေလိုချင်တယ်။ တစ်ကိုယ်ကောင်းသမားတွေနားလည်နိုင်ကြပါစေ ၁။ ထာဝစဉ်ငြိမ်းချမ်း တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ အမြဲ လက်တွဲမဖြုတ်ပဲညီညာစည်းလုံးသွားကြစို့ ။ငြိမ်းချမ်းရေးမှ သည်ပြည်သာယာရေးသို ။ ၂။ မျက်မှောက်တွင် ပြည်သူ့ရှေ့က မားမားမတ်မတ်ရပ်တည် ကာကွယ်ပေးနိုင်အောင် ထာဝစဉ်ကြိုးစားသွားမယ့် ပြည်သူ့တပ်မတော်။ ၃။ကမ္ဘာ့အသိအမှတ်ပြု ပြည်သူ့အကျိုးကို အမြဲရှေးရှူ့ကာ ပြည်သူ့ဆန္ဒတွေ အတက်နိုင်ဆုံးဖြစ်မြောက်အောင်ကြိုးစားဆောင်ရွက်ပေးနေသော သမ္မတကြီး။ ၄။နိုင်ငံတော်ကာကွယ်ရေးတွက် ခောတ်မီတပ်မတော်တည်ဆောက်နေသော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်။ ၅။ ပြည်သူ့ရှေ့က အမြဲ မားမားမတ်မတ် ရပ်တည်ပေးသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ ၆။ တိုင်းပြည်ကောင်းကျိုးအတွက် ကျရာနေရာမှ အခြားပါတီများနဲ့ ကျောသား၊ရင်သား မခွဲခြားပဲအစွမ်းကုန် ပါတီစွဲ၊ လူပုဂ္ဂိုလ်စွဲ မထားကာစည်းလုံးညီညာစွာ ပြည်သူအကျိုးအမြဲရှေးရှူ့မယ့် ပြည်ခိုင်ဖြိုး။ ၇။တိုင်းပြည်ကောင်းကျိုးအတွက် ကျရာနေရာမှ အခြားပါတီများနဲ့ ကျောသားရင်သား မခွဲခြားပဲ အစွမ်းကုန် ပါတီစွဲ၊လူပုဂ္ဂိုလ်စွဲမထားကာ စည်းလုံးညီညာစွာ ပြည်သူအကျိုးအမြဲရှေးရှူ့မယ့် NLD။
၈။အဖရဲ့ အားကို အလယ်မှာထား တို့ သားသမီးတွေ ဝိုင်းဝန်းကြိုးစား

Thursday, 29 March 2012

စစ်သားဘ၀အချစ်နှင့်ခဏတာ




သူမအချစ်ကိုငါးနှစ်ကျော်ကျော်မှလက်ခံရရှိခဲ့သော၂၀၀၉သင်္ကြန်နှစ်ဆန်းတစ်ရက် နေ့မှတ်မှတ်ရရ
၁၇/၄/၂၀၀၉။အဖြေရပြီးနောက်တစ်နေ့မှာ ပဲကျွန်တော်တို့နှစ် ယောက်ရဲ့တွေ့ဆုံမှုသက်တမ်းက ကုန်ဆုံးခဲ့လေတယ်။ကံတရားကပဲကျွန်တော့်တို့ကိုရက်စက်တာလားတော့ကျွန်တော်မသိခါးသက်သက်
ရင်နှင့်စွာ ဖြင့်ချစ်သက်တမ်းနုနုမှာပဲ ချစ်သူနဲ့ ခွဲခဲ့ရပြန်တယ်။မိမိတာဝန်ကျရာတပ်ဌာနေမှ စာတို ပေစ များနှင့်သာကျွန်တော်တို့ချစ်သက်တမ်းကိုရင့်သန်စေခဲ့ရတယ်။လွမ်းဆွတ် ခြင်းတွေဆိုတာကျွန်တော်တို့
ချစ်သူနှစ်ယောက်ရဲ့ငယ်ပေါင်းကြီးဖော်တွေပေါ့။တစ်နိုင်ငံတည်းမှာရှိပေမဲ့ဆက်သွယ်မှုဧရိယာပြင်ပရောက်ရောက်နေ
တတ်တဲ့IP(star)ဆိုတဲ့ဖုန်းများကလဲကျွန်တော်တို့ရှေ့ရေးကိုတိုင်ပင်ဖို့အထိကူညီမှုမပေး နိုင်ပြန်ဘူး။ဒီလိုနဲ့
ကျွန်တော်တို့ရဲ့အချစ်တွေကို နားလည်မှုတွေနဲ့သာအုတ်မြစ်ချခဲ့ ကြရတယ်။
          ကျွန်တော်တို့ရဲ့ချစ်သူသက်တမ်းမှာဒုတိယအကြိမ်တွေ့ဆုံမှုအဖြစ်သူမရဲ့အားထုတ်မှုနဲ့ ပြင်ဦးလွင်ဆိုတဲ့
အရပ်မှာတစ်ရက်ရဲ့တစ်ဝက်တိတိလောက်ကြည်နူး ပျော်ရွှင်ခွင့်ကိုရရှိခဲ့ဖူးတယ်။ဖော်ပြလို့မရတဲ့ပျော်
ရွှင်မှုတွေနဲ့အမှတ်တရတွေများစွာကို နေ့တစ်ပိုင်းအချိန်နဲ့ပဲမှတ်တမ်းတင်ခဲ့ကြတယ်။သူမကို
ပထမဆုံးပျော်ရွှင်မှု တွေပေးခဲ့နိုင်တဲ့အဲ့ဒီနေ့လေး တစ်နေ့ဟာ သူမ နဲ့လျှောက်လည်စဉ် သဲကြီးမဲကြီး ရွာချနေတဲ့ မိုးရေတွေနဲ့အတူအဲဒီနေ့ညနေလေးမှာတင်ပဲ ပျောက်ဆုံးသွား ပြန်တယ်။သူမ မန္တလေးသို့လိုက်ပါ မည့်ဟိုင်းလတ်လိုင်းကားပေါ်မှာထိုင်နေတဲ့ သူမရဲ့ မျက်တောင်လေးတွေအောက်မှာ မိုးရေလက်ကျန်တွေလား မျက်ရည်ဥ   လေးတွေလား ကျွန်တော်မခွဲခြားချင်တော့ ကျွန်တော့်ရင်ထဲမှာတော့  နောက်ဘယ်အချိန်မှပြန်တွေ့ကြမည်ဆိုတာကိုမတွေးမိနိုင် အောင် စိတ်တွေကိုလန်ဒန်တစ်လိပ် မီးညှိရင်း လေလွင့်နေလိုက်တယ်။ ဘယ်အချိန်မှ  သူမဆီပြန်လာမှလဲလို့ ကျွန်တော့ကိုမေးတဲ့အခါတိုင်း ကျွန်တော် သူမကို အားနာ စွာနဲ့စကားလမ်းကြောင်းလွှဲလွဲမိတာ ခဏတာလေးမှာတင် အကြိမ်ကြိမ်အခါခါ။ သေချာတာက ကျွန်တော်သူမဆီဘယ်အချိန်ပြန်လာနိုင်မည်မှန်း ကျွန်တော်ကိုတိုင် တိတိကျကျ သိမနေခဲ့တာတော့ တပ် အကြောင်းဘာမျှမသိသေးသည့် သာမာန် အရပ်သူ တစ်ယောက်ဖြစ်တဲ့ သူမကို ကျွန်တော်မရှင်းပြချင်တော့။တစ်ချိန်ကြရင် သူနားလည်လာမည်ဆိုသော မျှော်လင့်ချက်လေးနှင့်သာ သူမကို ဂရုမစိုက်မိစွာ ကျွန်တော့်လမ်းကို ကျွန်တော်ဆက်ရှောက်နေခဲ့တယ်။ နေကောင်းလားလို့ တောင်မမေးရဲအောင် ကျွန်မကို မောင် ဘယ်တုန်းက ဂရုစိုက်ဖူးလို့လဲဆိုတဲ့ မေးခွန်းများနှင့် သူမ စကားလုံးထိုးစစ်တွေကြားမှာ ကျွန်တော်နှုတ်ဆိတ်နေခဲ့ရ တယ်။

