ရွှေလီသား(မဘိမ်း)
Friday, 16 September 2011
ဗိုလ်မှူးကြီးဗထူး(၁၉၁၆ - ၁၉၄၅)
Monday, 12 September 2011
နိုင်ငံ့ဝန်ထမ်းလုပ်ကြမလား
ဒီနေ့နိုင်ငံဝန်ထမ်းလုပ်နေတဲ့သူတွေသာ ခင်ဗျားတို့ပြောသလို တန်မှလုပ်မယ်ဆိုတဲ့ စိတ်မျိုးထားနေရင် နိုင်ငံဝန်ထမ်း လုပ်မယ့်သူတောင်ရှိမှာမဟုတ်ဘူး.. .နေပူမရှောင် မိုးရွာမရှောင် နိုင်ငံကာကွယ်ရေးတာဝန်ထမ်းနေ တဲ့တပ်မတော်သားတွေ ၊ နေ့ည ၂၄ နာရီဆိုသလိုသူများအငြိုငြင်ခံပြီး တရားဥပဒေစိုးမိုးရေးဆောင် ရွက်နေကြတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ ၊ မနက်ကညနေထိ အာပေါက်လုမတတ်ကလေးတွေကို ပညာသင်ပေးနေတဲ့ကျောင်းဆရာဆရာမတွေ ၊ ကျန်းမာရေးစောင့်ရှောက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အစရှိတဲ့ အားလုံးသော နိုင်ငံ့ဝန်ထမ်းတွေဟာ အခုရတဲ့လစာငွေလောက်နဲ့ လုပ်နေကြတာဟာ ၀မ်းရေးတစ်ခုတည်းကြောင့်လို့ ထင်နေတဲ့ ခပ်ညံ့ညံ့အတွေးအခေါ်မျိုးကို ထုတ်ပစ်လိုက်ဖို့လိုပါပြီ...မျိုးချစ် စိတ်တွေဘာတွေကြီးကြီးကျယ်ကျယ်ပြော မနေချင်တော့ပါဘူး...လွယ်တယ် ထင်ရင် ခုပဲနိုင်ငံဝန်ထမ်း ၀င်လုပ်ကြည့်လိုက်ပါ...၀င်မလုပ်ရင် လဲ တောင်ပြောမြောက်ပြောပြောတာတွေ ပြင်ကြပါ...ဒါပါပဲ
Saturday, 10 September 2011
မောထ..မဆုတ်တမ်းခံစစ်စခန်းနဲ့တစ်ညတာ..
ပွိုင့် - ၄၇၈၃
တောင်အောက် စခန်းနဲ့အလှမ်းဝေးလေတော့ လူအမြဲ မနေနိုင်၊ ဒီတော့ အလစ်ကို ငပွေးက လာပြီး မိုင်းထောင်သွားမှာပါ။ ရေတစ်ခါချိုးဖို့ ခြေတစ်ဖက်နဲ့ လဲ လိုက်ရတဲ့ သာဓကတွေကလည်း မနည်းတော့ပြီလေ။ တောင်အောက်အဆင်းလမ်းမှာ သစ်ကြီးဝါးကြီးတွေ ပေါတော့ တောကောင်လေး ကြက်ငှက်လေး ထောင်ဖမ်းပြီး အသားဓါတ်ချို့တဲ့မှုကို ဖြည့်ဆည်းကြရ ပါတယ်။ တစ်နှစ်ပတ်လုံးစာ ရိက္ခာခြောက်တွေရှိပေမယ့် လူပါးစပ်က ချိုချဉ်ဖန်ခါး တောင့်တလာတော့ မတင်းတိမ်တာအမှန်ပဲလေ။ ဒီတော့ တောင်အောက်ဆင်း မျှစ်ချိုး ဖားငါးရှာ တောပစ် ။ ငပွေးက အလစ် လမ်းပေါ်တက် မိုင်းထောင်တာမျိုးရှိတတ်တော့ သွားလာ မိုင်းသတိ မိုင်းအသိက ပေါ့ဆလို့ကိုမရဘူး။ သစ်တုံးတို ဝါးပိုးခြောက်တွေမှာ ကပ်တွယ်နေတဲ့ မှိုမျိုးစုံ၊ သစ်ဝါးပိုး တွေက သဘာဝရဲ့ အစားအစာ အထူးအဆန်းတွေဖြစ်လာရတော့တယ်။ စခန်းအဆင်းလမ်းတစ်လျှောက် ပုရစ်တွင်းတူး ညည ပုရစ်ကို ဒယ်အိုးပူလေး ဆီပါးပါးလှိမ့်ကြော်စားရတဲ့အရသာကလည်း ထူးမှထူး။
ဝါးသစ်ချသီးပင်တွေပေါတာက နေ့စဉ်ဟင်းကိုဖြည့်ပေးပြန်တယ်။ထုပြီး အထဲကအဆံကို လှော်စား။ ကြော်စား။ ဟင်းအဖြစ်လုပ်စား တကယ်ကို မိုက်တယ်။ ကင်းသမား တွေ ညကင်းစောင့် လမ်းလျှောက် ထိုင်ထိုင် ရပ်ရပ် ဝါးသစ်ချသီးလှော် မဝါးရအမိန့်ထုတ်ရတယ်။ ကင်းပါဆို ပါးစပ်ကတဂျောက်ဂျောက်မြည်နေတာကိုး။ လုံခြုံမှုအရပေါ့။ ရေငွေ့စိုစို ကျောက်တုံးနက်ကြီးတွေမှာကပ်နေတဲ့ ကျောက်မှော်(ရေညှိပုံစံ) ပြုတ်ပြီး တပ်မတော်ကုလားပဲလှော်ထောင်းလေးနဲ့ သုပ်စား အရမ်းနူးညံ့တဲ့ဖြစ်ခြင်းဗျာ။ တစ်နေ့တစ်နေ့ ဘာမှ ထွေထွေထူးထူးလုပ်စရာမရှိ စာအုပ်မဆိုထားနဲ့ စာရွက်လေးတစ်ရွက်လောက် ဖတ်စရာ ရရင်ကို ကျေနပ် သဘောကျနေရတာ။ နောက်တန်းအကြုံနဲ့ စားစရာရယ် စာလေးတစ်စောင် နှစ်စောင်နဲ့ ဖတ် စရာစာအုပ်လေးတွေရောက်လာတဲ့နေ့ကတော့ လောကနိဗ္ဗာန်အလားထင်မှတ်ထားကြရတဲ့အဖြစ်။ ရက် တွေ၊လတွေမြန်မြန်ကုန်ပါစေလို့ပဲ တောင်ထိပ်ကနေ ဘုရားစာရွက်သလိုရွက်တဲ့သူကလည်းရှိသေး။ ဘာပဲ ဖြစ်ဖြစ် နောက်တော့လည်း ဒီတောဒီတောင် ဒီဒေသတွေကို သတိတရတော့ဖြစ်မိသားလေ။
@@@ By နေလွမ်းသူ (mmcyber ဖိုရမ်တွင် တင်ပြီးဖြစ်)http://naylwanthu1.blogspot.com(မှကူးယူဖော်ပြပါသည်)
မဲသဝေါစစ်ဆင်ရေး၏ အလှည့်အပြောင်းဖြစ်စေသော တိုက်ပွဲ (၂)
အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးနောက်မှာ လက်ရှိစစ်ကြောင်း (၁) နေရာကနေပဲ တိုက်စစ်ဆင်ဖို့အတွက် စုရပ်နဲ့ စီရပ်ကို တစ်ထပ်ထည်းရန် တပ်ရင်းမှူးက ဆုံးဖြတ်ခဲ့ပါတယ်… ရှေ့တန်းတပ်စိတ်တွေ ကတုတ်ကျင်းထဲမှာပဲ ကျဉ်းကျဉ်းကျပ်ကျပ် အမြဲနေနေရတာကြောင့် လန်ူဆန်းနေစေရန် ၁၂ နာရီကို တစ်ကြိမ် လူသစ်လဲလှယ်ပြီး တာဝန်ပေးခဲ့ပါတယ်… စားရေးသောက်ရေး ကိုတော့ သက်ဆိုင်ရာ တပ်ခွဲရုံးတွေကပဲ စီစဉ်ပေးစေပါတယ်… တိုက်စစ်မှာ စီရပ်လုံခြုံရေးဟာ အရေးကြီးပါတယ်… ဒီ့အတွက် လူ (၅၀) စာ တန်းစီထိုင်နိုင်ပြီး လုံခြုံတဲ့ ဆက်သွယ်ရေးမြောင်းကြီးကို ရန်သူ့နေရာနဲ့ရင်ဘောင်တန်း