ရွှေလီသား(မဘိမ်း)

Monday, 19 March 2012

ဟားဗတ်(Harvard)တက္ကသိုလ်မှနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံဘာသာရပ်နှင့်ဘွဲ့ရသူတစ်ဦးပြောသောစစ်တပ်နှင့်နိုင်ငံရေးပါတီများကဏ္ဍ



ကျမက ဟားဗတ်က နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံဘာသာရပ်နဲ့ ဘွဲ့ရလာတဲ့သူပါ၊ သင်တန်းတက်လာခဲ့သူမဟုတ်ပါ။ ဒါပေမဲ့ လူဗြိန်းအမြင်နဲ့ဘဲ ဝင်ပြောပါရစေ။ 

ပိုမို ပီပြင်တဲ့ ဒီမိုကရေစီ ထွန်းကားထဲ့ နိုင်ငံတိုင်းမှာ စစ်တပ်များဟာ ဘယ်ပါတီတစ်ခုဘက်ကိုမျှ တိမ်းစောင်း ထောက်ခံခြင်း မရှိတာတွေ့ရပါတယ်။ ပါတီအားလုံး အပေါ်မှာ တူညီသော သဘောထားတာလည်း တွေ့ရပါတယ်။ 


နိုင်ငံရေး ပါတီအားလုံးကလည်း စစ်တပ်ကို ကိုယ့်နိုင်ငံကာကွယ်ရေး အတွက်၊ သဘာဝဘေးအန္တာရယ် ဒုက္ခသည်များအတွက်  အရေးပေါ် ကယ်ဆယ်ရေး အလုပ်များအတွက် အားကိုးကြပါတယ်။ လေးစားကြပါတယ်။  ရန်သူသဖွယ် ပြောဆို ဆက်ဆံမှုမျိုး မရှိပါ။ မတွေ့ရပါ။ အင်္ဂလန်နိုင်ငံတွင် အာဂျင်တီးနားလို တခြားနိုင်ငံနှင့် စစ်ဖြစ်တဲ့အခါမှာ ရွေးကောက်ထားတဲ့ အစိုးရဖြစ်တဲ့ ပါတီရော တခြားအတိုက်အခံပါတီများကပါ ထောက်ခံကြပါတယ်။ စစ်မလိုလားတဲ့ နိုင်ငံရေးသမားတချို့နဲ့ ပြည်သူအချို့ကတော့ မထောက်ခံပါ။ ဒါပေမဲ့ အများစုက အရေးပေါ်အခြေအနေမှာ စစ်ဖြစ်တာကို ထောက်ခံကြပါတယ်။ 

ဒီတော့ အမေစုနှင့် စစ်တပ်ကို ပေါင်းပါလို့ ဆော်အောခြင်းထက် စစ်တပ်ကို ကြားနေပါ။ နိုင်ငံရေးပါတီတိုင်းကို လေးစားပါ။ နိုင်ငံရေးပါတီတိုင်းကလည်း စစ်တပ်ကို လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ နိုင်ငံတော် စစ်တပ်ဖြစ်တယ်။ နိုင်ငံတော်အတွက် ဒေသအသီးသီးမှာ နိုင်ငံတော် ပြန်လည်ထူထောင်တဲ့ လုပ်ငန်းတွေမှဖြစ်ဖြစ် သဘာဝဘေးအန္တရယ်ဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေမှာဘဲ ဖြစ်ဖြစ် နိုင်ငံလုံခြုံရေးလုပ်ငန်းတွေအတွက် မရှိမဖြစ်တဲ့ ပါတီအားလုံး အရေးပေါ်အခြေအနေတွေမှာ အားကိုးရမဲ့ အဖွဲ့အစည်းအနေနှင့် လေးစားစွာ ဆက်ဆံသင့်တယ်လို့ဘဲ မြင်ပါတယ်။

နောက်တခု ပြောခြင်တဲ့ အချက် တစ်ခုရှိပါတယ်။ အမေရိကန်လိုနိုင်ငံတွေရဲ့ ပါတီအသီးသီးအတွင်းမှာ စစ်ဝန်ထမ်းဟောင်းတွေ တော်တော်များများ ပါပါတယ်။ အမေရိကန် သမတတွေကိုကြည့်ပါ။ သမတအတော်များများဟာ စစ်အတွင်းမှာ ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းတွေ ဗိုလ်မှုးဟောင်းတွေ ဖြစ်ကြပါတယ်။ သာမန် စစ်သားဟောင်း တစ်ယောက်တောင် သမတဖြစ်ခဲ့တာရှိပါတယ်။ ပြောခြင်တာက စစ်ဝန်ထမ်းဟောင်းတွေ လွှတ်တော်အမတ်မဖြစ်ရဘူး နိုင်ငံရေးမလုပ်ရဘူးဆိုတာ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေမှာ မသတ်မှတ်ထားပါဘူး။ ရာဇဝတ်မှုကျူးလွန်ထားလို့ ထောင်ကျခဲ့တဲ့သူတွေသာ အမတ်လောင်းအဖြစ် ဘယ်ပါတီကမျှ လက်ခံခြင်းမရှိပါ။ ထောင်ထွက် ရာဇဝတ်သား အဟောင်း ကလွဲလို့၊ဘုန်းကြီးဟောင်း၊ စစ်သားဟောင်း၊ ဆရာဝန်ဟောင်း၊ အင်ဂျင်နီယာဟောင်း၊ ကျောင်းဆရာဟောင်း၊ ရှေ့နေ့ဟောင်း၊ ပျံကျဈေးသည်ဟောင်းများ သာမက အီတလီလိုနိုင်ငံမျိုး တူရကီလိုနိုင်ငံတွေမှာ ပြည့်တန်စာအဟောင်းတွေ လွှတ်တော်အမတ် ဝင်အရွေးခံတာရှိခဲ့ပါတယ်။ ဒီမိုကရေစီ ပီပီပြင်ပြင် ထွန်းကားတဲ့နိုင်ငံမှာ ထောင်ထွက်ရာဇဝတ်သားကလွဲလို့ အရည်အချင်းပြည့်ဝသူတိုင်း နိုင်ငံရေးလုပ်ခွင့် လွှတ်တော်အမတ် ဝင်ရွေးခွင့် သမတလုပ်ခွင့် ဝန်ကြီးများလုပ်ခွင့် ရှိကြပါတယ်။ စစ်တပ်ကို ပါတီတခုခုနှင့် ပူးပေါင်းပါလို့ မပြောသင့်ပါလို့ ထင်ပါတယ်။ အချင်းချင်း ရန်သူလို မဆက်ဆံကြဘဲ၊ သင့်မြတ်လေးစားကြပါလို့ဘဲ ပြောသင့်ပါတယ်။ 

“ သစ်ပင်စိုက်သူ ဥယာဉ်မှူး -၁ ”






“ ဗိုလ်ကြီး တပ်ပြောင်းမိန့်ဝင်လာပါပြီ ခင်ဗျ ... တပ်မတော်ဆေးတက္ကသိုလ်လို့ ပြောပါတယ် ”


“ ဟေ ... ဟုတ်လား ”


“ ဟုတ်ကဲ့ပါ ခင်ဗျ ... တပ်ရေးဗိုလ်ကြီးက ပြောခိုင်းလိုက်လို့ပါ ....”


“သြော် .. အေး .. အေး .. ကျေးဇူးပါပဲကွာ ”


ကျွန်တော့်အဖို့ ဒီလိုနေရာကို ဒီလိုတာဝန်ဖြင့် ရောက်ရှိလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးပေ။ သစ္စာလေးချက် ဦးထိပ်ထားသူပဲ။ ခေတ္တတပ်ရင်းမှူးထံသတင်းပို့ပါသည်။ ထိုစဉ်က ခေတ္တတပ်ရင်းမှူးမှာလည်း ကျွန်တော်တို့ ဗိုလ်လောင်းတက်စဉ်က ဆရာဖြစ်ခဲ့သည် ဗိုလ်မှူးဇော်တင် (လက်ရှိ စစ်ဦးစီးမှူး (ပထမတန်း) ရန်ကုန်တိုင်းစစ်ဌာနချုပ်) ဖြစ်၍ ညီအစ်ကိုအရင်း ဆရာတပည့်သဖွယ်ဖြစ်နေသဖြင့် ဆုံးမသြ၀ါဒစကားပြောကာ နှုတ်ဆက်ပွဲလေးတစ်ခု လုပ်ပေးပါသည်။ ထို့နောက် ကျွန်တော်လည်း ရန်ကုန်သို့ထွက်လာခဲ့ပါသည်။ တပ်မတော် ဆေးတက္ကသိုလ် ဂိတ်ဝသို့အရောက်တွင် တပ်ရဲကို ကျွန်တော်ဟာ အခုအသစ်ရောက်လာတဲ့ အရာရှိဖြစ်ကြောင်း၊ ကျောင်းဌာနချုပ်ရုံးသို့ သတင်းပို့ရန် ဘယ်လိုသွားရမလဲ ဟုမေးပြီး အဆိုပါ တပ်ရဲ ညွှန်ပြသော လမ်းအတိုင်းလာခဲ့ပါသည်။ ဂိတ်ဝ ၀င်ပြီး ကိုက် ၂၀၀ ကျော်ကျော်လောက်တွင် တပ်မတော်ဆေးတက္ကသိုလ်၏ ခန့်ညားထည်ဝါလှသော ဘွဲ့နှင်းသဘင်ကြီးကိုတွေ့ရပါသည်။ ဘွဲ့နှင်းသဘင်ကြီးကျော်သွားပြန်တော့ ဗိုလ်လောင်းတပ်ရင်း အိပ်ဆောင်များကို တွေ့ရသည်။ ထိုသို့တွေ့ရစဉ် တစ်ချိန်တုန်းက နေခဲ့ဖူးသော စစ်တက္ကသိုလ် အိပ်ဆောင်များကို ပြန်သတိရမိသေးသည်။ ထို့နောက် ဗိုလ်လောင်းတပ်ရင်း အိပ်ဆောင်များ၏ ရှေ့တည့်တည့်မှာ သုံးထပ်စာသင်ဆောင်ကြီးကိုလည်း ထည်ထည်ဝါ၀ါ တွေ့လိုက်ရသည်။ ကွန်ကရစ်လမ်းမကြီးများ၊ မီးတိုင်များ၊ လေးထပ်ငါးထပ် ဗိုလ်လောင်းအိပ်ဆောင်များ၊ ခံညားထည်ဝါလှသော စာပေဆောင်ကြီးနှင့် ဘွဲ့နှင်းသဘင်ခန်းမကြီးများရှိသော ပတ်ဝန်းကျင် အသစ်မှာ စိတ်သစ်၊ လူသစ်နှင့် တာဝန်အသစ်များ ထမ်းဆောင်ကြရတော့မည်။


တာဝန်ရှိသူများထံ သတင်းပို့ပြီး မိမိနေရမည့် အိပ်ဆောင်သို့လာခဲ့ပါသည်။ အိပ်ဆောင်ရောက်သောအခါ အခန်းသန့်ရှင်းရေးလုပ်ပြီး ပစ္စည်းများကို နေရာချလိုက်သည်။ ညပိုင်းတွင် မြ၀တီရုပ်မြင်သံကြားက စစ်ကားကိုကြည့်မိလိုက်သေးသည်။ ငိုချင်ရက်လက်တို့ဆိုတာလို ယခင်တပ်က ရဲဘော်များနဲ့ ရှေ့တန်းကိုလည်း လွမ်းမိပါသည်။ စိတ်ကူးထဲမှာ မုံးဟင်၊ မုံးဟ၊ မိုင်းကောင်၊ တန့်ယန်းဘက်ပြန်ရောက်သွားပါသည်။ မိုးရေရွှဲရွှဲမှာ Night move ဆွဲခဲ့ရပုံကိုလည်း အမှတ်ရမိသည်။ မြူတွေဆိုင်းပြီး လွမ်းမောဖွယ်ကောင်းတဲ့ အရှေ့မြောက်တိုင်းရဲ့ ဆောင်းရာသီကိုလည်း လွမ်းမိပြန်ပြီ။ ကျွန်တော်ချစ်သော ရှမ်းပြည်နယ်နှင့် ရှမ်းတိုင်းရင်းသားမျာကို သတိတရဖြစ်မိသည်။