      သူမနဲ့ဆုံဖို့ ခွင့်ရတဲ့ရက်ထဲမှ ကျွန်တော့ရဲ့နည်းပါးလှစွာသောအချိန် တစ်ရက်တိတိပေးခဲ့မှုကြောင့်တတိယအကြိမ်ကျွန်တော်တို့ချစ်သူနှစ်ယောက်ဆုံခွင့် ရခဲ့ပြန်တယ်။သူမကလဲစည်းကမ်းတင်းကြပ်စွာနဲ့ဆရာမတစ်ယောက်ဖြစ်ဖို့အတွက်လေ့ကျင့်ပေးတဲ့ တက္ကသိုလ်တစ်ခုက ဖြစ်ပြန်တော့ သူမနဲ့တွေရဖို့လက်မှတ် နှစ်ကြိမ်တိတိထိုးခဲ့ရပြီး တစ်နာရီနီးပါးလောက်ထိုင်စောင့်လိုက်မှုကြောင့် သူမ သင်တန်းမှထမင်းစားချိန်ပေးတဲ့အခိုက်အတန့် သူမနဲ့ကျွန်တော် နာရီဝက်တိတိခန့် တွေ့ခဲ့ရတယ်။ဒီခရီးမှာရခဲ့တဲ့ ကျွန်တော့ရဲ့အခက်အခဲတွေပင်ပန်းမှုတွေအားလုံး သူမ ရဲ့ပျော်ရွင်မှုနဲ့ ကျွန်တော့်ရဲ့ပျော်ရွှင်မှု ကြားမှာ ပျောက်ဆုံးသွားပါတယ်။ သေချာတာကတော့ အခုတွေ့ဆုံမှုပြီးရင် ဘယ်လောက်ပြန်လွမ်းနေရအုံးမလဲဆိုတာ သူမရော ကျွန်တော်ရော ဘယ်သူမှသေချာမသိနိုင်တော့ဘူး။ဒါပေမဲ့ အဲ့ဒီနေ့က သူမ အလိုက် သိစွာနဲ့ သူမမေးနေကြမေးခွန်းကို ကျွန်တော့်ကိုမမေးခဲ့ပါဘူး။ ခံစားချက်တွေချရေးထားတဲ့ သူမပေးလိုက်တဲ့ ဒိုင်ယာရီစာအုပ်လေးတစ်အုပ်နဲ့ ကျွန်တော်တို့ရဲ့ခွဲခွာခြင်းနေ့ရက်တွေကို ဆက်လက်မောင်းနှင်ဖို့ သူမရော ကျွန်တော်ရော နေသားကျစွာနဲ့ အားတင်းထားပါတယ်။
         ခုတော့သူမနဲ့ကျွန်တော်တို့ရဲ့ချစ်သူသက်တမ်းဘာလိုလိုနဲ့သုံးနှစ်တင်းတင်း ပြည့်တော့မယ်။တွေ့ဆုံချိန်
ကိုလက်ချိုးရေတွက်မယ်ဆိုရင် လက်တစ်ဖက်တောင်မ ပြည့်နိုင်တဲ့ ကျွန်တော်တို့ချစ်သူသက်တမ်းကို ဘာတွေနဲ့ချည်နှောင်ထားမှန်းမသိ ပေမဲ့သူမကိုကျွန်တော်သိပ်ချစ်ခဲ့တယ်ဆိုတာတော့အတိအကျပြော
နိုင်ပါတယ်။ သူမလဲ စစ်သားတစ်ယောက်ကိုချစ်မိခဲ့လို့နောင်တများရနေမလား ဆိုတာမသိနိုင်ပေမဲ့ စစ်သားဆိုတာတာဝန်ကျရာနေရာဒေသမှာကျရာတာဝန်ထမ်း ဆောင်ရတဲ့ကျွန်တော်တို့ရဲ့ဘ၀ကိုနားလည်ပြီး
ကျွန်တော့်ကိုစောင့်မျှော် နေမယ်လို့ မျော်လင့် မိပါတယ်။
(စစ်သားချစ်သူများအားလုံး ခံစားနားလည်နိုင်ကြပါစေ)
ဆလိုင်းမာန်အွမ်

Tuesday, 27 March 2012

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသရေစည်သူမင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း



ရဲဘော်တို့
ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းနဲ့ အတူ ယှဉ်တွဲပေါ်ပေါက်လာခဲ့တဲ့ ဒို့တပ်မတော်ရဲ့ (၆၇) နှစ်မြောက် တပ်မတော်နေ့ ဖြစ်တယ်။ ခေတ်သစ်စနစ်သစ်နဲ့ နိုင်ငံတော်သစ်ဆီ ချီတက်နေတဲ့ ကာလမှာ ပထမဦးစွာ ကျင်းပတဲ့ တပ်မတော်နဲ့ အခမ်းအနားလည်း ဖြစ်လို့ သိသင့်သိထိုက်တာတွေကို အလေးအနက် မှာကြားသွားမှာ ဖြစ်တယ်။