အနေအထားအတိုင်း တူးစေခဲ့ပါတယ်… နှစ်ရက်နဲ့ပဲ ပြီးစီးခဲ့ပါတယ်… တပ်ရင်းမှူးဟာ တပ်ခွဲနှစ်ခွဲမှ လက်ရွေးစဉ်စစ်သည်တွေချည်း စုဖွဲ့တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားခဲ့တာကြောင့် ချေမှုန်းရေးတာဝန်ထမ်းဆောင်မယ့် တပ်ခွဲမှူးနှစ်ဦးကို ခေါ်ယူပြီး တိုက်စစ်စီမံချက်ကို ရှင်းလင်းပြောပြခဲ့ပါတယ်… အမှတ် (၃) တပ်ခွဲမှူးဟာ လက်ရွေးစင်တပ်ဖွဲ့စုကို မိမိကိုယ်တိုင်ဦးဆောင်ပြီး ချေမှုန်းတိုက်ချက်လိုကြောင်း တပ်ရင်းမှူးထံကို တင်ပြခဲ့ပါတယ်… တပ်ရင်းမှူးဟာ ခွဲ (၂) နဲ့ ခွဲ (၃) မှ တပ်ခွဲမှူးများဦးစီးပြီး လက်ရွေးစဉ်စစ်သည် (၂၅)ဦးစီပါတဲ့ တပ်ဖွဲ့ နှစ်ဖွဲ့ကို ရွေးချယ်စုဖွဲ့ စေခဲ့ပါတယ်…. လက်ရွေးစဉ်စုဖွဲ့ထားတဲ့ တပ်ခွဲ နှစ်ခွဲမှ စစ်သည်တွေကို စိတ်ဓာတ်မြင့်မားရေး ဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်စေပြီး တိုက်ပွဲမ၀င်မီ ကာလတစ်လျောက်လုံးအနားပေးထားခဲ့ပါတယ်…
၁၉၈၈ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာတော့ ပွိုင့် (၈၆၅) စခန်းကို ရောက်ရှိလာတဲ့ စစ်ဆင်ရေး ကွပ်ကဲမှု အထူးအဖွဲ့မှူးဟာ ခမရ (၃) တပ်ရင်းမှူးကို စစ်ဆင်ရေးညွှန်ကြားချက်ပေးဖို့အတွက် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ၀၉၀၀ နာရီအရောက် မဲသဝေါဒေသ စစ်ဆင်ရေး ရှေ့တန်းကွပ်ကဲမှုဌာနချုပ်၊ ပွိုင့် (၈၆၅) စစ်ဆင်ရေး ကွပ်ကဲမှု ခန်းမကို ခေါ်ထားခဲ့ပါတယ်… ခမရ (၃) တပ်ရင်းမှူး ရောက်ရှိလာပြီးနောက်မှာ စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့မှူးက ” ထိုးစစ် အဆင့် (၁) အဖြစ် ခမရ (၃) ကပင် ဦးဆောင်၍ ၄င်းတို့ရင်ဆိုင်ထားသော ရန်သူ့နေရာကို စတင်တိုက်ခိုက်ရမည် ဖြစ်ကြောင်း… လက်နက်ကြီး၊ လက်နက်ငယ်များအတွက် ကျည် လိုသလောက်ထုတ်ယူရန်နှင့် .၅၀ လက်မ စက်သေနတ်ကြီးနှင့် ၄င်းကျည် ၁၀၀၀ ထပ်ဖြည့်ပေးမည် ဖြစ်ကြောင်း… တိုက်ရိုက်ပစ်ကူ အဖြစ် ၁၂၀ မမ စိန်ပြောင်း လေးလက်ဖြင့် ပစ်ခတ်ပေးမည်ဖြစ်ပြီး ၇၆ မမ အမြောက်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အရန်၊ ၈၁ မမ စိန်ပြောင်း ရှစ်လက်က အခြား ရန်သူ့နေရာများကို ဦးနှိမ်ပစ်ခတ်ထားမည် ဖြစ်ကြောင်း… တပ်ရင်းအနေဖြင့် မိမိတပ်ရင်းရှိ လက်နက်ကြီးများ၏ ပစ်ကူကို လိုအပ်လျှင် လိုအပ်သလို အသုံးပြုရန် ” စသည်ဖြင့် စစ်ဆင်ရေး ညွှန်ကြားချက်ကို ပေးပါတယ်…
စစ်ဆင်ရေးညွှန်ကြားချက် ပေးပြီးနောက်မှာ စစ်ဆင်ရေးအဖွဲ့မှူး၏ ပြန်လည်မေးမြန်းချက်အရခမရ (၃) တပ်ရင်းမှူးက ဖြေကြားရာမှာ ” မိမိတပ်ရင်း၌ ၇၅ မမနောက်ပွင့်ရိုင်ဖယ် တစ်လက်၊ ၈၁ မမ စိန်ပြောင်း နှစ်လက်၊ ၆၀ မမ စိန်ပြောင်း သုံးလက်၊ ၈၄ မမနောက်ပွင့်ရိုင်ဖယ် နှစ်လက်၊ စက်လတ် လေးလက်နှင့် ဘီအေ ၁၀၃ လောင်ချာနှစ်လက် ရှိပြီး ဖြစ်ပါကြောင်း… ယင်းပစ်အားဖြင့်ပင်လုံလောက်ပါသောကြောင့် မူလစီမံထားသည့် ၁၂၀ မမ စိန်ပြောင်းကြီး လေးလက် အစားနှစ်လက်ဖြင့်ပင် လုံလောက်ပါကြောင်…၊ စိန်ပြောင်းကြီး လေးလက်ဆိုင်ပစ်ခဲ့ပါက တိုက်ပွဲပြီးချိန်တွင်ရန်သူ့ထံမှ မည်သည့်ပစ္စည်းကိုမှအကောင်းပကတိ သိမ်းဆည်းရမိနိုင်တော့မည် မဟုတ်ပါကြောင်း… ” စသည်ဖြင့်ဖြေကြားခဲ့ပါတယ်… ဒါကြောင့် စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့မှူးဟာ ၁၂၀ မမ စိန်ပြောင်းကြီး နှစ်လက်ကို မူလရည်မှန်းချက်ဆီ မပစ်ခိုင်းတော့ပဲနောက်နေ့မှာ ခမရ (၃) က ဆက်တိုက်ရမယ့် ရည်မှန်းချက် ” နီလာ ” ပစ်မှတ်ကိုပစ်ခိုင်းမည်ဖြစ်ကြောင်း… ဘယ်အချိန်မှာ စတင်တိုက်စစ်ဆင်နိုင်မယ်ဆိုတာတွေကို မေးမြန်းခဲ့ပါတယ်… ခမရ (၃) တပ်ရင်းမှူးက လက်နက်ခဲယမ်းထုတ်ချိန်နှင့် အခြေပြုနေရာကို ပြန်ဖို့အချိန်ပါဆိုလျှင် ၁၂၀၀ နာရီတွင်အခြေပြုနေရာသို့ ပြန်ရောက်နိုင်ပါကြောင်း… ပြင်ဆင်ချိန် နှစ်နာရီ ခန့်လိုအပ်ပြီး ၁၄၀၀ နာရီတွင် စတင်တိုက်ခိုက်နိုင်မည် ဖြစ်ကြောင်း တင်ပြရာစစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့မှူးက ၁၅၀၀ နာရီမှာ စတင်တိုက်ခိုက်ရန်သတ်မှတ်ပေးလိုက်ပါတော့တယ်…