အခုတော့ နည်းပြ ကျောင်းဆရာဘ၀ကို နိဒါန်းပျိုးနေပေပြီ။ နောက်တစ်ပတ်နေရင် စာသင်ခန်းထဲ ၀င်ရမည်ဖြစ်သည်။ ကျောင်းဆရာ တစ်ယောက်ရဲ့ ဟန်ပန်အမူအရာတွေ လေ့ကျင့်ရဦးမည်။ ဗဟုသုတတွေများများရဖို့ စာများများဖတ်ရဦးမည်။ ဆေးတက္ကသိုလ် ဗိုလ်လောင်းများကို စာသင်ရမည်ဆိုပါက အဘက်ဘက်က ပိုသိအောင်၊ ကိုယ်သိတာကို သူတို့နားလည်အောင် ပြန်ရှင်းပြနိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် သင်ခန်းစာကို ပိုင်နိုင်အောင်လည်း လေ့လာရမည်။ လက်ထဲမှာ သေနတ်နှင့် မှန်ပြောင်းတို့အစား မြေဖြူနှင့် စာအုပ်တို့ ရောက်ရှိလာခဲ့ပြီ ။


ကျွန်တော်က ရူပဗေဒဌာနမှာ တာဝန်ကျသည်။ ဆေးပညာ ပထမနှစ်ဗိုလ်လောင်းများကို သင်ရမည့် ဘာသာရပ်၊ မှီငြမ်းစာအုပ်များ၊ ရူပဗေဒနှင့် ဆေးပညာ ဆက်နွယ်သည့်စာအုပ်များ၊ ရူပဗေဒဘာသာရပ် အခြေခံ စာအုပ်များစွာကို ပြန်ဖတ်ရသည်။ ဆေးပညာနှင့် ဆက်နွှယ်မှုမရှိခဲ့ဖူးသော ကျွန်တော့မှာ ဟိုစာအုပ်ဖတ်မရှင်း၊ နောက်တစ်အုပ်ဖတ်ကြည့်တော့ ရှုပ်နေပြန်သည်။ ဆရာ/ ဆရာမများ၊ အထက်စီနီယာ အရာရှိများထံက နည်းပြဆရာတို့ တာဝန်ဝတ္တရားများကိုလည်း ဦးစွာ ဆည်းပူးမေးမြန်းခဲ့ရသည်။ ရန်ကုန်မြို့ကြီးပေါ်တွင် နေရမည်ဆို၍ ပျော်နေခဲ့သော ကျွန်တော် အခုမှ ဒုက္ခလှလှကြီးတွေ့ရပေသည်။ သည်လိုနှင့် ကျွန်တော်၏ ကျောင်းဆရာဘ၀လေးကတော့ စတင်လာခဲ့ပါသည်။ ပထမနှစ် တာဝန်ကျဗိုလ်လောင်းက တန်းအပ်သတင်းပို့ ပြီးနောက်လူစစ်လိုက်သည်။ စာသင်ခန်းတစ်ခန်းတွင် ဗိုလ်လောင်းအင်အားက တစ်ရာကျော်ကျော်၊ နည်းသည့်အင်အားတော့မဟုတ်။ မိမိကိုယ်မိမိ စတင်မိတ်ဆက်ပြီး ကြိုတင်ပြင်ဆင်လာတာလေးတွေကို အပြတ်ပြောမယ်ဆိုပြီး အတန်းကိုဝေ့ကြည့်လိုက်တော့ ဗိုလ်လောင်းတော်တော်များများက စတင်ထောက်ခံနေကြပါပြီ။ ဒါနဲ့ မထူးပါဘူးဆိုပြီး ငိုက်နေသော ဗိုလ်လောင်းများကို မတ်တက်ရပ်ခိုင်းလိုက်သည်။ ဗိုလ်လောင်းများကို အိပ်ငိုက်သည့်အကြောင်းများမေးကြည့်သော အခါ မနက် PT ပြေးရလို့ ပြောသူကပြော၊ ရိပ်သာက ပဲဟင်းစားလာလို့ ဆိုသူကဆို၊ ညဘက် ကင်းစောင့်ရလို့ပါဟု ဖြေသူကဖြေ။ စာသင်ရသော ကျောင်းဆရာဘ၀ကို လွယ်လွယ်လေးဟု လျှော့တွက်မိသော ကျွန်တော် တကယ်စာသင်ရချိန်တွင် အိုးနင်းခွက်နင်းဖြစ်ပါပြီ။ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားတိုင်းလည်း မကျေနပ်။ ဗိုလ်လောင်းဘ၀ တက်ခဲ့တုန်းကလည်း စာဘက်မှာ မညံခဲ့ပါ။ မဟာသိပ္ပံတက်တုန်းကလည်း ထိုက်သင့်သလောက် ကျက်မှက်ခဲ့ပါသည်။ ဒီအနေအထားတွေနှင့် စာတွေထပ်ပြီး လေ့လာလိုက်လျှင် သင်နိုင်ပြီပေါ့ ..... ကျွန်တော် စာသင်လေ ဗိုလ်လောင်းတွေက ငိုက်လေ ဖြစ်နေသည်။ မငိုက်တဲ့ သူတွေကိုမေးကြည့်တော့ သိပ်နားမလည်ဘူးတဲ့ ။ တစ်ခါတစ်လေ အော်ငိုချင်စိတ်တောင် ပေါက်လာသည်။ ကိုယ်တိုင်နားလည်ပေမယ့် တပည့်များကို နားလည်အောင် မသင်ကြားနိုင်လျှင် ဆရာ မဟုတ်ဟု အသိတစ်ခုတိုးလာခဲ့ပြန်သည်။ နောက်တော့ အတန်းချိန် မိနစ် ၅၀ တွင် ၃၅ မိနစ် စာသင်ပြီး ကျန်အချိန် ၁၅ မိနစ်ကို ပေးနားမည်ဟု ညှိနှိုင်းရေးလုပ်ရသည်။ ထိုစာသင်ချိန်တွင်တော့ လုံးဝ အိပ်မငိုက်ရဟူသော စနစ်ကို သုံးပြီး ကျွန်တော်လည်း ကြိုးစားပမ်းစားသင်ပါသည်။ ထိုအခါမှ အိပ်ငိုက်သော ဗိုလ်လောင်းများအား ခေါ်ယူ အပြစ်ပေးပါသည်။ ကျွန်တော်၏ ကျောင်းဆရာဘ၀ စာမျက်နှာများကား မသပ်မရပ်ဖြင့် ဖြတ်သန်းခဲ့ရပေသည် ။ (ဆက်ပါဦးမည်)
https://www.facebook.com/groups/381908758489238/permalink/408521265827987/
နောင်တော်အကိုကြီး ကိုသစ်ဟသစ် စာမျက်နှာမှ
ကူးယူဖော်ပြပါသည်

Sunday, 4 March 2012

"ချစ်သူနဲ့ ခွဲမှ အသဲကွဲတာမဟုတ်ပါဘူး ..ဒီလိုမျိုးလည်း အသဲကွဲအောင်ခံစားရပါတယ်...."




အချိန်မတော်ရွာတဲ့  မိုးနဲ့  စနေ မိုးတွေက ရွာရင် မစဲတော့ ဘူးဆိုတာ လူတိုင်းနီးပါးသိကြပြီးသားအရာတစ်ခုပါ….။ဒါပေမဲ့  လူတိုင်းမသိနိုင်ကြတဲ့  ဒီမြင်ကွင်းတစ်ခု…။သွားရအောင်လို့ ဆိုတာတောင် သူမလိုက်နိုင်တော့ တာ သိသိနဲ့  ကျနော် ဆွဲခေါ်နေမိလျက်သား.ပါ..။ဒါပါပဲ ရဲဘော်ရဲဘက်စိတ်ဆိုတာ …။


ဗိုလ်ကြီး …….ကျနော် အခြေ အနေကျနော်သိပါတယ်ဗျာ…။
ကျန်တဲ့ သူတွေနှောင့် နှေးကုန်မယ်……..ထားခဲ့ လိုက်တော ….။

ပေပွနေတဲ့  သွေးစက်တွေနဲ့  ဇကာပေါက် ကိုယ်က မြင်ရက်စရာမရှိ…။အားငယ်ညိုးလျော့ နေတဲ့  မျက်ဝန်းမှာ မျက်ရည် ဥတွေ တွယ်ခိုလို့ …။မိုးရေတွေနဲ့  အတူတူ သွေးအိုင်ငယ်တစ်ခု ပတ်ဝန်းကျင်မှာ ဖြစ်တည်လို့ နေပြီ.။ထားခဲ့ လိုက်ပါဆိုပေမဲ့  ဆုပ်ကိုင်ထားဆဲ လက်တစ်စုံမှာ တင်းကြပ်နေဆဲ ဆိုတာ သတိပြုမိနေဆဲ…။

ဘယ်ဘက် ရင်အုံတချက်ပုတ်ပြတယ်..။ဖွင့် ကြည် မိတော့  စတစ်ကာနဲ့  ပုံလောင်းထားတဲ့  မိဘဓါတ်ပုံ တစ်ပုံ…။ညာဘက်မှာ တချက်ထပ်ပုတ်ပြတယ်…။ဟောင်းနွမ်း ကျိုးကြေနေတဲ့  မိသားစုဓါတ်ပုံလေးတစ်ပုံ..။
အလယ်ကောင်မှာ သူသားလို့  ယူဆရလောက်တဲ့  ကလေးငယ်လေးက ပြုံးရွှင်လို့ …။

လှိုက်တက်လာတဲ့  မျက်ရည်စက်တချို့ နဲ့ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်နေမိတယ်…။ငါဘယ်လို ပြောထွက်မှာလဲ မောင်မိုးရာ….။ပြုံးပြပြီး သေခြင်းတရားကို သတ္တိရှိ၇ှိသူ ရင်ဆိုင်နေပြီ…။တချက်တချက် သွေးအန်နေဆဲ။ရင်တစ်ခုလုံး ပိန်ချေ ၊ဖောင်းချေနဲ့  အမောဖောက်နေပြီ…။

သွားတော့  ဗိုလ်ကြီး ရန်သူတွေနီးလာပြီ….။ဆရာလှမြင့်  ဗိုလ်ကြီးကို ဆွဲခေါ်သွားတော့ ..။

ကျနော်နောက်လှည့် မကြည့် ဖြစ်တော့ ပါ။မသေမရှင်ထားခဲ့ ရတာလောက် ရင်နာရတဲ့  အဖြစ် လောကမှာ မရှိနိုင်တော့ ဘူးထင်ပါတယ်…။တွေးကြည့် စရာမလိုတော့ …။နောက် (၁၅)မိနစ်အတွင်း မောင်မိုး မသေနိုင်ခဲ့ သေးရင်………ထပ်ချပ်လိုက်လာတဲ့ ရန်သူ သေနတ်သံကြားမှာ …………………….