ရဲဘော်တို့
ဒို့နိုင်ငံတော်ကို နယ်ချဲ့ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ ဒို့နိုင်ငံသားတွေ နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ကြပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် တပ်မတော်တစ်ရပ်ဖွဲ့စည်းထူထောင်ပြီး လက်နက်စွဲကိုင်တိုက်ပွဲဝင်မှသာ လွတ်လပ်ရေးရရှိနိုင်မယ်လို့ နားလည်ယုံကြည်ခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာ့မျိုးချစ်လူငယ် ရဲဘော်သုံးကျိပ်ဟာ ဂျပန်တွေဆီက စစ်ပညာတွေ သင်ယူခဲ့ပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဘီအိုင်အေလို့ ခေါ်တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းခဲ့တယ်။ ဂျပန်တပ်များနဲ့ အတူ နယ်ချဲ့ဗြိတိသျှတွေကို မြန်မာနိုင်ငံကနေ တိုက်ထုတ်ခဲ့ကြတယ်၊ ဘီအိုင်အေ ဖွဲ့စည်းစမှာ အင်အား ၂၀၀ ကျော်သာ ရှိရာက အင်အား ၅၀,၀၀၀ ကျော်အထိ တိုးပွားလာတာကို စိုးရိမ်ပူပန်လာတဲ့ ဂျပန်တို့ဟာ ၁၉၄၂ ခုနှစ်မှာ ဘီအိုင်အေ အစား အင်အား ၃,၀၀၀ ခန့်သာ ရှိတဲ့ ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ကို ပြန်လည်ဖွဲ့စည်းပေးခဲ့တယ်။ ၁၉၄၃ ခုနှစ်မှာ ဘီဒီအေကို ဗမာ့တပ်မတော်( ဘီအင်န်အေ) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တယ်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဗမာ့တပ်မတော်ဟာ ပြည်သူလူထူနဲ့လက်တွဲပြီး ဖက်ဆစ်ဂျပန်တွေကို တော်လှန်တိုက်ထုတ်ခဲ့ကြတယ်။ ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ဗမာ့တပ်မတော်ကို မျိုးချစ်ဗမာ့တပ်မတော်(ပီဘီအက်ဖ်) လို့ ပြောင်းလဲသတ်မှတ် ခေါ်ဝေါ်ခဲ့ကြတယ်။ ဒီသမိုင်းကြောင်းတွေကို ကြည့်ခြင်းအားဖြင့် ဒို့တပ်မတော်ဟာ နိုင်ငံတော်အတွက် လွတ်လပ်ရေးကြိုးပမ်းမှုနဲ့အတူ ပြည်သူကြားကပေါက်ဖွားလာတဲ့ မျိုးချစ်တပ်မတော်ဖြစ်တယ်ဆိုတာ ထင်ရှားစွာတွေ့မြင်ရမှာ ဖြစ်တယ်။

ရဲဘော်တို့
သမိုင်းကြောင်းကောင်းတဲ့ ဒို့တပ်မတော်ဟာ ပြည်သူကြားက ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ နိုင်ငံသူ ၊နိုင်ငံသားအားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အစဉ်ကာကွယ်စောင့်ရှောက်ဖို့ အမြဲဦးထိပ်ပန်ဆင် ဆောင်ရွက်လျက်ရှိတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့တဲ့ တရုတ်ဖြူ ကျူးကျော်စစ်အပါအ၀င် ပြည်တွင်းပြည်ပ အန္တရာယ်မှန်သမျှကို ဒို့တပ်မတော်သားတွေရဲ့ အသက်၊ ခန္ဓာတွေစွန့်လွှတ်ပြီး ကာကွယ်စောင့်ရှောင့်ခဲ့ကြတယ်။ ဒို့နိုင်ငံတော်ကြီးကို ဒုက္ခစေမယ့်၊ ပြိုကွဲပျက်စီးစေမယ့် ၊တိုင်းရင်းသားများ ချစ်ကြည်စည်းလုံးမှု ပြိုကွဲပျက်စီးစေမယ့်၊ ဒို့နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးမယ့် ပြည်တွင်းပြည်ပ အန္တရာယ်မှန်သမျှနဲ့ အဖျက်လုပ်ရပ်မှန်သမျှကို သမိုင်အစဉ်လာရှိရှိ ကာကွယ်စောင့်ရှောက်ခဲ့သလို ရှေ့ဆက်ပြီးလည်း ကာကွယ်စောင့်ရှောက်သွားမှာဖြစ်တယ်။ တပ်မတော်ရဲ့ သမိုင်းကြောင်းဟာ နိုင်ငံတော်သမိုင်းကြောင်းနဲ့ ခွဲခြားလို့မရကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့
ဒို့တပ်မတော် စတင်ဖွဲ့စည်းချိန်ကစလို့ ယနေ့အချိန်အထိ ခေတ်အဆက်ဆက် ဖြတ်သန်းကျော်ဖြတ်လာတဲ့ ကာလအတွင်းမှာ မျိုးချစ်တပ်မတော်ခေါင်းဆောင်ကြီးတွေ ဟာ နိုင်ငံတော် ကာကွယ်ရေး စွမ်းအား မြင့်မားနေစေဖို့ ဒို့တပ်မတော်ကို အရေအတွက်သာမက အရည်အချင်းပါတိုးတက်ကောင်းမွန်အောင် တည်ဆောက်ခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တည်ထောင်ခဲ့တဲ့ ကာလတွေမှာလည်း လူ၊လက်နက်အင်အားတိုးတက်ရေး ၊ စစ်ပညာရပ်များ မြင့်မာရေးတို့ကို အခြေအနေပေးသရွေ့ နည်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ လွတ်လပ်ရေးရပြီးစ ပြည်တွင်းပြည်ပ အန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်နေရချိန်မှာလည်း ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်တဲ့ တပ်မတော်ခေါင်းဆောင်များဟာ အန္တရာယ်တွေကို ရင်ဆိုင်ရင်းနဲ့ တပ်မတော်အင်အားကို တိုးချဲ့ တည်ဆောက်နိုင်ခဲ့ကြတယ်။ တပ်မတော်ကို ခေတ်မှီတဲ့ စစ်လက်နက်ပစ္စည်းများနဲ့ ပြောင်းလဲတပ်ဆင်ပေးနိုင်ခဲ့တယ် ။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ တပ်မတော် အကြီးအကဲများက (ကြည်း၊ ရေ၊ လေ) တပ်မတော် တစ်ရပ်လုံးကို ခေတ်နဲ့ အညီ ရင်ဘောင်တန်းနိုင်အောင် လက်နက်၊ပစ္စည်း ၊ကိရိယာများ ဖြည့်ဆည်းအောင်ရွက်ပေးခြင်း ၊ တပ်မတော် အဆင့်အတန်းမြင့်မားရေး အတွက် တပ်မတော်ဆိုင်ရာ တက္ကသိုလ် ၊စစ်ကျောင်း ကြီးများနဲ့ လေ့းကျင့်ရေး ကျောင်းများကို အဆင့်မြှင့်တင် ဖွင့်လှစ်ပေးခြင်း စတာတွေ ဆောင်ရွက်ပေးခဲ့တယ် ။ တပ်မတော် ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ က လက်ဆင့်ကမ်း အမွေဆက်ခံပြီး စည်းကမ်းကောင်းတဲ့၊ စနစ်တကျရှိတဲ့ ခေတ်မီ တပ်မတော် တစ်ရပ် အဖြစ် ခေတ်ကာလနဲ့ အညီ တည်ဆောက်ပေးခဲ့တာကို ကျေးဇူးတင်ထိုက်စွာ မြင်တွေ့ ရမှာ ဖြစ်တယ် ။ ဒို့တတွေ အနေ နဲ့လည်း တပ်မတော်ကြီးကို နိုင်ငံတော်ကို ကာကွယ်စောက်ရှောက်နိုင်စွမ်းရှိတဲ့ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မှီ မျိုးချစ် တပ်မတော် ဖြစ်အောင် ဆက်လက် တည်ဆောက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့
၁၉၈၈ ခုနှစ်မှာ နိုင်ငံတော်ရဲ့ အခြေအနေ အရပ်ရပ် ယိုယွင်းပျက်စီးလာတာကြောင့် ဒို့တပ်မတော်ဟာ နိုင်ငံတော်တာဝန်ကို ရယူခဲ့ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ပြည်သူလူထုနဲ့ အတူလက်တွဲဆောင်ရွက်ခဲ့တယ် ။ ဒီလို ဆောင်ရွက်ရာမှာ နိုင်ငံရေး ၊ စီးပွါးရေး ၊ လူမှုရေး ဦးတည်ချက်တွေစနစ်တကျ ချမှတ်ဆောင်ရွက်ခဲ့တာကြောင့် နိုင်ငံတော်ရဲ့ စီးပွါးရေး ၊လူမှုရေး ကဏ္ဍ မှာလည်း အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနဲ့ ငြိမ်းချမ်းရေးရယူနိုင်ခဲ့တယ် ။ နိုင်ငံတော်ကို ဒီမိုကရေစီ နိုင်ငံတော် အဖြစ် ရောက်ရှိအောင် ဖော်ဆောင်ပေးမယ်လို့ ကတိပေးထားခဲ့တာနဲ့အညီ အမျိုးသားညီလာခံကိုကျင်းပပြီး ဖွဲ့ စည်းပုံ အခြေခံဥပဒေ ကို ရေးဆွဲ ခဲ့တယ် ။၂၀၀၃ ခုနှစ်မှာ နိုင်ငံတော်ရှေ့ဆက်သွားမယ့် မူဝါဒလမ်းစဉ် ၇ ရပ် ချမှတ်ပြီး အဆင့်လိုက် ဆက်လက် ဆောင်ရွက်ခဲ့တယ် ။ အမျိုးသားညီလာခံက တစ်ဆင့်ဖြစ်ပေါ်လာခဲ့တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်မှာ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပပြီး အတည်ပြုပြဋ္ဌန်းနိုင်ခဲံတယ် ။ ၂၀၁၀ ပြည့်နှစ်မှာ ပါတီစုံဒီမိုကရေစီ ရွေး ကောက်ပွဲ ကျင်းပပေးခဲ့ ပြီး ရွေးကောက်ပွဲမှာ ပြည်သူတွေ ရွေးချယ်လိုက် တဲ့ပြည်သူ့ ကိုယ်စားလှယ်များနဲ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ(၃၁)ရက်နေ့ မှာ လွတ်တော်ခေါ်ယူကာ လွတ်တော်က ရွေးကောက်တင်မြှောက်တဲ့ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ထံ နိုင်ငံတော် အာဏာအရပ်ရပ်ကို စနစ်တကျပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တယ်။ ဒို့ နိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဆက်လက်လျှောက်လှမ်းနိုင်အောင် တပ်မတော်ဟာ ပေးထားတဲ့ကတိအတိုင်း မှန်ကန်တည်ကြည်စွာဖြင့် လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဆောင်ရွက်ပေးခဲ့တယ်။