ဒီ့နောက်မှာ ခမရ (၃) တပ်ရင်းမှူးအနေနဲ့ အမြောက်ပစ်ကူအတွက် ပေါင်းစပ် ညှိနှိုင်းရာမှာ အမြောက်ပစ်ကူကို န-နာရီထားပြီး မတိုက်ခိုက်ချင်ကြောင်း… ကျည်ကို သုံးနိုင်သမျှ ပစ်ကူပေးရန်… မိမိက အပစ်ရပ်စေလိုချိန်မှာ အပစ်ရပ်ဆိုင်းပေးရန်… မိမိစိတ်ကြိုက် ပစ်ခတ်မှု ရပြီးပါက အမြောက်အပစ်ရပ်စေပြီး မိမိ ချေမှုန်းရေးတပ်များက တက်ရောက်ချေမှုန်းတိုက်ခိုက်မှာ ဖြစ်ကြောင်း ညှိနှိုင်းခဲ့ပါတယ်… အမြောက်တပ်ဖွဲ့ မှလည်း ယခုတိုက်ပွဲအတွက် အမြောက်ကျည် ၅၀ မှ ၁၀၀ အထိ ပစ်ကူပေးမည် ဖြစ်ကြောင်း… လိုအပ်ပါကလည်း လိုအပ်သလို ပစ်ကူပေးမည် ဖြစ်ကြောင်း… ရပ်စေလိုသည့်အချိန်မှာ အပစ်ရပ်ပေးမည် ဖြစ်ကြောင်း… ဆက်သွယ်မှု မပြတ်တောက်စေရန်သာ အရေးကြီးကြောင်း ညှိနှိုင်း ရရှိခဲ့ပါတယ်…
ခမရ (၃) တပ်ရင်းမှူးဟာ စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့မှူးဆီမှ အမိန့်နာခံပြီးတာနဲ့ လိုအပ်တဲ့ ခဲယမ်း မီးကျောက်တွေ ထုတ်ယူပြီး မိမိစစ်ကြောင်းရှိရာကို ပြန်လည်ထွက်ခွာခဲ့ရာ ၁၂၃၀ နာရီအချိန်မှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်… ရောက်ရောက်ချင်းပဲ တပ်ခွဲမှူးများကို ခေါ်ယူပြီး တိုက်စစ်စီမံချက်ကို အသေးစိတ် ထပ်မံရှင်းပြပြီး တိုက်ပွဲဝင်ဖို့ အသေးစိတ် ပြင်ဆင်ပါတော့တယ်… တိုက်စစ်စီမံချက် အသေးစိတ်ကတော့…
ချေမှုန်းရေးတပ်ခွဲ နှစ်ခွဲမှ လက်ရွေးစဉ် စစ်သည်တွေဟာ ကြိုတင်တူးထားတဲ့ ဆက်သွယ်ရေးမြောင်းကြီးထဲမှာ ၁၄၃၀ အချိန်အပြီး ၀င်ရောက် နေရာယူထားရန်… ကာပစ်အတွက် တပ်ခွဲမှူးတစ်ဦးက ဦးစီး၍ ၁၄၃၀ အချိန်အပြီး နေရာယူရန်… ကြိုတင်ပစ်ကျင်းတူးထားသည့်နေရာမှ ၇၅ မမ တစ်လက်… စက်လတ် နှစ်လက်၊ ကျန် တပ်စု လက်နက်များဖြင့် အမိန့်ရသည်နှင့် စတင်ပစ်ခတ်ရန်… အမြောက်အကဲကြည့် အဖွဲ့ဟာ ရန်သူ့နေရာကို ကာပစ်နေရာမှ ဘေးတိုက် အကဲကြည့်ရန်… ရန်သူ့စခန်းကို အလျားလိုက် မြင်ကွင်းအတိုင်း နှစ်ခြမ်းကွဲသွားအောင် .၅၀ လက်မ စက်သေနတ်ကြီးဖြင့် စစ်ကြောင်း (၁) နေရာမှ ပိုင်းဖြတ်ပစ်ခတ်ပေးရန်… ၈၄ မမ နောက်ပွင့်ရိုင်ဖယ်ကို တပ်ရင်းမှူးအနီး နေရာယူ၍ ရန်သူ့နေရာအား တိုက်ရိုက်ပစ်ခတ်ရန်… လိုအပ်လျှင် လေကွဲ ပစ်ခတ်ရန်… ၈၀ မမနှင့် ၆၀ မမ စိန်ပြောင်းတို့ဖြင့် စစ်ကြောင်း (၁) နေရာမှ ပစ်ကူပေးရန်… အနီးကပ် ပစ်ခတ်ရမှာ ဖြစ်တာကြောင့် အကူယမ်းထုပ်များ မပါပဲ ပို့ကျည်သက်သက်ဖြင့်သာ ပစ်ခတ်ရန်… ၈၁ မမ ဗုံးသီးကို စနက် အနှေးတလှည့် အမြန်တလှည့် အဆက်မပြတ် လျှင်မြန်စွာ ပစ်ခတ်ရန်… ဗုံးသီးများကို ကြိုတင် ပြင်ဆင်ထားရန်… ရန်သူ့နေရာကို လက်နက်ငယ်များဖြင့် အသံမဆဲအောင် ဦးနှိမ်ပစ်ခတ်ထားရန်… အမြောက်နှစ်လက်သည် ၁၅၀၀ အချိန်မှစပြီး အကဲကြည့် စတင်ပစ်ခတ်မည်ဖြစ်ပြီး နောက်ဆုံးကျည် ၁၀ တောင့်ကျန်လျှင် ချေမှုန်းရေးတပ်များ အသင့်ပြင်ရန်… တပ်ရင်းမှူးမှ အချက်ပေးသည်နှင့် ချေမှုန်းရေးတပ်များ ဆက်သွယ်ရေးမြောင်းမှ အမြန်ဆုံးခုန်ထွက်ကာ ရန်သူ့နေရာကို လှံစွပ်ထိုး သိမ်းပိုက်ရန်… တပ်ရင်းမှူးသည် .၅၀ လက်မ စက်သေနတ်ကြီးဘေးမှ မျက်မြင်ပစ်ခတ်မှုကို ကွပ်ကဲသွားမည်… စစ်ကြောင်း (၂) နှင့် တပ်ခွဲ တစ်ခွဲသည် ၄င်းရင်ဆိုင်ထားရသော တောင်ကြောရှိ ရန်သူနှင့် ရန်သူ့လက်နက်ကြီး ပစ်ခတ်သည့်နေရာကို မျက်မြင် မြင်တွေ့ရပါက မိမိ လက်နက်ကြီးဖြင့်တန်ပြန်ပစ်ခတ်ပေးရန်… ချေမှုန်းရေးအတွက် န-နာရီ မထားပဲ တပ်ရင်းမှူးက တိုက်ပွဲအခြေအနေကို သုံးသပ်ပြီး ချေမှုန်းရေးအတွက် အမိန့်ပေးသွားမည်… တပ်ရင်းမှူး၏ အမိန့် မရမချင်း ချေမှုန်းရေးတပ်များ ရန်သူ့လက်နက်ကြီးနှင့် မိမိ အမြောက်ပစ်ခတ်မှုကြောင့် မထိခိုက်စေရေးအတွက် ဆက်သွယ်ရေးမြောင်းထဲတွင် လုံခြုံစွာ နေရာယူထားကြရန်…
ခမရ (၃) တပ်ရင်းမှူးဟာ တိုက်စစ်အတွက် ပြင်ဆင်ချိန် (၃) ရက် ရရှိခဲ့ပါတယ်… လိုအပ်ချက်များအားလုံး ဆောင်ရွက်ပြီးစီးပြီဖြစ်တာကြောင့် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ၁၄၃၀ အချိန်မှာ တိုက်စစ်အတွက် အားလုံး အဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်းကို တီအာရ်အေ-၉၀၆ စက်နဲ့ နည်းဗျူဟာမှူးထံ သတင်းပို့လိုက်ပါတော့တယ်…
၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ၁၅၀၀ အချိန်မှာ ပွိုင့် (၈၆၅) တောင်ကုန်းမှာနေရာယူထားတဲ့ အမြောက်စခန်းမှ ၁၂၀ မမ ယူဂိုစိန်ပြောင်း နှစ်လက်ဖြင့် ခမရ(၃) တိုက်ခိုက်မယ့် ရန်သူ့နေရာကို စတင်အကဲကြည့် ပစ်ခတ်ပါတယ်… မူလကတည်းက ကြိုတင် အကဲကြည့်ပြီး မှတ်ပုံတင်ထားတာကြောင့် သုံးလုံးမြောက် အမြောက်ကျည်ဟာ ပစ်မှတ်အပေါ် တိုက်ရိုက်ထိမှန်ခဲ့ပြီး ချေမှုန်းပစ်ခတ်ခြင်း စတင်ခဲ့ပါတယ်… ရန်သူ့ဖက်ကလည်း နေ့စဉ်လုပ်ရိုးလုပ်စဉ်အတိုင်း တပ်များရှိရာ နေရာအားလုံးကို လက်နက်ကြီး၊ လက်နက်ငယ်တို့နဲ့ ပြန်လှန်ပစ်ခတ်ပါတယ်… ပွိုင့် (၈၆၅) တောင်ကုန်းမှာရှိနေတဲ့ အမြောက်စခန်းကိုလည်း အဆင့်မြင့် ဒုံးကျည် ဖြစ်တဲ့ ၂.၇၅ လက်မ ဒုံးကျည်နဲ့ အဝေးကနေ တန်ပြန်ပစ်ခတ်ပါတယ်… ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အရန်၊ ၈၁ မမ စိန်ပြောင်းတပ်ဖွဲ့ကလည်း ရန်သူ့ လက်နက်ကြီးနေရာနဲ့ ကွပ်ကဲမှုနေရာတွေအားလုံးကို အကဲကြည့် ပစ်ခတ်မှုဖြင့် ဦးနှိမ်ပစ်ခတ်ပေးနေပါတယ်… ၇၆ မမ အမြောက် နှစ်လက်ကိုလည်း မဲသဝေါ ပင်မစခန်းဆီ ဦးနှိမ်ပစ်ခတ်ပေးထားပါတယ်… စစ်ဆင်ရေးကွပ်ကဲမှု တည်ရှိရာ ပွိုင့် (၈၆၅) စခန်းမှာရှိနေကြတဲ့သူတွေဟာလည်း ခမရ (၃) တပ်ရင်းမှူးထံကနေ ပေးပို့လာမယ့် အောင်ပွဲသတင်းကို စောင့်မျှော်နေကြပါပြီ… စစ်ဆင်ရေးခွင် တစ်ခုလုံးမှာ ရှိနေကြတဲ့ စစ်ကြောင်းမှူးတွေ၊ တပ်ခွဲမှူးတွေဟာလည်း မိမိတို့ရဲ့ ဆက်သွယ်ရေးစက်တွေနဲ့ ခမရ (၃) ရဲ့ တိုက်ပွဲဝင်မှုကို ကြားဖြတ်ဖမ်းယူပြီး နားထောင်နေကြပါတယ်…
ပစ်ခတ်လိုက်တဲ့ အမြောက်ကျည်တွေဟာ ပစ်မှတ်အပေါ်ကို တိတိကျကျ ကျရောက်ပေါက်ကွဲနေတာကြောင့် ရန်သူတွေဟာ ခေါင်ကတုတ်တွေထဲမှာ မနေရဲတော့ပဲ နီးစပ်ရာ လျှိုတွေထဲကို ဆင်းပြီး ခိုအောင်းနေကြရပါတယ်… အမြောက်သံစဲတဲပအခါမှ လုပ်နေကြအတိုင်း မူလကျင်းတွေထဲပြန်ဝင်ပြီး ချီတက်လာတဲ့ တပ်မတော်စစ်ကြောင်းကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်မယ့်သဘောပါ… ဒါပေမယ့်လည်း .၅၀ စက်သေနတ်ကြီးရဲ့ ပစ်ခတ်မှုကလည်း ပစ်ခတ်သူရဲ့ကျွမ်းကျင်မှုရှိသလောက် ထိရောက်နေတာကြောင့် စက်သေနတ်ပြောင်းရှေ့ပစ်လမ်းမှာရှိနေတဲ့ ၀ါးပင်တွေအားလုံးပြတ်လဲကုန်ပြီး ရန်သူ့တောင်ကုန်းစခန်းကို သဲသဲကွဲကွဲ တွေ့မြင်လာရပါတယ်… ရန်သူ့စခန်းကို အလျားလိုက်မြင်ကွင်းအတိုင်း ကျည်သွားလမ်း ထက်/အောက် ရွေ့လျားပစ်ခတ်စေတာကြောင့် ရန်သူ့စခန်းကို အလျားလိုက် နှစ်ပိုင်းကွဲအောင် ပိုင်းဖြတ်ပစ်နိုင်ခဲ့ပါတယ်… ခမရ (၃) တပ်ရင်းမှူးဟာ လက်နက်ကြီး၊ လက်နက်ငယ် တို့ရဲ့ သဘောတရားကို ပိုင်ပိုင်နိုင်နိုင် သဘောပေါက်ထားသူဖြစ်တာကြောင့် ကျည်ကျချက်တွေ ရှုပ်ထွေးကုန်မှာစိုးပြီး အမြောက်အကဲကြည့်ရဲ့ အကဲကြည့်ပစ်ခတ်မှု စိတ်တိုင်းကျမှသာ တပ်ရင်းပိုင် လက်နက်ကြီးတွေကို စတင် ပစ်ခတ် စေခဲ့တာပါ…
၈၁ မမ နဲ့ ၆၀ မမ စိန်ပြောင်းတွေကိုလည်း ကိုက် ၂၀၀ အကွာအဝေးအတွက် အကူယမ်းထုပ်မပါပဲ ပို့ကျည်သက်သက် ပစ်ခတ်စေခဲ့တာကြောင့် ကျည်စုပစ်ခတ်နိုင်ခြင်း၊ လျှင်မြန်စွာပစ်ခတ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေအပြင် ပြောင်းထွက်သံဟာ လက်နက်ငယ် ထွက်သံလောက်သာ ထွက်ပြီး မိမိလက်နက်ကြီးပစ်ခတ်တဲ့နေရာကို ရန်သူက ဘယ်လိုမှခန့်မှန်းမရပဲ တန်ပြန်ပစ်ခတ်နိုင်စွမ်း မရှိခဲ့ပါဘူး… ရန်သူတွေဟာလည်း တိကျတဲ့ အမြောက်ဆံ ထိမှန်မှုကို ရှောင်ဖို့အတွက် စခန်းတောင်စောင်းလျှိုထဲကို ယာယီဆင်းပြေးခဲ့ကြရပါတယ်… ဒါကို ဘေးတိုက်နေရာယူထားတဲ့ မိမိ ကာပစ်အဖွဲ့က ၇၅ မမ နောက်ပွင့်ရိုင်ဖယ်နဲ့ စက်လတ် ၂လက် တို့နဲ့ ချေမှုန်းပစ်ခတ်ခဲ့တာကြောင့် ရန်သူဟာ စခန်းပေါ်ပြန်မတက်နိုင်ကြတော့ပဲ လျှိုအတိုင်း မဲပေါချောင်းကနေတဆင့် သောင်းရင်းမြစ်ဖက်ကို အပြီးအပိုင် ထွက်ပြေးရပါတော့တယ်…
တပ်မတော်က တပ်ရင်းပိုင် လက်နက်ကြီးတွေ၊ အမြောက်ပစ်ကူတွေနဲ့ ချေမှုန်းပစ်ခတ်နေပေမယ့် ရန်သူဟာ တိုက်ပွဲတစ်လျှောက်လုံး ပစ်ခတ်သံမဆဲအောင် အဆက်မပြတ် ပြန်လှန်ပစ်ခတ်နေခဲ့ပါတယ်… ဒါပေမယ့် ရန်သူ့လက်နက်ငယ် ပစ်ခတ်မှုဟာ ထိရောက်မှုမရှိပဲ သစ်ပင်ထိပ်ဖျားတွေပေါ်ကနေ ကျော်ဖြတ်နေတာကို ခမရ (၃)တပ်ရင်းမှူးက သိရှိလိုက်ပါတယ်… ဒီအခြေအနေကို အခွင့်ကောင်းယူပြီး တပ်ရင်းမှူးက ချက်ချင်းပဲ ချေမှုန်းရေးတပ်ခွဲတွေကို ” ရန်သူဟာ ကျင်းထဲမှာထိုင်ပြီး သေနတ်ထောင်ဖောက်နေတာသာဖြစ်ကြောင်း၊ ပစ်ခတ်မှု ထိရောက်မှုမရှိကြောင်း ” ပြောကြားပြီး လှံစွပ်ထိုးချေမှုန်းဖို့ အသင့်ပြင်ဆင်ထားရန် အမိန့်ပေးလိုက်ပါတော့တယ်…
၁၆၃၀ နာရီမှာတော့ အမြောက်ကျည် ၁၀ တောင့်သာ ကျန်တော့ကြောင်း၊ ထပ်ပစ်ပေးဖို့ လို မလိုကို အမြောက်အကဲကြည့်က သတင်းပို့လာပါတယ်… တပ်ရင်းမှူးက ကျန်ရှိနေတဲ့ နောက်ဆုံး ၁၀ တောင့်ကို ထပ်ပစ်ပေးဖို့နဲ့ နောက်ဆုံးကျည် ပစ်ပြီးတာနဲ့ သတင်းပို့ဖို့ အမြောက်အကဲကြည့်ကို အကြောင်းကြားလိုက်ပါတယ်… ချေမှုန်းရေးတပ်ခွဲမှူးများကိုလည်း အခြေအနေကို အသိပေးပြီး လှံစွပ်ထိုးဖို့အမိန့်ကို စောင့်ဆိုင်းခိုင်းထားလိုက်ပါတယ်… အမြောက်ကျည် ပေါက်ကွဲအစအနတွေဟာ ချေမှုန်းရေးတပ်များပေါ်မှာ ၀ဲပျံနေပေမယ့် ဆက်သွယ်ရေးမြောင်းတွေထဲမှာ စနစ်တကျ နေရာယူထားတာကြောင့် ထိခိုက်မှု လုံးဝမရှိခဲ့ပါဘူး…