(စစ်မြေပြင်တစ်ခေါက်အလည်ရောက်ခဲ့ စဉ်က ………မင်းသန့် )

https://www.facebook.com/profile.php?id=100003375792279  

မှကူးယူဖော်ပြပါသည်။

Saturday, 3 March 2012

ဒိုင်ယာယီအပိုင်းအစ


မိန်းကလေးတစ်ယောက်ရဲ့ အချစ်ဦးဖြစ်ခွင့်ရခဲ့ဖူးတယ်။ ဒါပေမဲ့ သူမနဲ့ကျွန်တော် ချစ်သူတွေမဖြစ် ခဲ့ကြဘူး။ တစ်ခါတစ်လေမှာ လွှဲမှားမှုခပ်သေးသေးလေးက ချစ်ခြင်းအစစ်အမှန်တွေကိုေ၀၀ါးသ လိုလိုနဲ့ တိကျစွာသင်းသတ်ခြင်းခံရတတ်လေရဲ့။ ဘ၀ရဲ့ချစ်ခြင်းနဲ့ဆိုင်တဲ့အမှားတွေမှာ    correction pen သုံးလို့မှမရတာဗျာ။ ခုတော့ သူနဲ့ကျွန်တော်ကမ္ဘာ့တစ်ဖက်ခြမ်းစီနဲ့ ဝေးတဲ့နေ ရာမှာ…………………………………………………………………………………………………………………     
   …..သူမရဲ့အနွံတာခံမှုတွေအပေါ် ကျွန်တော်အနိုင်ယူခဲ့ဖူးတယ် သူမရဲ့ဂရုစိုက်မှုတွေနဲ့ ပျော်ရွှင် ခဲ့ဖူးတယ်။သူမနဲ့ကြောက်စရာပြပွဲတစ်ခုကို အတူတူဝင်ကြည့်ဖူးတယ်။သူမ ကိုစက်ဘီးပေါ်မှာတင် ပြီးတောင်ကုန်းခပ်မြင့်မြင့်တွေပေါ်ကို မမောချင်ရောင်ဆောင်ရင်းနဲ့ နင်းတက်ခဲ့ဖူးတယ်။သူမနဲ့   ငြင်းခုံခဲ့ကြဖူးတယ်။သူမနဲ့စာတွေအတူတူကျက်ခဲ့ဖူးတယ်။ထီးတစ်လက်ထဲတူတူဆောင်းပြီးနေပူပူမှာလမ်းလျှောက်ခဲ့ဖူးတယ်။သူမနဲ့စာမေးပွဲ ခုံနံပါတ်တွေကိုအတူတူသွားကြည့်ခဲ့ဖူးတယ်။သူမလက် ရေးနဲ့ကူးပေးထားတဲ့ စာတွေကျွန်တော်စာအုပ်ထဲမှာအများကြီးရှိခဲ့ဖူးတယ်။ သူမအိပ်နေတုန်း သူမ ပါးပေါ်ကိုသနားလေးတွေလူးပေးခဲ့ဖူးတယ်။ကျွန်တော်ခွာပေးတဲ့နေကြာစေ့ကိုမှသူမစားတာကိုသိခဲ့ ဖူးတယ်။တခြားကောင်လေးတွေသူ့မကိုပေးတဲ့ မေတ္တာစာတွေကို တစ်ခုမကျန်ကျွန်တော့ကိုပြဖူး  တယ်။သူမနဲ့အတူဓါတ်ပုံတွဲရိုက်ဖူးတယ်။တခါတလေ ဆရာကြီးသဖွယ်ဆုံးမတတ်တဲ့ သူမရဲ့စကား ကိုနားထောင် ဖူးတယ်။သူမဖိနပ်ပြတ်သွားချိန်မှာ ကျွန်တော်စီးထားတဲ့ဖိနပ်တစ်ရံကို သူမကိုချွတ် ပေးခဲ့ဖူးတယ်။သူမပြုံးလိုက်ရင်အရမ်းလှမှန်းကျွန်တော်သတိထားမိဖူးတယ်။သူမရဲ့အရမ်းရယ် တတ်တဲ့အကျင့်ကိုပြင်ဖို့သတိပေးခဲ့ဖူးတယ်။သူမလက်ဖောင်းဖောင်းလေးတွေကိုကိုင်ကြည့်ဖူး တယ်။ စကားပြောလိုက်ရင် နှာသံလေးနှောနေတဲ့ သူမစကားသံလေးတွေကို သာယာခဲ့ဖူးတယ်။ သူမ   နားရွက်နားကပ်ပြီး တီးတိုးစကားဆိုခဲ့ဖူးတယ်။ကောင်းသန့်စာအုပ်လေးတွေမှာ ကျွန်တော်ပြောချင်တဲ့စကားနဲ့တိုက်ဆိုင်တဲ့စကားစုလေးတွေကိုမျဉ်းတားပြီးပေးခဲ့ဖူးတယ်။အတန်းတစ်တန်းထဲမှာနေပေမဲ့ တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြေးဆိုပြီး စာနဲ့ပဲရေးပြီးပြောခဲ့ဖူးတယ်။လက်ကိုင်ပ၀ါ ပေးရင်ဝေးရတတ်တယ်ဆိုတဲ့ ဘယ်သူပြောထားမှန်းမသိတဲ့နိယာမကို လက်မခံတတ်တဲ့ကျွန်တော် သူမပေးတဲ့ လက်ကိုင်ပုဝါ  အ၀ါရောင်လေးကို ပြောင်စပ်စပ်နဲ့လက်ခံဖူးတယ်။
သူမအမေရဲ့ ခပ်ထေ့ထေ့စကားသံတွေရဲ့အောက်မှာ ကျွန်တော်နာကျဉ်ခဲ့ဖူးတယ်။ ပြီးတော့ သူမကို မီးခြစ်အနီရောင်လေးတစ်လုံး လက်ဆောင်ပေးဖူးတယ်။ ………………………………………………… ပြီးတော့ ….ပြီးတော့..  ကျွန်တော်သူမအချစ်ကို လစ်လျူရှုဖူးတယ်……………………………..........
          မိန်းကလေးတစ်ယောက်ရဲ့အချစ်ဦးဖြစ်ခွင့်ရတဲ့ ယောင်္ကျားတစ်ယောက်အတွက်တော့ တစ်သက်လုံးအမှတ်ရနေစေမဲ့ ဆုလဒ်တစ်ခုတော့ လက်ဆောင်ရကောင်းရနေပါလိမ့်မယ်။ ဒါပေမဲ့ ၀ိုင်းပြောကြတဲ့သူငယ်ချင်းတွေဆီက ကျွန်တော်ရလိုက်တဲ့ဆုလဒ်က “ နင်အတ္တသိပ်ကြီးတယ် ကိုယ်ဖက်ကိုယ်ပဲကြည့်တယ်“  တဲ့ဗျာ။ကိစ္စမရှိပါဘူး ကျွန်တော်နာကျဉ်စွာနဲ့ပျော်ရွင်နိုင်ပါတယ် ။
ကိုယ်ချစ်တဲ့သူတစ်ယောက်ကဘယ်အချိန်ဖွင့်ပြောလာမလဲစောင့်ရတဲ့မိန်းကလေးတစ်ယောက်ရဲ့ နာကျဉ်မှုမျိုးကိုသူငယ်ချင်းကောင်မလေးတစ်ယောက်ပြောပြလို့မှတ်သားခဲ့ရပေမဲ့ သူမအမေရဲ့ စကားလုံးတွေနဲ့တင် ကျွန်တော်မောင်းနှင်နေတဲ့ အချစ်တွေအားလုံး တုံ့ခနဲနေအောင် ရပ်တပ်ပြစ်လို့ရတယ်။ စစ်သားကို အထင်မကြီးတတ်တဲ့ သမီးရှင်နဲ့ စစ်သားဖြစ်ချင်တဲ့ ကျွန်တော် တို့ကြားမှာ ကွာဟမှုကကြီးမားနေတယ်။လားလားမှမအပ်စပ်တဲ့ အသိုင်းအ၀ိုင်းတစ်ခုရဲ့ဝေးရာ အရပ် တစ်နေရာမှာ ကျွန်တော်အချစ်တွေမြုပ်နှံသချိ င်္ုပြစ်လိုက်တယ်။ ကျွန်တော် တရားပါတယ် နော် ။သူမချစ်ခြင်းတွေသာစစ်မှန်ခဲ့ရိုးဆိုရင် ကျွန်တော်တို့ပေးဆပ်လိုက်ရတာခြင်းတူညီခဲ့ ပါတယ်။
      သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်အောက်မှာရေးထားတဲ့ သူမအတွက်စာတစ်စောင်နဲ့တစ်ခြား ကောင်မလေးတစ်ယောက်ကို ကျွန်တော့်အချစ်အကြောင်းတွေပြောပြထားတဲ့စာတစ်စောင်၊ စာနှစ်စောင်ထည့်ထားတဲ့ စာအိပ်တစ်လုံးသူ့မ လက်ထဲရောက်အောင်ပို့လိုက်တဲ့နေ့တုန်းက သူမ ကောင်လေးတစ်ယောက်ကို အဖြေပေးလိုက်တယ် ဆိုတဲ့သတင်းကိုပဲ ကျွန်တော်ခပ်ဆွေးဆွေး လေးကြားလိုက်ရတယ်။
      သူမပေးခဲ့ဖူးတဲ့ လက်ကိုင်ပုဝါ လေးကိုပဲ အယုံအကြည်မရှိစွာလက်ခံခဲ့ရ်ျလားတော့မသိ ကျွန်တော်တို့တွေ့ဆုံမှုက မနေ့ညကမက်ခဲ့တဲ့ ဆောင်းတွင်းအိပ်မက် တစ်ခုလိုပါပဲ။ကရောက် ကရက်နဲ့ပေါ့။ ဘယ်ကစလို့ဘယ်မှာဆုံးရမယ်မသိတဲ့သံသရာကြီးထဲမှာ နှလုံးသားမဲ့စွာနဲ့အသက် ရှင်ရတာပင်ပန်းလွန်းပါတယ်။
(ဆလိုင်းမာန်အွမ်) ၃/၃/၂၀၁၂   12:55 pm

Thursday, 1 March 2012

ကျွန်ုပ်နှင့် ရုရှား(၄)နှစ်တာ


                           ရုရှားပြည်ကြီးမှာ ဆိုလို့ ဗီဒီယိုတွေ၊ရုပ်ရှင်တွေထဲကလို မှန်စီရာရွှေအိမ် နန်းတော်ကြီးတွေလို မထင်လိုက်နဲ့နော်။ ကိုယ်နေရတဲ့ မြို့လေးက ဟိုး…မော်စကိုတို့၊ လီနင်ဂရတ်တို့ မဟုတ်ပါဘူး။ သူတို့ အပြောဆို ပြင်ဦးလွင်က ကွက်သစ်ထဲလောက်ရှိတာ။ ဒီမြို့က လာတဲ့လူဆို အချင်းချင်း စကားနာထိုးတာ စပ်စုမိတော့ တောသူ၊တောသား တွေလို့ ပြောကြ၊စကြပါတယ်။ အဲ….. သူ့ကွက်သစ်က Electrobus တွေနဲ့။ ကားကြီးကြီး၊သေးသေး တဝူးဝူး တဝေါဝေါ နဲ့။ credit card တွေ တကိုင်ကိုင်နဲ့။ တည်ဆောက်ဆဲ၊ တည်ဆောက်ပြီး လတ္တံသော တိုက်ကြီး၊တာကြီးတွေ နဲ့။ ရုပ်ဝတ္တုတွေကို စတွေ့လိုက်တယ်။ အော်..သူ့အထွာနဲ့သူပေါ့လေ။ ရေးမလို့ ရေးမလို့ တွေးနေတာတော့ကြာပါပြီ။ နေရမယ့်အချိန်ကျန်သေးတဲ့အတွက် ပြောစရာကျန်သွားမှာ စိုးလို့ စောင့်နေတာပါ။ ခုတော့ ပြန်ဖို့ အချိန်ကလည်း နီးလာပြီမို့ ရေးလိုက်ပါတယ်။ မော်စကိုမြို့တော်ကြီးတို့၊ စိန့်ပီတာ စပတ်မြို့ကြီးတွေကို အခြေခံမှာ မဟုတ်ဘဲ၊ ကျနော်နေရတဲ့ Kaluga(ကာလုဂါ) ဆိုတဲ့ မြို့လေးကိုပဲ အခြေခံပြီးရေး သွားမှာပါ။