ရဲဘော်တို့
ခေတ်မီဖွံဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံအဖြစ် ဆက်လက် လျှောက်လှမ်းတဲ့လမ်းကြောင်းမှာ ဒို့တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ ပြောကြားလိုတယ်။ ဒို့နိုင်ငံရဲ့ ပထ၀ီအနေအထား သမိုင်းကြောင်းများအရ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးရဲ့ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက် အကောင်အထည်ဖော်ဖို့အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေးမူဝါဒအဖြစ် ချမှတ်ထားတယ်။ နိုင်ငံတော်ရဲ့ ကာကွယ်ရေးမူဒါဒချမှတ်ထားရာမှာ ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်ရန်ဆိုတဲ့ အချက်တစ်ချက်ပါရှိသလို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိတယ်လို့ အတိအလင်းပြဠာန်းထားတယ်။ ဒါကြောင့်တပ်မတော်ဟာ ဒို့တာဝန်အရေး(၃)ပါးကို စွဲမြဲစွာ ခံယူစောင့်ထိန်းသွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။


ရဲဘော်တို့
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဠာန်းချက်များနဲ့အညီ လွှတ်တော်အသီးသီးမှာ တပ်မတော်ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နေတာဟာ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းများအရ တပ်မတော်က နိုင်ငံတော်ရဲ့အကျိုးကို ဖော်ဆောင်ဖို့ ပါဝင်ဆောင်ရွက်နေခြင်းသာဖြစ်တယ်။ တစ်နည်းအားဖြင့် အမျိုးသားနိုင်ငံရေး တာဝန်တစ်ရပ်ကို ထမ်းဆောင်နေခြင်းပဲဖြစ်တယ်။ တပ်မတော်ဆိုတာ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနဲ့ စနစ်တကျဖွဲ့စည်းထားတာဖြစ်တယ်။ ဒို့တပ်မတော်မှာ တိုင်းရင်းသားအားလုံး ပါဝင်ဖွဲ့စည်းထားတာကြောင့် ဒို့တပ်မတော်ဟာ အမျိုးသားတပ်မတော် တစ်နည်းအားဖြင့် ပြည်ထောင်စုတပ်မတော်ပဲဖြစ်တယ်။ ဒီကနေ့ တာဝန်ထမ်းဆောင်နေကြတဲ့ ပြည်ထောင်စုဖွား ဒို့တပ်မတော်သားတွေဟာ နိုင်ငံတော်စစ်မှုထမ်းဥပဒေအရ ၀င်ရောက်ခဲ့ကြသူများမဟုတ်ဘဲ မိမိသဘောဆန္ဒအလျောက် ၀င်ရောက်တာဝန်ထမ်းဆောင် နေကြသူတွေဖြစ်တယ်။်ခန္ဓာကိုယ်ပင်ပန်းဆင်းရဲမှာ စိတ်ပင်ပန်းဆင်းရဲမှာ မိမိအသက်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ စွန့်လွှတ် ပေးဆပ်ရမှာကို သိလျက်နဲ့ အခြေခံအားဖြင့် အလွန်မွန်မြတ်တဲ့ စိတ်ဓါတ်တွေနဲ့ ပြည်ထောင်စုကြီးကို တိုင်းရင်းသားပြည်သူများကို ကာကွယ်စောင့်ရှောက်ဖို့ ၀င်ရောက်တာဝန်ထမ်းဆောင်နေကြတာ ဖြစ်တယ်။ ဒါ့အပြင့် ဒို့တပ်မတော်ဟာ ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ထားပြီး နိုင်ငံတော်ရဲ့အကျိုးစီးပွား ပြည်သူလူထုရဲ့ အကျိုးစီးပွားများနဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်နေတာဖြစ်သလို နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေး ဒေသအလိုက်ဖွံ့ ဖြိုးတိုးတက်ရေးတွေကို ပြည်သူလူထုနဲ့ ပူးပေါင်းဆောင် ရွတ်လျက်၇ှိတယ်။ ဒီလိုဆောင်ရွတ်ရာမှာ ပါတီနိုင်ငံရေးကင်းရှင်းစွာနဲ့ လူမျိုးစွဲ၊ ဒေသစွဲတွေမပါ၇ှိဘဲ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး အကျိုးစီးပွားကို ဖော်ဆောင်နိုင်မယ့် အမျိုးသားနိုင်ငံရေး သက်သက်ကိုသာ ဆောင်ရွတ်နေတာဖြစ်တယ်။ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ စစ်မှန်သောမျိုးချစ်စိတ်ဖြစ်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ တပ်မတော်က ပါဝင်ထမ်းဆောင်နေခြင်းသာ ဖြစ်ကြောင်းပြောကြားလိုတယ်။