၁၆၄၅ နာရီမှာ အမြောက်ကျည် အားလုံးပစ်ခတ်ပြီးကြောင်း အမြောက်အကဲကြည့်က သတင်းပို့ပါတယ်… သတင်းပေးပို့ချက် ရရှိတာနဲ့ တပ်ရင်းမှူးဟာ ချေမှုန်းရေးတပ်ခွဲ နှစ်ခွဲကို လှံစွပ်ထိုးချေမှုန်းရန် ချက်ချင်းအမိန့်ပေးလိုက်တော့တာပါပဲ… အမိန့်ရတာနဲ့ လက်ရွေးစဉ်စစ်သည်တွေဟာ ဆက်သွယ်ရေးမြောင်းထဲက ခုန်ထွက်လိုက်ကြပြီး မိမိတို့တပ်ရင်းအမည်ကို အော်ဟစ်ပြီး ရန်သူ့တောင်ကုန်းကို တဟုန်ထိုး ပြေးတက်သိမ်းပိုက်ကြပါတော့တယ်… ချေမှုန်းရေးတပ်တွေဟာ ကိုက် ၂၀၀ ခရီးကို အပြေးချီတက်တိုက်ခိုက်ခြင်း ဖြစ်တာကြောင့် အမြောက်အပစ်ရပ်တာနဲ့ ကျည်ရောက်လူရောက်သဘောမျိုး ချီတက်နိုင်ခဲ့ကြပါတယ်… ပစ်ခတ်မှုနဲ့ တပ်လှုပ်ရှားမှုဟာ အံဝင်ခွင်ကျ ဟန်ချက်ညီခဲ့ပါတယ်…
ဒီ့အတွက်ကြောင့် လက်နက်ကြီးပစ်ခတ်မှု ရပ်စဲသွားချိန်မှ ပြန်လည်ခေါင်းထောင်လာပြီး နေရာပြန်ယူတတ်ကြတဲ့ ရန်သူတွေဟာ အမြောက်သံစဲသွားတာနဲ့ ချေမှုန်းရေးတပ်တွေ ပစ်တက် တက်ပြီး ချက်ချင်းရောက်ရှိလာကြတာကို လုံးဝအငိုက်မိသွားခဲ့ပါတယ်… ကျည်ကတ်ထဲကျန်နေတဲ့ လက်ကျန်ကျည်ကို ပစ်ခတ်တဲ့သဘောသာ ပြန်လည်ပစ်ခတ်နိုင်ပြီး တောင်ကြောလမ်းအတိုင်း ဆုတ်ခွာသွားကြပါတော့တယ်… ဒီအခါမှ မိမိအမြောက်နဲ့ စိန်ပြောင်းတွေဟာလည်း ရန်သူ့ဆုတ်လမ်းဖြစ်တဲ့ တောင်ကြောနဲ့ နီလာပစ်မှတ်ကို ရွှေ့ပြောင်းပစ်ခတ်ပါတော့တယ်… ၁၇၀၀ နာရီအချိန်မှာတော့ ရန်သူ့စခန်းတစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ပြီးဖြစ်ကြောင်း တပ်ရင်းမှူးက နည်းဗျူဟာမှူးထံကို ဆက်သွယ်ရေးစက်နဲ့ သတင်းပို့လိုက်ပါတော့တယ်…
ဒီတိုက်ပွဲမှာ မိမိ တပ်မတော်ဖက်မှ စစ်သည်တစ်ဦးကျဆုံးခဲ့ပြီး စစ်သည် ၇ဦး ဒဏ်ရာရရှိခဲ့ပါတယ်… ရန်သူ့အလောင်း ၃လောင်း ကျန်ခဲ့ပြီး အများအပြား ဒဏ်ရာရသွားကြောင်းကို ၄င်းတို့ရဲ့ ပစ်ကျင်းများနဲ့ တောင်ကြောတလျှောက် ကျန်ခဲ့တဲ့ သွေးစက်တွေအရ သိရှိရပါတယ်… စခန်းအနေအထားအရ ရန်သူ ၃၀ခန့်က မိမိတပ်ကို ရင်ဆိုင်ထိန်းချုပ်ထားဖို့အတွက် ရန်သူအင်အား ၁၂၀ ခန့်က အထောက်အကူပြုပေးထားတာကို တွေ့ရှိရပါတယ်… စစ်ကြောင်း (၁)နဲ့ စစ်ကြောင်း(၂)အကြား သပ်လျှိုထားသလိုဖြစ်နေတာကြောင့် ရန်သူ့လုပ်ဆောင်မှုဟာ ထိရောက်မှုရှိတဲ့အပြင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဖြစ်တဲ့ ပွိုင့် (၈၆၅) စခန်းကိုလည်း အပေါ်စီးကနေ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်… အရေးကြီးတဲ့ ရန်သူ့ထိုးနှက်ချက်တစ်ခုပါ…
ဒါပေမယ့်လည်း တပ်မတော်ရဲ့ အမြောက်နဲ့ လက်နက်ကြီးများရဲ့ ပစ်ခတ်မှု ထိရောက်မှုရှိခြင်း၊ အမြောက်အပစ်ရပ်တာနဲ့ ချေမှုန်းရေးတပ်တွေ ရန်သူ့နေရာကို ချက်ချင်းရောက်ရှိသွားတာတွေကြောင့် ရန်သူအားလုံး သောင်းရင်းမြစ်ဖက်ကို ဆုတ်ခွာထွက်ပြေးခဲ့ကြရပါတယ်… မဲသဝေါ တိုက်ပွဲစဉ်တစ်လျှောက်လုံးမှာ ရန်သူ့အနေနဲ့ ဒီတောင်ကုန်းကို နောက်ထပ်ပြန်လည်သိမ်းပိုက်ဖို့ မကြိုးစားရဲခဲ့ပါဘူး… တိုက်ပွဲအပြီးမှာ ရန်သူ့ထံကနေ ၆၀ မမ စိန်ပြောင်း ၁လက်၊ အချက်ပြ ပစ္စတို ၁လက်၊ Icom စကားပြောစက် ၁လုံး၊ RPG ဗုံးသီး ၁၀လုံး၊ မိုင်း၊လက်ပစ်ဗုံးနဲ့ လက်နက်ငယ်ကျည်မျိုးစုံ ၆၀၀ ကျော် သိမ်းဆည်းရမိခဲ့ပါတယ်…
ပြောရရင် ဒီတိုက်ပွဲဟာ ရန်သူ့ထံကနေ လက်နက် ခဲယမ်း မီးကျောက်တွေ သိမ်းဆည်းရမိတာဟာ အဓိကမကျပါဘူး… ဘက်ပေါင်းစုံက ဖိအားပေးခံနေရပြီး ရက်ရှည်ကြာနေခဲ့တဲ့ ဒီ မဲသဝေါတိုက်ပွဲကြီးမှာ စစ်အီနေတဲ့အခြေအနေကို တပ်မတော်ရဲ့ ထိုးစစ်အဆင့် (၁) အောင်မြင်ခဲ့ခြင်းဟာ မဲသဝေါစစ်ဆင်ရေးတစ်ခုလုံးရဲ့ အခြေအနေကို တစ်မျိုးတစ်မည် ပြောင်းလဲစေခဲ့တာပါ… ဘားအံနဲ့ လှိုင်းဘွဲ့ ဒေသခံလူထုအနေနဲ့ရော စစ်သည်အချို့ကပါ တပ်မတော်ဟာ မဲသဝေါဒေသကို ပြန်လည်သိမ်းပိုက်လို့ မရနိုင်တော့ပါဘူး ဆိုတဲ့ ထင်မြင်ယူဆနေနိုင်တဲ့ အခြေအနေကို ခမရ (၃)ရဲ့ ဒီတိုက်ပွဲကပဲ ချိုးဖျက်ပေးခဲ့တာပါ… ခမရ (၃)ရဲ့ ပထမဆုံးအောင်ပွဲကြောင့် မဲသဝေါစစ်ဆင်ရေးခွင်ထဲမှာ ရှိနေကြတဲ့ စစ်သည်အားလုံး စိတ်ဓာတ်တက်ကြွလာကြပြီး တိုက်ပွဲဝင် အောင်ပွဲခံလိုစိတ်တွေ တဖွားဖွားပေါ်ပေါက်ခဲ့ရပါတယ်…