                             ရုရှားပြည်ထောင်စုဆိုတဲ့ အကျယ်အဝန်းက ခု ကျယ်လှပါတယ်ဆိုတဲ့ တရုတ်ထက်ကို  ၃ ဆလောက်ပိုတယ်။ တချိန်က ဒုတိယကမ္ဘာစစ်အကုန်ကနေ 1991 ထိ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးဆိုရင် ၄ ဆလောက်ရှိမလားပဲ။ ဒါပေမယ့် သူမှာ့ လူနေလို့မရတဲ့နေရာတွေက ခပ်များများရယ်။ တစ်နှစ်ပတ်လုံး နှင်းတွေဖုံးနေလို့၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲလွန်းလို့ပါ။ ကျန်တဲ့နေရာတွေလည်း နွေရာသီ ၃လ လောက်ပဲလွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သွားလာနိုင်ကြတာ။ ကျန်တဲ့အချိန်ကတော့ ပိုးတုံးလုံးများ လိုပါပဲ။ တစ်ကိုယ်လုံးအဝတ်အထူကြီးတွေ ဆင်မြန်းပြီး၊ သွားသုတ်သုတ်၊ လာသုတ်သုတ်၊ စားသုတ်သုတ် ပါ။ အပြင်ထွက်ခါနီး အဲ့ဒီ့လို ကိုယ့်ကိုယ်ကို တစ်လွှာချင်းဆင်မြန်းနေရတာကိုက အလုပ်ကြီးတစ်ခု။ စိတ်မရှည်လိုက်သည့်ဖြစ်ခြင်း။ ကို့ဆီမှာဆိုလို့ကတော့ စွပ်ကျယ်တစ်ထည်ကောက်စွပ် နေပူရင် ခမောက်ဆောင်း။ ဒါပဲ။ လမ်းတွေ့လို့ အလာပသလာပ ပြောဖို့နေနေသာသာ ကောင်းကောင်းတောင် ပြုံးပြနိုင်တာမဟုတ်ဘူး။ မျက်နှာတွေ အမ်းနေတာကိုး။                    

                                                   ဟိုတနေ့ကပဲ အနှုတ် ၃၃ ဖြစ်သွားလို့ လမ်းလျောက်ရင်း အပေါ်မျက်တောင်မွှေးနဲ့ အောက်မျက်တောင်မွှေး ကပ်ကပ်လာတယ်။ နှာရည်က နှာခေါင်းထဲတင် ခဲချင်လာတယ်။ ခပ်ကြာကြာများ လျောက်မိရင် အသက်ရူ ကျပ်လာကော။ အဆုတ်အားနည်းသူ၊ နှလုံးအားနည်းသူနဲ့ ဗြုန်းဒုန်းဆို ဘယ်လိုမှ မသင့်တော်တဲ့ ရာသီဥတုပါပဲ။ လွန်ခဲ့တဲ့ ၃ နှစ်ကဆို အနှုတ် ၄၀ ဝန်းကျင်ထိကြုံဖူးပါတယ်။ဒါတောင် ကမ္ဘာကြီးပူနွေးလာလို့ အများကြီး လျော့သွားတာဆိုပဲ။ ဒါကြောင့်လည်း ဖင်ကိုဂျက်တက်ထားသလို သွားလာနေကြရတာကိုး။ ကိုယ့်ဖာသာအတော်လမ်းလျောက်မြန်တယ်လို့ ထင်ထားတာ ဒီကလူတွေနဲ့တွေ့မှပဲ မနည်းလိုက်ယူနေရတယ်။ ကောင်မလေးတွေများဆို သူတို့ရှိစုမဲ့စုလေး ပြချင်တာတောင်မှ ဒီချိန်ဆို မပြရရှာဘူး။ ဒါကြောင့်လည်း နွေရောက်မှ အတိုးချ ပြကြတာထင်တာပဲ။ ဒို့တွေရွာမှာ တစ်နှစ်တစ်ခါဘုရားပွဲမှာ အပြတ်အသတ် လန်းကြဖို့ အားခဲကြသလိုပဲ..ဒီမှာလည်း နွေရာသီမှာ အပြတ်အသတ်ကြမ်းကြ ဂွမ်းကြဖို့ အားခဲပါတယ်။ ကိုယ်တွေကတော့ ပွဲကြည့်ပရိတ်သတ်ပေါ့။ ဒို့ရွာမှာ ဟာခနဲ..ဟင်ခနဲ ကြည့်ပြီး၊ ဟိုနေရာတင် ဒီနေရာတင် လုပ်နေရတွေကို ဒီမှာ အခမဲ့(free) ဘီယာဗူးလေး ကိုင်ပြီး ကြည့်လို့ရတယ်။





                        ကာလုဂါမှာတော့ မီသရိုလည်း မရှိဘူး။ ကျနော်တို့တော့ သွားရင်လာရင်လည်း ကိုယ့်ခြေထောက် ကိုယ်သုံးကြတာများတယ်။ ကျောင်းလည်း လမ်းလျောက်သွားတာပဲ။ ဈေးလည်း ခြေကျင်ပဲ။ ဒူးလောက်နစ်တဲ့ရွှံ့ဗွက်ထဲမှာလျောက်လို့ မချော်လဲတဲ့ကောင် ဒီရောက်တော့ နှင်းတောထဲ တဗိုင်းဗိုင်းလဲပါတယ်။ နှင်းဆိုတာ စတွေ့တုန်း တစ်ရက် နှစ်ရက်ပဲ ချစ်ဖို့ကောင်းတာပါ။ နောက်ဆို မုန်းစရာဖြစ်သွားကော။ ဒို့ပြည်မှာ ရွှံ့ဗွက်၊ ဒီမှာ နှင်းဗွက်။ တူတူပါပဲ။ အပူချိန်လေးတက်လာလို့ နှင်းပျော်ချိန်ဆို လမ်းလျောက်ရင် တဘတ်ဘတ်..တစွပ်စွပ် နဲ့။ နှင်းဖြူတယ်ဆိုတာ လူမနင်းတဲ့ ကားမသွားတဲ့နေရာလောက်ဖြူတာ။ ကျန်တဲ့နေရာက ဖုန်နဲ့ လူးထားတဲ့ ရေခဲခြစ်တွေပါပဲ။ ဓာတ်ပုံရိုက်လည်း လှတဲ့နေရာလောက် ရွေးရိုက်ကြတာပဲ။ လူတွေက အပြုံးအရယ်နည်းကြတယ်။ ပြုံးချင်၊ရီချင်ရင်တောင် တဝါးဝါး၊ တဟားဟား ပွဲမကျနိုင်ဘူး။ အေးလို့ ပါးတောင့် နေတာကိုး။ အေးတာတော့ ခံနိုင်တယ်ကွဆိုပြီး ကြွေးကြော်ခဲ့တာ။ ခုတော့ အပြင်ရောက်ရင် လွတ်လွတ်လပ်လပ်တောင် လေမလည်နိုင်ပါဘူး။ တစ်ကိုယ်လုံး ကျုံ့ထားရလို့။ အောက်ကိုက ကြည့်ရသေး ချော်လဲမယ် စိုးလို့။ အများအားဖြင့် စက်ရုပ်များကို သံပတ်ပေးထားသလိုပဲ သွားလာလှုပ်ရှားနေကြတာ။ ပွင့်လင်းရာသီရောက်မှသာ ပွဲတော်တွေ လုပ်ကြ၊ အုပ်စုလိုက် ပျော်ပွဲစားထွက်ကြ၊ ရေကူးကြ၊ နွေရာသီနားနေ အိမ်လေးတွေသွားကြ သူတို့အခေါ် Дача(ဒါချာ) ပေါ့၊ အဲ့ဒီနေရာတွေမှာဆို လွတ်လွတ်လပ်လပ် တီး၊ဆို၊စား၊သောက် ကြတယ်။ လူငယ်တွေဆို ski ၊bicycle ၊car ၊cycle stunt အမျိုးမျိုး ပြကြနဲ့ အဲ့တော့မှပဲ အပြုံးအရယ်လေးတွေ၊ ခိခိ ခစ်ခစ် အသံလေးတွေ၊ ဖလန်းဖလန်းလေးတွေနဲ့ ညံလာတော့တယ်။ အဲ့တော့မှပဲ လူ့လောကနဲ့ နည်းနည်းတူသွားတာ။ ပြိတ္တာတွေ နေ့ခံ ညစံ ဖြစ်နေသလိုပဲ။ ပြောထည့်လိုက်တာနော်..သူများတိုင်းပြည်ကို လူနေတဲ့ တိုင်းပြည်နဲ့မတူအောင်ကို ပြောတတ်လိုက်တာ..လို့မထင်ပါနဲ့။ ၄ နှစ်လောက် အောင်းထားသမျှတွေ ဖွင့်ထုတ်နေတာ..ဟင်း..ဟင်း။