ရဲဘော်တို့
ဒို့တပ်မတော်သားတွေက တပ်မတော်နည်းဥပဒေ၊ အက်ဥပဒေတွေကို လိုက်နာ၇ုံသာမက နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ နယ်ဘက်ဆိုင်ရာဥပဒေကိုလည်း ပြည်သူများနည်းတူ လိုက်နာစောင့်ထိန်းကြရမယ်။ နိုင်ငံတော်ရဲ့  အသက်သဖွယ်ဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံသားအားလုံးနဲ့ အတူ ဒို့တပ်မတော်က လေးစားလိုက်နာရမှာဖြစ်သလို ကာကွယ်စောင့်ရှောက် သွားရမှာလည်းဖြစ်တယ်။ နိုင်ငံတော်ရ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ(စ)မှာ "တပ်မတော်သည်နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်အဓိကတာဝန်ရှိတယ်။" လို့ အတိအကျဖော်ပြ တာဝန်ပေးအပ်ထားပြီး ဖြစ်တယ် ။ ဒါကြောင့် ဒို့တပ်မတော်အနေနဲ့ ခေတ်မီဖွံ့ဖြိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တစ်ရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။

ရဲဘော်တို့
ဒို့နိုင်ငံဟာ ၁၉၄၈ခုနှစ်မှာ လွတ်လပ်ရေးရခဲ့သော်လည်း နယ်ချဲ့တို့ရဲ့ သွေးခွဲ အုပ်ချုပ်မှုတွေကြောင့် တိုင်းရင်းသားအချင်းချင်း အမြင်လွဲမှားမှုတွေဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်လည်း မငြိမ်မသက်ဖြစ်ခဲ့ရတယ်။ ပြည်တွင်းပြည်ပထိုးနှက်ချက်တွေကြောင့် အာဏာရပါတီ၊ အစိုးရနဲ့ လွှတ်တော်များအတွင်း အုပ်စုကွဲမှုတွေ ညီညွတ်မှုမရှိခဲ့တာတွေ ဖြစ်ခဲ့ရတယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးဆောင် ရွက်ရမယ့်အချိန်မှာ ပြသနာတွေဖြေရှင်းနေရတာနဲ့ အချိန်ကုန်လူပင်ပန်းပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွေ နောက် ကျခဲ့ရတာကို သင်ခန်းစာယူရမှာဖြစ်တယ်။ ယခုအချိန်မှာ မှန်ကန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတာကြောင့် ဒို့တတွေအားလုံး နိုင်ငံတော်ကို ကမ္ဘာ့အလယ်မှာ တင့်တယ်စွာရှိနေစေရေးအတွက် စိတ်ကောင်းစေတနာကောင်းနဲ့ ညီညွတ်စွာဆောင်ရွက်ကြဖို့ လိုတယ်။ နိုင်ငံတော်တစ်ရပ်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးဟာ မရှိမဖြစ်လိုအပ်တယ်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ခေတ်အဆက် ဆက်ကြိုးပမ်းခဲ့ရာမှာ ထာဝရငြိမ်းချမ်းရေးရတဲ့ အထိ အောင်မြင်မှုမရသေးတဲ့အတွက် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ နိုင်ငံတော်က အလေးထား ဆောင်ရွက်နေတယ်။ ပထမအဆင့်အနေဖြင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပြည်နယ်၊ တိုင်းဒေသကြီးအဖွဲ့မှ ငြိမ်းချမ်းရေးဆွေးနွေးမယ့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခြင်း၊ ဒုတိယအဆင့်မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမယ့်အဖွဲ့များနဲ့ တွေ့ဆုံဆွေးနွေးခြင်း၊ နောက်ဆုံးအဆင့်မှာ ပြည်ထောင်စုလွှတ်တော်တွင် ထာဝရငြိမ်းချမ်းရေးအတွက် အပြီးသတ်ဆောင်ရွက်သွားရန် ဖြစ်တယ်။ ပြည်ထောင်စုအဆင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးပြီးတဲ့ ဒေသတွေမှာ တပ်မတော်ဟာ သဘောတူညီချက်များအတိုင်း တည်ငြိမ်အေးချမ်းရေးကို ရှေးရှုဆောင်ရွက်လျက်ရှိတယ်။ အခြေအနေပေးတဲ့ နေရာတွေမှာလည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို တစ်ဆက်တည်း အားသွန်ခွန်စိုက် ဆောင်ရွက်ပေးလျက်ရှိတယ်။ အသက်ခန္ဓာတွေကို စွန့်လွှတ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်ကြရတဲ့ ဒို့တပ်မတော်ဟာ ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုပြီးလိုလားတယ်။ ဖြစ်နိုင်သမျှ ထာဝရငြိမ်းချမ်းရေးရရှိအောင် စစ်မှန်သည့်ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံတော်နဲ့အတူ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပြီး ဒီကတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း အခိုင်အမာပြောကြားလိုတယ်။