ဒီ H-575241 တောင်ကုန်းတိုက်ပွဲဟာ မဲသဝေါတိုက်ပွဲရဲ့ အဆုံးအဖြတ်တိုက်ပွဲတော့ မဟုတ်ခဲ့ပါဘူး… ဒါပေမယ့် အီနေတဲ့ စစ်ဆင်ရေးကြီးကို ပြန်လည်နိုးကြားလာအောင် အသက်သွင်းပေးခဲ့တဲ့ တိုက်ပွဲပါပဲ… စစ်သည်တွေရဲ့ သံသယတွေကို ပျောက်ကွယ်စေခဲ့ပြီး ” တကယ်တိုက်ရင် တကယ်အောင်ပွဲခံနိုင်ပါတယ် ” ဆိုတဲ့ ခံယူချက်မျိုးကို ဖြစ်ပေါ်စေခဲ့ပါတယ်… ဒီတိုက်ပွဲနောက်မှာ ခမရ (၆) ဟာ အချက်အချာကျတဲ့ ပွိုင့် (၁၇၇၈) တောင်ကုန်းကိုလည်းကောင်း၊ ခမရ (၇) ဟာ မဲသဝေါတိုက်ပွဲရဲ့ အဆုံးအဖြတ်ကို ဖြစ်စေခဲ့တဲ့ အံ့ကျော်ကုန်းကိုလည်းကောင်း၊ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကဆာနလီနဲ့ မဲသဝေါပင်မစခန်းတို့ကို ခမရ (၄)၊ ခမရ (၇၆) နဲ့ ခလရ (၈၁)တို့က လွယ်ကူစွာနဲ့ပဲ သိမ်းပိုက် အောင်ပွဲဆင်နိုင်ခဲ့ပါတော့တယ်…
http://tyrinonote.wordpress.com(မှကူးယူဖော်ပြပါသည်)
မဲသဝေါစစ်ဆင်ရေး၏ အလှည့်အပြောင်းဖြစ်စေသော တိုက်ပွဲ (၁)
မဲသဝေါ၏ ပထမဆုံး တန်ပြန်အောင်ပွဲ (H-575241)
မဲသဝေါဒေသ အရေးအခင်းဟာ မြန်မာ့တပ်မတော်ရဲ့ စစ်သမိုင်းမှာ အပြင်းထန်ဆုံး၊ တစ်နေရာတည်းမှာ ရန်သူအမျိုးအစား အစုံလင်ဆုံး၊ နှစ်ဖက် အကျအဆုံးအများဆုံးသော တိုက်ပွဲကြီးတစ်ခုပါ… ဒီမိုကရေစီတောင်းဆိုမှု အရေးအခင်းနဲ့ ဆက်စပ်ပြီး မြို့ပေါ်မှာ နိုင်ငံရေးအကျပ်အတည်း ဖြစ်နေတာကို သောင်းကျန်းသူတွေအနေနဲ့ အခွင့်ကောင်းယူ၊ တပ်ပေါင်းစုဖွဲ့ပြီး စင်ပြိုင်အစိုးရ ထူထောင်ဖို့အထိ အစီအစဉ် ရှိခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေး ရောထွေးနေတဲ့ စစ်ပွဲကြီးတစ်ပွဲ ဆိုရင်လည်း မမှားပါဘူး…
ဒီမိုကရေစီတောင်းဆိုမှု အရေးအခင်းကြောင့် တိုင်းပြည်မငြိမ်မသက် ဖြစ်ရာမှ တပ်မတော်ဟာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပါတယ်… ဒီလို နိုင်ငံတော် အာဏာကို ထိန်းသိမ်းပြီး နောက်ရှစ်ရက်အကြာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှာ KNU ခေါင်းဆောင်တဲ့ မဒတ(မြန်မာ့ ဒီမိုကရေစီ တပ်ပေါင်းစု) သောင်းကျန်းသူ တပ်ပေါင်းစုဟာ မဲသဝေါဒေသရဲ့ ရှေ့ကာစခန်းဖြစ်တဲ့ အံ့ကျော်ကုန်းစခန်းကို သာလွန်အင်အားသုံးကာ တိုက်ခိုက်သိမ်းပိုက်လိုက်ရာမှ အစပြုပြီး မဲသဝေါတိုက်ပွဲကြီး အစပြုခဲ့ရပါတယ်…
တိုက်ပွဲမဖြစ်မီမှာ မဲသဝေါဒေသရဲ့ တပ်အခင်းအကျင်းကတော့ ဒီလိုပါ… ရှေ့တန်း ခလရ (၇၆) ဟာ စစ်ကြောင်းဌာနချုပ် နှစ်ခုနှင့် တပ်ခွဲ လေးခွဲကို မဲသဝေါဒေသမှာဖြန့်ခွဲထားပြီး ကျန်တပ်ခွဲကို ရှမ်းရွာသစ်စခန်းမှာ ရှေ့တန်း ခလရ (၇၇) ရဲ့ ကွပ်ကဲမှုအောက်မှာ တပ်ဖြန့်ထားပါတယ်… မဲသဝေါဒေသမှာ ခလရ (၇၆) ရဲ့ တပ်ဖြန့်ထားပုံကတော့ -
၁ ။ စစ်ကြောင်း (၁) စစ်ကြောင်းရုံးနှင့် တပ်စု တစ်စု မောရလီစခန်း
၂ ။ စစ်ကြောင်း (၂) စစ်ကြောင်းရုံးနှင့် တပ်စိတ် နှစ်စိတ် ကဆာနလီစခန်း
၃ ။ တပ်ခွဲ တစ်ခွဲ မဲသဝေါ ပင်မစခန်း
၎ ။ တပ်ခွဲရုံးနှင့် တပ်စိတ် လေးစိတ် ပွိုင့် (၉၆၂) စခန်း
၅ ။ တပ်ခွဲရုံးနှင့် တပ်စု တစ်စု ပွိုင့် (၈၆၅) စခန်း
၆ ။ တပ်စု တစ်စု အံ့ကျော်ကုန်းစခန်း
၇ ။ တပ်ခွဲရုံးနှင့် တပ်စု လေးစု လှုပ်ရှား အရန် အဖြစ်ထားရှိပြီး
ပွိုင့် (၁၇၇၈) တ၀ိုက်မှာ တပ်ခွဲရုံးနှင့် တပ်စုနှစ်စု၊ ပွိုင့် (၉၆၂) တ၀ိုက်မှာ တပ်စု တစ်စု၊ ပွိုင့် (၈၆၅) တ၀ိုက်မှာ တပ်စု တစ်စု လှုပ်ရှား စိုးမိုးထားပါတယ်…
KNU နဲ့ မဒတ အင်အားစုတွေဟာ အံ့ကျော်ကုန်းကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှာ သာလွန်အင်အားသုံး တိုက်ခိုက်ပြီးနောက်မှာ အဆင့်မြင့် ဒုံးကျည်တွေဖြစ်တဲ့ ၂.၇၅ လက်မ ဒုံးကျည်တွေ၊ ၈၄ မမ၊ ၇၅ မမ နှင့် ၅၇ မမ နောက်ပွင့်ရိုင်ဖယ်တွေ၊ ၈၂ မမ နှင့် ၆၀ မမ စိန်ပြောင်းတွေ၊ RPG ဒုံးကျည်တွေ၊ ၃.၅ လက်မ လောင်ချာတွေ၊ .၅၀ လက်မ စက်သေနတ်ကြီးတွေနဲ့ အခြား လက်နက်ငယ်မျိုးစုံကို အသုံးပြုပြီး ကျန်ရှိနေသေးတဲ့ တပ်မတော်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပါတယ်…
တပ်မတော် စစ်ကြောင်းတွေရဲ့ အခြေအနေကတော့ ရန်သူက သာလွန်အင်အားသုံး တိုက်ခိုက်မှုတွေကြောင့် လည်းကောင်း၊ ကျည်ဆန်ကုန်လာတာတွေကြောင့်လည်းကောင်း၊ KNU နဲ့ မဒတ တို့အနေနဲ့ လိုအပ်တဲ့ ခဲယမ်းနဲ့ ရိက္ခာတွေကို သောင်းရင်းမြစ်တလျှောက် ပဲ့ချိတ်စက်လှေတွေ အသုံးပြုပြီး ပို့ဆောင်ဖြည့်တင်းနိုင်မှုတွေကြောင့် လည်းကောင်း၊ တပ်မတော်ဟာ ဆက်လက်မခုခံနိုင်တော့ပဲ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလမှာ ကဆာနလီစခန်း၊ ပွိုင့် (၉၆၂) စခန်းနဲ့ မဲသဝေါပင်မစခန်း တွေကနေ ဆုတ်ခွာပေးလိုက်ရပြီး မောရလီတောင်ကြားမှာ စုစည်းပြီး ခုခံခဲ့ရပါတော့တယ်…