                      လူမျိုးကြီးဝါဒနဲ့၊ အစွန်းရောက် အတွေးအခေါ်တွေ နှစ်ပေါင်းအတော်ကြာ လွှမ်းမိုးခဲ့တဲ့ ဒေသဖြစ်လို့ နိုင်ငံခြားသား မုန်းတီးစိတ်တွေ၊ ကိုယ့်မျိုးတူမှ လူထင်တဲ့ စိတ်တွေကခုထိရှိတုန်းပဲ။ တလွဲမျိုးချစ်စိတ်ပေါ့လေ။ skinhead ဆိုတဲ့ ကောင်တွေကို ပူတင်က အချီကြီး ဗျင်းထုတ်ထည့်လိုက်လို့ ခုတော့မရှိသလောက်ကိုဖြစ်သွားပါပြီ။ နိုင်ငံခြားသားတစ်ယောက်ကို ကာကွယ်ပေးထားတဲ့ ဥပဒေတွေလည်းပြဌာန်းလိုက်တယ်။ ဒါတွေက တိုင်းပြည်ကို တံခါးစဖွင့်တဲ့ အချိန်မှာလုပ်ခဲ့တာ။ ဟိုးအရင်က နောင်တော်များဆိုရင် ကျောင်းကို အုပ်စု(squad)လိုက်တောင် ချီတက်ခဲ့ရပါသတဲ့။ ဒါတောင်လက်တစ်လုံးကြားနဲ့ ကလေးတွေကို မြှောက်ပေး၊ ဆဲခိုင်းဆိုခိုင်း၊ ရန်စခိုင်းပြီး၊ ဒီကစဖြစ်ရင် နောက်ကနေ ဆွမ်းကြီးဝိုင်းလောင်းဖို့ စောင့်နေသေးတာ။ သူ့ဆီက ၁၃ နှစ်သား ၁၄ နှစ်သားကလည်း ကိုယ်တွေနဲ့ မတိမ်းမယိမ်းလောက်ရှိတာလေ။ ခုတောင်မှ တစ်ခါတစ်ခါ မူးသလိုလို၊ ဆေးပေါက်သလိုလို ကောင်တွေရဲ့ ရန်စစော်ကားတာခံရသေးတာ။ ပစ္စည်းလုပြေးတာတို့၊ တစ်ယောက်တည်းသွားမိရင် သုံးယောက်လောက်အုပ်စုနဲ့ ရန်စပြီး ထိုးလွှတ်လိုက်တာတို့ ကြုံရတုန်းပါ။ အဲ့သလိုဆိုလို့ “မင်းတို့က ပြန်မချဘူးလား” လို့ မေးချင်မှာပါ။ သိပ်ချတာပေါ့။ ရန်စလာရင် ကိုယ်လည်း ရရင်ရလို ပြန်တွယ်လွှတ်လိုက်တာပဲ။ မနိုင်ရင်တော့ ထွက်ပြေးရသဗျ။ ကိုယ့်ဒေသ မဟုတ်ရင် ဘယ်လောက်အခွပ်သန်သန် ကြက်မပါပဲ။ ကိုယ့်နေရာရောက်မှ ကြက်ဖဆိုတာ သိသွားစေရမယ်ဆိုတာလည်း ကောင်းတဲ့ စိတ်ဓာတ်မဟုတ်ပါဘူး။ အမှုဖြစ်လို့၊ ရုံးရောက်၊ ဂတ်ရောက်ဆိုလို့ကတော့ တရေတက် တရေကျ၊ နှစ်ဆန်းတစ်ရက်နေ့မှာ ငိုမိတဲ့ မုဆိုးမ တစ်နှစ်ပတ်လုံး ငိုချင်းချနေရသလိုပဲ၊ မပြီးနိုင်မစီးနိုင် ဟိုကခေါ်လိုက်၊ ဒီကခေါ်လိုက်၊ မှတ်ချက်ယူလိုက်၊ စစ်ချက်ယူလိုက်။ ကျူးလွန်တဲ့အကောင်တွေက အချုပ်ထဲရောက်နေတာက ရောက်နေတာပဲ။ ကိုယ်လဲ ကျောင်းပျက်၊ အလုပ်ပျက်၊ အစားပျက်၊ အနှပ်ပျက်။ ထိဟယ်၊ရှဟယ်ဆို ဆေးရုံ၊ဆေးခန်းပြေးရသေးတယ်။ အကျိုးဖြစ်ထွန်းလာတဲ့အရာ တစ်စက်ကလေးမှမရှိဘူး။ အဲ့တော့ ရန်ကို ရှောင်ရပါတယ်။ အဲ့သကောင်တွေက လူရမ်းကား၊ သူခိုး၊ဂျပိုး သာသာပဲ ရှိတာပါ။ အဆင့်အတန်းရှိတဲ့ လူများက ဘယ်တော့မှ အဲ့လိုမလုပ်ဘူးရယ်။ အဲ့တော့ အဖက်လုပ်ပြီး heat တွေတက်နေလည်း ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းဖြစ်ရပါတယ်။ အဲ့သတော့ ဥပေက္ခာ တရားကို လက်ကိုင်ထားရပါတယ်။စ လာထဲက ပိဿလေးကို ဘေးပစ်လိုက်တဲ့ အသံနဲ့လို့တော့ မထင်ပါနဲ့။ ကိုယ့်ငါးချဉ် မဟုတ်လို့ကတော့ ချဉ်တယ်လို့ကို မထင်ဘူးလေ။  လူဆိုတာက အဲ့သလိုပဲ သူများရဲ့အားနည်းချက်ကနေ စမြင်တာ။ စိတ်ပုတ်ပုံများပြောပါတယ်။



                                                နင်ပြောသလိုဆိုရင် တစ်နိုင်ငံလုံး လူရမ်းကား၊ ဂျပိုး၊သူခိုး ချည်းပေါ့ လို့တော့ မထင်ပါနဲ့။ ဒါမျိုးက လူနည်းစုပါလေ။ ကောင်းတဲ့လူလဲ ရှိသမှ သိပ်ရှိ။ ဂျပိုးလုပ်မနေပဲ၊ သောက်စကားမများကြပဲ၊ကိုယ့်အလုပ်ကိုယ် ဖိလုပ်တဲ့လူရာခိုင်နှုန်းပြည့်မှီလို့လည်း ကမ္ဘာကြီးကို ချိန်ခွင်လျှာညှိတဲ့အထဲ သူတို့ superpower ဖြစ်နေသပေါ့။  ဒီလောက်ကြီးတဲ့ အင်ပါယာကြီးကို တပြေးညီ ဆွဲတင်နိုင်ခဲ့တာများ လွယ်မယ်မှတ်လို့။ ဒို့တွေကတော့ လက်တစ်ဆုတ်စာလေးကို မြင်တဲ့အတိုင်းပါပဲ။ သူတို့ဆီမှာလည်း နိုင်ငံကြီးက ကြီးလွန်းလို့ တောင်နဲ့မြောက်နဲ့၊ အရှေ့နဲ့အနောက်နဲ့ ဆိုတာ အဝေးကြီး။ အာရှနဲ့နီးတာနဲ့၊ ဥရောပနဲ့နီးတာနဲ့ အကျင့်စရိုက်၊ ဓလေ့စရိုက်တွေကလည်း ကွဲပြားနေကြတာပါပဲ။ သူတို့လူမျိုးက ချစ်ခင်လေးစားဖို့၊ အသိအမှတ်ပြုဖို့ အတော်ခက်သလို၊ သူတို့များ ကောင်းတယ် လို့သတ်မှတ်လိုက်လို့ကတော့ ခေါင်းပေါ်တက်ပြီး အီးအီးပါရင်တောင် သူအတော် ဝမ်းနာနေလို့ ဖြစ်မှာပါ လို့ဖြေတွေးပေးချင်ပေးမှာ။ မုန်းသွားလို့၊ အမြင်မကြည်ဖြစ်သွားလို့ကလည်း ဘယ်လောက်ကောင်းအောင် လုပ်ပြလုပ်ပြ ဖုတ်လေသည့်ငပိ ရှိတယ်လို့ကိုမထင်ဘူး။ တရုတ်ကားတွေထဲကလို ဆြာခွင့်မလွှတ်မချင်း ဒီနေရာက မထဘူးလည်း လုပ်မရပါဘူး။ ခွင့်မလွှတ်ခင် အေးပြီး အရင်သေမှာမို့ပါ။ ခွင့်လွှတ်တတ်တဲ့ သူများလည်းရှိပါသဗျာ။ ပန်းကတော့ အလွန်ကြိုက်ကြတယ်။ ပန်းပေးပြီးသာချော့ အကုန်ပျော့တယ်။ ယောက်ျားတွေကိုတော့ ပန်းသွားမပေးနဲ့နော်။ ပျော့သွားရင်တော့ ကောင်းသား၊ ဒီကောင်ဘာကောင်တုန်းဆို မျက်လုံးလှန်ကြည့်ရင်…သဘောပေါက်နော်..။ သူတို့ကတော့ ဗော့ဒ်ကာ တို့ ဝီစခီ တို့လောက်ပဲ ကြိုက်တာ။ ဒီပြိတ္တာလေး ရှည်ကိုရှည်တယ် ဘာတွေလျောက်ပြောနေသလဲမသိဘူး လို့မထင်ပါနဲ့။ ပေါ်လွင်အောင်ပြောရတာပါ။



                            အစွဲအလန်းကလည်း အတော်ကြီးကြပါတယ်။ Cult of personality ၊ ပုဂ္ဂိုလ်ခင်လို့ တရားမင်တဲ့ သဘာဝကရှိတုန်း။ ကျနော့်ရဲ့ ရှေ့မှီနောက်မှီ သိပ်လေးစားရတဲ့ ဆရာမကြီးတစ်ယောက်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ သေလို့ တဝါးဝါး တဟားဟား ငိုနေကြတာကိုပြပြီး ရူးနေကြလားမသိဘူးလို့ ဖွပေးလိုက်တယ်။ ဒါမှမဟုတ် အစိုးရက ငိုခိုင်းတာလားပေါ့။ သူက..မဟုတ်ဘူးတဲ့…သူတို့ဆီမှာ စတာလင်ကြီးသေတုန်းကလည်း အဲ့ဒီ့အတိုင်း ဆိုပဲ။ အော်…အင်ကြီး မဟုတ်ဘူးပေါ့လေ..လို့ပဲ မှတ်ချက်ချနိုင်ပါတယ်။ ကိုယ်တွေက ဘေးကကြည့်ပြီးသာ တောင်ပြောမြောက်ပြော။ သူ့အရပ်နဲ့သူဇတ်ကတော့ ပွဲကျနေကြတာပါပဲလို့ တွေးမိပါတယ်။ Globle ဆန်လိုက်တဲ့ လူများကြတော့လည်း သူ့အလိုလို နေရင်းကို လာစကားပြော၊ ဘယ်ကလာလဲ၊ ဒီမှာနေရတာပျော်လား၊ အဆင်ပြေလား စသဖြင့် ဖော်ရွေကြပါတယ်။ ကိုယ့် culture နဲ့ စိတ်နေစိတ်ထားကို နားလည် သဘောပေါက်နားလည်ကြတဲ့ ဆြာမကြီးတွေ၊ သူငယ်ချင်းတွေဆိုရင် ဆွေးမျိုးရင်းချာပမာ စောင့်ရှောက်ကြပါတယ်။ ကိုယ့်ကို ထိရင် သူ့အမျိုးအရင်းလည်း မခံကြပါဘူး။ မကောင်းတဲ့လူဆို မကောင်းဘူးလို့ပြောပြပါတယ်။ ကိုယ့်အမျိုးဆိုပြီး ဖုံးကွယ်ချန်လှပ်ထားတာ မရှိပါဘူး။ သိပ်ခင်သွားကြပြီရင်တော့ အဲ့လိုပါပဲ။သနပ်ခါးပါးကွက်ကြားနဲ့ ချစ်ချာရုရှားမလေးတွေ၊ မြန်မာသင်္ကြန်မှာ ရာမ၊ ဒဿ ဇတ်နဲ့ မယ်သီတာတစ်ဖုံ၊ သင်္ကြန်လှပျိုဖြူများ တဖြစ်လဲ ချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်နေတာကိုကြည့်ရင်၊ ဘယ်လောက် တည်ဆောက်ယူထားရတယ်ဆိုတာကို မှန်းလို့ ရနိုင်ပါလိမ့်မယ်။ မြန်မာတွေနဲ့ အတွင်းကျကျ ဆက်ဆံပြီးတဲ့ သူတိုင်းတော့ မြန်မာမှ မြန်မာဖြစ်သွားတာပါပဲ။ ဈေးထဲက ကာဇက်တို့၊ ဗီယက်နမ်တို့၊ ရုရှားတို့ဆို “မင်္ဂလာပါ” ဆိုပြီး ဗမာလို မပီကလာပီကလာ မှုတ်ပြီး ဝိုင်းဆွဲတော့တာပဲ။ ငါနှပ်ချင်တိုင်းနှပ်လို့ ရတဲ့ကောင်တွေလာပြီဆိုပြီး ဝိုင်းဆွဲတာနေမယ်။ အဲ့သလို ချစ်တဲ့သူတွေလည်းပေါ ပါတယ်။ မြန်မာနိုင်ငံလာပြီး ဘာသာစကားသင်ပေးတဲ့ ဆြာ၊ ဆြာမကြီးတွေဆိုရင်တော့ ပြောကိုမနေတော့ဘူး။