ရဲဘော်တို့
ဒီမိုကရေစီနိုင်ငံအဖြစ် လျှောက်လှမ်းနေတာ တစ်နှစ်သက်တမ်းသာရှိသေးတဲ့ ဒို့နိုင်ငံဟာ မြင့်မားခိုင်မာစွာ ရပ်တည်နိုင်ဖို့အတွက် နိုင်ငံရေးစွမ်းအား၊ စီးပွားရေးစွမ်းအားနဲ့ ကာကွယ်ရေးစွမ်းအားတွေ မြင့်မားခိုင်မာစွာ အချိတ်အဆက်မိမိ ဟန်ချက်ညီစွာ တိုးတက်နေဖို့ လိုအပ်တယ်။ တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြတဲ့ ဒို့နိုင်ငံတော်မှာ နိုင်ငံရေးစွမ်းအားမြင့်မားရေး အခြေခံလိုအပ်ချက်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံအေးချမ်းတည်ငြိမ်မှုရှိရေးပဲဖြစ်တယ်။ တည်ငြိမ်အေးချမ်းမှု ရှိလာတာနဲ့အမျှ အုပ်ချုပ်ရေးနဲ့ အစိုးရယန္တရားလည်ပတ်မှုတွေ ပီပြင်လာမယ်၊ တရားဥပဒေစိုးမိုးမှုနဲ့အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ထဲကနေ နိုင်ငံရေးစွမ်းအားစုတွေအားလုံး မှန်မှန်ကန်ကန် ပါဝင်ဆောင်ရွက်လာနိုင်မှာဖြစ်တယ်။ နိုင်ငံတကာမျက်နှာစာမှာ ၀င်ဆန့်မှုတွေ ပိုမိုအားကောင်းလာပြီး ပြည်တွင်းပြည်ပနိုင်ငံရေး အနေအထားတွေ မြင့်မားလာမှာပဲဖြစ်တယ်။
နိုင်ငံရေးတည်ငြိမ်ခိုင်မာမှုဟာ စီးပွားရေးတိုးတက်မှုအတွက် တွန်းအားတစ်ရပ်ဖြစ်ပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့အတူ နိုင်ငံတော်နဲ့ ပြည်သူများရဲ့ စီးပွားရေး တိုးတက်မြင့်မားရေးကို ဆောင်ရွက်နိုင်မှာဖြစ်တယ်။ နိုင်ငံတော်မှာရှိပြီးဖြစ်တဲ့ သဘာဝ သယံဇာတများနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို အသုံးချပြီး လယ်ယာစိုက်ပျိုးရေး၊ စက်မှုနဲ့နည်းပညာ၊ ၀န်ဆောင်မှုနဲ့ ကုန်သွယ်ရေး ကဏ္ဍတွေကို တိုးတက်အောင် ဆောင်ရွက်နိုင်ရင် နိုင်ငံတော်ရဲ့ စီးပွားရေးဟာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒီကနေ့ ၂၁ ရာစုမှာ ၁၉ ရာစုနှစ်အတွေကလို နိုင်ငံတစ်နိုင်ငံကို အခြားနိုင်ငံတစ်နိုင်ငံက စစ်ရေးသက်သက်နဲ့ ကျူးကျော်သိမ်းပိုက်ပြီး ကျွန်ပြုတဲ့ခေတ် မဟုတ်တော့ဘဲ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှူရေး၊ ယဉ်ကျေးမှုစတဲ့ နယ်ပယ်အသီးသီးကနေ နည်းမျိုးစုံနဲ့ လွှမ်းမိုးချုပ်ကိုင်တဲ့နည်းတွေ ကျင့်သုံးဆောင်ရွက်လာကြတယ်။ ဒီလိုပြောင်းလဲလာတာတွေကြောင့် နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်ခြာအာဏာတည်တံ့ ခိုင်မြဲရေးကို ကောင်းစွာကာကွယ်စောင့်ရှာက်နိုင်ဖို့ ကာကွယ်ရေးစွမ်းအား မြင့်မားနေစေရေး အတွက် ဒို့တပ်မတော်ဟာ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီမျီုးချစ်တပ်မတော်တစ်ရပ်ဖြစ်ဖို့ လိုအပ်တယ်။ အလားတူ စစ်ရေးမဟုတ်တဲ့ နည်းလမ်းတွေနဲ့ လွှမ်းမိုးချုပ်ကိုင်လိုမှုများကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အားလုံး အမြင်ကျယ်ပြန့်စွာ သိရှိဆင်ခြင်ဆောင်ရွက်သွားဖို့ လိုအပ်တယ်။
နိုင်ငံတော်ကာကွယ်ရေးစွမ်းအား မြင့်မားနေစေဖို့ ဒို့တပ်မတော်အင်အားတောင့်တင်းခိုင်မာရေးအတွက် နိုင်ငံတော်၊ တပ်မတော်နဲ့ နိုင်ငံသားအားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်တယ်။ နိုင်ငံတော် ကာကွယ်ရေးစွမ်းအား တောင့်တင်းခိုင်မာစေဖို့ခေတ်မီစစ်လက်နက်ပစ္စည်းတွေ ရရှိပိုင်ဆိုင်ရေးအတွက် တပ်မတော်ကလည်း သုသေသနပြု တီထွင်ထုတ်လုပ်ရမှာဖြစ်တယ်၊ မိမိတို့ ထပ်မံလိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဍငွေ ရရှိမှုပေါ်မူတည်ပြီး ၀ယ်ယူဖြည့်တင်းရမှာဖြစ်တယ်။ ဒေသတွင်းနိုင်ငံများ အပါအ၀င် နိုင်ငံ အသီးသီးက ကာကွယ်ရေးစွမ်းပကားများမြှင့်တင်ဆောင်ရွက်နေတာကို မပြတ်လေ့လာပြီး မိမိတို့ကလည်း နိုင်ငံတော်ကာကွယ်ရေးအတွက် ပြင်ဆင်ဖြည့်တင်းဆောင်ရွက်သွားဖို့လိုတယ်။ တပ်မတော်ရဲ့ စွမ်းပကား၊ ပြည်သူလူထုရဲ့ စွမ်းပကားများ ပူးပေါင်းပြီး နိုင်ငံတော်ကာကွယ်ရေးစွမ်းပကား မြင့်မားခိုင်မာအောင် လုပ်ကြရမယ်။
စစ်သားကောင်းတို့ရဲ့ အရည်အချင်းဟာ စစ်စည်းကမ်းကောင်းခြင်းနဲ့ အမိန့်နာခံခြင်းတို့ပဲဖြစ်တယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့နေရာမှာ စည်းကမ်းနဲ့စနစ်တကျရှိတဲ့ လမ်းကြောင်းပေါ်မှာသာသွား ရမှာဖြစ်တယ်။ ဒါကြောင့် တို့တပ်မတော်သားတွေအနေနဲ့ စစ်စည်းကမ်း၊ စစ်မြေပြင်စည်းကမ်းအပြင် နိုင်ငံတော်ကထုတ်ပြန်ထားတဲ့ ဥပဒေ၊ စည်းကမ်းများကို နိုင်ငံသားများနည်းတူ လေးစားလိုက်နာကြရမှာ ဖြစ်တယ်။ မည်သူမဆို မြို့၊ ရပ်ကွက်၊ ကျေးရွာမှာနေရင် သက်ဆိုင်တဲ့ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာလုပ်ကိုင်နေထိုင်ရသလို၊ တပ်မတော်အတွင်းမှာလည်း တပ်ပိုင်းဆိုင်ရာ စည်းကမ်းများနဲ့ လိုက်နာနေထိုင် လုပ်ကိုင်ကြရမှာဖြစ်တယ်၊ စစ်စည်းကမ်းဟာတပ်မတော်ရဲ့ ကျောရိုးမဏ္ဍိုင်ဖြစ်တာနဲ့ အညီ စစ်စည်းကမ်းကောင်းမွန်တာနဲ့ အမျှ စိတ်ဓာတ်နဲ့ အမိန့်နာခံမှုပါ အလိုလိုကောင်းလာတာ တွေ့ရတယ်။ ဒါကြောင့် တပ်မတော်ရဲ့ ကျောရိုးမဏ္ဍိုင် ခိုင်မာစေဖို့အတွက် စစ်စည်းကမ်းကို အမြင့်မားဆုံး လိုက်နာစောင့်ထိန်းတဲ့ တပ်မတော်၊ အမိန့်နာခံမှုကောင်းတဲ့ တပ်မတော်အဖြစ် ခေတ်အဆက်ဆက် တပ်မတော်ခေါင်းဆောင်ကြီးတွေက တည်ဆောက်ခဲ့ကြတယ်၊ လွတ်လပ်ရေးကြိုးပမ်းမှုကစလို့  ဒီကနေ့ အထိ နိုင်ငံတော်ရဲ့ တာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ခဲ့ ခြင်း ဟာ ဒီလိုအခြေခံကောင်းတွေနဲ့ ပြည့်စုံခြင်း၊ တပ်မတော် အစဉ်အလာ(၁၂)ရပ် ပြည့်စုံခြင်းနဲ့  တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေးအသိ နိုးကြားမှု ရှိခြင်းတို့ ကြောင့်ဖြစ်တယ်၊ ဒါကြောင့် ရှေ့ဆက်လက်ပြီး နိုင်ငံတော်ရဲ့ တာဝန်၊ အမျိုးသားရေးတာဝန်တွေကို ထူးချွန် ပြောင်မြောက်စွာ ထမ်းဆောင်နိုင်ဖို့  အခြေခံကောင်းတွေ၊အစဉ်လာကောင်းတွေကို ဆက်လက်သယ်ပိုး စောင့်ထိန်းသွားကြဖို့  မှာကြားလိုတယ်။