ဒါတွေကြောင့် အထက်ဌာနချုပ်ကလည်း မဲသဝေါစစ်မျက်နှာအတွက် စစ်ကူတပ်များ စေလွှတ်ခဲ့ပါတယ်… ခမရ (၃)၊ ခမရ (၄)၊ ခမရ (၆)၊ ခမရ (၇)၊ ခလရ (၇၅)၊ ခလရ (၇၈)၊ ခလရ (၈၀)၊ ခလရ (၈၁) နှင့် ခလရ (၈၂) တို့ကို မဲသဝေါဒေသဆီ စစ်ကူစေလွှတ်ခဲ့ပါတယ်… ခလရ (၇၇) ကတော့ ရှမ်းရွာသစ်စခန်းကနေ လိုအပ်တဲ့ ကုန်းကြောင်း၊ လေကြောင်း ထောက်ပံ့မှုတွေကို ဆောင်ရွက်ပေးခဲ့ရပါတယ်… ဒါပေမယ့်လည်း ရန်သူဟာ ရှမ်းရွာသစ်စခန်းနဲ့ ပွိုင့် (၈၆၅) ကြားကနေ အခိုင်အမာ ဖြတ်တောက်ပိတ်ဆို့ထားတာကြောင့် စစ်ကူတပ်တွေဟာ မဲသဝေါဒေသကို အချိန်မီ လွယ်လွယ်ကူကူ မရောက်ရှိနိုင်ခဲ့ပါဘူး…ဒါ့အပြင် ဆက်သွယ်ရေးလမ်းကြောင်း ရှည်လျားခြင်း၊ ရေကြီးတဲ့ချောင်းတွေ ရှိနေခြင်းကြောင့် စစ်ကူချီလာတဲ့ တပ်တွေကို နှောင့်နှေးစေခဲ့ပါတယ်…
စစ်ကူတပ်များ အဆက်မပြတ် ရောက်ရှိလာချိန်မှာတော့ တပ်မတော်စခန်း တော်တော်များများဟာ စွန့်လွှတ်ပြီးချိန်ဖြစ်နေပါပြီ… ဒါ့အပြင် ရန်သူဟာလည်း မဲသဝေါဒေသ တစ်ခုလုံးကို ၀ိုင်းပတ်ချေမှုန်းဖို့ ထိုးစစ်ဆင်နေချိန်ပါ… ဒီ့အတွက် စစ်ကူရောက်လာတဲ့တပ်တွေဟာ ရန်သူကို တန်ပြန်ထိုးစစ်ဆင်ဖို့ထက် ၀ိုင်းပတ်လာတဲ့ ရန်သူတွေကို ထိတွေ့ရင်ဆိုင် ဟန့်တားနေရတာကြောင့် အရန်တပ်မရှိသလောက် ဖြစ်သွားပါတော့တယ်… အရန်တပ် မရှိတာကြောင့် စစ်ကူရောက်လာတဲ့ တပ်တွေအတွက် ရိက္ခာထောက်ပံ့ရေး အခက်အခဲ ရှိလာခဲ့ပါတယ်… မဲသဝေါပင်မစခန်းကို စွန့်လွှတ်ခဲ့ရချိန်မှာ စုပုံရိက္ခာတွေကို မီးရှို့ဖျက်ဆီးခဲ့ရတာကြောင့် မဲသဝေါဒေသမှာရှိနေတဲ့ တပ်ရင်း (၁၀) ရင်းအတွက် ရိက္ခာအခက်အခဲက ရှိနေပါတယ်… အနီးဆုံး စုပုံရိက္ခာရှိနေတဲ့ စခန်းဟာ ရှမ်းရွာသစ်စခန်းပါ… ကျန်တပ်တွေနဲ့ (၁၆) မိုင်လောက်ဝေးပါတယ်… ဒီရိက္ခာတွေကို လူအားနဲ့ သယ်ယူနေရတာကြောင့် ရိက္ခာဖူလုံအောင်ဝေငှဖို့ အခက်အခဲ ရှိနေပါတယ်… ရိက္ခာ တစ်ကြိမ်သယ်ယူဝေငှပြီး နောက်တစ်ခေါက် ရိက္ခာသွားသယ်နေစဉ်မှာ တပ်ရင်းတွေဟာ ရိက္ခာကိုအမြဲတမ်း ဆန့်စားနေရတဲ့အဖြစ်ပါ… မဲသဝေါတိုက်ပွဲရဲ့ ပထမပိုင်းဟာ တပ်မတော်စစ်ကြောင်းတွေ ရိက္ခာပြတ်တောက်မှုပြဿနာ အထူးကြုံတွေ့နေရပြီး ရန်သူရဲ့ခေတ်မီလက်နက်မျိုးစုံနဲ့ စုပြုံပစ်ခတ်မှုဒဏ်ကို အလူးအလဲခံစားရတဲ့ကာလ၊ အထိအခိုက် အကျအဆုံး အများဆုံးကာလပဲ ဖြစ်ပါတယ်…
ပွိုင့် (၈၆၅) စခန်းဟာ ကနဦးက ရှေ့တန်း အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် အခြေစိုက်ပြီး၊ နောက်ပိုင်းမှာ ရှေ့တန်း အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ် အခြေစိုက်ထားပါတယ်… ရန်သူဟာ မဲသဝေါ ပင်မစခန်းကို သိမ်းပိုက်ရရှိပြီးနောက်မှာ ကွပ်ကဲမှုတည်ရှိရာ ပွိုင့် (၈၆၅) စခန်းကို ထိုးဖောက်တိုက်ခိုက်ဖို့ ကြိုးစားလာခဲ့ပါတယ်… ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့မှာ မဲပေါချောင်းဝဖက် တောင်ကြောမှတဆင့် အဆင့်ဆင့်ခြေကုပ်ယူပြီး ရန်သူဟာ မြေပုံညွှန်း (H-575241) နဲ့ (H-580242) တောင်ကြောများကို သိမ်းပိုက်ခဲ့ပါတယ်… မောရလီစခန်းကိုလည်း လက်ပစ်ဗုံး၊ မီးလောင်ဗုံးများအသုံးပြုပြီး အနီးကပ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတာပါ… ကွပ်ကဲမှုဌာနချုပ် တည်ရှိရာ ပွိုင့် (၈၆၅) စခန်းကိုလည်း ခြိမ်းခြောက်လာခဲ့ပါတယ်… ဒါကြောင့် ခမရ (၄) ကို ၄င်းတောင်ကြောမှာရှိနေတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ထားလိုက်ရပါတယ်… ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ၂၈ ရက်နေ့မှာ ပွိုင့် (၉၆၂) စခန်းကို ခမရ (၆) ကနေ သိမ်းပိုက်ခြေကုပ်ယူပြီး ပွိုင့် (၁၇၇၈) တောင်ကုန်း၊ အံ့ကျော်ကုန်းနှင့် ကဆာနလီရှိ ရန်သူတွေကို ခမရ (၆)၊ ခမရ (၇)၊ ခလရ (၇၈)၊ ခလရ (၈၁) တို့ကနေ ရင်ဆိုင်ထားလိုက်ကြပါတယ်… ပွိုင့် ( ၁၆၀၁) မှာရှိနေတဲ့ရန်သူကိုတော့ ခလရ (၈၀)၊ ခလရ (၈၂) တို့က ရင်ဆိုင်ထားပါတယ်… ခလရ (၇၅)၊ ခလရ (၇၆) နှင့် ခမရ (၃) က စစ်ကြောင်း (၂) နဲ့ တပ်ခွဲ နှစ်ခွဲတို့ဟာလည်း မောရလီတောင်ကြောမှာ ရန်သူ့ထိုးစစ်ကို ခုခံနေခဲ့ရပါတယ်…