                                အများစုအနေနဲ့ကြည့်ရင် ဘာသာတရားရဲ့ အဆုံးအမဆိုတာ ဒီမှာ ထင်သလောက်ကိုမရှိပါဘူး။ ကြည်ညိုကိုင်းရှိုင်းမှုဆိုတာကတော့ ကျနော်တို့ ရောက်လာထဲက ငြမ်းဆင်ထားပြီး ပြင်မလို့ကြိုးစားနေတဲ့ မြို့လယ်ကဘုရားကျောင်းတစ်ခုဆိုရင် ခုထိမပြီးချင်သေးဘူး ဆိုတာကို ကြည့်ရင်သိနိုင်ပါတယ်။ ဒါပေမယ့် ဟိုဘာသာကိုစော်ကား၊ ဒီဘာသာကို စော်ကားတော့ မကြားမိပါ။ ကိုးကွယ်ချင်ကိုးကွယ်၊ မကိုးကွယ်လည်းနေ အစွန်းရောက်တာတော့ လက်မခံဘူးဆိုတာမျိုးပါ။ ဗုဒ္ဓဘာသာဆိုပြီး မကြော်ငြာပဲ ဗုဒ္ဓအယူအဆကို လက်ခံထားတဲ့ သူတွေလည်းရှိတယ်။ ဟိုတနေ့ကပဲ လမ်းမှာ ဗုဒ္ဓအယူအဆ ပြန့်ပွားရေးအတွက် လုပ်နေတယ်ဆိုတဲ့ လူငယ်လေးတစ်စု လာမိတ်ဆက်ကြ၊ မေးကြ လုပ်တာကြားလိုက်ရတယ်။ အခန်းဖော်ကပြန်ပြောပြတာပါ။ ဒါမျိုးလေးတွေလည်း ရှိပါတယ်။ အဲ့တော့ ဒီလို ဘာသာတရားအဆုံးအမ အားနည်းတဲ့နေရာမျိုးမှာ ဘာနဲ့ လူတွေရဲ့ စိတ်ကိုထိန်းကျောင်းထားနိုင်သလဲ ဆိုတာကိုကြည့်တော့၊ အများကြီးမတွေ့ပါဘူး။ လူ့စည်းကမ်း၊ လူ့ယဉ်ကျေး သတ်မှတ်ချက်နဲ့ ထိန်း ထားပါတယ်။ မိန်းကလေးတွေ စကပ်၊ဘောင်း ဘီအတိုအရှည်ပေါ်မှာ ခွဲတဲ့ ယဉ်ကျေးမှုကို ဆိုလိုတာမဟုတ်ပါဘူး။ ဒါက ဘာသာတရားနဲ့ ဆက်နွယ်လာတဲ့ ဓလေ့စရိုက်ပါ။ သူတို့ရဲ့ စာပေ၊ ဝတ္ထုတွေမှာ ကိုယ်ချင်းစာတရား၊ မေတ္တာတရား တွေကို အခြေခံထားတာတွေ့ရပါတယ်။ Karl Marx ၏ “ဝိညနိက ဘူတိက” အတွေးအခေါ်များလွှမ်းမိုးခဲ့ခြင်းရဲ့ လက်ကျန်လည်းဖြစ်နိုင်တယ်။



                      သူတို့ရဲ့ literature ကိုတော့ Karl Marx အောက် ၁၀ နှစ်လောက်ပဲ ငယ်မယ့်  Leo Tolstoy  တို့ရဲ့ War and Peace တို့လို ဝတ္ထုကြီးတွေ ကမ္ဘာကျော်ခဲ့ပုံကို ကြည့်ရင်လည်း မှန်းဆနိုင်ပါလိမ့်မယ်။ ကားလ်မာခစ်၊ ကားလ်မာခစ် နဲ့ ထည့်ထည့်ပြောနေလို့ ဒီအကောင် လက်ဝဲတင်တယ် လို့တော့ မလုပ်လိုက်ပါနဲ့။ လက်ဝဲမဟုတ်သလို၊ လက်ယာလည်း မဟုတ်ဘူး။ ရုရှားအကြောင်းပြောရင် Karl Marx ကို ချန်ထားခဲ့လို့ မရလို့ပါ။ ကျနော့်အမြင်အရတော့ ဗုဒ္ဓစာပေဟာ ဒီလိုဒေသတွေမှာပြန့်ပွားဖို့ ရာခိုင်နှုန်းအတော်များတယ်လို့ထင်မိပါတယ်။ အတွေးအခေါ်အခြေခံထားမှုက ခပ်ဆင်ဆင်တူညီနေပြီး၊ ဘာသာမဲ့ များလို့ပါ။ ဆိုလိုတဲ့ဘာသာမဲ့က ဘာမှ မယုံကြည်ဘူးကွ ဆိုတဲ့အမျိုးအစားမဟုတ်ပဲ..သူတို့ နှစ်နှစ်ကာကာယုံကြည်စရာအတွေးအခေါ်၊ ဘာသာတရား မရှိသေး၊ မတွေ့သေး တာကို ဆိုလိုတာပါ။ ကျန်တဲ့ အများစုကတော့ ခရစ်ယာန်တွေပါပဲ။ အခြားဘာသာများလည်း စုံလင်စွာရှိကြပါတယ်။ ငါတို့ကတော့ ကိုးကွယ်ဖို့ ဘာသာမလိုဘူး ဒဿနိကနဲ့ လုံလောက်တယ်ဆိုတာလည်းရှိတယ်။တချို့ဆို ဘာသာတစ်ခုကို အမည်ခံထားပြီး၊ သေချာမေးကြည့် စမ်းစစ်ကြည့်တော့ အဲ့ဒါကိုလည်း သေချာမသိ၊ သိပ်မယုံတာတွေ့ရတယ်။ ကာလမသုတ်တော်နဲ့ ဝင်ဖောထည့်လိုက်တော့ ..နင်တို့ ဗုဒ္ဓက ဒီလိုပြောခဲ့သလား ဆိုတာနဲ့လည်း တွေ့ခဲ့ဘူးပါတယ်။ ဘယ် God မှ ဒီလိုမပြောခဲ့ပါ ဆိုတော့..အင်းဆိုတဲ့ အသံကြား ရပါတယ်။ ဗုဒ္ဓက God မဟုတ်ဘူး Human ဆိုတော့လည်း မျက်လုံးအဝိုင်းသားနဲ့ပါ။ အထက်ကပြောခဲ့သလို ယုံကြည်ရန်ခက်ပြီး၊ တကယ်ယုံကြည်သွားရင်လည်း စွဲမြဲတတ်ကြလို့ပါ။ ဗုဒ္ဓသာသနာပြု ရှားပါးတာကတော့ကိုယ်တွေ့ မျက်မြင်ပါပဲ။                                                                 ဆက်ပါမည်။
http://aboutofmyanmar7.blogspot.com/2012/02/blog-post_2158.html  မှကူးယူဖော်ပြပါသည်။