ရဲဘော်တို့
နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြတဲ့ ဒို့တပ်မတော်သားတွေဟာ စစ်ရေးအမြင်သက်သက်နဲ့  ရည်မှန်းချက်တာဝန်တွေ အောင်မြင်မှာမဟုတ်တဲ့  အတွက် စစ်ရေး၊နိုင်ငံရေး၊စီးပွားရေး၊အုပ်ချုပ်ရေး အမြင်(၄)ရပ်ပြည့်စုံနေအောင် ဖြည့်ဆည်းနေကြဖို့  လိုအပ်တယ်၊ နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေကိုမျက်ခြေမပြတ်လေ့လာပြီး ဒို့ နိုင်ငံရဲ့ ပကတိအခြေအနေနဲ့ အညီ ညီညွတ်စွာ ဦးတည်ချီတက်နေတဲ့ ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်ရေး နိုင်ငံတော်အချုပ်အခြာအာဏာ ထိပါးမခံရရေး၊ ပြည်သူ၊တပ်မတော်နဲ့  နိုင်ငံတော်အစိုးရပူးပေါင်းပြီး တရားဥပဒေနဲ့ အညီ နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ဖို့  ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို မပြတ်လေ့လာနေုဖို့  လိုအပ်တယ်။ နိုင်ငံတကာရဲ့  တိုးတက်ဖြစ်ပေါ်နေတဲ့  စီးပွားရေးအခြေအနေများနဲ့  မိမိတို့နိုင်ငံမှာ ပြည်သူ့ အကျိုးစီးပွားကို အမှန်တကယ်ဖော်ဆောင်နိုင်မယ့်  စီးပွားရေးလုပ်ငန်းများ သိရှိနေအောင် လေ့လာနေကြဖို့ လိုအပ်တယ်။ နိုင်ငံတော်ရဲ့ စီးပွားရေး တိုးတက်စေဖို့ အတွက် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ နဲ့  ၀န်ဆောင်မှုကဏ္ဍတွေ အချိုးကျကျ ပါဝင်နေဖို့ လိုအပ်တယ်။ ငွေကြေးခိုင်မာမှုရှိဖို့ လည်း လိုအပ်တယ်။ နိုင်ငံတော်ရဲ့ စားနပ်ရိက္ခာဖူလုံစေဖို့ အတွက် စိုက်ပျိုးရေးကဏ္ဍ ကို လက်လွှတ်လို့ မရသလို ခေတ်မီတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ဖို့  စက်မှုနိုင်ငံအဖြစ် မဖြစ်မနေသွားရမှာဖြစ်တဲ့ အတွက် စိုက်ပျိုးရေးကိုအခြေခံပြီး ရရှိလာတဲ့ အရင်းအနှီးတွေနဲ့  စက်မှုကဏ္ဍဖွံ့ ဖြိုးတိုးတက်အောင် ၀ိုင်းဝန်းဆောင်ရွက်သွားကြရမယ်။ စက်မှုကဏ္ဍဖွံ့ ဖြိုးတိုးတက်လာတာနဲ့ အမျှ ၀န်ဆောင်မှုကဏ္ဍကိုလည်း တိုးတက်အောင် ဆောက်ရွက်သွားရမယ်။ လူနေမှုအဆင့်အတန်းမြင့်မားရေးနဲ့  အရင်းအနှီးဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှု၊ ရင်နှီးမြှုပ်နှံမှုနဲ့  ၀န်ဆောင်မှုလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်သွားရမယ်။ ဒို့ နိုင်ငံကို ခေတ်မီစက်မှုနိုင်ငံတစ်ခုဖြစ်အောင် တည်ဆောက်တဲ့ နေရာမှာ နိုင်ငံတော်ရဲ့ စီးပွားရေးဦးတည်ချက်တွေအတိုင်း တပ်မတော်က သက်ဆိုင်ရာကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။
ဒီကနေ့  နိုင်ငံတော်ကချီတက်နေတဲ့  ဒီမိုကရေစီလမ်းကြောင်းမှာ အစိုးရရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို တပ်မတော်က မှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်ပေး သွားမှာဖြစ်လို့ ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့အညီ ဆောင်ရွက်နေတဲ့ ဒီမိုကရေစီအုပ်ချုပ်မှုပုံစံတွေကို မျက်ခြည်မပြတ် လေ့လာနေကြဖို့ လိုအပ်တယ်။ ဒို့နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံအဆင့်ကို ရောက်ရှိဖို့ တက်လှမ်းနေတဲ့ ဒေသတွင်းနိုင်ငံကြီး ၂ နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေရုံသာမက တောင်အာရှနိုင်ငံများနဲ့ အရှေ့တောင် အာရှနိုင်ငံများ ကို ပေါင်းကူးဆက် သွယ်ပေးထားတဲ့ နိုင်ငံတစ်ခုအဖြစ် တည်ရှိနေတာ ရဲဘော်တို့အသိပဲဖြစ်တယ်။ ဒို့တပ်မတော်ဟာ နိုင်ငံတော်ရဲ့ မူဝါဒတွေနဲ့အညီ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက တပ်မတော်တွေနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိသလို မဟာဗျူဟာအရ အရေးပါတဲ့နေရာမှာ တည်ရှိနေတဲ့ ဒို့နိုင်ငံရဲ့ ပထ၀ီအနေအထားကို မှန်ကန်စွာရှုမြင်သုံးသပ်ပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာပိုင် မြေပြင်၊ ရေပြင်၊ ဝေဟင် ပိုင်နက်တို့ကို ကာကွယ်နိုင်ဖို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးအမြင်တွေနဲ့ ပြည့်စုံနေအောင် ကြိုးပမ်းနေကြဖို့ အလေးအနက် မှာကြားလိုတယ်။