ဒီလိုနဲ့ပဲ KNU ခေါင်းဆောင် ဘိုမြဟာ မဒတအဖွဲ့အစည်းအပေါ် ခေါင်းဆောင်မှုရယူဖို့ မီးကုန်ယမ်းကုန်သုံးတဲ့ မဲသဝေါတိုက်ပွဲကြီးမှာ ရန်သူအင်အား ၂၀၀၀ ကျော်ကို တပ်မတော်တပ်ရင်း ၁၀ ရင်းက အနီးကပ် ရင်ဆိုင် ထိန်းချုပ်နေရတာကြောင့် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခြင်းမရှိပဲ အရန်တပ်တွေအားလုံး ဒေသန္တရ ရင်ဆိုင်တိုက်ပွဲမှာ ပါဝင်နေကြရတဲ့အဖြစ်နဲ့ ကြုံကြရပါတော့တယ်… အုပ်ချုပ်မှု အလျဉ်မီအောင် မဆောင်ရွက်နိုင်တာကြောင့်လည်း တပ်တွေဟာ ရိက္ခာပြတ်တောက်မှု ကြုံတွေ့ရပြီး ငှက်ပျောအူနဲ့ ပုတတ်ဥတွေ တူးစားကြရတဲ့ အဖြစ်ကို ကြုံကြရပါတော့တယ်…
ဒီလိုအခြေအနေတွေမှာပဲ မဲသဝေါဒေသရဲ့ စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့မှူးဟာ ရှမ်းရွာသစ်မှတဆင့် မဲသဝေါဒေသ ပွိုင့် (၈၆၅) စခန်းကို ၁၉၈၈ ခု၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ရောက်ရှိလာပြီးတော့ စစ်ဆင်ရေးကို အနီးကပ် ကွပ်ကဲပါတော့တယ်… မဲသဝေါဒေသကို ကားလမ်း၊ လှည်းလမ်းတွေ အမြန်ဖောက်လုပ်စေပြီး အုပ်ချုပ်ထောက်ပံ့မှုကို ဦးစားပေး ဖြည့်တင်းဆောင်ရွက်ပေးခဲ့ပါတယ်… လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို အဆက်မပြတ် ပို့ဆောင် ဖြည့်တင်းပြီးနောက်မှာတော့ ထိုးစစ်ကို စတင်ခဲ့ပါတော့တယ်…
မြေပုံညွှန်း H – 575241 မှာရှိနေတဲ့ ရန်သူကို မူလက ခမရ (၄) က ရင်ဆိုင်ခဲ့တာပါ… ဒါပေမယ့် စစ်ဆင်ရေး အဆင့် (၁) ကို စတင်ချိန်မှာ ခမရ (၄) အနေနဲ့ ထိခိုက်ဒဏ်ရာရသူ များပြားလွန်းနေပါတယ်… တပ်ရင်းတစ်ရင်းလုံးမှာ အင်အား ၁၆၀ လောက်ပဲကျန်တော့တဲ့အတွက် ခမရ (၄) ကို အနားပေးပြီး ခမရ (၃) ကို ထိုးစစ်အဆင့် (၁) အတွက် တာဝန်ပေးခဲ့ပါတယ်…
မြေပုံညွှန်း H – 575241 ရှိရန်သူကို တိုက်ခိုက်ဖို့ အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူးက သတိပေးအမိန့် ထုတ်ပြန်ထားတာကြောင့် ခမရ (၃) တပ်ရင်းမှူးဟာ ၁၉၈၈ခု၊ နိုဝင်ဘာလ ၂၄ ရက် နဲ့ ၂၅ ရက်နေ့ တို့မှာ ခမရ (၄) စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) နေရာတွေကနေ ရန်သူ့နေရာကို မြင်ကွင်းမျိုးစုံမှ အသေးစိတ် လေ့လာထောက်လှမ်းမှုတွေ ပြုလုပ်ထားခဲ့ပါတယ်… ၁၉၈၈ခု၊ နိုဝင်ဘာလ ၂၇ ရက်နေ့၊ ခမရ (၄) နဲ့ ခမရ (၃) တို့ တာဝန်လဲလှယ်ကြပြီးချိန်မှာတော့ ခမရ (၃) တပ်ရင်းမှူးဟာ ရန်သူ့တောင်ကုန်း H – 575241 ကို စစ်ကြောင်း (၁) ရှိရာနေရာကနေ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ…
ရန်သူ့စခန်းဟာ လက်ရှိရင်ဆိုင်ထားရာနေရာကနေကြည့်ရင် ကိုက် ၂၀၀ လောက်သာဝေးတာပါ… ကြားမှာ မြေနိမ့်တောင်ကြောတစ်ခု ရှိပြီး ၀ါးပိုးဝါးပင်တွေကလည်း ပေါက်ရောက်နေပါတယ်… စစ်ကြောင်းနေရာဟာ ရန်သူ့စခန်းထက် အနည်းငယ်မြင့်မားတယ် ထင်ရပေမယ့် တကယ်တမ်း ရန်သူ့စခန်းကို သွားမယ်ဆိုရင် ပထမမှာ အဆင်းဆင်းပြီး ပြန်မော့တက်ရမှာပါ… ရန်သူနဲ့ ရင်ဆိုင်ထားတဲ့ အကွာအဝေးကလည်း ကိုက် ၂၀၀ လောက်သာ ရှိတာကြောင့် ရန်သူဟာ နေ့ရော ညပါ လက်နက်ကြီး၊ လက်နက်ငယ်တို့နဲ့ ကြိုကြား ပစ်ခတ်နေပါတယ်… အထူးသဖြင့် မနက်ခင်း အိပ်ယာထချိန်၊ စားသောက်ချိန်နဲ့ ညနေစောင်းချိန်တွေမှာ ပိုမိုပစ်ခတ်တာကို ခံရပါတယ်… ဒါကြောင့် ရန်သူကို ပြန်လည်ပစ်ခတ်နေရသလို ကတုတ်ကျင်းတွေကိုလည်း ပိုမိုကောင်းမွန်အောင် ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်…
ရန်သူအင်အား ၁၅၀ လောက်မှာ ရင်ဆိုင်ထားတဲ့ ရန်သူအင်အားဟာ ၃၀ လောက်သာရှိတယ်ဆိုပေမယ့် ကျန်အင်အား ၁၂၀ လောက်က မဲပေါချောင်းဝကနေ တောင်ကြောတစ်လျှောက်လုံးကို အထောက်အကူ ပြုပေးထားတာပါ… အနီးကပ် ရင်ဆိုင်ထားတဲ့ အင်အား ၃၀ ကို ၃ရက်တစ်ကြိမ် အသစ်လဲလှယ်ပေးခြင်းနဲ့ လူတွေကို အနားပေးထားပါတယ်… ဒါ့အပြင် စားသောက်ရေးအတွက် ထမင်းထုပ်တွေနှင့် ၀ါးဆစ်ရေဘူးတွေကိုလည်း မပြတ်လပ်အောင် ပို့ပေးနေတာကို တွေ့ရသလို ၄င်းတို့ရဲ့ ခေါင်ကတုတ်တွေနဲ့ ဆက်သွယ်ရေးမြောင်းတွေကို ပိုမိုကောင်းမွန်အောင် နေ့ညမပြတ် တူးဖော်နေကြတာကိုလည်း ထောက်လှမ်းသိရှိနေရပါတယ်…
ဆက်သွယ်ရေးမြောင်းတွေဟာ တပ်မတော် စစ်ကြောင်းတွေ ရှိရာကို ဦးတည်ဖောက်လုပ်နေကြတာပါ… တောင်ကြောရဲ့မြေသားဟာ ကျောက်စရစ်မြေ ဖြစ်နေပေမယ့် ပစ်ခတ်မှုတွေကြားထဲကနေပဲ ရန်သူဟာ ဆက်သွယ်ရေးမြောင်းတွေကို လူတစ်ရပ်ကျော်နက်အောင် တူးနိုင်ခဲ့တာကို တိုက်ပွဲပြီးချိန်မှာ တွေ့ခဲ့ရပါတယ်…
http://tyrinonote.wordpress.com(မှကူးယူဖော်ပြပါသည်)