အရိုင်းချယ်ရီ လျှောက်သောလမ်း



ဖေ့ဖေ့ရဲ့  သားအတွက် ရည်မှန်းချက်၊ မေ့မေ့ရဲ့  နှုတ်ဆက်မျက်ရည်၊ ကျွန်တော့်ရဲ့  ဆုံးဖြတ်ချက်၊ ချစ်သူရဲ့  နာကျည်းမျက်လုံးများ၊ ပြီးတော့ ရုတ်တရက် နောက်လှည့်ပြေးထွက် သွားတဲ့ ချစ်သူရဲ့ ကျောပြင်၊ ချစ်သော စန္ဒာရယ် …။ အခုတော့ ငါတို့ တကယ်ဝေးခဲ့ကြပြီလား။ ဟောဒီ ပန်းပေါင်းစုံခတဲ့ ချယ်ရီမြေမှာ ငါ့အတွက် အလွမ်းတွေပဲ တစ်ပွင့်ပြီး တစ်ပွင့်ပါ။
နင်မှတ်မိသေးရဲ့ လား။ နင်က ရန်ဖြစ်တာကို သိပ်မုန်းခဲ့တယ်။ ငယ်ငယ်တုန်းက နင့်ကို အနိုင်ကျင့်တဲ့ ငနဲတစ်ယောက်ကို ငါထိုးခဲ့ဘူးတယ်။ ရန်ဖြစ်ခဲ့တယ်။ အဲဒါ ငါမှားလား။ ရန်ဖြစ်တဲ့အတွက် ငါကိုယ်တိုင် အထိုးခံထိပြီး နာခဲ့ပါတယ်။ ပြီးတော့ ဆရာကြီးရဲ့  အရိုက်ကို လည်းခံခဲ့ရတယ်။ ငါကျေနပ်ပါတယ်။ နင့်ကို အနိုင်ကျင့်တဲ့ သူကို ငါကောင်းကောင်းခံမလိုက်ရ လို့။
ငါ ဟာ သွေးဆူနေတဲ့ အရိုင်းတစ်ယောက်တော့ မဟုတ်ဘူး။ လောကမှာ အနိုင် ကျင့်စော်ကားလာသူကို ကာကွယ်ဖို့ လက်သီးခပ်ပြင်းပြင်းလောက်တော့ ထိုးတတ်ဖို့ လိုတယ်။ အဲဒီလို ငနဲတွေကို လက်အနာခံပြီး ထိုးရလိမ့်မယ်။
“ကျော်ခ စစ်တိုက်တမ်း မကစားပါနဲ့ဟာ။ ငါနဲ့ အတူတူကစားရအောင်”
“မကစားချင်ပါဘူးဟာ”
“ငါက ဆရာဝန်လုပ်မယ်။ နင်က လူနာလုပ်လေ”
“ဟင့်အင် ကစားဘူး။ စစ်တိုက်တမ်းပဲ ကစားမယ်။ ငါကကြီးလာရင် စစ်ဗိုလ်ကြီးလုပ်မှာဟ ”
“ကျော်ခ နင်ငါနဲ့ မကစားရင် အန်တီနဲ့ တိုင်ပြောမှာ အန်တီက နင့်ကို ငါနဲ့ အတူတူ ကစားရမယ် လို့ပြောထားတာ”
“မကစားဘူးဟာ တိုင်ပေါ့”
ငယ် သူငယ်ချင်းမလေးရေ … အဲဒီတုန်းက ငါ့ကို စိတ်ဆိုးပြီး အကြာကြီး မခေါ်ပဲ နေခဲ့တာ။ ကလေးဘ၀က နှစ်သက်ရာ ကစားနည်းကို ငါစိတ်ကြိုက်ရွေးချယ်ခဲ့တယ်။ အဲဒီ ရွေးချယ်မှုအတွက် နင့်နှုတ်ခမ်းတွေ အကြာကြီး စူခဲ့တယ်။ မျက်စောင်းတွေ အကြာကြီး ထိုးခဲ့ တယ်။
“ကျော်ခ ငါတို့ တက္ကသိုလ် အတူတူလက်ကြရအောင်နော်။ နင်က ဘာမေဂျာ ယူမှာ လဲဟင်။ တက္ကသိုလ်အကြောင်း ၀တ္ထုတွေ ဖတ်ရတယ်။ ဇာတ်လမ်းတွေလည်း ကြည့်ရတယ်။ ကျောင်းတက်ဖို့ ငါတွေးပြီး ပျော်နေမိတယ်။ ”
“ကျော်ခ နင်ငါနဲ့ တစ်မေဂျာတည်း ယူနော် ”
အဲဒီတုန်းက ငါနှုတ်ဆိတ်နေခဲ့မိတယ် စန္ဒာ …။ အခုတော့ ငါရဲ့  ရွေးချယ်မှုအတွက် နင် သိပ် စိတ်ဆိုးသွားခဲ့ပြီလား။ စိတ်နာ သွားခဲ့ပြီးလား စန္ဒာ ..။ အပျော်ဖတ် အချစ်ဝတ္ထုတစ်ပုဒ် ထဲကလို ချစ်သူ့ လက်ကို တွဲပြီး အင်းယား ကန်ဘောင်ပေါ် လျှောက်ချင်တာပေါ့ ..။
ငယ်ငယ်က ရန်ဖြစ်တာတွေကို မုန်းခဲ့တဲ့ ငါ့ရဲ့  မယ်စစ်မုန်းလေး ရေ ငါက အမှန် တရားတွေကို ကာကွယ်ဖို့ လက်သီးထိုးတတ်ချင်ယုံ သက်သက်ပါကွာ။ ငါတို့ နှစ်ယောက် ဆန့် ကျင်ဘက် အစွန်းနှစ်ဖက်မှာ တကယ်ကျောခိုင်း နေကြပြီလား။ ငါ မင်းဆီက လမ်းခွဲထွက်ခဲ့ တာ မဟုတ်ဘူး စန္ဒာ ..။ လမ်းခွဲစကား မပြောပဲ ဒီလိုပဲ တဖြေးဖြေး သွေးအေးဝေးလွင့် သွားရ တော့မှာလား။
နှစ်ယောက်အတူတူ မက်ဖို့ အိပ်မက်တွေ ထမင်းလုံး တစ္ဆေခြောက်ခံရခြင်း အ တွက်တော့ ငါလည်း ၀မ်းနည်းမိတာပေါ့။ သစ်ပုပ်ပင်၊ ဂျပ်ဆင်၊ အင်းယားကန်၊ ခုံပြာတန်း၊ ကံ့ကော်ပန်းများ၊ ညနေခင်း ဂစ်တာသံများ၊ ချစ်သူတို့ရဲ့  ရယ်သံများ၊ အဲဒီ နင်တို့ရဲ့  တက္ကသိုလ်ကြီးမှာ ပျော်နေရဲ့  လား စန္ဒာ ..။
ဟော ဒီ ငါတို့ အမိစစ်တက္ကသိုလ်ကြီးမှာတော့ ကဗျာဆန်ဖို့ အချိန်မပေးနိုင်ပါဘူး။ လေ့ကျင့်ရေး ကွင်းများ၊ ပြေးလွှားနေသော ခြေလှမ်းများ၊ ချွေးစက်များ၊ စစ်မိန့်သံများ၊ သစ္စာ ဆိုသံများ၊ အရိုင်းချယ်ရီများ၊ စန္ဒာရေ … ဟောဒီ အရိုင်းချယ်ရီတွေလည်း ဝေတတ် ကြွေတတ် တယ်။ ငါတို့ သေရဲ သတ်ရဲတွေလည်း ငိုတတ် ရယ်တတ်တယ်။
“ဟေး …. စာတွေလာတယ်ဟေ့ …”
“ငါ့ စာ ပါလားကွ”
“ဟိတ်ကောင်တွေ မလုနဲ့လေကွာ”
“ဟေ့ကောင် ငါ့စာပေး”
“ဟေးဟေး ..လိုချင်ရင် အလကားတော့ မရဘူးကွ။ ကော်ဖီမစ် တစ်ထုပ်နဲ့ ရွေး”
“ဒီကောင့်စာက ဓာတ်ပုံပါတယ်ဟ။ ဖောက်လေကွာ ကြည့်ရအောင်”
“ဘာဆိုင်လို့ကြည့်ရမှာတုန်းကွ .. ငါ့ကောင်မလေးပုံကို”
“ဟား …ဟား…ဟာ…”
စာတိုက်က စာလာလို့ လုသူများ၊ ပျော်သူများ၊ တစ်ယောက်နဲ့တစ်ယောက်နောက် ပြောင်သံများက ငါ့ကို လှောင်ပြောင်နေသလိုပါပဲ။ ဟောဒီ စာတိုက်က စာတွေရောက်တိုင်း ငါ ဝေးရာကို ရှောင်နေလိုက်ပါတယ် စန္ဒာ..။ ငါနဲ့ ဘာမှ မသက်ဆိုင်ပါဘူးလေ။ ဒီလောက်အချိန် တွေ အကြာကြီး ဝေးနေပြီး ငါ့ကို စာလေးတစ်စောင်တောင် ရေးဖော်မရဘူးတဲ့လား။
ဝမ်းနည်းစရာတွေ ကြုံတိုင်း ငါ့ကို တိုင်တည်ပြီး ငိုတတ်တဲ့မင်း၊ ပျော်ရွှင်စရာတွေ ကြုံတိုင်း ငါ့ကို ပြောပြ ရယ်မောတတ်တဲ့မင်း၊ မကျေနပ် တာတွေ တွေ့တိုင်း ငါ့ကို စိတ်ကောက် ပြီး ဘုတော တတ်တဲ့မင်း၊ ခုတော့ စကားလုံးတွေ ဆွံ့ အနေလိုက်တာ။ နင်ငါ့ကို နာနာကျည်း ကျည် တစ်ခုခုပြောပစ်လိုက်ရင်တောင် ငါ ဖြေသာဦးမှာပါ။
စန္ဒာ နင်က ပန်းကလေးတွေကို မြတ်နိုးတတ်တယ်နော်။ နင့်စကား တွေကို ငါမှတ် မိပါတယ်။ ပန်းဆိုတာ ငြိမ်းချမ်းခြင်းရဲ့  အဓိပ္ပာယ်တဲ့၊ နင့်သိရဲ့ လား စန္ဒာ…။ ငါ့တို့ဆီမှာ ချယ်ရီ တွေ တစ်နှစ်တစ်ခါ သစ္စာရှိရှိပွင့်ကြတယ်။ ချယ်ရီ ပန်းခြောက်တွေ နင့်ဆီ ပို့ချင်တယ်။ ဒါပေ မယ့် အကြွေပန်းတွေကို နင်တန်ဖိုး ထားတတ်ပါ့မလား။ ငါတို့ ချယ်ရီတွေက အရိုင်းပန်းတွေပါ စန္ဒာ..။ အလေ့ကျ ပေါက်တတ်တဲ့ ပန်းရိုင်းတွေလည်း သူ့ သဘာဝနဲ့သူ လှပါတယ်။ နင် နားလည်ပါ့မလား။ ဟောဒီ ငါတို့ သေနတ်ကိုင်တဲ့ အရိုင်းလက်တွေလည်း နွေးထွေးကြတယ်။
“ကျော်ခ ဒီနေ့ကျောင်းမှာ သင်တဲ့ သမိုင်းက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်နော် ”
“ဒုတိယကမ္ဘာစစ် ဖြစ်ရသော အကြောင်းအရင်းများကို ပြောတာလား”
“ဟုတ်တယ် ကျော်ခ။ ဘာဖြစ်လို့ လူတွေက အဓိပ္ပာယ် မရှိတဲ့ အလုပ်တွေ လုပ်ချင် နေရတာလဲ။ သေကြမယ်၊ ကြေကြမယ်၊ ငိုကြယိုကြရမယ်။ ဘာကောင်းတာရှိလို့လဲ။ စိတ်ညစ် စရာတွေချည်းပဲ။ ”
“လူတွေက တစ်ဖက်နဲ့ တစ်ဖက် အားပြိုင်ပြီး အနိုင်ယူစိုးမိုးချင်နေကြတာလေ”
“ငါကတော့ အဲလို အားပြိုင်တာ။ အနိုင်ကျင့်ချင်တာကို သိပ်မုန်းတာပဲ။ ငါ့ကိုလဲ အနိုင်လာ မကျင့်နဲ့ ။ ငါလဲ ဘယ်သူ့ကိုမှ အနိုင်မကျင့်ချင်ဘူး။ ”
ကျောင်းတုန်း ကတည်းက နင့်ရဲ့  စိတ်ကို ငါသိပါတယ်။ စန္ဒာ ..ရေ .. ကိုယ်က အနိုင် မကျင့်ချင်ပေမယ့် ကိုယ့်ကို အနိုင်လာကျင့်ရင် ကာကွယ်နိုင်စွမ်းတော့ ရှိရမယ်။
လောကမှာ အသက်ရှင်ရပ်တည်ဖို့ တစ်ခုခုတော့ စွမ်းကြရတယ် စန္ဒာ..။ ဦးချို၊ အစွယ်၊ ခွန့်အား၊ လိပ်တစ်ကောင်ရဲ့  မာကျောတဲ့ ကျောကုန်း၊ ဖြူးတစ်ကောင်ရဲ့  ဆူးတောင်၊ ဖြူစင်လွန်းပါတယ်ဆိုတဲ့ ယုန်တစ်ကောင်မှာတောင် အသက်ရှင်ဖို့ အပြေးမြန်တယ်။ ငါက ယုန် တစ်ယောက်လို ထွက်မပြေးချင်ဘူး။ ခပ်ထုံထုံသိုးတစ်ကောင်လိုလည်း ခေါင်းငုံ့မခံချင်ဘူး။
ငါ ငယ်ငယ် ရန်ဖြစ်တုန်းက နင့်အတွက် ဖြောင့်လက်သီးပြင်းပြင်း တစ်လုံး ထိုးခဲ့ တယ်။ ခုတော့ ငါ့ရဲ့  ဖြောင့်လက်သီးတွေက နင် တစ်ယောက်တည်းအတွက် မဟုတ်တော့ဘူး။ ငါတို့ အားလုံးအတွက် ဟောဒီက မြန်မာပြည်အတွက်၊ ဧရာဝတီအတွက်၊ ပုဂံမြေအတွက်၊ ရွှေတိဂုံအတွက်၊ တောင်တန်းပြာတွေအတွက်၊ ပင်လယ်အတွက်၊ အဲဒီအတွက် နင့်အနားမှာ ငါရှိမနေနိုင်ခြင်းကို နင် နားလည်မှာပါ။

(~_~)