ရဲဘော်တို့
မိမိတို့တပ်မတော်မှာ တပ်ဆင်ထားတဲ့ ခေတ်မီစစ်လက်နက် ပစ္စည်းတွေကို မှန်ကန်ထိရောက်စွာ အသုံးချနိုင်အောင်၊ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်တတ်အောင် လေ့ကျင့်နေကြရမှာဖြစ်တယ်။ ကိုယ့်နိုင်ငံ ရေမြေသဘာဝ အနေအထား၊ ဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့အညီ အံဝင်ဂွင်ကျဖြစ်မယ့် မှန်ကန်တဲ့စစ်နည်းဗျူဟာများကို ကျင့်သုံးနိုင်အောင်လည်း လေ့ကျင့်နေကြရမှာဖြစ်တယ်။ စစ်လက်နက်ပစ္စည်းတွေ၊ စစ်နည်းဗျူဟာတွေကို ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် လေ့ကျင့်ရမှာဖြစ်သလို လက်တွေ့စစ်မြေပြင်မှာ ရန်သူကို ရင်ဆိုင်တိုက်ပွဲဝင်နိုင်အောင် ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ ပြည့်စုံအောင်လည်း လေ့ကျင့်နေဖို့ လိုအပ်တယ်။ ဒီလိုကျွမ်းကျင်မှု၊ ကြံ့ခိုင်မှု၊ စစ်နည်းဗျူဟာကောင်းမွန်မှုတွေနဲ့ ပြည့်စုံမှသာ စစ်မြေပြင်မှာ အောင်မြင်မှုတွေရရှိမှာ ဖြစ်တယ်။
ဒို့တပ်မတော်ကို စတင်တည်ထောင်ကတည်းက စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် လုပ်ငန်းကြီး(၃) ရပ်နဲ့ စနစ်တကျတည်ဆောက် ထားခဲ့တယ်။ ဒီလုပ်ငန်းကြီးတွေမှာ သူ့စနစ်နဲ့သူရှိပြီး၊ ကောင်းမွန်ပြည့်စုံပြီးဖြစ်တာကြောင့် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်လုပ်ငန်း ပင်နီယံကြီး(၃)ခု ကောင်းမွန်စွာ လည်ပတ်နေအောင် ဆောင်ရွက်ခြင်းဖြင့် တပ်မတော်ရဲ့အုပ်ချုပ်ရေးကို ကောင်းမွန်းအောင် တည်ဆောက်သွားကြဖို့ မှာကြားလိုတယ်။

ရဲဘော်တို့
သက်သာချောင်ချိရေးမှာ နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းနဲ့ စစ်သည်များကိုယ်တိုင် သက်သာချောင်ချိမှုရှိအောင် ဆောင်ရွက်ခြင်းဆိုပြီး နှစ်ပိုင်းရှိရာမှာ နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသလို စစ်သည်မိသားစုများကိုယ်တိုင်ကလည်း အခြေအနေ အချိန်အခါပေါ် မူတည်ပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ခြင်း၊၀င်ငွေနှင့်ထွက်ငွေမျှတအောင် စိစစ်သုံးစွဲခြင်းဖြင့် မိသားစုသက်သာချောင်ချိ မှုရှိအောင်ဆောင်ရွက်ရမှာဖြစ်တယ်။ တပ်မိသားစုများရဲ့  စိုက်ပျိုးမွေးမြူရေး ထွက်ကုန်တွေဟာ မိသားစုများရဲ့ အသုံးစရိတ်ချွေတာနိုင်ပြီး သင့်တင့်တဲ့အထောက်အပံ့ ရရှိစေမှာဖြစ်သလို တပ်မတော်တစ်ရပ်လုံးရဲ့ စိုက်ပျိုးရေးကဏ္ဍက ထွက်ကုန်များဟာ ဒေသထွက်ကုန်များ တိုးတက်မြင့်မားခြင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုကို အထိုက် အလျောက်ဖြစ်စေခြင်း စတဲ့အကျိုးများ ရရှိတာကြောင့် တပ်မတော်ရဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကို တိုးတက်အောင် စေတနာထားပြီး ဆောင်ရွက်ကြရမှာဖြစ်တယ်။ အလုပ်တာဝန်တွေကို ညီညွတ်မျှတစွာ မှန်မှန်ကန်ကန်ခွဲဝေပေးခြင်း၊ စစ်သည်များတပ်နေပျော်ရေးကို အလေးထားဆောင်ရွက်ပေးခြင်း၊သက်သာချောင်ချိရေးကို ညီညီမျှမျှရှိအောင် အလေးထားဆောင်ရွက်ပေးခြင်း စတဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် စစ်သည်တွေရဲ့  စိတ်ဓာတ်ပိုင်း ဆိုင်ရာများ မြင့်မားလာမှာဖြစ်တယ်။စစ်ပွဲအောင်နိုင်ရေးမှာ စိတ်ဓာတ်မြင်းမားရေးဟာ အဓိကကျတဲ့အတွက် တပ်မတော်တစ်ရပ်လုံးရဲ့  စိတ်ဓာတ်တိုးတက်မြင့်မားခိုင်မာရေးကို အလေးထား လုပ်ဆောင်သွားကြဖို့  မှာကြားလိုတယ်။
ရဲဘော်တို့
နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ နိုင်ငံတော်ကိုခေတ်သစ်စနစ်သစ်နဲ့  ချီတက်နေတဲ့ အချိန်မှာ ဒို့ တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်များကို ထမ်းရွက်ကြရာမှာ (၆၇) နှစ်မြောက် တပ်မတော်နေ့  ဦးတည်ချက်များဖြစ်တဲ့-

(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ် မှုမပြိုကွဲရေး၊ အချုပ်အခြာအာ ဏာတည် တံ့ခိုင်မြဲရေးဟူသော ဦးတည်ချက်များကို စွဲမြဲစွာခံယူစောင့်ထိန်းရေး။
(ခ) နိုင်ငံတော၏အမျိုးသားရေးနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့်ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး။
(င) ခေတ်မီဖွံ့ ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာတွင် တပ်မတော်၏ အဓိကတာဝန်ဖြစ်သောဖွဲ့ စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး။
(ဃ) နီုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရန် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်တည်ဆောင်ရေး။
ဆိုတဲ့ဦးတည်ချက်တွေနဲ့ အညီ တာဝန်ထမ်းရွက်သွားကြဖို့ မှာကြားရင်း နိဂုံးချုပ်လိုက်တယ်။