“ရော့ စန္ဒာ နင့်အတွက် ..ငါ့ အိမ်က ခူးလာတာ”
“နှင်းဆီပန်းလေးပါလား။ အရမ်းလှလာပဲ။ ပန်းကတော့ လှပါတယ်။ ဆူးတွေနဲ့”
ဆူးဆိုတာ နှင်းဆီရဲ့  မာနပါ စန္ဒာ၊ လောကမှာ ထိုက်သင့်တဲ့ မာနလောက်တော့ ရှိသင့်ပါတယ်။ ဆူးတွေက နှင်းဆီရဲ့  အလှကို ကာကွယ်ပေးကြတာ။ သိပ်လှတဲ့ နှင်းဆီအ တွက် ဆူးဆိုတာလည်း လိုအပ်တယ်။ နှင်းဆီရဲ့  ဆူးတွေက ဘယ်သူ့ကိုမှ မတရား အနိုင်ကျင့် စူးနစ်စေဖို့ မဟုတ်ဘူး။
တချို့  က နင့်လိုပဲ ဆူးတွေကို မုန်းတတ်ကြတယ်လေ။ ပွင့်လွှာတွေ ဘယ်လောက် လှပကြောင်း၊ ၀တ်မှုန်တွေ ဘယ်လောက်နူးညံ့သိမ်မွေ့ကြောင်း၊ ဘယ်လောက်မွေးပျံ့ ကြောင်း ဖွဲ့ကြတယ်။ နှင်းဆီအတွက် ဆူးတွေ အမုန်းခံပေးတဲ့ အကြောင်း ဘယ်သူတွေ ဆေးဖော်ကြောဖက် လုပ်ပြီး အကောင်းပြော သလဲ။ ငါက ဆူးတစ်ချောင်း ဖြစ်မှာပါ။
“ရွှီး”
“ရွှီး”
“ရွှီး”
တန်းစီကွင်းဆီမှာ ခရာသံတွေ ကြားရပြီ၊ အဲဒီမှာ ငါတို့ စုပေါင်းတန်းစီပြီး ငါတို့ရဲ့  ညနေခင်း ကဗျာကို သံပြိုင်ဆိုကြမယ်။ ငါတို့ရဲ့  နံနက်ခင်း သီချင်းလည်း ဖြစ်တယ်။ အဲဒီကဗျာ မှာ ကာရံမပါဘူး။ အဲဒီသီချင်းမှာ သံစဉ်အတက်အဆင်း မရှိဘူး။ ခေါင်းစဉ်က “သစ္စာလေးချက်” တဲ့။
ငါ့ရဲ့  အင်္ကျီကို ကြယ်သီးအပြည့်တပ်ပြီး ၀တ်လိုက်တယ်။ အလွမ်းတွေ ပြည့်ကျပ် နေတဲ့ ဟောဒီ ရင်ဘတ် မှာ ဖရိုဖရဲ မနေအောင်လို့ပါ။
တောက်ပြောင်နေရမယ့် ဦးထုပ်တံဆိပ်က အနည်းငယ် မှေးမှိန်နေသလိုပဲ။ မျက်ဝန်းမှာ လွမ်းရိပ်တွေနဲ့ နွမ်းနွယ် နေတော့လည်း တစ်ခါတစ်ခါ မှုန်ဝါးဝါး မြင်ရတတ်တယ်။ ဦးထုပ်တံဆိပ်ပေါ်မှာ တင်နေတဲ့ ဖုန်စတွေကို ခါထုတ် ပြစ်လိုက်တယ်။ ပြီးတော့ ငါ့ကိုငါ ပြန်ပြော လိုက်တယ်။
“ဘာလို့ မျက်လွှာချပြီး ခေါင်းငုံနေရမှာလဲ ”
အင်္ကျီပုခုံးထောက်ကို တပ်လိုက်တယ်။
လူတစ်ချို့ က ပုခုံးပေါ်မှာ မိသားစုကို ထမ်းပိုးထားကြတယ်။ တစ်ချို့  က မိဘကို ထမ်းထားတယ်။ တစ်ချို့  ကတော့ ကိုယ့်အတ္တကို လွယ်အိတ်တစ်ခုလို လွယ်ထားကြတယ်။
တစ်ချို့ က လူ့လောကကို ပင့်တင်ထားကြတယ်။ တစ်ချို့ တွေရဲ့  ပုခုံးပေါ်မှာတော့ ချစ်သူ့ဦးခေါင်းတွေ တွယ်မှီနေတယ်။
ငါရဲ့  ပုခုံးပေါ်မှာတော့ ဗိုလ်လောင်းအဆောင်အယောင်ဖြစ်တဲ့ အဖြူရောင် ဒေါက်တစ်ခုပါ။
ပြီးတော့ ဖိနပ် စီးလိုက်တယ်။ ဖိနပ်ကို ကြိုးတင်းတင်းထိုးတယ်။ တန်းစီကွင်းကို သွားမယ့် ခြေလှမ်းတွေဟာ လျော့တိလျော့ရဲ ဖြစ် မနေအောင်လို့လေ။
ပြီးတော့ အနာဂတ် ခရီးကိုလည်း အဲဒီခြေလှမ်းတွေနဲ့ပဲ ဆက်လျှောက်ရဦးမယ်။ ငါ့ရဲ့  ချစ်သော စန္ဒာရေ ..ငါတို့ လွတ်လပ်စွာ ကွဲလွဲခဲ့ကြပြီ ဆိုရင်တောင် ငါလျှောက်နေတဲ့ လမ်းက နင်နဲ့ ကျောခိုင်းလျှက် မဟုတ်ပါဘူး။
လက်ချင်းတွဲလျှောက်နေကြတဲ့ ချစ်သူတွေတောင် မျဉ်းပြိုင်လျှောက်ရသေးတာ။ သူတို့တွေဘ၀ မျဉ်းပြိုင်မို့ မဆုံးနိုင်ကြဘူး ပြောရင်တောင် ဦးတည်ရာတွေကတော့ တူတူ လျှက်ပါ။

မေဒေးလှိုင်

ငါပြောပြချင်လိုက်တာ
ငါ့ရင်ထဲမှာ ..
ငါ့ရင်ထဲမှာလေ …
လွမ်းလှပါတဲ့
ငါ့ရင်ထဲက ထောင့်ဖြတ်မျဉ်းကလေးရယ်
(၁၈) ရာသီတိုင်တိုင်
ငါ့ခံစားချက်တွေကို သတ်ခဲ့တဲ့ ငါလက်နဲ့ပါ။
ချစ်သော
ကျောင်းသွားဖော် ကောင်မလေးရယ်
ငါဟာ ပင်လယ်ပြင်ပေါ်မှာ
ဣနြေ္ဒကြီးကြီးနဲ့ ရေငတ်ခဲ့တဲ့ကောင်ပါ။
ပြောပြချင်ပါသေးတယ်
ငါ့ကို ကုတ်ခြစ်ခဲ့တဲ့လက်သည်းကလေးရယ်
ကြက်ခြေခတ်တွေ အုပ်ထားတဲ့
ဘ၀ရဲ့  ခြေတံဟောင်းများကို
ဖယ်ရှားပေးနိုင်သူဟာ
နင်တစ်ယောက်တည်းပါ။
နင်မသိလို့ပါ
ငါ့ရင်ဘတ် ငါပိတ်ခဲ့တဲ့
သံယောဇဉ်ပုံပြင်မှာ
နင်ပဲရှိတယ်။
သူမ
နင်သိပါလေစ
ကျောင်းတော်ရဲ့  အစကတည်းက
ငါလွယ်ထားခဲ့ရတဲ့
ခရမ်းပြာ ဓားချက်များအကြောင်း
နေခြည်အစင်းစင်းတို့
နောင်ခေတ်အဆက်ဆက်မှာ
ငါ့ဘ၀ကို ပိုင်သသူကို
ပြောပြကြမှာက
ငါမက်မက်မောမော တန်ဖိုးထားတဲ့
အစိမ်းပွင့်တဲ့ ပန်းတစ်ပွင့်အကြောင်းပါ။
စိမ်းလန်းနေဦးမယ်
အတိတ်ကပန်းအလင်္ကာတစ်ပုဒ်နဲ့
တစ်ခါတစ်ခါ
ငါ့ရင်မှာ ချိုလွင်ဖူးတဲ့
ဆည်းလည်းသံလေးကို
သတိရနေဦးမှာပါ။
ငါဟာခိုးဝှက်ပြီးမှ
လွမ်းခဲ့ရတဲ့ကောင်ပါ
ဖြစ်နိုင်မယ်ဆိုရင်
ငါ့နိုင်ငံတော်မှာ
ဘုရင်မလာလုပ်လှည့်ပါကွယ်။

ဒီကဗျာလေးက မေတစ်ရက်နေ့(မေဒေးနေ့) မှာစိန်ပန်းပြာတွေ လှိုင်လှိုင်ပွင့်တဲ့ အချိန်မှာ ရေးလိုက်မိတဲ့ အတွက် “မေဒေးလှိုင်” လို့ပဲတင်စားခေါ်လိုက်မိပါတယ်။

ဒီဇာတ်လမ်းလေးက အစ်ကိုတစ်ယောက်ရဲ့  ဖြစ်ရပ်မှန် ရင်နင့်ဖွယ်ရာ ဇာတ်လမ်း လေးပါ။

အလွမ်းမိုးတွေ တ၀ုန်းဝုန်းရွာချနေတဲ့ ညတစ်ညကိုသွားသတိရမိတယ်။ အဲဒီညမှာ ပဲ ကိုကျော်ခက မျက်ရည်စက်လက်နဲ့ သူ့ရင်ဘတ်ကို ဖွင့်ပြခဲ့တယ်။
သမားတော်ကြီး စာရေးဆရာများက အဲဒီရင်ကို မေ့ဆေးမပေးပဲ အစိမ်းလိုက် ခွဲကြည့်ခဲ့ကြတယ်။ ရင်ခွဲကြည့်သူတွေ ပြောစကားအရ
ကိုကျော်ခ ဆိုတဲ့လူ အတော်အံ့သြဖို့ ကောင်းတယ်ဗျ။ သူ့ရင်ကို ခွဲကြည့်လိုက် တော့ သူ့ဘယ်ဘက်ရင်အုံမှာ နှလုံးသားရှိမနေဘူးလေ။ နှလုံးသားအစား သတင်းစာဓာတ်ပုံ ဖြတ်ပိုင်းလေးတစ်ခု ပဲရှိနေတယ်။ အဲဒါလေးကို သေချာကြည့်လိုက်တော့ ဒေါက်တာစန္ဒာ ဆယ်တန်းကျောင်းသူဘ၀တုန်းက (Top Ten) ၀င်လို့ ဆုယူနေတဲ့ ဓာတ်ပုံလေးလေ။ ကြေးမုံသတင်းစာထဲမှာ ပါလာတဲ့ သတင်းက ဖြဲယူထားတဲ့ သတင်းစာဖြတ်ပိုင်း ဓာတ်ပုံလေးပါ။
အေးဗျာ ဘာပဲဖြစ်ဖြစ် အံ့သြမိတယ်လေ။ သူများတွေလို နှလုံးသားနဲ့ အသက်မရှင် ပဲ သတင်းစာဓာတ်ပုံဖြတ်ပိုင်းလေးတစ်ခု နဲ့ အသက်ရှင်နေတဲ့သူကို ခင်များတို့လည်း သိစေချင်လို့ပါ။
နောက်ပြီး ကိုကျော်ခ ငယ်စဉ်ကထိုးခဲ့ဘူးတဲ့ ဖြောင့်လက်သီးကို သတိရတိုင်း သူ့အခန်းမှာ သဲအိတ်ကြီးကို တအုန်းအုန်းနဲ့ ထိုးနေတော့တာပါပဲ။ မယုံရင် သူ့ အခန်းကို သွား ကြည့်လိုက်ပါ။ အခုတောင် သူ သဲအိတ်ကြီးကို ထိုးနေမလားပဲ ….း)။
ခင်ဗျားတို့က ဖတ်ပြီးတော့ ရီကြဦးပေါ့။ ကျုပ်ကတော့ ဒါလေးလုပ်ဖို့ကို အတော်ကြိုးပန်း စွန့်စားလိုက်ရတာလေ ပြောပြပါဦးမယ်။
ဒီလိုဗျ
ကြွေတစ်ခါဝေတစ်လှည့် ဒုတိယပိုင်း ထွက်လာမှာ စိုးလို့ စိုးနိုင်က ကျုပ်ကို အရက်မူးအောင်တိုက် ပြတင်းတံခါးတွေ ဖွင့်သိပ်ပြီး နုတ်ပိတ်ဖို့ ကြံစည်ခဲ့တာလေ။ ကံကြီးပေလို့သာပဲ အရပ်ကတို့ရေ .. ။ကျုပ်ကတော့ မနက်လင်းတော့ တော်တော်လေး ကြောက်သွားပြီး (ကြွေတစ်ခါဝေတစ်လှည့် ဒုတိယပိုင်း) မထွက်စေရပါဘူးလို့ ကတိပေးထား လိုက်ရတယ်။ ဒါတောင်သူက အခန်းထဲမှာ မျက်လုံးဒေါက်ထောက်ကြည့်နေတော့ နေရထိုင်ရ တော်တော်ကျပ်တယ်လေ။
အခုလည်း သူ့အရင် အိပ်ယာပေါ် တက် အိပ်ချင်ယောင်ဆောင်နေလိုက်ရတယ်။ သူအိပ်ပျော်တော့မှ ထပြီး ဒီကိစ္စကို လုပ်ရတော့တာပဲဗျို့  ။ ခေါင်းတွေတောင်ကိုက်လို့။
ဟူး …………မောလိုက်တာနော် ….။
နောက်တစ်နေ့ မနက်တောင် လင်းနေပါပေါ့လား ….။



ဖြစ်ရပ်မှန်ဇာတ်လမ်းအား ကာယကံရှင်ကိုကျော်ခကို ခွင့်မတောင်းပဲ ယခုလိုတင်လိုက်ရတဲ့အတွက် ဤနေရာမှ တောင်းပန်အပ်ပါသည်။ 
 http://www.chitthawkabarmyae.com       မှကူးယူဖော်ပြပါသည်။